[Richard Aung] ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂ ဦးကို တာဝန်က ရပ်နား

5 views
Skip to first unread message

အောင်မျိုးကျော်

unread,
Nov 8, 2012, 6:11:11 AM11/8/12
to freem...@googlegroups.com

DVB

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းတာဝန်ပေးတဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် က ကော်မရှင်အဖွဲ့ဝင် ၂ ဦးကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်နားကြောင်း အသိပေးအကြောင်းကြားတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ကော်မရှင် ၂၇ ဦးရှိတဲ့အနက် မွတ်ဆလင် ၂ ဦးဖြစ်တဲ့ ဦးညွန့်မောင်ရှိန်နဲ့ ဦးတင်မောင်သန်းတို့ကို တာဝန်ကနေ ရပ်စဲလိုက်တဲ့အကြောင်း ကော်မရှင်ရုံးအဖွဲ့မှူး ဗိုလ်မှူးထန်က ဒီလဆန်း ၁ ရက်နေ့က အကြောင်းကြားတာလို့ ဆိုပါတယ်။ တာဝန်ကရပ်စဲရခြင်းအကြောင်းကိုတော့ ရှင်းမပြဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့စဉ်

ဒီနောက် ဒီလ ၅ ရက်နေ့မှာ ကျင်းပတဲ့ ကော်မရှင်အစည်းအဝေးမှာ ဒီနှစ်ဦးကို မဖိတ်ကြားတော့ဘူး လို့ ဆိုပါတယ်။

ရခိုင်ပဋိပက္ခဖြစ်စဉ်တလျှောက်မှာ အဲဒီဒေသက ပြည်သူတွေ အေးချမ်းဖို့၊ ငြိမ်းချမ်းဖို့ အတွက် ဆော်ဩ ကြိုးစားဆောင်ရွက်ခဲ့ကြောင်းနဲ့ ဒါပေမယ့် သက်ဆိုင်ရာက သူတို့အပေါ် နားလည်သဘောပေါက်တာ တမျိုးဖြစ်ပြီး သူတို့သာမကဘဲ အဖွဲ့အစည်း ရပ်တည်နိုင်ရေးပါ အခက်အခဲကြုံရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှာ အိုလမာ အစ္စလာမ်သာသနာ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ၀ီအဖွဲ့ဌာနချုပ်၊ မြန်မာမွတ်စလင်လူငယ်များ ဘာသာရေးအဖွဲ့၊ မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်တွေ ပါဝင်ပါတယ်။

ဒီပုဂ္ဂိုလ် ၂ ဦးကို ကော်မရှင်က တာဝန်ကနေရပ်စဲပြီးတဲ့နောက် ကာယကံရှင်တွေ သာမကဘဲ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တာဝန်ရှိသူတချို့နဲ့ ထုတ်ပယ်ခံရသူနှစ်ဦးကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းနေပြီး သူတို့အပေါ် အုပ်ချုပ်ရေးပိုင်းက အထင်အမြင်လွဲမှားနေတယ် ထင်မြင်မိကြောင်း ပြောပါတယ်။

အခုလိုအခြေအနေမျိုးမှာ ဒီရပ်နားထုတ်ပယ်တာနဲ့ပတ်သက်လို့ အခြေအနေရှုပ်ထွေးပြီး နားလည်မှု လွဲမှားတာမျိုးကို ရှောင်ကျဉ်လိုတဲ့အတွက် တစုံတရာ ထင်မြင်ချက် မပေးလိုဘူးလို့ အဲဒီ ဘာသာရေးခေါင်းဆောင်တဦးက ပြောပါတယ်။

ဒီကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ခန့်အပ်ထားတာဖြစ်ပြီး အခုလတ်တလောမှာ ဒီကော်မရှင်အဖွဲ့ဝင်နှစ်ဦး တာဝန်ကနေ ရပ်စဲတဲ့ ထုတ်ပြန်ကြေညာချက် မရှိဘူးလို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“ဒီအဖွဲ့ဝင်တွေ ပြင်ဆင်ဖွဲ့စည်းတာတို့၊ အဖွဲ့ဝင်အရေအတွက် လျှော့တာတို့ အခုအချိန်ထိ သမ္မတရုံးက ကျနော်တို့ကို အမိန့်၊ ညွှန်ကြားချက် တစုံတရာ ထုတ်ကြားတာမရှိသေးပါဘူး။”

ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာကျော်ရင်လှိုင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

ဒါနဲ့ပတ်သက်လို့ ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်သန်းသန်းနုက “ကျမတို့ကို ဖွဲ့ပေးတာက သမ္မတရုံးကဆိုတော့ တခုခုအကြောင်းကြောင့် ထုတ်ပယ်တယ်ဆိုရင်လည်း ဒါ သမ္မတရုံးက ထုတ်ပယ်တာပဲ။ ကျမတို့နဲ့ မပတ်သက်ဘူး။ မပတ်သက်ဘူးဆိုတာက ကျမတို့ ထုတ်ပယ်လို့မရဘူး” လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွေ၊ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဩဂုတ် ၁၇ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။



--
Posted By အောင်မျိုးကျော် to Richard Aung at 11/08/2012 05:41:00 PM

Reply all
Reply to author
Forward
0 new messages