အချိန်ကား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့ည မင်္ဂလာရှိသော
ညချမ်းသမယလေးပါ။ ကျွန်တော်ပါဝင်သော ဓမ္မဆွေးနွေးဝိုင်းလေးတခုရဲ့
တစိတ်တဒေသပေါ့။ လူစုံတက်စုံပါပဲ တရားဓမ္မတွေကို ဆွေးနွေးနေရင်းက
ကျွန်တော်တို့ ဆိုဒ်ထဲရှိ ဘာသာခြားတဦး မေးစရာသံသယမေးခွန်းများနှင့်အတူ
ရောက်လာရကား အားလုံးကလည်း ဝမ်းသာအားရ ဓမ္မနှင့်လျော်ညီစွာ
ပြန်လည်၍ဖြေကြားကြတာ ပီတိဖြစ်စရာကောင်းသဗျာ။ အဲဒီမင်္ဂလာညချမ်းလေး ဆုံးကာနီး၊
နောက်တစ်နေ့သို့ ခြေလှမ်းစခါနီးလေးမတော့ ခရစ်ယာန်ဘာသာဝင်အစ်ကိုကား ဓမ္မကို
ကောင်းစွာနှစ်သက်ခြင်းဖြစ်၍ ဗုဒ္ဓဘာသာဝင်အဖြစ်သို့
မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝင်ရောက်ခဲ့သော ညချမ်းသမယလေးပါ။
ကာယကံရှင်၏ခွင့်ပြုချက်ကို ရယူလျက် ထိုဆွေးနွေးချက်မှအကြောင်းအရာများကို
အားလုံးသိရန်အလို့ငှာ မျှဝေပေးလိုက်ရပါတော့သည်ခင်ဗျာ….။
ဇော်ထက်မောင်။ ။ ဆွေးနွေးကြလေဗျာ၊ နားထောင်နေပါ့မယ်ခင်ဗျာ။
Myo Aung။ ။ ဟာ တကယ့်အခွင့်ကောင်းပဲ၊ လူစုံသကိုး အားလုံးပဲ မင်္ဂလာပါဗျာ။
သိချင်တာလေးရှိလို့ ပြေးလာတာ အတော်ပဲ၊ မေးလို့များ ရနိုင်မလားခင်ဗျာ။
ကောင်းမြတ်မင်း။ ။ မေးပါခင်ဗျာ ရပါတယ်အစ်ကို။
kyaw htet။ ။ သိတဲ့လူဖြေမှာပါခင်ဗျာ။
Myo Aung။ ။ ဟုတ်ကဲ့ ဘုရားမှာ ဆရာမရှိဘူးနော် ဟုတ်ပါသလားခင်ဗျာ။
ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့သစ္စာလေးပါးတရားကိုသိတဲ့နေရာမျာဆရာမရှိပါဘူး။
Myo Aung။ ။ ဒါဆို ဒုက္ကရစရိယာ ၆ နှစ်ကျင့်ပြီးတော့ သိကြားမင်းက
ဆင်းပြီးတော့ စောင်းသံလေးနဲ့ဥပမာပေးတယ်ဆိုတာကရော အဲဒါဆို
ဆရာရှိတဲ့သဘောမသက်ရောက်နေဘူးလား အဲဒါရောဟုတ်သလားခင်ဗျာ။ မလျော့မတင်း
စောင်းကြိုးညင်းဆိုတာလေ..။ 9:23 PM
ဇော်ထက်မောင်။ ။ သြော် ဟုတ်ကဲ့ ကျွန်တော် ဖြေပေးရမလားခင်ဗျာ။
ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့ အဆင်ပြေပါတယ် ဖြေပါခင်ဗျာ။
ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ အဲဒါ လူတွေ ရောထွေးပြီးတော့ ပြောတာပါ တကယ်တမ်း သိကြားမင်းက စောင်းဥပမာနဲ့ ပေးတာ လုံးဝမဟုတ်ပါဘူးခင်ဗျာ။
Myo Aung။ ။ ဟုတ်လား ဒါဆို အဲဒါက မဟုတ်ဘူးပေါ့၊ ရှင်းပေးပါဦးဗျာ။
ချာမတ်။ ။ အဲဒါက ဆရာတော်တစ်ပါးရှင်းထားတာရှိပါတယ် သိကြားမင်းရဲ့ စောင်းဖြင့် ဥပမာပေးတယ်ဆိုတာ ကျမ်းဂန်တွေမှာမရှိဘူးတဲ့ဗျ။
ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ ဒါပေမဲ့ မြတ်စွာဘုရားက စောင်းဥပမာပေးပြီးတော့
ချွတ်ခဲ့တဲ့ ရဟန္တာမထေရ်မြတ်တစ်ပါးတော့ ရှိခဲ့တယ်ခင်ဗျာ၊ အဲဒါနဲ့
အမှတ်မှားပြောမိလို့ အဲဒီလိုဖြစ်ကုန်တာပါ။
ချာမတ်။ ။ ဟုတ်ပါတယ်အမှတ်မှားနေတာပါခင်ဗျာ။ မိတ်ဆွေရဲ့ မှတ်ထားတဲ့အရာလေးကိုသာပြင်လိုက်ပါဗျာ။
Myo Aung။ ။ အဲဒီအကြောင်းအရင်းလေးကို နည်းနည်းလေး ရှင်းပြလို့ ရနိုင်မလား ကိုဇော်ထက်ရေ။
ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ၊ ဒါပေမဲ့ လိုရင်းလောက်ကိုပဲ
ပြောမယ်နော်။ ဘုရားရှင်လက်ထက်တော်က သူဌေးတစ်ဦးအိမ်မှာ သားယောက်ျားလေး
တစ်ယောက်မွေးတယ်၊ ခန္ဓာကိုယ်က ဘယ်လောက်နူးညံ့သလဲဆိုရင် ခြေဖဝါးမှာပါ
မွေးညင်းနုပေါက်တဲ့အထိ နူးညံ့ပါတယ်။ အဲဒါကြောင့် သူ့ကို သောဏကောဠှဝိသ လို့
အမည်ပေးတယ်၊ သာသနာ့ဘောင်ထဲကို ဝင်တော့ အရှင်သောဏကောဠှဝိသလို့
ထင်ရှားတယ်ခင်ဗျာ။ လူ့ဘဝတုံးကတော့ ခြေနင်းနဲ့ အဆင်ပြေတယ် ရဟန်းဝတ်သွားတော့
ခြေနင်း မရှိဘူးလေ။
ချာမတ်။ ။ ဟုတ်ကဲ့ခင်ဗျ ဆက်ပါဦးနော်။
ဇော်ထက်မောင်။ ။ မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းကို စင်္ကြံလျှောက်ပြီးတော့
မှတ်လေရဲ့ဗျာ၊ ပင်ကိုယ်ကမှ အရမ်းနူးညံ့လွန်းလို့ ခြေဖဝါတွေကွဲကုန်တယ်။
ဒါနဲ့ လမ်းလျှောက်မရတော့ လေးဖက်ထောက်လက် စကြံ င်္သွားလို့ မှတ်ပြန်တယ်၊
လက်ဖဝါးနဲ့ ဒူးတွေပါ ကွဲကုန်တယ်။ ကျောင်းပတ်ဝန်းကျင်လည်း
သွေးတွေချင်းချင်းကိုနီလို့ဗျာ။ နောက်ဆုံး လုံးဝမတတ်နိုင်တော့ အိပ်ယာထဲ
ဘုံးဘုံးလဲရော။ အဲဒါနဲ့ မသိတဲ့ ပုထုဇ္ဇာန်ရဟန်းတွေက ဒီမထေရ်တော့
သူ့အသတ်တွေကို လိုက်သတ်နေတယ်၊ သွေးတွေကို နီရဲလို့ဆိုပြီးတော့
ဘုရားရှင်ကိုတိုင်လို့ မြတ်စွာဘုရားရှင်က အဲဒီမထေရ်မြတ်ရဲ့
ဥာဏ်ရင့်ကျက်ချိန်ကိုရောက်တာနဲ့ မထေရ်မြတ်သီတင်းသုံးရာ
