PLAYING GAME IN INDIA OCEAN

15 views
Skip to first unread message

CEH

unread,
Dec 24, 2012, 7:11:37 AM12/24/12
to freemyanmar

အိန္ဒိယသမုဒ္ဒရာကစားပွဲ


by Po Naing Lin on Monday, April 12, 2010 at 7:52pm ·

အမှတ်တမဲ့ကြည့်မယ်ဆိုရင်တော့ အိုဘားမားအစိုးရဟာ သူ့အရင် ဘု(ရှ်)အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို သွက်သွက်လက် လက်နဲ့ပဲ လုံးလုံးလျားလျားပြောင်းလိုက်တယ်လို့ထင်ရလောက်ပေမယ့်၊ အဲဒါတွေအားလုံးဟာ သူ့ရဲ့ စီမံခန့်ခွဲမှုနည်းဗျူဟာအသစ်ရဲ့ အပိုင်းတစ်ပိုင်း မျှသာပါပဲ။ အိုဘာမားဟာ နိုင်ငံတကာနဲ့ဆက်ဆံရာမှာ တရားဝင်ဖြစ်စေမှုကို ပိုဦးစားပေးတဲ့အပြင်၊ ဘု(ရှ်)လက်ထက်မှာ လျော့ပါးခဲ့တယ်လို့ ဟီလာရီကလင်တန်က ပြောခဲ့တဲ့သံတမန်နည်းရိယာယ်သုံးတာ၊ စည်းရုံးတိုက် တွန်းတာ၊ ကိုယ့်အင်အားကိုထုတ်ပြလိုက်တာ၊ ခေတ်မီနည်းပညာတွေကိုသုံးတာ အစရှိသဖြင့် အနုနဲ့အကြမ်းကိုရောမွှေထားတဲ့ အလိမ္မာသုံး တဲ့ဗျူဟာကိုပါ ပြန်ဦးမော့လာစေဖို့ကြိုးပမ်းနေတာပါပဲ။

ဘု(ရှ်)လက်ထက်တုန်းက အမှားကြီးမှားခဲ့တဲ့ အီရတ်အပေါ် စစ်ရေးအရကျူးကျော်မှုကြောင့် အားနည်းလာခဲ့ရတဲ့ ကမ္ဘာ့ခေါင်းဆောင်မှု အဆင့်နေရာကိုပိုခိုင်လေရအောင် သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒချိန်ခွင်လျှာကို တစ်ခြားတစ်ဖက်ဆီဦးတည်နေပုံရတယ်။

ပထဝီနိုင်ငံရေးအခြေအနေတွေအရလဲ ကမ္ဘာ့နိုင်ငံရေးပထဝီဆိုင်ရာ နှလုံးသည်းပွတ်နေရာတွေမှာ စိုးမိုးမှုချိန်ခွင်လျှာကိုညှိဖို့လိုနေတာ ကိုတွေ့ရနေပြန်တယ်လေ။ တရုတ်ရဲ့ ပုလဲကုံးမဟာဗျူဟာ(string of pearls strategy)ကိုပြန်ညှိဖို့လိုလာတာဖြစ်မှာပါပဲ။ မိခင်နိုင်ငံကြီး ပိုပြီးလုံခြုံစိတ်ချရစေဖို့အတွက် ကိုယ့်ပတ်ဝန်းကျင်ဒေသတစ်လျှောက်မှာ စစ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာဆောင်ရွက်မှုတွေကို ယာယီသဘောပဲ ဖြစ်ဖြစ် အမြဲတန်းသဘောပဲဖြစ်ဖြစ် ဆောင်ရွက်နေတာဟာ မဟာဗျူဟာတစ်မျိုးဖြစ်ပြီး၊ အဲဒီလိုဆောင်ရွက်သွားတဲ့ ဒေသ(ပွိုင့်)တွေဟာ ကြိုးတစ်ခုမှာသီထားတဲ့ ပုလဲလုံးလေးတွေလိုတစ်သီတစ်တန်းဖြစ်နေတာကို ပုလဲကုံးမဟာဗျူဟာလို့ခေါ်ကြပါတယ်။ ပါကစ္စတန်က ဂွာဒါဆိပ်ကမ်း၊ သီရိလင်္ကာက ဟမ်ဘန်တိုတာ ဆိပ်ကမ်းနဲ့ အငြင်းပွားနေပုံရတဲ့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်တွေဟာ ကြိုးမှာသီထားတဲ့ ပုလဲလုံးလေးတွေပါပဲ။

