နက်တိုကရေစီ

15 views
Skip to first unread message

CEH

unread,
Dec 24, 2012, 7:12:46 AM12/24/12
to freemyanmar

နက်တိုကရေစီ

by Po Naing Lin on Monday, April 12, 2010 at 7:45pm ·

ကနေ့ကမ္ဘာကြီးရဲ့ လူ့အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့ရာစုနှစ်အတောအတွင်းမှာကို အင်မတန်မှကို ရှုတ်ထွေးလာခဲ့ပါတယ်။ ပြဿနာ အသစ်တွေဖြစ်ကြတဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေ WMD(Weapon of Mass Destruction)လို့ခေါ်တဲ့ အကြီးအကျယ်သေကြေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေ စသည်ဖြင့်ပေါ့လေ၊ အမျိုးမျိုးသောပြဿနာ အဝဝကိုကြုံလာကြရပါတယ်။ အဲဒီလိုပြဿနာမျိုးတွေကို ဘယ်အစိုးရအဖွဲ့တစ်ဖွဲ့ထဲကမှ မဖြေရှင်းနိုင်ကြတော့ပါဘူး။ ဒီတော့ကာ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဖြေရှင်းမှုတွေကိုလုပ်လာကြရပါတော့တယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းအမျိုးမျိုးတွေပေါ်လာကြတယ်။ ဖြေရှင်းကြတယ်။ ဒါပေမယ့် နောက်ဆုံးရလာတဲ့ အောင်မြင်မှုရလာဒ်တွေကတော့ နည်းလှပါသေးတယ်။ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ပြဿနာတွေအတွက် အဆုံးအဖြတ်ပေးနိုင်မယ့် ဆုံးဖြတ်မှုယန္တယားအသစ်တစ်မျိုးလိုအပ်လာတာကိုတွေ့ရပါတယ်။ ဒီလိုပြဿနာမျိုးတွေကို နိုင်ငံရေးသမားတွေကလဲ မဖြေရှင်းပေးနိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ကာ သူတို့ကိုယ်တိုင်ကပဲ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေရဲ့ အစိတ်အပိုင်းတွေဖြစ်နေကြပြန်တာကြောင့်ပါပဲ။

ဒါပေမယ့် တစ်ဖက်ကကြည့်ပြန်ရင်လဲ တိုးတက်လာတဲ့နည်းပညာတွေကြောင့် ကမ္ဘာကြီးဟာ အင်မတိအင်မတန်ကိုကျဉ်းမြောင်း သွားပြီး ကွန်ပျူတာနဲ့ အင်တာနက်ပေါ်ပေါက်လာတာကြောင့် ဆက်သွယ်ရေးစံနစ်ကလဲ အင်မတန်မှကို တိုးတက်လာခဲ့ပြန်ပါတယ်။
oneway media လို့ခေါ်တဲ့ စာနယ်ဇင်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ပဲနှစ်ပါးသွားနေကြရာကနေ interactive mediaလို့ခေါ်တဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆက်ဆံနိုင်တဲ့ အင်တာနက်ပေါ်က မီဒီယာတွေပေါ်ပေါက်လာခဲ့ပါပြီ။ ဒါဟာ ၂ဝ ရာစုရဲ့ အရေးအပါဆုံးပြောင်းလဲမှုပါပဲ။ ဘယ်ခေတ်နဲ့မှ မတူစေတဲ့ပြောင်းလဲမှုလဲဖြစ်ပါတယ်။ individualism လို့ခေါ်နိုင်တဲ့ တစ်သီးတစ်ခြားနေတဲ့စံနစ်ခေတ်ကုန်ခဲ့ပါပြီ။ တီဗီက မှာကိုယ်ကြိုက်တဲ့ ချယ်နယ်ကိုပြောင်းပြီးကြည့်နိုင်တာကြောင့် တီဗီဟာ interactive mediaဖြစ်တယ်လို့ယုံကြည်နေတဲ့သူတွေလဲမရှိကြတော့ ပါဘူး။

ဒီတော့ကာ အတွေးအခေါ်အယူအဆတွေ၊ ယဉ်ကျေးမှုတွေ၊ သတင်းအချက်အလက်တွေ၊ ယုံကြည်ချက်တွေ၊ ခံယူချက်တွေ၊ ခံစားချက်တွေ၊ နည်းပညာတွေဟာလဲ အင်မတန်လျင်မြန်နေတဲ့ အင်တာနက်ဆက်သွယ်ရေးစံနစ်ကတစ်ဆင့် အပြန်အလှန်ဖလှယ်ကြပြီး သားဖြစ်လာတာကြောင့်၊ အရင်ခေတ်ကလို ခေတ်ရေစီးကြောင်းမှာ အရမ်းကာရော နောက်ကျကျန်ခဲ့စရာအကြောင်းမရှိတော့ပါဘူး။ ပြီးတော့ကာ သူ့ပြဿနာ ကိုယ့်ပြဿနာတွေကိုလဲ အချင်းချင်းမျှဝေတိုင်ပင်ကြ၊ အကြံဥာဏ်တောင်းကြတဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ကွန်ယက်အမျိုးမျိုးတွေလဲ ပေါ်ပေါက်လာခဲ့ကြပြန်ပါတယ်။

အဲဒီလိုလူမှုကွန်ယက်တွေမှာလဲ အဖွဲ့ဝင်အချင်းချင်းစုပေါင်းပြီး ပြဿနာတွေကိုဖြေရှင်းလာကြပါတယ်။ ကမ္တာအရပ်ရပ်က လူတွေအင်တာနက်ကတစ်ဆင့်ဆုံကြတာဖြစ်တာကြောင့် ကိုယ်ကျွမ်းကျင်ရာလိမ္ဓာကြသူတွေစုမိကြသလိုဖြစ်ပြီး သာမန်တစ်ယောက်အားနဲ့ ဖြေရှင်းလို့မရတဲ့ကိစ္စတွေကို အလွယ်နဲ့ဖြေရှင်းနိုင်လာပါတယ်။ ပြီးတော့ ကွန်ယက်တွေစုပြီး ပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းလာကြပြန်ပါတယ်။ကွန်ပျူတာနည်းပညာဖက်မှာဆိုရင်လဲ အများစုပြီးလုပ်ကြပြီး အခမဲ့ဖြန့်ဝေပေးတဲ့ Open Sourceစံနစ်ပေါ်လာတာကို ထင်ထင်ရှားရှားတွေ့နေရပါပြီ။ မိုက်ကရိုဆော့တို့ ပန်းသီးတို့လို ကုမ္ပဏီကြီးတွေကိုတောင် အများစုပြီးလုပ်ကြတဲ့ အခမဲ့စံနစ်တွေကယှဉ်နိုင်လာကြပါတယ်။ လူတိုင်းသိကြမယ့် လူမှုကွန်ယက်ကြီးတစ်ခုကိုပြောရရင်တော့ ဝီကီပီးဒီးယားပါပဲ။ NetsMindဆိုတဲ့ လူမှုကွန်ယက်ဆိုရင်လဲ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့အစပျိုးနေတဲ့ လူမှုကွန်ယက်တစ်ခုဖြစ်ပါတယ်။ အဲဒီလိုမျိုး ကွန်ယက်အစုအဖွဲ့တွေ ၃ဝဝဝ လောက်ရှိနေပြီလို့လဲ သိရပြန်ပါတယ်။

ဒီတော့ကာ အဲဒီလိုခေတ်၊ အဲဒီလိုအခါမျိုးနဲ့ လိုက်ဖက်ညီလာနိုင်မယ့် ပူးပေါင်းဆုံးဖြတ်မှုယန္တယားပုံစံသစ်တစ်ခုကိုပါ ပုံကြမ်းလောင်း လာကြပါပြီ။ သာမန်ဒီမိုကရေစီကနေ နောက်ထပ်ဆင့်ပွားလာတော့မှာဖြစ်တဲ့ အဲဒီစံနစ်ကိုတော့ လောလောဆယ် ”နက်တိုကရေစီ(Netocracy)”လို့ ခေါ်နေကြပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ်နည်းပညာနဲ့အတူ အမြဲမပြတ်တိုးတက်ပေါ်ပေါက်လာနေတဲ့ လူမှုဆက်ဆံရေးကွန်ယက်တွေအပေါ်မှာ အခြေခံပြီးပေါ်ပေါက်လာမယ့် ပူးပေါင်းဆုံးဖြတ်မှုယန္တယားအသစ်တစ်ခုဖြစ်နိုင်ပါတယ်။ အလက်ဇန်းဒါးဘာ့(ဒ်)ဆိုတဲ့ ဒဿနဆရာတစ်ယောက်က လဲ၂ဝဝဝ ပြည့်နှစ်တုန်းကNetocracy ဆိုတဲ့ စာအုပ်တစ်အုပ်ကိုရေးခဲ့ပါသေးတယ်။

”နက်တိုကရေစီ”ဆိုတဲ့ ဝေါဟာရဟာ ‘net”ဆိုတဲ့ အင်တာနက်ကို ကိုယ်စားပြုတဲ့စကားလုံးနဲ့၊ ”စည်းမျဉ်းစည်းကမ်း” ဒါမှမဟုတ်”အာဏာ”လို့ ဆိုနိုင်တဲ့ ဂရိဝေါဟာရ ”ကရတော့(စ်)(kratos)”ဆိုတာကိုပေါင်းထားတာပါပဲ။ အများပူးပေါင်းပြီး ဆုံးဖြတ်ချက်ချနိုင်မယ့် စံနစ်သစ်တစ်ခုလို့လဲ ဆိုနိုင်ပါတယ်။ နက်တိုကရေစီဟာ အင်တာနက်ကနေတစ်ဆင့် ဆက်သွယ်ပူးပေါင်း မှုရပြီးသားဖြစ်နေတဲ့ အသိအမြင် ဗဟုသုတတွေ၊ သတင်းအချက်အလက်တွေ၊ အခြေအနေတွေ ပေါ်မှာအခြေပြုပြီး အကြောင်းကိစ္စအမျိးမျိုးကို အဖွဲ့တွေဟုပေါင်းပြီး ဆုံးဖြတ်ချက်ချပေးနိုင်မယ့် စံနစ်တစ်ခုလဲဖြစ်လာပါလိမ့်မယ်။

နက်တိုကရေစီရော ဒီမိုကရေစီ နှစ်ခုစလုံးဟာဆုံးဖြတ်မှု ယန္တယားတွေဖြစ်ကြပေမယ့် မတူခြားနားမှုတွေအများကြီးရှိပါတယ်။ ဒီမိုကရေစီကို collective decision-making mechanism လို့ခေါ်ကြပါတယ်။
ကိုယ့်နိုင်ငံ ကိုယ့်အဖွဲ့အစည်းတစ်ခုထဲမှာပဲ အဖွဲ့သားတွေ နိုင်ငံသားတွေ စုပေါင်းဆုံးဖြတ်ကြတဲ့ စံနစ်လို့ဆိုနိုင်ပါတယ်။ ဒီမိုကရေစီကို အဲဒီလိုပြောရင် နက်တိုကရေစီကို collaborative decision-making mechanism လို့ခေါ်ရတော့မှာပါ။ တစ်ခုတည်းမဟုတ်တဲ့ အဖွဲ့တွေ အုပ်စုတွေ နိုင်ငံတွေ ပူးပေါင်းပြီး ဆုံးဖြတ်ကြတဲ့စံနစ်လို့ဆိုရင်ရမှာပါပဲ။ ဒီမိုကရေစီရဲ့အခြေခံဟာ ဆန္ဒမဲဖြစ်ပေမယ့် နက်တိုကရေစီမှာတော့ အဓိပ္ပါယ်ရှိတဲ့ဆုံးဖြတ်ချက်ရရေးကိုသာအခြေခံတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း၊ သိက္ခာ နဲ့ လူသားဆန်မှုတွေပေါ်မှာလဲ အခြေခံပါလိမ့်မယ်။ ဒီအတွက် မဲမလိုပါဘူး။ မဲအစား တန်ဖိုးရှိတဲ့ ဦးနှောက်တွေပဲလိုမှာပါ။ ကမ္ဘာအရပ်ရပ်က တန်ဖိုးရှိတဲ့ ဦးနှောက်တွေကို အင်တာနက်ကတစ်ဆင့် စုစည်းထားတဲ့ ဥာဏ်ကြီးက ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကို ဆုံးဖြတ်ပေးသွားမှာပါပဲ။ အင်တာနက်ကို virtual worldလို့ခေါ်ကြသလို အဲဒီဥာဏ်ကြီးကိုလဲ virtual brainလို့ခေါ်နိုင်ပါတယ်။ ပူးပေါင်းပါဝင်နေကြသူတွေအားလုံးရဲ့ ဦးနှောက်တစ်ခုစီကတော့ အဲဒီမဟာဥာဏ်ကြီးရဲ့ ကလာပ်စည်းကလေးတစ်ခုစီတွေပေါ့။

ဒါပေမယ့် နက်တိုကရေစီဟာ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် မဲပေးစံနစ်မဟုတ်ပါဘူး။ နက်တိုကရေစီဟာ အရေးကိစ္စတွေကို ဆုံးဖြတ်ပေးနိုင်တဲ့ လူမှုဆက်ဆံရေးကွန်ယက်တွေပေါ်မှာသာ အခြေခံမှာပဲဖြစ်ပါတယ်။ ကနေ့ခေတ် လူ့အဖွဲ့အစည်းဝင်တွေဟာလဲ ”နက်တိုကရက်”တွေအဖြစ် မသိမသာပုံစံပြောင်းလာနေတာကို အသေအချာလေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။ နိုင်ငံရေးတွေမှာ အင်တာနက်ရဲ့အရေးပါမှုဟာ တစ်ဖြည်းဖြည်းမြင့်မားလာနေတာကိုသေချာလှပါတယ်။ စီးပွားရေးမောင်းနှင်မှုကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းကနေ ပညာကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းအဖြစ် လုံးလုံးလျားလျားပုံစံပြောင်းလာတော့မယ့် အရိပ်လက္ခဏာတွေကိုလဲတွေ့နေရပါပြီ။ ငွေဟာ အင်မတန်အရေးပါတဲ့နေရာ ကနေ လျှောကျသွားပြီ။ တစ်စုံတစ်ယောက်ဟာ အစားအစာလိုအပ်သလိုမျိုး ငွေကိုလိုအပ်ကောင်းလိုအပ်လိမ့်မယ်၊ ဒါပေမယ့် အလိုချင်ဆုံးအရာ တော့မဟုတ်တော့ဘူး။ သတင်းအချက်အလက်နဲ့ ပညာသည်သာလျှင် အလိုအပ်ဆုံးအရာဖြစ်လာနေပြီ။

ခုနကပြောခဲ့တဲ့ ဝီကီပီးဒီးယား ကွန်ယက်ကိုပြန်ကောက်ရရင် ဆိုရင် လူတန်းစားအလွှာစုံ၊ အသင်းအဖွဲ့ကွန်ယက်မျိုးစုံပူးပေါင်းပါဝင်ပြီး အားလုံးနဲ့ဆိုင်တဲ့ စီမံကိန်းကြီးတစ်ခုထဲကို ကိုင်တွယ်ဖြေရှင်းနေကြတာကိုတွေ့ကြရပါလိမ့်မယ်။ အားလုံးဟာ အခမဲ့ တာဝန်ယူနေကြတာဖြစ် တာကြောင့် ငွေကြောင့်အတွက် ပူးပေါင်းနေကြတာမဟုတ်တာသေချာပါတယ်။ အားလုံးရဲ့ အသိဥာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးကပဲ ပူးပေါင်းနေကြတာပါ။ လူတိုင်းကိုလဲ လုပ်ခွင့်ပြုထားတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ပါပဲ။ ဝီကီ ကွန်ယက်မှာ ပူးပေါင်းပါဝင်တာဝန်ယူနေသူ အားလုံးကို ”နက်တိုကရက်(netocrat)”တွေလို့ခေါ်နိုင်ပါတယ်။ နက်တိုကရေစီဟာ ကမ္ဘာကို ဘယ်လောက်အထိလွှမ်းမိုးမှုရှိလာမယ်ဆိုတာကိုတော့ အချိန်ကစကားပြောလာမှာပါပဲ။

Prisoner of the Stateဆိုတဲ့စာအုပ်ထဲမှာ ကျောက်ကျိယန်ပြောခဲ့တာလေးတစ်ခုရှိပါတယ်။ “… it is the Western parliamentary democratic system that has demonstrated the most vitality. This system is currently the best one available. It is able to manifest the spirit of democracy and meet the demands of a modern society, and it is a relatively mature system. Of course, this system is not perfect; it has many problems. Yet relatively speaking, this system is best suited to a modern civilization…(Prisoner of the State – Page 270)” “. . .အနောက်တိုင်းရဲ့ ပါလီမန်ဒီမိုကရေစီစံနစ်ဟာ သက်တမ်းအရှည်ဆုံးစံနစ်ပါပဲ။ အဲဒီစံနစ်ဟာ လောလောဆယ်အားဖြင့် ရှိသမျှစံနစ်တွေအနက် အကောင်းဆုံး သာဖြစ်ပါတယ်။ ခေတ်ကာလ လူ့အဖွဲ့အစည်းရဲ့ တောင်းဆိုချက်တွေကို ဖြည့်စွမ်းပေးနိုင်ပြီး၊ ရင့်ကျက်နေပြီဖြစ်တဲ့ စံနစ်လဲဖြစ်သလို ဒီမိုကရေစီဆိုတဲ့ အနှစ်သာရကိုလဲ သိသာထင်ရှားစေပါတယ်။ သို့ပေမယ့်… မပြည့်စုံသေးပါဘူး။ ပြဿနာတွေအများကြီး သူ့မှာလဲရှိနေပါသေးတယ်။ ဒါပေမယ့် အားလုံးကိုခြုံငုံပြီးပြောရရင်တော့ ခေတ်ကာလ လူ့အဖွဲ့အစည်းအတွက်အသင့်တော်ဆုံးစံနစ်ပါပဲ”
အဲဒီစကားထဲမှာ ပါသလိုပဲ၊ ခေတ်မီလူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ ဒီမိုကရေစီရဲ့ မပြည့်စုံသေးတဲ့ လိုအပ်ချက်တွေကို နက်တိုကရေစီကများ ဖြည့်ပေးနိုင်ပြီး၊ ခေတ်သစ်လူ့အဖွဲ့အစည်းအတွက် အသင့်တော်ဆုံးစံနစ်များဖြစ်လာလေမလားဆိုတာ . .။

(Printed on Popular News Journal , No-24, Vol-1)

Reply all
Reply to author
Forward
0 new messages