13-11-11 အဝေးပြေး လမ်းမထက်မှာ...။

5 views
Skip to first unread message

Mr.Kyaw Zay Ya

unread,
Nov 18, 2011, 10:07:11 PM11/18/11
to eco...@googlegroups.com

13-11-11 မနက်လင်းအားကြီးအချိန်မှာ မြင်စိုင်းရွာအနီး ဖြစ်ပွားခဲ့တဲ့ နယူးမန္တလာထွန်း (Express) ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်မှာ နောက်ဆက်တွဲ ကိစ္စတွေ ပြောစရာတွေ ရှိလာပါတယ်။

မနေ့ညက ရန်ကုန်က ထွက်သွားတဲ့ ရန်ကုန် -မန္တလေးအသွား နယူးမန္တလာထွန်း ခရီးသည်တင်ကားဟာ နံနက် ၅နာရီဝန်းကျင်ခန့်အချိန်မှာ ကျောက်ဆည်နဲ့တံတားဦးကြားက မြင်းစိုင်းရွာအနီးမှာ တိမ်းမှောက် လူ ၉ ဦး သေဆုံးပြီး လူ ၃၀ ၀န်းကျင်ခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ယခု တံတားဦး ဆေးရုံမှာ အရေးပေါ်လူနာများအခြေအနေနဲ့ ခရီးသည်များ ရောက်နေကြောင်း သိရပါတယ်။

ခုချိန်ထိ နံနက် ၁၁ နာရီအချိန်ထိ နယူးမန္တလေထွန်းယာဉ်လိုင်းမှ တာဝန်ရှိသူများမှာ ကားတိမ်းမှောက်ခြင်းကြောင့် ခရီးသည်များ သေဆုံး၊ထိခိုက်ဒဏ်ရာ ရရှိခြင်းနဲ့ပတ်သက်ပြီး လာရောက်ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် သေဆုံးသူများရဲ့ မိသားစုဝင်များနဲ့ ဒဏ်ရာရ ခရီးသည်များ ပြောဆိုနေကြပါတယ်။

 

လမ်း၏ အနေအထားများ … ။

-------------------------------

ပထမကတော့ လမ်းကြောင်းပါပဲ..။ ဖြစ်စဉ်တစ်ခု ဖြစ်ပွားလိုက်တိုင်း ယာဉ်မောင်းက နံပါတ်တစ် တပ်ခံရတော့ တာပါပဲ။

ခုယာဉ်မောင်း အကြောင်းမပြောခင် လမ်းတွေ ပြောကြည့်ကြတာပေါ့။ ပညာရှင်တွေ ဆိုရင် ဘယ်လို ပြောကြမလဲ ကျွန်တော်မသိဘူး၊ အရပ်သား အတွေးနဲ့ပြောကြည့်တာပါ။ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းသစ်ကြီးမှာ ကွန်ကရစ်လမ်းဖြစ်နေပြီး ကတ္တရာ လွှာပိုး မထားသည့် အတွက် တာယာအလွန် စားပါတယ်။ တော်သင့်တာယာနဲ့မောင်းလာရင် ပွင့်ထွက်သွားမှာပါ။ အဲတော့ တာဝန်ရှိသူတွေက အမှန်စကား ပြောပါတယ်.. တာယာအသစ်၊ တာယာကောင်းတာ သုံးကြပါတဲ့..။

နောက်တစ်ခုက လမ်းကွေ့ တွေပါပဲ… မြန်မာပြည်က လမ်းတွေမှာ (ကမ္ဘာမှာပါ) အကွေ့တွေမှာ သင့်တော်တဲ့ တိမ်းစောင်းမှုကို ကာကွယ်ပေးတဲ့ လိုအပ်သလို လမ်းစောင်းတွေ တွက်ချက် ခင်းပေးထားလေ့ရှိပါတယ်။ တောင်ပေါ်လမ်းတွေက အကွေ့တွေ ကို မြင်ကြည့်ပါ။ ယခု လမ်းမကြီးကတော့ ရေပြင်ညီ အကွေ့တွေပဲ ရှိပါတယ်။ ဒါဟာ သာမန် အနေအထားကနေ တိမ်းမှောက် နိုင်တာပါပဲ။

