9th July - MoeMaKa Daily

5 views
Skip to first unread message

Maung Yit

unread,
Jul 9, 2012, 3:33:24 AM7/9/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka

ကာတွန်း မောင်ရစ် - အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး၊ ပြီးတော့ အကြံပေးခန့်၊ ပြန်ပြင်လို့ မရပေဘူး (ခေတ်သစ်စာချိုး)
ဇူလိုင် ၉၊ ၂၀၁၂
Posted by MoeMaKa at 12:17 AM 0 comments

Tu Maung Nyo - ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုသည်မှာ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုသည်မှာ
တူမောင်ညို ။ ဇူလိုင် ၉၊ ၂၀၁၂


“ပြည်ထောင်စု” ဟူသောမြန်မာဘာသာစကားလုံးတွင် တူညီကြသော် အင်္ဂလိပ်ဘာသာနှင့် ကိုင်စွဲကြသည့် အနှစ်သာရအပိုင်း သဘောတရားရေးအပိုင်းတွင်မူ ပြက်ပြက်ထင်ထင်ကွဲလွဲနေကြပါသည်။ အင်္ဂလိပ်ဘာသာစကားလုံးတွင် အုပ်စိုးသူများဘက်က (Union)  ဟူသောစကားလုံးကို သုံး၍ တိုင်းရင်းသားအင်အားစုများဘက်က (Federal)ဟု တစ်သမတ်တည်းသုံးစွဲခဲ့ကြသည်။


၂၀၁၂ ခုနှစ်၊ မေလ ၃ ရက် တွင်ထုတ်ပြန်ခဲ့သော နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ( ၁၂/၂၀၁၂) ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း ဆိုသည့်  ကြေညာချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ တာဝန်များအဖြစ် အောက်ပါအတိုင်း (က) နှင့် (ခ) ဟူ၍ ၂ပိုင်းခွဲပြီး ဖေါ်ပြထားပါသည်။
(က) ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း
(ခ) ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း

ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း တွင် လုပ်ငန်းတာဝန် (၅) ပါရှိပြီး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း တွင် လုပ်ငန်းတာဝန် (၈) ရပ်ပါရှိပါသည်။ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်းတွင် တိုင်းရင်းသားလက်နက်အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ပဏာမသဘောတူညီချက်လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။
 (KIO/KIA)အဖွဲ့နှင့်မူ ယနေ့အချိန်အထိ မည်သည့် သဘောတူညီမှုမျှမရရှိသေးဘဲ၊ ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်ပါသည်။
အထက်တွင်ဖေါ်ပြခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ တာဝန် (က) နှင့် (ခ) ကို  ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ သမ္မတအိမ်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမ အကြိမ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်တွင် လုပ်ငန်းတာဝန် ၅ ရပ်နှင့် ပြည်ထောင်စုအဆင့်တွင်လုပ်ငန်းတာဝန် ၈ ရပ်တို့ကို မူဝါဒ အဖြစ်ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း” ဟူ၍ ထည့်သွင်းပြောကြားခဲ့ပါသည်။
ကျွန်တော့်အနေဖြင့် ဤဆောင်းပါးတွင်  အဆိုပါ မူဝါဒ အဖြစ်ချမှတ်ပေးထားသည့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်းလုပ်ငန်း ၂ ခုအနက်မှ  ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း အပိုင်းတွင် ပါဝင်သည့် လုပ်ငန်းတာဝန်ကို ၈ ရပ်ကို တစ်ခုချင်းစီ အလိုက် လေ့လာတင်ပြသွားပါမည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က မူဝါဒအဖြစ် ချမှတ်ပေးထားသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းတွင် လုပ်ငန်း တာဝန် ၈ ရပ်ပါရှိပါသည်။ ၄င်းတို့မှာ -

၁။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး
၂။ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရေး
၃။ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး
၎။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး
၅။ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး
၆။ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့်ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများသဘောတူဆန္ဒနှင့် အညီ ဆောင်ရွက်ရေး၊
၇။ ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊
၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်း ဆောင်ရွက်ရေ

၁။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး
ဤအချက်၏ အနှစ်သာရနှင့် လိုရင်းသဘောမှာ ပြည်ထောင်စုမှ “ခွဲမထွက်ရ” ဟူသည့်သဘောသာဖြစ်ပါသည်။ ဤအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊  ပုဒ်မ ၁၀ အဖြစ်ထည့်သွင်း ပြဋ္ဌာန်းထားပြီးပါသည်။
တစ်ချိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) အခန်း (၁၀) ပုဒ်မ ၂၀၀ တွင်ဖေါ်ပြထားသည့်  “ခွဲထွက်ခွင့်”မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပါရှိသော တရားဝင်ပြဋ္ဌာန်းထားသည့် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ပင်လုံစာချုပ် ချုပ်ဆိုစဉ်ကပါရှိခဲ့သော အချက်အလက် လည်းဖြစ်ပါသည်။
“ပြည်ထောင်စု” ဟူသောမြန်မာဘာသာစကားလုံးတွင် တူညီကြသော် အင်္ဂလိပ်ဘာသာနှင့် ကိုင်စွဲကြသည့် အနှစ်သာရအပိုင်း သဘောတရားရေးအပိုင်းတွင်မူ ပြက်ပြက်ထင်ထင်ကွဲလွဲနေကြပါသည်။ အင်္ဂလိပ်ဘာသာစကားလုံးတွင် အုပ်စိုးသူများဘက်က (Union)  ဟူသောစကားလုံးကို သုံး၍ တိုင်းရင်းသားအင်အားစုများဘက်က (Federal)ဟု တစ်သမတ်တည်းသုံးစွဲခဲ့ကြသည်။
ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်နယ်ပေါင်းစုပြည်ထောင်စုဟူ၍ပင် ကွဲပြားအောင်ပင် ရေးသားပြောဆိုဖေါ်ပြခဲ့ကြပါသည်။ အုပ်စိုး သူများဘက်က ဖက်ဒရယ် ဆိုလျှင် ခွဲထွက်ရေးဟုသာ သရုပ်ဖျက်ဝါဒဖြန့်ခဲ့ကြသည်။ ဖြန့်နေဆဲဖြစ်သည်။
 ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၈ တွင် “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” ဟုမြန်မာ ဘာသာဖြင့်ရေးသားပြီး၊ အင်္ဂလိပ်ဘာသာတွင်မူ The Union is constituted by the Union system ဟုရေးသားပါသည်။ ဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုနေသူများ သတိပြုဆန်းစစ်ကြရန်ဖြစ်ပါသည်။

