
မူရင်းပုံကအတော့်ကို သေးတော့ ဓါတ်ပုံပြန်ရိုက်တဲ့ အချိန်မှာ အတော့်ကို
ဝါးနေတယ်။ သေသေချာချာကြည့် ရင်တော့ မြင်ရပါသေးတယ်။
ရှင်ပြုပွဲတစ်ခုဖြစ်ပါတယ်။ မောင်ရင်လောင်းလေးတွေကို ရွှေထီးစောင်းပြီး
တန်ဆာဆင်ထားတဲ့ နွားလှည်းတွေနဲ့ တင်ဆောင်လာတာနဲ့တူပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်မှာ ဒေသတစ်ခုနဲ့တစ်ခု မောင်ရင် တင်တဲ့လှည်းတွေက
မတူပါဘူး။ တချို့ကျတော့လည်း ဆင်၊ဒါမှ မဟုတ်ရင် မြင်းနဲ့ တင်ကြပါတယ်။
သည်ဓါတ်ပုံလေးတွေ့မှ နွားလှည်းနဲ့လှည့်တာ တွေ့ဖူးတယ်။
မြန်မာပြည်အောက်ပိုင်းလို့ ထင်ပါတယ်။

ရှေးခေတ်က
မောင်ရင်လောင်းတွေပါ။ အဲဒီအချိန်တုန်းကတော့ ယခုခေတ်လို ခေါင်းဆောင်းတွေ
ဘာတွေ မ၀တ်ကြဘူးလို့ ထင်ပါတယ်။ ဒါမမဟုတ်ရင်လည်း တောအလှူမို့လို့လည်း
ထင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မောင်ရင်လောင်းတစ်ဦးမျှ မပါဘဲ
ပဉ္စင်းတက်မယ့်သူတွေပဲ ဖြစ်မယ်ထင်တယ်။ ဘယ်ဘက်ဘေးမှာ ကွမ်းအစ်လေးချထားတာ
တွေ့ရတယ်။ နောက်ပြီး ပိတ်ထားတဲ့ ရွှေထီးထောင်ထားတာလည်းတွေ့ရတယ်။
ရှင်လောင်းလှည့်ရင်တော့ အဲဒီထီးကို ဖွင့်ကြပါတယ်။ နောက်ဆုံး
ဘုန်းကြီးကျောင်း ရောက်တဲ့ အထိပေါ့။

သည်ပုံလေးက
မယ်သီလရင်နှင့် နားထွင်းမင်္ဂလာ ၀တ်စားဆင်ယင်ပုံလေးပါ။ တစ်ယောက်က
ရိုးရိုးယဉ်ယဉ်လေးနဲ့ နောက်တစ်ယောက်ကတော့ လည်ဆွဲ၊ ဘယက်၊ စည်းပုံတို့
ဝတ်ထားပါတယ်။

မောင်ရင်လောင်းကို
ဘုန်းကြီးကျောင်းပို့ပေးပြီးနောက် မိဘဆွေမျိုးများက တရားနာယူကြပါတယ်။
ယွမ်းဆွမ်းအုပ်တွေဖြင့် မောင်ရင်လောင်းကို လိုက်ပို့ကြတဲ့ မြင်ကွင်းက
တော်တော့်ကို ကြည်နူးစရာကောင်းပါတယ်။
၀၆။ ဘုန်းကြီးကျောင်းနှင့်သံဃာတော်များ
ပါတော်မမူသေးခင်နှင့် ပါတော်မူပြီးကာစ အချိန်တုန်းက ဘုန်းကြီးကျောင်းတွေရဲ့
အခြေအနေက သိပ်ပြီး မကွာလှသေးပါဘူး။ ကျွန်တော် ပုံ ၃ ပုံကို
နှိုင်းယှဉ်ပြထားပါတယ်။

(၁)
နံပါတ်(၁) ပုံက တောမှီကျောင်းသင်္ခန်းတစ်ခုပါ။
သစ်ရိပ်ဝါးရိပ်အောက်မှာ တောထွက် သစ်ဝါးတွေဖြင့် ဆောက်လုပ်ထားတဲ့
ဘုန်းကြီးကျောင်းလေးက ဘာအဆင်တန်ဆာမှ မပါပေမယ့် ချစ်စရာလေးပါ။ မြင်ရတဲ့
သူအတွက်ရော၊ နေရတဲ့ သူအတွက်ပါ ရင်အေးစရာလို့ထင်ပါတယ်။

(၂)
ပုံ(၂)ကတော့
မြို့နေလူတန်းစား သူဌေးသူကြွယ်တွေ ဆောက်လုပ်လှူဒါန်းထားတဲ့
ဘုန်းကြီးကျောင်းပါ။ များသောအားဖြင့် ပင်မအဆောင်ကြီး ရှိပြီး
ပြဿဒ်အဆင့်ဆင့်ဖြင့် လှပအောင်ခမ်းနားအောင် ဆောက်လုပ်ထားပါတယ်။
တစ်နည်းအားဖြင့် မြို့ဆန်တဲ့ ဘုန်းကြီးကျောင်းပေါ့။

(၃)
ပုံ ၃ကြတော့ မင်းမိဖုရားတွေ
ဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းပေါ့။ အဆောင်ဆောင် အခမ်းခမ်းနဲ့
ပြိုင်ဘက်မရှိအောင် လှပါတယ်။ မင်းမိဖုရားလှူတော့လည်း ဘုံခုနှစ်ဆင့်အထိ
ဆောက်လို့ရပါတယ်။ တစ်နည်းအားဖြင့် နန်းဆန်တဲ့ ဘုန်းကြီးကျောင်းပေါ့လေ။
တစ်ပါးဆောင်လေးတွေလို့ ထင်ပါတယ်။

၁၈၇၃ခုနစ် ဇူလိုင်လက မင်းတုန်းမင်းရဲ့ ထောက်ပံ့ငွေနဲ့ ဆောက်လုပ်ထားတဲ့
ခရစ်ယာန် ဘုရင့်သံတဲကျောင်းပါ။ အင်္ဂလိပ်လူမျိုး ဒေါက်တာမတ်
အုပ်ချုပ်သင်ကြားခဲ့ပါတယ်။ အရွယ်ရောက်ပြိး မင်းညီမင်းသားတိုင်း အဲဒီမှာ
စာသင်ကြားရပါတယ်။ ကျောင်းတက်လာသူ မင်းညီမင်းသားများကို
နောက်ပါကျေးတော်ကျွန်တော်တွေက ရွှေထီးမိုးပြီး ပစ္စည်းကိ၇ိယာအစုံအလင်နဲ့
ကျောင်းပို့ကြပါတယ်။

ဘုန်းကြီးတစ်ပါးရဲ့ပုံပါ။ ညောင်စောင်းနဲ့ မှီအုံးနဲ့ မိန့်မိန့်ကြီး
စံနေတဲ့ ပုံပါ။ ညောင်စောင်းရဲ့ အရှေ့မှာလည်း ဘုန်းကြီးအသုံးအဆောင်နဲ့
လှူဖွယ်ပစ္စည်းတွေကိုလည်း ချထားပါတယ်။ များသောအားဖြင့် အသုံးအဆောင်တွေက
ယွန်းထည်တွေနဲ့ တူပါတယ်။ အနောက်မှာလည်း ရွှေချည်ထိုးပန်းချီကားကြီးကို
ချိတ်ဆွဲထားတာ အတော့်ကို ခမ်းနားပါတယ်။ ရွှေချည်ထိုးပုံအကုန်လုံးကို
မမြင်ရပါဘူး။ အနည်းငယ်ပေါ်နေတဲ့ ရွှေချည်ထိုးပုံမှာ နတ်သားနှစ်ပါး (အထင်)ရဲ့
ခြေထောက်ကိုပဲ မြင်ရပုံထောက်ရင် အဲဒီရွှေချည်ထိုး ပန်းချီက
တော်တော်ကြီးတယ်လို့ ထင်ရပါတယ်။

ဘုန်းကြီးကျောင်းပညာရေးပါ။ ကိုရင်ငယ်လေးတွေတင်မကဘူး။ ပုံရဲ့
ညာဘက်အရှေ့ဆုံးမှာ ဆံရစ်ဝိုင်းလေးနဲ့ ကလေးလေးတစ်ယောက်ပါပါတယ်။
သူတို့ဖတ်နေတဲ့အရာတွေကတော့ ပေစာတွေပါ။ အလျားတော်တော်ရှည်ပါတယ်။
အနောက်မှာလည်း အရွယ်အစားအမျိုးမျိုးနဲ့ ဗုဒ္ဓရုပ်ပွားတော်အဆူဆူကိုလည်း
ဖူးနိုင်ပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ ဟိုးယခင်ကတည်းက
အခုလိုရုပ်ပွားတော်တွေ တော်တော်များထား၇ှိပါတယ်။ အကုန်လုံးကလည်း
လက်ရာမြောက်ပါတယ်။
(ကိုရင်ငယ်လေးတွေတင်မကဘူး။ ပုံရဲ့ ညာဘက်အရှေ့ဆုံးမှာ ဆံရစ်ဝိုင်းလေးနဲ့ ကလေးလေးတစ်ယောက်ပါပါတယ်။ သူတို့ဖတ်နေတဲ့အရာတွေကတော့ ပေစာတွေပါ။ အလျားတော်တော်ရှည်ပါတယ်။”
အဲဒီရှည်ရှည်အပြားတွေက ပေစာတွေ မဟုတ်ကြပါ။ သစ်သား သင်ပုန်း
တွေဖြစ်ပါတယ်။ အဲဒီ သစ်သား သင်ပုန်း တွေရဲ့မျက်နှာပြင်ကို ထမင်းရည် နဲ့
မီးသွေးမှုန့်နုနု ကို ရောနယ်ပြီး အနက်ရောင် မျက်နှာပြင်ချောချော ရအောင်
အရောင်ဆိုးတယ်။ ပြီးတော့နေလှန်းပြီး အခြောက်ခံတယ်။
စာရေးတော့
“ကန့်ကူဆံ” လို့ခေါ်တဲ့ သဘာဝတွင်းထွက် မြေဖြူတမျိုးနဲ့ရေးတယ်။ တနေ့တာ
စာတက်ပြီးရင် နောက်တနေ့အတွက် စာအသစ်ရေးဖို့ သင်ပုန်းက ရေးပြီးစာတွေကို
ဆေးကျောလို့ ဖျက်ပစ်ပြီး အနက်ရောင်ပြန်ဆိုးရတယ်။
အဲဒါကို ‘သင်ပုန်းချေတယ်’ လို့ခေါ်ပါတယ်။ ဒီကနေ့ သုံးနေကြတဲ့ ‘သင်ပုန်းချေ’ ဆိုတဲ့စကားလုံးရဲ့အရင်းအမြစ်ပါ။
စာရေးတာကို
စ ပြီးသင်တော့ စာသင်သားက လက်မငြိမ်သေးပါ။ ဆရာ/ဘုန်းတော်ကြီးက
စာသင်သားရဲ့လက်ကို ကူညီကိုင်ပြီး စာလုံးရေးပုံ၊ ဆွဲပုံ၊
လှည့်ပုံကိုသင်တယ်။ ပထမအဦးဆုံး ငယ်ဆရာပေါ့။
အဲဒီဆရာကို ‘ကန့်ကူလက်လှည့်’ ငယ်ဆရာ လို့ခေါ်ပါတယ်။

ဘုန်းကြီးတစ်ပါး သက်တောင့်သက်သာနဲ့ စာဖတ်နေတဲ့ပုံပါ။ ရွှေချည်ထိုးကို ကန့်လန့်ကာအနေနဲ့ သုံးကြတာတွေ့နိုင်ပါတယ်။

ဘုန်းကြီးတစ်ပါးကို ပင့်ဆောင်လာတဲ့ ဝေါပါ။ လူ၎ယောက်ထမ်းရပါတယ်။ ကြည့်ရတာ မင်းဆရာလို့ထင်ပါတယ်။

မန္တလေးတောင်ကို ကြီးပွားတိုးတက်အောင် လုပ်ဆောင်ပေးခဲ့တဲ့
ရသေ့ကြီးဦးခန္တီပုံတော်။ ဆရာတော်ကြီးက ကိုလိုနီခေတ်မှာ မန္တလေးတောင်ဘက်စုံ
ဖွံဖြိုးတိုးတက်အောင်လုပ်နိုင်တော့ ဆရာကြီးမှာ
ရွှေဖြစ်ငွေဖြစ်အောင်လုပ်နိုင်တဲ့ အဂ္ဂိယပညာပေါက်တယ်လို့ လူတွေက
ထင်ကြေးပေးကြတယ်။ အင်္ဂလိပ်အရာ၇ှိတွေက မယုံတော့ ရသေ့ကြီးကို မေးပါတယ်။
ရသေ့ကြီး ဦးခန္ဓီက သူ့မှာဘာပညာမှမရှိပါဘူးဆိုတာ ပြောလည်း မယုံပါဘူး။
နောက်ဆုံးမှာ ရသေ့ကြီး ဒီလောက်တောင် သိချင်တာပြမယ်ဆိုပြီး သူ့ရဲ့
ခေါင်းဆောင်းဒေါင်ချာကိုချပြီး လမ်းဘေးမှာ တင်ပလ္လင်ခွေထိုင်ပြီး
တရားမှတ်ပါတော့တယ်။ အဲဒိအခါလမ်းသွားလမ်းလာတွေက ရသေ့ကြီးကို
ကြည်ညိုလွန်းတော့ ပါလာတဲ့ရွှေစ ငွေစတွေကို ဒေါင်ချာထဲကို
တရိုတသေလှူဒါန်းကြတာ ခဏလေးနဲ့ ပြည့်သွားတယ်။ အဲဒီတော့ အင်္ဂလိပ်တွေလည်း
ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ပါတော့တယ်။

ဘုန်းကြီးပျံပါ။ဆင်ပုံစံကို ဘယ်လိုလုပ်ပြီး ဘုန်းကြီးရဲ့ ရုပ်ကလာပ်ကို ဘယ်လိုပင့်ဆောင်တင်ထားလဲဆိုတာ အံသြဖွယ်ဖြစ်နေပါပြီ။
မြန်မာတွေမှာ တစ်စုံတစ်ယောက်သေဆုံးရင် ချက်ချင်းသင်္ဂြိုဟ်ရမယ်။
ရက်မကူးရဘူးလို့ ဘာသာရေးအရ မသတ်မှတ်ထားပါဘူး။ အသုဘဈာပနဆိုတာ နောက်ဆုံး
လူတစ်ယောက်ကို ပြုစုရခြင်းလို့ ခံယူထားလို့နဲ့တူပါတယ် ခြေခင်းလက်ခင်းသာယာမှ
ဈာပနပွဲ လုပ်ကြတယ်။ ရာသီဥတုဘဲဖြစ်ဖြစ် ရေကြီးနေလို့ပဲ ဖြစ်ဖြစ်
ချက်ချင်းမသဂြိုဟ်နိုင်သေးရင် ရင်ခွဲကျပ်စည်း၊ ဖွဲပြာအပြည့်ထည်းပြီး
“အေးမသာ” လုပ်တတ်ကြတယ်။ ရေလွတ်ရာ သစ်ပင်အမြင့်မှာ လင့်ထိုးပြီး အလောင်းကို
တင်ထားရင်ထား မထားရင် တောင်ကမ်းပါးယံမှာ တင်ထားတတ်ကြသတဲ့။ ဘုန်းကြီး
ဖြစ်နေရင်တော့ တခမ်းတနား နိဗာန်ကျောင်းဆောက်ပြီး တပေါင်းလရောက်မှ
ပွဲလမ်းသဘင်ဖြင့် သဂြိင်္ုဟ်ကြပါတယ်။ အဲဒိအခါမှာ ဧယင်ကျူးဖို့
အငြိမ့်မင်းသမီးတွေက အရေးပါပါတယ်။ အငြိမ့်မင်းသမီးတွေအတွက် ဧယင်ကျူးကြီး
အတတ်ပညာက မဖြစ်မနေတတ်မြောက်ရမယ့် ပညာပါ။ ဘုန်းကြိးအလောင်းကို
အများပူဇော်လို့ ရမယ့်နေရာကို ရွှေ့ပြီး ၊နိဗာန်ကျောင်းချခေါ်
ခန်းဖွင့်ပွဲမှာ ဧယင်ကျူးတဲ့သူက ဘုန်းကြီး ဧယင်ပုခက်ပေါ်မှာ ပြင်ဆင်ထားတဲ့
ဘုန်းကြီးရုပ်ကလာဘ်ကို လက်နဲ့ လွှဲရင်း ဘုန်းကြီးနဲ့ ပါတ်သတ်သမျှကို
ကဗျာစာဖွဲ့ပြီး ငိုချင်းဖွဲ့ကြပါတယ်။

တချို့နိဗာန်ကျောင်းတွေကို
အောက်မှာဟသာင်္ သို့မဟုတ်နဂါးရုပ်ခံပြီး ဘုံအဆင့်ဆင့်နဲ့ ဆောက်တတ်ပါတယ်။
အဝေးကနေကြည့်ရင် ဘုန်းကြီး ပျံရှိတာ မြင်ရအောင့် မြင့်နိုင်သမျှအမြင့်ကို
ရအောင် ဆောက်ပါတယ်။

မြန်မာလူငယ်တော်တော်များများက
ခြင်းလုံးကစားရတာကို ဘောလုံးကစားရတာထက် အရင်က ပိုပြီး မက်မောကြပါတယ်။
ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူငယ်တွေ ဆုံဖြစ်ကြပြီဆို ခြင်းခတ်ကြတော့တာပါပဲ။
တောရွာတွေမှာဆို ညနေနေညိုချိန် လုံမပျိုလေးတွေ ရေခပ်ဆင်းလာကြပြီဆိုရင်
ကာလသားတစ်သိုက်ကလည်း ခြင်းဝိုင်းလုပ်ပြီး
သူ့ထက်ငါလူစွမ်းကောင်းပြတတ်ကြပါတယ်။

ဒီပုံလေးကတော့
နပန်းသတ်ပွဲပါ။ ရခိုင်လူမျိုးတွေရဲ့ ကျင်ကိုင်ပွဲလို့ခေါ်မယ်ထင်တဲ့
နပန်းပွဲနဲ့ဆင်ပါတယ်။ အဲဒီခေတ်က နပန်းသတ်တော့မယ်ဆိုရင် တင်ပါးပေါ်တဲ့အထိ
ခါးတောင်းကို မြှောင်နေအောင် ကျိုက်ကြတယ်။ ဘာနဲ့တူသလဲဆိုရင်
ဂျပန်ဆူနမိုသမားတွေ ၀တ်ထားသလိုပေါ့။ ဒါပေမယ့် မြန်မာလူမျိုးတွေက
သူ့ထက်ထက်စာရင် ကျစ်ကျစ်လစ်လစ်နဲ့ ပိုပြီး ကြည့်လို့ကောင်းမလားပဲ။

ကလေးတစ်သိုက်
ဂျင်ပေါက်တိုင်းဆော့နေကြတာ။ ဟိုးခေတ်ကတည်းက ဂျင်ပေါက်တဲ့ အလေ့အထက
ရှိနေပါပြီ။ ဒီဓါတ်ပုံထဲမှာဆို ကလေးနှစ်ယောက်က သူ့ဂျင်ကိုယ့်ဂျင်ကို
တိုက်ကြက်တွေလို သဘောထားပြီး ချနေတယ်။ ဘယ်ဘက်က ကလေးကလည်း
သူ့အလှည့်စောင့်ရင်း ပေါက်ဖို့ပြင်နေပါတယ်။

ဒီပုံလေးက
ကိုလိုနီခေတ်ဦးကာလက လို့ထင်ပါတယ်။ အဲဒီအချိန်တုန်းကတည်းက စက်ဘီးတွေ
ခေတ်စားလာပြီနဲ့တူတယ်။ ကလေးလေးတွေကို စက်ဘီးကိုယ်စီနဲ့
ပြိုင်ပွဲဝင်ခိုင်းနေကြတဲ့ ပုံပါ။ စက်ဘီးလေးတွေက ချစ်စရာကောင်းတယ်။
ရှေ့ဘီးက ပိုကြီးပြီး နောက်ဘီးနှစ်ဘီးက သေးပါတယ်။ နောက်ဘက်မှာတော့
မြန်မာကလေးငယ်လေးတွေ ထုံးစံအတိုင်း စောင့်ကြောင့်ထိုင်နေကြတယ်။

ဒီပုံကို
အားကစားပွဲလို့သာ မြင်တာ။ ဘယ်လိုမှန်းလဲတော့ မသိဘူး။ အုန်းသီးခွဲတဲ့
ပြိုင်ပွဲပါ။ ဓါးတစ်ချက်တည်းနဲ့ အုန်းသီးတစ်လုံးကို ထက်ပိုင်းကွဲအောင်
ခွဲနိုင်တဲ့ ပြိုင်ပွဲလို့ထင်ပါတယ်။ နောက်ပြီး ဘယ်နှစ်လုံးဆက်တိုက်
ခွဲနိုင်တာလဲ ပါမယ်ထင်တယ်။ အုန်းသီးခွဲနေတဲ့ လူရဲ့နောက်မှာ
ခါးတစ်ဖက်ထောက်ပြီး ရပ်နေတဲ့လူရဲ့ ပုဆိုးဝတ်ပုံကို ကြည့်ကြည့်ပါ။ ပုဆိုးက
ဝတ်ပုံက ၂၀၀၀ခုနှစ်တုန်းက ခေတ်စားခဲ့တဲ့ ကောင်လေးတွေရဲ
ပုဆိုးချက်ပြုတ် ၀တ်နည်းနဲ့မတူဘူးလား။

ဒီကစားနည်းနာမည်တော့
မေ့နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကုန်းပိုးပြီး အထုပ်ပစ်တိုင်း ကစားကြတာလေ။
ကုန်းပိုးတဲ့ ကောင်ကတော့ မစားသာပါဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့
အဲ့လိုကစားခဲ့ဖူးတယ်။

ရှေးခေတ်
မင်္ဂလာဆောင်တစ်ခုပါ။ သတို့သားက လက်ဝဲဘက်၊ သတို့သမီးက လက်ယာဘက် ထိုင်ကြတယ်။
ပုံထဲက အဆင်အပြင်အရဆိုရင် ကွမ်းအစ်နဲ့ လက်ဖက်ရည်ကြမ်းတစ်စုံက မင်္ဂလာပွဲအတွက်
အရေးပါတယ်လို့ ထင်ရပါတယ်။ နောက်ပြီး အမျိုးသားတွေ ၀တ်တဲ့ အ၀တ်အစားကို
သတိထားကြည့်ပါ။ အပေါ်ကြယ်သီး တပ်ရုံပဲ တပ်ထားတာ တွေ့နိုင်ပါတယ်။
မင်္ဂလာပွဲဆိုတာ မိစုံဖစုံ ရံရတယ် ဆိုပေမယ့် ဒီဓါတ်ပုံမှာတော့ သတို့သားဘက်မှာ
မိခင် မရှိတော့ဘူးလို့ ယူဆနိုင်၏။

ရှေးခေတ်
လှေထိုးသားတွေပါ။ ဗမာလူမျိုးအမျိုးသားတော်တော်များက
အပေါ်အကျီင်္ကပ်တယ်လို့ကို မရှိကြဘူး။ ဓါတ်ပုံထဲမှာဆို လက်နှစ်ချောင်းဆန့်ပြီး
ဒူးနှစ်ဖက်ထာင်ပြီး ထိုင်တတ်ကြတယ်။ အခုထက်ထိလည်း တော်တော်များများ အခုလို
ထိုင်နေကြတုန်းပါပဲ။ ဒါပေမယ့် ခေါင်းမှာတော့ ချည်ထည်ပုဝါလေးတော့
အမြဲပေါင်းတတ်ကြပါတယ်။

မိန်းကလေးတော်တော်များများက
မိုးရာသီကျတာနဲ့ အိမ်တွေကို အမိုးမိုးဖို့ သက်ကယ်ရက်ကြပါတယ်။
(သက်ကယ်ရက်လျင် ဓနိရွက်၊ အုန်းရွက်တွေ သုံးတယ်လို့ ထင်ပါတယ်)

တစ်ယောက်က ဆန်ပြာပြီး၊ နောက်တစ်ယောက်က ဆန်ထောင်းနေပုံပါ။

ဒီပုံလေးကတော့
ဖျာရက်နေပုံပါ။ (သင်ဖြူးဖျာတော့ မဟုတ်ပါဘူး၊ အုန်းရွက်လို
အရွက်တစ်မျိုးကို သုံးတာပါ။ အဲဒီဖျာက အနည်းငယ်ကြမ်းပြီး ရက်ပြီးကာစမှာ
စိမ်းဖျော့ဖျော့အရောင်ပါ။ ကြာလာရင် အ၀ါရောင်သမ်းသွားပါတယ်။ သင်ဖြူးဖျာလောက်
တာရှည်မခံပါဘူး၊ ဖျာနာမည် မေ့နေလို့ သိရင် ပြောကြပါ)

ဆီထောင်းနေတယ်လို့ထင်ပါတယ်။
ပုဂံနဲ့ ပုပ္ပါးပတ်ဝန်းကျင်မှာ အခုလို ဆီကြိတ်တာကို တွေ့နိုင်ပါသေးတယ်။ လူက
အလယ်က ရပ်ပြီး မြေပဲတို့ဘာတို့ကို ထည့်ပေးရတယ်။ နောက်တော့ နွားနဲ့
ဆီဆုံကို လှည့်ပါတယ်။ အခုလို ဆီဆုံနဲ့ နွားနဲ့ ဆက်သွယ်ထားတဲ့
မောင်းတံပေါ်မှာတော့ ကလေးတွေ၊ လူငယ်တွေ ထိုင်စီးပြီး ဆော့လေ့ရှိကြ၏။

ဘုရားဆင်းတုတော် သွန်းလုပ်နေကြပုံ

ပန်းယွန်းလို့ခေါ်သည့် ရှေးခေတ် ယွန်းထည်လုပ်ငန်း

ထီးလုပ်ငန်း

စဥ့်အိုးစဥ့်ထည်တွေ ရောင်းချရာ ဈေးဆိုင်တစ်ခု။

အိုးလုပ်ငန်းတစ်ခု၊

ဒီဓါတ်ပုံလေးကတော့ စဥ့်ထည်ပြုလုပ်နေပုံလို့ ယူဆပါတယ်
ပန်းပုထုနေပုံပါ။

ချစ်တီးကုလားလူမျိုးတွေပါ။

ဈေးလှည့်ရောင်းနေသည့်
အမျိုးသားအထမ်းသည် တစ်ယောက်ပေါ့။ ရှေးခေတ်အမျိုးသားတော်တော်များများက
အေပၚအက်ီၤမ၀တ္ရံုသာမကဘူး။ တင်ပါးလုံးလုံးပေါ်တဲ့ အထိ ခါးတောင်ကို
မြှောင်နေအောင် ကျိုက်ထားတတ်ကြတယ်။ တချို့ကလည်း တင်ပါးအထိရောက်အောင်
ထိုးထားတဲ့ ထိုးကွင်းမှန်ကြောင်ပြချင်လို့လဲ ဖြစ်ကောင်း ဖြစ်မယ်။ ဒါမှမဟုတ်
ဒီလိုဝတ်တတ်ကြတာ အကျင့်ဖြစ်နေတာလဲ ဖြစ်မယ်။ ဒီပုံထဲက ကော့ပျံနေတဲ့
ထမ်းပိုးကို တော်တော်သဘောကျမိတယ်။

နောက်ထပ်အားကောင်းမောင်းသန်
ပန်းပဲ ဆရာပေါ့။ သူလည်းပဲ ခါးတောင်းမြှောင်အောင် ကျိုက်ထားပါတယ်။ ဒီလိုဗလ၊
ဒီလို ခါးတောင်ကျိုက်ပုံအရ ဆိုလျင် အနောက်နိုင်ငံသုံး Sexy ဆိုတဲ့
စကားလုံးကို မြန်မာမှုပြုထားတဲ့ လွိင်ဆွဲဆောင်နိုင်အားကောင်းတယ်လို့
သုံးရင်ရနိုင်မလားပဲ။ အခုခေတ် ယောက်ျားလေးတွေနဲ့ တခြားစီပါပဲ။

ပန်းပဲလုပ်ငန်း

ဓါးသွေးလုပ်ငန်းလို့ ထင်ပါတယ်

ပဲခူးမြို့က ဈေးတန်းတစ်ခုလို့ ဖတ်ရပါတယ်။ အခုလိုဈေးတန်းလို အခင်းအကျင်းတွေ မြန်မာပြည်အနှံ့အပြားမှာ တွေ့နိုင်ပါသေးတယ်။

ရှေးခေတ် ဖိနပ်လုပ်ငန်း

ပန်းထိမ်လုပ်ငန်း