အဲဒီနေရာတွေဟာ တစ်ခုနဲ့တစ်ခု တစ်နိုင်ငံစာလောက်ကိုဝေးနေပေမယ့် ခုလောလောဆယ်ကိုပဲ ပါကစ္စတန်မှာစစ်ပွဲတွေဖြစ်နေတာ၊ သီရိလင်္ကာမှာလဲ တမီ(လ်)ကျားတွေကို အစိုးရတပ်ဖွဲ့တွေက လုံးဝခြေမှုန်းနိုင်ခဲ့တာ၊ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်နယ်စပ်နေရာမှာ လှုပ်လှုပ်ရွ ရွဖြစ်နေတာတွေ၊ ဆိုမာလီ ပင်လယ်ဓားပြတွေသောင်းကျန်းနေတာတွေကိုမြေပုံနဲ့တကွ သေသေချာသုံးသပ်လိုက်ပြန်ရင်တော့ တိုက်ဆိုင်မှုလို့မဆိုနိုင်ပဲ မဟာဗျူဟာမြောက်ပုလဲလုံးနေရာတွေမှာ ခုလိုအရေးအခင်းတွေတစ်ပြိုင်နက် ဖြစ်နေကြတာဟာ ဘာကြောင့်လဲဆိုတာ ကိုတော့ နည်းနည်းလောက်တွေးကြည့်ရင်ကို သိလာပါလိမ့်မယ်။ 

အမှတ်တမဲ့နဲ့တော့ ဆက်စပ်လို့ရမှာမဟုတ်ပါဘူး။ ခုလိုရုပ်လုံးပေါ် လာတဲ့အခါမှာတော့ အင်မတန် အကွက်ကျကျထိုးနေကြတဲ့ စစ်တုရင်ပွဲတစ်ခုကို ဘေးကထိုင်ကြည့်နေရတယ်လို့တောင် ထင်မိလောက်တယ်။ အိန္ဒိယသမုဒ္ဒရာဟာလဲ စစ်တုရင်ဘုတ်ပြားတစ်ခုနဲ့တောင်တူနေပါပြီ။

ဒါကြောင့်မို့လို့လဲ ပထဝီနိုင်ငံရေးကစားပွဲတွေကြောင့် တောင်အာရှဒေသတွေဟာ အတော့်ကိုမတည်မငြိမ်ဖြစ်နေတယ်လို့ ပထဝီနိုင်ငံရေး လေ့လာသူတွေကဆိုကြတာပါပဲ။ အဲဒီဒေသတွေဟာ ပထဝီနိုင်ငံရေးဆိုင်ရာ အတွင်းစည်းအချက်အခြာဒေသတွေလဲဖြစ်နေကြပြန်တယ်လေ။

 

အရေးယူပြစ်ဒဏ်ပေးခြင်း၏အားနည်းချက်များ

အခြေခံအရဆိုရင်တော့ နိုင်ငံတစ်နိုင်ငံ ကတစ်ခြားနိုင်ငံ တစ်ခုခုကို အရေးယူပြစ်ဒဏ်ပေးချင်တယ်ဆိုရင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လက်နက်ကိရိယာတွေကိုသုံးနိုင်ပါတယ်။ အဲဒါတွေကို အကြမ်းဖျင်းအားဖြင့် ပြောပြရရင်…

၁။ ကိုယ်နဲ့မဆိုင်သလို မသိလိုက်မသိဖာသာနေလိုက်တာ

၂။ စီးပွားရေးပိတ်ဆို့တာ

၃။ အကန့်အသတ်နဲ့ဗုံးခွဲတာ

၎။ ထုံးစံအတိုင်းမဟုတ်တဲ့စစ်ပွဲတွေဆင်နွဲတာ

၅။ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေလွှတ်တာ

၆။ စစ်ပွဲကြီးလုံးလုံးကိုဆင်နွဲလိုက်တာ …. အဲဒါတွေပါပဲ။

အဲဒါတွေအနက် အပြောသိပ်မခံရတဲ့နည်းတွေကတော့ မသိလိုက်မသိဖာသာနေပြီးအသာပစ်ထားလိုက်တာရယ်၊ စီးပွားရေးပိတ်ဆို့တယ် ဆိုတာရယ်ပါပဲ။ ခပ်ပျော့ပျော့နဲ့လုပ်လို့ရတယ်လေ။ အဲဒီနှစ်ခုအနက်မှာမှ မသိလိုက်မသိဖာသာပစ်ထားတဲ့နည်းကို သိပ်အားမရကြတဲ့အခါ၊ စီးပွားရေးပိတ်ဆို့တဲ့နည်းကိုအသုံးများကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီလို ပိတ်ဆို့မှုကိုစလိုက်ပြီဆိုကတည်းက ”ငါတို့ခုလိုပိတ်လိုက်ရင် ဒီကောင်တော့ခံရပြီကွ”ဆိုတဲ့အတွေးဝင်လာတတ်တာကိုက အဲဒီ စီးပွားရေးပိတ်ဆို့တဲ့လက်နက်ရဲ့ အဓိကအားနည်းချက်ဖြစ်နေတာပါပဲ။ တွက်ရေးနဲ့စက်သူဌေး မျှော်လင့်ချက်ကြီးဟာ ဘာမှလဲသိပ်ထူးမလာတဲ့အခါမှာ ကိုယ့်အတွက် စိတ်ဓာတ်ပျက်ပြားစရာပြန်ဖြစ်လာပါတော့တယ်။ ကြာလာတော့ ကန့်ကွက်သူတွေကလဲပေါ်လာပြန်၊ ကိုယ့်လုပ်ရပ်ကလဲ ထိရောက်မှုမရှိပြန်၊ တစ်ခြားလုပ်စရာကလဲ ရုတ်တရက်ထလုပ်ဖို့မလွယ်နဲ့ မဟာဗျူဟာဆိုင်ရာရှုံးနိမ့်မှုပေါ်ပေါက်လာတတ်ပါတယ်။