ကျောင်းဆီကြွမြန်းတော်မူလာတယ်ခင်ဗျ။
Myo Aung။ ။ ဟုတ်ကဲ့အစ်ကို ဆက်ပါဦးဗျာ။
ဇော်ထက်မောင်။ ။ အဲဒီမထေရ်မြတ်ဟာ လူ့ဘဝတုံးက စောင်းအတတ်မှာ တစ်ဖက်ကမ်းခတ်
ကျွမ်းကျင်လို့ စောင်းကြိုးဥပမာနဲ့ ပမာတင်ဟောလေမှ တရားသဘောကို
ကောင်းစွာသိပြီးတော့ ပဋိသမ္ဘိဒါပဋနှင့်တကွ ရဟန္တာဖြစ်တော်မူတယ်။
နောင်တစ်ချိန် ရဟန်းများ စုံလင်တဲ့အချိန်မှာ မြတ်စွာဘုရားက ချစ်သားတို့
ငါဘုရားဟောကြားခဲ့တဲ့ သစ္စာလေးပါး တရားကို ကောင်းစွာသောဝီရိယနဲ့
ကြိုးစားအားထုတ်ကြတဲ့ ငါဘုရားရဲ့ တပည့်သာဝကတွေထဲမှာ
အရှင်သောဏကောဠှဝိသမထေရ်မြတ်ဟာ အသာဆုံးအမြတ်ဆုံးပဲ ဆိုတဲ့ ဧတဒဂ်ကို
ရတော်မူတယ်ဗျာ။ ဒီလောက်ဆို အဆင်ပြေလောက်ပြီနဲ့တူတယ်နော်။
Myo Aung။ ။ ဟုတ်ကဲ့ နားလည်ပါပြီဗျာ၊ မလျော့မတင်းစောင်းကြိုးညင်းဆိုတာ ဒါကိုး၊ ကျေးဇူးဗျာ။
ကောင်းမြတ်မင်း။ ။ ကျွန်တော်တခုလောက်ပြောချင်တယ်ခင်ဗျာ။ ဒါဆို ဒုက္ကရစရိယာ ၆
နှစ်ကျင့်ပြီးတဲ့အချိန်မှာ နတ်သားတပါးက စောင်းသံသုံးချက်ပေးတယ်တဲ့။
အဲဒါကရောဗျာ။
ဇော်ထက်မောင်။ ။ အဲဒါမဟုတ်ပါဘူးအစ်ကို။ ကျင့်ပြီးတော့ ခွေလဲကျသွားတယ်
သတိလစ်သွားတယ်ခင်ဗျာ၊ အဲဒီအချိန်မှာ နတ်သားတပါးက
အလောင်းတော်သေပြီအောက်မေ့တာနဲ့ သုဒ္ဓေါဓနမင်းကြီးကို သွားပြီးတော့
အရှင်မင်းကြီးရဲ့သားတော်ဟာ ဘုရားမဖြစ်ခဲ့ဘူး
ခုကျင့်ကြံနေရင်းနဲ့သေလွန်သွားပါပြီးလို့လျှောက်တာပါအစ်ကို။ အဲဒါနဲ့
ပြန်သတိရလာတော့မှ မသေဘူးဆိုပြီးတော့ မင်းကြီးဆီကို
တဖန်ပြန်လျှောက်တာပါခင်ဗျာ။ သတိပြန်ရတော့ အလောင်းတော်ဟာ
ကိုယ်တော်တိုင်ဆင်ခြင်တာက “ဒီနည်းက တကယ်သာမှန်မယ်ဆိုရင် ငါဟာ ခုလောက်ဆို
ဘုရားဖြစ်နေလောက်ပြီ၊ ဒီနည်းဟာမှားနေတာပဲဖြစ်မယ်လို့ဆင်ခြင်မိတော့ ဒါဆို
နည်းအမှန်ကိုလည်း ရှာကြည့်တော့ ငယ်စဉ်က သပြေပင်အောက်မှာ
ပထမဈာန်စိတ်နဲ့ယှဉ်ပြီးတော့အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့တာကို
ပြန်အောက်မေ့မိလို့ အဲဒီနည်းကိုပဲ လုပ်ဖို့ ကိုယ်တော်တိုင်ရွေးချယ်ခဲ့တာပါ။
ကောင်းမြတ်မင်း။ ။ ဟုတ်ကဲ့ နားလည်ပါပြီဗျာ။
Myo Aung။ ။ မေးတာက နည်းနည်းလေးရယ် အများကြီးသိရတယ် ကျေးဇူးကမ္ဘာပဲဗျာ။
ဒါနဲ့ဗျာ မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိသလားခင်ဗျာ။ တချို့ကလည်း လေနဲ့
ခိုင်းနှိုင်းကြတယ် အဲဒါက အဆင်မပြေဘူးခင်ဗျ လေကို မမြင်နိုင်တာပဲရှိတယ်၊
ကျွန်တော်တို့တွေ လေရှိကြောင်း သိနိုင်တယ် လေတိုက်ရင်သစ်ပင်တွေလှုပ်တယ်
ကျွန်တော်တို့ကိုလည်း ပွတ်တိုက်သွားတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့်
လေရှိကြောင်းသိနိုင်တယ်နော်၊ မြင်းမိုရ်တောင်ဆိုတာ တကယ်ရှိမယ်ဆိုရင်
မမြင်ရဘူးပဲထားဗျာ သွားနေတဲ့ လေယဉ်တွေ ဝင်မတိုက်ကြဘူးလား။
ဇော်ထက်မောင်။ ။ ဟုတ်ကဲ့ သေသေချာချာနားထောင်နော်၊ မြင်းမိုရ်တောင်ဆိုတာ
တကယ်ရှိပါတယ် ကျွန်တော်တို့တွေ မမြင်နိုင်လို့ မမြင်ရတာပါ၊ ရှေးတုံးကလည်း
ဘယ်သူမှ မမြင်ခဲ့ကြပါဘူး။ အဲဒါကို မြင်ချင်ရင်တော့ ပဉ္စမဈာန်ကို
ရအောင်အားထုတ်ပါ ပြီးရင် အဘိဥာဏ်ကို ရအောင်အားထုတ်ပြီးတော့
ဒိဗ္ဗစက္ခုအဘိဥာဏ်နဲ့ ကြည့်မယ်ဆိုရင် မြင်နိုင်ပါပြီခင်ဗျာ၊
အဲဒီမြင်းမိုရ်တောင်ရယ်မှမဟုတ်ဘူး ငရဲပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကိုပါ
တွေ့နိုင်ပါလိမ့်မယ်။
Myo Aung။ ။ အဲဒါတော့ နည်းနည်းရှင်းလားပြီခင်ဗျာ ဒိဗ္ဗစက္ခုဆိုပေမဲ့
ကျွန်တော်တို့ဘာလို့ အဲဒါကို ဝင်မတိုက်မိကြတာလဲခင်ဗျာ၊ တိုက်တော့ရော
ဘာမှမဖြစ်ဘူးလားခင်ဗျ။ ရဟန္တာရော မမြင်နိုင်ဘူးလားဗျာ။
ဇော်ထက်မောင်။ ။ ဟုတ်ပြီအစ်ကို အဲဒီမြင်းမိုရ်တောင်ဆိုတာက
ရုပ်တရားထဲမှာပါတယ်ခင်ဗျာ ပထဝီရုပ်ပါပဲ၊ ဒါပေမဲ့ နူးညံ့သိမ်မွေ့တယ်
ဝင်တိုက်ရင်လည်း ဖောက်ထွက်သွားတယ်၊ ကြည်လင်နေတဲ့မှန်ကို
အလင်းဖောက်နိုင်သလိုကို ဖောက်သွားနိုင်တယ်ဘာမှမဖြစ်ဘူးအစ်ကို။
နူးညံ့တာလေးကို ရှင်းပြမယ်နော် နတ်ပြည်ခြောက်ထပ်ရှိတယ်
စတုမဟာရာဇ်ဘုံကနတ်တွေဟာ တာဝင်္တိသာက နတ်တွေကို မမြင်ရဘူး၊
ဖောက်ဝင်သွားလို့လဲရတယ်၊ ဘာလို့လဲဆိုတော့ တာဝင်္တီသာနတ်တွေဟာ
သူတို့ထက်ပိုနူးညံ့ကြလိုပါ၊ အဲဒီနတ်တွေက ကိုယ်ထင်ပြမှသာ တွေ့ကြရတယ်၊
အဲဒီလိုပဲ အထက်အထက်ကိုရောက်သွားတယ်၊ တဘုံနဲ့တစ်ဘုံကနတ်တွေကို မမြင်ရဘူး၊
