10th June - MoeMaKa Daily
14 views
Skip to first unread message
Maung Yit
unread,
Jun 10, 2013, 2:56:43 AM6/10/13
to moemak...@moemaka.com
သက္ကရာဇ် ၂၀၃၀၊ တရုတ်၊ ရေအရေးနှင့် မြန်မာ့ရေသယံဇာတ - အပိုင်း ၂
မောင်ကျေးရေ၊ ဇွန် ၁၀၊ ၂၀၁၃
(ရေအတွက် အဆင်သင့်ပြင်နေသည့် တရုတ်ပြည်အတွက် စတေးရမည့် မြန်မာပြည်)
မဲခေါင်မြစ်ပေါ်က ဆည် ၈ ဆည်
မဲခေါင်မြစ်ပေါ်တွင် တရုတ်ပိုင်နယ်မြေများ၌ ဆည်တာတမံပေါင်း (၈) ခု (တည်ဆောက်ပြီး -၂- ခုတို့မှာ (Manwan and
Dachaostan) တို့ဖြစ်ပါသည်)၊ တည်ဆောက်ဆဲ - ၃- ခုမှာ (Xiaowan, Nuozhadu and Jinghong) တို့ဖြစ်ပြီး၊ တည် ဆောက်ရန် အဆိုပြု - ၃-ခုမှာ ( Gongguoqiao, Mensong and Ganlanba) တို့ဖြစ်ပါသည်။ ထိုဆည်တာတမံများ မှ လိုအပ်သော စွမ်းအင်နှင့် ရေရရှိရေး စီစဉ်ထားခြင်းဖြစ်ပါသည်။ သို့သော် စီမံကိန်းအတိုင်း မဲခေါင်မြစ်ပေါ်တွင် ဆည်တာတမံများ အားလုံး တည်ဆောက်ပါက ထိုမြစ်ကြောင်းဖြတ်သန်းသွားသည့် ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသည့် အိမ်နားနီးချင်းနှိင်ငံများနှင့် ပထ၀ီဝင်နှိင်ငံရေး၊ စီးပွားရေးရာကိစ္စများ၊ ကြုံတွေ့ကြရမည်ဖြစ်ပေသည်။ သို့ပါ၍ တချို့အဆိုပြုထားသော ဆည်များ ဆက်လက်တည်ဆောက်ရေး အခက်ကြုံနေရသည်။
ဧရာဝတီမြစ်ပေါ်က တရုတ်ဆည်
အထက်ပိုင်းမြစ်ဆုံဒေသနှင့် မေခ၊မေလိခမြစ်ကြောင်းတွင် ဆည်မြောင်း၊ တာတမံပေါင်း (၇) ခု (မြစ်ဆုံ
ဆည်၊ လာကင်ဆည်၊ ဖီဇောဆည်၊ ခေါင်ဂလန်ဖူးဆည်၊ လိုင်ဇာဆည် ၊ချီဗွေဆည်၊ ပါရှီးဆည်) ကို (၂၀၀၇) ခုနှစ်က၊ စစ်အစိုးရနှင့် တရုတ်နှိင်ငံ (China Power Investment Corporation) တို့ သဘောတူစာချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ထိုဆည်တာ တမံများမှ - ချီပွေနှင့် မြစ်ဆုံဆည်တို့မှာ တည်ဆောက်ဆဲဖြစ်ပါသည်။
သံလွင်မြစ်ပေါ်က တရုတ်ဆည်      
သံလွင်ပေါ်တွင်လည်း ရေအားလျှပ်စစ်စွမ်းထုတ်ယူနှိင်မည့် ဆည်များ တည်ဆောက်ရန်အစီအစဉ်များ
ချမှတ်၍ နှိင်ငံအချင်းချင်း သဘောတူထားပြီးဖြစ်ပါသည်။ တရုတ်ပြည်နယ်အတွင်းရှိ သံလွင် (တရုပ်အခေါ်-Nu river) မြစ်ပေါ်တွင် (Songta, Bingzhongluo, Maji, Lumadeng, Fugong, Bijiang, Yabiluo, Lushui, Liuku, Shitouzhai,
Saige,Yansangshu, Guangpo) စသည့် ဆည်၊ တာတမံပေါင်း (၁၃) ခုနှင့် မြန်မာပြည်အတွင်း (ဟက်ကြီး/ ကရင်ပြည်နယ်၊ တာဆန်း/ ရှမ်းပြည်တောင်ပိုင်း။ ၀က်ကြီး/ ယိုးဒယားမြန်မာနယ်စပ်၊ ကရင်ပြည်နယ်။ ဒက်ဝှန်း/ ယိုးဒယားမြန်မာနယ်စပ်၊ ကရင်ပြည်နယ်နှင့် ယိုးဒယားနှိင်ငံ ကျောက်ဖယားမြစ် (Chaophraya) ထဲသို့ သံလွန်မြစ်ရေကို လွဲပေးမည့် ရေလွဲဆည်တခု စုစုပေါင်း (၅) ခု ဖြစ်ပါသည်။
ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း
မြန်မာနှိင်ငံမှ ရေနံနှင့် သဘာဝဓါတ်ငွေ့များကို မိုင်ပေါင်း (၅၀၀) ကျော် ရှည်လျားသည့် ပိုက်လိုင်းဖြင့် ယူနန်ပြည်နယ်သို့ သွယ်တန်းသည့် လုပ်ငန်းသည်လည်း ယ္ခုနှစ်အကုန်တွင် ရာနှန်းပြည့်ပြီးစီးမည်ဖြစ်သည်။ တရုတ်မြန်မာ ရေနံ၊ ဓါတ်ငွေ့စီမံကိန်း သဘောတူညီချက်အရ တရုတ်သည် ရေနံနှင့် ဓါတ်ငွေ့များကို နှစ် (၃၀) ရ
ယူ သုံးစွဲသွားမည် ဖြစ်ပေသည်။ တရုတ်သည် ဤစီမံကိန်း၏ အကျိုးကျေးဇူးများကို ရေပြဿနာအခက်အခဲများ ကြုံတွေ့နေချိန်တွင် ရာနှုန်းပြည့် ခံစားရမည်ဖြစ်ပေသည်။ အတိုင်းအတာတခုအထိ ရေအခက်အခဲကို ဖြေရှင်းနှိင်မည့် စွမ်းအင် အရင်းအမြစ်တခုကို မြန်မာနှိင်ငံက ကိုယ်ကျိုးစွန့် ပေးပို့နေခြင်းကြောင့်ဖြစ်သည်။
(အဆိုပါအစီအစဉ်များသည် တရုပ်နှိင်ငံအရှေ့ပိုင်းရှိ ဖွံဖြိုးတိုးတက်လာသော မြို့တော်ကြီးများ လျှပ်စစ်ဓါတ်အားရရှိစေရန်အတွက် တရုတ်ဗဟိုအစီုးရ၏ အနောက်မှ အရှေ့သို့ လျှပ်စစ်ပို့လွတ်ရေးမူဝါဒ - အရ ဆောင်ရွက်ခြင်းဖြစ်ခြင်းဖြစ်သည်။)
ရေထုညစ်ညမ်းလာခြင်း၊
တရုတ်ပြည်ရှိ မြေပေါ်မြေအောက် ရေအရင်းအမြစ် (အထူးသဖြင့် မြေပေါ်ရေ) အများစုသည် စက်ရုံအလုပ်ရုံနှင့် စည်ပင်သာယာ၊ အိုးအိမ်များက စွန့်ပစ်ပစ္စည်းများနှင့် မိလ္လာအညစ်အကြေးများ ပျော်ဝင်နေသည့် ရေဆိုးများနှင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတုဓါတ်မြေသြဇာများ ပျော်ဝင်နေသည့် စွန့်ပြစ်ရေဆိုးများကြောင့် ရေအရည်းအသွေးညံ့ဖျင်းပြီး၊ ရေထု ညစ်ညမ်းမှု့များစွာ ဖြစ်ပေါ်နေသည်။ (စိုက်ပျိုးမြေ၊ ဘောလုံးကွင်း တစ်ကွင်းစာအတွက် ဓါတ်မြေသြဇာ (၉၁၂) ကီလိုဂရမ်း သုံးစွဲ၏)။ ထိုအကြောင်းအများက သောက်သုံးရန် သင့်လျော်သောရေ (safe Water) ပမာဏလျော့နဲလာစေခြင်း ဖြစ်ပေသည်။
ယနေ့ တရုတ်ပြည်ရှိ မြစ်ချောင်းများသည် ရေအရည်အသွေးနိမ့်ကျလာသည်သာမက ခန်းခြောက်လျော့နဲလာနေသည်။ တိုးတက်လာသော လူဦးရေနှင့်အတူ တိုးတက်လာသည့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော ရေပမာဏများစွာကို အချိန်နှင့်တပြေးညီ ဖြည့်တင်းပေးနေသည့်အခါ သဘာဝပတ်ဝန်းကျင်ကို ဂရုမထားသည်သာမက ရေအရည်အသွေး ထိမ်းချုပ်မှု့ လျော့ရဲ၍ ရေများ ညစ်ညမ်းလာစေပါသည်။ ထိုအခါ ရေအရင်းအမြစ်နှင့် ရေစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း ရေအရေး စည်းမျဉ်းစည်းကမ်းများ တိုးမြှင့်ထုတ်ပြန်ခြင်း၊ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ စူးစမ်းလေ့လာခြင်းများ ပြုလုပ်ကြရသည်။ သို့သော်မကြာမီက ပြဌါန်းထားသော ရေထုညစ်ညမ်းမှု့ဥပဒေများသည် မြစ်ရေများသန့်ရှင်းစေရန် ထိန်းချုပ်စေသော်လည်း ယခင်က စွန့်ပစ်ထားသည့် ဓါတုအညစ်အကြေးများကို ပြန်လည်သန့်စင်ဖယ်ရှားရန် အလွန်ခက်ခဲနေသည်။
တရုတ်၏ရည်ရွယ်ချက်မှာ ငါးနှစ်စီမံကိန်း (၂၀၁၁- ၂၀၁၅) အတွင်း ရေအရေး တင်းမာနေမှု့၊ အခက်အခဲများ၏ (၃၀%)  ကို လျော့ချသွားရန်ဖြစ်ပါသည်။ ရေထုညစ်ညမ်းမှု့များကိုပါ လျော့ချသွားရန် ဖြစ်ပေသည်။
၁၉၉၇-ခုနှစ်က မြစ်ဝါမြစ်အောက်ပိုင်းသည် တနှစ်ပတ်လုံး ရက်ပေါင်း (၁၃၅) ရက်သာ ရေစီးဆင်းခဲ့သဖြင့် ရေလမ်းကြောင်းများ ပြောင်းလွဲ၍ ရေကြောင်းသွားလာရေးကို ထိခိုက်စေသည်ဟု မှတ်တမ်းများက ဖေါ်ပြထားသည်။
တရုပ်ပြည်မြောက်ပိုင်းဒေသ မြေပေါ်ရေများ လျော့နည်း ခန်းခြောက်လာခြင်း၊ ထိုအခါ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူသုံးစွဲလာခြင်းနှင့် ထိုဒေသတွင် တရုပ်လူဦးရေ၏ တ၀က်ခန့်နေထိုင်ခြင်းက ရေ ရရှိနှိင်သည့်ပမာဏနှင့် သုံးစွဲသည့် လူဦးရေ မမျှမတဖြစ်ခြင်းတို့ကြောင့် သန့်စင်သောရေပမာဏ လျော့နည်း လာခြင်းဖြစ်သည်ဟု ဖေါ်ပြပါရှိပါသည်။ တရုပ်ပြည်၏ ရေအခြေအနေမှာ မြောက်ပိုင်းတွင်ရေရှားပါးပြီး၊ တောင်ပိုင်းတွင်ရေပေါများသော်လည်း ရေထုညစ်ညမ်းနေခြင်ကြောင့် သန့်ရှင်းသောရေ နည်းပါးနေသည်။
သန့်ရှင်းသော ရေပမာဏ လျော့နဲလာခြင်း
ကမ္ဘာဘဏ် ခန့်မှန်းချက်အရ ကျေးလက်ဒေသနေ တရုတ်လူမျိုးသန်း (၃၀၀) ကျော်သည် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အခက်အခဲများစွာ ကြုံရသည့်အတွက် သက္ကရာဇ် (၂၀၂၀) ခုနှစ် လောက်တွင် လူဦးရေ သန်း (၃၀) လောက်သည် ထို ရေအခက်အခဲရှိနေသည့် ဒေသများမှ ပြောင်းရွေ့ နေထိုင်ကြရဖွယ်ရှိသည်။
ထိုအပြင် (၂၀၀၀) ခုနှစ်က တရုတ်ပြည်၏ မြစ်ပေါင်း (၅၁၄) ကို စစ်တမ်း ကောက်ယူခဲ့ရာ မြစ်ပေါင်း (၆၀) သည် ရေများခမ်းခြောက်နေပြီး၊ ရေကန်၊ အင်းအိုင်းများ၏ ရေပမာဏ သည်လည်း (၁၄%) လျော့နည်းလာကြောင်း၊ (၂၀၀၅) ခုနှစ် တရုတ်နေ့စဉ်သတင်းစာ၊ ဆောင်းပါးကဏ္ဍ၌ ရေးသားဖေါ်ပြထားခဲ့သည်။ သက္ကရာဇ်(၂၀၀၂ ) ခုနှစ် ဆင်ဝါသတင်းဆောင်းပါး၌ တရုတ်ပညာရှင်များက ကြိုတင်သတိပေးထားချက်မှာ ယ္ခုကဲ့သို့ ရေသုံးစွဲနေပါက ယန်စီမြစ်၏မြောက်ဘက်ပိုင်းဒေသများသည် ရေရှားပါးလာခြင်းများ များစွာကြုံတွေရမည်ဖြစ်ကြောင်း ဖေါ်ပြပါရှိပါသည်။
            ၂၀၀၄ ခုနှစ်၌ ကမာ့္ဘဘဏ်က တရုတ်ပြည်တွင် ရေသယံဇာတရှားပါးလာခြင်းကို အကြောင်းပြု၍ ကျေးလက်ဒေသ၊ မြို့ပြရပ်ဝှမ်းနေ ပြည်သူများသည် မိမိတို့လုပ်ငန်းလိုအပ်ချက်များအရ အချင်းချင်းအငြင်းပွားစရာ ဖြစ်ပွားလာနှိင်သည်ဟု သတိပေး ပြောကြားထားပါသည်။ ထိုပြင် လေးပုံတပုံသော တရုပ်ပြည်သူများကို သန့်ရှင်းသောသောက်သုံးရေ မပေးဝေနှိင်ခြင်း။ မိလ္လာရေ၊ စက်ရုံအလုပ်ရုံနှင့် လယ်ယာသုံး ဓါတ်မြေသြေဇာများ၊ စွန့်ပစ်ရေဆိုးများ၊ သန့်စင်ခြင်းလုပ်ငန်းကိုလည်း သုံးပုံတပုံခန့် သာ လုပ်ဆောင်နှိင်ခြင်းတို့က တရုတ်ပြည်ကို သက္ကရာစ် (၂၀၃၀) တွင် အလွန်ဆိုးရွားသော သောက်သုံးရေလျော့နည်းသည့် ပြဿနာနှင့် ကြုံတွေ့နှိင်ကြောင်း၊ ထိုအချိန်တွင် တရုတ်ပြည်၏ လူဦးရေသည်လည်း အများဆုံးအဆင့်၊ (1.5 Billion) ဖြစ်လာနှိင်ကြောင်း ပြောကြားထားပါသည်။
            ၂၀၀၅-ခုနှစ်က အမေရိကန်သိပ္ပံပညာရှင်၊ စာရေးဆရာ ဂျာရက်ဒိုင်းမွန်း (Jared Diamond) ရေးသားသည့် Collapse: How Societies Choose to Fall or Success) ပြိုကျပျက်စီးခြင်း၊ စာအုပ်၌ ဖေါ်ပြထားချက်အရ၊ လွန်ခဲ့သော  နှစ်ပေါင်း (၅၀) ခန့် ကတည်းက စတင်ဆောက်လုပ်လာခဲ့ကြသည့် စိုက်ပျိုးရေ ရရှိရေး၊ ရေစွမ်းအင် ထုတ်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ (မြစ်ရေတင်စက်ရုံများ၊ ရေလွဲဆည်များ၊တာတမံများ) က မြစ်ဝါမြစ်၏ သဘာဝရေဆင်းသဏ္ဍန်ကို ပြောင်းလွဲရပ်တန့်စေပြီး၊ ရေစီးရေလာ ကောင်းမွန်သောမြစ်ကြောင်းများကို ခန်းခြောက်စေခဲ့သည်။
ထိုနှစ်မှာပင် ဂျင်လင်းမြို့တော်ရှိဓာတုဓါတ်ပစ္စည်းစက်ရုံ (Jinlin Chemical plant) ပေါက်ကွဲမှု့ကြောင့် စက်ရုံမှ နိုက်တရိုဘင်ဇိုင်း၊ ဓါတုအရည်များ ဆုံဟွာမြစ်(Shonghua River) ထဲသို့ စီးဝင်ခြင်းကြောင့် လူဦးရေ (၃.၈) သန်း နေထိုင်သည့် ဟာဘင်မြို့တော်(Harbin City) သို့  ရေပေးဝေခြင်းကို ရက်များစွာ ခေတ္တရပ်နားထားခဲ့ရသည်။ သို့ပါ၍ (၂၀၀၅) ခုနှစ် ဂါးဒီယင်းသတင်းစာတွင် တရုတ်ပြည်၏စီးပွားရေးတိုးတက်မူ့သည် ရေညစ်ညမ်းစေသည့်ပြဿနာကို မထိန်းသိမ်းနှိင်ခဲ့ကြောင်း ဖေါ်ပြခဲ့ကြသည်။
ပြည်တွင်းပြည်ပမီဒီယာများ၏ ဖွင့်ဟချက်များ
(၂၀၀၆)ခုနှစ်၌ တရုတ်ပတ်ဝန်းကျင်အရေး လုပ်ရှားဆောက်ရွက်သူ၊ မဂျွန် (Ma Jun)၏ ရေပြဿနာ ဆောင်းပါး၌သန့်ရှင်းသော ရေလျော့နဲလာခြင်း၊ ရေထုညစ်ညမ်းလာခြင်း၊ ရေအရည်အသွေး နှိမ့်ကျလာခြင်းနှင့်အတူ မြို့ကြီးပေါင်း (၆၀၀) အနက် (၄၀၀) ကျော်သည် သောက်သုံးရေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာ ကြုံတွေ့နေရကြောင်း၊ လွန်ခဲ့သော(၅)  နှစ်အတွင်း မသန့်စင်သော ရေဆိုးစွန့်ပြစ်ခြင်းများကြောင့်ဖြစ်ကြောင်း၊ ဖေါ်ပြထားပါသည်။
            တရုတ်နှိင်ငံ ပတ်ဝန်ကျင်ထိမ်းသိမ်းရေးနှင့် ကာကွယ်ရေး၊ အုပ်ချုပ်ရေးဌာန၏ (၂၀၀၆ ) ခုနှစ် ထုတ်ပြန်ချက်အရ၊ နှိင်ငံအတွင်းရှိ မြစ်ချောင်းများ၏ (၆၀%) သည် သောက်သုံးရန် မသင့်တော်သည့် ညစ်ညမ်းသော ရေများ ဖြစ်နေကြောင်း နှင့်ဆက်လက်၍ (၂၀၀၈) ခုနှစ် ထုတ်ပြန်ချက်အရ ပုလဲ(ပါးလ်)မြစ်နှင့် ယန်စီမြစ်တို့သည် သောက်သုံးရန်သင့်လျော်ပြီး၊ ကျန်မြစ်များသည် အနည်းနှင့် အများ ရေထုညစ်ညမ်းလျက်ရှိသည်ဟု ဖေါ်ပြထားသည်။ ဘီဂျင်း (Beijing)နှင့် သိုင်းဂျင်း(Tianjin) မြို့တော်ကို ဖြတ်သန်းသွာသော ဟိုင်ဟီးမြစ်(Haihe River) သည် အလွန်ဆိုးရွားစွာ ညစ်ညမ်း (badly Polluted) နေပေသည်။
သို့ပါ၍ တနှိင်ငံလုံးအတိုင်းအတာအရ   လူသန်းပေါင်း (၃၀၀) ကျော်သည် သန့်ရှင်းသော သောက်သုံးရေ မရရှိနှိင်ဖြစ်နေပြီး၊ မြို့တော်ကြီးများ၏ မြေအောက်ရေ အရင်းအမြစ် (၉၀%) သည် ရေထုညစ်ညမ်းလျက်ရှိနေကြောင်းကို အင်္ဂလန်နှိင်ငံ ရှိ တရုတ်သံရုံးက  (၂၀၀၆) ခုနှစ်၌ တရားဝင်ကြေညာထားပြီးဖြစ်သည်။
            စိုက်ပျိုးရေးလုပ်ငန်းသုံး ဓါတ်မြေသြဇာနှင့် ဓါတုပိုးသတ်ဆေးများ  အလွန်အကျွံသုံးစွဲခြင်းကြောင့်လည်း ရေထု ညစ်ညမ်းမှု့များ ပိုမိုများပြားလာဟု တရုတ်နေ့စဉ်သတင်းစာများက ရေးသားကြသည်။
            ၂၀၀၇ ခုနှစ်တွင် တရုတ်လူမှု့ရေးသိပ္ပံအကယ်ဒမီ၊ ဥပဒေဌာနက ပညာရှင် မဇိုင်ကွန် Ma Xiancong ၏ လေ့လာ သုတေသနပြုချက်အရ တရုတ်အစိုးရသည် ရေအားလျပ်စစ်ထုတ်လုပ်ရေး၊ သတ္တုတူးဖေါ်ထုတ်လုပ်ရေး စသည့် စီမံကိန်းများကြောင့် ရေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးယိုယွင်း၊ ညစ်ညမ်းမှု့များကို ကာကွယ်ထိမ်းသိမ်းရန် ပျက်ကွက်ခြင်းကို အရေးမယူ၊ လှစ်လျူရှုခဲ့သည်ဟု သူ၏စာတန်းတွင်ညွန်းဆိုထားသည်။
(သို့ဆိုပါက လက်ပန်းတောင်းတောင်စီမံကိန်းတွင်လည်း ရေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးယိုယွင်း၊ ညစ်ညမ်းမှု့များကို အစီရင်ခံစာပါအတိုင်း ကာကွယ်ထိမ်းသိမ်းပါ့မည်လော)
            မြစ်ဝါမြစ်ထိမ်းသိမ်းရေးကော်မတီနှင့် ကုလသမဂ္ဂပတ်ဝန်ကျင်ထိမ်းသိမ်းရေးအစီအစဉ်တို့ (၂၀၀၇) ခုနှစ်တွင် ကွင်း ဆင်းလေ့လာချက်အရ မြစ်ဝါမြစ်သည် စက်ရုံအလုပ်ရုံများက  စွန့်ပြစ်ဓါတု၊ရေဆိုးများနှင့် မြို့ပြတိုးချဲ့အိမ်ယာများက စွန့်ပြစ်၊ အညစ်အကြေးများ (တန်ချိန် -၄.၃)ဘီလျံခန့်)ဖြင့် ညစ်ညမ်းနေပြီး၊ မြစ်ကြောင်းတခုလုံး၏ သုံးပုံတပုံခန့်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် စက်ရုံအလုပ်ရုံများအတွက် သာမက သောက်သုံးရေအဖြစ် သုံးစွဲမရနှိင်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ပညာရှင်များ သတ်မှတ်ချက်အရ၊ ညစ်ညမ်းမှု့အဆင့် (၅) ဖြစ်နေသည်ဟု(၂၀၀၈) ခုနှစ် အစီရင်ခံစာ၌ ဖေါ်ပြပါရှိပါသည်။
ထို့အပြင်တိုင်နှင့် ၀ူဇီး (Tai Lake , Wuxi) ကန်များသည်လည်း စက်ရုံအလုပ်ရုံများ၏ စွန့်ပြစ်ပစ္စည်းများကြောင့်
ညစ်ညမ်းနေသည့်အပြင် စိမ်းပြာရေညှိ၊ ရေမှော်များကြောင့် အပုတ်နံရနေသဖြင့် လူဦးရေ (၅.၈) သန်း၊ သောက်သုံးရေ အခက်အခဲဖြစ်ရကြောင်း အစီရင်ခံစာ၌် ဖေါ်ပြထားသည်။ မြို့တော်စည်ပင်က ထိုစက်ရုံပေါင်း (၁၃၄၀) ကျာ် ကို လုပ်ငန်းရပ်ဆိုင်းပြီး ပြန်လည်သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်စေခဲ့ရသည်။
            တရုတ်နှိင်ငံသည် စီးပွားရေးအရ အသာစီးရရေးကိုသာ ဦးတည်ပြီး သံလွင်၊ မဲခေါင် စသည့် မြစ်များပေါ်တွင် ဆည် တာတမံများ ဆောက်လုပ်ခြင်းဖြင့် ထိုမြစ်ကြောင်း အောက်ပိုင်းဒေသ နှိင်ငံများ (မြန်မာ၊ ယိုးဒယား၊ လော၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ စသည့် အရှေ့တောင်အာရှနှိင်ငံ) ၏ ပထ၀ီဝင် နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးကဏ္ဍများ၌ အငြင်းပွားစရာ ဖြစ်လာနှိင်ကြောင်းကို စီးပွာရေးနှင့် သိပ္ပံပညာရှင်များ ပတ်ဝန်းကျင်လေ့လာသူ ပညာရှင်များက လက်ရှိဖြစ်ပျက်နေသော အနေအထားများကို အခြေခံ၍ ပညာရပ်ဆိုင်ရာ ခန့်မှန်းထားပါသည်။
သက္ကရာဇ် (၂၀၃၀) ခုနှစ် လောက်တွင် ကမ္ဘာရာသီဥတု သိသိသာသာ ပြောင်းလွဲလာမှု့နှင့်အတူ တရုတ်ပြည်ရှို လူလတ်တန်းစားများ၏ မြို့ပြအိမ်ယာနှင့် လူနေမှု့အဆင့်မြင့်တက်လာခြင်းကြောင့် ရေသုံးစွဲမှု့ပမာဏမှာလည်း မြင့်တက်လာခြင်းကလည်း စဉ်းစားရမည့်အချက်တချက် ဖြစ်လာသည်။ ထိုအချိန်တွင် ပြည်တွင်းပြည်ပ ကုန်ဈေးနှန်းများသည်လည်း မြင့်တက်လာနှိင်ကြောင်း၊ နှိင်ငံတကာစီပွားရေးပညာရှင်များက ရေးသားကြသည်။
တရုတ်ပြည်သည် ရှားပါးဆုံးသော ရေအရင်းအမြစ်ရေကို အလျံပယ်သုံးစွဲပြီး ကမ္ဘာ့ရေထုညစ်ညမ်းမှု့တွင် ထိပ်ဆုံးက ပါဝင်သော နှိင်ငံတခုလည်း ဖြစ်နေသေးသည်။
သက္ကရာဇ် (၂၀၃၀) ရေလိုအပ်ချက်ပမာဏ
နှိင်ငံတကာ ရေအရင်းအမြစ်များအဖွဲ့၊စီးပွားရေးနှင့်ဘဏ္ဍရေးဆိုင်ရာ အတိုင်ပင်ခံများ၏ ခန့်မှန်းချက်အရ တရုတ်ပြည်သည် သက္ကရာဇ် (၂၀၃၀) အရောက်တွင် ရေပြတ်လပ်မှု့ များစွာ ကြုံတွေ့နှိင်သည်ဟု ဆိုထားပါသည်။ တွက်ချက်ထားသည့် ကိန်းဂဏန်းးများအရ ရေ (၁၉၉) ကုဗဘီလျံ လိုအပ်မည်ဖြစ်ကြောင်းကို သက္ကရာဇ် (၂၀၁၂) ခုနှစ် နိုဝင်ဘာလက ဆောင်းပါးရှင် Energy Burrito ရေးသားသည့်- China Heading Towards an Unavoidable Water Crisis - ဆောင်းပါးတွင် ပါရှိသော အောက်ပါဂရပ်ဖြင့်ဖေါ်ပြအပ်ပါသည်။
            ဂရပ်ပါ ကိန်းဂဏန်းများအရ - တရုပ်ပြည်၏ စက်မှု့လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် စည်ပင်သာယာလုပ်ငန်းများ အားလုံး၏ သုံးစွဲခဲ့သော ရေပမာဏသည် (၂၀၀၉) ခုနှစ်က (၅၈၆) ဘီလျံကုဗမီတာ ဖြစ်သည်။ ထိုကိန်းဂဏန်းများကို အခြေခံ ၍ သက္ကရာဇ် (၂၀၃၀) ၌ လိုအပ်မည့်ရေပမာဏမှာ ရေကုဗမီတာ ဘီလျံပေါင်း (၈၁၈) ဖြစ်လာမည်။ နှိင်ငံတွင်း ရရှိနှိင်သည့် ရေပမာဏမှာ ရေကုဗမီတာ ဘီလျံပေါင်း (၆၁၉) ဘီလျံဖြစ်ပါသည်။
(Graph: Credit from energy burrito.com)
ထိုလိုအပ်ချက်များသည် စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှု့လုပ်ငန်း၊ ကျေးလက်ဒေသများနှင့် မြို့ကြီးပြကြီးများ ရေပေးဝေရေး လုပ်ငန်းများ ပါဝင်သည်။
မြန်မာနှိင်ငံ၏ ရေသယံဇာတ
မြန်မာနှိင်ငံသည် ရေသယံဇာတ (မြေပေါ်၊မြေအောက်) များစွာ ကြွယ်ဝသော နှိင်ငံတစ်ခုဖြစ်ပါသည်။ ရေအရင်းအမြစ်နှင့် လူဦးရေ နှိင်းယှဉ်ကြည့်ပါက ဆယ်ပုံတပုံရှိပါသည်။
ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ လေးမြို့မြစ်၊ မြစ်သာမြစ်၊ မြစ်ငယ်မြစ်၊ ရွေလီမြစ်နှင့် သံလွင်မြစ်တို့သည် မြန်မာနှိင်ငံ၏ အဓိကမြစ်များဖြစ်ပြီး တိုင်းပြည်နှင့် လူထုအတွက် အရေးပါအသုံးဝင်သော ရေသယံဇာတများ ဖြစ်ကြပါသည်။ အဆိုပါမြစ်များသည် မုတ်သုန်ရာသီဥတုနှင့် မိုးရွာသွန်းမူ့အရ ရေတက်ရေကျဖြင့်၊ ရေချိုစီးဆင်းသော မြစ်ကြီးများဖြစ်ကြပါသည်။
ဧရာဝတီ၊ သံလွင်၊ မဲခေါင်တို့သည် မြောက်ပိုင်းကုန်းမြင့်ဒေသများရှိ ရေခဲမြစ်များ အရည်ပျော်စီးဆင်းခြင်းဖြင့်လည်း တဖက်တလမ်းက ရေဖြည့်တင်းပေးလျက်ရှိပါသည်။ ထိုအပြင် အရှေ့ရိုးမနှင့် အနောက်ရိုးမ၊ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ရွာသွန်းသော မိုးရေများ စီဆင်းခြင်းဖြင့်လည်း ရေဖြည့်တင်းနေပါသည်။
            ဧရာဝတီမြစ်သည် မိုင်ပေါင်း (၁၃၅၀) ကျော်ရှိပြီး ပြည်သူလူထုအတွက် အသုံးဝင်ဆုံး အကျိုးအပြုဆုံး မြစ်တစ်ခုဖြစ်သည့် အတွက် ပတ်ဝန်းကျင်အစဉ်သန့်ရှင်းကြည်လင်ရန်နှင့် ဆယ်နှစ်လရာသီပတ်လုံး ရေစီးဆင်းနေရန် လွန်စွာအရေးကြီးပေသည်။ ဧရာဝတီမြစ်သည် ကချင်ပြည်နယ်၊ မြန်မာပြည်မြောက်ဖျား၊ ရေခဲတောင်တန်းများမြှ မစ်ဖျားခံစီးဆင်းလာပြီး မြန်မာနှိင်ငံအလယ်ပိုင်းကို ဖြတ်သန်း၍ အန်ဒမင်ပင်လယ် (Andaman Sea) ထဲသို့စီးဝင်နေသည်။ တိုင်းပြည်၏ အရေးကြီးဆုံးသော
ရေကြောင်း ကူးသန်းရောင်းဝယ်စည်ကားရာ ရပ်ဝှမ်းဖြစ်သည့်ပြင် လယ်ယာစိုက်ပျိုးရေးအတွက် အားထားရသော မြေပေါ် ရေအရင်းအမြစ်တခု ဖြစ်ပါသည်။
ကုလသမ္မဂ္ဂ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေအစီအစဉ်အရ ဧရာဝတီုမြစ်ကို ဇီဝသတ္တ၀ါများ မျိုးကွဲစုံလင်စွာ တွေ့ရသည့်ရပ်ဝှမ်းဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် ဦးစားပေးထိမ်းသိမ်းရမည့် မြစ်ဝှမ်း (၃၀) စာရင်းတွင် ထည့်သွင်းထားပြီး ဖြစ်ပါသည်။
ဘူမိသိပ္ပံပညာရှင်များနှင့် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ၊ အရှေ့တောင်အာရှတွင် အင်မတန်ရှားပါးသော ဘူမိပတ်ဝန်းကျင် (Geo-environment) ဒေသရပ်ဝန်းတစ်ခုဖြစ်ပါသည်။
            သံလွင်မြစ်သည် တိဘက်၊ အရှေ့ပိုင်းကုန်းမြင့်ဒေသ၌ မြစ်ဖျားခံစီးဆင်း၍ တရုတ်ပြည်မြောက်ပိုင်းတွင် မြစ်ဖျားခံပြီး ရှမ်းကုန်မြေမြင့်ကို ဖြတ်သန်း၍ မြန်မာပြည်၊ မွန်ပြည်နယ်တဆင့် မုတ္တမပင်လယ်ထဲသို့ စီးဆင်းသည့် မိုင်ပေါင်း (၁၇၄၉) ကျော် ရှည်လျားသော မြစ်တခုဖြစ်ပါသည်။ မြန်မာနှိင်ငံ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် တို့ကို စီးပွားရေး၊ ဘူမိနှိင်ငံရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ် စသည်တို့ကို များစွာအကျိုးပြုသော မြစ်တစင်းဖြစ်ပါသည်။ သံလွန်မြစ်ဝှန်းဒေသရှိ မြို့နယ်ပေါင်း (၅) ခု သည် မြစ်ဝှမ်းတလျောက် ကုန်သွယ်ရေကြောင်း သွားလာရောင်းဝယ် ဖေါက်ကားလျက်ရှိကြသည်။
ထိုသံလွင်မြစ်ပေါ်တွင် ဆည်တာတမံများ တည်ဆောက်ပြီးပါက ရရှိသောအကျိုးကျေးဇူးများသည် တရုတ်နှင့် ယိုးဒယားပြည်သူများ အတွက်ဖြစ်ပါသည်။ တချို့ဆည်တာတမံများသည် တည်ဆောက်ဆဲဖြစ်နေပါသည်။ အထက်အပုဒ်ပါ အကျိုးကျေးဇူးများ ပျက်သုန်းကုန်မည်ဖြစ်ပေသည်။
            မြန်မာနှိင်ငံတွင် နှစ်စဉ်သုံးစွဲနှိင်သော မြေပေါ်ရေအရင်းအမြစ် ကုဗကီလိုမီတာပေါင်း (၁၀၈၀) နှင့် မြေအောက်ရေ အရင်းအမြစ် ကုဗကီလိုမီတာပေါင်း (၄၉၅) ရှိပါသည်။ စိုက်ပျိုးရေးအတွက် ရေအသုံးပြုမှူမှာ စုစုပေါင်းရေ သုံးစွဲမှူ့ ပမာဏ၏ (၉၀) ရာခိုင်နှုံးခန့်ရှိပြီး၊ စက်ရုံအလုပ်ရုံနှင့် အများပြည်သူ သောက်သူံးရေမှာ (၁၀%) ခန့်ရှိပါသည်။ အဆိုပါအရေအတွက်မှာ နှစ်စဉ် နှစ်စဉ် ရေသုံးစွဲနှိင်သော ရေအရင်းအမြစ်ပမာဏ၏ (၅) ရာခိုင်နှန်းမှ (၁၀) ရာခိုင်နှန်းအတွင်းသာ ရှိပါသည်။
သိုပါ၍ အဆိုပါရေအရင်းအမြစ်များ ညစ်ညမ်းမှူ့မရှိ၊ အစဉ်သဖြင့်သန့်ရှင်းသော၊ သောက်သုံးရန်၊ စိုက်ပျိုးရန် စိတ်ချရသောရေ ဖြစ်နေရန် အလွန်အရေးကြီးပါသည်။ သက်ဆိုင်ရာအစီုးရ၊ အဖွဲ့အစည်းများက စနစ်တကျထိမ်းသိမ်း၊ စီမံခန့်ခွဲ၍ အသုံးပြုစေခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သို့မှသာ မြန်မာနှိင်ငံအနေနှင့် ရာသီဥတု ဖေါက်ပြန်ပြောင်းလွဲမှူ့များကြောင့် သောက်သုံးရေ အခက်အခဲကြုံတွေ့ရမည့် ဘေးကကင်းဝေးပြီး နောင် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနှိင်ငံသူ၊ နှိင်ငံသားများအတွက် လုံခြုံစိတ်ချရသော ရေသယံဇာတအဖြစ် တည်နေရှိနေစေရန် ယ္ခုကစ၍ ပြုစုထိမ်းသိမ်းရမည်ဖြစ်ပေသည်။ လူဦးရေ တိုးပွားလာသည်နှင့်အမျှ သောက်သုံးရေလိုအပ်မူ့သည်လည်း ပို၍ ပို၍ များလာမည်ဖြစ်ပေသည်။
ပြောင်းလွဲလာသည့်ရာသီဥတ
ရာသီဥတုမှာ ပူအိုက်စွတ်စိုသော မုတ်သုန်ရာသီဥတုဖြစ်ပြီး အနောက်တောင် မုတ်သုန်လေကြောင့် မေလမှ အောက်တိုဘာလအထိ မိုးရာသွန်းမှူ များပြားပါသည်။ မြန်မာနှိင်ငံသည် မိုးရေချိန်လက္မ (၄၀) မှ မိုးရေချိန် လက္မ (၂၀၀) ထိ ရွာသွန်းပါသည်။ သို့ပါ၍ သတိထားစရာအချက်မှာ - မြန်မာနှိင်ငံတွင် လာမည့် ဆယ်စုနှစ် ကာလနှင့် နောက်ပိုင်းတွင် မုတ်သုန်ကာလသည် ပုံမှန်လက်ရှိအချိန်ကာလထက် ပိုမိုလျော့နည်းမည်ဖြစ်ကြောင်း၊ ရက်ပေါင်း (၄၀) ခန့် လျော့နည်းမှာဖြစ်ကြောင်း၊ ထိုကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးမှာလည်း အခက်အခဲများ ကြုံတွေလာနှိင်ကြောင်း  ဗွီိအိုအေမြန်မာပိုင်းအစီအစဉ်၊ သိပံ္ပနှင့် နည်းပညာကဏ္ဍ၌ ECODEV အဖွဲ့ဝင်တစ်ဦးနှင့် ဒေါ်ခင်မျိုးသက်က နိုဝင်ဘာ(၃၀) ရက်၌ ဆွေးနွေးထားချက်များသည် မြန်မာနှိင်ငံ၏စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများအတွက် အလွန်အရေးကြီးသောချက်ဖြစ်ပါသည်။ ရေအရင်းအမြစ်များ ကြိုတင်ကာကွယ်၊ ထိန်းသိမ်း၊ ပြင်ဆင်မှူများ ပြုလုပ်ထားရမည်ဖြစ်ပါသည်။
သတိထားစရာများ           
မြန်မာနှိင်ငံအနေနှင့် အထူးဂရုပြု အလေးထားလုပ်ဆောင်ရမည့် အကြောင်းအရာများမှာ  အဓိကမြစ်ကြီးများပေါ်တွင် ဆည်တာတမံများ တည်ဆောက်ခြင်း၊ မြစ်ချောင်း၊ မြစ်ဝှန်းဒေသများအနီးတွင် ဓါတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းများဖြစ်ပါသည်။ ထိုအဆောက်အဦး၊ လုပ်ငန်းများသည် မြေပေါ်ရေအရင်းအမြစ်များ (မြစ်၊ ချောင်း၊ အင်း၊ အိုင်) ၏ ရေအရည်အသွေး၊ ပျက်စီးယိုယွန်းစေနှိင်ခြင်း၊ ရေအရင်းအမြစ်များ လျော့နည်းခမ်းခြောက်သွားစေခြင်းနှင့် ရေကြောင်း ပြောင်းလွဲသွားခြင်းကြောင့် နှိင်ငံ့စီးပွား ယုတ်လျော့စေနှိင်ကြောင်း၊ နှိင်ငံစီပွားအတွက် မဖြစ်မနေ လုပ်ဆောင်ရမည်လုပ်ငန်းဖြစ်ပါကလည်း သဘာဝပတ်ဝန်းကျင်၊ အရင်းအမြစ်များ မပျက်စီးစေမည့် နည်းစနစ်၊ ပုံထုတ် (Production; It’s  Safe-environmental Design & Construction) လုပ်ဆောင်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ လုပ်လက်စ ခွင့်ပြုထားသည့် လုပ်ငန်း များကိုလည်း ပြန်လည်စီစစ် ညှိနှိင်းလုပ်ဆောင်စေပါက ပိုမိုကောင်းမွန်ပါသည်။
            ယနေ့ခေတ် အချိန်ကာလ၌ တရုတ်၏ ဧရာဝတီ၊ သံလွင်၊ ရွေလီ၊ မြစ်ဖျားအထက်ပိုင်းများဒေသ (မြန်မာနှိင်ငံအတွင်း)တွင် တည်ဆောက်နေသည့်၊ တည်ဆောက်ရန် လျာထားသည့် ဆည်၊ တာတမံများမှာ စုစုပေါင်း (၁၂) ခု ဖြစ်ပါသည်။ အဆိုပါဆည်၊ တာတမံများ အားလုံး တည်ဆောက်ပြီးပါက အကျိုးစီးပွားအများစုသည် တရုတ်ပြည်သူများအတွက်သာ ဖြစ်ပြီး၊ တရုတ်ပြည် ကြုံတွေ့နှိင်သည့် သက္ကရာဇ် (၂၀၃၀) ရေ အခက်အခဲကို တစိတ်တပိုင်း၊ ကာလတခုအထိ ဖြေရှင်းပေးရာ ရောက်စေမည်။
ထိုကာလတွင် မြန်မာနှိင်ငံ၌ အဆိုပါအထင်ကရမြစ်ကြီးများ လျော့နည်း၊ ချောက်ခမ်းလာပြီး မြန်မာပြည်သူများ ရေကြောင့် ဒုက္ခမရောက်ဟု မည်သူမျှ အာမ မခံပေ။ ရရှိမည့် ဘဏ္ဍာငွေကြေးနှင့် နိုင်ငံရှေ့အရေး ချင့်ချိန်ကြပါကုန်။
မကြာမီက အင်တာနက်သတင်းအရ၊ အန်အယ်ဒီအဖွဲ့ဝင်တချို့ တရုတ်အစီုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ သွားလည်ရာတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရက မြစ်ဆုံဆည်ပြန် စလိုကြောင်း ပြောကြားသည်ဟု ဖတ်ရှုရပါသည်။ လုပ်ခွင့်ပြုပါက တရုတ်ပြည်သည် သက္ကရာစ်(၂၀၃၀) ၌ ရေဒုက္ခမကြုံတွေရတော့ဘဲ မြန်မာနှိင်ငံသည် ရေအရင်းအမြစ်များစွာ လုံလုံလောက်ရှိပါလျက်နှင့် သောက်သုံးရေ၊ စိုက်ပျိုးရေ လျော့နဲပြီး၊ မြစ်ကြောင်းသွားလာရေး၊ အားလုံး ဒုက္ခရောက်ရမည်မှာ မလွဲဧကံပင်ဖြစ်တော့မည်။ တရုတ်သည် သူ့လူမျိုး၊ သူ့နှိင်ငံအကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။
            ယိုးဒယားနှိင်ငံသည် ကျောက်ဖယားမြစ် ရေဖြည့်တင်းရေး၊ သံလွင်မြစ်ပေါ်တွင် ရေလွဲဆည်တခု တည်ဆောက်ရန် မြန်မာစစ်အစီုးရနှင့် သဘောတူထားခဲ့ကြသည်။ ဤသည်မှာ သူ့နှိင်ငံ၊ သူ့လူမျိုးအကျိုးစီးပွားအတွက် သဘာဝရေ သယံဇာတ မလျော့နည်းစေရေး ၊ နောင်လာမည့် ရာသီဥတုဆိုးရွားလာခြင်းများကြောင့် ကျောက်ဖယားမြစ်ရေ အစဉ်စီးဆင်းနေစေရေး၊ တခြား နှိင်ငံ၏ ရေသယံဇာတကို ရယူသုံးစွဲရန်ုဖြစ်သည်။ ဤသည်မှာ၊ ယိုးဒယားအစီုးရ၏ အသိဥာဏ်ပညာကြွယ်ဝမှု့၊ အမြော်အမြင်ကြီးမှုပင် ဖြစ်သည်။ မြန်မာနှိင်ငံရှိ မြန်မာ့အရေးလုပ်ရှားသူများကလည်း နှိင်ငံအရေးကို ရှေ့ (၄ - ၅) နှစ် မဟုတ်ဘဲ နှစ် လေးငါးဆယ် ကြိုတင် စီမံဆောင်ရွက်သင့်သည်။
မိမိနှိင်ငံအတွင်း ရှိနေသော ရေသယံဇာတများသည် မိမိနှိင်ငံသူနှိင်ငံသားများအတွက် ဖြစ်သင့်သည်ကို နှိင်ငံ့အရေး ဆောင်ရွက်နေသူများ စဉ်းစားကြပါကုန်။ မိမိနှိင်ငံအကျိုးစီးပွားထက် အခြားနှိင်ငံ အကျိုးစီးပွားတိုးတက်ရေးကို ဦးစားပေးသည့် စီမံကိန်းများကို စဉ်းစား ချင့်ချိန်ရန်ဖြစ်ပါသည်။
ဆွေးနွေးအကြံပြုတင်ပြခြင်း
မြန်မာနှိင်ငံ၏ လူဦရေတိုးနှန်းအရ၊ ယနေ့ လူဦရေသန်း (၆၀)ကျော်မှ သက္ကရာဇ် (၂၀၃၀)
တွင် သန်း (၈၀ - ၁၀၀) မဖြစ်နှိင်ဟု မည်သူမျှမပြောနှိင်။ သို့သော် သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် ရေသယံဇာတ၊ ပမာဏမှာ တိုး၍ လာမည် မဟုတ်ပါ။ လက်ရှိ ရေသယံဇာတများကို အစဉ်သန့်စင်၊ ရှင်သန်နေအောင် ဆောင်ရွက်ရမည် ဖြစ်ပေသည်။
ရေနံဓါတ်ငွေ့ပိုက်လိုင်းသည် တရုတ်ကို ရေပြဿနာ အခက်အခဲများကြုံတွေ့နေချိန်တွင် တဖက်တလမ်းမှ အသက်ရှုချောင်စေမည့် အရင်းအမြစ်တခုကို မြန်မာနှိင်ငံက ကိုယ်ကျိုးစွန့် ပေးပို့နေခြင်းဖြစ်ပေသည်။ တရုတ်အနေနှင့် ရေနံဓါတ်ငွေ့မှ သူ့တိုင်းပြည်စီးပွား တိုးတက်ရေးအတွက် စွမ်းအင်များ ရရှိလာပြီ။ ထိုကြောင့် ကျောက်မီးသွေးမိုင်းများကို စွမ်းအင်အတွက် မှီခိုနေခြင်းကို လျော့ချလာနှိင်မည့်အပြင် ကာဘွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ထုတ်လွတ်မှု့ကိုပါ ကျဆင်းလာစေမည်ဖြစ်သည်။
မြန်မာ့အရေးလုပ်ရှားသူများအနေနှင့် တိုင်ပြည်အကျိုးစီးပွားနှင့် လူမျိုးရေး၊ နယ်မြေစည်ပင်သာယာရေး အတွက် ပြန်လည်ညှိနှိင်းပြီး နေ့စဉ်ပို့လွတ်နေသည့် ရေနံနှင့် ဓါတ်ငွေ့ (၁၅%) ခန့်ကို ပြည်တွင်း၌ အသုံးပြုနှိင်ရေး စဉ်းစားဆောင်ရွက်သင့်သည်။
            ဧရာဝတီမြစ်ဆုံ လျှပ်စစ်ဓါတ်အား ရောင်းရငွေမှာ တနှစ် ဒေါ်လာသန်း (၅၀၀) ခန့်ဖြစ်သော်လည်း နှစ်ကြာ လာသည်နှင့်အမျှ ဧရာဝတီမြစ်နှင့် ဘူမိသဘာဝ ပတ်ဝန်းကျင်၊ ဂေဟစနစ်များ နှင့်အတူ ရေကြောင်းကူးသန်း စီးပွားရေးလုပ်ငန်းများ တဖြေးဖြေးချင်း ပျက်စီးဆုံးရုံးရမည့် အခြေအနေနှင့် ချိန်ထိုးကြည်ပါက ဆုံးရုံးမှု့က ပိုမည်ဖြစ်သည်။ မြစ်ဆုံဆည် တည်ဆောက်ဆဲ ကာလအတွင်း အများပြည်သူများ၏ ကန့်ကွက်ဆန္ဒပြမှု့များကြောင့် သမ္မတဦးသိန်းစိန် ပထမနှစ် သက်တမ်းအတွင်း၊ သမ္မတ၏ အမိန့်ဖြင့် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်မဆောက်စေရန် ဆိုင်းငံကာလဖြင့် ရပ်ဆိုင်းထားခဲ့သည်။
အဆိုပါ ရေကာတာ၊ ဆည်များကို နောင်တက်လမည့်အစီုးရလက်ထက်တွင်လည်း ပြန်လည်တည်ဆောက်ခွင့် မပြုရန် အလွန်အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုရေကာတာများက ထုတ်ယူရရှိမည့် ရေအားလျပ်စစ်ပမာဏသည် မိမိတိုင်းပြည်လူမျိုးအတွက် အကျိုးပြုမည်မဟုတ်သည့်အပြင်၊ ရေရှည်ဆိုးကျိုးများသာ ခံစားရမည်ဖြစ်ပေသည်။
ထို့အတူ သံလွင်မြစ်ပေါ်တွင်တည်ဆောက်ဆဲ၊ တည်ဆောက်မည့် ရေကာတာပေါင်း (၅) ခုကိုလည်း စဉ်းစားချင့်ချိန် လုပ်ဆောင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ပိုင်နယ်မြေအတွင်း ( မြန်မာနှိင်ငံနှင့် ကပ်လျက်ရှိသော) ရှိ တည်ဆောက်ရန် လျာထားသော ဆည်တာတမံပေါင်း (၁၃) ခု ကို တရုပ်ပြည်အကျိုးစီးပွားအတွက် တရုတ်အစိုးရသည် မဖြစ်မနေ တည်ဆောက်မည်ဖြစ်ပေသည်။ အဆိုပါ ဆည်စုစုပေါင်း (၁၈) ခုဆောက်လုပ်ပြီးစီးပါက သံလွင်မြစ်ဝှန်းဒေသ၊ မွန်ပြည်နယ်သည် အလွန်ဆိုးရွားသော သဘာဝဘေးကပ်ဆိုက်၍ ပြည်နယ်သူ၊ ပြည်နယ်သားများ ဒုက္ခရောက်ရမည်မှာ အမှန်ပင်ဖြစ်တော့သည်။
အချိန်ရှိနေပါသေးသည်။
ဧရာဝတီမြစ်ဆုံနှင့် သံလွင်မြစ်များပေါ်တွင် (မြန်မာပြည်အတွင်း၌) ဆောက်လုပ်ရန် ကျန်သည့်ဆည်များကို ဆောက်လုပ်ရန် မစဉ်းစားသင့်ပေ။
မြန်မာနိုင်ငံတွင် ရေအရင်းအမြစ် ပေါများစွာရှိသော်လည်း အားလုံးသော ရေအရင်းအမြစ်များသည် သောက်သုံး၍ မရနှိင်ပါ။ ပြည်သူပြည်သားများအတွက် သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေ၊ စက်ရုံအလုပ်ရုံ သုံးရေ၊ လူမှူ့ပတ်ဝန်ကျင် သုံးရေတို့မှာ ပေါများစွာရှိသည်ဟုမှတ်ယူ၍ မရနှိင်ပါ။
သို့ပါ၍ လက်ရှိသောက်သုံး၍ ရနှိင်သောရေကို ရေအရည်အသွေး မပျက်စီးအောင် ထိန်းသိမ်းသွားနှိင်ရန်၊ ရေရှည်အသုံးပြု၍ ရနှိင်အောင် ဆောင်ရွက်ကြရန် အရေးကြီးပေသည်။ မြေပေါ်မြေအောက် ရေသယံဇာတများမှာ မြန်မာနှိင်ငံအတွင်း သဘာဝအလျောက်ဖြစ်တည်နေသော အရာများသည် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက်သာ ဖြစ်သင့်သည်။
ဧရာဝတီ၊ သံလွင်များပေါ်တွင် ရေကြောင်းသွားလာရေး၊ ဘူမိသဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်များ ပျက်ပြားစေနှိင်သည့် အဆောက်အဦများသည် နိုင်ငံအတွက်မဟုတ်ဘဲ၊ ရေရှည်အကျိုးကျေးဇူးများသည် တဖက်နိုင်ငံ (တရုတ်၊ ယိုးဒယား) များသာ ရစေမည်ဖြစ်ပြီး၊ ထိုနှိင်ငံများသည် မိမိနိုင်ငံ၏ စီးပွားပြိုင်ဖက်များကို အားပေးရာ ရောက်ပေသည်။
မြန်မာနှိင်ငံသည် တရုတ်အကျိုးစီးပွားအတွက် အားအထားရဆုံးသော ပြည်ပနိုင်ငံတခုဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ယခင်စစ်အစီုးရအုပ်ချုပ်သူလူတန်းစားများ၊ စီးပွားရေးသမားများ၏ ကြီးပွားရေးထွက်ပေါက်မှာ တရုတ်ပြည်တခုသာ ဖြစ်နေခြင်း နိုင်ငံ့သယံဇာတ (ရေသယံဇာတအပါအ၀င်) များကို တရုပ်အကျိုးစီးပွားအတွက် လွယ်လွယ်ကူကူ အသုံးချစေခြင်းနှင့် တရုတ်ပြည်ကလည်း နိုင်ငံတကာရေးရာများတွင်  မြန်မာစစ်အစီုးရ သဘောထားများနှင့် ကိုက်အောင် ဆောင်ရွက်ပေးခြင်းတို့ကြောင့် ဖြစ်ပါသည်။
သို့သော် အခြားသောအိမ်နားနီးချင်းနှိင်ငံများ ဖြစ်သည့် ယိုးဒယား၊ ဗီယက်နမ်စသည့် နှိင်ငံများသည် မဲခေါင်မြစ်ဝှမ်း၊ ရေအသုံးချရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရာတွင် လွယ်လွယ်နှင့် သဘောတူညီမှု့များရရန် ခက်ခဲပေသည်။ ထိုနှိင်ငံများသည် ယ္ခုအခါ မြန်မာနှိင်ငံထက် စီးပွားရေး၊ ပညာရေး အစစ အရာရာ သာလွန်နေပြီဖြစ်ပါသည်။
            တိုးတက်သော နိုင်ငံအများ၏ အစီုးရများသည် နှစ်ရှည်စီမံကိန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရေး၊ စီမံကိန်းရေးဆွဲစဉ်ကထည်းက လူုနှင့် သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ်များ မပျက်စီးရေးကို အဓိကထားပြီး နောင်အနှစ် လေး ငါး ဆယ်အတွက် ရည်ရွယ်၍ ပုံစံထုတ်၊ ဆောက်လုပ်ကြပါသည်။ ထိုသို့လုပ်ဆောင်ရာ၌ တတ်သိ နားလည်သော ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေး တိုင်ပင် လုပ်ဆောင်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့ ရာသီဥတုဆိုးရွားရာမှု့နှင့် သဘာဝဘေးအန္ဒရာယ်များကို ကြိုတင်တွေးဆ အလုပ်လုပ်ကိုင်နေကြသောကြောင့်ဖြစ်ပါသည်။
ကျမ်းကိုး။          ။Water Resources of the People's Republic of ChinaSouth-North Water Transfer
Project,(Wikipedia, the free encyclopedia);
(တိမ်းစောင်းမခံနှိင်သော မျှခြေ ၊ ၂၀၀၆); (Burma River Watch)
Will China run out of water by 2030? (China Daily, 2012)
China Heading Towards an Unavoidable Water Crisis; Energy Burrito, Nov’ 2012
Utica Burmese welcome 88 Generation Leaders
နယူးယောက်၊ ယူတီကာမြို့နယ် မြန်မာတိုင်းရင်းသားများ ၈၈ မျိုးဆက်ခေါင်းဆောင်တို့ကို ကြိုဆိုတွေ့ဆုံ
မိုးမခဓာတ်ပုံသတင်း၊ အောင်ကျော်မြင့်(ဖေ့စ်ဘွတ်)၊ ဇွန် ၁၀၊ ၂၀၁၃
ဇွန်လ ၈ ရက်၊ အမေရိကန်ပြည်၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့နယ်မှာ ၈၈ မျိုးဆက် ခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် ဒေသခံတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြသည်။ တိုင်းရင်းသားတို့နှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံသော အစီအစဉ်တခု ဖြစ်သည်ကို တွေ့ရသည်။
  Utica, Syracuse, Albany, Ithaca, Buffalo မြို့နယ်များအပြင်  Canadaမှ မိတ်ဆွေများ တက်ရောက်ကြကြောင်း ကိုအောင်ကျော်မြင့်၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည်။
ဇွန် ၉ ၊ ၂၀၁၃ မိုးမခရေဒီယို ဆစ်ဒနီ
old-radio
ဇွန် ၉ ၊ ၂၀၁၃ မိုးမခရေဒီယို ဆစ်ဒနီ
အဖိုးပေးတဲ့ ဒါး - တွံတေးသိန်းတန်
ကမ္ဘာပေါ်မှာ မရှိတဲ့ မြန်မာ့ရေးရာများ - ဖေ့စ်ဘွတ်ကောက်စာများ
သတင်းတိုထွာနဲ့ သီချင်းပဒေသာ
မူဆလင်ပြည်နယ် ထူထောင်ရေး စိန်ခေါ်မှုများ - ခိုင်လင်း၊ မေဃ၀တီ
စာရေး၊ စာဖတ်၊ စာဟောနဲ့ ချစ်ဦးညို ၊ မလေးရှားက ဇွန်လထုတ် အပြင်စီးမဂ္ဂဇင်း
သတင်းတိုထွာ၊ သီချင်းပဒေသာ ဒုတိယပိုင်း
တေးရေး ကေအေတီ ကွယ်လွန်ခြင်းနှင့် လေးဖြူသီချင်း
သံသရာခရီးသည် ကဗျာ - ကွန်ပျူတာဦးအောင်ဇော်
ဆစ်ဒနီမြို့ ချိုပြုံးတို့ ဖျော်ဖြေပွဲ အလှူငွေ ၂၇ သိန်း - ကျော်ဟုန်း၊ မိုးမခ
ဇာဂနာသီချင်း၊ သူ့သတင်းနဲ့ သူ့ရင်တွင်းက ဆန္ဒများ - မောင်လူရေး၊ မိုးမခ
အထူးကဏ္ဍ - မိုးဒေ၀ါသီချင်းရာပြည့်နဲ့ သယံဇာတကျိန်စာနဲ့ ဘနဖူးသိုက်တူးသူတွေ - ရဲဘော်ဖိုးသံချောင်း၊ တိုင်းကျော် VOA
စီစဉ်သူများ - ဦးပန်တျာ၊ မေရီ၊ ဒေါက်တာလေးသဇင်နွယ်၊ သတင်းတာဝန်ခံ နှင်းမြတ်ခိုင်
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့ upa...@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)
News
အဖေများနေ့တွင် ပြုလုပ်မည့် ဦးသုခ ရုပ်ထုဖွင့်ပွဲ
ဇွန် ၉၊ ၂၀၁၃
အို သူတော်ကောင်းအပေါင်းတို့ ...
လောကကြီးအား ငြိမ်းချမ်းမှုအလှဆင်ပေးခဲ့သော... ကျွန်တော်တို့အတွက် ငြိမ်းချမ်းမှုလမ်း ဖေါက်ပေးခဲ့သော... ကျွန်တော်တို့အတွက် ပရဟိတမျိုးစေ့များ ချပေးခဲ့သော ကျေးဇူးရှင် စာရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်ဂီတပညာရှင်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) နာယကကြီး ဖခင်ကြီး ဘဘဦးသုခ၏ ဂုဏ်ကျေးဇူးများကို အစဉ်သဖြင့် အမှတ်ရစေလိုသောဆန္ဒဖြင့် ထုဆစ်ထားသော ကျေးဇူးရှင် ဘဘဦးသုခ ရုပ်ထုဖွင့်ပွဲအား အဖေများနေ့ (၁၆.၆.၂ဝ၁၃ - တနင်္ဂနွေနေ့) တွင် အောက်ဖေါ်ပြပါ နေရာ၊ အချိန်တွင် ကျင်းပမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
(လိုက်ပါလိုသူ မီဒီယာ၊ စာနယ်ဇင်းသမားများအနေဖြင့် နံနက် (၆းဝဝ) နာရီတိတိအချိန်တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှ ( နေ့ခြင်း ပြန်) ထွက်ခွါမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။)
Ohm Naing - Articles
ရေးခဲ့မိသော မှတ်တမ်းများ - အပိုင်း (၂၇)
အုန်းနိုင်ဇွန် ၉၊ ၂၀၁၃
မြို့နယ်ကျော်ပြီး စည်းရုံးတာ  လက်မခံဒီကိစ္စနဲ့ပတ်သက်ပြီး (၂၀.၈.၈၉) နေ့စွဲနဲ့ မြို့နယ်စုက  ဗဟိုနဲ့တိုင်း စာတမ်းပြုစုရေးအဖွဲ့  ဆွေးနွေး ချက်မှတ်တမ်းတစောင်ကို ပြည်မြို့ကော်မတီဝင်တဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ဝင်းရဲ့လက်မှတ်နဲ့ ပေးပို့ပါတယ်။ ပူးတွဲပြီးတော့ ပဲခူးတိုင်း  မြိ့နယ်စုံအစည်းအဝေး  ဆွေးနွေးချက်စာတမ်းလည်း ပါပါတယ်။
ပဲခူးတိုင်းရဲ့စာတမ်းဟာ ပြည်ကတင်တဲ့စာတမ်းထက်သိမ်မွေ့ ပါတယ်။ သဘောထားကတော့ အတူတူပါပဲ။ ထူးခြားတာကတော့ ပဲခူးမှာ တိုင်းရုံးဖွင့်ပြီးပြီမို့ ပဲခူးက ဦးမြတ်လှကို  တိုင်းစည်းထဲထည့်ပေးဖို့နဲ့ ရှစ်လေးလုံးအရေးတော်ပုံတုံးက နတ္တလင်းမှာဖြစ်ခဲ့တာတွေကြောင့်  မြို့ နယ်ကနေရှောင်ပြီး ပဲခူးတိုင်းအဖွဲ့ နဲ့အတူတွဲနေတဲ့ ဒေါက်တာတင်အေးကို  တိုင်းစည်းထဲထည့်ပေးဖို့ ပါပါတယ်။
နောက်တခုက  ဗဟို အလုပ်အမှုဆောင် အဖွဲ့ ရဲ့ ညွှန်ကြားချက် (၉) အပိုဒ် (က) ကို ခြွင်းချက်နဲ့ဘဲလက်ခံတယ် ဆိုတဲ့အပိုဒ် ပါပါတယ်။ ဒါကတော့  ပြည်မြို့နယ်နဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်..။
ဗဟိုရဲ့ ညွှန်ကြားချက် အပိုဒ် (၉) မှာက  ..
ညီလာခံမကျင်းပရသေးတဲ့ ရပ်ကျေးမြို့နယ်များ အသီးသီးတွင် ယခုလက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများအရလည်းကောင်း၊ အဖွဲ့ ချုပ် အတွင်း ညီညွတ်မှုကို  ရှေးရှုပြီးလည်းကောင်း၊ အကြောင်းအမျိုးမျိုးအရ အရေးယူထားခြင်းများကို ရပ်စဲထားကြရန်နှင့် အဖွဲ့ချုပ်ဝင်များ အ ဖြစ်မှ  ထုတ်ပယ်ထားသည့်ပုဂ္ဂိုလ်များကို ပြန်လည်၍ အဖွဲ့ ချုပ်သို့ မပျက်မကွက် လက်ခံကြရန်လို့ ပါပါတယ်။
ပြည်မြို့မှာက မျိုးချစ်ရဲဘော်ဟောင်းက အဖွဲ့ဝင်တချို့ဟာ လူငယ်အချို့ကိုစည်းရုံးပြီး ဦးအောင်ကြီးရဲ့ ယူအင်ဒီပီပါတီကိုဝင်ဖို့ ဆက် သွယ်ခဲ့ကြပါတယ်။ နောက်မှ  အခြေမလှလို့ အဖွဲ့ ချုပ်လက်အောက် ပြန်ဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိတယ်လို့ ယူဆတဲ့ ကော်မတီ ၀င်နှစ်ဦး ကိုပြည်မြို့နယ်ကော်မတီက  ထုတ်ပယ်ဖို့ဆုံးဖြတ်ပြီး   ဗဟိုဌာနချုပ်ကိုတင်ထားတယ်။ ဒီစာဟာ  ဥက္ကဌဦးတင်ဦး  လက်ထဲမှာပါ။ အတည်ပြုချက် ပြန်မကျသေးပါဘူး။ ခုနကပြောခဲ့တဲ့ ညွှန်ကြားချက် (၉) အပိုဒ် (က) အရဆိုရင်  ဒီလူနှစ်ဦးကို  ပြန်လက်ခံရမယ်။ ဒါကို  ပြည်မြို့နယ်က  လက်မခံချင်ဘူး။ ဒါကြောင့်  ဒီညွှန်ကြားချက်ကို ချွင်းချက်နဲ့ပဲ လက်ခံမယ်လို့ ဆိုတာပါ။ နောက်လည်း ဒီပြသနာဟာ  ရွေးကောက်ပွဲကာလအထိ ဆက်တက်ခဲ့ပြီး  ဒီနှစ်ဦးနဲ့ပတ်သက်တဲ့သူက ကိုယ်စားလှယ်လောင်းဖြစ်လာပါတယ်။ ဒါကို  ပြည်မြို့က အဖွဲ့ ချုပ်အဖွဲ့ ဝင်တဦးက မကျေနပ်ဘဲ အဖွဲ့ဝင်အဖြစ်ကနုတ်ထွက်ပြီး တသီးပုဂလ၀င်အရွေးခံတယ်။ ဒီတော့  မဲကွဲသွားပြီး   ၁၉၉၀ ခုနှစ် သမိုင်း ၀င်ရွေးကောက်ပွဲမှာ တစညက အချောင်အနိုင်ရသွားပြီး အဖွဲ့ ချုပ်ရဲ့ ပြည်မြို့နယ်ကိုယ်စားလှယ်တနေရာ ရှုံးခဲ့ရတာပါဘဲ။
နောက် တခုကတော့ ဗဟိုဟာ    စွန့် စားရေး    အယူအဆနဲ့    အညံ့ ခံရေး  အယူအဆ   အစွန်းနှစ်ဘက်ကို  ရှောင်ရှားပြီး  ခံစစ်ရှင်
အနေအထား  ဖန်တီးဖို့   တိုက်တွန်း ထားတဲ့အချက်တွေ  ထူးပြီးပါလာပါတယ်..။ဒီစာတမ်း ကို  ပဲခူးဦးမြတ်လှက  တာဝန်ယူပြီး  ဗဟိုကို
သွားရောက် တင်ပြတာပါ.။ပါဝင်သူတွေကတော့    အုတ်ဖို ဦးသာမောင် နဲ့ ပြည်က  ဒေါက်တာခင်မောင်ဝင်း  တို့ပါ..။
အဲဒီနောက်မှာတော့   (၂၁.၈.၈၉ )နေ့ စွဲ နဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်  ဗဟိုက ပဲခူးတိုင်းအတွင်း  မြို့ နယ်များသို့  ညွှန်ကြားချက်ဆိုပြီး  စာတွဲကြီး တထပ် ပေးပို့  လိုက်ပါတယ်..။ဗဟိုညွှန်ကြားချက်စာအမှတ်  ၆၆/စည်းရုံး /၈၉  ကတော့  ပဲခူးတိုင်းစည်းရုံး ရေး ကော်မတီ ရဲ့ 
သဘောထားမပါပဲ ပဲခူးတိုင်းရုံးကိုပဲခူးမှာ ဖွင့်တာကိုလည်း  သဘောမတူဘူး..။ပဲခူးတိုင်း အတွင်း   တရားမ၀င်ပဲနဲ့ ဖွဲ့ စည်းထားတဲ့ 
(၁) ဦးမြတ်လှ(ပဲခူး)
(၂)ဦးအောင်ခင် (ပဲခူး)
(၃)ဦးရဲထွဋ်  (ဒိုက်ဦး)
(၄)ဦးစံဦး (ကျောက်တံခါး)
(၅)ဦးသောင်းစိန် (ပြည်)
(၆)ဦးသန်းထွတ် (ပေါက်ခေါင်း)
(၇)ဦးအောင်သန်း (သဲကုန်း)
(၈) ဦးတင်အေး (နတ္တလင်း)  စတဲ့ ပုဂိုလ်(၈) ဦးက  တင်ပြတဲ့ စာတမ်းကိုလည်း  လက်မခံဘူး..။နောက်ပြီးပဲခူးတိုင်းအတွင်းက မြို့နယ်တချို့ လှုပ်ရှားနေတာတွေဟာတိုင်းစည်းရုံးရေး အဖွဲ့ ရဲ့   ကြီးကြပ်ကွပ်ကဲမှု မရှိပဲ 
(က) တမြို့နယ်မှ  တခြားမြို့နယ်များကို  အစည်းအဝေးခေါ်ခြင်း၊ဆုံးဖြတ်ချ က် ချခြင်း.။
(ခ) တမြို့နယ်မှ  တခြားမြို့ နယ်များအား  စည်းရုံးရေးအတွက်  တာဝန်ပေးအပ်ခြင်း။
(ဂ) မိမိတို့  လုပ်ပိုင်ခွင့်   နယ်ပယ်ကို  ကျော်ပြီး   အခြားနယ်အတွင်းကျူးကျော်ဝင်ရောက်  လုပ်ကိုင်ခြင်းများဟာ   တရားမ၀င်ဘူး ဆိုတာတွေ  ပါပါတယ်..။
ပြီးတော့ ဥက္ကဌ ဦးတင်ဦး နဲ့ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့  ကို ဖမ်းထားပြီးတဲ့နောက်   တာဝန်ယူလုပ်ကိုင်နေတဲ့ အဖွဲ့ အစည်းတွေ နဲ့နယ်များကို  ပေးပို့ ခဲ့ တဲ့ ညွှန်ကြားချက်များကိုလည်း  တတွဲထဲ  ထဲ့  ချုပ်ပေးလိုက်ပါတယ်..။ဒါ ကြောင့်  ဗဟိုမှာ   ဗဟို အလုပ်အမှု  ဆောင်များအဖြစ်
(၁) ဦးအောင်ရွှေ
(၂) ဦးကြည်မောင်
(၃) ဦးလွင်
(၄)ဦးချစ်ခိုင်
(၅) ဦးခင်မောင်ဆွေ (ယာယီ တိုးချဲ့ )
(၆) ဦးရွှေ  (ယာယီတိုးချဲ့ )
ဗဟို အလုပ်ကော်မတီ အနေနဲ့
(၁) ဦးကျော်မင်း (ဗိသုကာ)
(၂) ဦးချမ်းအေး
(၃) ဦးမျိုးအောင်
(၄) ဦးလှဖေ
(၅) ဦးသန်းထွန်း
 (၆)ဦးမောင်မောင်  တို့ပါဝင်ကြောင်း သိရပါတယ်.။ဒီစာကိုဦးချစ်ခိုင်  လက်မှတ်နဲ့ထုတ်လိုက်တာဖြစ်ပါတယ်..။
မြို့ နယ်ကော်မတီဝင်တဦး အဖမ်းခံ လိုက် ရခြင်း”
ဒီ ရက်ပိုင်းတွေမှာ  ကျနော်တို့ မြို့ နယ်မှာမနှစ်(၁၉၈၈)က  မကျင်းပဖြစ်တဲ့ မြတ်စွယ်တော်ပွဲ အတွက်  တော်တော် တက်တက်ကြွကြွ ပြင်ဆင်နေကြပါပြီ..။စွယ်တော်ပွဲက  စက်တင်ဘာလ (၁၂) ရက်မှာစမှာဆိုတော့  အတော်ကို နီးကပ်နေပါပြီ..။စွယ်တော် ဂေါပကတွေကအကူအညီတောင်းလို့   ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ခင်ဆွေ ဆိုတာရောက်လာပါတယ်..။မ.၀.တ မှာ  နိုင်ငံရေး ပါတီတွေရော၊   ဂေါပက လူကြီးတွေကိုပါဖိတ်ပါတယ်..။အဓိက သူပြောတာကတော့   ရှစ်လေးလုံးအရေးအခင်းမှာပြည်သူတွေ တောင်းဆိုတဲ့တပါတီစနစ် ဖျက်သိမ်းရေး နဲ့ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးရေး တို့ကို  န.၀.တ  က     လိုက်လျောထားခဲ့ တယ်..။အခု  ရွေးကောက်ပွဲ ဥပဒေတွေလဲ  ထွက်ပြီ..။ရွေးကောက်ပွဲကျင်းပတော့    မှာမို့      ရွေးကောက်ပွဲ အတွက်  ပါတီတွေကပြင်ဆင်ကြပါ..။ဦးတင်ဦး နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို   အကြောင်းကြောင်းကြောင့် လိုက်လျောခဲ့ ပေမယ့်  အခုတော့  မတတ်သာလို့   အထူးဥပဒေ     ပုဒ်မ(၁၀)(ခ) နဲ့    နေအိမ် အကျယ်ချုပ်  အရေးယူထားတယ်..။  ဒါကို အကြောင်းပြုပြီး  မငြိမ်မသက်လုပ်ရင်  ပါတီကို လည်း  အရေးယူမယ်..။ ပါတီအဆောက်အဦး၊ပရိဘောဂ၊ နဲ့ လူတွေလည်း ဆက်အရေးယူမယ်..။အထူးသဖြင့်  ဒီမြို့က  စွယ်တော်ပွဲ ကျင်းပတော့ မှာမို့ လုံခြုံ ရေး  အထူးတင်းကျပ် ထားတာကို  အသိပေးပါတယ်..။စသဖြင့်ပြောပါတယ်..။တနည်းတော့ဖြင့် ခြိမ်းခြောက်တာပေါ့လေ..။ကျနော် တို့လည်း   အောင့်သက်သက် နဲ့ငြိမ်နေခဲ့ ရပါတယ်..။
သြဂုတ်လ (၂၆) ရက် နေ့ ကျတော့   ကျနော် တို့မြို့ နယ်စည်းရုံးရေး ကော်မတီဝင် ဦးခင်မောင်ဇော်  အဖမ်းခံရပါတယ်..။ဒါနဲ့   ကျနော်  မ.၀.တ  ကို  သွားမေးတော့  မ.၀.တအဖွဲ့ ဝင်   ဦးမျိုးမြင့်ကဆရာကြီးတို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နဲ့စည်းရုံးရေးကော်မတီဝင်များကို  အရေးယူဖို့   ညွှန်ကြားချက်  မရှိပါဘူး..။ဦးခင်မောင်ဇော်ကို  ဖမ်းတာကိုလည်း  ရဲစခန်းကိုသွားမေးပါဆိုလို့   သွားမေးတော့စခန်းမှူး  ဦးတင်အေးက  ဒါကို  ပြည်ထောက်လှမ်းရေး (၃)ကလာခေါ်တာပါ..။သဲကုန်းမြို့ က  ဦးအောင်သန်းလဲ  ပါတယ်..။အထွေထွေ သပိတ်ကော်မတီ ကိစ္စ လို့  သိရပါတယ်.။ဆရာကြီးတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ မပတ်သက်ပါဘူး လို့  ပြောလိုက်ပါတယ်..။
နောက် (၂၈.၈. ၈၉) နေ့   မြို့နယ်စည်းကော်မတီပုံမှန်အစည်းအဝေးမှာ ဒီကိစ္စကို  တင်ပြလိုက်တော့သိပ် လှုပ်လှုပ် ရှားရှား မဖြစ်ကြပါဘူး..။ပိုကြောက်သွားတဲ့ပုံလည်းမပေါ်ပါဘူး..။ဒီ အစည်းအဝေးမှာပဲ  နီးလာတဲ့စွယ်တော် ပွဲ အတွက်ဆွေးနွေးကြပြီး စွယ်တော်ရက်မှာ  ရုံးပိတ်ထားမယ်လို့   ဆုံးဖြတ်ကြပါတယ်။
စက်တင်ဘာလမှာတော့  ပဲခူးတိုင်း နဲ့ဗဟိုက   စာတစောင်နှစ်စောင်လောက်သာ  ၀င်ပါတယ်..။ပဲခူးတိုင်း  စည်းရုံးရေး ကော်မတီ တာဝန်ခံ အဖြစ်  ဦးမြလေးဖြစ်လာပြီး..။တိုင်းစည်းရုံးရေး အဖွဲ့ ဝင်များ အဖြစ်၊ဦးမောင်အေး၊ဦးသိန်းလွင်၊ ဦးနိုင်ဦး ၊ ဦးလှဦး တို့  ပါဝင်တယ်လို့ 
သိရပါတယ်..။မြို့နယ်စုကို  ဇုံနယ်လို့  ပြင်ခေါ်လိုက်ပြီး  ဇုံနယ် တာဝန်ခံများအဖြစ်  ဦးဇော်မင်း (ပြည်ဇုံနယ်)၊ဦးအောင်စောဦး (သာယာဝတီ ဇုံနယ်) ၊ဦးသိန်းလွင် (ပဲခူးဇုံ နယ်)၊ ဦးလှဦး(တောင်ငူ ဇုံနယ်) တို့ကို  သတ်မှတ် လိုက်ပါတယ်..။    ။
(ရေးခဲ့ မိသော မှတ်တမ်းများ (၂ဂ) တွင်   စစ်အုပ်ချုပ်ရေး အောက်မှပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ခေါင်းစဉ်ဖြင့်  စတုတ္ထပိုင်း ကို  ဆက်လက်ရေးသားပါမည်)
FFSS Yangon Activity,
Accounting Course ဖွင့်တော့မည်
နာရေးကူညီမှုအသင်း (ရန်ကုန်)
ဇွန် ၉၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်) သုခအလင်း ပညာရေးကဏ္ဍအနေဖြင့် မျိုးဆက်သစ် လူငယ်/ ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ပညာဒါနသင်တန်းတစ်ခုဖြစ်သည့် Accounting Course LCCI သင်တန်းအား Nay Lin Aung - Finance & Accountancy Training Centre ဆရာ ဦးနေလင်းအောင်နှင့် ဆရာ/မများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက် မပြတ် (အခမဲ့) ဖွင့်လှစ်၍ သင်ကြားပို့ချပေးလျှက်ရှိရာ ယခုထပ်မံ၍ အမှတ်စဉ် - ၃ အဖြစ် ၁.၇.၂ဝ၁၃ (တနင်္လာနေ့)တွင် စတင်ဖွင့်လှစ်၍ Level 1 & 2 Course အား တစ်ပါတ်လျှင် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး) နံနက် (၁ဝးဝဝ) နာရီမှ (၁၂း၃ဝ) နာရီအထိ သင်တန်းကာလ (၆) လကြာ သင်ကြားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေလိုသူများအနေဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်သို့ ၃ဝ.၆.၂ဝ၁၃ (တနင်္ဂနွေနေ့) နောက်ဆုံးထားပြီး ပညာရေးအား အမှန်တကယ်လိုလား ကြသူများ လိုင်စင်ဓါတ်ပုံ (၂) ပုံဖြင့် လူကိုယ်တိုင်လာရောက်၍ လျှောက်ထားနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
Kyaw Home - Vancourver Fund for Burma Education
ဗန်ကူးဗား ရံပုံငွေဂီတပွဲ မြန်မာပြည်တွင်းက ချို့တဲ့ကလေးငယ်များ ပညာရေးအတွက်လှူမည်
ကျော်ဟုန်း 
ဇွန် ၉၊ ၂၀၁၃
ငြိမ်းချမ်းပါစေ မြန်မာပြည် လူမှုဖွံ့ ဖြိုးရေးကွန်ယက်မှ စီစဉ်ခဲ့တဲ့ ရံပုံငွေဂီတပွဲကို (ဂျွန် ၊၁၊ ၂၀၁၃ ) က ညနေ(၅) နာရီမှ (၉)နာရီအထိ 487 Alexander st, Vancouver BC, Canada ရှိ ( Japanese Language School )ရဲ့ မိုးလုံလေလုံခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီရံပုံငွေပွဲဟာ မြန်မာပြည်တွင်းက ချို့ တဲ့ကလေးငယ်များရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ရည်စူးပြီး လှူမှာဖြစ်တာကြောင့်ကနေဒါ ဗန်ကူးဗားရောက်မြန်မာမိသားစုများအပြင် အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်ပြည်နယ်၊ အရီဇိုးနားပြည်နယ်၊ ဆန်ဖရန်စစ္စကို၊ တက္ကဆက် ပြည်နယ်နဲ့  အော်ရီဂွန်ပြည်နယ်တို့ က မိတ်ဆွေများကလဲ ကူညီဝိုင်းဝန်းကြကာ အားဖြည့်ပေးတာလဲ တွေ့ ခဲ့ရပါတယ်။
လာရောက်အားပေးကြတဲ့ ပိရိသတ်များကို အဖွဲ့ (၃)ဖွဲ့ က ဖြေဖျော်တင်ဆက်ခဲ့ကြပါတယ်။ မြို့ ခံဂီတဝိုင်း ( FNG)Fifth New Generation အဖွဲ့ သားများဖြစ်တဲ့ ကိုမြင့်ဝင်း(lead)၊ ကိုစိုးမင်း(Bass)၊ ကိုတင်ကို(Drum)၊ ကိုမြင့်ဝေ(Acoustics Guitar)တို့ နဲ့ အတူ ကိုခင်စိုး(Key Board) ၊ ကိုသီရိညွန့် (Drum) တို့ ကလဲ ကူညီတီးခတ်ပေးကြပါတယ်။ တေးသီချင်းများကို နန်းဝင်းသူ(ရှမ်း)၊  မမီးမီး(ချင်း)၊  နန်းခင်နှင်းလှိုင်၊  သမီးငယ် Jasmine ၊ ကိုမြင့်ဝေ၊ကိုမင်းစိုး၊ ကိုမောင်မောင်သိန်းတို့ ကသီဆိုဖြေဖျော်ကြပါတယ်။ ဝါရှင်တန်-ဆီယက်တဲလ်က သမီးငယ် မဉ္ဖူကျော်၊ အရီဇိုးနားမှ ကိုသီရိညွန့် တို့ က ကိုခင်စိုးနဲ့ အတူ တီးခတ်ဖြေဖျော်ခဲ့တာလဲ တွေ့ ရပါတယ်။
ဒီနောက်မှာ Myanmar Canadian Fellowship Youth မှ ကရင်လူငယ်မောင်မယ်များကတီးခတ်ဖြေဖျော်ကြပါတယ်။ ဒီအဖွဲ့ မှာ တီးခတ်မှုကိုတာဝန်ယူခဲ့ကြသူများကတော့ Nay Kyar (Key Board)၊ Tar Chi ( Lead)၊ Eh -Shee (Bass) ၊ La May (Drum)၊ Ka Mwoe ( Rhythm)တို့ ပါ။ သီဆိုကြတဲ့သူများကတော့ Jasmine ၊ Diana၊Dah Black ၊ Besent နဲ့ Law Taw တို့ ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားလူငယ်လေးများက ဂီတအလှူနဲ့ ပါဝင်ပြီးအားဖြည့်ကြတာမြင်ရတော့ ပြည်ပမှာ ဗမာပြည်ဖွားများ စုစုစည်းစည်းရှိကြတာကို အားရဝမ်းသာဖြစ်မိပါတယ်။
ဒီနောက်မှာတော့ အော်ရီဂွန်က ကိုအောင်ခိုင်/ကဗျာဆရာ- အောင်သာငယ် (Bass)၊ ကိုဝိုင်းမော်( Rhythm) ၊ကိုနိုင်(Lead)၊ ကိုထွန်းထွန်း- ကနေဒါ(Drum) တို့ က တီးခတ်ပြီး ကိုတင်နွယ်၊ ကိုနိုင်တို့ မှ သီဆို ဖြေဖျော်ကြပါတယ်။
ကြွရောက်အားပေးကြတဲ့ ပိရိသတ်များကို မြန်မာထမင်းဟင်း၊ ငပိရည်နဲ့ တို့ စရာအစုံ၊ ခေါက်ဆွဲကြော်၊ငါးခြောက်ကြော်၊ ကုလားပဲဟင်း၊ အမဲနှပ်၊ ကြက်သားဟင်း၊ အချိုမုန့် အစုံ၊ အချိုရည်၊ လက်ဘက်ရည်ချို၊ ရေသန့် တို့ နဲ့  အသီးသီး တာဝန်ယူ ကျွေးမွေးခဲ့သူများကတော့ ဒေါ်ဘေဘီနဲ့ သမီးများ၊ ကိုသိန်းတန်မိသားစု၊ ကိုသန်းထိုက် မိသားစု၊ မချိုမာမိသားစု၊ မမျိုး၊ အပုလေးမိသားစု၊ ကိုမျိုးမင်းထွန်းနဲ့ ကိုကျော်ဇေယျတို့ ဖြစ်ကြောင်းသိရပါတယ်။
ဘာပွဲပဲလုပ်လုပ် အကျွေးအမွေးအတွက်  တဦးးချင်းဆီက ကိုယ်နိုင်ရာကို တာဝန်ယူပြီး စုပေါင်းကျွေးမွေးဧည့်ခံကြတာဟာ ကနေဒါနိုင်ငံ ဗန်ကူးဗားရောက် မြန်မာပြည်သားတွေရဲ့ အစဉ်အလာကောင်းအဖြစ် တွေ့ မြင်ရစမြဲမို့ အမှတ်ရ ကြည်နူးစရာပါ။
ဒီရံပုံငွေဂီတပွဲကို လူပေါင်း(၅၀၀)ကျော် လာရောက်အားပေးခဲ့ကြပါတယ်။     ။
--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here  (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages