နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့ စကားက လူတိုင်းကြားဖူးသလို အဓိပ္ပာယ်လည်း
အထူးရှင်းပြစရာ မလိုပါဘူး။ အခု ကျနော်တို့က ကျားဆွဲဖို့ နွားတွေ
စကွဲနေတဲ့ အခြေအနေလို့ ပြောရမယ်။ လွတ်လပ်ရေးအကြိုကာလက လွတ်လပ်ရေးဗိသုကာ
သခင်အောင်ဆန်းကို ဆုံးရှုံးခဲ့ရတဲ့အထိ အမျိုးသားရေးပြိုကွဲမှုနဲ့ ညီညွတ်ရေး
ပြိုကွဲခဲ့ရ တဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားနိုင်တယ်လို့
မြင်မိပါတယ်။ ဒါကလည်း ကျနော်တဦးတည်းရဲ့ အမြင် လို့ပဲ ဆိုချင်ပါတယ်
(ဒီအကြောင်းကို နောင်မှာ အလျဉ်းသင့်သလို တင်ပြပါဦးမယ်)။
အခုလို အခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ မြင်ကွင်းရှင်းအောင်၊
ဆုံးအောင် စောင့်ကြည့်သင့်တယ် ဆို တဲ့အမြင်နဲ့ စာမရေးဘဲ သတိမလပ်
စောင့်ကြည့်နေမိပါတယ်။ အခြေအနေတွေက ညီအကို မသိတသိထက် မကတော့ပဲ “သူငါမကွဲ၊
သဲသဲရုတ်ရုတ်၊ ထိုးခုတ်မြင်ရာ” ဆိုသလို သူလူကိုယ့်လူ မကွဲလောက်အောင်ကို
လုံး ထွေးသွားပြီ။ နေရာတကာ အသေးဆုံး အ၀န်းအ၀ိုင်းတွေထဲထိ ကွဲလွဲတဲ့
နိုင်ငံရေးအမြင်တွေ၊ အပြန်အလှန် ဝေဖန်ကဲ့ရဲ့သံတွေ ဆူညံနေတယ်။
ဒေါ်နော်အုံးလှတို့ရဲ့ ရွှေဝါရောင် ၄ နှစ်မြောက်လှုပ်ရှားမှုနဲ့ မန္တလေးဘုရား
ကြီးက သံဃာတွေရဲ့ လှုပ်ရှားမှုအပေါ် ဝေဖန်သူ၊ ထောက်ခံသူ၊ ကဲရဲသူတွေနဲ့
ကွဲလွဲနေတဲ့ အခြေအနေတွေ ကို စိတ်မကောင်းစွာ မြင်ခဲ့ရတာကြောင့် ဒီစာကို
ရေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒေါ်နော်အုံးလှတို့နဲ့ မန္တလေး သံဃာ တွေဟာ
ကျူးကျော်သူ အင်္ဂလိပ်တွေကို ခံချဖို့ ပြင်ဆင်နေကြတဲ့ သပြေတန်းခံတပ်က
မျိုးချစ်ရဲမက်တွေလို ကင်းဝန်မင်းကြီးတို့ရဲ့ ခုခံတဲ့သူ သူပုန်ဆိုတဲ့
အမိန့်တော်ကြီးကြောင့် မချိတင်ကဲ လက်နက်ချခဲ့ရတဲ့ အဖြစ်မျိုး နဲ့
တူလှပါတယ်။
“အခုတော့ အပြောင်းအလဲမရှိတဲ့ စစ်အုပ်စုရဲ့ မူလလမ်းကြောင်းထဲကို
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကပါတီ NLD တို့က နောက်ကြောင်းပြန်
လျှောက်ဝင်ကြမယ့် အခြေအနေတွေ (သို့) ပါတီမှတ်ပုံတင်
ရွေးကောက်ပွဲဝင်ကြမယ့် အခြေအနေတွေ ဖြစ်လာတယ်။ တဆစ်ချိုး ဂငယ်ကွေ့မှာ
ခရီးသည်တွေ ၀ရုန်းသုန်းကား ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်တယ်။
ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ အဆင်မသင့်ရင် တိမ်းမှောက် ချောက်ကျနိုင်တဲ့
အခြေအနေတွေပါပဲ။”
ဒါတွေအားလုံးက နိုင်ငံရေးလမ်းကြောင်းသစ်လို့ အချောင်သမား တတိယအုပ်စု
ဆိုသူတွေနဲ့ သတင်းသမား တွေက တံဆိပ်ကပ် ညာလှိုင်းနေတဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်-အောင်ကြည် တွေ့ဆုံပွဲတွေနဲ့ စစ်အုပ်
စုရဲ့ အပေါ်ယံဟန်ပြ လုပ်ရပ်တွေကို အခြေခံပါတယ်။ ဒီအခြေအနေတွေအပေါ်
ကွဲလွဲတဲ့ ရှုမြင်သုံးသပ်ချက် တွေ၊ ကောက်ချက်တွေကြောင့် ဒီလိုသွေးကွဲမှုတွေ
စတင်ဖြစ်ပေါ်လာတယ်လို့ ဆိုချင်ပါတယ်။ တခါ ဒီကွဲလွဲမှု တွေရဲ့ဇာစ်မြစ်ကလည်း
၉၀ ခုရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး ညောင်နှစ်ပင် အတုအယောင် အမျိုးသားညီ
လာခံက ဖော်ထုတ်လိုက်တဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံဖြစ်တယ်။ ဒီအတုအယောင်
အမျိုးသားညီလာခံကိုကော၊ စစ်ကျွန်ဖွဲ့စည်းပုံအောက်က အတုအယောင်ရွေးကောက်ပွဲ
(၂၀၁၀ ရွေးကောက်ပွဲ) ကိုပါ NLD နဲ့ ၉၀ ခု အနိုင်ရ ပါတီအများစုက
ကန့်ကွက်သပိတ်မှောက်ခဲ့ကြတယ်။ ဒီပါတီတွေရဲ့ဆုံးဖြတ်ချက်ကို
တတိယအုပ်စုဆိုတဲ့ အ ချောင်သမားတွေကလွဲလို့ လူမျိုးစုတွေကော
ဒီမိုကရေစီအင်အားစုတွေကပါ တစုတရုံးတည်း ထောက်ခံအား ပေးခဲ့ကြတယ်။
အခုတော့ အပြောင်းအလဲမရှိတဲ့ စစ်အုပ်စုရဲ့ မူလလမ်းကြောင်းထဲကို
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကပါတီ NLD တို့က
နောက်ကြောင်းပြန်လျှောက်ဝင်ကြမယ့် အခြေအနေတွေ (သို့) ပါတီမှတ်ပုံတင်
ရွေးကောက်ပွဲဝင် ကြမယ့် အခြေအနေတွေ ဖြစ်လာတယ်။ တဆစ်ချိုး ဂငယ်ကွေ့မှာ
ခရီးသည်တွေ ၀ရုန်းသုန်းကား ကျွမ်းထိုး မှောက်ခုံဖြစ်ကုန်တယ်။
ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ အဆင်မသင့်ရင် တိမ်းမှောက် ချောက်ကျနိုင်တဲ့
အခြေအနေတွေပါပဲ။
ဒီမိုကရေစီကို နှစ်သက်လိုလားသူတယောက်အနေနဲ့ ကျနော့်သဘောကတော့
အန်အယ်ဒီပါတီရဲ့ မှတ်ပုံတင် ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကို
မထောက်ခံနိုင်ပါ။ အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲသင့်ရင်
ပြောင်းလဲရမှာ မှန်ပါတယ်။ သို့သော် စံဆိုတာ စံပါပဲ။ ဈေးကစားလို့
မရပါဘူး။ အကြွေးထားလို့ လည်းမရပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က
တချိန်က ငြင်းပယ်ခဲ့တဲ့အခင်းအကျင်းတွေထဲမှာ ပြန်လည်ဝင်ရောက် ဖို့
ဆုံးဖြတ်ကြတယ်။ ဒီလို နောက်ကြောင်းပြန်လျှောက်ဖို့
စဉ်းစားဆုံးဖြတ်ခဲ့ရတဲ့ တခြားအပြောင်းအလဲတွေကို လေ့လာကြည့်မိတယ်။ ဘာတခုမှ
မတွေ့ပါ။ တွေ့ဆုံခဲ့ကြတဲ့ နှစ်ဦးနှစ်ဘက်ကလည်း ကျေနပ်အားရတယ်လို့
ဆိုကြတာကလွဲလို့ ဘာတခုမှ တရားဝင် ထုတ်မပြောတော့လည်း နောက်ကွယ်က
နားလည်မူတွေ (တိုးတက် မှုပဲဆိုဆို၊ ပြောင်းလဲမှုပဲဆိုဆို) ကို မသိ၊
မမြင်မိပါ။ ဒီတွေ့ဆုံမှုတွေ၊ မြစ်ဆုံကိစ္စ ခဏရပ်ထားတာတွေ မဆိုစ လောက်
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာလောက်ကိုတော့
အပြောင်းအလဲလို့လက်ခံစရာအကြောင်း မမြင်ပါ။ စစ်အာဏာရှင်တွေ လုပ်ခဲလှတဲ့
ဒီအလုပ်လေးတွေက ထူးဆန်းတယ်လို့တော့ ပြောလို့ရမှာပါ။ ဒီလို စစ်အုပ်စုဘက်က
ဘာမှအပြောင်းအလဲမရှိတဲ့ကြားက မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်
ဖြစ်လာတော့ ကျနော်တို့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း
တခါကြည့်ဖူးရုံနဲ့ ကြက်ပွဲကို စွဲသွားတဲ့ တ ရုတ်ကြီးလို ဖြစ်မှာကို
စိုးရိမ်မိတယ်။
တခါက တရုတ်ကြီးတယောက် တောဆင်း ကုန်ဝယ်ရင်း ကြက်ပွဲတခုကို ၀င်ကြည့်မိတယ်။
ကြက်နှစ်ကောင် ဆုတ်လိုက် ပုတ်လိုက် သိုင်းသမားတွေလို ခွပ်နေတာကို
ကြည့်ပြီး ပေါက်ဖော်ကြီး အကြိုက်တွေ့သွားတယ်။ တခါတည်း ကိုယ်တိုင်ကြက်မွေး
ကြက်တိုက်ဖို့ လုပ်တော့တယ်။ ဒါနဲ့ လူတယောက်ဆီက အကောင်ကြီးကြီး
နုတ်သီးကောက်ကောက် ရှည်ရှည်ကြီးနဲ့ အကောင်တကောင် ၀ယ်လာတယ်။
အိမ်ရောက်တာနဲ့ အစာရေစာ အပြည့်အစုံနဲ့ အကျအန မွေးထားတယ်။ သူ့ကောင်ကြီးက
အစာလည်းမစား၊ တွန်သံလည်းမပေးဘူး။ တရက် နှစ်ရက်ရှိတော့ တရုတ်ကြီးက
သူအကောင်ကြီးနားကပ်ပြီး ပြောသတဲ့။ “အောက်အီးလည်း နင်မတွန်၊ အစာ လည်း
နင်မစား၊ ဇာတိမြေကို လွမ်းသလား”။ ဘယ်မှာလာ သူကျွေးတဲ့ အစာတွေကို စားလို့
ဘယ်လိုလုပ်တွန် နိုင်မှာလဲ။ သူ့ကောင်ကြီးက ဠင်းတကြီး ဖြစ်နေတာကိုး။
ဠင်းတဆိုတာ ကြက်ဖများလို သုတိသာယာ တွန်သံ လည်း မပြုတတ်ဘူး။
သူ့အစာဆိုတာကလည်း အသေကောင်တွေ အပုပ်အစပ် အရိအရွဲတွေပဲ မဟုတ်လား။ ဒီတော့
တရုတ်ကြီးကျွေးတဲ့ အစာတွေကို သူဘယ်စားတတ်မလဲ။
“ဒီတွေ့ဆုံမှုတွေ၊ မြစ်ဆုံကိစ္စ ခဏရပ်ထားတာတွေ မဆိုစလောက်
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာလောက်ကိုတော့ အပြောင်းအလဲလို့ လက်ခံစရာ
အကြောင်းမမြင်ပါ။ စစ်အာဏာရှင်တွေ လုပ်ခဲလှတဲ့ ဒီအလုပ်လေးတွေက
ထူးဆန်းတယ်လို့တော့ ပြောလို့ရမှာပါ။ ဒီလို စစ်အုပ်စုဘက်က ဘာမှ
အပြောင်းအလဲမရှိတဲ့ကြားက မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ် ဖြစ်လာတော့
ကျနော်တို့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း
တခါကြည့်ဖူးရုံနဲ့ ကြက်ပွဲကို စွဲသွားတဲ့ တရုတ်ကြီးလို ဖြစ်မှာကို
စိုးရိမ်မိတယ်။”
အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးကို
အမှန်တကယ် လိုလားသူလို့ ယုံကြည်တာတခုတည်းနဲ့ ဒီအလဲအပြောင်းကို
လက်ခံပါဝင်နေတယ်ဆိုတော့ အတော်စွန့်စားရတဲ့ လုပ်ရပ်တ ခုပဲ။
ပြည်တွင်းမိတ်ဆွေတဦးကတော့ “ဒေါ်စုဟာ ဆပ်ကပ်ထဲက ခြင်္သေ့ထိန်းတဲ့ လူလို
ခြင်္သေ့ကြီး ယဉ်ပါး ကြောင်းကို ပါးစပ်ထဲ ခေါင်းထည့်ပြသလို လုပ်နေတယ်။
အချိန်မရွေး စိတ်ရိုင်းဝင်ပြီး ကိုက်ဝါးအစားခံရနိုင်တဲ့ အခြေအနေပဲ” လို့
မှတ်ချက်ပြုပါတယ်။
သူပြောတာလည်း မမှားပါ။ တွေ့ဆုံမှုတွေက လေးငါးခြောက်လရှိပြီ
ကျေနပ်အားရတယ်လို့ နှစ်ဘက်စလုံးက ပြောနေပေမယ့် တိုးတက်မှုကတော့
ဟုတ်ဟုတ်ညားညား ဘာမှမရှိပါ။ ဦးသိန်းစိန်ဆီက လွတ်ငြိမ်းချမ်းသာ
ခွင့်ယောင်ယောင်၊ မြစ်ဆုံတရုတ်ဆည် ခဏနားသလိုလို၊ အတောင်လေး
ယောင်ယောင်ခပ်တာတော့ မြင်ပါ ရဲ့။ အောက်အီးတွန်သံကတော့ အခုထက်ထိ
မကြားရသေးပါဘူး။ ကျနော်တို့လည်း နတ်လူသာဓုခေါ်နိုင်တဲ့ ဦးသိန်းစိန်ဆီက
အောက်အီးတွန်သံလေးကို ပီပီသသ ကြည်ကြည်မြမြ ကြားလိုလှပါတယ်။
ပြောင်းလဲနေပြီ အပြောင်းအလဲတွေဖြစ်နေပြီလို့တော့ ပွက်လောရိုက်ဆူညံ
ညာလှိုင်းနေကြတာပဲ။ ကျနော်မြင်မိတဲ့ အပြောင်း အလဲဆိုတာကတော့ သိန်းစိန်က
ဗိုလ်ချုပ်ကြီးကနေ ဦးပြောင်းသွားသလို ၀န်ကြီးချုပ်ကနေ သမ္မတလို့ပြောင်း
သွားတယ်။ ကျန်တာတွေကတော့ ပိုနေမြဲ၊ ကျားနေမြဲ၊ စားမြဲ၊ သောက်မြဲ၊
ခိုးမြဲ၊ ဗိုလ်ကျမြဲပါပဲ။ အကျဉ်းသား တွေလည်း ထောင်ထဲမှာ ရှိနေဆဲ၊
တိုင်းရင်းသားဒေသတွေမှာလည်း သေနတ်သံတွေ ဆူညံဆဲ၊ ပြည်သူတွေ လည်း
အစိုးအတည်မရ ပြေးလွှားပုန်းရှောင်နေရဆဲ၊ ငတ်မြဲ၊ နှိပ်စက်ခံနေရမြဲပါပဲ။
အော် ... မေ့လို့ နိုင်ငံရေး အကျဉ်းသားတွေတော့ ဟိုထောင်ကနေ ဒီထောင်
ပြောင်းပေးနေတယ်။
ဒီအဟောင်းအဆိုးတွေထဲက အသစ်ကလေးတွေကတော့ လွှတ်တော်ဆိုတာကြီးတွေပါပဲ။
သစ်ပေမယ့်မဆန်း ဘူး။ မထူးဘူး။ အဟောင်းအဆိုးတွေလိုပဲ လက်ညိုးထောင်
ခေါင်းညိတ် ကြက်တူရွေး လွှတ်တော်တွေ။ စစ် အုပ်စုရဲ့ ခြေမန်းကွင်း
တင်းတင်းချည်ထားတဲ့ စစ်ကျွန်လွှတ်တော်တွေ၊ ၂၀၀၈
စစ်ကျွန်ဖွဲ့စည်းပုံဘောင်ထဲက ဘယ်မှပြေးမလွတ်တဲ့ လွှတ်တော်တွေပဲဖြစ်တယ်။
စကားစပ်လို့ ဒီလွှတ်တော်တွေနဲ့ပတ်သက်ပြီး ငိုအားထက် ရယ်အားသန်ပြီး
ရယ်ရင်းမောရတဲ့ သတင်းလေးတခုကို မျှဝေချင်တယ်။ မွန်ပြည်နယ်ဘက်မှာ အာဖရိကက
ခရုတွေ အဆမတန် မျိုးပွားပြီး စိုက်ခင်းတွေ လယ်တွေ ပျက်တယ်၊ လယ်သမားတွေ
ဘေးဒုက္ခရင်ဆိုင်နေရ တယ်။ ဒါဟာ သက်ဆိုင်တဲ့ စိုက်ပျိုးမွေးမြူရေးဌာနက
ဌာနတွင်း အစည်းအဝေးလောက်နဲ့ ဆုံးဖြတ်ပြီး အစီအ စဉ်ဆွဲ၊ အစိုးရဆီမှာ
ငွေတောင်းပြီး ကိုင်တွယ်ဆောင်ရွက်ရမယ့် ကိစ္စတခုပါပဲ။ လွှတ်တော်
တင်ရလောက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကို ဘီကြားအမတ်မင်းတပါးက
ရူးကြောင်ကြောင်နဲ့ ခရုခါးတောင်းကျိုက်ဖမ်းရေး ဥပဒေ ပြုဖို့
တင်သွင်းသတဲ့။ ဒီလိုတင်သွင်းဖို့ ကြိုးစားတာကိုလည်း လွှတ်တော်ဥက္ကဌဆိုတဲ့
ကြက်တူရွေး ဂိုဏ်းချုပ် ကြီးက တင်သွင်းခွင့်မပေးဘဲ ပယ်ချလိုက်သတဲ့။
ကောင်းရော့သလား။ ခါးတောင်းကျိုက်ပြီး ခရုဖမ်းတာ တောင် မရတဲ့
လွှတ်တော်ကြီးတွေက လူထုအတွက် ဒီမိုကရေစီယူပေးမယ်ဆိုတာဟာ မနုဿတ္တဒုလ္လဘ ဆို
သလို မြေပြင်မှာ ထောင်ထားတဲ့ အပ်နဲ့ မိုးပေါ်ကကျလာတဲ့ အပ်
နှစ်ချောင်းဆုံဖို့ထက်တောင် ခဲယဉ်းလှပါ တယ်။ ဒါကြောင့် မှတ်ပုံတင်
လွှတ်တော်ဝင်ရုံနဲ့ ၈၈ ရဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်လာလိမ့်မယ်လို့
မယုံ ကြည်နိုင်ပါဘူး။
ဒီလိုအထပ်ထပ် ချည်တုပ်ထားတဲ့ လွှတ်တော်တွေထဲ NLD ၀င်မယ်ဆိုတော့
အံ့သြမိသလို ရင်လည်းမောမိ တယ်။ ဒီလိုအထပ်ထပ် အချုပ်အနှောင်တွေထဲကနေ NLD
ဟာ ပြည်သူတွေလိုလားနေတဲ့ လွတ်လပ်ခွင့်တွေ ဒီမိုကရေစီဆိုတာတွေကို
ဘယ်လိုများ ရအောင်လုပ်လေမလဲလို့ ကလေးများ မျက်လှည့်ပွဲကို ကြိုတင်အံ့သြ
မျှော်မောသလို မျှော်လင့်မိပါသေးတယ်။ ဒီလိုအံ့သြမျှော်မောရတယ်လို့
ဆိုရတာကလည်း ဒေါ်အောင်ဆန်းစု ကြည်က ဦးသိန်းစိန်ကို ယုံကြည်တာတခုထဲကို
မူတည်ဆုံးဖြတ်ခဲ့တာကြောင့်ဖြစ်တယ်။ လူတယောက်တည်း ပေါ် ယုံကြည်တာနဲ့
နောက်ကြောင်းပြန် လျှောက်သွားတာကြောင့်ဖြစ်တယ်။
တကယ်တော့ လက်ရှိ ဗိုလ်သိန်းစိန်ရဲ့အနေအထားဟာ ဗိုလ်နေ၀င်း၊
ဗိုလ်သန်းရွှေတို့လို အရာရာပြီးမြောက် တဲ့ နံပတ်တစ် (Numero Uno)
မဟုတ်ပါဘူး။ စစ်အုပ်စုဟာ ပုံသဏ္ဌာန်ပြောင်းနေပါပြီ။ တကိုယ်တော် အာ
ဏာရှင်စနစ် မဟုတ်တော့ဘဲ စုပေါင်းစစ်အာဏာရှင်စနစ် ( Military Syndicate)
ကို ပြောင်းသွားပါပြီ။ ဗိုလ် သိန်းစိန်ဟာ ဗိုလ်နေ၀င်း၊
ဗိုလ်သန်းရွှေတို့လို တကိုယ်တော် အာဏာရှင်ပုံစံနဲ့ ပြုစေ၊ ပြင်စေနိုင်တဲ့
အာဏာမ ရှိတော့ပါဘူး။ ရှိနေတဲ့ စနစ်ကို ပြင်စေ ပြောင်းစေဖို့ ပိုပြီး
ခက်ခဲလာပါတယ်။ ဒါကြောင့် လူတယောက်တည်းနဲ့ ပြေလည်ရုံနဲ့
ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာ အတော်သံသယဖြစ်စရာကောင်းတဲ့ အချက်ဖြစ်တယ်။
၂၀၀၈ ဖွဲ့ စည်းပုံကို မဖျက်မပြောင်းဘဲ လူထုအတွက် ဒီမိုကရေစီဆိုတာကို
မျှော်လင့်လို့မရနိုင်ပါဘူး။ ဒါက မင်း၏ ပရိ ယာယ် နားမလည်တဲ့
ငတင့်တယ်လိုလူ ကျနော်ရဲ့အမြင် ဖြစ်ပါတယ်။
ဒီအလှည့်အပြောင်းမှာ NLD ရဲ့ လမ်းရွေးချယ်မှုက ကျနော်တို့
ဒီမိုကရေစီအင်အားစုနဲ့တကွ တပြည်လုံးက စစ်အာဏာရှင်ဆန့်ကျင်ရေး
အင်အားစုတွေကြားမှာ ညီညွတ်ရေးပြိုကွဲသွားနိုင်ပါတယ်။ အခုကိုပဲ NLD ဆုံး
ဖြတ်ချက်ကို ထောက်ခံသူ၊ မထောက်ခံသူတွေကြားမှာ အပြန်အလှန်
ဝေဖန်ထောက်ပြရုံမဟုတ်တော့ဘဲ ရန် တွေ့သံတွေ၊ စိန်ခေါ်သံတွေ၊ အပုပ်ချသံတွေ
ပေါ်ထွက်လာနေပါပြီ။ ဒါဟာ စစ်အုပ်စုအကျိုးအမြတ်ဖြစ်စေမယ့် အချက်ဖြစ်တယ်။
မဆိုစလောက် လွှတ်လိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ၈၈ တွေ ပါမလာတာဟာ
သွေးရိုးသားရိုးကိစ္စမဟုတ်ပါဘူး။ ၈၈ တွေကို စိုးရွံ့နေရုံသက်သက်
မဟုတ်ပါဘူး။ ၈၈ တွေနဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD အကြား
သပ်လျှိုဖြိုခွဲဖို့ ရည်ရွယ်တယ်လို့ မြင်ပါတယ်။
နောက်တချက်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် ရင်လေးစရာပါ။ လူနည်းစု
တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ကချင်ဒေသမှာ စစ်ပွဲတွေဖြစ်နေတယ်။
လူအခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေကြ တယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေကို တဖွဲ့ချင်း ခွဲခြားဆက်သွယ်ပြီး အပစ်ရပ်ဖို့
သွေးခွဲစည်းရုံးနေတယ်။ ဗဟိုအဆင့်မဟုတ် ပြည်နယ်အဆင့်နဲ့ လုပ်နေတာဖြစ်တယ်။
ဒီအခြေအနေတွေအားလုံးက အတွင်းမှာ ဘာ တွေပဲ သဘောတူတူ ဒီစစ်ပွဲတွေကတော့
ဆက်ရှည်လိမ့်ဦးမယ့် နမိတ်လက္ခဏာဖြစ်တယ်။ ဒီစစ်ပွဲတွေကို ပြေ
ငြိမ်းဖို့ဆိုတာက အပြန်အလှန် ယုံကြည်မှုနဲ့သာရနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပေါင်း စုံပါဝင်တဲ့
ပြည်တွင်းဒီမိုကရေစီအင်အားစုတွေသာမက နယ်ခြား လက်နက်ကိုင်အင်အားစုတွေရဲ့
ယုံကြည်မှု ကို ရထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်စုဟာ
ပြည်တွင်းငြိမ်းချမ်းရေးရဲ့ အချက်အချာ အခက်အညှာ ဖြစ်ပါ တယ်။ အခု NLD က
ပါတီမှတ်ပုံတင် ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ပေမယ့် ၉၀ ခု
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် ပါတီအများစုက
မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ အနှစ် ၂၀
ကျော်လုံးရှိနေခဲ့တဲ့ ဒေါ်စုကို မဏ္ဍိုင်ပြုတဲ့
ပြည်တွင်းငြိမ်းချမ်းရေးမျှော်လင့်ချက် ပျောက်ကွယ်သွား မယ့်
လက္ခဏာဖြစ်ပါတယ်။
ဒါကြောင့် ဒီအပြောင်းအလဲမှာ တဘက်အုပ်စုက လူပုဂ္ဂိုလ်တယောက်တည်းအပေါ်မှာ
မူတည်ခဲ့တဲ့ NLD ရဲ့ ရွေးလမ်းဟာ ရေရှည်အမျိုးသားအကျိုးစီးပွားဖြစ်တဲ့
အမျိုးသားရင်ကြားစေ့ရေးအတွက် အကျိုးထက်အပြစ်က ပိုများလိမ့်မလားလို့
စိုးရိမ်မိပါတယ်။ အခုကိုပဲ ဗြောင်စားဗြောင်လိမ် ဗိုလ်သိန်းစိန်က
သူ့ရဲ့သရုပ်မှန် ဘီလူး စွယ်ကိုထုတ်ပြလိုက်ပါပြီ။ ဘာလီ အာဆီယံအစည်းအဝေးမှာ
နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောလိုက်ပါပြီ။ သူ့အတွက် NLD က
မှတ်ပုံတင်ဖို့ သဘောတူခဲ့သလို အာဆီယံကလည်း ဥက္ကဌရာထူးပေးဖို့
သေချာပြီဆိုတော့ အခုလို သရုပ်မှန်ဘီလူးစွယ် ထုတ်ပြလိုက်တာပါပဲ။
ဒါဟာ ကျနော်နဲ့ ၈၈ အများစုရဲ့အမြင်ဖြစ်ပါတယ်။ NLD ရဲ့ ဆုံးဖြတ်ချက်ကို
ကန့်ကွက်တာမဟုတ်ပါဘူး။ မ ထောက်ခံတာပါ။ မထောက်ခံနိုင်ရခြင်းအကြောင်းတွေကို
တင်ပြနေတာပါ။ ထောက်ခံတယ်ဆိုတာက သက် ဆိုင်တဲ့
အဖွဲ့အစည်းရဲ့လုပ်ငန်းစဉ်တွေ၊ ဆုံးဖြတ်ချက်တွေကို
ဝိုင်းဝန်းဆောင်ရွက်ဖို့၊ အဲဒီလုပ်ငန်းစဉ်တွေနဲ့ ဆုံးဖြတ်ချက်တွေကို
အနှောက်အယှက်ဖြစ်မယ့် အပြုအမူတွေကို ရှောင်ရှားဖို့ ၀တ္တရားရှိတယ်။ အခုလို
မ ထောက်ခံတဲ့အတွက် ကျနော်တို့ဟာ ဒီဝတ္တရားတွေကို စောင့်စည်းစရာမလိုဘဲ
ကိုယ်ယုံကြည်ရာကို လွတ် လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရှိတယ်။
ကျနော်တို့ဟာ ပါတီဝင်မဟုတ်ဘဲ NLD ကို တလျှောက်လုံး ထောက်ခံခဲ့တယ်။
အားပေးကူညီခဲ့တယ်။ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ် ရိုးသားတည်ကြည်မှု၊
ဦးမောင်ကို၊ ဆရာမောင်သော်ကနဲ့ ဆရာဦးဝင်း တင်တို့လို
ရန်သူစစ်အုပ်စုနှင့် စစ်အာဏာရှင်ယန္တရားကို ကျားစီးဖားစီး
အသေခံတိုက်ခဲ့ကြတဲ့ ခေါင်းဆောင် တွေနဲ့ ၉၀ ခုရွေးကောက်ပွဲမှာ
အပ်နှင်းလိုက်တဲ့ လူထုဆန္ဒတွေကြောင့် ထောက်ခံအားပေးခဲ့ကြတာဖြစ်တယ်။
ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအပါအ၀င်
အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်နိုင်လိမ့်မယ်လို့
ယုံကြည်မျှော်လင့်မူကြောင့် ထောက်ခံခဲ့ကြတာဖြစ်တယ်။ ပြည်ပကို ရောက်လာတဲ့
ဒေါ်စုရဲ့ ချာတူးလန်ထမီ ခြုံ အမတ်တွေရဲ့ စရိုက်ပျက်တွေကို မြင်တွေ့ကြားသိ
စိတ်ပျက်မိတဲ့ကြားကနေ မမှိတ်မသုန် ထောက်ခံခဲ့ကြ တာဖြစ်တယ်။ ဒါပေမယ့်
အခုအချိန်မှာတော့ NLD ရဲ့ရွေးလမ်းဟာ ကျနော်တို့ ၈၈ မျှော်မှန်းချက်တွေကို
ဖြည့် ဆည်းပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ရဲတော့ပါဘူး။ ဖွတ်မရ
ဓားမဆုံးရမဲ့ကိန်းပါ။
“ကျနော်မြင်မိတဲ့ အပြောင်းအလဲဆိုတာကတော့ သိန်းစိန်က ဗိုလ်ချုပ်ကြီးကနေ
‘ဦး’ ပြောင်းသွားသလို ၀န်ကြီးချုပ်ကနေ သမ္မတလို့ ပြောင်းသွားတယ်။
ကျန်တာတွေကတော့ ပိုနေမြဲ၊ ကျားနေမြဲ၊ စားမြဲ၊ သောက်မြဲ၊ ခိုးမြဲ၊
ဗိုလ်ကျမြဲပါပဲ။ အကျဉ်းသားတွေလည်း ထောင်ထဲမှာ ရှိနေဆဲ၊
တိုင်းရင်းသားဒေသတွေမှာလည်း သေနတ်သံတွေ ဆူညံဆဲ၊ ပြည်သူတွေလည်း
အစိုးအတည်မရ ပြေးလွှားပုန်းရှောင်နေရဆဲ၊ ငတ်မြဲ၊ နှိပ်စက်ခံနေရမြဲပါပဲ။
အော် ... မေ့လို့ နိုင်ငံရေးအကျဉ်းသားတွေတော့ ဟိုထောင်ကနေ ဒီထောင်
ပြောင်းပေးနေတယ်။”
သို့သော်လည်း အနှစ် ၂၀ ကျော် စစ်အာဏာရှင်ယန္တရားကို တိုက်ပွဲဆင်ခဲ့တဲ့ NLD
ဟာ မူလရည်မှန်းချက်ကို ဆက်လက်ချီတက် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့် မိတ်ဖက်အင်အားစုအဖြစ် တူညီတဲ့ အလုပ်တွေကို
လက်တွဲဆောင်ရွက်သွားဖို့ လိုပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး
အင်အားစုတွေကြားမှာ ပဋ္ဋိပက္ခအသွင်ဆောင်တဲ့ အားပြိုင်မှုတွေကို
ရှောင်ရှားကြဖို့ လိုပါတယ်။ ဒီလိုကွဲလွဲတဲ့ အားပြိုင်မှုတွေဟာ မိတ်
ဖက်ဝိရောဓိအသွင်နဲ့ ယှဉ်တွဲသွားနိုင်အောင် ပြင်ဆင်ကြဖို့လိုပါတယ်။
မတူတဲ့အမြင်တွေကြားမှာပဲ တူညီတဲ့ ပန်းတိုင်ကို ပဋိပက္ခကင်းကင်းနဲ့
အတူလျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။
လူထုအပေါ် သြဇာကြီးတဲ့ လူပုဂ္ဂိုလ်နဲ့ ရှင်းလင်းပြတ်သားတဲ့ အမြင်နဲ့
ခိုင်မာပြတ်သားတဲ့ အင်အားစုတွေကြား မှာ မိတ်ဖက်ဝိရောဓိအသွင်ထက်
ကျော်လွန်ပြီး ပဋိပက္ခအသွင် အားပြိုင်မှုတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက်
အန္တရာယ်ကျရောက်စေပါတယ်။ အခွင့်ထူးခံ ကိုယ်ကျိုးရှာသမားတွေ
ကြားဝင်အမြတ်ထုတ်ရာကနေ လူထုဘ ၀ နှစ်မွန်းတတ်တာ လွတ်လပ်ရေးခေတ် ဗမာပြည်က
သက်သေပြုနေပါတယ်။ ဒါကြောင့်လည်း ဆောင်ပါးအ စမှာ နွားကွဲရင်
ကျားဆွဲမယ်ဆိုတဲ့ စကားပုံနဲ့အစချီခဲ့ပါတယ်။ လက်ရှိ
ဗမာပြည်ဒီမိုကရေစီအင်အားစုအတွင်း စည်းလုံးမှုအခြေအနေဟာ (၁၉၄၆-၄၇) ကာလ
အမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု ဖဆပလတွင်းက အားပြိုင်မှု အခြေအနေတွေနဲ့
အလားသဏ္ဍာန်တူနေပြီလို့ သုံးသပ်မိပါတယ်။ အဲဒီအချိန်က ဖဆပလအတွင်း
အားပြိုင်မှုတွေကို မိတ်ဖက်ဝိရာဓိအနေအထားမှာ
ထိန်းသိမ်းထားနိုင်ခြင်းမရှိဘဲ ပဋိပက္ခအသွင်ကို ကူးပြောင်း သွားတာကြောင့်
လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကိုပါ တပါတည်း မွေးဖွားစေခဲ့တယ်။
ဒီအမျိုးသားအင် အားစုတွေကြားက ပဋိပက္ခအသွင် အားပြိုင်မှုရဲ့
ဆိုးကျိုးတွေကို ဒီနေ့အထိ ဗမာလူထုဟာ ခါးစည်းခံစားနေ ကြရဆဲဖြစ်တယ်။
ဒီနှစ်အတွင်းမှာ အမေရိကန်နဲ့ အနောက်တိုင်းသံတမန်တွေ ဗမာပြည်ကို
ခပ်စိတ်စိတ်ဝင်လာနေတာကို သတိ ပြုမိတယ်။ ဒေါ်စုနဲ့ကော စစ်အုပ်စုနဲ့ပါ
တွေ့ကြတယ်။ ဒါကြောင့် လက်ရှိ ဗမာပြည်တွင်းမှာ ဖြစ်ထွန်းနေတဲ့ အ
ခြေအနေများဟာ ဒေသတွင်းမှာ အရှိန်မြင့်လာတဲ့ နိုင်ငံတကာအားပြိုင်မှုရဲ့
အကျိုးဆက်တခုလို့လည်း သုံး သပ်မိပါတယ်။ တဆက်တည်းပဲ ဒီအခြေအနေတွေဟာ
ဗမာပြည်ရဲ့အချုပ်အခြာအာဏာနဲ့ စပ်လျဉ်းပြီး အရေး ကြီးတဲ့ အချိန်ကာလတခု
ဖြစ်လာတယ်။ တနေ့တခြား ကြီးထွားလာနေတဲ့ တရုတ်ရဲ့သြဇာကို ထိန်းချုပ်ရေး
အတွက် အမေရိကန်၊ ဥရောပ၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအကြား တဦးနဲ့တဦး
ပိုပြီး နီးနီးကပ်ကပ် ဆောင် ရွက်လာနေကြတယ်။ တချိန်တည်းမှာပဲ
ဗမာစစ်အုပ်စုဟာ မြစ်ဆုံဆည်ကိစ္စ၊ ရွှေဂက်စ်ပိုက်လိုင်းကိစ္စလို အ
ရေးကိစ္စတွေမှာ တရုတ်နဲ့ သူတို့အကြား ခြေလွန်လက်လွန် သဘောတူခဲ့တာတွေဟာ
ရေရှည်အမျိုးသားအ ကျိုးစီးပွားကို ထင်တာထက် ထိခိုက်နေတာကို
သတိပြုမိလာတယ်။ လောဘဇောတိုက်နေတဲ့ တရုတ်ကို ခွာ နိုင်ဖို့
မိတ်ဆွေသစ်ရှာနေတယ်။ ဒီလိုအချိန်မှာ တရုတ်ကို ထိန်းချုပ်ဖို့
အားထုတ်နေတဲ့ နိုင်ငံတကာအင်အားစု တွေနဲ့ ချိတ်ဆက်မိသွားတဲ့ လက္ခဏာဖြစ်တယ်။
ဒီလို နိုင်ငံတကာအားပြိုင်မှုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို
မှတ်ပုံတင် လွှတ်တော်ဝင်မယ့် ရွေးလမ်းကို တွန်းပို့လိုက်ခြင်းဖြစ်တယ်လို့
သုံးသပ်မိပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေတွေဟာ သမိုင်းဘီး တပတ်ပြန်လည်သလို (၄၆-၄၇) ကလို
အမျိုးသားရေးအ တွက် အရေးကြီးတဲ့ကာလတခုလို့ မြင်ပါတယ်။ အန္တရယ်ကြီးမားတဲ့
အခြေအနေဖြစ်ပါတယ်။ ဗမာပြည်အ တွက် စိန်ခေါ်မှုတွေက ဘက်ပေါင်းစုံမှာရှိနေတယ်။
မြေခွေးတွေလို စစ်အုပ်စုလက်က မလွတ်မြောက်နိုင်သေး တဲ့ လူမမာ
ဗမာပြည်အပေါ်မှာ ဠင်းတလို နိုင်ငံတကာအင်အားစုတွေကလည်း တရစ်ဝဲဝဲရှိနေတယ်။
ဒီအန္တရာယ်မကင်းတဲ့ အခြေအနေတွေမှာ ဒေါ်စုနဲ့ NLD တို့ ၀င်ရောက်အားထုတ်မယ့်
လွှတ်တော်တွေဆိုတာ ကလည်း ခရုခါးတောင်းကျိုက်ဖမ်းဖို့တောင်
မစွမ်းမသန်တဲ့လွှတ်တော်တွေ။ စစ်အုပ်စု ခြေမန်းကွင်းတန်းလန်း နဲ့
လွှတ်တော်တွေ။ ဒေါ်စုအတွက်တော့ ဘဲအုပ်က တရာနှစ်ရာ မဗေဒါက တပင်ထဲ
အခြေအနေတွေပါပဲ။
ကုန်းဘောင်ခေတ်နှောင်းကာလက ဒီနေ့ခေတ်စကားနဲ့ ပြောရရင် (stake holder)
ဆိုဆို မေဂျာပလေရာ (major player) လို့ပဲပြောပြော နန်းတွင်းက
အုပ်စိုးသူလူတန်းစား မှူးကြီးမတ်ရာတွေကြားမှာ ၀ရုန်းသုန်း ကား
သွေးကွဲနေကြတယ်။ အနီးကပ် ခြိမ်းခြောက်နေတဲ့ ပြင်ပအန္တရာယ်ကို အလေးအနက်
ဂရုမပြုကြဘူး။ ဘုရင်နဲ့ မိဖုရားက အသက်ငယ်ငယ် အမျက်ထန်ထန်
အတွေ့အကြုံမရှိဘူး။ အတွေ့အကြုံရှိကြတဲ့ မှူးကြီးမတ် ကြီးများကလည်း
ကလေးဘုရင်နဲ့ မိဖုရားကို အလိုလိုက် အကြိုက်ဆောင်ပြီး ကိုယ်နေရာရဖို့
အပြိုင်ကြိုးစား နေကြတယ်။ အချင်းချင်း ခြေထိုးရန်စောင်နေကြတယ်။
တိုင်းးပြည်အကျိုးကို မျှော်ကိုးပြီး ဥာဏ်ပညာကျယ် ကျယ်နဲ့ မှန်ရာကို
ပြောရဲဆိုရဲ လုပ်ရဲတဲ့ ယောအတွင်းဝန် ဦးဖိုးလှိုင်က အရာကျ ဘေးရောက်နေတယ်။
နန်း တွင်းမှာ ဓားထက်နေတာက ကင်းဝန် ဦးကောင်းနဲ့ တိုင်းတားဝန်
ဦးဖိုးတို့ဖြစ်တယ်။ သူတို့ချင်းကလည်း မ တည့်ဘူး။ အပြန်အလှန်
အားပြိုင်ခြေထိုးနေကြတယ်။ ကင်းဝန်က နားလေးတယ်။ တိုင်းတားဝန်က လေနာ
ရောဂါသည်၊ မစွမ်းမသန် အသက်ကြီးကြပြီ။ စွမ်းသန်တာက ရေနံချောင်းဝန်
ဦးစိုတယောက်ပဲရှိတယ်။
ဒီအခြေအနေတွေကို ဆရာတော်ကြီးတွေက သတိပေးကြတယ်။ ဥာဏ်ပညာနဲ့ ပြည့်စုံပြီး
ရဲရင့်တည်ကြည်တဲ့ ယောအတွင်းဝန်ကို ပြန်ခေါ်ဖို့ အကြံပြုခဲ့ကြတယ်။
ဆရာတော်ကြီးတပါးက (သင်္ဂဇာဆရာတော်ဖြစ်မယ်ထင် ပါတယ်) ပခန်းကလေ၊
လောင်းရှည်ကနား ရေနံရယ် တတိုင်းခြင်း လင်းနိုင်ပါ့မလား လို့ စာချိုး
သတိပေးခဲ့ တယ်။ ဒါပေမယ် မနာခံခဲ့ကြပါဘူး။ ဒါကြောင့် သိပ်မကြာခင်မှာပဲ
ဗမာတပြည်လုံး သူကျွန်ဖြစ်ခဲ့ရတယ်။ အ မျက်ထန် မောက်မာတဲ့ ဘုရင်နဲ့
မိဖုရားလည်း ဖမ်းဆီးပြီး ကုလားပြည်ကို အပို့ခံခဲ့ရတယ်။ အထက်က ၀န်ကြီး
တချို့ကတော့ ပြည်သိမ်းနယ်ချဲ့ဗိုလ်ချုပ်ပရင်ဒါဂါတ်ဆီမှာ ဒူးထောက်ခစား
အလုပ်အကျွေးပြုသွားခဲ့ကြတယ်။ နစ်နာခဲ့တာကတော့
တိုင်းပြည်နဲ့လူမျိုးပဲဖြစ်တယ်။
နိဂုံးချုပ်ရရင် ဒီလိုရှုပ်ထွေးပြီး အန္တရာယ်ထူပြောတဲ့ အခြေအနေတွေမှာ
စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစု တွေကြားက ကွဲလွဲတဲ့သဘောထားအမြင်တွေကို
ပဋိပက္ခအသွင် အားပြိုင်မှုအဆင့်ကို ရောက်ရှိမသွားအောင် ၀ိုင်းဝန်းကာကွယ်
ထိန်းသိမ်းသွားကြဖို့ အရေးကြီးလှပါတယ်။ မိတ်ဖက်ဝိရောဓိအသွင်နဲ့
ကွဲလွဲတဲ့အမြင်တွေ ကြားမှာ တူညီတဲ့ရည်မှန်းချက်ကို
အတူလက်တွဲဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါတယ်။
ဗိုလ်သိန်းစိန်တို့ အောက်အီးအီး တွန်သံပေးနိုင်ပြီး
ရေနံဆီမီးတိုင်များလည်း ထွန်းလင်းကာ လွတ်ကြောင်း အ မှန်ရောက်လို့
ပြည်သူအပေါင်း ရွှင်လန်းဝမ်းမြောက်ပါစေသော် ...။
ရဲဘော်ကျော်သန်း