နောက်ထပ် အားနည်းချက်တွေကတော့ ပစ်မှတ်အဖြစ်ထားတဲ့ နိုင်ငံရဲ့အစိုးရအဖွဲ့သာမကပဲ ပြည်သူတွေကိုပါထိခိုက်မှုဖြစ်တတ်တာပါ။ နောက်သတိထားရ မယ့်အချက်ကတော့ စီပွားရေးပိတ်ဆို့ခံရမယ့်နိုင်ငံဟာ တစ်ခြားနိုင်ငံတစ်ခုခုဆီက ထောက်ပံ့မှုမရနိုင်မယ့် အထီးကျန်နိုင်ငံ သာသာနိုင်ငံမျိုးဖြစ်နေဖို့ လိုပါတယ်။ ကိုယ်ကသာပိတ်ထားတယ် တစ်ဖက်ကနေဖွင့်ပေးနေမှတော့ ကိုယ်ပဲစီးပွားလျော့လာဖို့က ပိုများလာပါလိမ့် မယ်။ တစ်ဖက်ကဖွင့်ပေးတဲ့နိုင်ငံက အသာလေး စားသွားတော့မှာပါ။ ဒါကြောင့်မို့ ပိတ်ဆို့တဲ့နိုင်ငံဟာ အပိတ်ခံရမယ့်နိုင်ငံထက် ပိုပြီးချမ်းသာနေရ မယ်ဆိုတဲ့ အချက်တစ်ချက်ကိုလဲသတိထားရပါဦးမယ်။ ပထဝီနိုင်ငံရေးအရ အားသာမှုရှိတဲ့နိုင်ငံတစ်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုနဲ့ အရေးယူပြစ်ဒဏ် ပေးဖို့ဆိုတာ မလွယ်လှပါဘူး။

ကိုယ်က ဒီနည်းကိုပဲသုံးနေချိန်မှာ ဟိုနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေဟာ ပြောင်းသွားတာကို ကြုံရပါလိမ့်မယ်။ ခုလဲ အိုဘာမား သတိပြန်ဝင်လာပြီဖြစ်တာကြောင့် ကစားပွဲတစ်မျိုးပြောင်းသွားတာလို့ယူဆရပါတယ်။ လမ်းဖောက်တာ တံတားဆောက်တာတွေလိုမျိုးရယ်၊ တစ်ခြားမဟာဗျူဟာမြောက်စီမံကိန်းတွေရယ်ကြောင့် ပထဝီနိုင်ငံရေးတွေပြောင်းနေပြီလေ။

မြန်မာနိုင်ငံအတွက်ဆိုရင် ၂ဝဝ၉ခုနှစ် ဧပြီလက ပင်မအရှေ့တောင်အာရှဆိုင်ရာရုံးက ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ စတီဖင် ဘလိတ် ကိုလွှတ်လိုက်တာဟာ လွန်ခဲ့တဲ့(၇)နှစ်အတွင်းကစရေတွက်ရင်ပထမဆုံးအကြိမ်ပါပဲ။ အဲဒီကတည်းက ဒုတိယ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်း(စ်)စတိန်းဘာ့(ဂ်)က မြန်မာနိုင်ငံအတွက် ဝါရှင်တန်အစိုးရဖက်ကမျှော်လင့်ချက်တွေရှိပါကြောင်းပြောခဲ့ပါသေးတယ်။ အာဖဂန်၊ အီရတ်၊ ပါကစ္စတန် အဲဒီလိုနိုင်ငံတွေအတွက်အလုပ်များနေတာကြောင့် နည်းဟောင်းကြီးဖြစ်တဲ့ စီးပွားရေးပိတ်ဆို့မှုကိုပဲသုံးနေရာကနေ မဟာဗျူဟာအသစ်တစ်ခုကိုစတင်ခင်းကျင်းတော့မယ်ဆိုတာ သတိထားမိတဲ့သူတွေ သတိထားမိလိုက်ကြပါတယ်။ နောက်ပိုင်းပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေကနေ ကနေ့အခြေအနေကိုရောက်လာတော့တာပါပဲ။

တစ်ခုတော့ရှိတယ်။ အင်အားကြီးနိုင်ငံတွေအနေနဲ့ ပထဝီနိုင်ငံရေးလွှမ်းမိုးမှုရအောင် အပြိုင်အဆိုင်အားထုတ်ကြတာဟာ ကာယကံရှင် နိုင်ငံအတွက်တော့ သိပ်ပြီးကောင်းလှတယ်လို့မဆိုနိုင်ဘူး။ အပျိုလေးတစ်ယောက်ကို ယောက်ကျားကြီးနှစ်ယောက်က နည်းအမျိုးမျိုးနဲ့ မရရအောင် လူပျိုလှည့်သလိုဖြစ်နေတတ်တယ်။ ကြာရင်အပျိုလေးခမျာ ပတ်ဝန်းကျင်ရဲ့ အထင်လွဲမှုကိုခံလာရမှာသေချာပါတယ်။

