30th June - MoeMaKa Daily

16 views
Skip to first unread message

Maung Yit

unread,
Jun 30, 2012, 12:58:19 AM6/30/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၄)
ရာဇာ
 ဇွန် ၃၀။ ၂၀၁၂
ဒီလိုလုပ်ရင်းသားက ၂၀၀၄ လောက်ကျတော့ သတင်းကောင်းကြီးတစ်ခု ရတယ်ဗျ။ အေဇက်ဂျီ (ဟော်လန်)က ဖွင့်ထားတဲ့ သဇင်ဆေးခန်းတွေမှာ ဒီရောဂါနဲ့ပတ်သက်တဲ့ အဆင့်မြင့်အေအာဗွီဆေးတွေ ပေးမယ်ဆိုတဲ့ သတင်းပဲ။ ကြာသလား လာထား ပေါ့ဗျာ စုံစမ်းရတော့တာပေါ့။
ဟုတ်တယ်။ ကြားတဲ့သတင်းမှန်တယ်။  ဒါပေမယ့် လောလောဆယ် သူ့ပရောဂျက်ဧရိယာမှာ ရှိသူတွေကိုသာ ပေးမှာတဲ့။ ပက်လက်လန်ပြန်ရော။ ကျနော်တို့လူနာအများစုက နယ်တွေကဗျ။ ဒီတော့ သူ့ပရောဂျက်ဧရိယာကို ထပ်စပ်စုတော့ သူ့ဆေးခန်းတည်ရှိနေတဲ့နေရာ ငါးခု ပေးမယ်။ သာကေတရှိလို့ သာကေတနဲ့ဆက်စပ်နေတဲ့ ဒေါပုံနှစ်နယ်၊ လှိုင်သာယာ၊ ကျနော့်သူငယ်ချင်းစပြီးကုတဲ့ လှိုင်သာယာ၊  န၀ဒေးက ပြောင်းသွားတဲ့ အင်းစိန်ဖော့ကန်ဈေးနားက တစ်ခုဆိုတော့ အင်းစိန်ရမယ်။ ရွှေပြည်သာပေးမယ်။ သန်းခေါင်စာရင်းပြရမယ်၊ ဘာညာဆိုတော့ လိုက်ဈေးဆစ်တာပေါ့။
ဒီတော့ … မဟုတ်ဘူး။ လူတကယ်နေရင်ပေးမယ်။ အိုကေ စိုပြေ ပျော်ရွှင်စွာ ပြန်လာကြ။ တိုင်ပင်ရတော့တာပေါ့။ ဘယ်လိုလုပ်မလဲ။ ဒီလိုလုပ်မယ်။ လူနာလေးငါးယောက်လောက်ကို အိမ်တစ်လုံး စုငှားပေးရင် ရပြီပေါ့။ နယ်က ကိုယ့်လူငယ်တွေကို ဒီသတင်းစကားကို ပျော်ရွှင်စွာပါးကြတယ်။ လူနာတွေကို လိုက်မေးတော့ ဒီလောက်ဈေးကြီးတဲ့ ဆေးအလကားရမှာဆို လာနေမယ်ပေါ့။ ငါးယောက်လောက် စုငှားနေကြမယ် ဆိုပြီးလာကြတယ်။
အဲ … ဟုတ်ပြီ။ အိမ်ရှာလုပ်ငန်းက စပြီပေါ့ဗျာ။ အတော်များများက အန်အယ်လ်ဒီဆိုတော့ ခေါင်းကော လက်ကော တစ်ကိုယ်လုံးပါ ခါပြတော့ ခက်ကြပြီ။ ဒီသတင်းကို ဒေါပုံလူငယ်တာဝန်ခံ ကိုကျော်ဇင်ဝင်းက ကြားတယ်ဗျ။ သူ့ဦးလေးအိမ်ရှိတယ်တဲ့။ ခြောက်လတော့ ချုပ်ရမယ်ဆိုတော့ ပိုလို့တောင် ပျော်ကြတာပေါ့။ မားမားမတ်မတ်ရပ်မယ့်လူတော့ ရပြီ ဆိုတော့။ ။ အိမ်ငှားကြ ပြုကြ။
စာချုပ်ချုပ်ပြီးစ လာတာက ၀မ်းတွင်းက ကျောင်းဆရာမ။ သူ့ယောက်ျားက ကျနော်တို့လက်ပေါ် ဆုံးတာပဲ။ ဒီဆရာမကလည်း လာခါစက စိတ်က သိပ်မဟန်ဘူး။ အမွေကိစ္စ ဘာကိစ္စတွေကို မကျေမနပ်ပြောနေလို့ မနည်း ချော့လိုက်ရသေးတယ်။
နေတာ ဟုတ်ပြီ။ အဲ့တုန်းက သူက ဖျားနေတာ။ လူနာစောင့် ဘယ်လိုထားမလဲ ဆိုတော့ ရေကန်အသင့် ကြာအသင့်။ သူ့တူလေးတစ်ယောက် ရေတာရှည်လမ်းဟောင်းမှာ စားပွဲထိုးလုပ်နေသတဲ့။ ညအိပ်ရင် ခေါ်သိပ်မယ် ဆိုတော့ အဆင်ပြေပေါ့ဗျာ။ သူ ရောက်လာပြီး နောက်နှစ်ရက်လောက်ရှိတော့ ကျောက်ပန်းတောင်း ရေနံချောင်းမြို့သစ်ဖက်က လူတွေထပ်ရောက်လာ။ ထားစရာမရှိတာနဲ့ အဲ့ဒီအိမ် စုထား ဆိုတော့ … ထားထားချင်း ဆယ့်နှစ်ယောက်လောက် ဖြစ်သွားတော့တာပေါ့။
ပတ်ဝန်းကျင်က သိပ်မကြည်ဘူးတော့ သိတယ။် ဒါပေမယ့်လည်း တောင်းတောင်းပန်ပန် အများကိုလည်း သည်းညည်းခံဖို့ တောင်းပန်။ ကိုယ့်လူချင်းလည်း သည်းခံနေဖို့ပြော။ သိုသိုသိပ်သိပ် နေရတာပေါ့။
တစ်ရက်ကျတော့ ကျနော်တို့အုပ်စု အဲ့ဒီသွားပြီး မုန့်ဟင်းခါး ချက်ကျွေးတယ်။ အုပ်စုဆိုတာ သာကေတလူငယ် မထားထား၊ သထုံ ကိုးဆယ်ရွေးကောက်ပွဲအမတ် ကိုခွန်မြင့်ထွန်း၊ ကိုအောင်ထွေး၊ မခင်ထားရီ၊ ကျနော်၊ ကိုမင်းလွင်၊ မဖြူ … ။
စုပြီး စကားပြော ဘာပြောပေါ့။ သထုံအမတ်က တရားပြလည်း ကောင်းသဗျ။ စကားပြောလည်း ပြေပြစ်ဆိုတော့ လေပေးဖြောင့်နေတာပေါ့။ သုံးခွဲလောက်ကျတော့ အကုန်ထပြန်တယ်။ ကျနော်၊ ကိုမင်းလွင်၊ မဖြူ သုံးယောက်ပဲ ဟိုလုပ် ဒီလုပ်နဲ့ ကျန်နေတာ။ ညနေ ငါးနာရီလောက်ကျတော့ ပတ်ဝန်းကျင်က သိပ်မဟုတ်တော့ဘူး ဆိုတာ သိလိုက်ပြီ။
ဝေါ်ကီတော်ကီနဲ့ လူတွေ ဟိုနား ဒီနား ဆိုတော့ ဘာလဲ ပေါ့ဗျာ။ နောက်တော့ရ၀တနဲ့ လူတချို့ ရောက်လာပြီးတော့ “ခန လိုက်ခဲ့ပါ …” တဲ့ေ။ ဆွးနွေးစရာရှိလို့ ဆိုတော့ ကျနော်က ပြန်မေးတယ်။ ဘာကိစ္စ လိုက်ရမှာလဲ။ ဘယ်ခေါ်မှာလဲ။ ဖမ်းတာလား …။ အဲ့တုန်းက နိုင်ငံရေးသမားဆို ဘာလုပ် မလုပ် အလကားနေ ထောင်ထဲချည်း ထည့်နေတာကိုး။ ဒီမေးခွန်း မေးမိတာပေါ့။ မဟုတ်ပါဘူး … သူတို့ရ၀တရုံးတင်ပါ ဆိုတော့ လိုက်သွားတာပေါ့ဗျာ။
ဟိုရောက်တော့ မယကဥက္ကဋ္ဌက ထိပ်က ထိုင်နေတယ်။ ဘေးမှာ ရဲမှုး၊ မြို့နယ်ဆရာဝန်တွေကော တရားသူကြီးတွေကော ဗျ။ သူတို့လည်း တစ်ယောက်တစ်ပေါက် မေး၊ ကျနော်တို့သုံးယောက်လည်း တစ်ယောက်တစ်ပေါက်လို ဖြေ။ မြို့နယ်ဆရာဝန်ကြီးဆိုတဲ့ အမျိုးသမီးက ကျနော်တို့ဒီလူနာတွေဟာ မှန်ကန်တယ်ဆိုရင် သူတို့ဆီကို ဒီလူနာမှတ်တမ်းတွေ အပ်ရမယ် ဆိုလာတယ်။
ကျနော်က ပြောပါတယ်။ သူတို့ခမျာ နယ်မှာ လူသိမှာစိုးလို့ ဒီမှာလာ ခိုးဆေးကုနေရတာ မလုပ်ပါနဲ့ဗျာ တို့ရယ် ဆိုတော့ … မရဘူးဗျ။ ပေးကိုပေးရမယ်။ မပေးနိုင်ဘူးဗျာ။ ဟိုဘက်မှာလည်း ကိုမင်းလွင်နဲ့ မဖြူတို့ တစ်ယောက် တစ်ပေါက်အော်နေကြတော့ ရုံးကရုံးနဲ့ မတူ ၀က်ခြံလို ဆူကုန်တာပေါ့။
ဒီမှာတင် ရဲအကြီးအကဲလုပ်သူက ပါးတယ်။ ကဲ … ကဲ … ခင်ဗျားတို့ထဲ တာဝန်အရှိဆုံး လူပြော ဆိုတော့ မဖြူ လက်ညှိုးထိုးပြရတာပေါ့လေ။ ဒါဆို ဒီအမျိုးသမီးနေပါ၊ ခင်ဗျားတို့နှစ်ယောက်ကတော့ အပေါက်က စောင့်ပေတော့။ မေးနေ ဖြေနေတာ မြင်နေရတယ်။ ကြားတစ်ချက် မကြားတစ်ချက်ပဲ။ ငါးနာရီလောက်က ပြောလိုက်တာ၊ ဆယ့်တစ်ကိုခွဲ ရောဗျာ။
စကားဝိုင်းကအစပိုင်းသာ တင်းမာနေတာ၊ နောက်ပိုင်းကျတော့ ရီရီမောမောပါပဲ။ လမ်းကျတော့ မဖြူက ပြန်ပြောပြပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့နဲ့ ဘယ်လိုပတ်သက်သလဲ၊ ဘာလဲ ပေါ့။ သေချာတာကတော့ မေးတဲ့လူတွေက ဘာမှမသိဘူး။ အန်အယ်လ်ဒီက လူတွေကို ကိုမင်းကိုနိုင်အဖွဲ့ကလို့ ထင်နေဟန်တူတယ်။ အဲ့လို ထုံထိုင်းမှုန်မှိုင်း ဘာမှမသိလို့များ ထိုက်တန်စွာ ရာထူးရထားသလားတောင် စဉ်းစားမိတယ်။
သဇင်ဆေးခန်းလည်း မသိဘူး။ အိတ်ခ်ျအိုင်ဗွီလည်း မသိဘူး။ ဘာဆိုဘာမှ မသိတဲ့လူစု။ မသိတာများ ဒေါက်တာဘွဲ့ပေးရင် ဒီလူတွေ နေ့တိုင်းများ ဒေါက်တာဘွဲ့ရနေမလား မဆိုနိုင်။ နောက်နေ့တော့ သိတော့တာပေါ့။ အဖွဲ့ချုပ်က ဆိုတာ။
အဲ့ဒီိတော့ မဟုတ်က ဟုတ်က စွပ်စွဲပါလေရောလား။ အဖွဲ့ချုပ်ကတဲ့ မျှော်လင့်ချက်မဲ့နေတဲ့ လူနာတွေကို စုခေါ်ထားပြီးတော့ သူတို့လူကြီးတွေကို လူသားဗုံးတွေအဖြစ် တိုက်ခိုက်မှာတဲ့။ ကြံကြီးစည်ရာဗျာ။ အဲ့လိုဥာဏ်နီ၊ ဥာဏ်နက် ထွက်လို့များ ရာထူးကြီးကြီး ရထားသလားပဲ။ ကျနော်လည်း ပြန်ပြောပါတယ်။ ဘယ်လူကြီးလဲ၊ ဘုရားလူကြီးလား၊ လမ်းလူကြီးလား၊ ဈေးလူကြီးလား၊ ရပ်ကွက်လူကြီးလား … ဘယ်လောက်ကြီးတဲ့ကောင်ကို အဲ့လိုလုပ်ရမှာလဲ လို့။
ဒီလိုလုပ်လို့ဗမာပြည်ပြသနာ ပြေလည်တယ် ဆိုရင် လူနာ စုစရာ မလိုဘူး။ ကျုပ်ကိုယ်တိုင်ကို လုပ်တယ်လို့ ပြောတော့မှ၊ ပါးစပ်တွေ ပိတ်တော့တယ်။ နောက်တော့ ကိုမင်းကနိင်ကို မဲစစ်တာ သိတော့တယ်။
ဝမ်းတွင်းကျောင်းဆရာမ ရောက်စ တစ်ယောက်ထဲမို့ သူ့တူခေါ်အိပ်တယ် မဟုတ်လား။ သူ့တူလေးကလည်း လာအိပ်ပေးရှာပါတယ်။ အဒေါ်ဆီကို။ ဒီိတော့ ဧည့်စာရင်း တိုင်တာပေါ့။ အဲ့ဒီမှာ ပြဿနာ တက်တာ။ ဒီကလေးနာမည်က မင်းကိုနိုင်။ ၈၈ခုနှစ်မှာ မွေးလို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ချစ်ခင်လေးစားအားကျလို့၊ အင်မတန်ကို လေးစားလွန်းလို့၊ ဒီကလေးကိုလည်း ကိုမင်းကိုနိုင်လို အနစ်နာခံသူမျိုး၊ တိုင်းပြည်ကို ချစ်ခင်သလို  ချစ်စေချင်လို့၊ သတ္တိရှိစေချင်လို့ မှည့်ထားတာတဲ့။ ပြတ်ကရောဗျ။