၂။ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို သဘောတူရေး
            ဤအချက်မှာ (နဝတ-နအဖ) စစ်အစိုးရ စီမံဖော်စပ်ခဲ့သော “ဒို့တာဝန်ရေး ၃ ပါး” ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၈၃ တွင် ထည့်သွင်းပြဋ္ဌာန်းထားသည့်အချက်လည်းဖြစ်ပါသည်။

၃။ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး
            ဤအချက်ကလည်း ဗိုလ်ခင်ညွန့်နဲ့ထောက်လှမ်းရေးမိုးကောင်းခဲ့စဉ်လုပ်ခဲ့သည့်နည်းကိုခွင့်မပြု၊ “ဥပဒေနှင့်အညီ” လုပ်ရမည် ဟုကိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာသူတို့အုပ်ချုပ်မှု ဘောင်အတွင်းက လုပ်ရမည်၊ ခွင့်ပြုချက်ယူရမည်၊ ခွင့်ပြုသည့်လုပ်ငန်းကိုသာ လုပ် ရမည်ဟူ၍ဖြစ်သည်။ နှစ်ဖက်ပူးတွဲဆောင်ရွက်ရမည်ဟုလည်းဆိုထားသည်။ ပြည်နယ်အဆင့်တွင် “ဆက်ဆံရေးစခန်း” ဟုသာသုံးပါသည်။ တစ်ချိန်က“ဆက်ဆံရေးရုံး” ဟူ၍သုံးခဲ့ပါသည်။
 တစ်ဖက်နှင့်တစ်ဖက် အခြေအနေနှင့်ဆက်ဆံမှုများ၏ သဘောထား အတိမ်အနက်နှင့်ဒီဂရီတို့ကို စူးစမ်းကြရာတွင်  ဝေါဟာရ နှင့် စကားလုံးသုံးစွဲမှုများကိုလည်းအလေးထား သတိပြုသင့်ပါသည်။

၎။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး
            ဤအချက်သည် မူးယစ်ဆေးဝါးနှင့်မကင်းရာမကင်းကြောင်းရှိကြသည့် အဖွဲ့များကို ချည်ပြီးတုတ်ပြီးလုပ်သည့် အချက်ဖြစ်ပါ သည်။ မူးယစ်ဆေးဝါးလုပ်ကြောင်း ဝန်ခံပြီး /ဖျက်သိမ်းရေးလုပ်ကြသည့်သဘောဖြစ်သည်။
 ဘိန်းဘုရင်ခွန်ဆာကို “လွတ်ငြိမ်းချမ်းသာခွင့်” ပေးနိုင်ခဲ့ကြသော စစ်အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒပြသော ကျောင်းသားများ အပေါ်မပြေနိုင်သော အညှိုးအာဃာတဖြင့် ဘယ်ခေတ်မှာမှ မကြုံဖူး မကြားဖူးသည့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ မိသားစုနှင့် ဝေးရာထောင်များသို့ ရွှေ့ပြောင်းပစ်ခဲ့သည်။ “လွတ်ငြိမ်းချမ်းသာခွင့်” မပေးခဲ့ချေ။ နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်အရ အကျဉ်းကျ ခံရသူဟူ၍ပင် သဘောမထားနိုင်ခဲ့။  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်မှုကြွေးကျန်ဖြင့်သာလွှတ်ပေးခဲ့သည်။

၅။ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး
ဤအချက်သည် အဆင့်များကို ကျော်၍ပြောသောအချက်ဖြစ်ပါသည်။ ပါတီထောင်ရန်အတွက်မူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများအရတည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်များကို တဆင့်ပြီးတဆင့် လျှောက် ထားကြ ရမည်။နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်လျှောက်ထားမည်ဆိုလျှင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်းလိုက်နာပါမည်ဟူသော ဝန်ခံချက်ကို လက်မှတ်ရေးထိုးကြရမည်ဖြစ်သည်။
ပုဒ်မ ၆ တွင် အချက် (၆) ပါရှိပါသည်။ အဓိကအချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဟူသော အချက်ဖြစ်ပါသည်။ သို့အတွက် ဦးစွာအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံမှသာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်များ လျှောက်ထားနိုင်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖြစ်ပေါ်လာရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သော  ဒေါက်တာတူးဂျာ၏ နိုင်ငံရေးပါတီ ထူ ထောင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့မှုများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုံးဝခွင့်မပြုခဲ့သဖြင့် အချည်းအနှီးဖြစ်ခဲ့ရသည်များကို လည်း သတိပြုကြရပါမည်။ ဒေါက်တာတူးဂျာအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ်ပင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ ချေ။ လုံခြုံရေးအကြောင်းပြပြီး မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပခြင်းကိုရွေ့ဆိုင်းပစ်ခဲ့သည်။

၆။ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများသဘောတူဆန္ဒနှင့်အညီ ဆောင် ရွက်ရေး၊
ဤအချက်တွင် ဦးသိန်းစိန်အစိုးရသည်  အခြားသောအချက်များကဲ့သို့ ဝေ့ဝိုက်နေခြင်းမရှိဘဲ၊ ဒဲ့ဒိုးပြောလိုက်သည့်အချက်ဖြစ်ပါ သည်။
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံရမည်။
- လွှတ်တော်ပြင်ပတောင်းဆိုနေသည့် အခြေခံဥပဒေပြင်ဆင်ရေးကို မည်သို့မျှ လက်မခံဟု ဆိုလိုခြင်းဖြစ်သည်။

၇။ ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊
            ဤအချက်ကလည်း အထက်က အချက် ၆ ကို သေချာအောင်ထပ်ပြောဆိုခြင်းနှင့် အချက် ၈ အတွက် ကြိုတင်လေပြေထိုး ခြင်းဖြစ်သည်။ ချွင်းချက်ထားရှိမည်မဟုတ်။ အပြီးအပိုင်တပ်ဖွဲ့ဖျက်သိမ်းပြီး လက်နက်အပ်ကြရမည်ဟူသောအချက်ကိုပြောခြင်းဖြစ်သည်။

၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး
            ဤအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၃၈ “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်” ဟူသော ပြဋ္ဌာန်းချက် ကို အတိအလင်းရည်ညွန်းခြင်းပင်ဖြစ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်ပါအချက်ကိုထည့်သွင်းပြောကြားခဲ့ပါသည်။
“တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးသည့် ဥပဒေအရပြဋ္ဌာန်း ထားသော တန်းတူရည်တူအခွင့်အရေးများနှင့် အခြားသော တိုင်းရင်းသားအခွင့်အရေးများကို လွှတ်တော်မှလေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌာန်းပေးမည်ဆိုပါက မိမိတို့တာဝန်ယူဆောင် နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ အလျှင်အမြန်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း” ဟူ၍ဖြစ်ပါသည်။
ဥပဒေအရ ပြဋ္ဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများ နှင့် အခြားသော တိုင်းရင်းသားအခွင့်အရေးများ” ဆိုသည်မှာ အဘယ်နည်း။ ဤကိစ္စကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းထုတ်ကြရပါမည်။