 

တစ်ကယ့်နိုင်ငံရေး

တစ်ကယ်တမ်းသေသေချာချာဆန်းစစ်ရင်တော့ အီရန်ကိုထိန်းနိုင်တာဟာ ရေနံနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ ဒေသတစ်ခုကို အတော်လေးထိန်းနိုင်တာနဲ့အတူတူပါပဲ။ သို့သော် အီရန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာ ပတ်ဝန်းကျင်နိုင်ငံတွေကိုသိမ်းပိုက်ဖို့အစီအစဉ်မပါဘူး။ သူ့ဟာသူ အင်အားကြီးနိုင်ငံထူထောင်ဖို့ကိုပဲကြိုးစားနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချက်ဟာ ကမ္ဘာကိုလှုပ်ခတ်မှုပြင်းထန်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပျက် နေတာတွေကတော့ ကမ္ဘာကိုလှုပ်ခတ်မှုအင်မတန်မှကိုနည်းပါတယ်။ ပထဝိဝင်အနေအထားကမတူဘူးလေ။ ကိုယ်စားပြု ပြီးဆင်နွှဲပေးနေတဲ့စစ်ပွဲမျိုးတွေလဲမရှိဘူး။ တစ်ကယ်တော့ အိန္ဒိယနဲ့တရုတ်တို့ရဲ့ အင်အားချိန်ခွင်လျှာကိုညှိပေးဖို့လိုအပ်တယ် လို့ယူဆကြတာကြောင့် မြန်မာ့ဒေသတွင်းအရေးတွေကိုစိတ်ဝင်စားကြတာပါ။ ဒါပေမယ့် အီရတ်မှာဖြစ်သလိုမျိုး တပ်ဖွဲ့တွေရောက်လာဖို့ဆိုတာ ဘယ်ဖက်ကပဲကြည့်ကြည့် မဖြစ်နိုင်ချေကများပါတယ်။ မျှော်နေရင်တော့မောတာပဲ အဖတ်တင်ပါလိမ့်မယ်။

တစ်ကယ်တန်းကတော့ နိုင်ငံတိုင်းဟာ သဘောထားရေးရာတွေ၊ မူဝါဒတွေ၊ အယူအဆအမျိုးမျိုးတွေကို အသံအမျိုးမျိုးနဲ့အော်နေကြ စေကာမူ ကိုယ့်နိုင်ငံ ကိုယ့်အကျိုးအတွက်လုပ်နေကြတာချည်းပါပဲ။ ဒါဟာ တစ်ကယ့်နိုင်ငံရေးပါ။ လူနဲ့စံနစ်ကို ခွဲခွဲခြားခြားမြင်အောင်ကြည့်နိုင်ရပါမယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ သွေးအေးရပါတယ်။ ဖြန့်ကြည့်တတ် ဖို့လိုအပ်လှပါတယ်။

 

တောင်အာရှမြင်ကွင်း

တောင်အာရှမြင်ကွင်းဟာ ကြည့်လို့မကောင်းတော့တာကအမှန်ပါ။ အာဖဂန်မှာလဲ တော်တော့်ကိုဖရိုဖရဲဖြစ်နေတယ်။

ပါကစ္စတန် မှာလဲ တာလီဘန်တွေရဲ့တိုက်ခိုက်မှုတွေပြင်းထန်လို့လာနေတယ်။ ခုဆိုရင် စာသင်ကျောင်းတွေတောင်ပိတ်ထားရတဲ့အဆင့်ကိုရောက်နေပြီလေ။ အိန္ဒိယအစိုးရနဲ့ မော်စီတုန်းဝါဒီတွေရဲ့ ပဋိပက္ခဟာလဲ ပိုပြင်းထန်လို့လာနေတယ်။ သီရိလင်္ကာမှာတော့ တမီ(လ်)ကျားတွေရဲ့ရန်ကနေ လုံးဝအေးသွားပြီလို့တော့ ပြောတာပဲ။ ဘင်္ဂလားရေပိုင်နက်ထဲမှာလဲ ပင်လယ်ရေမြင့်တက်မှုတိုးတက်နေသလို နယ်စပ်ကိစ္စအတွက်လဲ လှုပ်လှုပ်ရွရွဖြစ်နေရသေးတယ်။ ဆိုမာလီပင်လယ်ဓားပြတွေကိုလဲ လုံးဝအမြစ်ပြတ်အောင် မလုပ်နိုင်ကြသေးဘူး။ ထိုင်းနဲ့ မြန်မာနိုင်ငံအပါအဝင် တစ်ခြားအသေးအဖွဲလှုပ်လှုပ်ရွရွကလေးတွေရှိသေးတယ်။ ဒါကိုလှပတဲ့မြင်ကွင်းလို့ ဘယ်ပြောနိုင်မလဲ။

ဝါရှင်တန်အစိုးရအနေနဲ့ကတော့ တောင်အာရှဒေသတစ်ခုလုံးကို ၁၉၇ဝ ခုနှစ်တွေကတည်းက စိတ်ဝင်စားနေခဲ့တာပါ။ ဆိုဗီယက် ယူနီယံဟာ အာဖဂန်ကို ၁၉၇၉မှာ စတင်ကျူးကျော်ဝင်ရောက်တယ်။ အဲဒီခုနှစ်အတွင်းမှာ အီရန်တော်လှန်ရေးတွေဖြစ်သေးတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယမှာလဲ နျူကလီးယားစီမံကိန်းတွေစတင်ခဲ့တယ်။ အမေရိကန်က အိန္ဒိယရဲ့ နျူကလီးယားစီမံကိန်းကိုအကူအညီပေးခဲ့တယ်။ အာဖဂန်ကိစ္စနဲ့ ပါကစ္စတန်က အယ်(လ်)ခိုင်ဒါ ကိစ္စတွေမှာလဲ အမေရိကန်ဝင်ပါခဲ့တယ်။ အဲဒီတုန်းကလဲ ဆေးမှားခဲ့ဖူးသေးတယ်လေ။ အဲဒီဒဏ် ကိုခုထိခံနေရတုန်းပဲ။ တောင်အာရှ ကစားပွဲတွေမှာ အင်အားကြီးနိုင်ငံတွေဝင်ကစားနေတာဟာ အတော်ကြာနေပါပြီ။ ဆေးစားမှားတာကြောင့် ဒေသတွင်း ထိခိုက်ပျက်စီးမှုတွေဖြစ်ရတာကိုလဲ အများကြီးကြုံခဲ့ရပြီးပါပြီ။

 

ချဉ်းကပ်နည်းသုံးသွယ်

ခုလဲ အမေရိကန်အနေနဲ့ မြန်မာကိုချဉ်းကပ်ဖို့ရာမှာ နည်းသုံးနည်းတော့ရှိနေတယ်လို့ ရှန်ဟိုင်း၊ ဖူဒန် တက္ကသိုလ်က လက်ထောက် ပါမောက္ခ ဂျီယန် ဂျန်ဘိုက သူ့ဆောင်းပါးတစ်ပုဒ်မှာတင်ပြထားပါတယ်။

ပထမနည်းကတော့ အမေရိကန်ဟာ မြန်မာခေါင်းဆောင်ပိုင်းနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ဒီမိုကရေစီဆန်တဲ့ စီးပွားရေးပြောင်းလဲရေး၊ နိုင်ငံတကာနဲ့ဆက်ဆံရေးတွေကို ဆွေးနွေးမေးမြန်းဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်ဒီနည်းဟာ လက်တွေ့မှာ သိပ်လွယ်မယ်မထင်ဘူးလို့ ဂျီယန် ဂျန်ဘိုက ထောက်ပြထားပြန်ပါတယ်။ ဘယ်နိုင်ငံကမှ ကိုယ့်နိုင်ငံရဲ့ မူဝါဒသဘောထားတွေနဲ့ ပြည်တွင်းရေးတွေကို ဝါရှင်တန်ကချမှတ်ပေး တဲ့ ပုံစံအတိုင်းပြောင်းလိမ့်မလဲ။

ဒုတိယနည်းကတော့ အတိုက်အခံပါတီတွေနဲ့ တွေ့ပြီးစေ့စပ်ညှိနှိုင်းဖို့ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စေ့စပ်ညှိနှိုင်းတယ် ဆိုတာဟာ အသစ်အဆန်းမဟုတ်တော့တဲ့အပြင်၊ ဘု(ရှ်)အစိုးရလက်ထက်ကတည်းက(တစ်ခါတစ်လေ စီအိုင်အေတောင်ပါသေးတယ်)ဒီနည်းကို သုံးလာခဲ့တာ ဘာမှထူးမလာပြန်ပါဘူး။ ဒီချဉ်းကပ်မှုဟာ ပထမနည်းလောက်တောင် အကျိုးသက်ရောက်မှုရှိမယ်မထင်ဘူးလို့ ဂျီယန် ဂျန်ဘိုက ဆိုပါတယ်။

တတိယနည်းအရကတော့ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ၊ ဘဏာရေးအကူအညီတွေပေးပြီး ချဉ်းကပ်တဲ့နည်းပါပဲ။ သို့သော် အမေရိကန်ဖက်ကလဲ ကိုယ်တိုင်ပြဌာန်းထားတဲ စည်းမျဉ်းတွေထဲကနေ ဘောင်ဝင်အောင်လုပ်ဖို့လိုသလို၊ မြန်မာဖက်ကလဲ တစ်ဖက်ကအကူအညီတွေရနေဆဲရှိသေးတာကိုလဲ မမေ့ဖို့လိုမယ်။ ဒါကြောင့်ပဲ ရုတ်ချည်းပြောင်းလာတဲ့ အမေရိကန်ရဲ့ ပြောင်းလဲကူညီတာကို ချက်ခြင်းလက်သင့်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အမေရိကန်အနေနဲ့လဲ နိုင်ငံရေးမပါတဲ့ စီးပွားရေးချည်းသက်သက်ကူညီမှုဆိုတာ မဖြစ်နိုင်ဘူး ဆိုတာကို ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂျိမ်း(စ်) စတိန်းဘာ့(ဂ်)က ပြောခဲ့ပြီးပြီလေ။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံဟာ လက်ရှိထက် ပိုမို ပွင့်လင်းလာပြီး ကမ္ဘာ့စီးပွားရေးနယ်ပယ်ထဲကို ကိုယ်တိုင်ပါဝင်လာဖို့ကိုပဲ မျှော်လင့်ရတော့မှာပါ။

