`အကျော်ဇေယျလား အကျော်ဒေးယျလား´
သန်းဝင်းလှိုင်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂
တလောက မိုးမခဘလော့တွင် စာရေးသူ၏ `သမိုင်းတကွေ့မှ အကျော်ဇေယျ အမျိုးသမီးများ´
စာအုပ် ကြော်ငြာကို တင်ထားရာ၊ အင်တာနက်ပရိသတ်အများစုက `အကျော်ဇေယျ´
အသုံးအနှုန်းကို မှားသည်ဟု ထင်မြင်မိကာ `အကျော်ဒေးယျ´ သာ ဖြစ်သင့်သည်ဟု
မှတ်ချက်ပြုထားကြသည်။ မူလက ပြန်လည်မရှင်းလင်းလိုသော်လည်း
ဝါရင့်သတင်းထောက်ကြီးများ၊ စာရေးဆရာကြီးများကိုယ်တိုင်ကပါ
အမှတ်မှားနေသည့်အတွက် မျိုးဆက်သစ်လူငယ်များ အကျိုးကို မျှော်တွေး၍
ပြန်လည်ရှင်းလင်းတင်ပြအပ်ပါသည်။
ကျော်ကြားထင်ရှားခြင်း၏
အဓိပ္ပါယ်ကို မြန်မာစာပေ၌ `အကျော်ဇေယျ´ ဟူသော ဝေါဟာရကို သုံးနှုန်းကြပါသည်။
သို့သော် လွန်ခဲ့သော နှစ် ၃၀ကျော်က ဆရာကြီးဦးသုခပင် ဗုဒ္ဓခေတ်
ထင်ရှားကျော်ကြားသော ဗုဒ္ဓ၀င်အမျိုးသမီးများကို `အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ´ ဟူ၍ အမည်တပ်ကာ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ဖူးပါသည်။ မြန်မာစာအဖွဲ့ ဦးစီးဌာန မှ ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ဒုတိယအကြိမ် ထုတ်ဝေသော `မြန်မာအဘိဓာန်´ ကျမ်း စာမျက်နှာ ၃၉၇ ၌လည်း-
`အကျော်ဇေယျ၊
န- ကျော်စောထင်ရှားခြင်း။ [မြန်၊ အကျော် + ပါ၊ ဇေယျ?]´ ဟူ၍
အနက်ဖွင့်ထားပါသည်။ ထိုနည်းတူစွာ စိတ်ကူးချိုချိုမှ ၂၀၀၈ ဒီဇင်ဘာလ၌
တတိယအကြိမ်ထုတ် ဆရာကြီး ဦးဖိုးလှ၏ `မြန်မာ့သတ်ညွှန်းဒီပနီ´ စာအုပ် စာမျက်နှာ ၁၀၇ ၌ `အကျော်ဇေယျ´ ဟူ၍သာ ရေးသားထားပါသည်။
`ေဒယ်´ကို
`ေဒယ်ဓမၼ´ ဟူ၍သာ သုံးနှုန်းပါသည်။ အဓိပ္ပါယ်မှာ အလှူဝတ္ထု၊ လှူစရာပစ္စည်းဟူသော
အနက်ရသည်။ [ပါ၊ ဒေယျဓမ္မ။ ဒေယျ - ပေးအပ်သော၊ ဓမ္မ - အရာဝတ္ထု။] ဒေယျဓမ္မ
နှင့်ဆင်တူ အခြားပါဠိဝေါဟာရမှာ `ဒါတဗ္ဗ၀တ္ထု´ ဖြစ်ပြီး အနက်မှာ ဒါတဗ္ဗ၀တ္ထု
(ပါဠိ)။ ဒါတဗ္ဗ - ပေးအပ်သော၊ ၀တ္ထု - ပစ္စည်း ဖြစ်သောကြောင့် အလှူဝတ္ထုပစ္စည်း
ဖြစ်ပါသည်။
အမှန်မှာ
ပညာရှိတို့က `ဥက္ကောဋေယျ´ဟူ၍ သုံးနှုန်းပါသည်။ ဥက္ကောဋေယျ -
လှုပ်ချောက်ချားငြားအံ့ဟူသော အနက် ရသဖြင့် မူရင်းပါဠိအတိုင်း ဋ
သံလျှင်းချိတ်ဖြင့်သာ ရေးရပါမည်။ ဥက္ကောတေယျ၊ ဥက္ကောဒေယျဟု ရေးသားကြသည်မှာ
မူရင်းပါဠိဘာသာဖြင့် မညီသောကြောင့် မှားပါသည်။
ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၂၇၃ခုနှစ်က ပြုစုရေးသားခဲ့သော ဦးအောင်၏ `က၀ိသေနင်္ဂဗျူဟာကျမ်း´
စာ ၂၄၌ “ဆူညံသောင်းသောင်း၊ အပေါင်းလူဗိုလ်၊ ထိုထိုခပင်း၊
သီဆိုကြခြင်းသည်၊ မြို့တွင်းမြို့ပြင်၊ ၀န်းကျင်ဖြဖြ၊ ကောလာဟလ ဥက္ကောဋေယျ
ဖြစ်သနည်း” ဟူ၍ လည်းကောင်း၊
ဇမ္ဗူ့မိတ်ဆွေစာပေတိုက်မှ ၁၃၀၀ပြည့်နှစ်က ထုတ်ဝေသော ဆရာကြီး ဦးဖေမောင်တင် ရေးသားခဲ့သည့် `မြန်မာစာပေသမိုင်း´ စာ ၃၆ ၌ -
“မြို့သူမြို့သားတို့မှာ လွန်စွာဝမ်းမြောက်ကျလျက် ပေလေးပင်ရှင်လေးပါး ပေါ်ဦးတော့မည်တကားဟူ၍ ဥက္ကောဋေယျ ဖြစ်နေလေသည်” ဟူ၍လည်းကောင်း ရေးသားခဲ့ကြပါသည်။ ဆရာကြီးဒဂုန်ဦးထွန်းမြင့် ပြုစုခဲ့သော `ပါဠိသက်ဝေါဟာရ အဘိဓာန်´ စာမျက်နှာ ၄၆၇ ၌လည်း ယင်းအတိုင်းပင် ဖော်ပြထားပါသည်။
ထို့ကြောင့် အကျော်ဒေယျ အသုံးအနှုန်းမရှိဘဲ အကျော်ဇေယျသာ အသုံးရှိကြောင်း တင်ပြလိုပါသည်။
ဒဿနိကဗေဒလား ဒဿနဗေဒလား
မြန်မာစာပေ၌
ဒဿနဗေဒ(ပါဠိ) ဝေါဟာရကို တက္ကသိုလ်ပရ၀ဏ်အတွင်း၌ပင် ဒဿနိကဗေဒဟူ၍ လွဲမှားစွာ
သုံးနှုန်း နေကြပါသည်။ ဒဿနိက(ပါဠိ) ဝေါဟာရသည် ဖီလော်ဆော်ဖီဆရာ (Philosopher)
(၀ါ) ဒဿနိက ဆရာကြီးဟူသော အဓိပ္ပါယ်ရပါသည်။ ပါဠိဝေါဟာရ၏အနက်
ဒဿနိကဆရာကြီးဟူသော အဓိပ္ပါယ်ရပါသည်။ ပါဠိဝေါဟာရ (ဒဿနိကသည် ဒဿန + ဣက ဖြစ်ပြီး
ဒဿန - အမြင်၊ ဣ - ရှိသူ) ဟူ၍ အနက်ရသောကြောင့် ဒဿနအမြင်ရှိသူ ဖြစ်ပါသည်။
ဒဿနဗေဒ ဟူသည်မှာ (ဒဿန - လောကအမြင် + ဗေဒ - ပညာရပ်) ဟူ၍ အနက်ရသည်။
ထို့ကြောင့် ဒဿနဗေဒ ဟူ၍ ရေးမှသာ မှန်ပေမည်။
ပဉ္စငါးပါး
ပဉ္စဟူသော
ပါဠိဝေါဟာရသည် ငါးခုဖြစ်သောကြောင့် မိန်းမများ၏ ကောင်းခြင်းငါးဖြာ
ဂုဏ်အင်္ဂါနှင့်ပြည့်စုံသော အမျိုးသမီးကို `ပဉ္စကလျာ´ ဟူ၍လည်းကောင်း၊
ခန္ဓာငါးပါးကို `ပဉ္စခန္ဓာ´ ဟူ၍လည်းကောင်း၊ ဓာတ်ကြီးငါးပါးဖြင့်
ပြသောဆေးကျမ်းကို ပဉ္စဘုတ် ဟူ၍လည်းကောင်း၊ ငါးခုမြောက်ကို ပဉ္စမီ
ဟူ၍လည်းကောင်း၊ အသွင်ငါးမျိုးပါသောအရုပ်ကို `ပဉ္စရူပ´ ဟူ၍ လည်းကောင်း၊
သတ္တုငါးမျိုးပါသောအရာကို `ပဉ္စလောဟာ´ ဟူ၍လည်းကောင်း၊ ငါးပါးအစုရှိသော ရဟန်း
(ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဟူသော ရဟန်းငါးပါး)ကို `ပဉ္စ၀ဂ္ဂီ´
ဟူ၍လည်းကောင်း၊ ငါးပါးသီလကို `ပဉ္စသီ´ ဟူ၍လည်းကောင်း၊ ဥသျှောင်ငါးခုရရှိသော
နတ်သားကို `ပဉ္စသီခ´ ဟူ၍လည်းကောင်း သုံးနှုန်းခေါ်ဝေါ်ကြပါသည်။
သို့သော်
အရွက်၊ အသီး၊ အခေါက်၊ အမြစ်၊ အပွင့်တို့ဖြင့် ဖော်စပ်ထားသောဆေးကို
ပဉ္စငါးပါးဆေးဟု သုံးနှုန်းပါက ပဉ္စ - ၅၊ ငါး - ၅ ဟူ၍ အဓိပ္ပါယ်ထွက်ရာ
၅၅ပါးသောဆေးဟု အမှတ်မှားနိုင်ပါသည်။ သို့သော် နားယဉ်နေပြီဖြစ်၍
ပဉ္စငါးပါးဟူ၍သာ အလွယ်ခေါ်နေကြပါသည်။
မိဘုရားလား မိဖုရားလား
မြန်မာစာပေ၌ လွဲမှားစွာ သုံးနေသော အခြားဝေါဟာရတစ်ခုမှာ `မိဘုရား´ ဟူသော စကားလုံးပင်ဖြစ်သည်။
မိဘုရားသည်
ပြည်သူတို့၏ အမိဖြစ်သောကြောင့် သဒိသူပစာအားဖြင့် `အမိဘုရား´ ခေါ်ဝေါ်ပါသည်။
နှောင်းပိုင်း၌ အ - ကြေ၍ `မိဘုရား´ ဟူ၍ အာလုပ်ပုဒ်ခေါ်ဝေါ်လာကြသည်။
မြန်မာသက္ကရာဇ် ၅၈၅ခုနှစ်က ရေးထိုးထားသော လေးထောင့်
ကန်လေးမျက်နှာဘုရားကျောက်စာတွင် `အမိဘုရားစသော မောင်းမတော်ခပ်သိမ်း´ ဟူ၍
ထိုပုဂံခေတ်ကပင် အ,မကြေဘဲ `အမိဘုရား´ ခေါ်ဝေါ်ရေးသားကြောင်း ထင်ရှားပါသည်။
ထို့ကြောင့် နန်းဓလေ့ထုံးတမ်းအရ နန်းရမိဘုရား၎ပါး (တောင်နန်း၊ မြောက်နန်း၊
အလယ်နန်း၊ အနောက်နန်း) နှင့် အဆောင်ရမိဘုရား၎ပါး (တောင်ဆောင်တော်၊
မြောက်ဆောင် တော်၊ တောင်ရွှေရေးဆောင်၊ မြောက်ရွှေရေးဆောင်) သည်သာ
`မိဘုရား´ဟူ၍ သုံးနှုန်းရပါသည်။ ထို့ကြောင့် သီပေါမင်း၏ မယ်တော်
လောင်းရှည်မိဘုရားသင်္ချိုင်းစာ၌ လောင်းရှည်ဘုရားဟူ၍သာ ရေးထိုးထားပါသည်။
မြန်မာသက္ကရာဇ်၆၆၀ပြည့်နှစ်
ရေးထိုးသည့် မိဘုရားစောကျောက်စာတွင် `ရန်ခပ်သိမ်းကို နှိမ်နင်းနိုင်သော
သီရိရာဇာမည် သော မင်းကြီးများဖြစ်သော မိဘုရားစော သည်´ ဟူ၍လည်းကောင်း။
သက္ကရာဇ်၁၁၈၃(ခရစ်နှစ်
၁၈၂၁) မဇ္ဈိမဒေသ ဗုဒ္ဓဂယာအရပ်ရှိ မဟာဗောဓိကျောက်စာတွင်
`မြတ်သောမိဘုရားခေါင်ကြီး နှင့်တကွ´ ဟူ၍လည်းကောင်း၊ `သီရိပ၀ရမဟာ ရာဇိန္ဒာ
ရတနာဒေ၀ီအမည်တော်ရှိသော တောင်မိဘုရားခေါင်ကြီးနှင့် တကွ´ ဟူ၍လည်းကောင်း။
သက္ကရာဇ်၁၂၀၉ခုနှစ် ဆိတ်ပေါက်ဘုရားကျောက်စာတွင် `မင်းညီ မင်းသား၊ မင်းမိဘုရား၊ မွှန်ကြားပေါက်ပြ´ ဟူ၍ လည်းကောင်း။
သက္ကရာဇ်
၁၂၂၁ခုနှစ် မန္တလေးတောင်ခြေ သုဓမ္မာကျောက်စာတွင် `မြောက်နန်းတော်မိဘုရားသည်´
ဟူ၍လည်းကောင်း အသီးသီးကျောက်ထက်အက္ခရာဖြင့် ထင်ထင်ရှားရှားရှိပါသည်။
မိဘုရားဟူသော
ပုဒ်အက္ခရာကို ပုဂံခေတ်ကောင်းစားစဉ် လွန်ခဲ့သော အနှစ် ၉၀၀ကျော်လောက်ကပင်
စတုတ္ထအက္ခရာ ဘကုန်းတစ်ချောင်းငင် ဥသရနှင့် `ဘု´ ဟူ၍လည်းကောင်း၊ ရကြီးအချတွင်
ဝိသဇ္ဇနီနှင့် `ရား´ ဟူ၍လည်းကောင်း အရေး အသားရှိခဲ့သည့်အပြင် ကုန်းဘောင်
ပထမအလောင်းမင်းတရားကြီးမှစ၍ (၁၁)ဆက်သောမင်းတို့လက်ထက်တိုင် နန်းတော်၊
အိမ်တော်နှင့် လွှတ်ရုံးငါးရပ်တို့၌ သုံးနှုန်းထားသည့်အတိုင်း မိဘုရားဟူသော
ပုဒ်အက္ခရာကို ရှေးကာလက ရှိဟောင်းဖြစ်သော ကျောက်စာမူ၊ ပေမူ၊
ပုရပိုက်မူတို့အတိုင်းမရေးဘဲ `မိဖုရား´ဟုရေးပါက မှားယွင်းပါသည်။
သို့သော်
ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သည့် တော်လှန်ရေးကောင်စီတက်လာပြီးနောက်
၁၉၆၃ခုနှစ်တွင် ၄င်းဖွဲ့စည်းပေးခဲ့ သော မြန်မာစာကော်မရှင်မှ
ယနေ့တိုင်တည်ရှိနေသော မြန်မာစာအဖွဲ့သည် ဦးနေ၀င်းညွှန်ကြားချက်အတိုင်း
`မိဘုရား´ ကို `မိဖုရား´ဟူ၍ ပြင်ဆင်ရေးသားလာခဲ့ကြပါသည်။ ယင်းတို့၏
အကြောင်းပြချက်မှာ ဘုန်းကြီး၊ ဘုရားစသည်တို့သည် `ဘကုန်း´အရေးရှိသောကြောင့်
မြန်မာဗျည်း ၃၃လုံးတွင် ၂၆လုံးဗျည်း ဖဦးထုပ်ကိုသာ ရေးရမည်ဟု ဆိုကြပါသည်။
သို့သော် မည်သည့်ပညာရှင်မှ မိဘုရားကို ဖဦးထုပ်ဖြင့် မရေးကြပါ။
စာပေစိစစ်ရေးမှ အတင်းပြင်ခိုင်း၍သာ အချို့စာအုပ် များ၌ မိဖုရား
ဖြစ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ၁၉၇၁ခုနှစ်ထုတ် မြန်မာအဘိဓာန်(အကျဉ်းချုပ်) ငါးတွဲနှင့် ၂၀၀၈ခုနှစ် သြဂုတ်လ ဒုတိယအကြိမ်ပြင်ဆင် ဖြည့်စွက်ပုံနှိပ်သည့် `မြန်မာအဘိဓာန်ကျမ်း´ စာမျက်နှာ ၂၆၇ ၌ - ဘုရင်၏ နန်းရဆောင်ရ ကြင်ရာတော်ကို `မိဖုရား´ ဟူ၍သာ သုံးနှုန်းထားပါသည်။
နတ်ပြည်စံသည်လား နတ်ရွာစံသည်လား
နတ်ပြည်စံသည် နတ်ရွာစံသည်ဟူသော အသုံးအနှုန်းကို အချို့ပုဂ္ဂိုလ်များက မသဲကွဲကြချေ။
အာဏာရှိစဉ်အတွင်း
သို့မဟုတ် နန်းပေါ်တွင်စိုးစံလျက်ဖြစ်သော ဘုရင်မင်းမြတ်တို့ဘ၀ပြောင်းသည်ကို
`နတ်ပြည်စံသည်´ ဟူ၍ ရေးသားရပါသည်။ နတ်ပြည်ပြောင်းစံသည်ဟူ၍လည်း
ပြောဆိုရေးသားကြမြဲဖြစ်သည်။
နန်းကျဘုရင်ဖြစ်စေ၊
ဘုရင်၏မယ်တော်ဖြစ်စေ၊ တောင်နန်းမဒေ၀ီ မဟေသီမိဘုရားခေါင်ကြီးဖြစ်စေ
ဘ၀ပြောင်းသည်ကို `နတ်ရွာစံသည်´ဟူ၍သာ ပြောဆိုသုံးနှုန်းရေးသားရမြဲဖြစ်သည်။
ဥပမာ
အလောင်းမင်းတရား၊ ဆင်ဖြူရှင်မင်း၊ မင်းတုန်းမင်းတို့အား နတ်ပြည်စံသည်ဟူ၍
ရေးသားရပါသည်။ စစ်ကိုင်းမင်း၊ ပုဂံမင်း၊ သီပေါမင်းတို့သည်
နန်းကျဘုရင်များဖြစ်၍ နတ်ရွာစံသည်ဟူ၍ ရေးသားရပါမည်။ သို့သော်
တွေ့ကရာဘုရင်တိုင်း ဘ၀ပြောင်းသည်ကို နတ်ရွာစံသည်ဟူ၍ ရေးသားကြက
ပညာရှိတို့ရယ်ဖွယ်ရာပင်ဖြစ်ပါသည်။ ယင်းပုဂ္ဂိုလ်တို့အား ပင်စင်
အငြိမ်းစားဝန်ထောက်မင်းဦးမောင်မောင်တင်(၁) (K.S.M., A.T.M)
စီရင်ရေးသားခဲ့သော ‘ရွှေနန်းသုံးဝေါဟာရအဘိဓာန်’ ကို သာ လေ့လာကြပါဟု ရည်ညွှန်းလိုပါသည်။
ထို့အပြင်
ဘုရင်မင်းမြတ်၏ သားတော်၊ သမီးတော်၊ မင်းမိဘုရား၊ မင်းသား၊ မင်းသမီးတို့
ဘ၀ပြောင်းသည်ကို `ကံတော် ကုန်သည်´ ဟူသောဝေါဟာရဖြင့် သုံးနှုန်းရပါမည်။
ဘုရင်မင်းမြတ်၏ မြေးတော်၊ မြစ်တော်၊ ဆွေတော်မျိုးတော်၊ စော်ဘွား များ
ဘ၀ပြောင်းသည်ကို ကံကုန်သည်ဟူ၍သာ သုံးနှုန်းရပါမည်။
ထို့နည်းတူစွာ
ဘုရင်မင်းမြတ်၏ တောင်နန်းစံအဂ္ဂမဟေသီမိဘုရားခေါင်ကြီးမှ မြင်တော်မူသည့်
သားတော်ကို `ရွှေကိုယ် တော်ကြီးဘုရား´ဟု ခေါ်ဝေါ်ရပါမည်။ မြောက်နန်း၊
အလယ်နန်း၊ အနောက်နန်းနှင့် အဆောင်ရမိဘုရားတို့က မြင်သည့် သားတော်များကို
`ကိုယ်တော်မြတ်ဘုရား´ဟု ခေါ်ဝေါ်ရပါမည်။
ထို့အပြင်
ဘုရင်မင်းမြတ်၏ တောင်နန်းမဟေသီမိဘုရားခေါင်ကြီးမှ မြင်တော်မူသည့်
သမီးတော်ကို `ထိပ်စုမြတ်ဘုရား´ဟု သုံးနှုန်းရပါမည်။ မင်းသမီးကို ရွှေနန်းတင်၍
မြင်တော်မူသည့်သမီးတော်ကို `စုဘုရား´ဟု ခေါ်ဝေါ်ရမြဲဖြစ်သည်။ သို့သော်
မယ်တော်က မင်းမျိုးမဟုတ်စေကာမူ ဘုရင်မင်းက `စုဘုရား´ဟုခေါ်စေရမည်ဟု
အမိန့်တော်မှတ်ပါက `စုဘုရား´ဟုခေါ် တွင်နိုင်ပေသည်။ ထို့အပြင်
မင်းမျိုးဖြစ်သော နန်းရမိဘုရားကမြင်သည့် သမီးတော်ကို
`ထိပ်စုဘုရား´ဟုခေါ်ဝေါ်ရမြဲဖြစ် သည်။
ကျန်ဘုရင်မင်းမြတ်၏သမီးတော်များကို`ထိပ်ခေါင်တင်´ဟူ၍ခေါ်ဝေါ်ရမြဲဖြစ်သည်။သို့သော်
အိမ်ရှေ့မင်း၏သမီးတို့ အနက် ထိပ်ခေါင်တင်ခေါ်စေဟု ဘုရင်မင်းမြတ်က
အမိန့်တော်ရှိပါက ခေါ်ဝေါ်နိုင်ပေသည်။ ကျန် အိမ်ရှေ့မင်းသမီးတော်တို့ကို
`ထိပ်တင်´ဟူ၍သာ ခေါ်ဝေါ်ရမြဲဖြစ်သည်။
မည်သို့ဆိုစေ…
မြန်မာစာအရေးအသားသည် ပုဂံခေတ် အေဒီ ၁၁ - ၁၂ ရာစုမှစ၍
တဖြည်းဖြည်းတိုးတက်လာခဲ့ရာ မြန်မာဝေါဟာရတို့၏ အရင်းမြစ်၊ ပရိယာယ်ပုဒ်၊
ဝါစင်္ဂ၊ ဝေါဟာရတို့ကို အသံထွက် အနက်အဓိပ္ပါယ်မှအစ ဂဃနဏ သေချာစွာလေ့လာ၍
ထုံးမီစံမျှ ရေးသားတတ်ရန်လိုပါသည်။ သို့မှသာ မိမိဆိုလိုရင်းကို
ထိရောက်ရှင်းလင်းစွာ အခြားသူတို့ နားလည်နိုင်ပါမည်ဖြစ်ကြောင်း
စေတနာရှေ့ထား၍ တင်ပြလိုက်ပါသည်။
မြန်မာလူမျိုးတိုင်း မြန်မာစာပေဗဟုသုတ ကြွယ်ဝကုံလုံနိုင်ကြပါစေ။
(မိုးမခမှတ်ချက် - စာရေးဆရာသန်းဝင်းလှိုင်၏ "သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ" စာအုပ် (အမှာစာလက်ခံပြီး ရိုက်နှိပ်သည့်စနစ်၊ Print On Demand) ဖြင့်
လက်ခံနေပါပြီ။ ယခုလကုန်တွင် ကြိုတင်မှာကြားထားသူများအတွက်
ပထမနှိပ်ြခင်းကို ဖြန့်ချိပေးမည် ဖြစ်သည်။ လကုန်အမီ (မတ်လဆန်း ပထမအပတ်)
မှာကြားလိုသူများ သည်နေရာကနေ အွန်လိုင်းမှာကြားကြပါ)