ကျနော်တို့ကတော့ ကိစ္စအေးပြီ ထင်ထားတာ။ အိမ်ရှင်ကို လှည့်ကြပ်ကော။ အိမ်ရှင်ခမျာမှာ မျက်နှာငယ်လေးနဲ့၊ ခြောက်လအထိနေ၊ ကျော်ရင်တော့ေ ဂျာင်းပေတော့။ ဒီတော့ ခြောက်လပြည့်တော့ သာကေတမှာ နောက်တစ်အိမ်ငှားတယ်။ အိမ်ရှင်မိန်းမကြီးက အသက်ကြီးပါပြီ။ ဒီအဖွားကြီးကိုလည်း ဘယ်ကောင်က ဘယ်လိုသွားပြီး ခြိမ်းခြောက်တယ် မဆိုနိုင်ဘူး။ အိမ်ငှားပြီး သုံးလလောက်ရှိတော့ ခြောက်လစာပြန်ပေးပြီး အဖွားကို တမျိုးမမြင်ပါနဲ့ အဖွားက လူနာတွေကို သနားပါတယ်၊ ဒါပေမယ့် ဘယ်လိုမှ ထားမဖြစ်လို့ပါ … ဆိုတော့ဆင်းရပြန်ကော။ သူ့ကိုနေခဲ့တဲ့ သုံးလစာ ပေးလိုက်ပါတယ်။ နောက်တစ်အိမ်ပြောင်းပေါ့။
ဆေးခန်းနား နီးအောင် သာကေတမှာပဲ အခြေချတာပေါ့။ နောက်တစ်အိမ် ငှားကော။ ငှားတော့ အရပ်ထဲက ၀ိုင်းဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်တာနဲ့ မနေရဲဖြစ်ရတာ။ အဲ့ဒီအိမ်မှာက သင်္ကြန်တွင်းကြီး။ သုံးခွဖက်က ကလေးမလေးတစ်ယောက် ဆုံးတယ်။ ဆုံးတော့ ဒီကနေ ကျနော်တို့ စက်ဘီးတွေစီးပြီး စီစဉ်ရတာပေါ့။ တောင်ဥက္ကလာကနေ သာကေတကို စက်ဘီးနဲ့လစ်ရတာ။
ဟိုရောက်တော့ ထုံးစံအတိုင်း ဦးကျော်သူတို့ နာရေးကူညီမှုကို အကူညီတောင်းတာပေါ့။ လာပါတယ်။ ဒေါ်ရွှေဇီးကွက်ကိုယ်တိုင် ကားမောင်း လာပေးတယ်။ ကားက စောရောက်လာတယ်။ ထွက်ကြိုဖို့လုပ်နေတုန်း ရောက်လာတာပါ။ ဒီတော့ ဟိုမေး ဒီမေး ပေါ့လေ။ ဟိုအိမ်ရှေ့ကားရပ် ဒီအိမ်ရှေ့ကားရပ် မေးပေါ့လေ။ နောက်တော့ တွေ့ပါတယ်၊ ကြိုတဲ့လူနဲ့။ ဒီတင် “မသာကားကြီး ငါ့အိမ်ရှေ့ နှစ်သစ်ကူးမှာ လာရပ်တယ် …” ဘာဖြစ်တယ် ညာဖြစ်တယ်၊  ပွစိပွစိ လုပ်ကုန်တာပေါ့။
နောက်တော့ ဒေါသဖြစ်လာတယ် တူပါတယ်။ ကျနော်တို့လူနာတွေ အိမ်ဝိုင်းပြီး ဆဲလိုက်ကြစမ်း၊ ခဲနဲ့ပေါက်လိုက်ကြစမ်း … ဆိုတာ ဘယ်လိုမှ တောင်းပန်လို့ မရဘူး။ အဲ့ဒီ “မသေမျိုးတွေ” ကလေ။ သူတို့ဖာသာ မသေဆေး စားထားသလားတော့ မဆိုနိုင်ဘူးပေါ့။ မသေဆေးက အရေးမကြီးဘူး၊ ဘယ်ပြေးမလည်းက အရေးကြီးလာတယ်။
ဒီလောက်ဖြစ်လှတာ သာကေတပဲ ထပ်ငှားမယ်ဆိုပြီး ငှားရော။ ဟာ … ဧည့်စာရင်းမပေးတာကော၊ လူနာတွေကို လက်ဖက်ရည်ဆိုင်မှာ ဥက္ကဌဆိုတဲ့လူနဲ့ နယ်ထိန်းက ဖမ်းမယ်ဆိုတာတွေကော၊ နင်တို့ဖာသာ သောက်ကျင့်မကောင်းလို့ ဖြစ်တာ၊ ငါတို့ရပ်ကွက်မှာ နေခွင့်မပေးနိုင်ဘူး ဆိုတာတွေကော စုံတကာ  စေ့နေတာပါပဲဗျာ။
လူစကားပြောတတ်တဲ့ သတ္တ၀ါတွေကို ဆက်ဆံနေရသလိုပါလား ကွယ်တို့။ ဒီလိုအောက်ခြေကနေ အဆင့်ဆင့်အာဏာပိုင်ဆိုတဲ့အဖွဲ့အစည်းတွေ လူတွေ မကောင်းဘူးဗျ။ မကောင်းတာက ဥာဏ်လည်း မကောင်းဘူး၊ အကြံလည်း မကောင်းဘူး။ ကောင်းတာလည်း မလုပ်ဘူး။ လုပ်နေတဲ့လူကိုလည်း ဒုက္ခပေးဖို့ကြံတယ်၊ တော်တော်လေး ဆိုးပါတယ်။ အယင်က အာဏာပိုင်တွေနော်၊ ခုအာဏာပိုင်တွေတော့ စောင့်ကြည့်တုန်းပဲ။ မကောင်းရင် မကောင်းဘူး ထပ်ပြောအုံးမှာ။
ကျနော်တို့လည်း ကြံရာမရ။ လူနာတွေကလည်း လမ်းဘေးမှာ ဒုက္ခ။ ဘယ်လိုများကြံရပါ့။ ဘယ်လိုများ ပြေလည်အောင် လုပ်ဆောင်ရပါ့ နော်။ ပြောဖို့မေ့သွားလို့။ အဲ့လို ဆဲဆိုကြိမ်းမောင်း မောင်းထုတ်တော့ နောက်လူနာတစ်ယောက် ကြောက်လန့်ပြီး သေပါရောလား။
တောင်တွင်းကြီးက အဖွဲ့ချုပ်ဝင် အောင်ကို လာပို့ထားတဲ့ ကလေးမလေးပါ။ ဒီလို ဘေးကျပ်နံကျပ်မှာ အသက်ရှုပေါက် ပေါ်လာတယ်။ တောင်ဒဂုံဧရိယာမှာ နေရင်လည်း ဆေးပေးမယ်တဲ့။ တောင်ဒဂုံဆိုတော့ ယုဇနဥယျာဉ်အိမ်ရာလည်းပါတာပေါ့။
ဒီတော့ မဖြူက စဉ်းစားနည်း ပြောင်းသွားတယ်။ ယုဇနဆိုရင် တိုက်ခန်းတွေနဲ့ဆိုတော့ ကိုယ့်အခန်းတံခါး ပိတ်၊ ကိုယ့်ဟာကိုယ်နေ၊ ဘေးနဲ့ ပတ်သက်စရာမလိုတော့ဘူးပေါ့လေ။ အဲ့ဒီမှာ ငှားလိုက်၊ ထားလိုက်တဲ့လူနာ မရေတွက်နိုင်အောင်ပဲ။ အခန်း ၁၇ ခန်း တိတိ ငှားပြီး ဆေးကုပေးခဲ့ပါတယ်။
အဲ့ဒီလုပ်ငန်း စလုပ်နေစဉ်ကာလက လူနာ ငါးယောက် အခန်းက နှစ်သောင်းဆို တစ်ယောက် လေးထောင်နှုန်း ပေါ့ဗျာ။ လုပ်နေရင်းသားကနေ ကိုအောင်ထွေး တစ်ယောက် ချူသံပါလာတယ်။ သူ မတတ်နိုင်တော့ဘူး တဲ့။ သူ အလုပ်ပြန်လုပ်ပါရစေ၊ သူ့မှာ စုဆောင်းထားတာလည်း ကုန်ပြီ။ ဒီအလုပ် စလုပ်တုန်းက ဆွဲ ဆွဲ နေတဲ့ ရွှေကြုတ်နဲ့ ဆွဲကြိုးလေးလည်း ပြုတ်ပြီ။ ဒီတော့ နားသည် ပေါ့။
လည်တည်တည်နဲ့မခင်ထားရီကတော့ ပါနေသေး။ သူလည်း နည်းနည်းတော့ လန့်နေပြီ။ ဘယ်မိန်းကလေးတန်မဲ့ အ၀တ်စားရယ်လို့ ၀ယ်မှ မ၀တ်ရတာ။ ရသမျှ မုန့်ဖိုး ဒီလူနာတွေအတွက်ချည်း ကုန်တာကိုး။
ထားပါဗျာ။ အဖွဲ့ချုပ်က လူငယ်တွေလည်း ကူရှာပါတယ်။ ဒါပေမယ့် လမ်းကြုံပဲ တတ်နိုင်တော့မှာပေါ့။ လူနာများလာတာနဲ့အမျှ အလုပ်လည်း များလာတယ်။ အလုပ်များလာတော့ ငွေရှာဖို့လိုလာတာပေါ့။ အဓိက ကျနော့်အတွက် ငွေလိုတယ်။ ဘယ်လိုရှာမလဲ စဉ်းစား။ ကျနော်နေတဲ့အမေ့အိမ်မှာ ကြက်မွေးထားတယ်။ ဒီကကြက်ဥတွေကို သုံးလေးဆယ့်ငါးကျပ်ဈေးနဲ့ ယူပြီးတော့ ငါးဆယ်နဲ့ရောင်းတယ်။ လှိုင်သာယာက ကြက်ဥတွေကို တောင်ဥက္ကလာ၊ သင်္ကန်းကျွန်းသယ်ပြီး၊ မဖြူနဲ့ မခင်ထားရီက အရပ်ထဲလည် ရောင်းတယ်။
အစကတော့ အကိုက်သား။ နောက်တော့ ကြက်ငှက်တုပ်ကွေး ၀င်အုပ်လို့ အလုပ်ရှုပ်သွားသဗျို့။ ဒါဆို နောက်တလုပ် ရှာကွာ ဆိုတော့ … ကျနော့်လိုအပ်ချက်ဆိုတော့ ကျနော် လိုက်စဉ်းစားတာပေါ့။
ကျနော့်လက်ဦးဆရာက ဂျာနယ်ပိတ်ခံရလို့ တခြားဘောလုံးဂျာနယ်တစ်ခုမှာ နာမည်မခံဘဲ လုပ်နေတာ ကျနော်သိတယ်။ ကျနော့်ဆရာကို ပြန်အားကိုးတာပေါ့။ အဆိုင်းမင့်လေး ဘာလေးရမလား ဆိုတော့ ဒီလိုတော့မရ။ တစ်ခုရှိတယ် ဖောင်ပိတ်ရက်လာပါ၊ လိုအပ်တာ သို့မဟုတ် အရေးပေါ်ဆောင်းပါးတွေ ရေးပေးပါတဲ့။ ဒါနဲ့ အလစ်ချောင်း၊ ညဖက်ဆို သူ့နားသွား သွားနေတာ။ ညတိုင်း အိပ်ရေး ပျက်တယ်။ရေးရတယ်၊ ဆောင်းပါးကတော့ ၊ တစ်ပုဒ် သုံးထောင်ပေးတယ်၊ မဆိုးပါဘူး။ ပေါက်မြို့နယ်စည်း
ကိုအောင်ကျော်ကျော်က ကလောင်နာမည် ပေးတယ်။ အင်မတန်နုတဲ့ နာမည်။ ဘောလုံးဆောင်းပါးနဲ့လည်း ဘာမှမဆိုင်ဘူး။ ထားသစ္စာဖြူ …တဲ့။ မခင်ထားရီနာမည်ကော။ မဖြူနာမည်ပါ ပါအောင် ပေးတာတဲ့၊ အတော်လေး စိတ်ကူးယဉ်တဲ့လူပဲ။ ဒါပေမယ့် ကျနော် မသက်သာလှဘူး။ ညကို မအိပ်ရတာ။ အဲ့လိုနေမှလည်း စာရေးခွင့် ရမှာကိုး။
ကိုအောင်ကျော်ကျော်က ပေါက်ကနေ လူနာတွေ လာလာပို့ပေးနေတာ။ သူတည်းလိုက်ရင်လည်း မြို့စွန်တွေမှာချည်း။ ထောက်ကြံ့တို့၊ မင်္ဂလာဒုံတိုဘက်မှ တည်းတယ်။ ဒီမှာ နေစရာ ရှားလာတယ်။ တချို့လူငယ်တွေကတော့ သူတို့ချိတ်ဆက်နဲ့ သူတို့ပေါ့ဗျာ။ ဥပမာ တောင်တွင်းက ကိုသန်းနိုင်၊ ကိုပါလေး၊ ကိုအောင်ကို၊ ဗိုလ်စတီးတို့ လာပို့ရင် ၊ မြို့ထဲသရက်တောကျောင်းမှာ အဆက်ရှိလို့ အဲ့ဒီမှာတည်းတယ်။ ကိုမြင့်ငွေ(အခုအန်ဒီအက်ဖ်)၊ ကိုသြကြီး၊ ကိုဝေလွင်တို့ လာပို့ရင် ကြေးသွန်းဘုရားဖက် တည်းတတ်တယ်။ ကျောက်ပန်းတောင်း ကိုဇော်ဝင်းကျတော့ ကြုံသလို ကျရာပဲ။ နောက်တော့ဆေးရုံရှေ့ ရေလည်ကျောင်း၊ မဂ္ဂင်ကျောင်းတွေချည်း တည်းတယ်။ ကိုအောင်ကျော်နဲ့ နေစရာတိုင်ပင်တော့ ကိုယ်တော်တစ်ပါး ပင့်လာတယ်။ ခပ်ငယ်ငယ်ပါပဲ။ ကိုအောင်ကျော်ရဲ့ညီတဲ့။ ဦးစန္ဒောဘာသ ခေါ်တယ်။ သူက အလုံက။ ကရင်ကျောင်းမှာ တည်းလို့ဖြစ်တယ် ဆိုတော့ ၀မ်းသာရသေးတာပေါ့။ ဒါပေမယ့် သူနဲ့ မဆက်ဖြစ်လိုက်ပါဘူး။ နောက်တော့ ဒီကိုယ်တော်ဟာ ရွှေဝါရောင်တော်လှန်ရေးမှာ ထင်ရှားတဲ့ ဦးဂမ္ဘီရ ဖြစ်လာတယ်။
(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲတခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်)
Posted by MoeMaKa at 9:27 PM 0 comments  

Tu Maung Nyo - Here come again, Burma or Myanmar


ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂

မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ - ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဒီတော့ “မြန်မာ” ဆိုတာ မြန်မာလူမျိုးရဲ့မူလနာမည်ပဲ။ တိုင်းပြည်နာမည် မဟုတ်ပါ။

ဗမာနိုင်ငံ၊မြန်မာလူမျိုး
တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ)၊ အခန်း ၇၊  စာမျက်နှာ (၂၁၃-၂၁၇)တွင် ယခုကဲ့သို့ဖေါ်ပြထားပါသည်။
            တို့ဗမာ အစည်းအရုံးသည် မူလတည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေး ပေးခဲ့ကြောင်း၊ “တို့” ဟူသောစကား၊ “ဗမာ”ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသော စကားတို့ကို တီထွင်၍ တိုင်းရင်းသား စစ်စစ် ဟူသော အမည်နာမ တပ်ဆင်ခဲ့ဖြင့် သိသာထင်ရှားပေသည်။
            သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသော စကားမှာ မြန်မာလူမျိုးနေထိုင်သောမြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။
            မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး တမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို မြန်မာပြည်ဟုမသုံး၊ ဗမာနိုင်ငံ ဗမာပြည် ဟုသုံး သည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟုခေါ်သည်။
            မွန်လူငယ် မွန်သင်းလှိုင်၊ မွန်သန်း၊ မွန်ထွန်းဦးစသည်တို့သည် သခင်သင်းလှိုင်၊ သခင်သန်း၊ သခင်ထွန်းဦး
            ထားဝယ်လူငယ် ကိုဗသိန်းတင်၊ကိုစံဝင်း၊ ကိုဗဆွေ စသူတို့သည် သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗဆွေ
            ရခိုင်လူငယ် ကိုအောင်ကြီး၊ ကိုစန်ရွှေ၊ ကိုဗတင် စသူတို့သည် သခင်အောင်ကြီး၊ သခင်စန်ရွှေ၊ သခင်ဗတင်
            ရှမ်းလူငယ် ကိုခွန်တီး၊ ကိုခင်မောင်၊ ကိုငွေ ကိုသစ် စသူတို့သည် သခင်ခွန်တီး၊ သခင်ခင်မောင် (ကမာရွတ်)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)
            ချင်းလူငယ် ကိုဝမ်းသူမောင်၊ ကိုအောင်မင်း စသူတို့သည် သခင်ဝမ်းသူမောင်၊ သခင်အောင်မင်း
            ပအိုးလူငယ် ကိုသိမ်းမောင်၊ ကိုဗရွှေ စသူတို့သည် သခင်သိန်းမောင်၊ သခင်ဗရွှေ
            ကရင်လူငယ် ကိုဘိုးကွယ်(မြောင်းမြ) ၊ ကိုစိုန်ရွှေ(မြောင်းမြ) တို့သည် သခင်ဘိုးကွယ်၊ သခင်စိန်ရွှေ ဟူ၍ သခင်အမည်ခံ ယူ ခဲ့ကြသည်။
            ထို့အတူ မစ္စတာနာရရန်ဆင်၊ နာရီဒူး၊ ဆင်းဂုပ္ပတား၊ ဘဲလျား၊ အပ္ပနား စသော အိန္ဒိယအမျိုးသားများသည် သခင်နာရရန်ဆင်၊ သခင်နာရီဒူး၊ သခင်ဆင်းဂုပ္ပတား၊ သခင်ဘဲလျား၊ သခင်အပ္ပနား
            ကိုတိတ်ဂွမ် (ရန်ကုန်)၊ ကိုဇေယျခေါ် အင်ပီး (မြောင်းမြ)၊ စူးတူး (ခေါ်) ကံဆင့်(မြောင်းမြ)၊ ချိန်တိတ်(ညောင်ဦး)၊ ဂင်စိန်(မြိတ်) စသော တရုတ်အမျိုးသားများသည် သခင်တိတ်ဂွမ်၊ သခင်ဇေယျ၊ သခင်ကံဆင့်၊ သခင်ချန်တိတ်၊ သခင်ဂင်စိတ် စသဖြင့် သခင်ဘွဲ့ခံယူပြီး တို့ဗမာအစည်းအရုံးတွင်ဝင်ရောက်ကာ တိုက်ပွဲအမျိုးမျိုးကို ဆင်နွှဲခဲ့ကြသည်။
            ထို့ကြောင့်ပင် တို့ဗမာသီချင်းတွင်
 “ တို့ဗမာ--- ၊ ဟေ့--- တို့ဗမာ၊ ဗမာပြေတဝှမ်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ”ဟု ထည့်သွင်းသီဆိုခဲ့ကြသည်။ ထို့အတူ မူလနိုင်ငံတော် သီချင်းတွင်လည်း “ဗမာပြေ”ဟုသာ ထည့်သွင်းရေးသားသီဆိုခဲ့ကြသည်။
            နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြသည့်ပါတီအဖွဲ့အစည်းများ၏ အမည်များကိုလည်း ဤသို့ ရေးသား ဖေါ်ပြခဲ့ကြပါသည်။
-       ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)
-       ဗမာ့ထွက်ရပ်ဂိုဏ်း
-       ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
-       ဗမာ့လက်ရုံးတပ်
-       ဗမာ့လွတ်လပ်ရေးတပ်မတော်
-       ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး --- သဖြင့်ဖြစ်သည်။
တို့ဗမာအစည်းအရုံးဝင် တိုင်းရင်းသားလူငယ်များကလည်း ၄င်းတို့အမည်ကို ဤသို့ပြောင်းလဲခဲ့ကြသည်။

သမိုင်းကိုပြင်တာမဟုတ်၊ ဖျက်ဆီးနေတာ
ယင်းသို့ သမိုင်းအချက်အလက်များ တိတိကျကျ၊ ထင်ထင်ရှားရှားရှိခဲ့ပါလျက် (နဝတ-နအဖ) စစ်အစိုးရလက်ထက်တွင် ယင်းကဲ့သို့သော သမိုင်းအချက်အလက်မှန်များကို ပြောင်းပြန်ဇောက်ထိုး ဖြစ်အောင်လုပ်ခဲ့ကြသည်။ ထင်သလိုပြင်ဆင်ခဲ့ကြသည်။ တကယ်တော့သမိုင်းကို သမိုင်းအချက်အလက်တွေကို ဖျောက်ဖျက်နေခြင်း၊ ဖျက်ဆီးနေခြင်းသာဖြစ်သည်။
မည်သည့်လူမျိုးပင်ဖြစ်ပါစေ အခြားလူမျိုး၏ ဘာသာစကားနှင့်အသံထွက်ကို အတိအကျပြောဆို အသံထွက်နိုင်လိမ့်မည် မဟုတ်၊  အနီးစပ်ဆုံးသာ ပြောဆိုအသံထွက်နိုင်ပါလိမ့်မည်။
“အသံထွက်မပီကလာပီကလာဖြင့်” မြန်မာကို (Burma/ဘားမား) လို့အသံထွက်တာ၊ (Burma)လို့ သုံးတာဟာ “လူမျိုးရေး သွေးကွဲစေရန်” အစီအမံရှိတာဖြစ်တယ်ဟု ဆိုသော ပြောဆိုရေးသားမှုများဟာ ဆီလျော်မှုမရှိတဲ့ ဇင်နိုဖိုဘီးယား (Xenophobia) အကြောင်းပြချက်များသာဖြစ်ပါသည်။
မြန်မာဆိုတာ လူမျိုးရဲ့နာမည်သာ ဖြစ်တယ်ဆိုတာ ကျောက်စာအထောက်အထားနဲ့ အခြားအိမ်နီးချင်းခေတ်ပြိုင် အထောက် အထားတွေမှာ (Mien-tien) (မီရန်တင့် ) အထင်အရှားတွေ့မြင်နေရပါလျက် မြန်မာ ဆိုသည်မှာ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုပြီး ဗမာ ဆိုသည်မှာ လူမျိုးတစ်မျိုး၏အမည်လို့ ပြောင်းလဲလိုက်ခြင်း/ ပြောင်းလဲလိုခြင်း ကသာလျှင် သမိုင်းကို ပြောင်းပြန်ဇောက်ထိုးပြုလုပ် ခြင်းဖြစ်ပါသည်။   မိမိတိုင်းပြည်သမိုင်းနှင့် လူမျိုးသမိုင်းကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါသည်။
(နဝတ)စစ်အစိုးရက (၁၈ - ၆- ၁၉၈၉) နေ့တွင် နိုင်ငံတော်သီချင်းတွင်ပါဝင်သည့် “ဗမာ” ဆိုသည့် စကားရပ်ကို “မြန်မာ” ဆိုသည့်စကားရပ်ဖြင့် ပြောင်းပြန်ဖြစ်အောင်ပြောင်းခဲ့သည်။ (နဝတ) စစ်အစိုးရဥပဒေအမှတ် (၁၆/၈၉) ဖြင့် (Burma) ကို (Myanmar) ဟု တစ်ဖက်သတ်ထင်သလို ပြောင်းလဲခေါ်ဝေါ်စေခဲ့ကြခြင်းသာဖြစ်သည်။

တို့ဗမာအစည်းအရုံးသမိုင်းတွင်ဖေါ်ပြသကဲ့သို့ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။
ထိုပဒေသရာဇ်များသည်သူတလူငါတမင်းဖြင့် အဖကိုသားသတ်၊ ညီကအကိုကိုသတ် စသဖြင့် သွေးခင်း၍နန်းလုခဲ့ကြသည်။
နောက်ဆုံးတွင် ပဒေသရာဇ်ဘုရင်ကို ကိုလိုနီနယ်ချဲ့သမားက ရာဇပလ္လင်ပေါ်ကဆွဲချပစ်ခဲ့သည်။ ကြက်ကလေးငှက်ကလေး သဖွယ် ပါတော်မူသွားကြရသည်။ ထိုပဒေသရာဇ်များ၊ ထိုပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ အစဉ်အလာများကို အဘယ့်ကြောင့်ဖက်တွယ် လွမ်းဆွတ် တသနေကြမည်နည်း။ ကိုးကွယ်နေကြမည်နည်း။
 တန်ဖိုးထားကြမည်ဆိုလျှင် ကိုလိုနီနယ်ချဲ့သမားများကို ဆန့်ကျင်ခဲ့ကြသည့် သမိုင်းနှင့် ယင်းသို့တောက်ပြောင်သော သမိုင်း အစဉ်အလာများကိုသာ တန်ဖိုးထားကြရမည်မဟုတ်ပါလော။
အုပ်စိုးသူအစိုးရအဆက်ဆက်သည် နယ်ချဲ့ဆန်ကျင့်ရေး၊ ဖက်ဆစ်တော်လှန်ရေးသမိုင်းနှင့် သမိုင်းဝင်အဖွဲ့အစည်းများ၊ ရဟန်း ရှင်လူပုဂ္ဂိုလ်များ၊ သမိုင်းအချက် အလက်များ၊ အထိမ်းအမှတ်များကိုတော့ ကွယ်ပျောက်၊ ပျက်ပျယ်၊ မှုံဝါးသွားစေရန် စနစ်တကျ စီမံ လုပ်ဆောင်ခဲ့ကြသည်။ လုပ်ဆောင်နေဆဲလည်း ဖြစ်သည်။
(နဝတ-နအဖ) စစ်အစိုးရနှင့် လက်ရှိအစိုးရသည် သက်ဦးဆံပိုင်ပဒေသရာဇ် အစဉ်အလာများကိုသာ ဖက်တွယ်ထားလိုကြသည်။ သူတို့သည် သူတို့မမြင်ဖူးခဲ့သော (အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရား) ဘုရင်များကို အရုပ်ထု၍ ကိုးကွယ်နေကြသည်။ ဂုဏ်ယူ နေကြသည်။
ဗြိတိသျှကိုလိုနီနယ်ချဲ့ကို ရဲရဲဝံ့ဝံ့တွန်းလှန်ခဲ့သော “စစ်သူကြီးမဟာဗန္ဓုလ”ကို နေပြည်တော်မှာ အရုပ်ထုပြီး ဘာကြောင့် မကိုး ကွယ်ရတာလဲ။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှကိုလိုနီနယ်ချဲ့သမားကို ဆန်ကျင့်ခဲ့သူ၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သူ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး(ပင်လုံစာချုပ်) တည်ဆောက်ခဲ့သူဖြစ်ပါသည်။
 ဗိုလ်ချုပ်၏ ယင်းသို့ တောက်ပြောင်ခမ်းနားသော နယ်ချဲ့ဆန်ကျင့်ရေးဖက်ဆစ်တော်လှန်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး သမိုင်းအစဉ်အလာအမွေကို မျိုးဆက်သစ်လူငယ်များ ဆက်ခံရမည်မဟုတ်ပါလား။
 ယခုတော့ သမိုင်း နှင့် မျိုးဆက်သစ်လူငယ်များကို အဆက်ဖြတ်ပစ်နေကြသည်။ အဆက်ပြတ်အောင်လုပ်နေကြသည်။
လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးဟု လက်ရှိအစိုးရ “ပါးစပ်”က ပြောနေသော်လည်း နေပြည်တော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ထု မရှိပါ။ ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံထည့်သွင်းရိုက်နှိပ်ခြင်းမရှိပါ။
ဒါကြောင့် (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးခဲ့တဲ့ကာလ (၁၉၈၈ - ၂၀၁၁) ကို ဗိုလ်ချုပ်အောင်ဆန်းသမိုင်း သေးသိမ် မှေးမှိန် အောင်လုပ်ခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် အပြောလွန်ရာကြမည်မထင်ပါ။
ထို့အပြင် လက်ရှိ ဦးသိန်းစိန်အစိုးရကလည်း Burma ပါလျှင် “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)” တရား ဝင်ဖွဲ့စည်းခွင့်ကို  လက်မခံသလို၊ (ဗကသ) လှုပ်ရှားမှုကိုလည်း ဟန့်တား၊ ပိတ်ပင်၊ ခြိမ်းချောက်နေပါသည်။

နိဂုံးချုပ်ရလျှင်
ကျောက်စာအထောက်အထား၊ အိမ်နီးချင်းနိုင်ငံ၏ခေတ်ပြိုင်မှတ်တမ်းများအရ လူမျိုးကို “မြန်မာ”(Myanmar) ဟု ခေါ်ဝေါ်ခြင်း ကသာ မှန်ကန်ပါမည်။
 ထိုနည်းတူပင် နိုင်ငံကိုလည်း သမိုင်းအစဉ်အလာကြီးမားသော တို့ဗမာအစည်းအရုံးကြီးက စနစ်တကျ တီထွင် ပေးအပ်ခဲ့ သော၊ ကျွန်သဘောက်ဘဝကို ရွံမုန်းပြီး၊ သခင်တိုင်းပြည် သခင်လူမျိုးများ ဘဝရောက်ရှိလာအောင် (သခင်မျိးဟေ့ ဒို့ဗမာ) ရဲတင်းသံ ပေးခဲ့သော၊ တိုင်းရင်းသား ပေါင်းစုံကို ကိုယ်စားပြုသော “ဗမာနိုင်ငံ” (Burma)ဆိုသည့် အမည်ကို တိတိကျကျ ခေါ်ဝေါ်သုံးစွဲခြင်းကသာ လျှင် မှန်ကန် ဆီလျော် ကိုက်ညီပါလိမ့်မည်။  
မြန်မာလူမျိုး၊ ဗမာနိုင်ငံလို့ခေါ်ကြစို့။

(၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်)
ကိုးကား
-       တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ) ပထမအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၇၆
-       ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ ပထမအကြိမ်၊ ၂၀၀၃၊ အောက်တိုဘာ၊ ဒေါင်းစာပေ
Posted by MoeMaKa at 2:49 PM 0 comments  
Labels: Op-EdTu Maung Nyo

Dhamma Beri Sayadae U Wiriya DHamma Tour


ဓမ္မဘေရီဆရာတော် ဦးဝီရိယ (တောင်စွန်း) ၏ အမေရိကန် ဓမ္မသင်တန်းခရီးစဉ်
မိုးမခရွာဆော်ကြီး၊ ဇွန် ၃၀၊ ၂၀၁၂
ဇွန်လဆန်းပိုင်းက စတင်ပြီး အမေရိကန်ပြည်သို့ ခရီးယာယီရောက်ရှိနေတဲ့ မြန်မာပြည်က ဓမ္မဘေရီဆရာတော် ဦးဝီရိယ (တောင်စွန်း) ရဲ့ ဓမ္မသင်တန်းခရီးစဉ်များကို စုံစမ်းမိသလောက် တင်ပြလိုက်ရပါတယ်။
ဇွန် ၂၉  မှ ၃၀၊ ဇူလိုင် ၁ အထိ။ Buffalo  မြို့၊ နယူးယောက်ပြည်နယ်၊ ရွှေမင်းဝံကျောင်း။
သိမ်သမုတ်၊ ရဟန်းခံ၊ တရားပွဲ။
ဇူလိုင် ၂ မှ ၆ အထိ။ နယူးယောက်မြို့တော်။ လောကချမ်းသာကျောင်း။
ဓမ္မစကြာ သင်တန်း။
ဇူလိုင်လ ၇ မှ ၈ အထိ။ ပင်ဆီဗေးနီးယားပြည်နယ် သို့ ၂ ည ခရီး။
ဇူလိုင် ၁၀ မှ ၁၅ အထိ။ ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့၊ မုဒိတာရွှေကျောင်း။
ကျောင်း ၁ နှစ်ပြည့် အထိမ်းအမှတ် ဓမ္မသင်တန်း။
ဇူလိုင် ၁၆ မှ ၂၉  အထိ။ သြရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့။ သီရိမင်္ဂလာကျောင်း။
ဓမ္မစကြာ သင်တန်း။
သြဂုတ် ၆ မှ ၁၂ အထိ။ ဆန်ဖရန်ဘေးဧရိယာ။ ဒေလီးစီးတီး။ ထေရ၀ါဒဓမ္မအသင်း။
ဓမ္မစကြာ သင်တန်း။
Posted by MoeMaKa at 12:25 PM 0 comments  

Kyaw Home - Poem

အညတရ သူရဲကောင်းရဲ့ ချင်ခြင်း
ကျော်ဟုန်း
ဇွန် ၂၉၊ ၂၀၁၂



သူဟာ
နှုတ်သီး၊ ခြေသည်း၊ အတက်တွေကို
ကျောက်ဖျာထက်မှာသွေးပြီး
သတ်ကွင်းထဲ ကြေညာဝင်ခဲ့တဲ့သူ၊

နှလုံးသည်းပွတ်က
သွေးတပွက်အံထုတ်လေတိုင်း
ကျောက်ဖြစ်ကြွင်းရစ်ဖို့  မတောင်းဆိုခဲ့၊

လေမှာဝဲဝေ့
တောင်ပံခတ်တိုင်းမှာ
ကမ္ဘာတုန်စေရော့မလားပဲ
အားမာန်တွေအပြည့်နဲ့  ခွပ်၊
ကြယ်ကြွေတာမြင်တိုင်း ဆုတောင်းတတ်လဲပဲ
အပြန်လမ်းအတွက် ကောဇောနီခင်း ကြိုစရာမလို
တောလမ်းလေးအတိုင်း လျှောက်ပြန်မယ်၊

သိုက်မြုံဟောင်းသာ သူမင်သမို့ 
အားလုံးဆီက ပြန်လိုချင်တာ
ရေကြည်တခွက်ပါပဲတဲ့၊

အမြင်ချင်ဆုံးက
သတ္ထုသံလှိုင်နေတဲ့ အရယ်အပြုံးများ
ဘဝနဲ့ လဲရဲသတဲ့လေ။ ။
Posted by Aung Htet at 7:22 AM 0 comments  

Than Win Hlaing - Articles

သမိုင်းတကွေ့မှ ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်)
သန်းဝင်းလှိုင်
ဇွန် ၂၈၊ ၂၀၁၂

ဂျပန်ရောက် ဗိုလ်လက်ျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်တေဇ (၁၉၄၁)

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ အမည်ရင်းမှာ ကိုလှဖေဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းဦးစီးသော တို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါသခင်လှဖေဖြစ်လာခဲ့သည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ ‘တာနီကိယောရှိ’ (Tani Kiyoshi) ဖြစ်သည်။ ဘီအိုင်အေဖွဲ့ပြီးနောက် ဗိုလ်အမည်ခံယူရာတွင် ဗိုလ်လကျာ် ဖြစ်လာခဲ့သည်။

ဗိုလ်လက်ျာကို ၁၉၁၁ခုနှစ် သြဂုတ်လ၃၀ရက်နေ့၌ ပျဉ်းမနားမြို့တွင် အဖဦးစိန်သွင်၊ အမိဒေါ်ကျင်မြိုင်တို့မှ ဖွားမြင့်ခဲ့သည့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဖြစ်သည်။

ငယ်စဉ်က ရန်ကုန်မြို့ မြို့မအမျိုးသားကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၀တန်းအောင်မြင်ခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ၂၅ ရက်နေ့တွင်ဖြစ်ပွားသော ရန်ကုန် တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားသပိတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်မှ ထွက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ် တွင် ပညာဆက်လက်သင်ကြားခဲ့သည်။

၁၃၀၀ပြည့် အရေးတော်ပုံကာလ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အသင်းတိုက်၌ ကျင်းပသော လျှို့ဝှက်အစည်းအရုံးသို့ တက်ရောက်ခဲ့သည်။ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ ရေကျော်ရပ် တို့ဗမာ အစည်းအရုံးတည်နေရာ၌ ကွန်မြူနစ် (ကလာပ်စည်း) အဖွဲ့အစည်းတရပ်ကို သခင်အောင်ဆန်း၊ ကိုသိန်းဖေ (သိန်းဖေမြင့်)၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့နှင့် စတင်ဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ အရှေ့ပိုင်း ၄၉ လမ်း အိမ်အမှတ် ၁၈၈ တွင် ကွန်မြူနစ်ပါတီကို သခင်အောင်ဆန်း၊ သခင်စိုး၊ ဂိုရှယ်ခေါ် ဘတင်၊ ကိုဗဟိန်း၊ မစ္စတာနတ်တို့နှင့် လျှို့ဝှက်တည်ထောင်ရာတွင် သခင်လှဖေ (ဗိုလ်လက်ျာ) သည် ဘဏ္ဍာရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဗြိတိသျှအစိုးရအား ဆန့်ကျင်သည့်လုပ်ငန်းများဆောင်ရွက်ရန် မြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit) ကို ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင်ဖွဲ့စည်းရာသခင်မြ (ပြည်တွင်းခေါင်းဆောင်)၊ သခင်အောင်ဆန်း (ပြည်ပခေါင်းဆောင်) ကိုဗ ဟိန်း၊ ကိုလှမောင် (ဗိုလ်ဇေယျ)၊ ကိုလှမောင် (မိတ္ထီလာ)၊ သခင်ချစ် (နောင်ဗကပအတွင်းရေးမှူး)၊ ကိုဗဆွေ(နောင်ဝန်ကြီးချုပ်) ကိုကျော် ငြိမ်း(အာအီးတီ)၊ ကိုထွန်းရွှေ (နဂါးနီ)၊ ကိုကျော်ငြိမ်း (နောင်ဒုဝန်ကြီးချုပ်) တို့နှင့်အတူ ပါဝင်ခဲ့သည်။ ဗိုလ်လက်ျာသည် စစ်ကြိုခေတ် သ ခင်နုနှင့် ပူးတွဲ၍ ‘ဂန္ဓာလရာဇ် နိုင်ငံရေးအဘိဓာန်’ စာအုပ်ကို ရေးသားခဲ့သည်။

တို့ဗမာအစည်းအရုံး၏ တာဝန်ပေးချက်အရ သခင်လှဖေသည် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (နောင်ဗိုလ်ရန်အောင်)တို့ တရုတ်ပြည် အမွိုင်မြို့သို့သွားရောက်ရေးအတွက် စီစဉ်ပေးခဲ့သည်။ တဖန်သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ အမွိုင်တွင်သောင်တင်၍ ငွေပြတ်လပ် နေစဉ်အတွင်း ရန်ပုံငွေများ ရှာဖွေကောက်ခံပေးပို့ခဲ့သည်။ သခင်လှဖေသည် ကိုလှမောင် (အငြိမ်းစား သံအမတ်ကြီး)နှင့်အတူ ပြည်ပအ ကူအညီရရှိရန်အတွက် ထိုင်းနိုင်ငံသို့သွားရောက်ခဲ့ရာ နိုင်ငံကူးလက်မှတ်မပါဘဲ ထိုင်းနိုင်ငံအတွင်းဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသည်။

ယင်းနောက် ၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် သခင်အောင်ဆန်း ဂျပန်နိုင်ငံမှ လျှို့ဝှက်တိတ်တဆိတ်ရောက်ရှိလာပြီး မတ်လ၁၀ရက်နေ့ တွင် ရွှန်းတင်မာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့ အပြန်တွင် သခင်လှဖေသည် ကိုထွန်းရှိန် (နောင်ဗိုလ်ရန်နိုင်)၊ သခင်ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး) တို့နှင့်အတူ ရဲဘော်သုံးကျိပ် ပထမအသုတ်အဖြစ် လိုက်ပါသွားခဲ့သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ၁၉၄၁ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ရောက်ရှိပြီး ၁၀ ရက်ခန့်အကြာ ၁၉၄၁ခုနှစ် ဧပြီလတွင် ထိုင်ဝမ်ကျွန်းမှ တဆင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ခဲ့သည်။ ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားခဲ့သည်။

ဗိုလ်လက်ျာသည် သခင်အောင်ဆန်း (ဗိုလ်တေဇ)၊ သခင်အောင်သန်း (ဗိုလ်စကြာ) တို့နှင့်အတူ တပ်ဖွဲ့ (၃) ၌ လေ့ကျင့်သင်ကြားခဲ့သည်။ သူတို့၏လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်) ဆူဇူကီး ဖြစ်သည်။

ဟိုင်နန်ကျွန်း၌ ဗိုလ်လက်ျာနှင့်အတူ စစ်ပညာသင်တန်းတက်ခဲ့သော ဗိုလ်ကျော်ဇောက သူ၏ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၌ ဗိုလ်လက်ျာ ၏ အကြောင်းကို ဤသို့ ပြန်ပြောင်းရေးသားထားလေသည်။

“၁၉၄၁ခုနှစ်တွင် ကျနော်တို့ ဟိုင်နန်ကျွန်း ဂျပန်စစ်ပညာသင်ရဲဘော်သုံးကျိပ်တွင် ကျနော်နှင့်ရင်းနှီးခင်မင်ဆုံးပုဂ္ဂိုလ်တဦးမှာ ဗိုလ်လက်ျာ ဖြစ်သည်။ ကျနော့်ထက် အသက် (၄) နှစ်မျှ ပိုကြီးမည်ထင်ပါသည်။ သူ၏ရုပ်အသွင်မှာ အနည်းငယ်ပိန်လှီပြီး သွားလာလှုပ်ရှားမှုအနည်းငယ် နှေးကွေးသည်။ အပြောအဆို နူးညံ့သိမ်မွေ့သည်။ အသွင်အပြင်မှာ အေးဆေးပျော့ပျောင်းသော အသွင်အပြင်ဖြစ်သည်။

သို့သော် ဗိုလ်လက်ျာ၏ စိတ်ဓာတ်မှာ ကြံ့ခိုင်တောင့်တင်းသူဖြစ်သည်။ ဟိုင်နန်ကျွန်း ဂျပန်စစ်ပညာသင်ယူကြရာတွင် ဂျပန်ခေတ် စစ်လေ့ ကျင့်ခန်းများမှ ပြေးရလွှားရတိုက်ခိုက်ရသဖြင့် ကျနော်တို့ အတော်ပင်ပန်းကြသည်။ ၎င်းမှာ မျက်နှာဖုံးခေါင်းစွပ်အကာနှင့် ကိုယ်အထက်ပိုင်း အကာ အဝတ်အစားများဝတ်ဆင်ပြီး တဦးနှင့်တဦး နှစ်ဘက်သေနတ်အတု၊ တုတ်တို့ဖြင့် လှံစွပ်ထိုးရခြင်းဖြစ်သည်။ အလွန်မောပန်းသော စစ်လေ့ကျင့်ခန်းဖြစ်သည်။ အချို့ရဲဘော်များမောပန်းပြီး လဲပြိုမေ့မျောသည်အထိ ဖြစ်သည်။ ကျနော်တို့က ဗိုလ်လက်ျာကို သူလိုက်ပြီးလုပ် နိုင်ပါ့မလားဟု စိတ်ပူမိသည်။ သို့သော် ဗိုလ်လက်ျာမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် စစ်လေ့ကျင့်ခန်းများကိုလိုက်ပြီး ဇွဲနှင့်မှန်မှန်လိုက် လုပ်နိုင်ခဲ့သည်။ ဤတွင် သူစိတ်ဓာတ်ကြံ့ခိုင်မှုကို ကျနော်တို့မြင်ရခြင်းဖြစ်သည်။

ဗိုလ်လက်ျာသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတကွ ဗမာပြည်နိုင်ငံရေးကို ဆောင်ရွက်ခဲ့သော ဗမာပြည်နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ဦး လည်းဖြစ်သည်။ ဗမာ့လွတ်လပ်ရေးလက်နက်ကိုင်တိုက်ပွဲအတွက် တရုတ်ပြည်ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ၁၉၄၁ တွင် ဗမာ့တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗမာပြည်၏ စစ်ရေးခေါင်းဆောင်ကြီးလည်းဖြစ်သည်။” ဟူ၍ ရေးသား ထားလေသည်။

ဗိုလ်လက်ျာသည် ဗိုလ်လရောင်နှင့်အတူ မြန်မာနိုင်ငံအတွင်း ပြည်တွင်းသူပုန်လုပ်ငန်းများဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည်။ ထိုတာဝန်များ ဆောင်ရွက်စဉ် ၁၉၄၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တက်နွန်ရွာ၌ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရပြီး ၁၉၄၁ခုနှစ် ဒီဇင် ဘာလ ၁၁ ရက်နေ့မှ အချုပ်မှလွတ်မြောက်ခဲ့သည်။

ဘီအိုင်အေဖွဲ့ပြီးနောက် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဂျပန်တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ကာဝါရှီမားနှင့် ဗိုလ်လက်ျာ ကြီးမှူး သည့် ဘီအိုင်အေ ထားဝယ်စစ်ကြောင်းသည် ဘန်ကောက်မြို့မှ စတင်ချီတက်ခဲ့ကြသည်။

ဗိုလ်လက်ျာသည် ဘီအိုင်အေတပ်၌ ဒုတိယစစ်သေနာပတိအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင် အေဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းထားသောအခါ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေစစ်ဦးစီးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်လက်ျာသည် မခင်လှနှင့် လက်ထပ်ခဲ့သည်။

၁၉၄၄ခုနှစ် သြဂုတ်လ၂၃ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၄၅ခုနှစ် မတ်လ၁ရက်နေ့မှ၃ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ကျင်းပသော ဖတပလအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အိန္ဒိယနိုင်ငံမဟာမိတ်စစ်ဋ္ဌာနချုပ်မှပေးစာနှင့် ဦးသိန်းဖေမြင့်ထံမှ ပေးစာတို့အပေါ် မူ တည်၍ဆွေးနွေးကာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို သဘောတူချမှတ်ခဲ့ကြသည်။ ဖက်ဆစ်တိုက်ဖျက် ရေး ပြည်သူ့အဖွဲ့ချုပ်ကို ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) ဟုပြင်ဆင်ပြီး ဖတပလဦးစီးအဖွဲ့ကို တပ်မတော် ကိုယ်စားလှယ်၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့မှ ကိုယ်စားလှယ်သုံးဦးစီဖြင့် ပြင်ဆင်ဖွဲ့စည်းသည်။ ထို့နောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကိုလည်း ‘ပြည်သူ့လွတ်လပ်ရေးတပ်မတော်’ (အတိုကောက်အားဖြင့် ပြည်သူ့တပ်မတော်)ဟု အမည်ပြောင်းလဲ ရန်နှင့် ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင်တော်လှန်ရေးစတင်ရန် မြန်မာနိုင်ငံအနှံ့ရှိ တပ်မတော်တပ်ဖွဲ့များနှင့် ဖတပလအဖွဲ့ခွဲများသို့ “ပုန်ကန်ထကြွရေး ညွှန်ကြားချက် အမှတ်-၁” ထုတ်ပြန်ရန် သဘောတူခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် စစ်တိုင်းကြီးများခွဲခြင်း၊ စစ်နယ်မြေ များ သတ်မှတ်ခြင်းနှင့် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များရွေးချယ်ခြင်း စသည်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ဗိုလ်လက်ျာသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် တိုင်း (၂) (ဟံသာဝတီ၊ ဖျာပုံနှင့် မအူပင်ခရိုင်များ) နှင့် တိုင်း (၃) (ပုသိမ်၊ ဟင်္သာ တ (အနောက်) နှင့် မြောင်းမြခရိုင်များ) ဆက်သွယ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးပြီးနောက် မိတ္ထီလာ ဗြိတိသျှဗိုလ်ချုပ်ကြီးဝီလျံစလင်းနှင့် တွေ့ဆုံဆွေးနွေးပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း သည် ဗိုလ်မှူးကြီးလက်ျာ၊ ဗိုလ်မှူးကြီးနေဝင်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့နှင့် စစ်ရေးနိုင်ငံရေး အခြေအနေများကို တိုင်ပင်ဆွေးနွေး၍ ဖတ ပလအဖွဲ့ချုပ်ကြီးကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် တပ်မတော်ရေးရာဆွေးနွေးရန် သီဟိုဠ်ကျွန်း(သီရိ လင်္ကာနိုင်ငံ) ကန္ဒီမြို့သို့ သွားရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်မောင်မောင်၊ ဗိုလ်ဇော် မင်းတို့နှင့်အတူ ဗိုလ်လက်ျာသည် တပ်မတော်ကိုယ်စားလှယ် (၇) ဦး၌ ပါဝင်ခဲ့သည်။ ယင်းအဖွဲ့၌ ပြောက်ကျားကိုယ်စားလှယ် ၂ ဦးမှာ ကို ညိုထွန်းနှင့် သခင်သန်းထွန်းတို့ဖြစ်ပြီး အမျိုးသားကိုယ်စားလှယ်နှစ်ဦးမှာ ဦးဘဘေနှင့် စောဘဦးကြီးတို့ ပါဝင်ခဲ့ကြသည်။

ထို့နောက် ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းခဲ့သော ဗမာ့တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဒုတိယစစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့် အပ်ခံရသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အာရှအရှေ့တောင်ပိုင်း မဟာမိတ်စစ်သေနာပတိချုပ် မောင့်ဘက်တန်က ဗြိတိသျှစစ်အုပ်ချုပ်ရေးရုပ်သိမ်းကြောင်း ကြေညာချက်အမှတ် (၁) ကို ထုတ်ပြန်ခဲ့သည်။ ထိုနေ့မှာ မြန်မာ့မျိုးချစ်တပ်မတော် ဒုတိယစစ်သေနာပတိ ဗိုလ်မှူးကြီးလက်ျာက မြန်မာ့တပ်မတော်ထောက်ပံ့ရေးအဖွဲ့ချုပ်မှ လက်ခံရရှိသည့် အလှူရန်ပုံငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်ခဲ့သည်။ ဗိုလ်မှူးကြီးလက်ျာသည် ၁၉၄၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ပေးခြင်းခံရသည်။

ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်လက်ျာသည် ကာကွယ်ရေးဝန်ကြီး တာ ဝန်ကို ထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးလက်ျာသည် ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ တပ်မ တော်ဆိုင်ရာကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူချက်များပါသော လက်ျာဖရီးမင်းစာချုပ်ကို ရန်ကုန် မြို့၌ ဗြိတိသျှစစ်မစ်ရှင်အဖွဲ့ခေါင်းဆောင် ဂျွန်ဒဗလျူဖရီးမင်း (John W.Freeman) နှင့် ချုပ်ဆိုခဲ့သည်။ စာချုပ်တွင် အချက်ပေါင်း ၁၀ ချက် ပါဝင်သည်။

၁၉၄၇ ခုနှစ် စက်တင်ဘာလ၁၁ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးဗဆွေက ဖဆပလအဖွဲ့ချုပ် သန့်ရှင်း၍ ခိုင်မာ တောင့်တင်းရေးအတွက် ဗိုလ်မှူးအောင်၊ ဦးဗဆွေ၊ မန်းဝင်းမောင်တို့နှင့်အတူ ဗိုလ်လက်ျာသည် သန့်ရှင်းရေးအဖွဲ့ငယ်တွင် ပါဝင်ခဲ့သည်။ ယင်းနောက် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဗိုလ်လက်ျာအား ဒုတိယဝန်ကြီးချုပ် ခန့်အပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တို ဘာလ ၁၅ ရက်နေ့တွင် သခင်နုခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့သွားရောက်ရာတွင် ဗိုလ်လက်ျာသည် အဖွဲ့ ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။

ထို့နောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ထိုနှစ်မှာပင် နိုင်ငံတော်အစိုးရချီးမြှင့်သော မဟာသီရိသုဓမ္မဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက် လက်ျာကုမ္ပဏီနှင့် မုတ္တမကုမ္ပဏီများ တည်ထောင်၍ စီးပွားရေးလုပ်ကိုင်ခဲ့သည်။

ဗိုလ်လက်ျာသည် တပ်မတော်အငြိမ်းစားမယူမီကပင် ဖဆပလအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပ သော ကြားဖြတ်ရွေးကောက်ပွဲ၌ ကသာကျေးလက်အရှေ့ပိုင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ သည်။ တပ်မတော်အငြိမ်းစားယူပြီးနောက် ဖဆပလအစိုးရအဖွဲ့၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် အစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

၁၉၅၆ ခုနှစ် မတ်လတွင် ဗကပအလင်းဝင်ရောက်ရေးကိစ္စနှင့်ပတ်သက်၍ ဖဆပလအစိုးရနှင့် ဗကပဗဟိုကော်မတီကိုယ်စားလှယ် ရဲဘော် ချမ်းအေး (မောင်စူးစမ်း) တို့အကြား ကြားလူအဖြစ် ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။ ၁၉၅၉ ခုနှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် ဗိုလ်လက်ျာအား မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျားကြိုးစားဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်က လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်) တံဆိပ် ချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ဗိုလ်လက်ျာသည် ၁၉၆၉ ခုနှစ် သြဂုတ်လ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုဦးစီးဖွဲ့စည်းခဲ့သော ပါလီမန်ဒီမိုကရေစီပါတီ (Parliament Democracy Party-PDP) တွင် ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၀ပြည့်နှစ် မေလ၂၅ ရက်နေ့တွင် ပီဒီပီပါတီသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီတို့နှင့် ပူးပေါင်း၍ ‘တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ် ရေးနှင့်လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ) ကို ဖွဲ့စည်းတည်ထောင်ရာတွင် ဗိုလ်လက်ျာသည် နိုင်ငံရေးနှင့်စည်းရုံးရေးဆပ်ကော်မတီ ၌ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၃ ခုနှစ် ဇူလိုင်လ၂၄ ရက်နေ့တွင် ဦးနုသည် ပါလီမန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်သွားပြီးနောက် ဗိုလ်လက်ျာသည် (People’s Patriotic Party) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ဗိုလ်လက်ျာသည် ပြည်ချစ်လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းရာတွင်လည်း ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။

၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်အနီး ပရာကျွတ်စခန်းတွင် ကေအန်ယူရွှေ့ဆိုင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျ ဆုံးသွားခဲ့ရသည်။ ဗိုလ်လက်ျာကျဆုံးသွားစဉ်က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ... “ဗိုလ်ချုပ်လက်ျာသည် ဗမာပြည်၏ ဗိုလ်နေဝင်း စစ် အာဏာရှင်စနစ်ဆိုး အုပ်စိုးမှုကို သူကျဆုံးသည့် ၁၉၇၈ ခုနှစ် နိုဝင်ဘာအထိ တိုက်ခိုက်ဆန့်ကျင်သွားသူဖြစ်သည်။

ဗိုလ်ချုပ်လက်ျာသည် မိမိကိုယ်မိမိ အတော်နှိပ်ချတတ်သူဖြစ်သည်။ ကျနော်တို့က ဗိုလ်ချုပ်လက်ျာကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူတကွ ဗမာပြည် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်များ လုပ်ခဲ့ကြသူများဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတူထားပြီး လေးစားခဲ့ကြ သည်။

သို့သော် ဗိုလ်ချုပ်လက်ျာသည် သူ့ကိုယ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် တတန်းတည်းမထားဘဲ ဗိုလ်ချုပ်အောင်ဆန်းကို သူ့ခေါင်းဆောင်အဖြစ် သဘောထားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကားတစ်ကားတည်းအတူစီးကြရာတွင် သူက ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ နောက်တန်းတွင် မထိုင်ဘဲ ရှေ့ခန်းတွင်း ဒရိုင်ဘာ၏ခုံဘေးထိုင်ခုံတွင် ထိုင်တတ်သည်ကိုတွေ့ရ၍ သူ့ကို ကျနော်တို့လေးစားကြရပါသည်။ သူသည် သူ့ကိုယ်သူ နှိမ့်ချတတ်သူဖြစ်သည်။

နောက် ဗိုလ်ချုပ်လက်ျာသည် ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် များစွာယုံကြည်လေးစားအားထားသူ ဖြစ်သည်။ ဘီအိုင်အေခေတ် ပြီးခါစတွင် ထင်ပါသည်။ ကျနော်တို့တပ်ထဲတွင် ထိုင်းနိုင်ငံကဝင်လိုက်ခဲ့တဲ့ တပ်မှူးတစ်ဦးက တိုက်ပွဲတစ်ပွဲက သူရလာတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ လက်ဝတ်ရတနာစိန်ရွှေပစ္စည်းများထည့်ထားတဲ့ သံသေတ္တာလေးတစ်လုံး လာပြီးပေးအပ်ပါသည်။ ကျနော် ခေတ္တသိမ်းထားပြီးနောက် ကျ နော့်အထက်တွင် ဗိုလ်လက်ျာ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ရှိရာ ကျွန်နော် ဗိုလ်လက်ျာထံသွားပြီး ထိုရတနာသေတ္တာကို ဘယ်သူ့အပ်ရမလဲ သွားမေးပါသည်။ ဗိုလ်လက်ျာက နောင်အနာဂတ်မှာ ဗမာပြည်မှာလွတ်လပ်ရေးကို ဆက်တိုက်သွားမှာက ဗမာပြည်ကွန်မြူနစ်ပါတီပဲဖြစ် တယ်။ ဒါကြောင့် ကွန်မြူနစ်ပါတီကို သွားပြီးပေးထားပါဟု ညွှန်ကြားပါသည်။ ကျနော်မှာ မိမိဆန္ဒနှင့်လည်းကိုက်ညီပြီး ချက်ချင်းပင် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်းထံသို့ ထိုသေတ္တာငယ်ကို သွား၍ပေးအပ်လိုက်ပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်လက်ျာသည် ဤသို့ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် ယုံကြည်အားထားသူဖြစ်ပါသည်။

နောင်နှစ်ပေါင်းအတော်ကြာမှ ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ် သြဂုတ်လ၁၅ရက်နေ့တွင် စတင်ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်လက်ျာသည် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်းတို့နှင့်အတူ ပါဝင်ခဲ့သူဖြစ်ကြောင်း ကျနော်သိရပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း ကျနော်တို့အမြင်အရ ဗိုလ်ချုပ်လက်ျာကို အတော်ပင်လေးစားချစ်ခင်သည်။ ရဲဘော်ရဲဘက်စိတ် သာမက တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုပမာကဲ့သို့လည်း အပြန်အလှန်ချစ်ခင်လေးစားကြသည်။ သူ၏လက်အောက် ဒုတိယနေရာတွင် အမြဲထားပြီး၊ ဘယ်သူ့ကိုမှ ဗိုလ်ချုပ်လက်ျာ၏ အထက်နေရာကို မပေးခဲ့ချေ။ ဗိုလ်နေဝင်း ဗိုလ်ချုပ်အောင်ဆန်းအောက် ရောက်လာသောအခါ အခြားနိုင် ငံရေးပါတီကဖြစ်၍ များစွာနေရာပေးဆက်ဆံခဲ့သော်လည်း သတိထားပြီး ဗိုလ်ချုပ်လက်ျာ၏ အထက်နေရာကို ဘယ်တော့မှ မပေးချေ။ ဗိုလ် နေဝင်းက ဒါကို အတော်မကျေမနပ်ဖြစ်ပြီး ဗိုလ်ချုပ်လက်ျာအပေါ် တလျှောက်လုံးဆန့်ကျင်ခဲ့သည်”ဟူ၍ သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၌ ရေး သားထားလေသည်။

ဂျာနယ်ကျော်မမလေးကလည်း “သူလိုလူ” စာအုပ်စာမျက်နှာ ၃၃၁ ၌ “ဗိုလ်လက်ျာကား လူပုံပျော့၍ နုနယ်သော်လည်း နိုင်ငံရေးလုပ်ရာတွင် သူ့စိတ်ကား သံချောင်းတစ်ချောင်းကဲ့သို့ မာထက်သော သူတစ်ဦးဖြစ်လေသည်” ဟူ၍ ချီးကျူးထားလေသည်။

မည်သို့ဆိုစေ… ဗိုလ်လက်ျာကား မြန်မာ့သမိုင်းတကွေ့၌ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကိုယ်ကျိုးမငဲ့ အနစ်နာခံကာ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့သော နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည်ကိုမူ မည်သူမျှ ငြင်း၍မရနိုင်ချေ။ မဟုတ်ပါလော။

• ရည်ညွှန်း 
၁။ ဗိုလ်မှူးချုပ်ကျော်ဇော၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ် (ဆိုင်းစုမသည်မန်ဟိုင်းဆီသို့….) ပထမအကြိမ် ဓူဝံစာပေ၊ အမေရိကန်ပြည် ထောင်စု၊ ၂၀၀၇။
၂။ ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ် ပထမအကြိမ်၊ အင်းဝစာပေတိုက်၊ ၁၉၉၈။
၃။ တက္ကသိုလ်စိန်၊ ရဲဘော်သုံးကျိပ်မော်ကွန်း၊ ပဉ္စမအကြိမ်၊ အားမာန်သစ်စာပေ၊ ၂၀၁၀။
၎။ မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ၊ ဒုတိယတွဲ)၊ သမိုင်းသုတေသနဦးစီးဌာန၊ ပထမအကြိမ်၊ ၂၀၀၉။


Posted by Aung Htet at 7:07 AM 0 comments  

no "Myanmar" in constitution


မြန်မာဘာသာဖြင့် ရေးထားသည့် အခြေခံဥပဒေတွင် Myanmar ဟု သုံးရန် ပြဋ္ဌာန်းထားခြင်း မရှိ
မိုးမခအထောက်တော် အမှတ် ၀၀၇
ဇွန် ၂၉၊ ၂၀၁၂

LONDON, ENGLAND - JUNE 21:  Myanmar opposition leader Aung San Suu Kyi addresses both Houses of Parliament inside Westminster Hall on June 21, 2012 in London, England. The Burmese opposition leader is on a four-day visit to the UK.
ဇွန်လ ၂၁ ရက်နေ့က ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)

မိုးမခတွင် ယနေ့ ဖော်ပြခဲ့သည့် "တရားဥပဒေ စိုးမိုးရေး" အတွက် Burma ဟု သုံးနှုန်းခြင်း မပြုရန် ဒေါ်စုကို အာဏာပိုင်တို့ ပြောပြီ ဟူသော သတင်းနှင့် ပတ်သက်ပြီး မိုးမခ စာဖတ်သူတစ်ဦးက Facebook တွင် အောက်ပါအတိုင်းေ ထာက်ပြထားသည်။

ဖွဲ.စည်းပုံ အခြေခံဥပဒေ၁၉၄၇။၁၉၇၄။၂၀၀၈ တို့မှာ-အဓိပါယ်၊ သဘော အယူ အဆများ ဖွင့်ဆိုရာတွင် မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။- ဟုရေးသားထားပါတယ်။

(ဒေါ်)အောင်ဆန်းစုကြည်ကမြန်မာလို မပြောခဲ့သလို သူရည်ညွန်း ပြောဆိုတာကလည်း မြန်မာနိုင်ငံဖြစ်ပါတယ်။...

BURMA လို့ရေးသားထားတဲ့ ငွေစကူမှားဟာလည်း လက်ရှိအချိန်တွင် တရားဝင်သုံးစွဲခွင့်ရှိပါတယ်။
ဂျပန်ဆိုရင်သူတို့နိုင်ငံကို နိပွန်NIPPON လို့သာခေါ်ဆိုပြီးဂျာမနီ ဆိုရင်လည်းဒွိုက်ချလန်လို့သာခေါ်ဆိုပါတယ်။

သံခင်းတမန်ခင်း လုပ်တဲ့အခါမှာProtocol အစီစဉ်အလိုက် အလည့်ကျ လုပ်ဆောင်ရတာဖြစ်ပြီး သူ့ထက်ငါ ဦးအောင် ကြိုးစားလေ့ရှိကြပါတယ်။

B ဟာ Mထက်ပိုရှေ့ကျလို့ Burma လို့ပြောင်းလဲ သုံးစွဲရင် ပိုမို သင်.လျော်မှာဖြစ်ပါကြောင်း။

မိုးမခ စာဖတ်သူ ထောက်ပြထားသည့်အတိုင်း အခြေခံဥပဒေတွင် ယင်းသို့ ဖော်ပြထားသည်ကို တွေ့ရသည်။





Posted by Moemaka at 1:17 AM 0 comments  

THURSDAY, JUNE 28, 2012

88 Generation and Others Wrote Poems in Rangoon

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကဗျာဆရာတွေရဲ့ ငါတို့အိပ်မက်ကဗျာတွေ စာအုပ်ထွက်
မိုးမခစာအုပ်စင်၊ ဇွန် ၂၉ ၊ ၂၀၁၂
ရန်ကုန်မြို့တွင် အဆိုပါစာအုပ်ထွက်ပြီဟု ဆိုသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာအုပ်၏ ကော်ပီဓာတ်ပုံများကို လက်ဆင့်ကမ်း မျှဝေထားသည်ကို တွေ့ရသည်။ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ၊ ကဗျာဆရာများ၊ မျိုးဆက်သစ် နိုးကြားသူများ စုစုပေါင်း ကဗျာဆရာ ၂၅ ဦး၏ ကဗျာများ ဖြစ်သည်။

မင်းကိုနိုင်က …
ကဗျာဆိုတာ
ရာသီသာချိန် တေးဆိုငှက်
ကိုယ်ရေးကြုံရင် ဓားတလက်
ကဗျာငှက်အား
ကဗျာသမားက
ကဗျာဓားနဲ့ မခုတ်ရက် … ဟု ရေးထားသည်။













Posted by MoeMaKa at 11:19 PM 0 comments  

Ashin Dhamma Piya - Never Ending Road


လမ်းဆုံးမရှိတဲ့ ဒီခရီး
ဒေါက်တာဓမ္မပိယ၊ ဇွန် ၂၉ ၊ ၂၀၁၂
ဆူပူမှုများရဲ့ အရင်းခံ
ယခုရက်ပိုင်းအတွင်း အကြမ်းဖက်မှုတွေ ဆူပူမှုတွေ ကမ္ဘာ့နေရာအနှံ့အပြားမှာ တိုးပွားနေခြင်းပါ။ အကြမ်းဖက်မှုတွေ၊ ဆူပူမှုတွေ များလာလေလေ ငြိမ်းချမ်းရေးစကားကို ပြောလာသူတွေလည်း ပိုမိုများပြားလာ ခြင်းပါ။ ကမ္ဘာ့အရပ်ရပ်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူလှုပ်ရှားမှုတွေဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်နိုင်သလို၊ ပြည်နယ် ဒေသတွေမှာဖြစ်ပေါ်နေတဲ့ ဆူပူလှုပ်ရှားမှုတွေဟာလည်း တိုင်းပြည်ရဲ့စီးပွားရေး၊ ငြိမ်းချမ်းရေးများကို ထိခိုက်ပျက်စီးနိုင်ခြင်းပါ။ တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုတာ ငြိမ်းချမ်းရေးဟာ မည်မျှအရေးပါကြောင်း ပြည်သူ၊ ပြည်သားများ သဘောပေါက်ထားကြမယ်ဆိုရင် … တိုင်းပြည်တွင်းမှာ နေသူအချင်းချင်း (တရားဝင် နေထိုင်ခွင့်ရှိသူ အချင်းချင်း) သူနဲ့ငါအကြား ခွဲခြားဆက်ဆံလိုတဲ့စိတ်ထားတွေ၊ လူမှုရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေးများအပေါ်မှာ ခွဲခြားဆက်ဆံခံနေရ၍ မကြေနပ်မှုမှ ဆင့်ကဲဖြစ်ပေါ်လာတဲ့ အမုန်း တရားတွေ၊ ဒီမိုကရေစီစနစ်ဖြင့် လူ့အခွင့်အရေးကိစ္စများကို ညှိနှိုင်းဖြေရှင်းပေးရာမှာ ပညာရေးအခြေခံများ မတူညီကြ၍ ညှိနှိုင်းယူလို့မရနိုင်တဲ့ အတ္တမာနတရားတွေ၊ ဒါတွေဟာ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်တဲ့ အကြောင်းတရားတွေဖြစ်လို့ ရှောင်ရှားကြရမှာပါ။  
            ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့တိုင်းပြည်မှာ ငြိမ်းချမ်းရေးဟာ (ဒီမိုကရေစီ)စနစ်ရဲ့အသက်ဖြစ်လို့၊ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်နေသူများဟာ လက်နက်ဖျက်သိမ်း၍ ပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးကို တကယ်လိုလားပါတယ်ဆိုတဲ့ စိတ်သဘောထားအမှန်ကို သက်သေထူ ပြနိုင်ဖို့ပါ။ လူ့အခွင့်ရေးများကို တောင်းဆိုနေသူများ သတိပြုရန်အချက်တစ်ချက်မှာ ဒီမိုကရေစီစနစ်ဆိုတာ လမ်းဆုံးမရှိတဲ့ခရီးလိုပါ။ ဘာကြောင့်လဲဆိုရင် ပြည်သူ၊ ပြည်သားတွေရဲ့ လိုအပ်ချက်တွေ ရှိနေသေး သမျှကာလပတ်လုံး ဒီမိုကရေစီစနစ်ရဲ့ လမ်းဆုံးကို ရောက်နိုင်မှာ မဟုတ်လို့ပါ။
            အသွင်မတူတဲ့ အကျင့်စရိုက်ရှိသူတွေ၊ အမြင်မတူတဲ့ နိုင်ငံရေးမူဝါဒရှိသူတွေ၊ ကွဲလွဲနေတဲ့ အတွေး အမြင်ရှိသူတွေ၊ လွန်ကဲထူထဲနေတဲ့ အတ္တမာနရှိသူတွေ၊ ဒီလူတွေရှိနေသမျှကာလပတ်လုံး ဒီမိုကရေစီခရီးရဲ့ လမ်းဆုံးကို မရောက်နိုင်ပါ။ လူအခွင့်ရေးများကို လေးစားလိုက်နာခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပြည်သူတို့ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စုပေါင်းကာကွယ်ခြင်းစသည်တို့ကို ပြုလုပ်ပေးခြင်းဟာ ဒီမိုကရေစီစံနစ်ရဲ့ ပန်းတိုင်ကို ရောက်နိုင်အောင် စုပေါင်းဆောင်ရွက်နေခြင်းပါ။ ဒါကို ပြည်သူတွေ သိထားနိုင်ဖို့ပါ။

ပညာမျက်စိနှင့် စ
            “အို ယောက်ျား၊ ဤသို့သိလော့၊ မစောင့်စည်းသော အကုသိုလ်တရားတို့သည် ယုတ်မာသော သဘောရှိကုန်၏။ လောဘ ဒေါသ (အတ္တ မာန) တရားသဘောတို့သည် သင့်ကို ကြာမြင့်စွာ ဆင်းရဲစေခြင်းငှာ မနှောင့်ဖွဲ့စေကုန်လင့်။ ”(ဓမ္မပဒ ၂၄၈) မြတ်ဗုဒရဲ့ အဆုံးအမလေးတစ်ခုပါ။
အသိာဏ်နည်းပါးတဲ့သူ၊ သို့မဟုတ် အသိဥာဏ်ကို ရှာမှီးခွင့်မရနိုင်ကြသူများရဲ့ဘ၀ဟာ သိခြင်းနှင့် မသိခြင်းကို ခွဲခြားသိနိုင်ဖို့ခက်ခဲနေခြင်းပါ။ ပညာနှင့် အ၀ိဇ္ဖာတို့အကြား ၀ိရောဓိဖြစ်နေတဲ့ တရားသဘောကို ဆန်းစစ်နိုင်ဖို့ ခက်ခဲနေခြင်းပါ။ ပညာဆိုတာ လောကီပညာ(လောကီစာပေ) ပဲဖြစ်ဖြစ်၊ လောကုတ္တရာပညာ (ဓမ္မစာပေ)ပဲဖြစ်ဖြစ် ကာလဒေသအလိုက် သုံးတတ်မှ တန်ဖိုးသင့်ဖြစ်နိုင်တာ။ ဓမ္မစာပေကို လူမှုရေးရာကိစ္စများ အသုံးပြု၍ ရနိုင်သလို၊ လောကီစာပေများကိုလဲ လူမှုရေးရာအဖြာဖြာတို့၌ အသုံးပြု၍ ရနိုင်ခြင်းပါ။
            လောကီပညာရေးဆိုရာမှာ (ဒီနေရာမှာ) ချောက်ချီးချောက်ချက် မူလတန်းအဆင့် ပညာရေးမျိုးကို မဆိုလိုပါ။ အမှန်ကို ထုတ်ဖေါ်ပြောဆိုရမည်ဆိုလျှင် မူလတန်းပညာရေးအဆင့်မှာ ကျောင်းသား၊ ကျောင်းသူများဟာ သေစာ ရှင်စာ ဖတ်တတ်ရုံမှလွဲပြီး တွေးခေါ်မျှော်မြင်နိုင်တဲ့ ပညာမျိုးကို မရနိုင်ကြသေးပါ။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကအစ အထက်တန်းပညာရပ်များကို ပြည်သူ၊ ပြည်သားများ အခမဲ့ သင်ကြားခွင့် မရနိုင်သေးသမျှကာလပတ်လုံး ထက်မြက်တဲ့အတွေးခေါ်များ ပြည်သူ၊ ပြည်သားများ ရနိုင်ကြဦးမည်မဟုတ်ပါ။ စီးပွားရေးရာမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးရာမှာပဲဖြစ်ဖြစ်၊ ပညာရေးရာမှာပဲဖြစ်ဖြစ် မစဉ်းစား၊ မတွေးခေါ်နိုင်သေးတဲ့ လူမျိုးဟာ ဘယ်သောခါမှ အဆင့်မှီမှီနေနိုင်တဲ့ အထက်တန်းဘ၀များသို့ ရောက်နိုင်ဦးမည်မဟုတ်ပါ။ တိုင်းပြည်ကို မြတ်နိုးသူများ စဉ်းစားနိုင်ဖို့ပါ။

ခေတ်ကို လက်လှမ်းမမီ
            လွန်ခဲ့တဲသုံးလေးရက်ခန့်က မင်္ဂလာဒုံ၊ ခရေပင်လမ်းခွဲအလွန် အမှတ်(၁)လမ်းမကြီးပေါ်မှာ မြက်ဖြတ်ဓားကိုယ်စီနဲ့ လမ်းကြီးတစ်လျှောက် မြက်ဖြတ်နေကြတဲ့ အလုပ်သမားတစ်စုကို အမှတ်မထင် တွေ့ခဲ့ရတယ်။ မြင်စမှာတော့ ၀မ်းနည်းမိသလိုလို၊ ဘယ်သူဘယ်ဝါကို အပြစ်တင်ရမလိုလို ဖြစ်မိပါရဲ့။ သူများနိုင်ငံများမှာဆို အဝေးပြေးလမ်းမပေါ်မှာ မြက်ဖြတ်ရင် ခေတ်ပေါ်မြက်ဖြတ်စက်တွေနဲ့ မြက်တွေကို ရိတ်ဖြတ်ကြတာ။ တို့နိုင်ငံနဲ့များကွာပဆိုတဲ့ အတွေးတစ်ခု။  သက်ဆိုင်သူများကို မြက်ဖြတ်စက်လေးလောက်မှ ၀ယ်မပေးနိုင်ကောင်းလားလို့ အပြစ်တင်လိုတဲ့ အတွေးတစ်ခု။ မြန်မာနိုင်ငံတော်ကြီး ဘယ်တော့များမှ ကမ္ဘာ့အဆင့်မီ နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်လာနိုင်မှာပါလိမ့်လို့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းစိတ်။ တခဏချင်းမှာပဲ တွေးစိတ်တွေစုံသွားတယ်။
တစ်ချိန်တည်းမှာပင် ကိုယ်တွေ့ အတွေ့အကြုံလေးတစ်ခုကို သတိရမိပြန်တယ်။ တခါက အလုပ်သမားတွေကို မြက်ရိတ်စက်နဲ့ သက်ဆိုင်ရာမှ ပေးသုံးထားတာကို တွေ့ဖူးထားလို့ပါ။ ဒါပေမဲ့ အလုပ်သမားများရဲ့ ပညာရေးဟာ အလွန်နိမ့်ကျနေလေတော့ မြက်ဖြတ်စက်တွေကို ၀ယ်ပေးထားလဲ ဘယ်ပုံ၊ ဘယ်နည်းဖြင့် သုံးစွဲရမယ်ဆိုတဲ့ အညွှန်းကိုလည်း မဖတ်တတ်၊ စက်တွေကို အသုံးပြုရာမှာ စက်ရဲ့ခံနိုင်ရည် အချိန်အခါကိုလည်း နားမလည်ဆိုတော့ မျက်ရိတ်စက်တွေ တာရှည်ခံအောင် မသုံးတတ်ကြတာ မဆန်းပါ။  နောက်ဆုံးတော့ မြက်ရိတ်ဓားနဲ့ပဲ ဒီသောင်ဒီကမ်းကို ပြန်ဆိုက်ရတဲ့အဖြစ်မျိုးကို  စဉ်းစားမိလို့ပါ။
စက်ပစ္စည်းများကို ၀ယ်ယူသုံးစွဲရာမှာ အာမခံချက်မရှိတဲ့ နိုင်ငံမျိုးဆိုတော့ စက်ပစ္စည်းရဲ့တန်ဖိုးက အလုပ်သမားများအတွက် တန်ဖိုးကြီးလွန်းနေသေးတယ်လို့ပဲ ဆိုရမှာပါ။ ဒီလိုစဉ်းစားမိပြန်တော့လဲ တွေးစိတ်မှာ အပြစ်တင်လိုတဲ့စိတ်တွေ ပျောက်ကွယ်သွားခဲ့တယ်။

ကံမပုံနဲ့ ဥာဏ်ကို ယုံကြ      
            ဆင်းရဲခြင်း၊ ချမ်းသာခြင်းတို့ဆိုတာ ဗုဒဘာသာဝင်များအမြင်မှာတော့ အတိတ်ကံကြောင့်ပဲလို့ ပြောကြမှာပါ။ မမှန်ဘူးလားလို့မေးရင် မှန်သင့်သလောက်တော့မှန်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အခြား အကြောင်းတွေလည်း ဖြစ်နိုင်သေးတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်လို့ ထောက်ပြလိုခြင်းပါ။ အဲဒီအကြောင်း ကတော့ မြန်မာပြည်မှာ ပညာတတ်လူတန်းစားများ နည်းနေလို့ ဆင်းရဲသားလူတန်းစားများ များနေရ တယ်ဆိုတဲ့အချက်ပါ။ ဆင်းရဲချမ်းသာ ကွာခြားရခြင်း၏နောက်ကွယ်မှာ လျှို့ဝှက်ချက်ဆိုတာ ရှိကောင်းရှိ နေနိုင်ခြင်းပါ။ လူတိုင်းချမ်းသာချင်ပေမဲ့ မချမ်းသာနိုင်တဲ့လျှို့ဝှက်ချက်။ လူတိုင်းပညာတတ်ချင်ပေမဲ့ ပညာတတ် တွေဖြစ်မလာနိုင်တဲ့လျှို့ဝှက်ချက်။
ဒီလျှို့ဝှက်ချက်များနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တို့ကတော့ ကံတရား ကြောင့်ပဲလို့ လွယ်လွယ်ပဲဖြေကြမှာပါ။ ကံတရားကြောင့် ဖြစ်ရတယ်ဆိုတာကိုတော့ အကြမ်းဖျင်း လက်ခံ နိုင်ဖို့ပါ။ ဒါပေမဲ့ ချမ်းသာအောင်၊ ပညာတတ်အောင် ပြုလုပ်ပေးလို့ မရနိုင်ဘူးလားလို့ ဆက်လက်မေးလာခဲ့ရင် ဘယ်လိုဖြေကြမလဲ။ လူအခွင့်အရေးများကို တန်းတူရည်တူရအောင် ပြုလုပ်ပေးနိုင်မယ်ဆိုရင် ဆင်းရဲ၊ ချမ်းသာကွာခြားမှုဟာ နည်းမသွားနိုင်ဘူးလားဆိုတဲ့အမေး။ ဒီမိုကရေစီစနစ်ကို စနစ်တကျကျင့်သုံးတဲ့ တိုင်းပြည် အများစုဟာ တိုင်းသူပြည်သားများရဲ့ လူနေမှုအဆင့်တန်းများ မြင့်မားစေချင်တဲ့အခါ ပညာရေးအဆင့် အတန်းများကို ဦးစွာမြှင်တင်ပေးခြင်းပါ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တိုင်းပြု၊ ပြည်ပြု ခေါင်းဆောင်များ သတိတရားများ ရနိုင်ကြဖို့ပါ။

ပန်းတိုင်ဆီသို့ …
            တစ်ခါက နိုင်ငံရေးနဲ့စပ်ပြီး စာအုပ်ပေါင်း (၇)အုပ်ကို ရေးသားခဲ့တဲ့ ကာလီဖိုးနီးယားပြည်နယ်၊  ဆန်ဟိုဆေးမြို့၊ စတိတ်ယူနီဗာစီတီက ပရော်ဖက်ဆာတစ်ယောက်ကို မေးဖူးတယ်။ “ခင်ဗျားအမြင်ကို သိပါရစေ။ အမေရိကန်နိုင်ငံကြီးဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ ကမ္ဘာက စံထားရလောက်ရတဲ့အထိ ဖြစ်နေပြီဆိုတော့ ဒီမိုကရေစီစနစ်ကြီး အမေရိကန်နိုင်ငံမှာ အောင်မြင်ပြီလို့ ခင်ဗျားထင်လား” လို့ မေးကြည့်တဲ့အခါ သူက - “ဒီမိုကရေစီစနစ်ဆိုတာ ဘယ်တော့မှ ပန်းတိုင်မရောက်နိုင်တဲ့စနစ်တဲ့။” သူအကြောင်းပြတာကတော့ “ပြည်သူတွေရဲ့လိုအပ်ချက်တွေဟာ အမြဲတမ်းရှိနေမှာဖြစ်လို့၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေရှိနေသမျှ ဒီမိုကရေစီစနစ်ဟာ လိုအပ်သလို ဆောင်ရွက်ပေးရတာမို့ ဘယ်တော့မှ လမ်းဆုံးကို ရောက်မှာမဟုတ်ပါဘူး”တဲ့။  ဒီမိုကရေစီကို များစွာမျှော်လင့်နေကြတဲ့ ပြည်သူများ သိရှိထားနိုင်ဖို့ပါ။

အစွန်းရောက်တာက ခရီးမရောက်နိုင်
            မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် မကျင့်သုံးနိုင်သေးတော့ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး အစွန်းရောက်တဲ့ အဖွဲ့အစည်းတွေ၊ အစွန်းရောက်တဲ့ လူမျိုးစုတွေ၊ အစွန်းရောက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊  အစွန်းရောက်တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ အစွန်းရောက်တဲ့ ကိုယ့်ကျိုးစီးပွားရှာသူတွေ၊ ဒီမိုကရေစီ စနစ်ကို အကြောင်းပြပြီး ထင်ရာစိုင်းချင်တဲ့သူတွေ သတိမူနိုင်ကြဖို့ပါ။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတိုင်း အသွင်တူဖို့၊ အမြင်တူဖို့မလိုပါ။ လူမှာ ကိုယ်ပိုင်အသွင်တို့၊ ကိုယ်ပိုင်အမြင်တို့ဆိုတာ ရှိနေမှာပါ။ လိုအပ်တာကတော့ ဥပဒေကို လေးစားလိုက်နာပြီး၊ ဥပဒေနှင့်အညီ နေထိုင်ကြဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့် ရေးများကို လေးစားကြဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကို အတူပူပေါင်းဆောင်ရွက်ကြဖို့ပါ။ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်အစိုးရမို့ ပြည်သူတွေရဲ့ လူ့အခွင့်ရေးများကို ကာကွယ်ဖို့နဲ့ ငြိမ်းချမ်းစွာနေလိုတဲ့ ပြည်သူများကို စောင့်ရှောက်ပေးနိုင်ဖို့ပါ။ ဒါကအဓိကပါ။
            ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ ပြည်သူတွေဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတွေကို ပြည်သူ၊ ပြည်သားတွေ ကိုယ်တိုင်သိလာနိုင်ဖို့အတွက် နိုင်ငံတော်မှ ပညာပေးလှုံ့ဆော်မှုတွေ၊ စာပေးဟောပြောမှုတွေ၊ ကျောင်းသင်ခန်း စာတွေထဲမှာ စီဗစ်ခ် အက်ဒယူကေးရှင်းမျိုး (နိုင်ငံသားကောင်းတို့သိသင့်၊ သိထိုက်တဲ့ပညာရေးမျိုး)ကို ကျောင်း သင်္ခန်းစာ တစ်ခုအနေနဲ့ ထည့်သွင်းဖေါ်ပြ သင်ကြားပေးနိုင်ဖို့နဲ့ ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်များမှလည်း နေစဉ်နေ့တိုင်း လွှင့်ထုတ်ပေးနိုင်ဖို့ပါ။
 ဖြစ်နိုင်ရင် ရုပ်မြင်သံကြားအစီစဉ်တစ်ခုအနေနှင့် ဒီမိုကရေစီဖေါ်ရမ် တစ်ခုကို စီစဉ်ပေးပြီး “ဒီမိုကရေစီနှင့် ပြည့်သူ့အမြင်၊ ဒီမိုကရေစီနှင့် ကျောင်းသား၊ ကျောင်းသူများ (ဆရာ၊ ဆရာမများအပါအ၀င်)ရဲ့အမြင်များကို လွှင့်ထုတ်ပေးခြင်း၊ တခါတရံမှာ ဒီမိုကရေစီနှင့်စပ်သော ဥာဏ်စမ်း ပုစ္ဆာများကို ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်စေခြင်း-စတဲ့ ပြီုင်ပွဲများကို ပြုလုပ်ပေးခြင်းမျိုးကို ပြုလုပ်ဆောင်ရွက်ပေးဖို့ပါ။ ပြည်သူ့အသံများကို ပြည်သူတိုင်းနီးနီး ပြန်လည်ကြားနိုင်အောင် ဆောင်ရွက် ပေးဖို့ပါ။ တချိန်ထဲမှာပင် နိုင်ငံခေါင်းဆောင်များကလည်း ပါတီစွဲမထားပဲ နိုင်ငံနဲ့လူမျိုးအတွက် စိတ် စေတနာ မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။

အားလုံးအတွက် ပညာရေး …
            နိုင်ငံတော်မှ ပညာရေးစီမံကိန်းများရေးဆွဲပြီး ပြုပြင်ပြောင်းလဲဖို့၊ စီမံကိန်းများကို ရေးဆွဲကြရာမှာ တက္ကသိုလ်ပညာရေးအတွက်ကိုသာ ပြုပြင်ရေးဆွဲပြီး၊ အောက်ခြေဖြစ်တဲ့ အခြေခံပညာရေးစီမံကိန်းများကို ထည့်သွင်းစဉ်းစားမပေးနိုင်ခြင်းဟာ တိုင်းပြည်အတွက် အဆုံးရှုံးကြီးတစ်ရပ်လို့ ဆိုရမှာပါ။
တက္ကသိုလ် ပညာရေးအတွက် ရေးဆွဲရာမှာ တက္ကသိုလ်စာသင်နှစ်များကို သုံးနှစ်မှလေးနှစ် (ရိုးရိုးဝိဇ္ဖာ၊ သိပံဘွဲ့များ)၊ လေးနှစ်မှငါးနှစ် (BED ဘွဲ့များ)၊ ငါးနှစ်မှ ခြောက်နှစ် (BE ဘွဲ့များ)၊ ခြောက်နှစ်မှခုနှစ်နှစ် (MBBS ဘွဲ့များ) စသည်ဖြင့် တက္ကသိုလ်ပညာရေးကို မြှင့်တင်ပေးထားခြင်းပါ။
သို့သော် အခြေခံပညာရေးကိုတော့ အရေးမပါလှဟု ခေါင်းဆောင်များ အထင်ရှိနေကြလေသလားမသိ မူလတန်းပညာရေးကိုသာ အခမဲ့ပညာရေး မျိုးဖြစ်စေပြီး၊ အလယ်တန်း၊ အထက်တန်းပညာရေးများကို အခမဲ့သင်ကြားခွင့်မပေးနိုင်ခြင်းဟာ တိုင်းပြည် အတွက် များစွာဆုံးရှုံနစ်နာ နေခြင်းကို အများပြည်သူများ သိနိုင်ကြမည်မဟုတ်ပါ။
တိုင်းပြည်တာဝန်ကို ထမ်းရွက်ကြသော ပြည်သူ့ဝမ်းထမ်းများကို အဆင့်သုံးဆင့်ထား၍ ခွဲခြားသတ်မှတ်ထားသင့်သည်ဟု ထင်မြင်ယူဆမိလို့ပါ။ တက္ကသိုလ်လယ်ဗယ်အဆင့်ရှိသော ၀န်ထမ်းများက အထက်တန်းလယ်ဗယ် (ဆယ်တန်း၊ ကိုးတန်းစသည်) ပညာရေးအဆင့်ရှိသောဝန်ထမ်းများကို ညွန်းကြားခြင်း (အထူးသဖြင့် စက်ရုံးအလုပ်ရုံများကို ရည်ညွှန်းပြောဆိုသည်)၊ အထက်တန်းလယ်ဗယ် အဆင့်ရှိသောဝန်ထမ်းများက မူလတန်းလယ်ဗယ် အဆင့်ရှိသောဝန်ထမ်းများကို ညွန်းကြားခြင်းမျိးသည် အဆင့်မကွာ၍ ညွန်ကြားရာ၌ အဆင်ပြေနိုင်လို့ပါ။
 မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အထက်နဲ့အောက်အကြား ခါးပြတ်နေသလို ဖြစ်နေခြင်းကို သတိမူနိုင်ဖို့ပါ။
မူလတန်းပညာရေးအဆင့်လောက်သာ သင့်ခွင့်ရှိသူက များလွန်းနေပြီး၊ ထိုမူလတန်း တက်ရောက်သူများမှ နောက်ဆုံးတက္ကသိုလ်များသို့ တက်ရောက်သင်ကြားနိုင် ခွင့်ရှိသော ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုံးဟာ ၂၀% ရာနှုံးထက်မပိုနိုင်ပါ။ (ယခုနှစ် ဆယ်တန်းအောင် ရာခိုင်နှုံးမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှာပင် ၃၃%ရာခိုင်နှုံးခန့်သာရှိကြောင်း သိရှိရသည်။ ထို့ကြောင့် မူလတန်းမှ တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရှိသော ရာခိုင်းနှုန်းသည် ထိုထက်နည်းဖွယ်ရာသာရှိသည်။)

ပညာရေး ခါးမပြတ်မှ လူလုံးလှမယ်
            ပညာတတ်နည်းသောလူမျိုးသည် လူနေမှုအဆင့်အတန်း နိမ့်ကျမည်ဖြစ်ပြီး၊ အထက်တန်းပညာကို သင့်ကြားခွင့်နည်းသော လူမျိုးများနေထိုင်သောနိုင်ငံသည် ပညာတတ်နည်းသော နိုင်ငံဟုဆိုရပေမည်။ ပညာတတ်နည်းသောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံမျိုးသာ အဖြစ်များသည်။ ပညာရှင်များ၊ တိုင်းပြည်ခေါင်းဆောင်များ သတိမူနိုင်ကြဖို့ပါ။
            ထို့ကြောင့် အထက်တန်းပညာကို မသင်မနေရပညာရေးမျိုးဖြစ်အောင်၊ အခမဲ့သင်ကြားခွင့်ရှိသော ပညာရေးမျိုးဖြစ်လာနိုင်အောင် တိုင်းပြည်ခေါင်းဆောင်များ အလေးအနက်ထား၍ စဉ်းစားပေးကြဖို့ပါ။  တိုင်းပြည်၏ဘတ်ဂျက်ကို မျှဝေသုံးစွဲရာ၌ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်ကို တိုးမြှင့်၍ သုံးစွဲသင့် သည်ဟုလည်း တင်ပြလိုခြင်းပါ။
တိုးတက်သောတိုင်းပြည်များ၌ ပြည်သူ၊ ပြည်သားများ ပညာတတ်များ ဖြစ်လာအောင်၊  ပညာတတ်များပြားလာအောင် အထက်တန်းပညာကို မသင်မနေရ ပညာရေးမျိုး၊ အခမဲ့ သင်ကြားခွင့်ရှိသော ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ကြဖို့ပါ။
တိုးတက်သောတိုင်းပြည် များ၌ ငွေကြေးမတတ်နိုင်သူများကို တက္ကသိုလ်ကျောင်းများသို့ မတက်ရောက်နိုင်သောအဖြစ်မျိုး မရှိရ လေအောင် လခနည်းသောမိဘများ၏ သားသမီးများကို ပညာသင်ဆုနှင့် ပညာရေးထောက်မှုများ (Financial Aid) ကို ပေး၍ တက္ကသိုလ်များသို့ တက်ရောက်သင်ကြားစေခြင်းမျိုးကို ပြုပေးခြင်းသည် အတုယူဖွယ် ကောင်းသော မူဝါဒမျိုးပါ။ တိုင်းပြည်တွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သားသမီးချင်း စာနာတတ်မည်ဆိုလျှင် ပညာရေးပေါ်လစီကို ပြန်လည်းပြင်ဆင်ပေးသင့်ပါကြောင်း တိုက်တွန်းလိုက်ခြင်းပါ။   

ရှိပြီးသားတွေကို အားပေးပါ၊ အစက ပြန် မစချင်ပါနဲ့
            ကျောင်းသား၊ ကျောင်းသူများ အထက်တန်းပညာကို အခမဲ့သင့်ကြားခွင့်များ ရရှိနိုင်အောင် ဘက (ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ)မှလည်း ပါဝင်ကူညီပေးသင့်ခြင်းပါ။ တွဲဖက်အထက်တန်းကျောင်း များဖြစ်လာအောင် နိုင်ငံတော်ပညာရေးဝန်ကြီးဌာနသို့လျှောက်ထားခြင်း၊ ဘကကျောင်းအချင်းချင်းလည်း ကျောင်းသား၊ ကျောင်းသူများ၏ပညာရေးအတွက် အကူညီများပေးခြင်း၊ နိုင်ငံတော်မှ သတ်မှတ်ထားသော ပညာရေးစံချိန်၊ စံနှုန်းများကိုမှီနိုင်အောင် နီးစပ်ရာ အစိုးရအထက်တန်းကျောင်းများနှင့် တွဲဖက်အထက်တန်း ကျောင်းပြုလုပ်၍ဖြစ်စေ (သို့မဟုတ်) အထက်တန်းကျောင်းများဖွင့်၍ဖြစ်စေ ပညာများကို သင်ကြားပေးနိုင်ဖို့ပါ။ ထိုသို့ပြုလုပ်ပေးနိုင်ကြမည်ဆိုလျှင် မြန်မာနိုင်ငံရဲ့ပညာရေးစံနစ်သည် ကမ္ဘာနိုင်ငံများနှင့် ရင်ဘောင်တန်းလာနိုင် ဖို့ပါ။ ထိုသို့ပြုလုပ်မပေးပဲ တက္ကသိုလ်အဆင့်မျှလောက်ကိုသာ ပညာရေးအဆင့်အတန်းများကို တိုးမြှင့်ပေးမည် ဆိုလျှင် ပညာရှင်အနည်းစုသည် ပညာမဲ့အများစုအတွက် နိုင်ငံတော်ကို ကိုယ်စားပြုနိုင်မည်မဟုတ်ကြောင်း သဘောပေါက်နိုင်ကြဖို့ပါ။
            သမိုင်းတစ်လျှောက်လုံး နိုင်ငံတော်ရဲ့ပညာရေးစနစ်များကို ကူညီပံ့ပိုးခဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပြန်လည်ရှင်သန်လာနိုင်အောင် နိုင်ငံတော်မှလည်းကောင်း၊ ရဟန်းရှင်လူ ပြည်သူ၊ ပြည်သားများမှလည်းကောင်း စုပေါင်းဆောင်ရွက်ပေးကြဖို့ပါ။ ငါ့ဖို့မပါလို့ ဆောင်ရွက်မပေးချင်တာမျိုး မဖြစ်ရလေအောင် သတိမူနိုင်ကြဖို့ပါ။ နိုင်ငံတော်အရေးသည် ပြည်သူ၊ ပြည်သားများအရေးဖြစ်ကြောင်းကို ထပ်တလဲလဲပြောနေရမဲ့ အချိန်အခါမျိုးလည်းမဟုတ်တော့ပါ။ တိုင်းပြည်ကြီး တိုးတက်လာနိုင်ဖို့အတွက် ပညာရေးကဏ္ဍ၌ အရင်းအနှီးမြှုပ်နှံထားခြင်းသည် ဆယ်ဆပွားသော အတိုးအညွန့်များ၊ အကျိုးအမြတ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်သူ၊ ပြည်သားများ ကြိုတင်သိမြင်နိုင်ဖို့ပါ။ “ပညာမြှင့်မှ လူမျိုးတင့်” နိုင်သည်ကို ရဟန်းရှင်လူများသည် (နိုင်ငံနဲ့လူမျိုး၊ ဘာသာနဲ့သာသနာအတွက်) လေးလေးနက်နက် စဉ်းစားပေးကြဖို့ မေတ္တာဖြင့် တိုက်တွန်းနေခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

(ဓာတ်ပုံ - ငါးကျမ်းပြန်ကျောင်းတိုက်၊ မေတ္တာနန္ဒာ ဖောင်ဒေးရှင်းနဲ့ ပညာဒါနစာသင်ကျောင်းများ ထူထောင် ဆောင်ရွက်နေသည့်၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါရဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ်က ဧည့်ပါမောက္ခဆရာတော် အရှင်ဓမ္မပီယ ကို ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး ဧရာဝတီတိုင်း ကယ်ဆယ်ရေးခရီးစဉ် တခုတွင် တွေ့ရသည့် ပုံဖြစ်သည်၊ (မိုးမခ))



--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages