အရက်လုံခြုံရေးနဲ့ မြန်မာပြည် (sim ham tang ding)

13 views
Skip to first unread message

Pa Sal

unread,
Jan 25, 2010, 6:05:43 AM1/25/10
to gua...@googlegroups.com

အရက်လုံခြုံရေးနဲ့ မြန်မာပြည် Print E-mail
ဇော်မင်း (လူ့ဘောင်သစ်)   
တနင်္လာနေ့၊ ဇန်နဝါရီလ 25 ရက် 2010 ခုနှစ် 15 နာရီ 48 မိနစ်

မကြာသေးခင် ရက်ပိုင်းအတွင်းက ပြည်တွင်းက မိတ်ဆွေတဦးနဲ့ စကားပြောဖြစ်ပါတယ်။ သူက အနုပညာ အသိုင်းအဝိုင်းက ဖြစ်ပါတယ်။ သူနဲ့စကားပြောဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပါ။ အဲဒီအထဲမှာ များများပြောဖြစ်တဲ့ ကိစ္စကတော့ အရက်အကြောင်းက ပိုများပါတယ်။ မြန်မာပြည်မှာ အရက်တွေ ဘယ်လိုချက်သလဲ၊ ဘယ်လိုသိုလှောင်သလဲ၊ ဘယ်လိုဖြန့်ဖြူးရောင်းချသလဲ စသဖြင့် စုံနဖာစီ ပြောဆိုဆွေးနွေး ဖြစ်ကြပါတယ်။

အရက်အကြောင်း ပြောဖြစ်သွားတာကလည်း ဒီလိုပါ။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း အရွယ်မတိုင်ခင် အရက်နဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ပိုများလာတဲ့အကြောင်း၊ ဒါ့အပြင် စောစောစီးစီး ကွယ်လွန်ခဲ့ကြတဲ့ သက်လတ်ပိုင်း အရွယ်ကောင်း စာပေနဲ့ အနုပညာသည်များ အကြောင်းကို ပြောရင်းပြောရင်းနဲ့ အရက်စက်ရုံတွေ အရက်ကို ဘယ်လိုချက်ကြသလဲ ဆိုတာကနေ စတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

မိတ်ဆွေက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ တခါက ကိစ္စတခုနဲ့ ဆက်စပ်လို့ အရက်ချက်စက်ရုံတခုကို ရောက်သွားပါတယ်တဲ့။ ပထမဆုံး တွေ့ရတာကတော့ အရက်ချက်စက်ရုံဟာ လယ်ကွင်းထဲမှာ ဖြစ်သလို ဆောက်ထားတဲ့ အဆောက်အဦ ဖြစ်ပါတယ်တဲ့။ အရက်စက်ရုံရဲ့ အပြင်ဘက်မှာတော့ မိုးရွာအစို၊ နေပူအခြောက် အပုံလိုက်ကြီး ထားထားတဲ့ ထန်းလျှက်ပုံကြီး ရှိနေတာကို မြင်ရပါတယ်။ ယင်ကောင်တွေ တလောင်းလောင်း ဖြစ်နေသလို ထန်းလျှက်ပုပ်နံ့လိုလို အနံ့ကြီးကိုလည်း ရှူနေရပါတယ်။ နောက်မြင်ကွင်းတခုကတော့ အရက်ချက်စက်ရုံကို ဓာတ်မြေသြဇာ လာရောင်းတဲ့ လှည်းတန်းကြီးက မျက်စေ့တဆုံး ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ အိတ်တွေကျတော့ မိုးရွာရင် မိုးစိုမှာစိုးလို့ အမိုးအကာနဲ့ ထားပါသတဲ့။

အရက်ချက်တဲ့ စက်ရုံအတွင်းဘက်ကို ဝင်ကြည့်တဲ့အခါမှာ အလွန်စိတ်ပျက်စရာ မြင်ကွင်းကတော့ အရက်ဆီ ပေါင်းခံနေနေတဲ့ ဧရာမ သံကန်ကြီးတွေထဲကို ဓာတ်မြေသြဇာ အိတ်တွေဖွင့်ပြီး ဖြောကနဲဖြောကနဲ လောင်းထဲ့နေတာပါပဲ။ ဓာတ်မြေသြဇာဆိုတာ စိုက်ပျိုးရေး အတွက်သုံးတဲ့ ဓာတုဗေဒ ပစ္စည်းတွေပါ။ လူသောက်မယ့် အရက်ကို ချက်တဲ့နေရာမှာ ပေါပေါလောလော သုံးနေတယ်ဆိုတာ ဘယ်လိုမှ ကောင်းနိုင်မယ် မဟုတ်ပါ။ ဒါပေမဲ့ အရက်စက်ရုံက တာဝန်ရှိတဲ့သူကတော့ သူတို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ အရက်ဆီဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက်ပြင်းအား ရှိကြောင်း ရှင်းပြနေပါသေးတယ်။

ထုတ်လုပ်လိုက်တဲ့ ပြင်းအားမြင့် အရက်ဆီကို ဈေးကွက်မတင်ခင် ဂိုဒေါင်ထဲမှာ ၂ လလောက် ထားရပါတယ်။ အရက်မှာ ပါနေတဲ့ အဆိပ်ဖြစ်စေတဲ့ ဓာတ်တွေ အခိုးပြန်သွားစေဖို့အတွက် ဖြစ်ပါတယ်။ ၂ လပြည့်သွားတဲ့ အခါကျမှ ရေ ၅ ဆ ရောပြီး ပုလင်းသွတ် တံဆိပ်လှလှလေးတွေ ကပ်တဲ့ အလုပ်တွေ လုပ်ရပါတယ်။ အဲဒါတွေ ပြီးရင်တော့ ဆိုင်တင်ရောင်းရုံပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ဈေးကွက်တောင်းဆိုမှုက မြင့်မားနေတဲ့အတွက် အရက်ဆီကို ဂိုဒေါင်ထဲမှာ ဘယ်တော့မှ ၂ လကြာအောင်အထိ မထားဘဲ ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲကို တင်သွင်းလေ့ ရှိတယ်လို့လည်း သိရပြန်ပါတယ်။

အဲသလို အရက်မျိုးတွေကို ၃-၄ နှစ် ဆက်တိုက်သောက်နေတဲ့ သူတွေဟာ အသည်းနဲ့ ပတ်သက်ပြီး ရောဂါတခုခု ရကြပါတယ်။ အဓိကတော့ ဓာတ်မြေသြဇာကို သုံးတဲ့အတွက်ကြောင့်ပါ။ ဓာတ်မြေသြဇာဆိုတာ အက်စစ်တမျိုးပါ။ လိုအပ်တာထက် ပိုသုံးရင် စပါးပင်တွေတောင် သေနိုင်တဲ့အထိ ပြင်းအား ရှိပါတယ်။ အနုပညာသည်၊ လောကမှာ တချို့သော အရွယ်ကောင်း လူလတ်ပိုင်းတွေဟာ မနက် ၉ နာရီ၊ ၁ဝ နာရီလောက်ကတည်းက စသောက်ကြပါတယ်။ ညအိပ်ရာဝင်မှ အသောက်ကို ရပ်ပါတယ်။ အဲသလို အရက်မျိုးတွေကို မနက်ကတည်းက သောက်သူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြပါတယ်။ တလောက နာမည်ကြီး စာပေသမားတဦး အရွယ်ကောင်းတုန်းမှာ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒါလည်း အဲသလို အရက်မျိုးတွေကို ဆက်တိုက်သောက်လို့ ဖြစ်တာလို့ မိတ်ဆွေက ရှင်းပြပါတယ်။

ကျနော်တို့နိုင်ငံက စာပေလောကနဲ့ အနုပညာသည်လောကမှာ အရက်သောက်တာ အဆန်းမဟုတ်ပါဘူး။ အတော်များများ သောက်တတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဟိုခေတ်တုန်းကဆိုရင် စာရေးဆရာကြီး သော်တာဆွေဟာ အရက်နဲ့ပတ်သက်ရင် နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ “ဘရန်ဒီတခွက်ဆိုတဲ့” ဟာသဝတ္ထုတိုနဲ့ စာပေလောကထဲ စရောက်ခဲ့တယ်လို့ ကြားဖူးပါတယ်။ အရက်အကြောင်း လူóကိက်အောင် အဖွဲ့အနွဲ့တွေနဲ့ ရေးတတ်လွန်းလို့ ဆရာမကြီး လူထုဒေါ်အမာကတောင် “ကိုဆွေ … လူငယ်တွေ အရက်မသောက် သောက်တတ်အောင် သင်ပေးသလို ဖြစ်နေတယ်” လို့ ထောက်ပြဆုံးမခဲ့ဖူးပါတယ်။ ထားပါတော့။ ဆိုလိုချင်တာက ဒီလိုပါ။

ဆရာ သော်တာဆွေဟာ ငယ်ရွယ်စဉ်က အရက်သောက်ကြမ်းခဲ့တယ်။ ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခဲ့ပါဘူး။ အသက်ကြီးမှ ဆုံးသွားခဲ့တာပါ။ ဆရာသော်တာဆွေတို့နဲ့ ခေတ်ပြိုင် နာမည်ကြီး စာရေးဆရာတဦး အရက်ကြောင့် စောစောစီးစီး ကွယ်လွန်ခဲ့တာ ရှိဖူးပါတယ်။ အရက်မူးနေတုန်း အင်းလျားကန်မှာ ရေနစ်ပြီး ဆုံးသွားခဲ့တာပါ။ အဲဒီခေတ်တုန်းက အရက်တွေက သတ်မှတ်ထားတဲ့ နည်းစနစ်တွေအတိုင်း ချက်လုပ်ခဲ့တဲ့ အရက်တွေ ဖြစ်နိုင်ပါတယ်။ ဓာတ်မြေသြဇာတွေ လှိုင်လှိုင်ထည့်ပြီး ချက်ခဲ့တဲ့ အရက်တွေတော့ ဖြစ်ဟန်မတူပါဘူး။

တချိန်တုန်းက မြန်မာပြည်မှာ အသောက်များခဲ့တဲ့ နာမည်ကြီး အရက်တွေကတော့ မန္တလေးရမ်နဲ့ ဘီအီးဒီစီိလို့ ခေါ်တဲ့ အရက်ဖြူတွေ ဖြစ်ပါတယ်။ တင်လဲဖြူတို့၊ အိုးဘရမ်ဒီတို့၊ မော့ဝီစကီတို့လည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ အရက်သောက်တာများရင် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းနားလည်ပါတယ်။ ဒါပေမဲ့ အဲဒီ အရက်တွေကို ထုတ်လုပ်တဲ့ ခေတ်တုန်းက သတ်မှတ်ထားတဲ့ အဆင့်အတန်း၊ စံချိန်အတိုင်း ထုတ်လုပ်ခဲ့ကြတာမို့လို့ နည်းနည်းတော့ ခံသာသေးတယ်လို့ ဆိုနိုင်ပါတယ်။

တခြားတိုင်းပြည်တွေမှာ အရက်ချက်တဲ့အခါ စနစ်တကျ ချက်ကြပါတယ်။ အဲသလို စနစ်ကျဖို့ကိုလည်း စောင့်ကြည့်နေတဲ့ တာဝန်ရှိ အဖွဲ့အစည်းများလည်း ရှိပါတယ်။ ဆိုလိုချင်တာကတော့ Food security လို့ခေါ်တဲ့ စားသုံးကုန်လုံခြုံရေးကို အမြဲမျက်ချေမပြတ် စောင့်ကြည့်စစ်ဆေးတဲ့ စနစ်ရှိနေပါတယ်။ ဥပမာ တခုလောက် တင်ပြရရင် စကော့တလန်မှာ နာမည်ကြီး စကော့ဝီစကီတွေ ချက်ပါတယ်။ ချက်တဲ့အခါမှာလည်း အုပ်စပါးတို့၊ ဘာလီစပါးတို့ကို သုံးပါတယ်။ ဓာတုဗေဒပစ္စည်းတွေ မသုံးပါ။ မသုံးရပါ။ ဓာတုဗေဒ ပစ္စည်းလို့ ပြောရမယ့်ဟာ တခုကတော့ “ယိစ်” လို့ခေါ်တဲ့ တဆေးတမျိုး ဖြစ်ပါတယ်။ အဲဒီ ယိစ်ကလည်း တကယ်ဆိုရင် သဘာဝဓာတု ပစ္စည်းပါ။ သဘာဝမှို တမျိုးပါ။ ပြီးတော့ အလွန်သန့်ရှင်းတဲ့ သန့်စင်ထားတဲ့ မိုးရေကို အသုံးပြုပြီး ချက်ပါတယ်။ ကြုံရာရေပိုက်က၊ ချောင်းမြောင်းက၊ ရေတွင်းက ရေတွေနဲ့ အရက်ကို ချက်လုပ်ခြင်း မပြုပါဘူး။

မြန်မာပြည်မှာလို ဓာတ်မြေသြဇာတွေထဲ့ပြီး ချက်လို့ကတော့ တရားစွဲခံရလို့ ပေးလျော်ရတာများလွန်းလို့ ကုမ္ပဏီပြုတ်ပြီး ထောင်တောင်ကျပါဦးမယ်။ မြန်မာပြည်မှာတော့ အရက်ချက်ဖို့ လိုင်စင်ကလည်း လာဘ်ထိုးလိုက်ရင် လွယ်လွယ်နဲ့ ရနေပါတယ်။ အရက်ကို စည်းစနစ်တကျ ချက်မချက်ဆိုတာကို စောင့်ကြည့်တဲ့ စနစ်ဇယား မရှိတော့ ချက်ချင်သလို ချက်နေကြတာပါ။ အဲသလို အရက်မျိုးတွေကို နေ့တဓူဝ သောက်နေမှတော့ ရောဂါရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာ မဆန်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေတောင် အသက် ၅ဝ ကျော်တန်းလောက် ဖြစ်လာရင် အသည်းကို ထိခိုက်လာတာများလို့ သူများထက်အရင် သွားရဖို့ များပါတယ်။

မြန်မာပြည်မှာ အရက်တွေက အရည်အသွေးလည်း မမှန်၊ အဆိပ်အတောက်တွေကလည်း အများအပြား အရက်ထဲမှာ ကျန်နေသေးတော့ အရက်သောက်များရင် အသက်တိုတာ အမှန်ပါပဲ။ အရက်အကြောင်း နည်းနည်းလောက် ဇာချဲ့ပြောချင်ပါသေးတယ်။ စကော့တလန်က ထုတ်လိုက်တဲ့ ဝီစကီတွေအကြောင်းပါ။ သာမန် ဈေးနှုန်းနဲ့ ရောင်းချတဲ့ ဝီစကီတွေဟာ စက်ရုံက ထုတ်ပြီးတာနဲ့ သစ်သားစည်ကြီးတွေမှာ ထဲ့ပါတယ်။ ပုလင်းမသွတ်သေးပါဘူး။ အဲဒီ စည်ကြီးတွေကို တနှစ်လောက် ဂိုဒေါင်ထဲမှာ သိမ်းထားပါတယ်။ အရက်ကို ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်း မပါဘဲ သဘာဝအတိုင်း ချက်တာတောင် အရက်ထဲမှာ လူကို အန္တရာယ် ဖြစ်စေတဲ့ Toxic လို့ခေါ်တဲ့ အဆိပ်ဓာတ်တွေ ကျန်ရှိနေပါသေးတယ်။ အဲဒါတွေ လျော့ပါးအောင် အရက်ကို ဂိုဒေါင်ထဲမှာ သိမ်းထားရပါတယ်။ အဲဒီ အဆိပ်ဓာတ်တွေဟာ တဖြည်းဖြည်းနဲ့ အငွေ့ပျံပြီး လေထုထဲကို ရောက်သွားပါတယ်။ ဒါပေမဲ့ အရက်မှန်သမျှ ဈေးပေါသည်ဖြစ်စေ၊ ဈေးကြီးသည်ဖြစ်စေ လူကိုအဆိပ်ဖြစ်စေတဲ့ ဓာတ်ဟာ ကျန်နေပါသေးတယ်။ အနည်းဆုံး တနှစ်လောက် သိမ်းထားရပါတယ်။

ဒါကြောင့်မို့ သစ်သားစည်ကြီးတွေထဲမှာ နှစ်ကြာကြာ သိမ်းထားတဲ့ အရက်အမျိုးအစားဟာ အဆိပ်ဓာတ်တွေ ပိုလျှော့သွားပါတယ်။ နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးကြီးလာပါတယ်။ ပုလင်းသွတ်ပြီးမှ ဆက်သိမ်းထားရင် အဆိပ်ဓာတ်တွေဟာ လေထုထဲကို အငွေ့ပျံပြီး မတက်နိုင်တော့လို့ပါ။ ဒါကြောင့် စကော့တလန်က ထုတ်လုပ်တဲ့ ဝီစကီတွေမှာ ၁၂ နှစ်အထိ ကြာအောင် သစ်သားစည်ကြီးတွေထဲမှာ သိမ်းထားပြီးမှ ပုလင်းသွတ်တဲ့ အရက်တွေက ဈေးပိုပေးရတာ ဖြစ်ပါတယ်။ တခါ အမျိုးအစား အပေါ်မူတည်ပြီး ၁၂ နှစ်၊ ၁၆ နှစ်၊ ၁၈ နှစ်၊ ၂ဝ နှစ်၊ ၂၅ နှစ် စသဖြင့် ရှိကြပါတယ်။

အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေ လျော့ပါးသထက် လျော့ပါးလာလို့ သောက်တဲ့အခါမှာ လူကို ဥပါဒ်ပေးတဲ့နှုန်း လျော့လာပါတယ်။ ဒါပေမဲ့ သက်တမ်းရင့် အရက်ဆိုပြီး သောက်ချင်သလို သောက်နေရင်လည်း အသည်းရောဂါ ဖြစ်ပါတယ်။ ရောဂါမဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ။ ဝီစကီထက် အဆိပ်အတောက်နည်းတဲ့ အရက်က ဗော့ဒကာလို့ ခေါ်တဲ့ အရက်ဖြစ်ပါတယ်။ ရုရှား၊ ဖင်လန်၊ ပိုလန်၊ ဆွီဒင်နဲ့ ဆိုဗီယက်ရုရှား ခွဲထွက်နိုင်ငံတွေမှာ ထုတ်လုပ်ပါတယ်။

ဒါပေမဲ့ ရောင်းအားအပေါ် မူတည်ပြီး လွယ်လွယ်ချက်၊ ဈေးပေါပေါနဲ့ ရောင်းကြလို့ အခု ရုရှားနိုင်ငံမှာ ဗော့ဒကာ အပေါစား သောက်ကြတဲ့သူတွေ အထူးသဖြင့် ဆင်းရဲတဲ့သူတွေ အသက် ၅ဝ ကျော်ကျော်မှာ သေဆုံးတဲ့နှုန်း များလာနေတယ်လို့ ဆိုပါတယ်။ အရက်သေစာထဲမှာ အဆိပ်အတောက် အနည်းဆုံးကတော့ ဝိုင်အရက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဝိုင်အရက်ဟာ အနောက်နိုင်ငံတွေ တင်သွင်းတာမို့ အရှေ့တိုင်း နိုင်ငံတွေမှာ ဈေးကြီးပါတယ်။ ဆင်းရဲသူတွေ ဝယ်ယူသောက်သုံးဖို့ မတတ်နိုင်ကြပါ။ ဝိုင်အရက်ဟာ အဆိပ်အတောက် နည်းတယ်ဆိုပေယ့် သူ့ကိုလည်း စိတ်ကြိုက်သောက်ချင်သလို သောက်ရင်တော့ လူကို အန္တရာယ် ဖြစ်စေပါတယ်။

အုပ်ချုပ်သူ စစ်အစိုးရဟာ မြန်မာပြည်က အရက်ကုမ္ပဏီတွေ အရက်ချက်စက်ရုံတွေကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ဖို့ လိုပါတယ်။ အာဏာပိုင်တွေက ပိုက်ဆံရတိုင်း ဒီအတိုင်း လွှတ်ထားတော့ နောက်ဆုံးမှာ စားသုံးသူတွေ ဒုက္ခရောက်ရပါတယ်။ စားသောက်ကုန် လုပ်ငန်းအားလုံးကို စနစ်တကျ ဖြစ်လာစေဖို့ နည်းနာတွေ၊ ဥပဒေသတွေ ရှိဖို့ လိုနေပါပြီ။ တလောတုန်းကလည်း လက်ဖက်တွေမှာ ဆိုးဆေးတွေ ပါတယ်ဆိုပြီး လက်ဖက်တံဆိပ် တော်တော်များများ ရောင်းချခွင့် အပိတ်ခံရပါတယ်။ နောက်တော့ ငပိတွေလည်း ဆိုးဆေးပါတယ်လို့ ကြားရပြန်ပါတယ်။

အရက်ကိစ္စကိုတော့ စစ်အစိုးရက ဘာမှမပြောဘဲ၊ အရေးမယူဘဲ ရှိနေသေးတယ်ဆိုတော့ မဟုတ်မှလွဲရော အရက်ကုမ္ပဏီတွေမှာ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ဆွေမျိုးတွေ ရှယ်ယာပါထားလို့ပဲ ဖြစ်နိုင်ပါတယ်။ အရက်နဲ့ သေခဲ့ရတဲ့ စာပေနဲ့ အနုပညာ လောကက လူလတ်ပိုင်း အရွယ်ကောင်းတွေကို ပမာထား ပြောရတာကတော့ မြင်လွယ်အောင်၊ သိသာအောင် တင်ပြရတာပါ။ သာမန်လက်လုပ်လက်စားတွေ အရွယ်မတိုင်ခင်မှာ ဓာတုပစ္စည်းတွေနဲ့ချက်တဲ့၊ စိတ်မချရတဲ့ အရက်ဆိုးတွေကို သောက်သုံးကြလို့ ငယ်ငယ်ရွယ်ရွယ်မှာ တနှစ်တနှစ် ဘယ်လောက် သေနေရတယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။

မြန်မာပြည်မှာ အရက်ရောင်းချခြင်းဟာ တော်တော်လေး ဖွံ့ဖြိုးလာတာနေတာ အမှန်ပါပဲ။ ဒါပေမဲ့ စိတ်ချရပြီး စနစ်တကျရှိတဲ့ အရက်ချက်လုပ်ခြင်း မဖွံ့ဖြိုးသေးဘူး ဆိုတာကိုလည်း မြင်နေရပါတယ်။ ဒါပေမဲ့ တဖက်မှာ ကြည့်လိုက်ပြန်တော့လည်း ဓာတ်မြေသြဇာလို ဓာတုဗေဒပစ္စည်းတွေကို သုံးပြီး အမြန်ချက်၊ အမြန်ရောင်းတဲ့ နေရာမှာတော့ စကော့တလန်က ဝီစကီချက်သူတွေတောင် လိုက်မမီအောင် တိုးတက်ဖွံ့ဖြိုးနေပါတယ်။

(၂၅ ရက် ဇန်နဝါရီလ၊ ၂ဝ၁ဝ ခုနှစ်)

--
Only by Grace
Reply all
Reply to author
Forward
0 new messages