ခြုံငုံသုံးသပ်ရသော်

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေး မူဝါဒလုပ်ငန်းတာဝန်များ ၈ ရပ် ၏ ရည်ရွယ်ချက်သည်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်ခံရေးသာဖြစ်ပါသည်။ သို့အတွက် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း အောင်မြင်မှု/မအောင်မြင်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို လက်နိုင်မှု/လက်မခံနိုင်မှုဆိုသည့် အချက်ပေါ်တွင် သာ အဓိက တည်မှီနေပါသည်။ ဖြစ်ထွန်းလာမှုများကို စောင့်ကြည့်လေ့လာကြရပါဦးမည်။
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက်  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး “လုပ်ငန်းကော်မတီ” သည် အထက်တွင်တင်ပြခဲ့သည့် မူဝါဒလုပ်ငန်းတာဝန်များကိုကိုင်စွဲလျက် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးကြရမည်။
            ဆွေးနွေး ရရှိလာသည့်အချက်များကို အချိန်နှင့်တပြေးည ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး “ဗဟိုကော်မတီ ” ထံ တင်ပြ အစီရင်ခံကြရမည်ဖြစ်သည်။
 နှစ်ဖက်ဆွေးနွေးမှုနှင့်စပ်လျဉ်းပြီး  အပြီးသတ်ဆုံးဖြတ်ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး “လုပ်ငန်းကော်မတီ” က ချမှတ်ခွင့်ရှိသည်မဟုတ်။ အပြီးသတ်ဆုံးဖြတ်ချက်မှန်သမျှကို သမ္မတဦးသိန်းစိန်ဥက္ကဋ္ဌအဖြစ်ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး “ဗဟိုကော်မတီ” ကသာ ချမှတ်ပေးမည်ဖြစ်ပါသည်။
အသေအချာစိစစ်ကြည့်လျှင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး“ဗဟိုကော်မတီ” ဆိုသည်မှာ  နိုင်ငံခြားရေးဝန်ကြီး မပါ သည့် “အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ” ပင်ဖြစ်ပါသည်။

ညွန်း
- နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ( ၁၂/၂၀၁၂) (၁၉ မေ ၂၀၁၂ မြန်မာ့အလင်းသတင်းစာ)
- ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး (၄ ဇူလိုင် ၂၀၁၂ မြန်မာ့အလင်းသတင်းစာ)
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ
Posted by MoeMaKa at 12:05 AM 0 comments
Labels: Op-Ed, Tu Maung Nyo

Sunday, July 8, 2012

Local Announcement,

နောက်ကြည့်မှန် စာအုပ်မိတ်ဆက်
မိုးမခ
ဇူလိုင် ၉၊ ၂၀၁၂



ကိုမင်းကိုနိုင်ရေးသားထားပြီး အရှေ့ကြယ်စာပေတိုက်မှထုတ်ဝေမည့် နောက်ကြည့်မှန် စာအုပ်မိတ်ဆက်ပွဲ နှင့် စာရေးသူအမှတ်တရလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင် ၁၅၊ ၂၀၁၂ (တနင်္ဂနွေ) နေ့မှာ ရန်ကင်းစင်တာမှာ နေ့လည် ၁၁ နာရီမှ ၁ နာရီထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဇူလိုင် ၁၆၊ ၂၀၁၂ မှာတော့ မန္တလေး DNG Food Center မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
Posted by Aung Htet at 11:29 PM 0 comments

Kama Pale - မျှော်မနေတော့တဲ့ ကိစ္စ


မျှော်မနေတော့တဲ့ ... ကိစ္စ
ကမာပုလဲ၊ ဇူလိုင် ၉၊ ၂၀၁၂

ခုတလော
ဟိုတုန်းကလို
အမေရိကန် မရိန်းတပ်ကြီးကို မမျှော်တော့ဘူး ...။

အာရှ ပစိဖိတ်ဒေသကို
အမေရိကန်ရေတပ်ကြီး လာနေတယ်
ဒီတော့
လက်ယပ်ခေါ် မျှော်နေဖို့ မလိုတော့ဘူးပေါ့ ...။

လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာပဲ
တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှု လုပ်တယ်
ရန်သူ့ ပစ်မှတ်တွေကို ဒုံးလက်နက်တွေနဲ့ ပစ်တယ်
ဒါ ... ဆန်းတဲ့ကိစ္စမှ မဟုတ်တာ
ပြုနေကျ ကိစ္စပဲ
အဲ ... တခုထူးခြားတာက
သူတို့ရဲ့ ပစ်မှတ်ဟာ
မြောက်ကိုရီးယား အလံ ဖြစ်နေတာပဲ ...။

မီးမွှေးတာလား
ရန်စတာလား
ဒါ ... သူတို့ကိစ္စ
ဒုတိယ ကမ္ဘာစစ်မတိုင်မီက
ဆိုဗီယက်ရုရှကို တိုက်မယ်ဆိုပြီး
ဗာဆိုင်းစာချုပ်ကို ဆုတ်ဖြဲခဲ့တဲ့
အဓိပတိ ဟစ်တလာကို သတိရမိလိုက်တာပါပဲ ...။

ခုဆို
ဆဒန်ဟူစိန် သေပြီ
ကဒါဖီ သေပြီ
အိုစမာဗင်လာဒင် သေပြီ
သိတယ်မလား
ဒီမှာက
နောက်ကြောင်းပြန် မလှည့်တော့ဘူး
စစ်ခေါင်းဆောင်ဟောင်းကြီးတွေကိုလည်း
နောက်ကြောင်းပြန် ဥပဒေတွေနဲ့
ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေကို
အရေး ပြန်မယူရတော့ဘူး
ကဲ ... ဘယ်လောက် မိုက်သလဲ
ဘုရားသခင်ရဲ့
ကံ ... ကံ၏ အကျိုး တရားကိုတောင်
ခေတ်နဲ့ လျော်ညီ ... ပြုပြင်လိုက်ကြတာ ...။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး နယ်မြေတွေမှာ
အပစ်အခတ်တွေ ရပ်စဲနေခဲ့ပြီ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကလည်း
လွန်းပျံ ကျင်းပနေကြတာ
ဟင်နရီ ကစ်ဆင်းဂျားတောင် လိုက်မမီနိုင်တော့ဘူး
အဲ …
တိုက်ပွဲတွေ ပြန်ဖြစ်တာ
ဒုက္ခသည်တွေ တိုးတိုးလာနေတာတော့ ရှိရဲ့
ဒါကလည်း
အပေါ်က ပြောင်းလဲနေတာကို
အောက်ခြေက နားလည်မှုလွဲ
နှစ်ဘက် စစ်ဦးကျွံကြလို့ ဖြစ်တယ်
ဘာဖြစ်တယ် ... ညာဖြစ်တယ်ပေါ့
အောက်ခြေတပ်တွေဟာ
အတော့်ကို စစ်သွေးကြွနေကြပုံပဲ ...
ဘာပဲ ဖြစ်ဖြစ်လေ
ဘယ်တော့မှ နောက်ပြန် မလှည့်တော့ပါဘူး
တကယ့်ကို ဘုရားစူးရစေရဲ့ ...။

ခုတလောမှာ
အမေရိကန် မရိန်းတပ်ကြီးကို မျှော်မနေတော့ဘူး
သူ့ဖာသူ
လာချင်ရင်လည်း အနီးကလေး
ဒီမှာ …
၂၀၀၈ စစ်အခြေခံ ဥပဒေကြီးက
ရုပ်သေး အစိုးရတရပ်နဲ့
လွှတ်တော်ထဲမှာ ... ခိုင်နေပြီ ...။     ။

၀၅၊ ၀၇၊ ၂၀၁၂။
Posted by MoeMaKa at 10:04 PM 0 comments
Labels: Kamar Pale, Poems

8th Juy MoeMaKa Radio

ဇူလိုင် ၈ ၊ မိုးမခရေဒီယို
ကိုယ်ကောင်း ခေါင်းမရွေ့ – ဦးပန်တျာ
သတင်းတိုထွာ
ရခိုင်အရေး အလှူပေး – ရခိုင်တေး
ပြည်တော်ပြန် စု ကိုယ်တိုင်ပြော သတင်းစာရှင်းလင်းပွဲ
ဖြတ်လေးဖြတ် ဆိုတဲ့ အယ်ဒီတာ့လက်ရေး – မောင်ရစ်၊ မိုးမခ
ရွှေလုံး၊ မိုးမခ အထူးသတင်းများ
ဇေယျာသော်သတင်းနဲ့ သူ့သီချင်း
သြစတြေးလျ ကာဘွန်တက်စ် – နန်းသုသုခင်
အင်န်အယ်ဒီ အယ်လ်အေ သဘောထားကြေညာချက်၊ ဆစ်ဒနီ
ကမ္ဘာကျော် မြန်မာ့ခေါင်းလောင်းကြီးများ ရာဇ၀င်
ပြည်တော် မ၀င်သင့်စာ ၃ စောင်
အထူးကဏ္ဍ – အမျိုးသမီးတွေ ရှေ့ထွက် “စု” စကား
သြစတြေးလျနိုင်ငံ ပညာရေးကို လေ့လာသူဒေါ်အေးအေးသင်းနဲ့ တွေ့ဆုံခြင်း – နှင်းမြတ်ခိုင်
စီစဉ်သူများ – ဦးပန်တျာ၊ သံစဉ်ရတနာ၊ နန်းသုသုခင်
မိုးမခ
Posted by MoeMaKa at 9:48 PM 0 comments
Labels: Radio Program

SF Burmese Community - ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုတို့၏ ရခိုင်ပြည်သူများကူညီရေး ရန်ပုံငွေပွဲ အောင်မြင်

ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုတို့၏ ရခိုင်ပြည်သူများကူညီရေး ရန်ပုံငွေပွဲ အောင်မြင်
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၉၊ ၂၀၁၂

            ယမန်နေ့က ကျင်းပသည့် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာကွန်မြူနီတီ စုပေါင်းကျင်းပသည့် မီးဘေးသင့်ရခိုင်ပြည်သူများ အားပေးကူညီရေး ရန်ပုံငွေ ဈေးရောင်းအလှူပွဲကို နယူးအခ်ပါဗီလျံ ကွန်မြူနီတီရိပ်သာ ရင်ပြင်မှာ ကျင်းပခဲ့သည်။ အလှူရှင် မုန့်ဈေးဆိုင်ပေါင်း ၃၀ ခန့်နှင့် စေတနာရှင် ဧည့်သည်တော်များ ရပ်နီး ရပ်ဝေးမှ  ပရိသတ် ၈၀၀ ခန့် လာရောက် အားပေးကြသည်ကို တွေ့ရသည်။ အလှူငွေများအားလုံးကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှတဆင့် ရခိုင်ပြည်သူများသို့ လှူဒါန်းမည် ဖြစ်သည်။

            စားသောက်ဖွယ်ရာမျိုးစုံသည့်အပြင် စေတနာရှင်မုန့်အလှူရှင်များက ဖွယ်ဖွယ်ရာရာ ပြင်ဆင်ရောင်းချသဖြင့် ဧည့်ပရိသတ်မှာ တထိုင်တည်း စားသောက်ကြသည့်အပြင် အိမ်ပြန်လက်ဆောင်အဖြစ် အစားအစာများကို ထုပ်ပိုးဝယ်ယူသွားကြသည်ကို တွေ့ရသည်။ ဒေသခံ လုပ်အားပေး လူငယ် မောင်မယ်တို့က ဧည့်ပရိသတ်တို့နှင့် အလှူရှင်တို့အတွက် လိုအပ်သည်များကို တက်ကြွစွာ ၀ိုင်းဝန်းကူညီကြသည်ဟု ဆိုသည်။ မနက် ၁၀ နာရီခန့်က စတင်ခဲ့ရာ နေ့ခင်း ၂ နာရီခန့်တွင် စားသောက်ဖွယ်ရာများ အကုန်နီးပါး ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ ကောက်ခံရရှိမှု အမေရိကန် ဒေါ်လာ ၁ သောင်း ၀န်းကျင်ရရှိသည်ဟု သိရှိရသည်။ အများပြည်သူကောင်းမှုအဖြစ် အလှူငွေစာရင်းကို ထုတ်ပြန်ပြီး လှူဒါန်းသွားမည်ဟု ဆိုသည်။

            ဈေးရောင်းချသူများအနက် အချို့ မုန့်ဈေးဆိုင်အလှူရှင်အချို့က မြန်မာပြည်အရေးကူညီရန် စိတ်ထက်သန်လွန်း၍သာ ဈေးရောင်းခြင်း ဖြစ်ကြောင်း၊ အများစားသောက်ရန် ချက်နည်း ပြုတ်နည်း အတွေ့အကြုံ မရှိကြောင်း၊ တတ်နိုင်သလောက် ၀ိုင်းဝန်း ချက်ပြုတ်ရောင်းချကြပြီး စေတနာရှင်များက အားပေးကြသဖြင့် ၀မ်းသာအားရဖြစ်မိကြောင်း ပြောကြားသည်။
             “ကျနော်တို့မိသားစုက ယူကျ (youtube)  ပေါ်ကနေပြီး မြန်မာစာချက်နည်းပြုတ်နည်းကို လေ့လာလိုက်တယ်။ အဲသည်အတိုင်း ပြင်ဆင်ပြီး လာရောင်းကြတာ။ စေတနာအကျိုးပေးတော့ နှစ်သက်ကြတယ်” ဟု အလှူရှင်တဦးက ပြောကြားသည်။

Posted by MoeMaKa at 9:47 PM 0 comments
Labels: News in Photos

U Thet Tun passed away (Hot News Journal)


အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း (အသက် ၈၆ နှစ်)  သည် ၅.၇.၂၀၁၂ ညပိုင်းက ရန်ကုန်မြို့ အာရှတော်ဝင်အထူး ကုဆေးခန်းတွင် ကွယ်လွန်သွား သည်။
““ဗုဒ္ဓဟူးနေ့က ည ၇ နာရီ ၅၀ လောက်က အာရှတော်ဝင် ကြပ်မတ်ဆောင်မှာ ဆုံးသွားပါ တယ်၊ ဆရာကြီးက ပရက်ရှာ (သွေးပေါင်)လည်း ကျတယ်၊ ဆီး ချိုလည်း တက်တယ်၊ အကောင်း ကြီးကနေ ထဖြစ်သွားတာပါ၊ သင်္ဂြိုဟ်မယ့်အစီအစဉ်ကတော့ မသတ်မှတ်ရသေးပါဘူး””
ဟု ဦးသက်ထွန်း၏ သားတပည့်တစ် ဦးဖြစ်သူကိုခန့်ချောမောင်ထံမှ သိရသည်။ဦးသက်ထွန်း၏ ရုပ်ကလာပ်  ကို ထိန်ပင်သုဿာန်သို့ပို့ဆောင်   ထားကြောင်း၊ ဈာပနအခမ်းအနား အစီအစဉ်ကိုမူ ဗြိတိန်နိုင်ငံလန်ဒန်  မြို့တွင်နေထိုင်သည့်သားအကြီး ဖြစ်သူရောက်ရှိလာမှစီစဉ်မည်   ဖြစ်ကြောင်းလည်း သိရသည်။
ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာဆရာ မောင်ဝံသက
 ““ဆရာဟာ အသက်  ကြီးကာမှ စာပေများ ဖိရေးပြီး လူချွန်လူမွန်မျိုးဆက်လက်ဆင့်ကမ်း  သွားတယ်လို့ ကျွန်တော်နှမျောတ  သစွာပြောချင်ပါတယ်””ဟု ပြော သည်။
 ဆရာမောင်ဝံသထုတ်ဝေ   နေသော အတွေးအမြင်စာစောင်   တွင် ဦးသက်ထွန်း၏ အတ္ထုပ္ပတ်္တိ ကို အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ဖြင့် လက်ရှိဖော်ပြနေဆဲဖြစ်ရာ မပြီးဆုံးခင်ကွယ်လွန်သွားခြင်းဖြစ် ကြောင်း၊ ထို အတ္ထုပ္ပတ်္တိကို စာအုပ်   အဖြစ်ပုံနှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း လည်း ဆရာမောင်ဝံသကဆက် လက်ပြောပြသည်။ 
ဦးသက်ထွန်း သည် သံအမတ်ကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် စာပေ ရေးသားခြင်းကို ဇောက်ချလုပ်ကိုင် ခဲ့ရာ အတွေးအမြင်စာစဉ်၊ ပြည်သူ့ ခေတ်ဂျာနယ်စသည့်မြန်မာစာနယ် ဇင်းများတွင် မကွယ်လွန်ခင်အထိ  အဆက်မပြတ်ရေးသားခဲ့သည်။ထို့အပြင် သံတမန်အတွေ့ အကြုံနှင့် ပတ်သက်သော ““သံတို့  အမြင် (အင်္ဂလိပ်+မြန်မာ)”” ““မြန်မာ  တစ်ဦး၏ ကမ္ဘာ့အမြင်”” စသည့်  စာအုပ်များ၊ နိုင်ငံရပ်ခြားအတွေ့ အကြုံများ၊ သူတို့အကြောင်းတ စေ့တစောင်း၊ ဟာသဟင်းလေး အိုးစသည့်စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ 
သံအမတ် ကြီးဦးသက်ထွန်းသည် ၁၉၇၅ မှ ၁၉၇၈ အထိ ပြင်သစ်၊ ဆွစ်ဇာလန် နှင့် စပိန်နိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီး၊ ယူနက်စ်ကို ဆိုင်ရာ  အမြဲတမ်းကိုယ်စားလှယ်နှင့် ကုလ   သမဂ္ဂလက်နက်ဖျက်သိမ်းရေး ကော်မတီကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။ 
၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့ယူနက်စ်ကို ဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာန  ခွဲညွှန်ကြားရေးမှူးအဖြစ်လည်း ထမ်းရွက်ခဲ့သည်။ ၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသားစီမံကိန်း  ၀န်ကြီးဌာနဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာနခွဲ၌ ညွှန်ကြားရေး မှူးချုပ်အဆင့်အထိတာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း နိုင်ငံ တော်က ချီးမြှင့်သော ၀ဏ္ဏကျော် ထင်ဘွဲ့ကိုလည်းရရှိခဲ့သည်။ထွန်းဖောင်ဒေးရှင်းဘဏ်၌  ဒါရိုက်တာ မြန်မာနိုင်ငံသမိုင်းအဖွဲ့ ၌ အချိန်ပိုင်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံ  ဂျပန်ပြန်ပညာသင်ဟောင်းများ အသင်း၏ ဥက္ကဋ္ဌအဖြစ်ကွယ်လွန်  ချိန်အထိဆောင်ရွက်ခဲ့သည်။ဦးသက်ထွန်းကွယ်လွန်ချိန် တွင် လန်ဒန်မြို့၌နေထိုင်သော  သားကြီးကိုစိုးမင်းထွန်းနှင့် ရန်ကုန်   မြို့ရှိသားအငယ်ကိုလင်းဝင်းထွန်း တို့ နှစ်ဦးကျန်ရှိခဲ့သည်။ ဇနီးဖြစ် သူဒေါ်ခင်ခင်အုန်းမှာ ပြီးခဲ့သည့်  ဖေဖော်ဝါရီလ အတွင်းက ကွယ်လွန်ခဲ့သည်ဟု သတင်းရရှိ  သည်။
ဇာင်းချမ်း ( Myanmar Hot News Journal)
(Photo - MoeMaKa)

Posted by MoeMaKa at 2:54 PM 0 comments

Than Win Hlaing - Articles

သမိုင်းတကွေ့မှ ရဲဘော်သုံးကျိပ် ဗိုလ်ဗလ
သန်းဝင်းလှိုင်
ဇူလိုင် ၈၊ ၂၀၁၂



ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလ၏ ငယ်နာမည်မှာ ကိုသန်းရင်ဖြစ်သည်။ ယင်းနောက် စနေသားဖြစ်သည့်အတွက် နေ့နံအတိုင်း ထွန်းလွင်ဟု အမည်ပြောင်းခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် မြောင်းမြစီရင်စု တို့ဗမာအစည်းအရုံးသို့ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်မှုကြောင့် သခင်ထွန်း လွင်အမည်တွင်ခဲ့သည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်နာမည်မှာ အိုတာနီဟီိရိုရှီ (Otani Hiroshi) ဖြစ်သည်။ ထို့နောက် ထိုင်း နိုင်ငံဘန်ကောက်မြို့တွင် ရဲဘောသုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်ဗလဖြစ်လာခဲ့သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလ ခေါ် သခင်ထွန်းလွင်ကို မြောင်းမြခရိုင် ကျိုက်ပိရွာတွင် အဖ မြေစာရင်းအင်စပက်တော် ဦးကျော်ဟန်နှင့် အမိ ဒေါ်သိန်းတို့မှ ၁၉၁၇ ခုနှစ် မတ်လ ၁၇ ရက်၊ စနေနေ့၌ ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမ ငါးဦးရှိသည့်အနက် အစ်ကိုအကြီးဆုံးမှာ ဦးထိန် ဝင်း (သခင်ထိန်ဝင်း) ဖြစ်ပြီး အစ်ကိုလတ်မှာ မြို့မ ကိုသန်းတင် ဖြစ်သည်။ အစ်ကိုများမှာ မောင်ထွန်းလွင်ထက်ဦးစွာ နိုင်ငံရေးလှုပ်ရှားဆောင် ရွက်သူများ ဖြစ်ကြသည်။ အစ်ကိုအကြီးဆုံး ဦးထိန်ဝင်းသည် တို့ဗမာအစည်းအရုံးနှင့် နဂါးနီစာအုပ်တိုက်တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

မောင်ထွန်းလွင်သည် ငယ်စဉ်က လပွတ္တာမြို့ရှိ ဦဖိုးသစ်တည်ထောင်ခဲ့သော အမျိုးသားကျောင်းတွင် အသက်ငါးနှစ်အရွယ်မှ စတင်ပညာ သင်ကြားခဲ့ပြီးနောက် လပွတ္တာမြို့ အစိုးရ အထက်တန်းကျောင်းသို့ပြောင်းရွှေ့၍ သတ္တမတန်းအောင်သည် အထိ သင်ကြားခဲ့သည်။ သတ္တမ တန်းအောင်မြင်သည့်နှစ်တွင် မိဘများ မြောင်းမြခရိုင်၊ ပြင်ရွာသို့ ပြောင်းရွှေအမှုထမ်းရသောကြောင့် ကိုထွန်းလွင်သည် ကျောင်းမှထွက် လိုက်ရသည်။ ယင်းနောက် ပြင်ရွာတွင် အင်္ဂလိပ်စာပေကို အလွတ်ပညာသင်ဆရာမျာဖြင့် ထပ်ဆင့်လေ့လာသင်ကြားခဲ့သည်။

၁၉၃၆ ခုနှစ်၌ ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်မှစ၍ မြောင်းမြစီရင်စု တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ကာ နိုင်ငံရေးဆောင်ရွက် ခဲ့သည်။ ၁၉၃၈ - ၃၉ မြောင်းမြစီရင်စု တို့ဗမာ့လကရရုံးတပ်ဖွဲ့တည်ထောင်သောအခါ ခေါင်းဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၁၉၃၈ နိုဝင်ဘာလ ၂၀ မှ ၂၂ ရက်နေ့အထိ သာယာဝတီမြို့တွင် တို့ဗမာအစည်းအရုံး၏ ဗမာနိုင်ငံလုံးဆိုင်ရာ အမှုဆောင်အစည်းအဝေးသို့ သခင်ထွန်းလွင်နှင့် ဝါးခယ်မ သခင်မောင်မောင်တို့သည် မြောင်းမြစည်ရင်စု ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြသည်။ မူလ က အဆိုပါညီလာခံကို မန္တလေးမြို့တွင် ကျင်းပရန်စီစဉ်ခဲ့သည်။ ထိုအခါက သခင်ထွန်းလွင်နှင့် သခင်အေးချို၊ သခင်သိန်းမောင်၊ သခင်စိုးမြင့် တို့သည် ဗမာ့လက်ရုံးတပ်ဝတ်စုံများဖြစ်သော အင်္ကျီလက်တိုအနီ၊ ဘောင်းဘီတိုအနီ၊ ဝါးဖတ်ဦးထုပ်များကိုဆောင်းပြီး မြောင်းမြမြို့မှ မန္တ လေးမြို့ အထိ ခြေလျင်ချီတက်ရန် ထွက်လာခဲ့ကြသည်။ သို့သော် မန္တလေးမြို့တွင် ကူးစက်ရောဂါများဖြစ်ပွားနေ၍ ညီလာခံကို သာယာ ဝတီမြို့သို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်ခဲ့သောကြောင့် သခင်ထွန်းလွင်တို့သည် တောင်ငူမြို့အထိ ခြေလျင်လျှေက်ပြီးမှ နောက်ကြောင်းပြန် ကွေ့ခဲ့ကြရသည်။ သာယာဝတီညီလာခံတွင် မြောင်းမြကိုယ်စားလှယ် သခင်ထွန်းလွင်ကို ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေး ကောက်တင်မြှောက်ခဲ့လေသည်။

သာယာဝတီညီလာမှ ပြန်လာသောသခင်ထွန်းလွင်သည် လွတ်လပ်ရေးအတွက်အနုနည်းဖြင့်မရလျှင် တိုက်ယူမည်ဆိုသောမူကို မိမိ၏စီရင် စုနယ်တွင် ဟောပြောစည်းရုံးခဲ့သည်။ သခင်ထွန်းလွင်၏ နယ်ချဲ့ဆန့်ကျင် ရေးလှုပ်ရှားမှုများကို အစိုးရနားသို့ ပေါက်ကြားသွားသောအခါ သခင်ထွန်းလွင်သည် မိမိ၏စီရင်စုလှုပ်ရှားမှုများ ကို မြေအောက်လှုပ်ရှားမှုအသွင်သို့ ပြောင်းလဲလိုက်ရသည်။ ၁၉၃၈ နိုင်ဝင်ဘာလ အတွင်း ၌ပင် တို့ဗမာအစည်းအရုံးနှစ်ခြမ်းကွားသွားသောအခါ သခင်ထွန်းလွင်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးစီးသော တို့ဗမာအစည်းအရုံး တွင် ပါဝင်ခဲ့လေသည်။

ထို့နောက် သခင်ထွန်းလွင်သည် ထားဝယ်မှ ယိုးဒယား (ထိုင်း) နယ်စပ်ကိုဖြတ်၍ ယိုးဒယားရှိ ဂျပန် ကိုယ်စားလှယ်ထံသွားရန် အခွင့်အခါ ကောင်းကိုစောင့်နေစဉ်မှာပင် ရန်ကုန်ရှိ တို့ဗမာအစည်းအရုံးဌာနချုပ်မှ ကြေးနန်းစာရရှိသဖြင့် ရန်ကုန်သို့ အမြန်ပြန်လာခဲ့ရသည်။ သို့ဖြင့် မြေအောက်လုပ်ငန်းများလုပ်နေသော သခင်ချစ်၏စီစဉ်ပေးချက်အရ ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားစေလွှတ်သည့် စတုတ္ထအသုတ် မြန် မာမျိုးချစ်လူငယ်များနှင့်အတူ ၁၉၄၁ ဇူလိုင်လ ၈ ရက်နေ့တွင် သခင်ထွန်းအုပ်၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်မောင်မောင် (ဗိုလ်ဥာဏ)၊ သခင်လှ (ဗိုလ်မင်းရောင်)၊ သခင်သစ် (ဗိုလ် စောနောင်)၊ သခင်သန်းညွန့် (ဗိုလ်ဇင်ရော်)တို့နှင့်အတူ သခင်ထွန်းလွင်သည် ကိုရီယုမာရူးသဘောင်္ဖြင့် ရန်ကုန်မြို့မှထွက်ခဲ့သည်။ ၁၉၄၁ ဇူလိုင် ၂၂ တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ရှန်ဟိုင်းမှ လေယာဉ်ဖြင့် ဂျပန်နိုင်ငံ ကျူးရှူးကျွန်း နာဂါစကီးမြို့ရှိ ရေတပ်စခန်းသို့ ရောက်ရှိ ခဲ့သည်။ ထိုမှတဆင့် ၁၉၄၁ သြဂုတ် ၈ ရက်တွင် တိုကျိုမှ ဟိုင်နန်ကျန်းသို့ လေယာဉ်ဖြင့်သွားရောက်ရာ သြဂုတ်လ ၁၁ ရက်တွင် ရောက် ရှိခဲ့သည်။ ယင်းနောက် ဟိုင်နန်ကျန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများသင်ကြားခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာ သခင်ထွန်းလွင်သည် ဗိုလ်ဗလဖြစ်လာခဲ့သည်။ ၁၉၄၂ ဇန်နဝါရီ ၈ တွင် ဗိုလ်ဗလသည် ဂျပန်တပ်မတော် ဒုတိယဗိုလ် ချုပ်ကြီး ကာဝါရှီမားနှင့် ဗိုလ်လက်ျာကြီးမှူးသည့် ထားဝယ်စစ်ကြောင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ စတင် ချီတက်ခဲ့သည်။

ထို့နောက် ၁၉၄၂ ဇူလိုင် ၂၇ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) ပြန်လည်ဖွဲ့ စည်းသောအခါ ဗိုလ်ဗလသည် ဗိုလ်ကြီးအဆင့်ဖြင့် တပ်ရင်း (၁)၊ တပ်ခွဲ (၄) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်ဂျပန်တော် လှန်ရေးကာ လတွင် ဗိုလ်ဗလဦးစီးသည့် တပ်ရင်း (၇) သည် ရှေ့တန်း စစ်ဦးစီးဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိပြီး တိုင်း (၆) (မိတ္ထီလာ၊ ပျဉ်း မနား၊ တောင်ငူ၊ တောင်ပိုင်းရှမ်းပြည်ခရိုင်) နှင့် တိုင်း (၇) (သရက်၊ အာသံ၊ မကွေး၊ မင်းဘူးခရိုင်များ) ဒေသအတွင်း ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

၁၉၄၆ တွင် ကန္ဒီစာချုပ် ချုပ်ဆိုပြီးသောအခါ အင်္ဂလိပ်လက်အောက်ခံ ဗမာ့တပ်မတော်၌ ဗိုလ်မှူးဗလအား ဗိုလ်အဆင့်ဖြင့် ပြန်၍ခန့်အပ် ခဲ့သည်။ ယင်းနောက် တပ်ရင်း (၆) ရင်းအထိ တိုးချဲ့ဖွဲ့စည်းသောအခါ ဗိုလ်မှူးဗလအား တပ်ရင်း (၃) တပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရရှိသောအခါ ရန်ကုန်မင်္ဂလာဒုံတွင် တပ်မတော်အထက်တန်းအရာရှိများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော စစ်ဦးစီးလေ့ ကျင့်ရေးကျောင်းသို့ ဗိုလ်မှူးဗလတက်ရောက်ရန် ရွေးချယ်ခံခဲ့ရသည်။ ၁၉၅၀ တွင် ရန်ကုန်မင်္ဂလာဒုံ၌ တပ်မတော်လေ့ကျင့်ရေးကျောင်း (B.A.T.T) ကို ဖွင့်လှစ်ခဲ့ရာ ဗိုလ်မှူးဗလလည်း ပါဝင်ဆောင်ရွက်ပေးခဲ့ရသည်။ လေ့ကျင့်ရေးသင်တန်း ကျောင်းဖွင့်လှစ်ပြီး နှစ်လအကြာတွင် ဒုတိယတပ်ရင်းမှူးရာထူးဖြင့် ရခိုင်တိုင်းသို့ ပြောင်းရွှေ့ရန် အမိန့် ကျလာသည်။ ရခိုင်တိုင်း ခလရ (၃) ၌ တာဝန်ထမ်းဆောင်နေရာမှ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ရပြန်သည်။ ယင်းနိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၏ ကထိကများမှာ အင်္ဂလိပ်စစ်အရာ ရှိများဖြစ်ကြသောကြောင့် အင်္ဂလိပ်စာကို အထူးကျွမ်းကျင်အောင် လေ့ကျင့်ရသည်။ သင်တန်းအောင်မြင်ပြီးသောအခါ ကျုံပျော်၊ ကျောင်း ကုန်း၊ ရေကြည်၊ အသုတ်မြို့များရှိ လက်နက်ကိုင်သောင်းကျန်းသူများကို တိုက်ခိုက်ရန် တာဝန်ပေးအပ်ခံရသည်။

ထို့နောက် ၁၉၅၈ တပ်မတော်မှ ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူပြီးနောက် နိုင်ငံရေး လှုပ်ရှားခဲ့သည်။ ၁၉၆၀ ဖေဖေါ်ဝါရီလ ၆ တွင် ကျင်းပ သော ပါလီမန် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုဦးစီးသော သန့်ရှင်းဖဆပလ (နောင် ပထစပါတီ) အမတ်ပေးအဖြစ် ချောက်မြို့မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံရာ အနိုင်ရရှိခဲ့သည်။

ယင်းနောက် တော်လှန်ရေးကောင်စီမှ အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ၁၉၆၃ ဒီဇင်ဘာလတွင် ဗိုလ်မှူးဗလသည် အထိန်းသိမ်းခံရသည်။ ၁၉၆၇ အောက်တိုဘာလ ၁၆ တွင် ပြည်လည်လွတ်မြောက်ပြီးနောက် ၁၉၆၈ တွင် ကုန်သွယ်ရေးဝန်ကြီးဌာနတွင် အဖွဲ့ဝင်အဖြစ် ဆောင် ရွက်ခဲ့သည်။

၁၉၇၄ တွင် ရဲဘော်သုံးကျိပ်မြန်မှာနိုင်ငံမှ လျှို့ဝှက်ထွက်ခွာသွားပုံ၊ ပြန်လည်ဝင်ရောက်လာပုံနှင့် မော်ကွန်းဝင်ဖြစ်ရပ်များကို အခြေပြု၍ “လွတ်လပ်ရေးခရီးတထောက်” အမည်ဖြင့် ရေးသားပြုစု၍ စာပေဗိမာန်က ထုတ်ဝေခဲ့သည်။ ၁၉၇၃ ဇူလိုင်လ ၁၈ ထုတ် ကြေးမုံသတင်းစာတွင် “ထိုနေ့” အမည်ရှိ ဆောင်းပါးနှင့် ၁၉၇၄ ဧပြီလထုတ် ကြေးမုံသတင်းစာ၌ “ရဲဘော်သုံးကျိပ် ၃၄ နှစ်ခရီး” ဆောင်းပါးတို့ကိုလည်း ရေးသားခဲ့ သည်။

ရဲဘ်ာသုံးကျိပ်ဝင် ဗိုလ်မှူးဗလသည် မြောင်းမြမြို့နုယ်အသင်း၏ ဂုဏ်ထူးဆောင် နာယကလည်း ဖြစ်သည်။ နိုင်ငံအကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်အစိုးရက ၁၉၅၉ မတ်လ ၂၇ တွင် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) တံဆိပ်နှင့် ၁၉၈၀ ပြည့် နှစ် ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ချီးမြှင့်ခဲ့သည်။ သူသည် ၁၉၅၅ ဇန်နဝါရီလတွင် ယူဂိုစလားပီးယားနိုင်ငံမှ သမ္မတ တီးတိုး၏ စစ်သည်တော်ကောင်း (တတိယဆင့်) တံဆိပ်ကို ချီးမြှင့်ခံခဲ့ရသည်။

ဗိုလ်မှူးဗလသည် ၁၉၄၂ တွင် မန္တလေးမြို့ပန်းချီကျောင်းအုပ်ကြီးဟောင်းနှင့် မြို့ပိုင်ဦးမောင်မောင်၏သမီး ဒေါ်ခင်ခင်ပြုံးနှင့် လက်ထပ်ခဲ့ သည်။ လက်ထပ်မင်္ဂလာပွဲကို ရန်ကုန်မြို့ အာရှလူငယ်အဖွဲ့ချုပ်ကြီးရှိရာ (ယခု ဓမ္မစေတီလမ်း စက်မှုလက်မှုပညာသင်ကျောင်း) ၌ ကျင်းပ ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဝန်ကြီးသခင်မြ၊ သခင်သန်းထွန်း၊ သခင်ထွန်းအုပ်တို့က မင်္ဂလာပွဲကို စီစဉ်ပေးခဲ့လေသည်။

ထို့နောက် ဗိုလ်မှူးဗလသည် အသက် ၈၂ နှစ်အရွယ် ၁၉၉၈ နိုဝင်ဘာလ ၁ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကြို့ကုန်းရပ် ဦးစက္ကိန်ကျောင်း လမ်းရှိနေအိမ်တွင် ကွယ်လွန်ခဲ့လေသည်။ ကြွင်းကျန်သောရုပ်ကလပ်ကို ၁၉၉၈ နိုဝင်ဘာလ ၅ ရက် ကြာသာပတေးနေ့တွင် ရေဝေးသု သာန်၌ ဂူသွင်းသဂြိုလ်ခဲ့လေသည်။

ကွယ်လွန်ချိန်၌ သမီးဒေါ်ခင်ဥမ္မာ (DCPT) (ဦးတင်စိုး) (အလုပ်ရုံမှူး M.P.E)၊ ဒေါ်ခင်စစ်အေး (ဦးအောင်ဖုန်း - ဝန်ကြီး၊ သစ်တောရေးရာ ဝန်ကြီးဌာန)၊ သား ဦးသူရဗလ (ဦးသီဟဗလ)၊ ဒေါ်ဝင်းဝင်းမြင့်၊ ဦးသုခဗလ (2nd Officer Initeam Shipping) (ဒေါ်ခင်စောတင့်) ဦးသု တဗလ (အကောက်ခွန်ဦးစီး) (ဒေါ်ညို ညိုဝင်း) နှင့် မြေး စစ်တိုင်းအောင်၊ ယဉ်ဝင်းယင်းအောင်၊ စစ်သွေးအောင်၊ မခင်ပန်းပွင့်၊ မောင်သု နောင်၊ မပန်းအိဖြူ၊ မောင်ထွန်းသီဟထက်၊ မယမုံဦးတို့နှင့် မြစ် မတိုင်းနန္ဒီအောင်တို့ ကျန်ရစ်ခဲ့သည်။

ရည်ညွှန်း
၁။ တက္ကသိုလ်စိန်တင်၊ ရဲဘော်သုံးကျိပ်မော်ကွန်း ပဉ္စမကြိမ် အားမာန်သစ်စာပေ၊ ၂၀၁၀။
၂။ ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ် ပထမကြိမ် အင်းဝစာပေ ၁၉၉၈။
၃။ ဗိုလ်ဗလ (ရဲဘော်သုံးကျိပ်)၊ လွတ်လပ်ရေးခရီးတထောက်၊ ပကြိမ် စာပေပိမာန် ၁၉၇၄။
၎။ သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်း အဘိဓာန် (ဒုတိယတွဲ)၊ ပကြိမ် ပညာရွှေတောင်စာပေတိုက် ၂၀၁၀။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages