ဝုန်းဒိုင်းကျဲဒီဘ၀ထဲ တစ်ခါတစ်လေလည်းမှားနေမယ်။ ငါဟာလည်းလူပါပဲ။ အမှားအယွင်းမကင်းနိုင်။ အရူံးကတလှည့် အနိုင်တလှည့်။ လှောင်ပြောင်ငိုရမြဲ့ပုံးနေမယ်။ ငါဟာလည်းလူပါပဲ။အမှားအယွင်းမကင်းနိုင်…………………………..
၂၂နှစ်သားပြည့်နေပြီဖြစ်သောကျွန်တော်သည် ယခုအချိန်တွင်မိမိ၏အမြင်အယူအဆ၊ မိမိ၏ ရပ်တည်ချက်အတွက် နောင်တရစရာဘာကိစ္စမှမရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် မိမိမြင်သောအမြင်အပေါ်တွင် မိမိကိုယ်တိုင်တာဝန်ယူရဲလာသောကြောင့်ဖြစ်သည်။ လောကကြီးတွင်မည်သူမျှအမြင်ချင်းမတူညီကြပေ။ လူတိုင်းသည် ကိုယ့်အမြင်ကိုယ့်အယူအဆသာအမှန်ဖြစ်သည်ဟုသာသတ်မှတ်နေကြသည်။ သို့သော်တစ်ချို့လူများတွင်မိမိ၏အမြင်ကိုပင် ပွင့်လင်းစွာမဖော်ထုတ်ကြ။ မည်သည့်အချိန်တွင်ဖြစ်နိုင်သနည်းဟုပြောရလျှင် မိမိတို့ခင်မင်သောသူများ စိတ်ကသိကအောက်ဖြစ်စေမည့်အမြင်များဆိုလျှင် ထိုသူများရှေ့တွင်ဖွင့်ဟဖော်ပြရန်ခက်ခဲနေကြသည်။ မည်သို့ပင်ဆိုစေ ထိုအပြုအမူမှာ မူမမှန်သောအပြုအမူတွင်မပါပါ။ လူတိုင်းသည် အရာကိစ္စတော်တော်များများတွင်ဂါဝရတရားကိုလက်ကိုင်ထားတတ်ကြသော သူများဖြစ်သည်။ လူအားလုံးရှေ့တွင် ကျွန်တော့အယူအဆ၊အမြင်များကို ချပြရန်လက်တွန့်နေမည်မဟုတ်။ အရာအားလုံးက ကျွန်တော်တို့ဖြစ်စေချင်သလိုမဖြစ်ပါဟုကျွန်တော်တို့ထင်မြင်ခဲ့ကြသည်။ အဲဒီစိတ်သည် လက်ယာဘက်စိတ်ဓါတ်ဖြစ်သော အဖျက်စိတ်ကနိုးဆော်နေခြင်းဖြစ်သည်ဟုဆိုသည်။ ကျွန်တော်တို့တကယ့်ကိုအားနည်းနေသောအချက်မှာ မိမိ၏အတွင်းစိတ်တွင်ဖြစ်ပေါ်လာသော ဆန္ဒကိုတစ်ခါတစ်ခါထိန်းချုပ်ဖို့ကြိုးစားရင်း ဆန့်ကျင်ဘက် အတွေးအမြင်များဆီသို့ စိတ်များကူးပြောင်းသွားတတ်ခြင်းဖြစ်ပါသည်။ထိုဆန့်ကျင်ဘက်အတွေးအမြင်ဆီသို့မရောက်အောင်လိုအင်ဆန္ဒကိုထိန်းချုပ်တတ်ဖို့လိုအပ်သည်။ လူတွင် လိုအင်ဆန္ဒနှင့် စိတ်ကူးစိတ်သန်းများဟူ၍အဓိက ပဋိပက္ခဖြစ်နေသည့် အရာနှစ်ခုရှိသည်။ ဧကွေမေလ် ၏အလိုအရ လိုအင်ဆန္ဒ(will) ကို စိတ်ကူးစိတ်သန်း များကအမြဲပင်အနိုင်ရရှိသည်ဟုဆိုသည်။ ကျွန်တော်တို့ကျင့်ကြံရမည့်ပုံစံမှာ လိုအင်ဆန္ဒနှင့် စိတ်ကူးစိတ်သန်း အရာနှစ်ခုအား balance ညီအောင်လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့လေ့ကျင့်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ autosuggestion နည်းလမ်းကိုအသုံးပြုခြင်းသည်အကောင်းဆုံးဖြစ်သည်။ relaxation နည်းလမ်းသည်လည်း လက်တွေ့အသုံးချသင့်သည်ဟုဆိုသည်။ အဓိကတော့ဖြင့် stress management ကိုလိုအပ်သလိုအသုံးချနိုင်ခဲ့လျှင် relaxation နည်းလမ်းကို နည်းမှန်လမ်းမှန် အသုံးချနိုင်ပြီဟု ဆိုရမှာဖြစ်ပါသည်။ လူများ၏အောင်မြင်မူကို တားဆီးနေသော စိတ်ပိုင်းဆိုင်ရာ အကြောင်းအချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
၁။ မိမိကိုယ်ကိုအပြစ်ပေးတတ်သော မိမိ၏အတွင်းစိတ်သဘာဝ။
၂။ သူတပါးကိုအလွယ်တကူအပြစ်လွှဲချတတ်ခြင်း။
၃။ လိမ်လည်ပြောဆိုခြင်းနှင့် ကတိမတည်ခြင်း။
၎။ အတင်းပြောတတ်ခြင်း။
၅။ ဒေါသကိုမချုပ်တီးနိုင်ခြင်း။
၆။ မိမိကိုယ်ကိုယုံကြည်မူနည်းပါးခြင်း၊ မိမိကိုယ်ကိုလေးစားမူမရှိခြင်း။
၇။ သူတပါးကိုအထင်အမြင်သေးခြင်း။
၈။ အကောင်းမြင်စိတ်နည်းပါးခြင်း။
၉။ မနာလိုဝန်တိုခြင်း။
တို့ဖြစ်သည်။
ကျွန်တော်တို့လက်ရှိရပ်တည်နေရသော လောကကြီး၏နေရာတွင် ကျွန်တော်တို့တာဝန်ကဘာများပါလဲ။ ကျွန်တော်တို့ ကျွန်တော်တို့လောကကြီးအတွက် ဘာများလုပ်ပေးနိုင်မည်လဲ။ ကျွန်တော်တို့ဘာအတွက် အသက်ရှင်ရပ်တည်နေကြတာလဲ။ ကျွန်တော်သဘောမတူချင်ဆုံး ဒဿနတစ်ခုရှိသည်။ ဘယ်ပညာရှင်မှ ပြောထားတာမဟုတ်။ ကျွန်တော်နဲ့အရင်နီုးဆုံးလူတစ်ယောက်က ပြောဖူးတာပါ။ ထမင်းစားဖို့အလုပ်လုပ်ရတယ်။ အ၀တ်အထည်ရဖို့အလုပ်လုပ်ရတယ်။ ကောင်းကောင်းနေဖို့အလုပ်လုပ်ရတယ်။ ကောင်းကောင်းသုံးဖို့အလုပ်လုပ်ရတယ်တဲ့။ အဲဒီလိုဆိုကျွန်တော်တို့လုပ်ဆောင်နေတဲ့အလုပ်တွေက ဒီရည်ရွယ်ချက်လေးတွေအတွက်ပဲလုပ်နေကြတာလား။ အဲလိုဆိုရင် ကျွန်တော်တို့ အသက်ရှင်သန်နေရတာ ဘယ်အဓိပ္ပာယ် ရှိတော့မလဲ။ ကျွန်တော့အမြင် ကျွန်တော်တို့အလုပ်လုပ်တယ်ဆိုတာ အဲဒီရည်ရွယ်ချက်တွေထက် ပိုတဲ့ရည်ရွယ်ချက်တစ်ခုရှိသင့်တယ်လို့ထင်တယ်။ ကျွန်တော်တို့သာ ခုနကရည်ရွယ်ချက်လေးတွေအတွက်ပဲ အလုပ်လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့လူ့အဖွဲ့အစည်း အခုလောက်တောင်တိုးတက်ဖွံဖြိုးလာမှာမဟုတ်ဘူး။ ဘယ်သူမှသဘောမတူရင်နေ ကျွန်တော်ကတော့ အဲလိုမှတ်ထင်တယ်ဗျ။ လောကကြီးကို တိုက်ပွဲလို့မှတ်ထင်ခြင်းထက် ကျွန်တော်ကတော့ ဂိမ်းကစားပွဲတစ်ခုလို့ပဲသတ်မှတ်တယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲဆိုတာ သေခြင်းကိုဖိတ်ခေါ်ထားတာဗျ။ လူသေပြီဆိုပြန်ထလို့မှမရတာ။ အဲဒီအယူအဆက အပျက်သဘောဆောင်နေတယ်ဗျ။ ဂိမ်းကစားပွဲကျတော့အဲလိုမဟုတ်ဘူး။ ကျွန်တော်ရူံးနိမ့်သွားလည်း ကျွန်တော့မှာ နောက်တကြိမ်ယှဉ်ပြိုင်ခွင့်ရှိတယ်ဗျ။ ကျွန်တော့အရူံးအတွက်ကျွန်တော်သင်ခန်းစာယူလို့ရတယ်။ ကျွန်တော်ထပ်ပြီးယုဉ်ပြိုင်မယ့် ဘ၀ကစားပွဲကြီးကို ကျွန်တော်အဲဒီ့အရူံးထဲက သင်ခန်းစာတွေကိုအသုံးချပြီးကျွန်တော်နိုင်အောင်ယှဉ်ပြိုင်လို့ရတယ်ဗျ။ ဒါကြောင့်ကျွန်တော်ကတော့ ကျွန်တော်တို့လောကကြီးကို ဂိမ်းကစားပွဲလို့ပဲမှတ်ယူတယ်။ ကျွန်တော်တို့တခါလဲကျရင် နှစ်ခါပြန်ထနိုင်ဖို့ခွန်အားတွေကျန်ခဲ့မယ်လို့ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကျွန်တော်ကိုလဲကျအောင်လုပ်မယ့်လူတွေအားလုံးကို ကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဘယ်နှစ်ကြိမ်လဲကျမလဲ။ လဲကျလိုက်စမ်းပါ။ အကြိမ်များလာရင် ကျွန်တော် ပြန်ပြီးထနိုင်တဲ့ခွန်အားကပိုပြီးကြီးလာလေလေပဲ။ ကျွန်တော်အခက်အခဲအတားအဆီးဒဏ်တွေကို များများတွေ့ကြုံချင်တယ်ဗျ။ ကျွန်တော့ကိုရူးတယ်လို့ပြောပြော။ ကြိုက်သလိုသာပြော။ ကိစ္စတော့သိပ်မရှိ။ အပြုသဘောဆောင်သောစိတ်ထားကို ထားရှိဖို့ခက်သလောက် အပျက်သဘောရှိတဲ့ စိတ်က တကယ်ကိုမြန်မြန်ဆန်ဆန် ကျွန်တော်တို့စိတ်တွင်းက မွေးဖွားပေးတယ်ဗျ။ အဲဒီစိတ်ထားကြောင့်ကို ကျွန်တော်တို့တိုးတက်သင့်သလောက်မတိုးတက်ခဲ့တာပဲ။ ကျွန်တော်တို့လောကကြီးကိုက စွန့်စားရဲရတဲ့လောကကြီးပါဗျာ။ ကိုယ့်လက်အောက်ကလူတစ်ယောက်ကို တာဝန်လွှဲပေးရတာလည်း စွန့်စားရတာပဲ။ မိမိမလုပ်ဖူးတဲ့အလုပ်လုပ်တယ်ဆိုတာလည်း စွန့်စားရတာပဲ။ အလုပ်ကိုအောင်မြင်အောင်လုပ်ဖို့ဆိုလည်း စွန့်စားရတာပဲ။ လုပ်ငန်းတစ်ခုထောင်မယ်ဆိုလည်း စွန့်စားရတာပဲ။ ရည်စားစကားပြောမယ်ဆိုရင်လည်း စွန့်စားရတာပဲ။ အိမ်ထောင်ပြုတယ်ဆိုတာလည်း စွန့်စားရတာပဲ။ ကလေးယူသားမွေးဆိုတာလည်းစွန့်စားရတာပဲ။ ဘာလုပ်လုပ်ကျွန်တော်တို့စွန့်စားနေကြရသည်။ အရဲစွန့်နေကြရသည်။ ထိုစွန့်စားရဲသောစိတ်ကိုဖျက်ဆီးသောအရာမှာ ကျွန်တော်တို့၏ကြောက်စိတ်များဖြစ်သည်။ ထိုကြောက်စိတ်သည် ကျွန်တော်တို့ လုပ်နိုင်သောကိစ္စများကို ကျွန်တော်တို့မလုပ်နိုင်ပါဟု ထင်မှတ်စေသည်။ ထိုကြောင့် စွန့်စားရမည့်လောကတွင် ကျွန်တော်တို့ရဲ့ကြောက်စိတ်ကိုနိုပ်ကွပ်နိုင်ဖို့ကြိုးစားရမည်။ သို့သော် မကောင်းသောအမူကိုပြုလုပ်ရမည်ကိုတော့ ကြောက်ရွံရမည်။ ရွံရှာရမည်။ နစ်ရှေးကပြောဖူးတယ်ဗျ။ ဘ၀ဆိုတာ အခက်အခဲတွေချည်းပြည့်နှက်နေတယ်။ အဲဒါကိုရှောင်နေဖို့မဟုတ်ဘူး။ ရင်ဆိုင်ရမှာတဲ့။ သူက တောင်တက်တဲ့လူတစ်ယောက်နဲ့ဥပမာပေးတယ်။ မြင့်မားတဲ့တောင်တစ်ခုပေါ်တက်နေရတဲ့လူတစ်ယောက်မှာ တောင်ပေါ်တက်နေစဉ်သူ့အတွက်အခက်အခဲတွေအများကြီးတွေ့ခဲ့မှာပေါ့။ သူ့အသက်အန္တရာယ်ကိုတောင် ချိန်းခြောက်တဲ့ အခက်အခဲတွေလည်းတွေ့ခဲ့မှာပေါ့။ ဒါပေမယ့် သူတောင်ထိပ်ကိုလည်းရောက်ရော သူတွေ့ခဲ့တဲ့အခက်အခဲတွေထက် တောင်ထိပ်မှာ သူရူရိုက်လိုက်ရတဲ့ လေကောင်းလေသန့်တွေရယ်။ ပြီးတော့ တောင်ထိပ်ပေါ်ကနေမြင်ရတဲ့ မြင်ကွင်းရူခင်းတွေရယ်။ ပြီးတော့ သူဒီတောင်ပေါ်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီဆိုတဲ့ အောင်မြင်မူပီတိရယ်။ အားပါး။ ဘယ်လောက် ကိုယ့်ကိုယ်ကို သူဂုဏ်ယူလိုက်မလဲ။ ကျွန်တော်တို့ဘ၀တွေလည်းအဲလိုပဲ။ ကျွန်တော်တို့အားလုံးတောင်ပေါ်တက်နေကြသည်။ မိမိမျှော်မှန်းထားတဲ့တောင်ထိပ်ကို ရောက်ဖို့အတွက် တက်ရောက်ကြတဲ့နည်းစနစ်ပဲကွာချင်ကွာမယ်။ ကျွန်တော်တို့အားလုံး တောင်ပေါ်တက်နေကြသည်…………………………….