ဒီတော့ကာ အမေရိကန်အနေနဲ့ အရှေ့တောင်အာရှဒေသတွင်းအလျင်အမြန်ထိုးဖောက်ဝင်လာတော့မယ့်ဟန်ရှိနေတာကို ဒေသခံ နိုင်ငံကြီးတွေက မစိုးရိမ်ပါဘူး။ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုဟာလဲ ဖြစ်တော့ဖြစ်နိုင်ပေမယ့် ချက်ခြင်းကြီးတော့လဲဖြစ်လာမှာမဟုတ်ပါဘူး။

 

ထိုင်းတူးမြောင်း စီမံကိန်း

နောက်တစ်ချက် အရေးကြီးတဲ့ ပထဝီနိုင်ငံရေးကတော့ မလက်ကာ ရေလက်ကြားပဲဖြစ်ပါတယ်။ စင်ကာပူကို သူဌေးဖြစ်အောင်လုပ်ပေး နေတဲ့ ရေလက်ကြားပါပဲ။ အိန္ဒိယသမုဒ္ဒရာကနေ လာသမျှ သင်္ဘောတွေဟာ အဲဒီ မလက်ကာရေလက်ကြးကိုဖြတ်ပြီးမှသာလျှင်ထိုင်းအပါအဝင် တစ်ခြားအရှေ့အာရှနိုင်ငံတွေဆီကိုသွားလို့ရတာပါ။ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကိုဆက်ပေးထားတဲ့ ရေလက်ကြားပဲပေါ့။ ဒီတော့ကာ ရေလက်ကြားထိပ်ဝမှာ ဗျိုင်းစောင့်သလိုစောင့်နေတဲ့ ပွဲစားကြီးစင်ကာပူက သိပ်အလုပ်ဖြစ်သပေါ့လေ။ ဒါပေမယ့် ဒီရေလက်ကြားဟာ ထိုင်းနိုင်ငံအတွက် အားနည်းချက်ဖြစ်နေပြန်တယ်။ ထိုင်းနိုင်ငံရဲ့ဆိပ်ကမ်းတွေဟာ မလက်ကာရေလက်ကြားရဲ့ ဟိုဖက်မှာသာရှိနေတာကြောင့် အိန္ဒိယသမုဒ္ဒရာဖက် ရေပိုင်နက်ကို အကြောင်းတစ်စုံတစ်ရာကြောင့် လာချင်တဲ့ ထိုင်းရေယာဉ်တစ်စီးဟာပစိဖိတ်သမုဒ္ဒရာဖက်ကနေ တစ်ကွေ့ တစ်ပတ်ကြီးလာရမှာပါပဲ။ ခုနက မလက်ကာရေလက်ကြားကပဲဖြတ်ပြီးလာရမှာလေ။ ဒါဟာ စစ်ရေးအရ လုံခြုံမှုနဲ့ အားနည်းမှုဆတူရှိ သလိုဖြစ်နေပါတယ်။ တရုတ်အနေနဲ့လဲ ထို့အတူပဲ၊ အိန္ဒိယသမုဒ္ဒရာဖက်ခြမ်းရေပြင်မှာ တရုတ်ဆိပ်ကမ်းဆိုတာ မရှိဘူး။ မလက်ကာရေ လက်ကြားရဲ့တစ်ဖက်မှာပဲ ရှိကြတယ်လေ။

အကယ်၍များ စစ်ရေးအရ အားသာမှုသော်လည်းကောင်း၊ စီးပွားရေးအရ အားသာမှုကိုသော်လည်းကောင်း ထိုင်းနိုင်ငံက လိုအပ်ခဲ့တယ်ဆိုရင် မလက်ကာရေလက်ကြားလို တူးမြောင်းမျိုးဖောက်စရာနေရာတွေအပြည့်ရှိနေပါတယ်။ မြန်မာနိုင်ငံ ကော့သောင်မြို့နားမှာ ကပ်ဖောက်မယ်ဆိုရင်လဲ စူးအက်တူးမြောင်းလောက်သာသာပဲဖောက်ရမယ်လို့ထင်ပါတယ်။

ဒါကြောင့်ပဲ ကော့သောင်မြို့နဲ့နီးတဲ့ ထိုင်းနိုင်ငံ ရနောင်းခရိုင်အပိုင်၊ အစ္စ(သ်)မတ်(စ်)ဒေသကိုဖြတ်ပြီး တူးမြောင်းတစ်ခုဖောက်ဖို့ အစီအစဉ်ကို ၂ဝဝ၃ခုနှစ်ကတည်းကထိုင်းအစိုးရအဖွဲ့ကိုတင်ပြခဲ့ဖူးပါတယ်။ အစိုးရအဖွဲ့က အဲဒီစီမံကိန်းကို ထောက်ခံအားပေးပြီး၊ အချိန်ယူလေ့လာသုတေသနလုပ်ဖို့ မှာကြားခဲ့ပါတယ်။ တစ်ကယ်ကတော့ အဲဒီလို တူးမြောင်းဖောက်ဖို့အကြံဟာ ၁၆၇၇ ခုနှစ်တုန်းက စိုးစံခဲ့တဲ့ ထိုင်းဘုရင် ”နာရိုင်း”လက်ထက်ကတည်းက အကြံအစည်ပါ။ ၁၈၆ဝ ခုနှစ်တွေမှာလဲ ဗြိတိသျှတွေက အဲဒီအကြံအစည်ကိုပဲ ထိုင်းအစိုးရကိုတင်ပြခဲ့ဖူးပါသေးတယ်။ စီမံကိန်းအဆိုကြမ်းအရ တူးမြောင်းဟာ အရှည်ကီလိုမီတာ(၁ဝဝ)ကျော်လောက်ရှိမှာဖြစ်ပြီး၊ စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေကတော့ ထိုင်းဘတ်ငွေ ၅ဝဝဘီလျံကနေ ၈ဝဝ ဘီလျ့အထိကုန်ကျလိမ့် မယ်လို့ အဲဒီအချိန်က ခန့်မှန်းခဲ့ကြပါတယ်။

အဲဒီစီမံကိန်းသာ အကောင်အထည်ပေါ်လာရင် အရှေ့ဖက်ကို သွားမယ့်သင်္ဘောတွေဟာ မလက်ကာ ရေလက်ကြားကိုဖြတ်စရာမလို တော့ဘူးလေ။ မလက်ကာရေလက်ကြားကိုဖြတ်စရာမလိုရင် စင်ကာပူလဲ သွားပေရော့ပဲ။ ဒါပေမယ့် အာဆီယံနိုင်ငံတွေအတွက်တော့ အဲဒီတူးမြောင်းအသစ်ဟာ အကျိုးယုတ်မယ်မထင်မိပါဘူး။ ထိုင်းအတွက်လဲ စစ်ရေးအရ စစ်ရေယာဉ်တွေ ဒီဖက်ခြမ်းကိုလာဖို့ အများကြီး အချိန်သက်သာသွားဦးမှာ။ တရုပ်နိုင်ငံကိုသွားတဲ့ လောင်စာဆီ တင်သဘောင်္တွေအားလုံးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာလဲ မလက်ကာကိုပဲဖြတ် ပြီးသွားကြရတာလေ။ ဒီအတွက်ဆိုရင် တရုပ်ကြီးကလဲ ကူညီနိုင်မှာပါ။ ဒီကိစ္စမှာလဲ မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထားဟာ အရေးပါနေ ပြန်တာပဲလေ။

ဘယ်လိုပဲဖြစ်နေပါစေ အမေရိကန်က မြန်မာကို ကူညီမှုတွေကိုတော့ ကြိုဆိုကြရမှာပါပဲ။ ဒါဟာအာဆီယံဒေသတွင်း တည်ငြိမ်မှုနဲ့ တစ်ခြားအကျိုးသက်ရောက်မှုတွေကိုဖြစ်လာစေမှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးတွေကိုဝင်ရောက်စွက်ဖက်တာရယ်၊ ဒေသတွင်းမတည်ငြိမ်မှုဖြစ်ပွားစေမှုကိုရှေးရှုတဲ့ အပြုအမူတွေကိုတော့ ပြင်းပြင်းထန်ထန်ကိုကန့်ကွက်ကြမှာပါပဲ။ အရှေ့တောင်အာရှနဲ့ပတ် သက်လို့ တရုတ်နိုင်ငံရဲ့အရေးပါအရာရောက်မှုကို အမေရိကန်ကလဲသိပြီးသားပါလေ။

Ref:

1/ China wary of US-Myanmar ‘detente’(http://www.atimes.com/atimes/China/KD17Ad01.html)

2/ Swing Region (http://www.fpif.org/fpifzines/wb/6511)

3/ Geo-Strategic Chessboard Pushing India Towards War With China (http://www.marketoracle.co.uk/Article14327.html)

4/ ASEAN’s growing maritime capability(http://www.upiasia.com/Economics/2009/10/22/aseans_growing_maritime_capability/7508/)

5/ Thai canal plan to save millions(http://www.theage.com.au/news/World/Thai-canal-plan-to-save-millions/2005/03/28/1111862317996.html)

6/https://www.btunnel.com/index.php/1010110A/0f8f905b97ec9a79f3c4911a8e6f5f5d44e85061e37b6ce5446585b8076dd97e6e06f47a0dccc94382ad46586a062c9ff3bf0b0f18552

7/ စာရေးသူ၏ မှတ်စုများ

မှတ်ချက်။ ။ Popular News Journal အမှတ်(၃၉)၊ အတွဲ(၁) တွင် ပုံနှိပ်ဖေါ်ပြပြီး။

နိုင်ငံတစ်နိုင်ငံရဲ့ အင်အားနဲ့ ရင်းနှီးမြှုပ်နှံမှု၊ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ချမှုတွေနဲ့ ပထဝီဝင်ဆိုင်ရာနယ်ပယ် အခြေအနေတို့ဆက်သွယ်နေမှုဟာ အဲဒီနိုင်ငံ(သို့)နယ်ပယ်ရဲ့ ပထဝီနိုင်ငံရေးပါပဲ။ အထူးသဖြင့်တော့ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ သဘောထားတွေ၊ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှုတွေဟာ အဲဒီနိုင်ငံရဲ့ ပထဝီနိုင်ငံရေးကိုအခြေခံပြီးပေါ်ပေါက်လာကြ၊ ပြောင်းလဲလာကြတာ ပါပဲ။ ပထဝီနိုင်ငံရေးကစားပွဲတွေအရတော့ တောင်အာရှဒေသတွေဟာမတည်ငြိမ်တဲ့ ဒေသတွေဖြစ်နေပါတယ်။ ကမ္ဘာ့ပထဝီနိုင်ငံရေးရဲ့အဓိက နှလုံးသည်းပွတ်နေရာတွေဖြစ်သလို လူဦးရေသိပ်သည်းတဲ့ကမ်းခြေဒေသတွေလည်း ဖြစ်နေပြန်ပါတယ်။ ဒီမြေပုံကို ကြည့်ခြင်းအားဖြင့် အိန္ဒိယသမုဒ္ဒရာထဲက အားပြိုင်ပွဲတွေကို တွေ့နိုင်ပါတယ်။
တောင်အာရှဒေသနယ်ပယ်တွေမှာ ဦးတဲ့သူကတော့ ဦးသလို အကွက်တွေရွှေ့ နေရာတွေဦးထားပြီးနေတာကို ဒီမြေပုံအရ သိနိုင်ပါတယ်။
မြန်မာနိုင်ငံကိုဖြတ်သန်း၍တရုတ်နိုင်ငံ ကူမင်းမြို့အထိ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းမှာလည်း ပထဝီနိုင်ငံရေးတန်ဖိုးကို ပြောင်းလဲ စေပြန်သည်။
၁၉၅၉ ခုနှစ်ကတည်းက ကုလသမဂ္ဂက အကြံပေးလမ်းညွှန်ခဲ့သော အာရှအဝေးပြေးလမ်းမကွန်ရက်ကြီးဖောက်လုပ်ရေးစီမံကိန်းမှာလည်း အာရှနိုင်ငံများ၏ ပထဝီနိုင်ငံရေးအပေါ် အကျိုးသက် ရောက်မှုများစွာဖြစ်ထွန်းလာစေလိမ့်မည်ဖြစ်ပြီး၊ ၂ဝဝ၈ ခုနှစ်ရောက်သည်တွင် ကွန်ရက်တွင်ပါဝင်လိုသောနိုင်ငံပေါင်း ၃၂ နိုင်ငံက သဘောတူလက်မှတ်များရေးထိုးပြီးခဲ့ကြလေပြီ။ ပုံတွင်ပြထားသည့် AH အမှတ်အသားများမှာ မြန်မာနိုင်ငံအတွင်းတွင် ဖြတ်သန်းသွားမည့် အာရှအဝေးပြေး လမ်းများပင်ဖြစ်လေတော့သည်။
ကချင်ပြည်နယ် ဗန်းမော်မြို့အနီးမှသည် တရုတ်နိုင်ငံတွင်းအထိပေါက်သော ကမ္ဘာကျော် လီဒိုလမ်းမကြီးကို ပြန်လည်ပြုပြင်ဖောက်လုပ်မည့်အစီအစဉ်မှာလည်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပထဝီနိုင်ငံရေးလေ့လာသူများအတွက် အာရုံစိုက်စရာ အချက်တစ်ချက်ပင်ဖြစ်လေ၏။
မလက်ကာရေလက်ကြားမှ ဖြတ်သွားမည့်အစား ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ ကရာ အစ္စ(သ်)မတ်(စ်)ဒေသကိုဖြတ်၍ တူးမြောင်းဖောက်လုပ်မည်ဆိုပါက အားလုံးအဆင်ပြေသက်သာစွာသွားလာနိုင်ပေမည်။ ယင်းအဆိုကို ၂ဝဝ၃ ခုနှစ်ခန့်ကတည်းက ထိုင်းအစိုးရထံတင်သွင်းခဲ့ကြဖူး၏။ တူးမြောင်းအရှည်မှာ ကီလိုမီတာ(၁၃ဝ)ခန့်ရှိမည်ဖြစ်ပြီး၊ ထိုင်းဘတ်ငွေဘီလျံ ၅ဝဝ မှ ၈ဝဝ ဘီလျံခန့်ကုန်ကျလိမ့်မည်ဟု ခန့်မှန်းကြပါသည်။
၂ဝဝ၆ ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ထိုင်းတူးမြောင်းအဖွဲ့အစည်း၏ အမှတ်တံဆိ
Reply all
Reply to author
Forward
0 new messages