သူငယ်ချင်း ရေ………………
ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကကိစ္စတွေက မနေ့တစ်နေ့ကလိုပဲနော်။ ငါတို့တွေ မျက်စိတမှိတ်အတွင်းမှာပဲ ဒီလိုအသက်အရွယ်တွေရောက်လာတာ ငါတော့ဖြင့်တကယ်ကိုအချိန်ရဲ့မြန်ဆန်မူကို သတိထားမိတယ်။ ငါတို့မူလတန်းအဆင့်လောက်ကဆိုရင် အလယ်တန်းအဆင့်မှာကျောင်းတက်နေကြတဲ့ အစ်ကိုကြီးတွေကိုအားကျမိခဲ့တယ်လေ။ အဲလိုနဲ့အလယ်တန်းလည်း ရောက်ရော ငါတို့ကို အထက်တန်းအဆင့်မှာပညာသင်နေတဲ့သူတွေကို ထပ်မံအားကျမိပါရောလား။ အဲလိုနဲ့အထက်တန်းလည်းရောက်ရော တက္ကသိုလ်တက်နေကြတဲ့အစ်ကိုတွေကိုထပ်မံအားကျရပါရောလား။ အခုအချိန်မှာငါတို့တွေကိုယ်ဆီ အားကျခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို လွန်မြောက်လာကြပြီ။ အဲဒီအချိန်ရောက်လာတော့ငါတို့အတွက် အလုပ်အကိုင်ဆိုတဲ့ပြဿနာကစတော့တာပါပဲ။ ငါလုပ်ချင်တဲ့အလုပ်က ကိုယ်နယ်ပယ်နဲ့သက်ဆိုင်တဲ့အလုပ်ဌာနတွေမှာ နေရာကောင်းကောင်း လစာကောင်းကောင်းရရှိလိုတယ်လေ။ အဲဒီလိုစဉ်းစားမိချိန် ကိုယ့်အရည်အချင်းကိုပြန်ပြီးလက်သပ်ကြည့်လိုက်မိတယ်။ ပြီးတော့ ကိုယ့်ထက်တော်တဲ့သူတွေကိုလည်း မျှော်မှန်းကြည့်မိတယ်။ ငါသူတို့ကိုထပ်အားကျပြန်ပြီလေ။ သူတိုခမျာလက်ဖျားမှာငွေသီးနေကြတာလေ ငါတော့ဖြင့်အရမ်းအားကျမိတယ်။ သူတို့တွေကားအကောင်းစားတွေစီး၊ တိုက်ကောင်းကောင်းနဲ့နေ၊ ငွေကိုရေလိုသုံးပြီး ပျော်ရွှင်နေလိုက်ကြတာလေ။ ငါအဲဒါတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုမကျေမနပ်ဖြစ်လာတယ်။ ငါ့အရည်အချင်းကသူတို့လိုနေနိုင်အောင်စွမ်းပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုမယုံမကြည်ဖြစ်လာသည်။ စိတ်ဆင်းရဲလာသည်။ သို့လော မိမိဖြစ်နေသောစိတ်အခြေအနေကို ပြန်သုံးသပ်မိတော့ ငါဖို့ဆိုတဲ့စိတ်ကြီးဝင်နေတာကိုး။ ငါ့အတွက်၊ ငါ့ဟာ၊ ငါ့အပိုင် ဆိုပြီး ရုပ်ဝတ္တုပစ္စည်းတွေအပေါ် ငါတက်မက်မိလာတာကိုး။ သြော်စိတ်ရယ်ဖြင့်မနိုင်၊ နိုင်အောင်ကွယ်ဘယ်လိုချုပ်ရမယ်၊ ဖေးကူလှည့်ဦး ဟူ၍သာ မိမိမတောက်တခေါက်စပ်ထားသော ကဗျာကိုအော်ဆိုမိလိုက်သည်။ သူငယ်ချင်းရယ်။ လူဆိုတာမျိုးကလောဘ၊ဒေါသ၊မောဟတွေနဲ့ လောကကိုအလှချယ်နေကြတာလေ။ အဲ…အဲဒါတွေအရမ်းကြီးအစွန်းရောက်သွားရင်တော့ လောကကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တော့တာပဲ။ အခုအချိန်မှာငါတို့သတ်မှတ်ထားတဲ့ ဒုတိယဘုရားသခင်ကိုမှတ်မိလားသူငယ်ချင်း။ ပိုက်ဆံပေါ့။ ဟုတ်ပါတယ်ပိုက်ဆံ။ ပိုက်ဆံနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းသီချင်းလေးတပုဒ်ကိုသွားပြီးသတိရမိတယ်။ ‘ဂုဏ် ဂုဏ် ဂုဏ် ဂုဏ်ဆိုတာငွေကိုခေါ်တယ်’။ ငွေဆိုတာတကယ်ပဲဂုဏ်တစ်ခုလားသူငယ်ချင်း။ ငွေဆိုတာဂုဏ်တဲ့။ ဒီအပေါ်မှာငါထားတဲ့သဘောထားကိုတော့ ငါမပြောတော့ဘူးကွာ။ သူငယ်ချင်း။ အခုတစ်လောငါစာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်လေးက ငွေအကြောင်းကိုအဓိကစဉ်းစားစရာလေးတွေပေးထားတာကွ။ အဲဒီစာအုပ်လေးထဲက အကြောင်းအရာတစ်ချို့ကိုငါပြောပြချင်တယ်ကွာ။ ငါလည်းအဲဒီစာအုပ်ကိုဖတ်ပြီး ငွေအကြောင်းကို တွေးမိတယ်လေ။ ပိုက်ဆံဟာလည်းဖေါင်ဥပမာလိုပါပဲ။ သိမ်းပိုက်ဖို့မဟုတ်။ ကူးမြောက်ဖို့ပါ။ ငွေဆိုတာ ဓါတ်ကူပစ္စည်းပါတဲ့။ ကောင်းလိုက်တဲ့ဥပမာလေးပါ။ ငါတို့လူတွေဟာ ဟိုးကျောက်ခေတ်ကတည်းက ကျောက်တုံးများကိုထွင်းထုပြီး ငွေအဖြစ်တီထွင်အသုံးပြုလာခဲ့ရာကနေ သယ်ဆောင်ရလွယ်ကူသော ငွေစက္ကူများသုံးစွဲသည့်ခေတ်ပင်ရောက်ရှိလာခဲ့ပြီလေ။ ငါတို့တွေဘာလို့များဒီစက္ကူရွက်တွေကိုတက်မက်ရပါသလဲ။ ရှင်းပါသည်။ ထိုစက္ကူရွက်များသည် ငါတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်စွမ်းပေးနေနိုင်တာကြောင့်လေ။ တစ်ခါတစ်ရံစိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုအတော်အတန်ဖြည့်ဆည်းပေးတယ်လေ။ သူငယ်ချင်းငါတို့ တစ်ခုလောက်တွေးကြည့်ရအောင်။ ငါတို့အရမ်းတန်ဖိုးထားတဲ့၊ ဒုတိယဘုရားသခင်လို့သတ်မှတ်ထားတဲ့ အဲဒီငွေတွေနဲ့အတူ ဘာမှမရှိပဲ သစ်တောတွေနဲ့ဖုံးလွှမ်းနေတဲ့ လူသူမရှိ ကျွန်းကြီးတစ်ခုပေါ်မှာငါတို့ရောက်နေပြီလို့သဘောထားလိုက်ကြရအောင်။ အဲဒီငွေတွေက အဲဒီအချိန်လိုအပ်တဲ့ ငါတို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မလားသူငယ်ချင်း။ အဲဒီငွေစက္ကူတွေက အဲဒီအချိန်မှာ ငါတို့အတွက်စက္ကူတစ်ရွက်ထက်ပိုပြီးတန်ဖိုးမရှိတော့ပါဘူး။ အဲဒီအချိန်မှာတကယ်တန်ဖိုးရှိနေတာက ငါတို့ပဲလေ သူငယ်ချင်း။ ငါတို့သာအဲဒီအချိန်မှာငါတို့လိုအပ်ချက်ကို ငါတို့အသိဥာဏ်နဲ့ တည်မှီပြီးဖြည့်ဆည်းကြရမှာမဟုတ်ဘူးလားသူငယ်ချင်း။ အဲဒါကြောင့်ငါကတော့ ဒီလိုအမြင်ရှိတယ်သူငယ်ချင်း။ ငွေကိုဒုတိယဘုရားသခင်အဆိုထက် ငါတို့လူသားတွေသာ ဒုတိယဘုရားသခင်ဆိုတဲ့အဆိုကိုငါပြုချင်တယ် သူငယ်ချင်း။ ငွေဟာသိမ်းပိုက်ဖို့မဟုတ်ဘူး။ ဓါတ်ကူပစ္စည်းတစ်ခုသာဆိုတဲ့အမြင်ကိုငါလက်ခံတယ်သူငယ်ချင်း။ ငါတို့ ရှေးလူကြီးတွေတော်တော်များများဟာ အလုပ်နဲ့ငွေကို ပူးတွဲပြီးမြင်တတ်အောင်ငါတို့ကို ငယ်စဉ်ကတည်းက သင်ကြားပေးကြတယ်။ ဒါပေမယ့် ပညာရှိသူများကတော့ဖြင့် ပညာနှင့်အလုပ်ကို တွဲမြင်အောင်သင်ကြားပေးတယ်လေ။ ပညာရွှေအိုး လူမခိုးဆိုတဲ့စကားပုံတောင်ရှိသေးတာပဲ သူငယ်ချင်း။ ငါတို့တွေဘ၀မှာ ငွေဆိုတဲ့အရာနဲ့သေတဲ့အထိ ထိတွေ့နေရဦးမှာပဲ။ ငွေကတော့ ငါတို့လိုအပ်နေဦးမှာပဲ။ ဒါပေမယ့် ငါတို့တွေ ငွေကို သိမ်းပိုက်ဖို့ဆိုတဲ့သဘောထားထက် ဓါတ်ကူပစ္စည်းတစ်ခုဆိုတဲ့ဘောထားကိုမြင်ပြီး အဲဒီငွေနဲ့ ကိုယ့်အရင်းအမြစ်ကိုအကောင်းဆုံးဖြည့်စွမ်းပြီး ငါတို့လူ့အဖွဲ့အစည်း၊ ပြီးတော့ ငါတို့ကမ္ဘာရဲ့ လူ့အဖွဲ့အစည်း တွေရဲ့အကျိုးကို သယ်ပိုးရင်း အဲဒီစက္ကူလေးများကို ဖောင်လေးတစ်ခုဖန်တီးကာ ငါတို့မျှော်မှန်းထားတဲ့ သာယာချမ်းမြေ့သော လူ့အဖွဲ့အစည်းလေးဆီကို အရောက်လှော်ခတ်ကြစို့လားကွာ။
ထာဝရသူငယ်ချင်း
အောင်အောင်(EO)
အပြော၊အရေး၊အတွေးထက် အလုပ်ခက်ပါသည်။