နောက်တစ်မျိုးကတော့ ယာဉ်ဘက်တစ်ကြောကို လေးလမ်းသွား အနေအထား ခင်းပေးထားတဲ့ အခြေအနေ ကနေ ရုတ်တရက် တံတားပေါ်လာပြီး တံတားကိုတော့ နှစ်လမ်းသွား အနေအထားနဲ့ ဖြတ်စေခြင်းပါပဲ။ ဆိုချင်တာက အရှိန်နဲ့မောင်းလာတဲ့ ညာကြောကပ် ယာဉ်တစ်စီး (မောင်းနေကြ မဟုတ်ရင် ပိုဆိုးသည် / အိမ်စီးကားများ) ဟာ ရုတ်တရက် ၄လမ်းသွား အကျယ်ကနေ ၂လမ်းသွား အကျယ်သို့ ပြောင်းလဲမှု ကို မဖြေရှင်းနိုင်ပဲ တံတားမရှိတဲ့ (ခင်းမထားတဲ့) ချောင်းတွေ၊ မြောင်းတွေထဲ ထိုးကျပါတယ်။ (ဂျပန်နိုင်ငံသားတစ်ယောက် ဒီနားတစ်မျိုး ဟိုနားတစ်မျိုး ခင်းထားလိမ့်မယ်လို့ မတွေးမိတော့ အသက်ပေး သွားရတာ မှတ်မိကြမှာပါ။ တာဝန်ရှိသူတွေက မကျွမ်းကျင်ပဲ မောင်းလို့ လို့ ပြောပါတယ် ၊ အထာမသိပဲ မောင်းတယ် ပေါ့လေ..)။

ဤမျှကောင်းမွန်အောင် လုပ်ထားခဲ့ပြီးမှ လိုအပ်များ ပေါ်ထွက်နေတာကို အတွေ့အကြုံ များနှင့် ချင့်ချိန်၍ ပြုပြင်မှုများ လုပ်ပေးစေလိုပါသည်။ တိုးလ်ဂိတ် အဝင်ဝ တွင် ချိတ်ဆွဲ ထားသော ယာဉ်မောင်းများ အိပ်မငိုက်ရ ဆိုသော စာသားလေးဖြင့် ကုစား၍ ရမည် မထင်ပါ။

ယာဉ်မောင်း/ယာဉ်လိုက် များ…။

----------------------------------

ဒုတိယအချက်ကတော့ ယာဉ်မောင်းများပါပဲ..

လူစွမ်းကောင်းမဖြစ် စွန့်စားမှုလည်း မဟုတ်တဲ့ ကိစ္စတွေ ကို လွယ်လွယ်လေး လုပ်နေကြတာပါပဲ။

ပင်ပန်းနေတယ်။ ဒါကို ဇက်ကလေးချိုးလိုက် ရေလေးမျက်နှာပက်လိုက်နဲ့ လုပ်နေကြတယ်၊ အိပ်ငိုက်လာတာနဲ့ ကွမ်းလေးဝါးလိုက်မယ်၊ ပါဆယ် ယူလာတဲ့ လ္ဘက်ရည်လေး ငုံလိုက်မယ် ဆိုတာမျိုးနဲ့ မှားယွင်းတဲ့ဖြေရှင်းမှုတွေ လုပ်နေကြပါတယ်။

ဂိတ်များရဲ့ စံနုန်းပေး ဖိအားကြောင့် သတ်မှတ်ချိန် ဝင်ရေးအတွက် အရှိန်ကို မချကြတာများပါတယ်။

ယခင်လမ်းဟောင်းမှာ တာဝန်ကြီးခဲ့တဲ့ စပယ်ယာ (ယာဉ် နောက်လိုက်)တွေ ကိုလည်းပြောချင်ပါတယ်။ လမ်းဟောင်းမှာ ရှေ့က လာတဲ့ ယာဉ်တွေ၊ ရပ်ထားတဲ့ ယာဉ်တွေ နဲ့ လမ်းကြောင်းရှင်း/မရှင်း တာဝန်တွေကို ဆောင်ရွက်ခဲ့ကြပေမယ့်၊ ယခု လမ်းသစ်မှာတော့ မျက်နှာခြင်းဆိုင် ကိစ္စ မရှိတော့တာနဲ့အတူ ယခင်လိုမဟုတ်တော့ပဲ ပေါ့ဆလာကြတာပါပဲ။

အချို့ဆို ကွန်ကရစ်လမ်းပေါ် တက်ပြီး မကြာဘူး အိပ်တော့တာပါပဲ။ ယာဉ်မောင်းကို ကူညီပေးမှု လျော့ကျသွားတာ အမှန်ပါပဲ..။ ယာဉ်မောင်းအချို့က ယာဉ်နောက်လိုက်ကို ကြင်နာတာ၊ ငဲ့ညှာတာတွေနဲ့ အိပ်အိပ်လို့ ခွင့်ပြုတာ ကလည်း လွဲမှားနေပါတယ်။

နောက်ဆုံး အဆိုးဆုံးကတော့ တာဝန်ကျ ယာဉ်မောင်းမဟုတ်ပဲ မောင်းနှင်ခြင်းပါပဲ။ (ယခု ဖြစ်စဉ်မှာ အတည်မပြုနိုင်တဲ့ သတင်းကတော့ တာဝန်မှာ မပါတဲ့(မရှိတဲ့) တတိယမြောက် ယာဉ်မောင်းက တက်မောင်း တာလို့ ကြားသိရပါတယ်)။ မိတ္ထီလာ ယာဉ်ရပ်နားစခန်း နှင့် မိုင်(၅၀)ကျော် အကွာအဝေးမှာ အိပ်ငိုက်သွားတယ် ဟုဆိုတာ စဉ်းစားရမှာပါ။ Express ယာဉ်မောင်းတဲ့ အဆင့် ယာဉ်မောင်း တစ်ယောက်က (၈၀/၁၀၀) အထက် ကိုပင် နေနိုင်/မောင်းနိုင်သူတွေပါ။

အသေးလေး..ဒါပေမယ့် အရေးပါတာက…။

----------------------------------------------

နောက် အရေးပါတာက ဤကဲ့သို့ ဖြစ်စဉ်တွေဟာ အရေးပေါ် အခြေအနေတွေပါ။

လမ်းမှာရှိတဲ့ တိုးလ်ဂိတ်တွေ ကို မေတ္တာရပ်ခံလိုတာက ဝါယာလက်မီးတွေ ဖွင့်မောင်းလာတယ်၊ ဥသြသံပေးလာတဲ့ အခြေအနေတွေမှာ ကူညီသောအားဖြင့် လမ်းများ(မောင်းတံများ) ရှင်းလင်းဖွင့်ပေးထားသင့်ပါတယ်။ ဆင်ဝင်အောက်ရောက်လာမှ ပရဟိတ အသင်းကားဆိုမှ မောင်းတံတက်တဲ့ အပြင် ဘာဖြစ်တာလဲဗျ၊ ဘယ်နားလည်းဗျ၊ မေးခွန်းတွေ မေးနေတာမျိုး ဆင်ခြင်သင့်ပါတယ်။ (တစ်ခါကဆို မေးပြီးမှ အထက်လူကြီးသွားပြောပြီးမှ မောင်းတံ ဖွင့်ပေးတာ ကြုံဘူးပါတယ်)။ ယခုဖြစ်စဉ်မှာ ကူညီပေးကြတဲ့ တိုးဂိလ်တာဝန်ကျ လူငယ်တွေကိုတော့ ကျေးဇူးတင်ပါတယ်။

အတွေး ခက်ခက်…။

----------------------

ယခုဖြစ်စဉ်ကို ပြောရရင် အထက်ပါ အားနည်းချက် အချို့ကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာမှာ လူ(၉)ဦး သေဆုံးခဲ့ရပြီး ဒါဏ်ရာရသူတွေထဲမှာ စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဖြစ်စဉ် ဖြစ်ပွားရာသို့ ကယ်တင်ရန် ကူညီရန် သွားကြတဲ့ အရေးပေါ်လူနာတင်ယာဉ်တွေ အများစုဟာ မန္တလေး အခြေစိုက် ပရဟိတ အသင်းတွေချည်း ဖြစ်နေတာကို သတိထားမိပါတယ်။

အစိုးရဆိုင်ရာ ဆိုလို့ တံတားဦးမှာရှိတဲ့ ဂျပန်ကလှူတဲ့ လူနာတင်ယာဉ်(၂)ပဲလာပါတယ်။ ထိုအထဲက တစ်စီးက တင်သွားပြီး ကျန်ခဲ့တဲ့ တစ်စီးက တင်ဆောင်ခြင်း မပြုသေးပဲ နေတဲ့အတွက် စေတနာ-နာမှု ကူညီရေးအသင်း တာဝန်ရှိသူတွေက ဆီမရှိရင် ထည့်ပေးမယ်၊ မောင်းမဲ့သူမရှိရင် မောင်းပေးမယ် ဆိုတာတောင် (အသင်းများရှိချိန်အထိတော့) ပြန်လည် တုန့်ပြန်မှု မပေးခဲ့တာကိုတော့ နားမလည်ပါဘူး။ ကျွန်တော်တို့ ပရဟိတအသင်းတွေရဲ့ လူနာတင်ယာဉ်တွေ ဆိုတာ မိမိတို့ အစီအစဉ်တဲ့ ပြုလုပ်ထားတာ ဖြစ်တာကြောင့် တကယ့် အရေးပေါ်ယာဉ်တွေလို ဆေးဝါး၊ အောက်စီဂျင် ပေးတဲ့စက် နဲ့ အခြား ထောက်ကူပစ္စည်းတွေ မပြည့်စုံပါဘူး၊ ယခုလို ဂျပန်ကလှူတဲ့ နိုင်ငံတကာ စံနုန်းနဲ့ ယာဉ် ကို အားပိုကိုးပါတယ်… သို့သော်လည်း…။

တာဝန်ရှိသူများ…သို့…။

--------------------------

နောက်တစ်ခုကတော့ တာဝန်ရှိသူတွေ ထဲက ရဲတပ်ဖွဲ့ကတော့ တော်တော်များများသယ်ပြီးတဲ့ အချိန် (ရုပ်ရှင်ထဲကလိုပဲ) နောက်ကျမှရောက်လာခြင်းပါပဲ။

မန္တလေးတိုင်း ယာဉ်ထိမ်းတွေကတော့ နေ့ခင်းပိုင်းမှာ ရောက်လာ ပါတယ်။

နေ့လည် တစ်နာရီကျော်တဲ့ အချိန် အထိရောက်မလာသေးတာကတော့ နယူးမန္တလာထွန်း ဂိတ်မှတာဝန်ရှိသူ (သို့) ယာဉ်ပိုင်ရှင် မိသားစုပါပဲ ။ နေ့လည်ပိုင်းမှာပဲ ဒုတိယ-ယာဉ်မောင်းလို့ ယူဆရတဲ့ ယာဉ်မောင်းကတော့ တံတားဦးရဲစခန်းကို လာရောက် အဖမ်းခံခဲ့ပါတယ်။

ကူညီသူများ၏ အခက်အခဲ..။

-----------------------------

အကြောင်းကြားချက်ရောက်လာတာနဲ့ တာဝန်ကျတဲ့ နာမှုအသင်းအချို့က ယာဉ်မောင်း အချို့များဟာ တဆင့်တာဝန်ရှိသူတွေထံ အသိပေးရ၊ ခွင့်တောင်းရတာ ရှိပါတယ်။ အကြောင်းကတော့ ကူညီသူတွေဟာ ပရဟိတစိတ် ရှိလွန်းလို့သာ မိမိတို့ရဲ့စီးပွားရှာချိန်တွေ၊ အားလပ်ရက်တွေထဲက အားလပ်ရက်ညှိပြီး အခမဲ့ တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

သို့ပေမယ့် သာမန်ကွယ်လွန်တဲ့ လူတွေလို မဟုတ်ပဲ ဤကဲ့သို့ ဖြစ်စဉ်တွေမှာတော့ သူတို့ကူညီရမှာ ခက်ကုန်ပါတယ်။ အကြောင်းကတော့ သက်သေ ထွက်ဆိုရခြင်းပါပဲ။ ရက်ချိန်း အလီလီ ချိန်းဆိုပြီး စစ်နေတဲ့ တရားရုံးဆိုင်ရာ အမှု ဖြစ်နေလို့ပါပဲ။ ဒီလိုနောက်ဆက်တွဲတွေကြောင့် ကူညီရေးအပိုင်းကို နှောင့်နှေးစေပြီး မမောင်းချင်အောင် စိတ်ပျက်စေပါတယ်။

ငါတို့ မလိုဟု ထင်နေပြီလား…။

---------------------------------

အရေးအကြောင်းရှိရင် ပရဟိတတွေ ရှိတာပဲ ဆိုတဲ့ အနေအထားရောက်နေပြီး ပရဟိတ အသင်းက လာပို့တဲ့ လူနာကို ထိုင်စောင့်ပြီး ကုပေးမယ် ဆိုတဲ့ အနေအထား တွေကတော့ ကောင်းတဲ့ လက္ခဏာ မဟုတ်သလို မဖြစ်သင့်ပါဘူး။ (အစာ အဆိပ်သင့်စဉ်ကလည်း နောက်မှ ဆေးရုံကားနဲ့ သူနာပြု အချို့ ရောက်လာပါတယ်။ နောက်ပြီး သတ်မှတ်ခုံမှာနေတာများပြီး ဓမ္မာရုံပေါ်က အမရသုခ အခမဲ့ကုသရေး ဆေးခန်း(၂) ရှိရာ ကို မလာပါဘူး)

 

မေတ္တာရပ်ခံချက်…။

---------------------

ကျွန်တော်တို့ နိုင်ငံတော်မှာ အထက်ပိုင်း အစိုးရလူကြီးမင်းများက ပြုပြင်ပြောင်းလဲရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေပါပြီ။

အောက်ခြေဘက်ဆိုင်ရာတွေကတော့ ပြုပြင်ပြောင်းမှု ရှိသော်လည်း အလွန် နှေးကွေး နေတာကိုတော့ အားမရပါဘူး။

သို့ပါ၍ သက်ဆိုင်ရာဒေသခံ အာဏာပိုင်တွေ အနေနဲ့ မိမိတို့ နယ်မြေမှာ မိမိတို့ကို ကူညီလက်တွဲမယ့် ပြည်သူတွေ ရှိပါတယ်။ တက်ကြွစွာ ပူးပေါင်းပေးပါလို့ မေတ္တာ ရပ်ခံ လိုပါကြောင်း အများ အကျိုး အတွက် တိုက်တွန်းလိုက်ရပါတယ်။

 


သိထားသမျှ...က..။

----------------------

( ယနေ့ နယူးမန်တလာထွန်းကား၆ဂ/၃၉၈၆ ၇န်ကုန်မှ ည၉း၀၀ ထွက်ကားဖြစ်ပြီး သေဆုံ့းသူများထဲမှခုံအမှတ်၁၆(ကလေး)မလမင်းမိုမို ခုံအမှတ်၂၀ဒေါ်စန်းယုဝေ အစားထိုင်သူ ဒေါ်အေးကျော် (၎င်းမှာ မဟာမြိုင်နာမှု့ ကူညီရေးအသင်းမှအဖွဲ့ ၅ခေါင်းဆောင်ဖြစ်ပြီး နာရေးကားကို သူကိုယ်တိုင်မောင်းကူညီနေသူဟုသိရ)

ယခုအခါမဟာမြိုင်နာကူအသင်းမှဆရာတော်ကိုယ်တိုင်ကြွလာပြီးသူမောင်းပို့ ခဲ့ဘူးသောကားနှင့်ပြန်လည်တင်ဆောင်သွားသည်။

နောက်တယောက်မှာသူနင့်အတူ မဟာမြိုင်မှခရီးသွားဖေါ်-ခုံအမှတ်၂၄ထိုင်သူ မဌေးဌေး။

နောက် ခုံအမှတ်၂၇ထိုင်သူ တပ်ကြပ်ကြီးဦးစိုးဝင်း ။

သူတို့ အားလုံးယာဉ်မောင်းဘက်က ထိုင်ကြသူများ ဖြစ်သည်။

နောက်သေဆုံးသူကိုနေမျိုးထွန်း(စစ်ကိုင်းကပါ)၄င်း၏ဇနီးမနီလာဝင်းနှင့် ကလေး၂ယောက်ကအတွင်းလူနာအဖြစ် မန္တလေး ဆေးရုံသို့ ပို့ လိုက်ရပါတယ် ။

လူနာ၂၄-ဦးပို့ ဆောင်ရာမှာ တံတားဦးဆေးရုံဝင်းအတွင်းမှ အသစ်စက်စက်Ambulance ကြီးကတော့တစ်ခေါက်သွားပြီးငုတ်တုပ် ထိုင်နေတော့ပါတယ်။

ဆီထည့်ပြီး ယာဉ်ပါမောင်းပေးပါဦးမယ်ဆိုလည်း မရတဲ့အတွက်အလွန်ကို စိတ်ပျက်ဒေါသထွက်ရကြောင်း တံတားဦးစေတနာ နာ/ကူအဖွဲ့ မှတာဝန်ရှိသူမှပြောတာကိုကြားသိခဲ့ရကြောင်းပါ။..)

(အချက်အလက် လွဲချော်မှုရှိပါက ခွင့်လွတ်ပါ။ ထပ်မံ သိရပါက ပြင်ပေးပါမည်။)


ပြတိုက်မှ ကူးယူ ဖော်ပြသည်။

--

 
Reply all
Reply to author
Forward
0 new messages