တန်ခိုးကြီးတဲ့ နတ်တချို့သာလျှင် တန်ခိုးအာနုဘော်နဲ့မြင်ရတယ်။
Myo Aung။ ။ သြော် ဟုတ်ကဲ့ ဒါဖြစ်မယ်နော် နတ်သြဇာကို လူတွေစားလို့
အစာမချေနိုင်တာ အလွန်နူးညံ့လို့၊ အစာရှိမှန်းကိုမသိပဲ အစာမချေလို့
အစာမကြေဖြစ်ပြီးတော့ သေတယ်ဆိုတာ အဲဒါကြောင်းလားခင်ဗျာ။
ကောင်းမြတ်မင်း။ ။ မှန်ပါတယ်ခင်ဗျာ။
ဇော်ထက်မောင်။ ။ ရဟန္တာဆိုတာ နှစ်မျိုးရှိတယ်အစ်ကို၊ ပဋိသမ္ဘိဒါပဋဆိုတာ
အရဟတ္တမဂ္ဂ်အပါအဝင် ဈာန်ကိုပါ တခါတည်းရတယ်။ နောက်တစ်မျိုးကတော့
ဈာန်မရတဲ့ရဟန္တာပဲခင်ဗျာ၊ စာလိုတော့ မေ့သွားလို့ဗျာနော်။
အရဟတ္တမဂ္ဂ်ပဲသီးသန့်ရသွားတာပါ ပဋိသမ္ဘိဒါပဋနှင့်တကွဆိုရင်တော့ ဘာမှမလိုဘူး
တစ်ခါတည်းမြင်တယ်၊ အဲဒါမဟုတ်ဘူးဆိုရင်တော့ အဓိဋ္ဌာန်နဲ့ ကြည့်မှ
မြင်နိုင်မယ်အစ်ကို၊ သာမန်အားဖြင့်တော့ မမြင်နိုင်ပါခင်ဗျာ။
Myo Aung။ ။ ဒါဆို ဇဝေဇဝါဖြစ်စရာလေး နည်းနည်းထပ်မေးဦးမယ်ဗျာ။
ဘုရားဟောထားတယ်နော် စကြဝဠာဆိုတာ အနန္တကျယ်ပြောတယ်လို့။ ဒါပေမဲ့
စကြဝဠာတံတိုင်းဆိုတာလည်း ကြားဖူးတယ်။ ဒါဆို တံတိုင်းရှိတယ်ဆိုရင် Infinity
ဆိုတာ ဘယ်လိုလဲဗျာ။
ဇော်ထက်မောင်။ ။ တယ်မေးတတ်သကိုးဗျ။ ဖြေမယ်နော် ကျွန်တော်တို့ဗုဒ္ဓဘာသာမှာ
စကြဝဠာကိုသုံးတာ အဓိပ္ပါယ်နှစ်မျိုးရှိတယ်ခင်ဗျာ။ တစ်မျိုးကတော့ အဲဒီ
Infinity ပဲ အဆုံးမရှိကျယ်ဝန်းတယ်။ နောက်တစ်မျိုးကတော့ ကျွန်တော်တို့
ကျွန်းလေးကျွန်းနဲ့ နေ ပါဝင်တဲ့ တစ်အုပ်စုကိုလည်း စကြဝဠာလို့
သုံးတယ်ခင်ဗျာ၊ အဲဒီအတွက် တံတိုင်းဆိုတာတော့ မရှိဘူး၊ ဒါပေမဲ့ ဟိုဘက် ဒီဘက်
ခြားနားသတ်မှတ်ချက်လေးတော့ရှိတယ်ခင်ဗျာ။ အဲဒီသတ်မှတ်ချက်ကြောင့်
အဲဒီလိုပြောကြတာပါ။ စကြဝဠာတိုက်တစ်သောင်းဆိုတာ အဲဒီလိုပါခင်ဗျာ။
နားရှင်းသွားပြီလား နည်းနည်းထပ်ပြောမယ်နော်…ကျွန်တော်တို့အနေနဲ့
ဈာန်တရားတွေအားထုတ်လို့ ဗြဟ္မာဖြစ်သွားခဲ့မယ်ဆိုရင် အဲဒီစကြာဝဠာတွေကို
မြင်ရတယ်၊ အဆုံးမရှိတဲ့ ဒီစကြဝဠာကြီးထဲက စကြဝဠာတိုက်လေးတွေပေါ့နော်၊ သူတို့
စုတိစိတ်ကျတဲ့အချိန်မှာ သူတို့ စွဲလမ်းတဲ့ စကြဝဠာထဲက လူ့ဘုံမှာ
ဒါမှမဟုတ်ရင် နတ်ဘုံမှာ လာဖြစ်တယ်။ ဒါကြောင့် စကြဝဠာကူးပြောင်းမယ်ဆိုရင်
ဗြဟ္မာဖြစ်မယ်ဆိုရင် ပြောင်းလို့ရနိုင်တယ်အစ်ကို။ ဗြဟ္မာ့ဘုံမှာပဲ
ဈာန်ပြန်ရရင်တော့ ဗြဟ္မာပဲပြန်ဖြစ်တာပေါ့။
အဆင်ပြေပြီထင်တယ်နော်အစ်ကိုမျိုးအောင်ရေ…။ တစ်လက်စတည်း ထပ်ပြောမယ်နော်
ဘုရားတရားကို နာခွင့်ရတာက လူဆိုရင်တော့ ဒီစကြဝဠာက တောင်ကျွန်းပဲရှိတယ်၊
နတ်နဲ့ ဗြဟ္မာဆိုရင်တော့ ပတ်လည်အားဖြင့် စကြဝဠာတိုက်တစ်သောင်းက
တရားနာလို့ရတယ်၊ ဘုရားရှင်တို့ရဲ့ အာဏာစက်ကတော့ စကြဝဠာကုဋေတစ်သိန်းထိ
ပျံ့နှံ့တယ်ခင်ဗျာ။
Myo Aung။ ။ ကျေးဇူးတင်ပါတယ်ဗျာ ဒါဆို ကျွန်တော်တို့ကံကောင်းတာပေါ့နော်
တခြားစကြဝဠာမှာဆိုရင်လူဖြစ်လည်း ဒီတရားတွေကို ဘယ်နာနိုင်မလဲနော်။ ဒါဆို
စကြဝဠာတံတိုင်းဆိုတာထက် အနားရေးလို့ခေါ်တာ ပိုအဆင်ပြေမှာပေါ့နော်။ ဒါဆို
ကျွန်တော်တို့ စကြဝဠာကူးပြောင်းချင်ရင် ဗြဟ္မာဖြစ်မှ ရနိုင်မယ်ပေါ့နော်။
ဇော်ထက်မောင်။ ။ မှန်ပါတယ်ခင်ဗျာ။
Myo Aung။ ။ ကျေးဇူးတကယ်တင်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့
ကျွန်တော်ခုလိုမေးတာက အကြောင်းရှိပါတယ်ခင်ဗျာ။ အဖြေကိုတော့
ကျွန်တော်တကယ်မသိပါဘူးနော်။ မေးရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်ကိုယ်တိုင်
ဒီဘာသာကို မယုံကြည့်ခဲ့ဘူး။ ဘာလို့လဲဆိုရင် လူအများပြောနေတဲ့
ယုံမှားသံသယတွေကြောင့်ပါ။ အဲဒါတွေကို မရှင်းနိုင်တော့ မယုံဘူးလေ။ အဲဒီလိုပဲ
သဒ္ဓါတရားနည်းပါးတဲ့ ဗုဒ္ဓဘာသာဝင်တွေ ခေါင်းပြောင်းကြတာလည်း
ဒီလိုအရာတွေနဲ့ပဲ ဒီလို ဘာမဟုတ်တဲ့ အရာတွေကြောင့် တကယ့်သစ္စာတရားတွေလည်း
မှားမှာပဲလို့ သံသယဝင်ကြလို့ နတ်ယောင်ယောင်တွေဖြစ်ကုန်တယ်၊
သွားပြီးမေးရင်လည်း တကယ့်အနှစ်တရားတွေပဲ ဟောလွတ်လိုက်ကြတော့
ဘယ်လိုသက်ဝင်နိုင်မလဲ ဘယ်ယုံမလဲ နဂိုကတည်းကမှ ဒီလိုသံသယတွေကြောင့်
မသက်ဝင်တာ။ တကယ်တော့ ဗုဒ္ဓဟောခဲ့တဲ့အရာတွေဟာ သစ္စာတရားတွေမှမဟုတ်ဘူး
တခြားအရာတွေလည်း အားလုံး အမှားမရှိဘူး၊ လက်ဆင့်ကမ်းရာက
ပါးစပ်ရာဇဝင်ဆန်ဆန်ဖြစ်ကုန်လို့ အငြင်းပွားစရာတွေဖြစ်ကုန်တာလို့ ထင်တယ်။
ဥပမာအားဖြင့် ငတ်ပြတ်နေတဲ့ သူဆင်းရဲတစ်ယောက်ကို အရမ်းကောင်းတဲ့
ဘုရင့်ပွဲတော်အုပ်ကို သူအရမ်းဆာနေချိန်မှာကျွေးလိုက်ရင် စားဖို့
အဆင်ပြေရင်ပြေ မပြေရင် စားပိုးနင့်သေမယ်။ ဘေးမဖြစ်စေချင်ရင် အဲဒီလို
အရမ်းကောင်းတာကို မကျွေးခင် ဘေးမဖြစ်အောင်နည်းနည်းကောင်းတဲ့ အစာကို အကြို
ကျွေးလိုက်မယ်ဆိုရင် ဒီသူဆင်းရဲဟာ ဒီလို အစာကောင်းကြောင့် ဘေးမဖြစ်နိုင်ပါ။
အဲဒီလိုပါပဲ ဥာဏ်မမှီလို့ ဘုရားတရားတော်တွေကို ယုံမှားသံသယဖြစ်နေတဲ့
ကျွန်တော်တို့လို ဘာသာခြားအပါအဝင် မိရိုးဖလာဗုဒ္ဓဘာသာတွေကို ဦးစွာ
သဒ္ဓါတရားပြည့်လာအောင် ယုံမှာသံသယ ဖြစ်စရာတွေကို ပယ်ဖျောက်ပေးနိုင်မှ
အဆင်ပြေမယ်ထင်လို့ မေးရခြင်းပါ။
ကျွန်တော့ရဲ့ကိုယ်တွေ့လေးတစ်ခုပြောပြမယ်နော်။ တနေ့တော့
ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကို ကျွန်တော် ဘာသာပြောင်းတော့မယ့်အကြောင်း
ပြောမိတော့ သူတို့ကဘာလို့ပြောင်းမှာလဲလို့မေးတယ်။ ကျွန်တော်က
ဗုဒ္ဓတရားတွေကို နှစ်သက်လို့၊ တိကျလို့
တကယ်မှန်တယ်ထင်လို့ပါလို့ပြောလိုက်တော့ သူတို့က ကဲဒါဆိုရင်
မြင်းမိုရ်တောင်ဆိုတာ ဘယ်မလဲ ပြကွာဆိုတော့ ကျွန်တော့မှာ
ဆက်ပြောစရာစကားမရှိတော့ဘူး။ ပြောကြည့်သေးတယ် အဆင်မပြေဘူးခင်ဗျာ မင်းတို့ဟာက
အစမှ မကောင်းတာ ဘယ်လိုလုပ် နောက်ဟာတွေက မှန်တယ်လို့ ငါတို့
ဘယ်လိုယုံရမလဲတဲ့ဗျာ။ အဲဒါကြောင့် ခုလိုမေးရခြင်းပါခင်ဗျာ။
ကောင်းမြတ်မင်း။ ။ သာဓုဗျာ အစ်ကို့မှာ ဒီလိုအကြံအစည်လေးရှိလို့ ကျွန်တော်တို့ ဝမ်းမြောက်ကြရပါတယ်။
Myo Aung။ ။ ကဲ ကိုဇော်ထက်မောင်ရေ ဒီနေ့တော့ ကျွန်တော့ကို
ဒီဘာသာထဲဝင်ခွင့်ပြုပါခင်ဗျာလို့ ကျွန်တော် ဒီက ဦးဇင်းတွေ၊ အစ်ကိုတွေ၊
အမတွေ ကို တောင်းပန်အပ်ပါတယ်ခင်ဗျာ။
ကောင်းမြတ်မင်း။ ။ အစ်ကို့သဘောပဲဗျာ ကျွန်တော်တော့ သာဓုခေါ်ပါတယ်ခင်ဗျာ။
ဦးဇင်းဘုရား ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရန်အလို့ငှာ သရဏဂုံသုံးပါးနှင့်တကွ
ငါးပါးသီလအား ဂရုဏာရှေ့ထားလို့ပေးတော်မူပါရန် ကိုမျိုးအောင်ကိုယ်စား
ဘုရားတပည့်တော် ရိုသေစွာဖြင့် လျောက်ထား တောင်းပန်အပ်ပါတယ်ဘုရား…။
ဦးခေမာစာရ။ ။ ဒကာတော်မျိုးအောင်ရေ သရဏဂုံသုံးပါးနှင့်အတူ
ငါးပါးသီလခံယူမလား။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့က ဒီသရဏဂုံ တည်မှ အဆင်ပြေမှာပါ။
ဒကာ့အနီးမှာ ဦးဇင်းကိုယ်တိုင် လာရောက်ပို့ချပေးတယ်လို့ အာရုံပြုထားနော်။
Myo Aung။ ။ ဟုတ်ကဲ့ဦးဇင်းဘုရား တပည့်တော်အား ဂရုဏာရှေ့ထားပြီးတော့
သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလအား ပေးပါရန် ဘုရားတပည့်တော် ရိုသေစွာနဲ့
လျောက်ထား တောင်းပန်ပါတယ်ဘုရား…..။
ဦးခေမာစာရ။ ။ ကဲ လိုက်ဆိုနော်ဒကာတော်..။
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ မှစ၍ ငါးပါးသီလပေးခဲ့လေသည်။
ဦးခေမာစာရ။ ။ ဒကာတော် ခုချိန်ကစပြီးတော့ ဗုဒ္ဓဘာသာဝင်စစ်ဖြစ်သွားပြီကွာ အရမ်းမွန်မြတ်တယ်၊ ပီတိလဲဖြစ်တယ်၊ လိုအပ်တဲ့အကူအညီပြောပေါ့။
ကောင်းမြတ်မင်း။ ။ ကိုမျိုးအောင်ရေ....သာဓု...သာဓု...သာဓုပါ…
Aungaung။ ။ ....သာဓု...သာဓု...သာဓုပါ…
Whitecolor။ ။ ....သာဓု...သာဓု...သာဓု…ဦးဇင်းကိုလဲအာလုံးကကျေးဇူးတင်ပါတယ်။
ဦးဇင်းလဲ စိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေ သာသနာ့ဝန်ကိုခန္ဓဝန်ကို
ဆောင်ရွက်နိုင်ပါစေ။ ဒီနေ့တပို့တွဲလကွယ်နေ့၊ အမှတ်တရဖြစ်ပါတယ်
မောင်လေးမျိုးအောင်ရေ…။
ကိုညီညီတင်။ ။ သာဓု..သာဓု..သာဓု..ပါ..သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်နိုင်ပါစေ..
ဇော်ထက်မောင်။ ။ ....သာဓု...သာဓု...သာဓုပါအစ်ကိုမျိုးအောင်ရေ…။
ဦးဇင်းမရှိရင် သရဏဂုံက အဆင်ပြေမှာ မဟုတ်ဘူး။ ကျွန်တော်တော့
ဝမ်းသာလွန်းလို့ အိပ်တောင် ပျော်မှာမဟုတ်ဘူး။
ကိုရန်ပြေ။ ။ သာဓု...သာဓု...သာဓုပါကိုမျိုးအောင်ခင်ဗျာ
Myonainghtoon။ ။ သာဓု သာဓု သာဓု ပါ
Than htike soe။ ။ သာဓု သာဓု သာဓု ဗျာ။ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ညီလေး။
ဦးမောင်မောင်ထွန်း။ ။ တကယ့် အာဂလူ တစ်ယောက်အတွက် သာဓု သာဓု သာဓု ပါ
ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)။ ။ ချမ်းချမ်းလည်းသာဓုခေါ်ပါတယ်နော် သာဓု သာဓု သာဓုပါ…. ဒီညဟာ တကယ်ပဲ မင်္ဂလာရှိသောညလေးပါ။
Myo Aung။ ။ ဟုတ်ကဲ့ ကျွန်တော့အဖို့တော့ တကယ့်နေ့ထူးနေ့မြတ်ပါပဲခင်ဗျာ။
တကယ်ကို ဝမ်းမြောက်မိပါတယ်။ မျက်ရည်တောင် ကျလာပြီဗျာ။ ခုချိန်ကစလို့
ကျွန်တော်ဟာ ခရစ်ယာန်ဘာသာဝင် လုံးဝမဟုတ်တော့ပါဘူးခင်ဗျာ။
ဗုဒ္ဓအဆုံးအမအပေါ်ကောင်းစွာသက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာဝင်တစ်ယောက်
ဖြစ်ပါပြီခင်ဗျာ။ 11:33 PM
ဟုတ်ကဲ့ ကျွန်တော် ကျေးဇူးတင်ကြောင်း အထူးပြောကြာလိုပါတယ်ခင်ဗျာ…။ ခုလို
ကျွန်တော့အား သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို ဂရုဏာရှေ့ထား
ပေးတော်မူသော ဦးဇင်း ဦးခေမစာရအား ကျေးဇူးတင်ပါတယ်ဘုရား…။
အစစ အရာရာမေးခွန်းများကို သည်းခံဖြေကြားပေးသော ဒီဗုဒ္ဓကမ္ဘာ ဓမ္မဆိုဒ်လေးထဲက
ဓမ္မမိတ်ဆွေသူတော်စင်အစ်ကို၊ အစ်မများကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
ဒီလို ဓမ္မတရားတွေကို ယုံကြည်လာစေရန်အလို့ငှာ မေးလာသမျှသော သံသယမေးခွန်း၊
ဒွိဟမေးခွန်း၊ ပြဿနာဖြစ်စေနိုင်သော အများစုကို ဒေါသရှေ့မထားပဲ
သဒ္ဓါတရားတိုးပွားလာစေရန် ခက်ခက်ခဲခဲ ဖြေကြားပေးခဲ့သော ကိုဇော်ထက်မောင်နှင့်
ညီမလေးမဂျူး(တောသူမလေး) တို့အားလည်း ကျေးဇူးတင်ပါကြောင်း…။
ဒီလို တရားဓမ္မတွေကို သိခွင့် နာခွင့် မေးမြန်းခွင့်ရအောင်အလို့ငှာ
ဆိုဒ်တည်ထောင်သူ ကိုကောင်းမြတ်မင်းအား အမှူးပြု၍ အားလုံးသော ဆိုဒ်အက်ဒ်မင်
အစ်ကို၊ အစ်မများအား အထူးကျေးဇူးတင်ပါကြောင်း ကျွန်တော် မျိုးအောင်မှ
ပြောကြားပါတယ်ခင်ဗျာ…။
Whtitcolor။ ။ သိတဲ့သူတွေကလည်း နားဝင်အောင်ပြောပြဖို့၊
ဒေါသရှေ့မထားမိစေဖို့၊ ဒါလေးတွေ အရေးကြီးတယ်။ အားလုံးသိအောင်
ဘလော့ခ်တင်လိုက်ပါလား…။
ကောင်းမြတ်မင်း။ ။ ကိုမျိုးအောင်ခင်ဗျာ…ဒီည
ကျွန်တော်တို့ရဲ့ဆွေးနွေးဝိုင်းလေးကို ကျွန်တော်ဘလော့တင်ချင်ပါတယ်..
အဲဒါလေးကို ခွင့်ပြုသလားအစ်ကိုရေ သိပါရစေခင်ဗျာ..။
Myo Aung။ ။ အာ အစ်ကို အဆင်ပြေပါတယ်ခင်ဗျာ ခွင့်ပြုပါတယ်အစ်ကို၊ တင်နိုင်ပါတယ်ခင်ဗျာ။
ကောင်းမြတ်မင်း။ ။ ကျေးဇူးတင်ပါတယ်အစ်ကိုမျိုးအောင်ရေ..။ တကယ်လည်း ဝမ်းမြောက်ရပါတယ်ဗျာ၊ မင်္ဂလာရှိသောညလေးပါပဲ…။
Than htike soe။ ။ အင်း ညတိုင်း မင်္ဂလာရှိအောင် ကြိုးစားနေပါတယ်ဗျာ။ အားလုံးလဲ ကြိုးစားဖို့ တိုက်တွန်းပါရစေနော်….။
မှတ်ချက်။ ။ကာယကံရှင်ကိုတိုင်ကခွင့်ပြုပါသည်။
ဦးဇင်းပို့စ် အမြဲတင်ပြီး အမေးအဖြေများလုပ်ပေးနေသော ဗုဒ္ဓကမ္ဘာဆိုဒ်တွင် တင်ထားတာကို အများသိအောင် ပြန်လည်မျှဝေလိုက်ပါသည်။
--------------------------------------------------------------------------------------------------------------------------------------------------------
မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊
မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင်
မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။
ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ
မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။
ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက
လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့
ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့
ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊
ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့်
ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို
ရေးသားတင်ပြပေးလိုက်ပါတယ်။
ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့်
ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး
အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ
ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက်
နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။
တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက
အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ
အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။
ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ
ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း
တည်နေပုံပါ။
စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အ၀န်းအကျယ်မှာ
ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊ (၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။
ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး
တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။
ထိုသမုဒ္ဒရာဟာ အနက်ဟာ ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။
ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ ရေတွင်းမှာလည်း
ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း
(၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း
အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။ အဲဒီတော့
သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေ အနက် စုစုပေါင်းဟာ
ယူဇနာ(၂)သိန်း၊(၅)သောင်း၊ (၂)ထောင်ရှိပါတယ်။ သမုဒ္ဒရာရဲ့အလယ်တည့်တည့်
မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ
ယူဇနာရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း
ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။
ထိုသမုဒ္ဒရာ၏ ပတ်ဝန်းကျင်တွင်
သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ် ၀က်လောက်နိမ့်တဲ့
ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြား ကာ
တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။
ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇) ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင်
ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ
နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ ကျွန်းကို အရှေ့ကျွန်း၊
အနောက်ဘက်ကို အနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို
တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။
ယုဂန္ဓိုရ်တောင်ထိပ်မှာ
စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည်
တည်ရှိနေပါတယ်။ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့
မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊
ဗြဟ္မာ့ပြည်တွေကတော့ ကောင်ကင်ပေါ်မှာ တည်ရှိနေကြပါတယ်။
ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ်
ယူဇနာအကွာအဝေး လေးသောင်းနှစ်ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။
မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင်
ဗြဟ္မာဘုံများ ရှိကြပါတယ်။ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။
စကြာဝဠာတစ်ခုအတွင်းမှာ
နေတစ်ခု လတစ်ခု ရှိကြပါတယ်။ နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့ အမျှ
ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက်
စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ
ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း
မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက
စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင် များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။
တစ်ခါ
လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ်
အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို
မဟာလောကဓါတ်တစ်ခုလို့ခေါ် ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို
တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ပြီးလျှင် အဲဒီထဲကမှ
တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။ မဇ္ဈိမလောကဓါတ်ကို
စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာတစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။
အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ
ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။
ဦးဇင်းတို့ရဲ့
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ
နိယတဗျာဒိတ်ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့
စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့
မိမိဘာသာ သိမြင်သောအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့
တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့
စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ
လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး
တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်
ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။
အဲဒီမဇ္ဈိမလောကဓါတ်ရဲ့
အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်း
အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း
ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာ
မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊
ပစ္စေကဗုဒ္ဓါဘုရားရှင်များ၊ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။
အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း
ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့
အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့်
နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊
အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက
သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင်
အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော
စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊
ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့ စကြာဝတေးမင်းများသာ
ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာ ရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊
ရဟန်းအရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက
သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများ
မရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာ သာသနာပများဖြစ်ကြသော်လည်း အလေ့အလာ
ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ
ပစ္စေကဗုဒ္ဓါများလည်း မပွင့်ကြလို့ မရှိကြတာပါ။
အရိယာ
နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့
စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန်
အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာတိုက်တစ်သောင်းက
နတ်ဗြဟ္မာတွေ တရားနာလာကြတယ်ဆိုတာ ကို တွေ့ရှိနိုင်ပါတယ်။ ဒါကိုကြည့်ရင်
အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။
သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။
လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့
သီလတွေထိန်းသိမ်းကြမယ်။ ဒါနေတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့
နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ
ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။
အထက်မှာ
ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့
အခြားသောစကြာဝဠာများမှာလည်း လူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။
ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော်
အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့
ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ
ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ အများကြီးပဲရှိပါတယ်။ အဲဒီ
အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။
ဒါကတော့ စကြာဝဠာ အကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။
မြတ်ဗုဒ္ဓတာဝတိံသာကို
ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော်
လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက်
မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။
တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော်
မူခဲ့တာပါ။
ကမ္ဘာတစ်ခုပျက်သောအခါ မြေ၊ မီး၊ လေ၊ ရေ စသော
ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနှင့် ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်သောအခါ
သုံးဆယ့်တစ်ဘုံတွင် ကောင်းမှုအရင်းခံသောသူများသည် ကမ္ဘာပျက်ကာလ တွင်
ဒုတိယဈာန်ဘုံစတဲ့ ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု
အရင်းခံသောသူများသည် အ၀ီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းဟုခေါ်သော မဲမှောင်
ပိတ်ဖုံးနေသည့် ချောက်နက်ကြီး များတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။
ယခုလို
ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင် သံသရာ၏ ကြောက်မက်ဖွယ်ကို
သိမြင်လာပါလိမ့်မယ်။ ဘ၀မျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘ၀သံသရာတွင်
ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာသံသရာမှ
အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ် ဘ၀ကောင်းလေးမှာ
များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။
တကယ်တော့
မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့
မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန်
ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို
မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင် လည်း အော်တဲ့လူသာ
အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီး မားပြီး
နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေ
သာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့
ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံးလ၀ီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ
တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။
ဒါကြောင့်လည်း
လယ်တီဆရာတော်ကြီးက နိုင်ငံခြားသာတစ်ယောက်ကို မင့်တို့
လေးငါးခြောက်သိန်းပေး ရတဲ့ မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့
အရာတွေကိုမြင်ရသေးရင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများစွာကို
ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက်
အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။ မင့်တို့
မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။
မင့်တို့မှန်ဘီးလူးက ဒီတစ်ဘ၀စာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့
မှန်ဘီးလူးထက် သာတယ်ဆိုတာမင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို
ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်း ခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။
ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉)
http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.html မှာ
လောက၀ိဒူအဖွင့်ကိုပြထားတဲ့ အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့
ဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက လောက၀ိဒူအကြောင်းကို
ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ
အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့
ဤစကြာဝဠာစာအုပ်ကို ၀ယ်ဖတ်ပါ။ အဲဒီစာအုပ်ဟာ အင်တာနက်မှာ
ဝယ်ရမည့်စာအုပ်ဖြစ်နေသဖြင့် ဦးဇင်းလည်း ၀ယ်ဖတ်မရ လို့
သေချာပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ
ဝယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများ ၀ယ်ယူဖတ်ကြည့်လျှင်
မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။
စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့
http://www.myanmarbookshop.com/MyanmarBooks/BookDetails/18595 ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။
မှတ်ချက်--
ဤမြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို ဦးဇင်းအား ခဏခဏအမေးခံရ၍
စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး
ရေးသားတင်ပြလိုက်ခြင်းဖြစ် တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ
စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့
မေတ္တာရပ်ခံလိုက်ပါတယ်။ စာဖတ်သူအားလုံး ဗဟုသုတကြွယ်ဝကာ မိမိဘာသာကို
ပိုမိုလေ့လာယုံကြည်ပြီးသကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊
ဘာဝနာများကို လည်း နေ့စဉ်မပြတ်ပြုလုပ်ပြီး ပန်းတိုင်ကိုလျင်မြန်စွာ
ရောက်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးနေ လျက်……။