ချီရန် ရှေ့သို့ ( WAY FORWARD)

13 views
Skip to first unread message

CEH

unread,
Dec 24, 2012, 7:08:13 AM12/24/12
to freemyanmar

ချီရန်ရှေ့သို့


by Po Naing Lin on Monday, April 12, 2010 at 7:23pm ¡

(တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ မစ္စတာ ကျောက်ကျိယန်(Zhao Ziyang)သည် ''တီယန်မန်''အရေးအခင်းအပြီးတွင် တာဝန်မှ အနားပေးခြင်ခံခဲ့ရသည်။ ထိုသို့အနားပေးခြင်းခံရပြီးသည့်နောက်ဝယ် ကျောက်ကျိယန်သည် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးဆိုင်ရာတို့နှင့် ပတ်သက်သော သူ၏အမြင်များကို အသံသွင်းတိပ်ခွေ အခွေ(၃ဝ)စာမျှ တစ်ကိုယ်တည်း အသံသွင်းထားခဲ့သည်။ အဆိုပါ တိပ်ခွေများကိုမှ သူ၏ မိတ်ဆွေများက Prisoner of the State ဟူသည့် စာအုပ်အဖြစ်ဖန်တီးပြီး၊ ၂၀၀၉ခုနှစ် စက်တင်ဘာလခန့်တွင် ထုတ်ဝေဖြန့်ချိခဲ့ရာ ခဏချင်းပင် ပထမအကြိမ်ရိုက်စာအုပ်များ ကုန်သွားခဲ့ပြီး Best Seller စာရင်းဝင်ခဲ့ပါသည်။ ကျွန်တော်လည်း ထိုစာအုပ်အကြောင်း သိလျှင်သိချင်း အွန်လိုင်းမှတစ်ဆင့် ဝယ်ယူရာ ယင်းစာအုပ် အီးဘွတ်ကော်ပီတစ်ခုကို အမေရိကန်ဒေါ်လာ (၁၂)ဒေါ်လာဖြင့် ဝယ်ယူရရှိခဲ့ပါသည်။ စာအုပ်ကို ဖတ်ရှုလေသော်Way Forward ဟု ခေါင်းစဉ်တပ်ထားသည့် အခန်းမှာ အထူးစိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် အများသူငါဖတ်ရှုနိုင်စေရန်အတွက် လုံးဝဖြတ်တောက်ပြုပြင်ခြင်းမပြုပဲ လုံးစေ့ပါဌ်စေ့ဘာသာ ပြန်ဆိုတင်ပြလိုက်ရပါကြောင်း။
အကယ်၍ ယခုဘာသာပြန်ကိုဖတ်ရှုပြီး နားမလည်မရှင်းလင်းသည်တို့ကိုတွေ့ပါမူ ဘာသာပြန်သူ၏ ညံ့ဖျင်းချက်ကြောင့်သာဖြစ်သည်ဟုမှတ်ယူ ကြစေ လိုပါသည်။ မစ္စတာကျောက်ကျိယန်သည် ၂ဝဝ၅ ခုနှစ်၊ ဖန်နဝါရီလ(၁၇)ရက်နေ့၊ သူ့အသက်(၈၅)နှစ်ခန့်တွင် သူ့အိမ်၌ပင်အေးချမ်းစွာကွယ်လွန်ခဲ့ပါသည်။)

ချီရန်ရှေ့သို့
၁၉၈၉ ခုနှစ်၌ ကျွန်ုပ်အား နိုင်င်ငံရေးဆိုင်ရာတာဝန်များမှအနားပေးခြင်းခံရပြီးနောက်ပိုင်းတွင် နိုင်ငံတကာနှင့် ဒေသတွင်း အပြောင်းအလဲများဖြစ်ပွားလာကြ လေရာ တရုတ်နိုင်ငံ၏ နိုင်ငံရေးအသွင်ပြောင်းလဲမှုအပေါ် နားလည်မှုအသစ်တစ်ရပ် ကျွန်ုပ်တွင် စတင်ပေါ်ပေါက်လာလေတော့သည်။
တစ်ချိန်က ကျွန်ုပ်ယုံကြည်ထားသည်မှာမူ ပါလီမန်ဒီမိုကရေစီစံနစ်ထွန်းကားသော အနောက်နိုင်ငံများရှိ ပြည်သူတို့သည် ပြည်သူ့အရေးကိစ္စများ အပေါ် ကိုယ်တိုင်စီမံဆုံးဖြတ်မှုကိုမရနိုင်ပဲ၊ ဆိုဗီယက်နှင့် ဆိုရှယ်လစ်နိုင်ငံတို့၏ နိုင်ငံရေးစံနစ်များကသာလျှင် ပြည်သူတို့ကိုယ်တိုင် ပြည်သူ့အရေးကိုပိုင်စေမည် ဖြစ်ပြီး၊ ယင်းနောက်ပေါ်စံနစ်များကသည်ပင် ရှေ့ကပေါ်ထွန်းခဲ့သောဒီမိုကရေစီ၏ အနှစ်သာရကိုပါ အဆင့်မြင့်စွာ လက်တွေ့ကျကျ ဖော်ဆောင်နိုင်မည် ဟူ၍ ဖြစ်လေ၏။
အမှန်မူ ကျွန်ုပ်တို့၏ ဆိုရှယ်လစ်နိုင်ငံများတွင် ကျင့်သုံးနေကြသော ဒီမိုကရက်တစ်စံနစ်ဟူသည်တို့မှာ သာမန်ကာလျှံကာ မည်ကာမတ္တမျှသာလျှင်တည်း။ ပြည်သူတို့ဦးဆောင်ရသောစံနစ်များမဟုတ်ကြပဲ၊ လူတစ်စု(သို့)လူတစ်ဦးကသာလျှင် ဦးဆောင်မှုအာဏာကိုပိုင်ကြလေသည်။
နှစ်ဆယ်ရာစုတွင် နိုင်ငံရေးစံနစ်အမျိုးမျိုး ကမ္ဘာတွင်ရှိနေကြသည့်အနက် သက်ဦးဆံပိုင်ဘုရင်စံနစ်နှင့် ဂျာမဏီ၊ အီတလီနိုင်ငံတို့၏ ဖက်ဆစ်စံနစ်တို့မှာ ဆုံးခန်းတိုင်ခဲ့လေပြီ။ စစ်အာဏာရှင်စံနစ်ဟူ၍ရှိသေးသော်ငြား ကြားကာလတစ်ခုအတွက်ယာယီသဘောမျှသာလျှင်ဖြစ်ပြီး၊ ထောက်ခံမှုလည်းလျှော့ပါးနေပြီ။ ဥပမာအားဖြင့်ဆိုရသော် တောင်အမေရိကနိုင်ငံများကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ဆဲအခြေအနေတွင်လုံးလုံးလျားလျားရှိနေသေးသည့်နိုင်ငံတို့တွင် စစ်အာဏာရှင်စံနစ်ရှိ နေသေးသော်ငြား၊ ယင်းနိုင်ငံများသည် ပါလီမန်ဒီမိုကရေစီစံနစ်ဆီသို့ ညင်သာစွာချီတက်နေလျှက်ရှိကြပြီး၊ လုံးလုံးလျားလျားမပြောင်းလဲမီ နောက်ဆုံးကဏ္ဍအနေဖြင့်ရှိ နေကြခြင်းသာ ဖြစ်၏။ နှစ်ဆယ်ရာစုအတွင်း ဆယ်စုနှစ်ပေါင်းအတော်များများတွင် ခေါ်ဝေါ်ခဲ့ကြသည့် ''ဒီမိုကရေစီသစ်'' ဟူသည့် ပစ္စည်းမဲ့လူတန်းစားတို့၏ အာဏာရှင်စံနစ်သည်လည်း အနောက်တိုင်း ပါလီမန်ဒီမိုကရေစီစံနစ်နှင့် ယှဉ်ပြိုင်ခဲ့သေးသည်။ သို့ရာတွင် အများစုမှာ သမိုင်းမှတ်တမ်းအဖြစ်သာ မှေးမှိန်စွာရှိတော့သည်။
အမှန်အားဖြင့်မူ ယင်းအချက်များကသည်ပင်လျှင် အနောက်တိုင်း ပါလီမန်ဒီမိုကရက်တစ်စံနစ်သည်သာ သက်တမ်းအရှည်ကြာဆုံးဖြစ်သည်ကို ပြနေခြင်းပင် ဖြစ်တော့သည်။ လောလောဆယ်အားဖြင့် အကောင်းဆုံးစံနစ်တစ်ခုလည်းဖြစ်နေသည်။ ဤစံနစ်သည်ပင်လျှင် ခေတ်သစ်လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့် ဒီမိုကရေစီ၏ အနှစ်သာရကိုသိသာထင်ရှားစေပြီး အားလုံးနှင့် နှိုင်းယှဉ်နိုင်သည့် ရင့်ကျက်နေသော စံနစ်တစ်ခုလည်းဖြစ်လေတော့သည်။
သေချာပေါက်အချက်မှာမူ ယင်းစံနစ်သည် ပြည့်စုံသည်ကားမဟုတ်သေး။ ပြဿနာပေါင်းများစွာ ရှိနေသေးသည်။ အားလုံးနှင့်ယှဉ်၍ဆိုရလျှင်မူကား ယင်းစံနစ်သည် ခေတ်သစ်လူနေမှုစံနစ်နှင့် အသင့်တော်ဆုံးစံနစ်ပင်ဖြစ်ပြီး၊ အများပြည်သူတို့၏အယူအဆသဘောထားပြောင်းလဲမှုများနှင့်အညီ ပိုမို%၍လိုက်လျော ညီထွေရှိသလို၊ ပိုမိုတည်ငြိမ်သောစံနစ်လည်း ဖြစ်လေ၏။ ယင်းစံနစ်၏ သက်တမ်းရှည်ကြာစွာ တည်တံ့နေမှုမှာလည်း ပိုမိုထင်ရှားနေသည်။ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံအားလုံးနီးနီးသည်လည်း ပါလီမန်ဒီမိုကရေစီစံနစ်ကိုပင် လိုက်နာကျင့်သုံးကြသည်ချည်းဖြစ်လေ၏။ 
လွန်ခဲ့သည့်ဆယ်စုနှစ်အချို့ဝယ် လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသစ်ပေါ်ထွန်းလာကြသောနိုင်ငံများကလည်း ပါလီမန်ဒီမိုကရေစီစံနစ်ကိုလက်ခံကျင့်သုံး ခြင်း၏အကျိုးရလာဒ်ကိုပင် ပိုမိုရှင်းလင်းစွာဖေါ်ပြနေပေသည်။ ယင်းတို့သည် ကံကောင်းထောက်မမှုကြောင့်မဟုတ်ဟု ကျွန်ုပ်ယူဆပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတစ်ခုတစ်လေမျှပင်လျှင် အခြားစံနစ်တို့ကို မကျင့်သုံးကြသည်မှာ အဘယ်ကြောင့်နည်း။ အကယ်၍ တိုင်းနိုင်ငံတစ်နိုင်ငံသည် ခေတ်မီလိုလျှင်သော်လည်းကောင်း၊ ခေတ်သစ် ဈေးကွက်စီးပွားရေးကိုကျင့်သုံးလိုလျှင်သော်လည်းကောင်း ပါလီမန်ဒီမိုကရေစီစံနစ်ကို မိမိနိုင်ငံ၏ နိုင်ငံရေးစံနစ်အဖြစ် မုချကျင့်သုံးရမည်ဆိုခြင်း ကို ထင်ရှားစွာဖေါ်ပြနေခြင်းပင်ဖြစ်တော့သည်။
နောင်လာမည့် အနာဂတ်ဝယ် ပါလီမန်ဒီမိုကရေစီ စံနစ်ထက်ပိုမို အဆင့်မြင့်ကောင်းမွန်သော နိုင်ငံရေးစံနစ်တစ်ခု ပေါ်ပေါက်လာနိုင်ဖွယ်ရာရှိသော်ငြား၊ ယင်းသည် အနာဂတ်၏ အရေးကိစ္စသာလျှင်ဖြစ်လေ၏။ လောလောဆယ်အရမူ သူ့ထက်ပိုမိုကောင်းမွန်သော စံနစ်ဟူ၍မရှိပါသေးချေ။
ယင်းကိုအခြေခံ၍ နိုင်ငံတစ်နိုင်ငံသည် ခေတ်မီတိုးတက်လိုသော ဆန္ဒှရှိပါလျှင် ဈေးကွက်စီးပွားရေးစံနစ်ကိုကျင့်သုံးရုံမျှသာလျှင်မက ပါလီမန်ဒီမိုကရေစီ ကိုပါ နိုင်ငံရေးစံနစ်အဖြစ်ကျင့်သုံးရမည်ဟူသည့်ကောက်ချက်ကိုရသည်။ သို့မဟုတ်ပါက ယင်းနိုင်ငံသည် ခေတ်မီကောင်းမွန်သောဈေးကွက်စီးပွားရေးကိုရလိမ့်မည် မဟုတ်သည့်အပြင်၊ ဥပဒေစိုးမိုးသော ခေတ်မီလူ့အဖွဲ့အစည်းကိုလည်း ရလိမ့်မည်မဟုတ်ချေ။ ယင်းတို့ကိုရရှိမည့်အစား တရုတ်နိုင်ငံအပါအဝင် များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဖြစ်ပွားနေလေ့ရှိသော အာဏာကိုစီးပွားရေးဆန်စွာအသုံးချမှု၊ အကျင့်ပျက်ခြစားမှု၊ ချမ်းသာဆင်းရဲမှုနှစ်ခုတို့အကြားဝယ် ကွာဟမှုအစွန်းရောက်သော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာမှုတို့ကိုသာရရှိလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမူ ပါလီမန်ဒီမိုကရေစီစံနစ်သည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တိုးတက်မှုကြောင့်လူသိများလာသောနိုင်ငံများဝယ် အခြေခံကျနစွာဖြစ်တည် လျှက်ရှိနေကြာင်းကို မလွဲမသွေသတိချပ်ရမည်။ အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံတို့ဝယ် ပါလီမန်ဒီမိုကရေစီစံနစ်ကို စောစွာကတည်းကပင်လျှင်လိုက်နာကျင့်သုံးခဲ့သော်ငြား ယင်း၏စွမ်းပကားအလားအလာတို့ကို အပြည့်အဝသဘောမပေါက်လေရကား၊ ပြဿနာများပေါ်ပေါက်လာခြင်း၊ အစိုးရအနေဖြင့် မိမိ၏၏အခွင့်အဏာကိုသုံးရာတွင် အခက်အခဲများပေါ်ပေါက်လာခြင်း၊ လူ့အဖွဲအစည်းမတည်ငြိမ်ခြင်းတို့ကို ကြုံတွေ့ကြရပြီး ယင်းပြဿနာအဝဝကိုပြေလည်စေခြင်းငှာ စစ်တပ်က အာဏာသိမ်းရ ခြင်းများပေါ်ပေါက်လေ့ရှိသည်။ ယင်းကပြနေသည်မှာမူ ခေတ်မီ၊ အဆင့်မြင့်၊ ယဉ်ကျေး၊ ရင့်ကျက်နေပြီဖြစ်သော ပါလီမန်ဒီမိုကရေစီပင်လျှင် မုချပြည့်စုံနေရန်လိုအပ် သည့်အခြေအနေများရှိနေသေးပြီး၊ အဆိုပါလိုအပ်ချက်များမပြည့်စုံသေးပဲနှင့် မည်သည့်နိုင်ငံမဆို အလွယ်တကူလိုက်နာကျင့်သုံးနိုင်သောစံနစ်မဟုတ်ခြင်း ပင်ဖြစ်တော့သည်။
တရုတ်နိုင်ငံ၏ လက်ရှိအခြေအနေအားဖြင့် ပါလီမန်ဒီမိုကရေစီစံနစ်ကိုလိုက်နာကျင့်သုံးခြင်းကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၏ နောက်ဆုံးပန်းတိုင်အဖြစ်သတ်မှတ် ၍ ကျွန်ုပ်တို့အစပျိုးရမည်။ အကယ်၍ အဆိုပါပန်းတိုင်ဆီသို့မရှေးရှုပါလျှင်၊ တရုတ်နိုင်ငံ ဈေးကွက်စီးပွားရေးစံနစ်၏ ပုံမှန်အခြေအနေမဟုတ်ခြင်းကို ဖြေရှင်းရန် မဖြစ်နိုင်။ မကောင်းမွန်သော ဈေးကွက်၊ အာဏာအလွဲသုံးစားပြုခြင်း၊ လူမှုရေးဆိုင်ရာအကျင့်ပျက်ခြစားမှုများထကြွခြင်း နှင့် ဆင်းရဲချမ်းသာနှစ်ခုအကြား ကွာဟမှုကြီးမားခြင်း အစရှိသည်တို့ကိုလည်း ဖြေရှင်နိုင်မည်မဟုတ်ပြန်။ အဆိုပါ ပြဿနာတို့ကိုဖြေရှင်းရန်မှာ ဆိုခဲ့ပြီးသောပန်းတိုင်ကိုသာ ကျွန်ုပ်တို့၏ ပန်းတိုင်အဖြစ်သတ်မှတ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ခိုင်မာသောသံန္နိဌာန်တို့ဖြင့်ဆောင်ရွက်ရပေမည်။
တစ်ဖက်ကကြည့်ပြန်လျှင်လည်း တရုတ်နိုင်ငံ၏ လက်တွေ့ဘဝအရ ရှည်လျားသော အသွင်ကူးပြောင်းရေးကာလတစ်ခုကို ကျွန်ုပ်တို့လိုအပ်သည်။ အခြားသောအာရှနိုင်ငံများ၏အတွေ့အကြုံများသည်လည်း ကျွန်ုပ်တို့အတွက် အလေးဂရုပြုစရာများဖြစ်လေ၏။ ဥပမာဆိုရသော် တရုတ်(တိုင်ပေ)နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် သူတို့၏စံနစ်ဟောင်းများမှ ပါလီမန်ဒီမိုကရေစီစံနစ်ဆီသို့ ညင်သာစွာပြောင်းလဲလာခြင်းမျိုးဖြစ်ပြီး၊ အတွေ့အကြုံကောင်းများကိုရရှိထားကြကာ ယင်းဖြစ်စဉ်များကိုလေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် အကျိုးရလာဒ်ရရှိလိမ့်မည်။
တရုတ်နိုင်ငံအနေဖြင့် ချောမွေ့သောအသွင်ပြောင်းလဲမှုတစ်ခုဖြစ်လာစေရန်အတွက် ပါတီ၏အုပ်ချုပ်ပုံစည်းမျဉ်းစည်းကမ်းများပြောင်းလဲစဉ်ဝယ် ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုအနေအထားကို အနည်းဆုံးအားဖြင့် အခိုက်အတန့်တစ်ခုမျှအထိ ကျွန်ုပ်တို့ထိမ်းသိမ်းထားသင့်သည်။ သို့မှသာ မှန်ကန်သောချဉ်းကပ်မှု တည်တံ့နေမည်ဖြစ်သည်။
တာထွက်ကောင်းရန်လို၏။ သို့မှသာလျှင်ပထမအချက်အနေဖြင့်၊ လူမှုအဖွဲ့အစည်းအတွင်းတည်ငြိမ်မှုကိုထိန်းသိမ်းခြင်းနှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးတိုးတက်စေမည့် ပတ်ဝန်းကျင်ကောင်းကိုဖန်တီးရာဝယ် အထောက်အပံ့ဖြစ်စေပြီး၊ ဒုတိယအချက်အနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခြေအနေများပါ ပြောင်းလဲသွားသည့် ပိုမိုရင့်ကျက်ယဉ်ကျေးသော ဒီမိုကရက်တစ် နိုင်ငံရေးစံနစ်တစ်ခုအဖြစသို့ အသွင်ကူးပြောင်းရာဝယ် ပိုမိုချောမွေ့လွယ်ကူစေမည်ဖြစ်သည်။ အခြားနည်းဖြင့်ဆိုရသော် ကျွန်ုပ်တို့အနေနှင့် (နိုင်ငံရေးစံနစ်သစ်တစ်ခုအား)တစ်ချီတည်းနှင့် သိမ်းကြုံး၍ အဆောတလျင် ပုံတူမကူးသင့်ချေ။ မည်သို့ပင်ဖြစ်စေ အဆိုပါပန်းတိုင်ဆီသို့သာ ကျွန်ုပ်တို့ ရှေးရှုချီတက်ရမည်ဖြစ်ပြီး၊ ဆန့်ကျင်ဖက်လားရာဆီသို့ပြောင်းလဲသွေဖည်သွားခြင်းလုံးဝမဖြစ်စေရ။ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ရောက်ရန် ချီတက်ခြင်းကို အထစ်အငေါ့ဖြစ်စေသည့်ဆောင်ရွက်မှုများ၊ သို့တည်းမဟုတ် အဖျက်အမှောင့်လမ်းစဉ်များကို ကျွန်ုပ်တို့ မုချရှောင်ရှားကြရမည်။
အသွင်ကူးပြောင်းမှုကာလ မည်မျှကြာရှည်မည်ကို လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကသာလျှင် မုချဆုံးဖြတ်ပေးလိမ့်မည်။ ဤယုံကြည်ချက်ကို ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းအနေဖြင့်စွဲမြဲစွာလက်ခံကြရန် လွန်စွာအရေးကြီးသည်။ သို့မှသာလျှင် ပေါ်ပေါက်လာသော အခြေအနေအရပ်အရပ်အပေါ် မှန်ကန်သောဦးစားပေးမှု များအရ တစ်ဆင့်ပြီးတစ်ဆင့်၊ ငြင်ငြင်သာသာပင် အရည်အချင်းရှိစွာနှင့် ဖြေရှင်းနိုင်မည်။
အကယ်၍ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်သည် ပါလီမန်ဒီမိုကရေစီစံနစ်တစ်ခုသာဖြစ်သည်ဆိုပါက၊ လက်ရှိပါတီအနေဖြင့် လက်ရှိအခြေအနေ မှထိုးဖောက်ပြောင်းလဲမှုနှစ်ခုကို မလွဲမသွေဆောင်ရွက်ရလိမ့်မည်။ ပထမတစ်ခုမှာ အခြားနိုင်ငံရေးပါတီများတည်ထောင်ခွင့်ပေးခြင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ပေး ရန်ပင်ဖြစ်လေ၏။ မသိမသာ ဖြည်းဖြည်းနှင့်မှန်မှန် ဖြစ်လာနိုင်သော်လည်း ယင်းလမ်းကြောင်းကိုပင်မုချလျှောက်လှမ်းရပေမည်။
ဒုတိယထိုးဖောက်ပြောင်းလဲမှုမှာမူ ပါတီတွင်း ဒီမိုကရေစီရှိရေးပင်ဖြစ်လေ၏။ ပါတီအနေဖြင့် ဒီမိုကရက်တစ်လုပ်ထုံးလုပ်နည်းများကိုလိုက်နာကျင့်သုံး ရန်လိုအပ်ပြီး၊ ယင်းသို့လိုက်နာခြင်းကပင် ပါတီသည် မိမိကိုယ်မိမိအသွင်ပြောင်းလဲခြင်းမည်ပေသည်။
နိုင်ငံတော်ထူထောင်စဉ်စောစောပိုင်းနှစ်ကာလများ၊ တိုက်ပွဲဝင်နှစ်ကာလများအတောအတွင်းကမူ ဗဟိုဦးစီးစံနစ်နှင့် စည်းမျဉ်းစည်းကမ်းများကို အလေးပေး လိုက်နာရန်မှာ လိုအပ်ချက်တစ်ခုဖြစ်သည်။ သို့ပင်ဖြစ်သော်ငြား ပါတီကိုယ်၌က ပါတီတွင်းဒီမိုကရေစီစံနစ်ကို မကျင့်သုံးပါလျက်နှင့် တော်လှန်ရေးပါတီမှ အုပ်ချုပ်ရေးပါတီအဖြစ်သို့ အသွင်ပြောင်းခြင်းနှင့်၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား ပါလီမန်ဒီမိုကရေစီစံနစ်ဆီသို့ ပြောင်းလဲရာတွင်ဦးဆောင်ဦးရွက်ပြုရန် မဖြစ်နိုင်ချေ။ တရားဝင်သော အယူအဆကွဲလွဲ ခြင်းများကို ပါတီတွင်းဝယ် ခွင့်ပြုထားရမည်။ ဥက္ကဌကြီးမော်ကပင်လျှင် အမြင်မတူသူများကို ပါတီတွင်းလုံခြုံမှုပေးသင့်ကြောင်း ပြောခဲ့ဖူးသည်။ အယူအဆကွဲလွဲ ခြင်းများကို ခွင့်ပြုရမည်ဖြစ်ပြီး၊ အုပ်စုကွဲများကိုလည်း တရားဝင်ဖြစ်စေရမည်။ ငြင်းခုန်ဆွေးနွေးရာတွင်၊ ယှဉ်ပြိုင်မှုပြုကြရာတွင် ပါတီတွင်းရှိ မတူသောအုပ်စုများသည် တူညီသောစည်းမျဉ်းများကို အတူတကွလိုက်နာကြသင့်သည်။
ဒီမိုကရက်တစ်လူ့ဘောင်တစ်ခုနှင့်သာ ပိုမိုသင့်တော်သည့် နိုင်ငံ့အခြေအနေဖြစ်လာစေရန် ကျွန်ုပ်တို့၏ပါတီကမဖန်တီးပဲ၊ ရှေးယခင် တိုက်ပွဲဝင်ကာလများ နှင့်သာသင့်တော်သည့် နိုင်ငံ့အခြေအနေ အတိုင်းသာဆက်လက်ချီတက်နေပါမူ မှား၏။ ထိုးဖောက်ပြောင်းလဲမှုများမှာ မုချပေါ်ပေါက်ရ မည်ဖြစ်သည်။ လွတ်မြောက်ရေးတပ်မတော်သည် အမျိုးသားနိုင်ငံရေးတပ်မတော်အဖြစ်ပြောင်းလဲလာပေလိမ့်မည်။ တရားစီရင်မှုစံနစ်ကိုပြုပြင်ပြောင်းလဲရန်နှင့် လွတ်လပ်သော တရားစီရင်မှုစံနစ်ကိုဦးစားပေးရန်မှာ ပိုမို၍အရေးကြီးလေသည်။
ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအနေအထားကို သင့်တော်သည့်အချိန်အခိုက်အတန့်တစ်ခုအထိ ထိန်းသိမ်းထားရန် ကျွန်ုပ်တို့မျှော်လင့်ပြီး၊ သို့မှသာလျှင် ယင်း၏ဦးဆောင်မှုအောက်ဝယ် အသွင်ကူးပြောင်းရေးအတွက် ကြိုတင်ပြင်ဆင်များကို နည်းလမ်းကျကျပြုလုပ်နိုင်မည်ဖြစ်၏။ ကွန်မြူနစ်ပါတီက ဦးဆောင်မှုအနေအထားဝယ် မည်ရွေ့မည်မျှကြာရှည်စွာရှိနေဦးမည်နည်းဆိုသော်၊ လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဆိုင်ရာ လက်ခံပွင့်လင်းမှုအခြေအနေ၏အကျိုးဆက်များနှင့် ကွန်မြူနစ်ပါတီနှင့် အခြားနိုင်ငံရေးပါတီများ၏ အားပြိုင်မှုအခြေအနေတို့အရသာလျှင် ဆုံးဖြတ်သင့်ပေသည်။ အကယ်၍ ကျွန်ုပ်တို့၏ ဦးဆောင်ဦးရွက်ပြုမှု ကောင်းမွန်ခဲ့မည်ဆိုလျှင် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအနေအထားသည် ကာလကြာရှည်စွာတည်တံ့နေနိုင်ပေမည်။ မည်သို့ပင်ဖြစ်စေကာမူ ဦးဆောင်မှုအနေအထား ကို ထိန်းသိမ်းထားခြင်းသည် အခြေခံဥပဒေကို အသုံးပြုပြီး လက်ဝါးကြီးအုပ်ထားသည့်အခြေအနေမျိုး မဖြစ်စေရ။ ထို့အတွက် ပါတီသည်လည်း ယှဉ်ပြိုင်ရမည်။ ဤသည်မှာ ကျွန်ုပ်တို့လွန်ဆန်၍မရနိုင်သော ကမ္ဘာလုံးဆိုင်ရာ အခြေခံရေစီးကြောင်းပင်ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။
အကယ်၍ ကျွန်ုပ်တို့ကသာ ဦးဆောင်ဦးရွက်ပြုမှုကို မှန်ကန်စွာလုပ်နိုင်ခဲ့ပါလျှင် ပါတီ၊ လူ့အဖွဲ့အစည်းနှင့် ပြည်သူတို့အတွက် အကျိုးအမြတ်များရရှိပေလိမ့်မည်။ ယင်းမှအပသောချဉ်းကပ်မှုတို့မှာမူ အန္တရယ်ရှိပေလိမ့်မည်။ ယခုလမ်းကြောင်းသည်ငြင်းဆန်နိုင်ဖွယ်ရာမရှိ၊ သင့်လျော်ပြည့်စုံသူသာ ရှင်သန်လိမ့်မည်။ ''ကမ္ဘာ့ရေစီးကြောင်းဟာ အားကောင်းမောင်းသန်ကြီးပဲ။ အဲဒီရေစီးကြောင်းအတိုင်းလိုက်သူဟာ တိုးတက်ကြီးပွားမှာဖြစ်ပြီး၊ ရေစီးကြောင်းကို ဆန့်ကျင်တောင့်ခံ နေရင်တော့ ပျက်စီးဆုံးရှုံးမှာပဲ''ဟု ဆွန်ယက်ဆင်က ပြောခဲ့ဖူးပါသည်။
ယခုဆိုခဲ့သော ပြုပြင်ပြောင်းလဲမှု အရေးကိစ္စတို့ကို အလေးဂရုပြု၍ကိုင်တွယ်ရန် ကျွန်ုပ်တို့အတွက် အချိန်ကျရောက်လာပြီဟု ကျွန်ုပ်ယုံကြည်သည်။


Ref: Way Forward by Zhao Ziyang(from Prisoner of the State, page - 269 to 273)
၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလထုတ် မြန်မာသစ် မဂ္ဂဇင်း စာ-၁၃၇ တွင် ပုံနှိပ်ဖေါ်ပြပြီးစာမူဖြစ်ပါသည်။

Reply all
Reply to author
Forward
0 new messages