အပြောင်းအလဲဖြစ်ပြီ မဖြစ်သေးဘူးဆိုတာ ပြည်သူတွေရဲ့ လက်တွေ့ဘဝနဲ့ တိုင်းတာရမှာဖြစ်တယ်

1 view
Skip to first unread message

Moderator

unread,
Oct 16, 2011, 7:02:09 PM10/16/11
to လေ ထန် ကုန်း

မောင်ချင့်ချိန်
Source:http://drlunswe.blogspot.com/

အမှန်တော့ တောင်ပို့ကြီးမှန်း အစောကြီးကတည်းက မြင်ထား သိထားကြပြီးသားပါ။
“ဖွတ်ထွက်လာတာ မ တွေ့သေးဘူး၊ ဘုရားဖြစ်ချင်ဖြစ်နေမှာ၊
စောင့်ကြည့်ကြသေးတာပေါ့” လို့ ဝေဝါးနေဖို့ကို မလိုတာပါ။ “သူများ လိမ်တာ
ခံရတာမျိုးက ပထမတကြိမ်မှာ လိမ်တဲ့သူအမှား၊ ဒုတိယတကြိမ်လည်း
လိမ်တဲ့သူအမှားပဲ၊ အခါခါ ခံ ရရင်တော့ လိမ်တဲ့သူအမှားထက် အလိမ်ခံနေသူကိုက
အ လွန်းလို့၊ အသုံးမကျလို့ ဆိုတာမျိုး ခံရသူအမှား” ဆိုတဲ့ ဆိုရိုးစကားဟာ
ခေတ်အဆက်ဆက် ခုလိုအခြေအနေမျိုးတွေ ရှိခဲ့လို့
တင်စားပြောခဲ့ကြတာဖြစ်မှာပါ။

ပြောကြည့်စမ်းပါ။ စစ်အုပ်စုမှာ ရိုးသားတဲ့လက္ခဏာတွေ၊
တိုင်းပြည်အကျိုးကိုပဲ ဦးစားပေးဆုံးဖြတ်တော့မယ့် အနေအထားတွေ၊ တကယ်ပဲ
တွေ့နေရပါပြီလားလို့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြတာ၊ နိုင်ငံရေးအကျဉ်း
သား (တချို့) လွှတ်ပြတာ၊ ပြောချင်ရာပြောခွင့်ရထားတဲ့ သတင်းစာတွေ၊
ရုပ်မြင်သံကြားတွေပေါ်ကနေ စ ကားလုံးလှလှတွေ ရွတ်ပြတာတွေလောက်ကို ကြည့်ပြီး
ပြောင်းလဲဖို့ လမ်းစမြင်နေရပါပြီလို့ စစ်အုပ်စုကို ယုံ ကြည်ရတော့မယောင်
ပြောဆိုမှုမျိုး ဘယ်ပြည်သူ့ဘက်တော်သားကမှ ယတိပြတ် ပြောရဲမှာမဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ တရားဟောပွဲတွေမှာ ဟောပြောခဲ့တာတွေထဲက
သဘောတူနှစ်ခြိုက်ပြီး မှတ်သားထားမိခဲ့တာ ရှိပါတယ်။
“တိုင်းပြည်တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာက ပြည်သူတွေရဲ့ အခြေအနေနဲ့ပဲ
ဆိုင်တယ်။ ဘယ်လိုပဲ လမ်းတွေ ဖောက်၊ ဆည်တွေ တံတားတွေ ဆောက်နေပါစေ၊
ပြည်သူတွေ စားဝတ်နေရေး အဆင်မပြေသေးသမျှ ဖွံ့ဖြိုးတိုးတက်တယ်
မပြောနိုင်ပါဘူး” တဲ့။ ပြည်သူတွေ ‘ဝေး’ ကနဲ လက်ခုပ်တွေတီး
အားပေးလိုက်ကြတာများ ...။

“စားဝတ်နေမှုဘဝ ဖူလုံခွင့်ပေးပါ” လို့ ဆန္ဒပြတောင်းဆိုရုံ သက်သက်နဲ့
ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသားတွေ၊
ရဟန်းသံဃာတွေကို မေ့ထားလိုက်ကြတော့မလား။ အကျဉ်းထောင် တွေ၊ တောတောင်တွေထဲ၊
မိတကွဲဖတကွဲ၊ သားတကွဲ မယားတကွဲ ရောက်ကြရပြီး ဘဝတွေ ထိခိုက်ပျက်ဆီး
ခဲ့ရသူတွေ၊ ခြေလက်ခန္ဓာ ဆုံးရှုံးခဲ့ရသူတွေ၊ အသက်ပါပေးခဲ့ရသူတွေရဲ့
စွန့်လွှတ်အနစ်နာခံမှုတွေက အလ ကားဖြစ်ရတော့မှာလား။ စစ်ပွဲတွေကြားမှာ
အိုးအိမ်စွန့်ခွာ ရှောင်ပုန်းပြေးလွှားပြီး အနာဂတ်မဲ့နေတဲ့ တိုင်းရင်း
သားတွေအတွက် ဘယ်လိုအာမခံချက်မျိုးကို ဘယ်သူက ပေးနိုင်ပါပြီတဲ့လဲ။

အစွန်းရောက်လွန်းတယ်လို့ မထင်ပါနဲ့။ စစ်အာဏာရှင်ခေတ်
နှစ်ငါးဆယ်သက်တမ်းမှာ ကျနော်တို့ မမီခဲ့ပေ မယ့် ကြားရဖတ်ရလို့ သိခဲ့ရတဲ့
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကနေ ၁၉၈၈ ခုနှစ်ထိ ၂၆ နှစ်စာ အခြေအနေ တွေနဲ့
ကျနော်တို့ ကောင်းကောင်းမီပြီး ကိုယ်တွေ့ခံစားသိမြင်ခဲ့ရတဲ့
ရှစ်လေးလုံးကာလ အပါအဝင်၂၃ နှစ် ကျော် အတွေ့အကြုံတွေက စစ်အုပ်စုကို
ဘယ်လိုမှ မယုံကြည်သင့်ဘူးဆိုတာ သတိပေးနေလို့ပါ။

အာဏာခိုင်မြဲရေးအတွက် မီးစတဘက်၊ ရေမှုတ်တဘက်နည်းကို နေဝင်းလက်ထက်ကတည်းက
တွင်တွင်သုံး လာခဲ့တာပါ။ ပစ်သတ်တယ်၊ ရိုက်နှက်ဖမ်းဆီးတယ်၊ လူမဆန်တဲ့
နှိပ်စက်ညှင်းပန်းမှုတွေလုပ်တယ်၊​ ထောင်ချ တယ်၊ မိသားစုလိုက် ဘဝပျက်ပြီး
နာလန်မထူနိုင်တော့အောင် နှိပ်ကွတ်တယ်၊ အဲဒီလို မီးစတဘက်နည်းတွေ ကို
ကျောင်းသားသမဂ္ဂအဆောက်အဦး ဖျက်ခဲ့တဲ့ ၆၂ ဆဲဗင်းဂျူလိုင်၊ ၇၄
အလုပ်သမားအရေးအခင်း၊ ၇၄ ဦး သန့်အရေးအခင်း၊ ၇၅
အလုပ်သမားအရေးအခင်းနှစ်ပတ်လည်၊ ၇၆ မှိုင်းရာပြည့်၊ ၈၈ မတ်လအရေးအခင်း စ တဲ့
အာဏာကိုထိပါးလာတဲ့ကိစ္စတိုင်းမှာ​ ရက်ရက်စက်စက် အသုံးပြုခဲ့သလို
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာ၊
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ေ​တွပေးတာ၊ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ
ဆန္ဒခံယူပွဲလုပ်ပြီး စစ်ယူနီဖောင်းတွေချွတ် အရပ်သားအစိုးရယောင်ဆောင်ပြတာ၊
ဝန်ထမ်းတွေကို လစာတိုးပေးတာ၊ ဘုရား တည်၊ တံတားဆောက်၊
လမ်းဖောက်ဆိုတာတွေလုပ်ပြတာ ... စတဲ့ ရေမှုတ်တဘက်နည်းတွေကိုလည်း တ
လျှောက်လုံး အသုံးပြုခဲ့တာပါ။

စစ်အာဏာရှင်မျိုးဆက်တွေအဖြစ် နေဝင်းအမွေကို ဆက်ခံခဲ့တဲ့ စောမောင်၊
ခင်ညွှန့်၊ သန်းရွှေ၊ သိန်းစိန်တို့ လက်ထက်မှာလည်း ဒီနည်းနာတွေကိုပဲ
ဆက်သုံးနေတာပါပဲ။ ၈၈ လူထုအရေးတော်ပုံကြီးနဲ့ ၉၆-၉၉ ကျောင်း
သားလှုပ်ရှားမှုတွေကို ပစ်ခတ်သတ်ဖြတ်ပြီး ဖြိုခွဲတယ်၊ ကျောင်းသားတွေ၊
ကလေးသူငယ်တွေရယ်လို့ ချမ်း သာမပေး၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊
ကိုယ်ဝန်ဆောင်သည်တွေရယ်လို့ မညှာတာ၊ သံဃာတော် တွေရယ်လို့ အလေးမထားဘဲ
ရိုက်နှက်ဖမ်းဆီးတယ်၊ လူမဆန်တဲ့ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်တယ်၊ ထောင်
ချတယ်၊ မိသားစုလိုက်ဘဝပျက်ပြီး နာလန်မထူနိုင်တော့အောင် နှိပ်ကွတ်တယ်၊
နေဝင်းလက်ထက်ကအတိုင်း မီးစတဘက်နည်းကို သုံးတဲ့အပြင် ဒီပဲယင်းလို
အောက်တန်းကျတဲ့ လုပ်ကြံသတ်ဖြတ်မှုမျိုးတွေကိုလည်း ကျူး လွန်ခဲ့တယ်။ ၂၀၀၇
စက်တင်ဘာလို သံဃာတော်တွေရဲ့ မေတ္တာပို့ စီတန်းလမ်းလျှောက်
ဆန္ဒထုတ်ဖော်မှုမျိုး ကို ကမ္ဘာသိပြောင်ပြောင်တင်းတင်း
ရိုက်နှက်ဖြိုခွဲတာမျိုး၊ ဘုန်းကြီးကျောင်းတွေကို စစ်မြေပြင်မှာ
ရန်သူ့စခန်း တက်သိမ်းသလို ပစ်ခတ်တိုက်ခိုက်စီးနင်းပြီး
ချိတ်ပိတ်ခဲ့တာမျိုး၊ ခန်းဂျိနာဂအိလို နိုင်ငံခြားသားသတင်း ထောက်
ကိုတောင် ပစ်သတ်တာမျိုး၊ နေဝင်းခေတ်ထက်တောင် ကြမ်းခဲ့ရမ်းခဲ့ပါသေးတယ်။

“နေဝင်းခေတ်မှာ ပထမပိုင်း အတိုက်အခံလုပ်ခဲ့တဲ့ ဝိဓူရသခင်ချစ်မောင်လို
ပုဂ္ဂိုလ်မျိုးကို “ဆိုရှယ်လစ်စနစ်နဲ့သာဆိုရင် ခွေးကတက်ကနေ
တာဝန်ထမ်းရထမ်းရ” လို့ ပြောတဲ့အထိ စည်းရုံးနိုင်ခဲ့သလို
သိန်းစိန်ခေတ်မှာလည်း ပထမပိုင်းက “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ
ဖီဆန်ကြ” လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
“တိုင်းပြည်ကောင်းဖို့ဆို အသုံးချခံဖြစ်ချင်လည်းဖြစ်ပါစေ”​ လို့
ပြောလာတဲ့အထိ စည်းရုံးနိုင်ခဲ့ပါတယ်။

နောက်ကျတော့ ပြည်သူတွေက သခင်ချစ်မောင်ကို ခွေးကတက်ချစ်မောင်လို့ပဲ
ခေါ်ကြပါတော့တယ်။”

ရေမှုတ်တဘက်နည်းမှာလည်း ရွေးကောက်ပွဲပြီးရင်
စစ်တန်းလျားပြန်မှာပါဆိုတာမျိုး​ လိမ်ညာတာတွေ၊ အမျိုး သားညီလာခံ
ကျင်းပနေလို့ပါ ဆိုတာမျိုး အချိန်ဆွဲတာတွေ၊ အခွင့်အရေးလေးနည်းနည်းပေးပြီး
တိုင်းရင်းသား တချို့ကို အပစ်ရပ်လုပ်ထားတာတွေ၊ ဝန်ထမ်းတွေကို ခဏခဏ
လစာတိုးပေးတာမျိုးတွေ၊ နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေးပါတယ် ဆိုတာမျိုး
လုပ်ပြတာတွေ၊ စောမောင်လက်ထက်ကနေ သိန်းစိန်လက်ထက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဆွေးနွေးပါတယ် ဆိုတာမျိုးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့
အတည်ပြု တာပါ ဆိုတာမျိုးတွေ၊ အကြောင်းကြောင်းကြောင့်
နိုင်ငံတကာရောက်နေသူတွေ ပြန်လာဖို့ ဖိတ်ခေါ်တယ် ဆိုတာမျိုးတွေ ... စသဖြင့်
နေဝင်းနည်းနာတွေအတိုင်း တထပ်တည်းလို လုပ်ခဲ့တာပါပဲ။

ဆိုလိုချင်တာက စစ်အာဏာရှင်တွေကို ရုံစားရင် မှားလိမ့်မယ်ဆိုတာပါပဲ။
အဲဒီအမှားဟာ တဦးတယောက် တည်း ထိခိုက်နစ်နာတဲ့ အမှားမဟုတ်ပါဘူး။
တတိုင်းတပြည်လုံး ဘဝတွေ၊ အသက်တွေ အများကြီးနဲ့ ဆိုင် တာပါ။ ဘာနဲ့မှ
အလဲအထပ်လုပ်လို့၊ အစားထိုးလို့ မရပါဘူး။

မှားသွားပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သတ် သေပြရဲရင်တောင်
ပြည်သူတွေရဲ့ဆုံးရှုံးခဲ့ပြီးတဲ့​ အခြေအနေတွေက
ဘယ်လိုမှပြန်မရနိုင်တော့ပါဘူး။

စစ်အာ ဏာရှင်တွေ ကျူးလွန်ခဲ့တဲ့အပြစ်တွေ၊ ဗလောင်းဗလဲ အကြိမ်ကြိမ်
လုပ်ခဲ့တာတွေ၊ ဘာကိုမှ ဂရုမစိုက်တတ် တာတွေကို အထပ်ထပ် ပြန်သုံးသပ်ပြီး
မှန်ကန်လက်တွေ့ကျတဲ့ တိုက်ပွဲဝင်မှုမျိုးကို ရွေးချယ်ကြရမှာပါ။

နေဝင်းခေတ်ကမှ အထွေထွေလွတ်ငြိမ်းချမ်းသာနဲ့ နိုင်ငံရေးအကျဉ်းသား
အကုန်လွတ်ပါသေးတယ်။ ခုက နိုင် ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါတယ်လို့
ပြောရရုံလေးတင်ပါ။ ကျောင်းသားတွေနဲ့ ပြည်သူလူထုကြီးရဲ့ သူရဲကောင်း ၈၈
မျိုးဆက်ကျောင်းသားတွေ၊ ဖောက်ခွဲရေးပုဒ်မ၊ အီလက်ထရောနစ်ပုဒ်မ၊ တရားမဝင်
နယ်စပ် ဖြတ်ကျော်မှုပုဒ်မ ဆိုတာမျိုး တပ်ချင်တဲ့ပုဒ်မတပ်ဖမ်းတာ
ခံထားရတဲ့သူတွေ အများကြီးကျန်နေသေးတာပါ။ လွတ်ငြိမ်ချမ်းသာကို
တနှစ်တည်းပေးလိုက်၊ ထိုက်သင့်တဲ့အပြစ်ဒဏ်ခံပြီး
ကောင်းကောင်းမွန်မွန်နေတဲ့သူတွေ​ ကို ပေးတယ်လုပ်လိုက်နဲ့
နိုင်ငံတကာအခြေအနေကိုလိုက်ပြီး မီးစင်ကြည့်ကနေတာမျိုး၊ သဘောထားမမှန်
တာကို သတိထားမိကြဖို့လိုပါတယ်။

“အားလုံးလွှတ်ပေးရင်ကော” လို့ မေးစရာရှိပါတယ်။ လွှတ်ပေးချင်လည်း
လွှတ်ပေးနိုင်တာပါပဲ။ “ခြံထဲက ကြက်တွေ ခြင်းထဲ ကြိုက်တဲ့အချိန်
ပြန်ကောက်ထည့်လို့ရတာပဲ” ဆိုတာမျိုး လွှတ်ပေးနိုင်ပါတယ်။

အရင်က လည်း ဒီလိုလွှတ်ပေးခဲ့ဖူးတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊
ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား တွေရော အပြင်မှာ
လွတ်နေတဲ့အချိန်တွေ ရှိခဲ့ဖူးတာပါပဲ။ မတရားအဖမ်းခံထားရသူတွေမို့
ပြန်လွတ်စေချင်တဲ့ ဆန္ဒကြောင့် တောင်းဆိုနေတာမှန်ပေမယ့် သူတို့လွတ်ရုံနဲ့
ပြည်သူတွေဖိနှိပ်ခံဘဝက လွတ်မြောက်သေးတာမှ မဟုတ်တာ၊ အဲဒီအတွက်
ဆက်တိုက်ပွဲဝင်ကြရမှာပါပဲ။ စစ်အုပ်စုကလည်း လွှတ်ပေးလိုက်တဲ့ထဲက ဘယ်သူ့
ကိုမဆို သူတို့ထိုင်ခုံကို ကန်လှဲဖို့လုပ်ပြီဆိုရင် ပြန်ဖမ်းဦးမှာပါပဲ။
လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်၊
လွတ်လပ်စွာရေးသားခွင့်တွေရှိပြါ​ပီလို့ ဘယ်သူအာမခံမလဲ၊ မတရားမှုကို
မခံချင်တဲ့သူက ဆန္ဒ ထုတ်ဖော်တိုက်ပွဲဝင်၊ စစ်အုပ်စုက ပြန်ဖမ်း၊ တခါ
နိုင်ငံရေးအကျဉ်းသားလွှတ်ပေး ပြန်တောင်းဆို၊ ဒီလို သံသ
ရာလည်နေကြဦးမှာပဲမဟုတ်လား။

ပြည်သူတွေအတွက် အပြောင်းအလဲဆိုတာ အာဏာပိုင်တွေက စေတနာမှန်မှ ဖြစ်မှာပါ။
နေဝင်းခေတ်က လည်း ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မယ်
ပြောပြော၊ စစ်ယူနီဖောင်းတွေ ချွတ်ပြီး ဘယ်လိုပဲ အရပ်သားအစိုးရပါ
လုပ်ပြပြ၊ ပြည်သူကို စေတနာမမှန်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့အခြေအေ
န ကနေ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ အဆင့်ကို ရောက်သွားပြီး
လူတန်းမစေ့ဖြစ်ခဲ့ကြရပါတယ်။ ခုလည်း ဒီလိုပါပဲ။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့
နိုင်ငံသစ်ကို စတင်နေပါပြီလို့ စစ်အုပ်စု ဟန်ရေးပြနေတဲ့အချိန်မှာ ရန်ကုန်-
မန္တလေး လမ်းမကြီးပေါ်က ကျေးရွာတွေတောင် လျှပ်စစ်မီးမရှိ၊
မှောင်ထဲနေရဆဲပါပဲ။ ကိုယ့်ရွာမှာ ကျောင်းမရှိလို့ ဖိနပ် မပါ၊
နှပ်ချေးတွဲလောင်းကလေးတွေက လမ်းမပေါ် ကြုံရာကား တားစီးပြီး
သွားနေကြရဆဲပါပဲ။ စားဝတ်နေမှု အခက်အခဲတွေကြောင့် ရေးတတ် ဖတ်တတ်ပြီးရင်
ကျောင်းထွက်၊ အလုပ်ဝင်နေကြရတဲ့ ကလေးတွေ၊ အများ ကြီးပါပဲ၊ ရွာမှာ
ဆေးခန်းမရှိလို့၊ ဆေးခန်းရှိရင်တောင် ဆေးမရှိလို့၊ ဆေးရှိရင်လည်း
ငွေမပေးနိုင်လို့ မြွေကိုက် ခံရပြီး သေတဲ့သူတွေ၊ မီးမဖွားနိုင်လို့
သေတဲ့သူတွေ၊ ဖျားနာပြီး သေတဲ့သူတွေ အများကြီးပါပဲ။ မြို့ပေါ်တွေမှာ လည်း
အလုပ်လက်မဲ့၊ အလုပ်ရှိတော့လည်း ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းက မမျှတ၊
မွဲပြာကျနေတဲ့ အခြေအနေ မှာပဲ ဗမာပြည်သူတရပ်လုံး ရှိနေကြဆဲပါ။
တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း ခုချိန်ထိ စစ်ပွဲတွေ ဖြစ်ပွား
ဆဲဖြစ်ပြီး စစ်တပ်ရဲ့ ရွာဖျက်ဆီးမှုတွေ၊ စိုက်ခင်းဖျက်ဆီးမှုတွေ၊
မုဒိန်းကျင့်စော်ကားမှုတွေ၊ ပေါ်တာဆွဲ သတ် ဖြတ်မှုတွေ ရှိနေဆဲဖြစ်ပြီး
ပြည်သူတွေမှာ စစ်ပွဲလွတ်ရာ ရှောင်ပုန်းပြေးလွှား ဒုက္ခပင်လယ်ဝေနေဆဲပါ။

ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍစုံ နိမ့်ကျယိုယွင်းပြီး
လူတန်းစေ့မဖြစ်တဲ့ ဘဝအ ခြေအနေတွေဟာ အကြောင်းအရာတခုချင်း ချရေးပြရင်
ဆုံးမှာတောင်မဟုတ်ပါဘူး။ လူ့အခွင့်အရေးခံစားရမှု မှာကျတော့ရော၊
လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာဟောပြောခွင့်၊
လွတ်လပ်စွာရေးသားခွင့်တွေ ရှိပြီလား၊ ဝေးပါသေးရဲ့။ လယ်သိမ်း၊ မြေသိမ်း၊
စိုက်ခင်းသိမ်းနဲ့ ရုပ်ရှင်တွေထဲ အင်္ဂလိပ်ခေတ်က ချစ်တီး ကျွဲ နွားဆွဲ
အိမ်သိမ်းလုပ်သလို အခြေအနေမျိုး ရှိနေတာတွေကိုတောင် တိုင်ရင်
တိုင်တဲ့သူပဲ အဖမ်းခံရတဲ့ အခြေ အနေမျိုး ...။

နေဝင်းခေတ်၊ မဆလခေတ်ကလည်း ဒီလိုအခြေအနေပဲ။ နဝတခေတ်လည်း ဒီလိုပဲ။
နအဖခေတ်လည်း ဒီလို ပဲ။ ခုသိန်းစိန်လက်ထက်လည်း ဒီလိုပဲဆိုတော့
ဘာတွေပြောင်းလဲစပြုလာပါပြီလို့ လက်ခံပေးရပါ့မလဲ။

ကိုဇာ ဂနာကတော့ လွတ်လာလာချင်းပြောပါတယ် “ပါတီထောင်ဖို့၊
ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျနော် တို့ ဘာကြောင့်
လမ်းပေါ်ထွက်ခဲ့ကြတာလဲ။ ပျင်းလို့ ထွက်ခဲ့ကြတာမဟုတ်ပါဘူး။
လိုချင်တာတွေရှိလို့ ထွက် ခဲ့ကြတာပါ။ ကျနော်တို့ တကယ်လိုချင်တာရပြီလား။
မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်” တဲ့။

အရမ်းမှန်လွန်းပါတယ်။ ကျနော်တို့ တကယ်လိုချင်တာ အပြောင်းအလဲပါ။ ပြည်သူတွေ
ဆင်းရဲမွဲတေနေတဲ့ လက်ရှိအခြေအနေမျိုးကနေ စားဝတ်နေမှုဘဝ
ပြည့်စုံမျှတတဲ့အခြေအနေကို ပြောင်းလဲဖို့ ၈၈ ကနေ ခုထိ ကျ နော်တို့
တိုက်ပွဲဝင်နေကြတာပါ။ ကျနော်တို့ လိုချင်တာ မရသေးပါဘူး။ ဒီတော့ ရတဲ့အထိ
ဆက်တိုက်ပွဲဝင်ကြ ရမှာပါ။ ဒီအချိန်မှာ ဘာလုပ်ကြမလဲလို့ တွေဝေနေစရာ
မလိုပါဘူး။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူ တွေ ဖိနှိပ်ခံဘဝက
လွတ်မြောက်ဖို့၊ ဆင်းရဲတွင်းက လွတ်ဖို့၊ ကိုယ်ယုံကြည်ရာ၊ စိတ်အားထက်သန်ရာ
လုပ် ငန်းစဉ်တွေနဲ့ တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။ ။

Reply all
Reply to author
Forward
0 new messages