လက်နက်ပြ
ဆက်ကြေးတောင်းသည့် အဖြစ်အပျက်ကြောင့် ညကားစီး ခရီးသည် သိသာစွာ ကျဆင်း
မိုးမခ
အထောက်တော်၊ ရန်ကုန်
မေ ၁၁၊
၂၀၁၀
ရန်ကုန်-မော်လမြိုင်-ဖားအံ့
ခရီးသည်တင် ဘတ်စ်ကားများအား ပြီးခဲ့သည့် မေလ ၁ ရက်နေ့ည က သထုံနှင့်
ဘီးလင်းအကြား ကားတစ်စီးလျင် ကျပ် ၄ သိန်း ဆက်ကြေးတောင်းသည့်
ကိစ္စဖြစ်ပွားပြီးနောက် ညဘက်ပြေးဆွဲသည့် ရန်ကုန်-မော်လမြိုင်နှင့်
ရန်ကုန်-ဘားအံကားများကို စီးနင်းသူ သိသာစွာ လျော့နည်းသွားသည်ဟု စီးနင်းသည့်
ခရီးသည်များ၏ ပြောဆိုချက်အရသိရသည်။
ပြီးခဲ့သည့်
သီတင်းပတ်ကုန်တွင် ရန်ကုန်မှ ဘားအံသို့ပြန်သည့် ခရီးသည် တစ်ဦးကပြောရာမှာ
လဆန်းကဖြစ်ပျက်ခဲ့သည့် ဆက်ကြေးတောင်းမှုတွင် ရပ်မပေးသည့်ကားကို သေနတ်ဖြင့်
ပစ်ခတ်ခဲ့ခြင်းကြောင့် ခရီးသွားများ အနေဖြင့် စိုးရိမ်လျက်ရှိကြပြီး
ညဘက်ပြေးဆွဲသည့် ကားအစား နေ့ခင်းဘက်ပြေးဆွဲသည့် ကားများကို ရွေးချယ်ကြပြီး
ညဘက်ပြေးဆွဲသည့်ကားပေါ်တွင် ခရီးသည် အလွန်နည်းပါးနေခဲ့သည်ဟု ပြောဆိုသည်။
မေလ ၁ ရက်နေ့ည
ဖြစ်ပွားစဉ်အဖြစ်အပျက်များနှင့် ပတ်သက်ပြီး ယခုနောက်ပိုင်း
ထပ်မံသိရှိရသည်မှာ ဆက်ကြေးပေးခဲ့ရသည့် ကား ၈ စီးအနက် မော်လမြိုင်မှ အတက်ကား
၂ စီး နှင့် ရန်ကုန်မှ အဆင်းကား ၆ စီးတို့ တစီးလျင် ကျပ် ၄ သိန်းစီ
ပေးဆောင်ခဲ့ရပြီး အချို့သောကားများတွင် ဒရိုင်ဘာအနေဖြင့် ကျပ်
၎သိန်းမလုံလောက်သည့် အတွက် အနီးအနားရှိခရီးသည်များထံမှ
ငွေဖြင့်ဖြည့်ဆည်းပေးခဲ့ကြရသည်ဟု သိရသည်။
ငွေတောင်းသူများ
အနေဖြင့် ခရီးသည်တင် အဝေးပြေး ကားမောင်းသူတွင် ငွေ ၄ သိန်းကျပ် မပါရှိပါကာ
ဒရိုင်ဘာအနီးရှိ ခရီးသည်များထံမှ ငွေချေးကာ ပေးဆောင်စေသည်ဟု
ကိုယ်တွေ့ကြုံခဲ့ရသည့် ခရီးသည်များကပြောသည်။
ယခုအချိန်ထိ
ဆက်ကြေးတောင်းသူများမည်သည့် အဖွဲ့အစည်းမှဖြစ်သည်ကို မသိရှိရသော်လည်း ဦးရေ
၅၀ ခန့်ပါဝင်သည့် အဖွဲ့ဖြစ်ပြီး အချို့သောသူများမှာ မွန်ဘာသာစကား
ပြောဆိုသူများဖြစ်သည်ဟု ခရီးသည်အချို့ကပြောဆိုကြသည်။
ရန်ကုန်-မော်လမြိုင်နှင့်
ရန်ကုန်-ဘားအံ မြို့များသို့ခရီးသွားလာသူများ အနေဖြင့် ပုဂ္ဂလိကပိုင်
ခရီးသည်တင်ကားများကိုသာ အဓိကအားကိုးနေကြရပြီး ရန်ကုန်မော်လမြိုင် ခရီးကို
ရထားပြေးဆွဲသော်လည်း တွဲများအရည်အသွေး ညံ့ဖျင်းခြင်းနှင့်
အချိန်မမှန်ခြင်းကြောင့် ဆယ်စုနှစ် တခုကျော်အတွင်း
စီးနင်းသူနည်းပါးလာခဲ့သည်။
ရန်ကုန်မော်လမြိုင်လမ်းပိုင်းတွင်
သထုံနှင့် ဘီးလင်းအကြားလမ်းပိုင်းမှာ မြို့ရွာများ
ပြတ်သည့်လမ်းပိုင်းဖြစ်ကာ ယခင်က ကေအန်ယူ လက်နက်ကိုင်
အဖွဲ့အစည်းကြီးစိုးခဲ့သည့် ဒေသနှင့် အလွန်နီးကပ် သည်ကိုတွေ့ရသည်။