ကချင်ပြည်သူတို့အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာနှင့် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားတို့ တွေ့ဆုံ
မိုးမခအထောက်တော် ၀၀၂၊ မတ်၎၊ ၂၀၁၂
ကချင်ပြည်သူတို့အရေး
လှုပ်ရှားဆောင်ရွက်နေသူ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာသည်
အမေရိကန်ပြည်ထောင်စုသို့ NED အဖွဲ့ကြီး၏ ဖိတ်ကြားချက်ဖြင့်
အလည်အပတ်ရောက်ရှိနေရာ မတ်လ ၃ ရက်နေ့က ဥက္ကလံမြို့၊
မြန်မာတိုင်းရင်းသားတို့၏ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်တွင် နေ့ခင်း
၁၁ နာရီမှ ၂ နာရီအထိ ကွန်မြုနီတီတွေ့ဆုံပွဲ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲကို Kachin Heritage Foundation က စီစဉ်ခဲ့ပြီး စိတ်ဝင်စားသူ
မြန်မာတိုင်းရင်းသားတို့ တက်ရောက်ကြသည်။
ဒေါ်ဘောက်ဂျာက
ကချင်ပြည်သူတို့၏ အရေးကိစ္စကို မြန်မာစစ်အစိုးရလက်ထက်ကတည်းက
အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံ၊ စွန့်လွှတ်စွန့်စားမှု မျိုးစုံဖြင့်
လှုပ်ရှားဆောင်ရွက်ခဲ့ရသည့် အတွေ့အကြုံများ၊ ၂၀၁၀ ရွေးကောက်ပွဲတွင်
အန်ဒီအက်ဖ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ်
ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများ၊ မတရားမှုများနှင့်
လက်ရှိနိုင်ငံရေးအခြေအနေများ ဆက်လက် ဖြေရှင်းရန် ဆောင်ရွက်နေမှုများ၊
လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးသွားသည်။
လာမည့်
၂၀၁၂ ဧပြိလ ၁ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
ဖားကန့်မြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ၀င်ရောက်
ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်း၊ တောင်သူများ လယ်ယာမြေ
ဆုံးရှုံးသည့်ကိစ္စများ၊ တိုင်းရင်းသားကလေးသူငယ်တို့၏
ဘ၀ထူထောင်ရေးကိစ္စများမှ အစပြုပြီး ပို၍ ကျယ်ပြန့်အရေးပါသော
ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားအားလုံး နားလည်မှု စာနာမှုတို့
တည်ဆောက်ပြီး လက်တွဲညီညွတ်စွာ ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ကြရမည်
ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသွားသည်။
ပရိသတ်တို့က
ဒေါ်ဘောက်ဂျာသည် မိမိရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် ဆင်းရဲဒုက္ခတို့ကို
အပြုံးမပျက်၊ မေတ္တာ စေတနာမပျက် ရင်ဆိုင်ဝံ့သူ
အမျိုးသမီးခေါင်းဆောင်တဦးအဖြစ် အံ့သြမိသည်ဟု ပြောဆိုခဲ့ရာ ဒေါ်ဘောက်ဂျာက
ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် မိမိဆောင်ရွက်နိုင်ခဲ့ခြင်း
ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ဒေါ်ဘောက်ဂျာသည်
အမေရိကန်ခရီးစဉ်အတွင်း ကချင်တိုင်းရင်းသားကွန်မြူနီတီတို့ စုဝေးရာ
ပြည်နယ်များသို့ လှည့်လည်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာပြည်က မထွက်ခွာမီက မိမိတွင် ကချင်ပြည်သူတို့၏ ခံစားချက်များ၊
ဆန္ဒများကို သယ်ဆောင်ပြီး ထုတ်ဖော်ရန် သူတို့အရေးကို ဆောင်ရွက်မည်ဟူသော
ဝန်ကို ယူုဆောင်ခဲ့ကြောင်း၊ ယခု မြန်မာပြည်ပသို့ ရောက်ရှိသောအခါ
ပြည်ပရောက် တိုင်းရင်းသားမြန်မာတို့ကလည်း မိမိဇာတိမြေသို့ အေးချမ်းစွာ
ပြန်သွားလိုကြသည့် ဆန္ဒသဘောထားများကို ထုတ်ဖော်ကြသည်ကို တွေ့ရသဖြင့်
ထိုဆန္ဒများကို ဖော်ဆောင်ပေးရန် နောက်ထပ် တာဝန်တို့ တိုးလာသည်ဟု
ယူဆမိကြောင်း ပြောကြားသွားသည်။
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၄)
တင်မိုး
မတ် ၃၊ ၂၀၁၂
"---စစ်ဗိုလ်ကြီးတွေ လက်ဝါးကြီးအုပ်လို့၊ တို့တိုင်းပြည် လက်နှီးစုတ်ဖြစ်ခဲ့ပြီ---"
PO Box 320-207, San Francisco, CA 94132-0207, USA.