ဆယ်စုနှစ် တစ်ခုကျော် ရပ်နားထားခဲ့သော မြန်မာစီးပွားရေးကွန်ဖရင့် (Myanmar Business Conference) ကို အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံတွင် မေလအတွင်း နိုင်ငံတော်စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး နှစ်လအကြာတွင် စင်ကာပူနိုင်ငံ Orchard Hotel ၌ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ကွန်ဖရင့် ဦးဆောင်စီစဉ်သူ Foreign Recruitment Centre Pte ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဒါရိုက်တာ Mr.William Tan Kian Seng က ပြောကြားခဲ့သည်။ အဆိုပါ မြန်မာစီးပွားရေး ညီလာခံမှာ ခြောက်ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ အရှေ့တောင်အာရှ စီးပွားရေး ထိပ်သီးနိုင်ငံဖြစ်သော စင်ကာပူတွင် ဇူလိုင် ၁၇ ရက်မှ ၁၈ ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်မည့် ကွန်ဖရင့်၌ မြန်မာနိုင်ငံ ဝန်ကြီးဌာန ၁၁ ခုမှ တာဝန်ရှိသူများပါ တက်ရောက်ကာ မြန်မာနိုင်ငံ အနာဂတ် စီးပွားရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ မူဝါဒသစ်များကို ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမှ ကွန်ဖရင့်ဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးဖြစ်သူ ဒေါ်လင်းလင်းထွန်းက ဆိုသည်။ ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် ဗြိတိန်နိုင်ငံ အပါအဝင် ဂျာမနီ၊ အီတလီ၊ သြစတြေးလျ၊ ဂျပန်၊ အာဖရိက၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား စသော ဥရောပ-အာရှ နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် ထပ်မံတက်ရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ၄င်းကဆက်လက် ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော်က မကြာခင်ပြဋ္ဌာန်းမည့် နိုင်ငံခြားရင်းနှီးမြှုပ်မှု ဥပဒေနှင့် ကွန်ဒိုမီဒီယံ ဥပဒေကို အဆိုပါ ကွန်ဖရင့်တွင် အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း Mr.William Tan Kian Seng က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအခြေစိုက် EMTEC Management Ltd. ဒုတိယဥက္ကဋ္ဌ Mr.Jeff Morse က ငါးကြိမ်မြောက် မြန်မာစီးပွားရေးကွန်ဖရင့် တက်ရောက်ခြင်းဖြင့် ၄င်းတို့က ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ၌ မည်သို့ စတင်ရမည်ကို ပိုမိုနားလည်စေခဲ့ကြောင်း ပြီးခဲ့သည့်အကြိမ်က ၄င်း၏အတွေ့အကြုံကို ပြန်လည်ပြောပြသည်။ လေကြောင်းလုပ်ငန်း၊ မြေအောက်မီးရထားလုပ်ငန်း၊ ကုန်းတွင်းသယ်ယူပို့ဆောင်ရေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ကွန်ဒိုအဆောက်အအုံလုပ်ငန်း၊ ဂျာမနီနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ထုတ်လုပ်သော မော်တော်ကားနှင့် အပိုပစ္စည်းတင်သွင်း ရောင်းချရေးလုပ်ငန်း၊ ကျောက်မိုင်းတူးဖော်ရေးလုပ်ငန်း၊ ဘိလပ်မြေစက်ရုံများ ဆောက်လုပ်ဖြန့်ဝေခြင်းလုပ်ငန်း၊ Call Back Phone, Prepaid Card Phone နှင့် Internet အပါအဝင် အဆင့်မြင့်နည်းပညာသုံး အီလက်ထရွန်နစ် ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အသုံးပြုမည့် အဆင့်မြင့် e-Banking လုပ်ငန်းများကိုလည်း ကွန်ဖရင့်တွင် ဆွေးနွေးသွားမည်ဟု ဒေါ်လင်းလင်းထွန်းက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "