26th June 2012 - MoeMaKa Daily

7 views
Skip to first unread message

Maung Yit

unread,
Jun 25, 2012, 3:13:48 AM6/25/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
နီပါးရယ် … ဂုတ်ကျားရယ် … ပြီးတော့ …
အိုင်ကွန် ၊ ဇွန် ၂၆၊၂၀၁၂

၁။
ငယ်ငယ်က ကိုယ်တို့အိမ်မှာ “ နီပါးနဲ့ ဂုတ်ကျား”ဆိုတဲ့ ခွေးနှစ်ကောင်ရှိခဲ့တယ်။ သူတို့ဟာ ည ည ဆို ဟောင်လွန်းလို့ ခြံလုံတယ် ဆိုပြီး အမေတို့က သဘောကျကြတယ်၊ အသားဟင်းချက်တဲ့နေ့တွေများမှာ ဆို သူတို့ကို အရိုးအရင်းလေးတွေ ကျွေးလေ့ရှိတယ်။
ဒီတော့ နီပါးတို့ကလည်း “ သခင်အားရ” စေဖို့ တွေ့သမျှဟောင် မြင်သမျှ ဟိန်းပေါ့၊ ဒါပေမဲ့ သူခိုး နွားခိုးတွေကျတော့ သိတောင် မသိလိုက်ကြဘဲ ဧည့်သည်တွေကိုပါ ဟောင်ကြ ကိုက်ကြ ခွေးစွမ်း ပြကြတော့ အမေ တို့မှာ မျက်နှာ ပျက်ရတာ ခဏ ခဏ။
ပိုဆိုးတာက လသာတဲ့ညတွေမှာ ဟောင်လွန်းကြတာပါပဲ၊ ဟောင်တာမှ ထိန်ထိန်သာနေတဲ့ လ၀န်းကြီး ကို ကြည့်ပြီး ဟောင်နေကြတာ၊ လရောင်အောက်မှာ သစ်ရိပ်လှုပ်ရင်၊ ချိုးကနဲ ချွတ်ကနဲ ကြားရင် ထ ထဟောင်ကြတော့တာပါပဲ။ ဒီတော့ အမေတို့ခမျာ အိပ်ရေးလည်းပျက်ရ၊ စိတ်လည်း ပျက်ရမို့ … “တယ် …  ဒီခွေးတွေနှယ်  … လကို ဟောင်ရတယ်လို့ ”။

၂။
ကဗျာဆရာ။      ။“ခင်ဗျားတို့နှယ် ရုပ်ရှင်မင်းသမီး လင်နောက်လိုက်တာကိုများ သတင်းရေးရတယ်လို့” သတင်းသမား။            ။ “ပြည်သူက သိချင်ကြတာကိုး”
ကဗျာဆရာ။      ။ “ဘာမဟုတ်တဲ့ ကိစ္စကိုများ .. ဒါဆို လမ်းဘေး မူးလဲ နေတဲ့လူတယောက်ကို  သတင်းထည့်ပါလား”
သတင်းသမား။  ။ ဒါဆို .. ဆရာမူးလဲ လိုက်လေ ... သတင်းဖြစ်တယ်၊ သာမန်လူ အရက်မူးလဲနေတာ ကို ပြည်သူက မသိချင်ဘူး၊ ခင်ဗျား မူးလဲ ရင်တော့ သိချင်ကြမယ် ထင်တယ်။”

                                                                        ၃။
ဘယ်အရာဟာ သတင်းဖြစ်တယ်၊ မဖြစ်ဘူးဆိုတာတောင် ကွဲကွဲပြားပြား မသိသူတယောက်က သတင်းဌာနကြီးရဲ့ ညွှန်ကြားရေးမှူးချုပ်တဲ့။ ဖြစ်ရလေ။ အေး လေ ... တသက်လုံး ပြည်သူသိချင်တဲ့ သတင်းကို တခါခါမျှ မပေးဖူး၊ သူ့သခင်တွေ ခိုင်းသမျှ ၀ါဒတွေကိုသာ ဖြန့်ချိလာခဲ့ရသူဆိုတော့ ပြည်သူ သိချင် မသိချင်တာထက် သခင်အားရအောင်၊ ကျွန်ပါးဝ ပြတတ်တာက လွဲလို့ ဘာမှ မခွဲခြား တတ်တော့ဘူးထင်ပါ့။
                                                  
                      ၄။
ဦးရဲထွဋ်ဆိုတဲ့ ၀ါဒဖြန့်ချိရေးမှူးကြီးရေ ....
ခင်ဗျား ဒီနေရာကို ဘယ်လိုချဉ်းကပ်ပြီး၊ ဘယ်လိုဖားရားပြီး၊ ဘယ်လို အလုပ်အကျွေးပြုပြီး၊ ဘယ်လို သူတပါးကို ချောက်တွန်းပြီး ယူခဲ့တာကို သိတဲ့  သူတွေကတော့ “ဘ နဖူး သိုက်တူး”  ရုံမက “ အမေ့ဆံဖျားနဲ့ လှေကားလုပ်ချင်သူ” လို့ ကဲ့ရဲ့နေကြတာကို ခင်ဗျား မရှက်တတ်ရင်တောင် တချိန်ချိန် မှာ ခင်ဗျား သားသမီးလေးတွေဟာ ရှက်တတ်ကြမယ်ဆိုတာ မသိဆိုးရွား နိုင်လှချည်လား။

၅။
ဘိုးဝဇီရ၊ ဦးပုလေး၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ မိုးကြိုး ဦးအုန်းခင်၊ ဟံသာဝတီ ဦးဝင်းတင်၊ အိုးဝေ ဦးညိုမြ၊ တို့ကို အားမနာရင်တောင်  သတင်းသမားကောင်းတို့မည်သည် မှန်ရာကို တင်ပြရဲရတယ် ဆို တဲ့ သာမန်ကျင့်ဝတ်လေးကိုတော့ သိစေချင်တယ်။

ကြီးကျယ်တဲ့၊ ပညာတတ်တဲ့၊ ယဉ်ကျေးတဲ့၊ လူ့အသိုင်းအ၀န်းကြီးမှာ ဂုဏ်နဲ့ ဒြပ်တင့်ဘက်စွာ၊ ပညာရဲ ရင့် ပွဲလည်တင့်စွာနဲ့ လူထုခေါင်းဆောင် အမျိုးသမီးကောင်း အာဇာနည်က မိန့်ခွန်းတွေပြောနေချိန်၊ သတင်းစာရှင်းလင်းပွဲတွေ လုပ်နေချိန်၊ ကမ္ဘာ့နိုင်ငံထိပ်ပိုင်း ခေါင်းဆောင် အသီးသီးနဲ့  တွေ့ဆုံနေချိန်၊ နိုဘယ်ဆု အပါအ၀င် ဆုတံဆိပ်တွေ လက်ခံနေချိန်မှာ ပြည်သူတွေက သိချင်မြင်ချင် ဂုဏ်ယူချင်ကြမှာ ပါလား လို့ နားမလည်နိုင်လောက်အောင်ပင် စိတ်ဓာတ် အောက်တန်းကျလှချည့်လားဗျာတို့ ...။

ခင်ဗျားနဲ့ ခင်ဗျားသခင်တွေအတွက် မထူးဘူးလို့ မျက်စေ့မှိတ် ဖင်ပိတ် ယုံနိုင်ပါတယ်၊ အသိပေးဖို့ သတင်းစာ အလုပ်မဟုတ်လား၊ နောက်ပြီး  .. သတင်းစာဆိုတာ ၀ါဒဖြန့်ဖို့ သက်သက်အတွက် ခင်ဗျား သခင်တွေရဲ့ အရင်းအနှီးနဲ့ ထုတ်ဝေနေတာ မဟုတ်ဘူး ..။

၆။
ဒီမိုကရေစီ သက်တန်းရင့် တိုင်းပြည်ကြီးရဲ့ လွှတ်တော်နှစ်ရပ်မှာ မိန့်ခွန်းပြောခွင့်ရသူ၊ အင်္ဂလန် ဘုရင်မကြီးပြီးလျှင် တဦးတည်းသော အမျိုးသမီး၊ ပြောခွင့်ရသူ ပြည်ပကမ္ဘာ့ခေါင်းဆောင်လေးဦးထဲက တဦး အပါအ၀င်၊ နောက်ပြီး တဦးတည်းသော အရပ်သူ ဆိုတာနဲ့ပင် သတင်းဖြစ်နေပြီ မဟုတ်လား။ သေးသိမ်မှုက ကန်းကုန်ပါလာလား  ကိုရဲထွဋ် ...။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ နာမည်ကို နှစ်ခါတောင် ဂုဏ်ပြု အသိ အမှတ်ပြုသွားတယ်၊ ပြီးတော့ “ဒီခရီးကို  အတိတ်က အကြောင်းတွေ လွမ်းမောဖို့လာတာ မဟုတ်ပါဘူး ပြည်သူတွေရဲ့ လက်ထဲကို ဘယ်အရာတွေ ရောက်အောင် ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ သိဖို့ လာ တာပါ”တဲ့၊  ဘယ်လောက်ရိုးသား နှိမ့်ချပြီး  မြင့်မြတ်ပြလိုက်သလဲ၊ အဲဒီအချိန်မှာ ခင်ဗျားကလည်း မြန်မာ စာနယ်ဇင်းသိက္ခာကို ကမ္ဘာမှာ ချပြနေပါရောလား။
ကျုပ်တို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဂုဏ်တက်ရသလို ခင်ဗျားလိုလူတွေကြောင့် ဂုဏ်ပျက်ရတယ်၊
ဒီမယ် ပြောလို်က်ပါရစေ ... စတုတ္ထမဏ္ဍိုင်ဆိုတာ ပေါက်တတ်ကရ ကျွန်ပါးဝတတ်ရုံနဲ့ ထိတွေ့ကောင်း တဲ့ အရာမဟုတ်ဘူးလို့....။

၇။
ပြုပြင်ပြောင်းလဲ နေပါပြီ၊ နောက်ကြောင်းပြန်မလှည့်ပါဘူးလို့၊ တကျော်ကျော် ပြောနေရှာတဲ့ ဦးသိန်းစိန်ကို အကြံပေးပါရစေ၊ ဒီမိုကရေစီရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သတင်းမီဒီယာရဲ့ အကူကို ရချင် ယူ ချင်တယ် ဆိုယင် ဦးရဲထွဋ်လို ကိုကိုလှိုင်လို ကာလ၊ ဒေသ၊ ပုဂ္ဂလကိုမျှ မသိသေးတဲ့လူတွေကို ပယ်ရှား ပြီး ချက်ချင်း အစားထိုးလိုက်ဖို့ပါပဲ။

၈။
လမင်းကြီးကတော့ မြန်မာ့ကောင်းကင်မှာရော ကမ္ဘာ့ကောင်းကင်မှာပါ ထိန်ထိန်သာနေပါပြီ၊ ကျေးဇူးပြုပြီး နီပါးတို့ ဂုတ်ကျားတို့ကို ထိန်းပေးကြပါ အရပ်ကတို့။   ။

ဇွန်လ ၂၂ ရက်၊ ၂၀၁၂
Posted by MoeMaKa at 11:54 PM 0 comments  
Labels: Critics, Icon

24th June - MoeMaKa Radio

ဇွန် ၂၄၊ ၂၀၁၂ - မိုးမခရေဒီယို
တွံတေးသိန်းတန် အမှတ်တရ အစီအစဉ် - ခင်ညွန့်ရီ
သတင်း တိုထွာ၊ သီချင်းပဒေသာ
အနုပညာရှင်တို့၏ ပြည်ပဖျော်ဖြေပွဲများ စုစည်းချက်
ယခုလ အယ်ဒီတာ့လက်ရေး - မောင်ရစ်၊ မိုးမခ
“စု” သတင်းအထွေထွေ၊ အောက်စ်ဖို့တက္ကသိုလ်နဲ့ မိန့်ခွန်းများ
လူထုစိန်ဝင်း ကွယ်လွန်ခြင်းနှင့် ဂုဏ်ပြုကဗျာ - ကျော်ဟုန်း၊ မောင်ငြိမ်းအေး၊ မိုးမခ
မိုးမခမိတ်ဆွေများ အလှူဒါနနဲ့ တပတ်အတွင်း အလှူသတင်းများ စုစည်းချက်
ရခိုင်ပြည်နယ်အရေး စိတ်မအေးဖွယ် - ခိုင်လင်း (မေဃ၀တီ)၊ မိုးမခ
တုနှိုင်းမမြင် ငြိမ်းချမ်းရေးဆုရှင်စကား မှတ်သားစရာ - ဒေါက်တာကောင်မြတ်ကျော်
ယနေ့ဇာတ်သဘင် အခြေအနေများနှင့် ရွှေမန်းတင်မောင် သီချင်း
စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်၊ နန်းသုသုခင်

Posted by MoeMaKa at 1:58 PM 0 comments  
Labels: Radio Program

The World's Hairiest Girl

ဘန်ကောက်မြို့က အမွေးအမှင်ထူတဲ့ ကလေးမ
အေးမောင်လေး
ဇွန် ၂၅၊ ၂၀၁၂


ဂင်းနစ်စာအုပ်ထဲ ပါနေလို့ နာမည်ကြီးနေတဲ့ Supatra Sasuphan က ကျောင်းမှာလည်း အထင်ရှားဆုံး ကျောင်းသူ ဖြစ်နေပါတယ်။

မွေးကတည်းက ခန္ဒာကိုယ် နေရာအများအပြားမှာ အမွေးအမှင်တွေပေါက်နေတဲ့သူ ကမ္ဘာတလွှားမှာ စုစုပေါင်း ၅၀ ၀န်းကျင် ရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။ အဲဒီထဲမှာ ဘန်ကောက်က အသက် ၁၂ နှစ်သမီး Supatra Sasuphan လည်း တယောက် အပါအ၀င်ပေါ့။

သူ့အကြောင်းကို 

http://www.thesun.co.uk/sol/homepage/news/3437543/Meet-the-Worlds-Hairiest-Girl.html မှာ ရေးထားပါတယ်။


လေ့ကျင်းခန်းလုပ်ချိန်မှာ သူငယ်ချင်းများနဲ့အတူတူ။

သူ့မျက်နှာ၊ နားရွက်၊ ခြေ၊ လက်၊ ကျောပြင်မှာ အမွေးတွေနဲ့။ ဒီအမွေးတွေက လေဆာကုထုံးနဲ့ ဖယ်ထုတ်တာတောင် မရဘူး၊ ပြန်ပေါက်လာတာ ဆိုပဲ။

မျက်လုံးပေါ်ကအမွေးတွေကိုတော့ မေမေက ညှပ်ပေးရတယ်။ ဒါမှ အမြင်ရှင်းမယ်လေ။

အများနဲ့မတူ ထူးခြားနေတော့ လူတော မတိုး ဖြစ်တတ်ပေမယ့် ဒီကလေးမကတော့ သူ့ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ နေနိုင်တယ်၊ ထင်ရှားတဲ့ ကလေးတယောက်လည်း ဖြစ်နေတယ် တဲ့။ အမွေးအမှင်အထူဆုံးကလေးမ အဖြစ် ကမ္ဘာ့စံချိန်တင်ထားသူပါ။

"ဂင်းနစ်ကမ္ဘာ့စံချိန်ထဲဝင်တဲ့အတွက် အရမ်း ၀မ်းသာတာပဲ။ အများအားဖြင့် လူတွေက အဲဒီ ဂင်းနစ်ကမ္ဘာ့စံချိန်ထဲ ရောက်ဖို့အတွက် မျိုးစုံ လုပ်ပြခဲ့ရတယ်။ ကျမကတော့ မေးခွန်းလေး နည်းနည်းပါးပါး ဖြေရုံနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ထဲ ၀င်သွားတာပဲ" လို့ သူက ဆိုပါတယ်။

"တချို့က ကျမကို မျောက်မျက်နှာနဲ့လူလို့ နောက်ပြောင်တာ ရှိခဲ့ဖူးတယ်။ ခုတော့ သူတို့ ကျမကို မပြောင်ကြတော့ပါဘူး" လို့လည်း ရှင်းပြပါတယ်။


အတန်းထဲမှာ အနိုင်ကျင့်မခံရတော့ဘူးလို့ ဆိုပါတယ်။

အခုတော့ ဒီအမွေးအမှင်တွေနဲ့ ကျင့်သားရနေပြီ၊ တနေ့နေ့မှာတော့ ဒီအမွေးတွေ မပေါက်အောင် ကုသနိုင်လိမ့်မယ် လို့ သူက မျှော်လင့်နေပါတယ်။

သူ့မှာ အမွေးအမှင် ထူလဗျစ် ဖြစ်နေပေမယ့် တခြား ကလေးမတွေလိုပဲ နေထိုင်ရှင်သန်တဲ့သူပါ။ သူငယ်ချင်းများနဲ့ လျှောက်လည်တယ်၊ သီချင်းနားထောင်တယ်၊ ကခုန်မယ်၊ ရေကူးမယ် ဆိုတာတွေက နေ့တိုင်း လုပ်တဲ့ အလုပ်တွေပါပဲ တဲ့။


မိသားစုဓာတ်ပုံမှာ အတူ တွေ့ရတာကတော့ ဖေဖေ Sammrueng, မေမေ Somphon နဲ့ ၁၆ နှစ်အရွယ် မမ Sukanya တို့ ဖြစ်ပါတယ်။ မိဘတွေကတော့ အသက် ၃၉ နှစ်စီ ရှိကြပါပြီ။

အသက်ငယ်ပေမယ့် သူ့မှာ အနာဂတ်ရည်မှန်းချက်တောင် ရှိနေပါတယ်။ အဲဒါကတော့ ဆရာဝန်တယောက် ဖြစ်လာဖို့ပဲ လို့ ဆိုပါတယ်။

"ကျမ ဆရာဝန်ဖြစ်ချင်တယ်။ အဲဒါဆိုရင် လူတွေ ဒဏ်ရာရတဲ့အခါ ကုပေးနိုင်မယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီချင်တယ်။ ကုသပေးချင်တယ်" လို့ ၁၂ နှစ်သမီး Supatra Sasuphan က ဆိုပါတယ်။

Supattra Sasupan, 11, from Thailand, is the world's hairiest girl. She is seen here with her national ID card
မှတ်ပုံတင်ကတ်မှာလည်း ပြင်ပပုံစံနဲ့ဓာတ်ပုံကို တွေ့ရမှာပါ။

မြန်မာပြည်မှာလည်း ဒီလို ထူးထူးခြားခြား အမွေးထူတဲ့သူတွေ ရှိခဲ့ဖူးပါတယ်။ သီပေါမင်းခေတ်က ပေါ်ပေါက်ခဲ့တဲ့ ဒီလိုအမွေးအမှင်ပေါများသူတွေဟာ နန်အတွင်းအထိ ရောက်ခဲ့တယ်၊ အနောက်နိုင်ငံသားတွေက သူတို့ကို ဥရောပ၊ အမေရိကရောက်အောင် ခေါ်သွားပြီး ဆပ်ကပ်တွေထဲ သွင်းခဲ့တယ်လို့ ဆိုတယ်။

အဲဒီအကြောင်းကို "ကုန်းဘောင်ခေတ် လူမျောက် မိသားစု နောက်ဆက်တွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီလင်းဆက်ရဲ့ ဘလော့ http://blog.nyilynnseck.com/2010/04/blog-post_1409.html မှာ သူတို့ရဲ့ ဓာတ်ပုံများနဲ့တကွ ဖော်ပြထားတာ ဖတ်နိုင်ပါတယ်။

ညီလင်းဆက်ရဲ့ ဆောင်းပါးကို http://yinthinneimagazine.blogspot.com/2010/07/blog-post_02.html မှာ ဖတ်ရင် ပိုအဆင်ပြေပါတယ်။ စာလုံး အရွယ်အစား ပိုကြီး၊ ပိုပီသလို့ပါ။

http://kiki-idiotlove.blogspot.com/2009/12/blog-post_09.html မှာလည်း ဘလော်ဂါတယောက်က ဖြစ်ရလေခြင်း(၄).... ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဖြစ်စဉ်တွေအကြောင်း ရေးထားပါတယ်။
Posted by Moemaka at 9:07 AM 0 comments  
Labels: Article

Ku Mojo - Cartoon

စိတ်အဆာမှ ပြေပါလေစ 
ကာတွန်း - ကူမိုးကြိုး
ဇွန် ၂၄၊ ၂၀၁၂


Photo News

ဦးဝီရသူ ပခုက္ကူတရားပွဲအောင်မြင်
မိုးမခမိတ်ဆွေ
ဇွန် ၂၄၊ ၂၀၁၂

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ (မစိုးရိမ်) သည် ရခိုင်ပြည်သူများအတွက် အလူခံဋ္ဌာနများဖွင့်၍ အလှူခံခြင်း၊ တရားပွဲများကျင်းပ၍ အလှူခံခြင်းများ ပြုလုပ်လျှက်ရှိရာ၊ ယနေ့ ၂၂၊ ၆၊ ၂၀၁၂ရက်နေ့တွင် ပခုက္ကူမြို့ ရခိုင်ပြည်သူကူညီရေး အထူးတရားပွဲ၌ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များ ဟောကြားခဲ့ကြောင်း သိရပါတယ်။






အဆိုပါ တရားပွဲကို ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင်ကျောင်း၊ အရှေ့တိုက်၊ အလယ်တိုက်၊ အနောက်တိုက်တို့မှ ဆရာတော်ကြီးများဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး၊ ရခိုင်ပြည်သူနှင့် ကချင်ပြည်သူများအတွက် (၅) ရက်တိုင်တိုင် အလှူခံဌာနဖွင့်ကာ အလှူခံပေးမည်ဖြစ်ကြောင်း၊ ပခုက္ကူ မြို့တွင် ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်မှ လှူဒါန်းကြသော အလှူခံငွေများကို ရခိုင်ပြည်သူနှင့် ကချင်ပြည်သူများအား ခွဲဝေလှူဒါန်းဖို့အတွက် ဆရာတော်သံဃာတော်များ၊ ပရဟိတအသင်းများ၊ မြို့သူမြို့သားများက အားတက်သရောဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။

တရားပွဲကို မြို့လယ်ဓမ္မာရုံ၌ကျင်းပရာ ပရိသတ်များအထူးစည်ကားကြောင်း၊ ပရိသတ်များ တဖွဲဖွဲ တသဲသဲ လာရောက်နာယူကြလို့ မူလ သတ်မှတ်ထားတဲ့ ည (၈း၀၀) နာရီမှာ မဟောကြားနိုင်သေးဘဲ (၈း၃၀) မှ ဟောကြားနိုင်ခဲ့ကြောင်း၊ ပရိသတ်များမှ အလှူငွေ ဓမ္မပူဇာငွေများ အားလုံးပေါင်းလျှင် ငွေကျပ်သိန်းနှစ်ဆယ်နှင့် တသောင်းတထောင့်နှစ်ရာ့ငါးဆယ် (၂၀, ၀၁၁, ၂၅၀) ရရှိခဲ့ကြောင်း၊ အဆိုပါ အလှူငွေများ တွင် ဗောဓိမဏ္ဍိုင်စာသင်တိုက်မှ စာသင်သားကိုရင် ဦးဇင်းလေးများလှူသော အလှူငွေကျပ်သုံးသိန်းကျော်ပါဝင်ကြောင်း သိရပါတယ်။

အရှင်ဝီရသူဟောကြားသော တရားအမည်မှာ “အမျိုးသားရေး သွေးမအေးစေနဲ့” ဖြစ်ပြီး၊ အောက်ပါဆောင်ပုဒ်လေးနဲ့ အဆုံးသတ်သွား ခဲ့ပါတယ်။

“ဗုဒ္ဓဘုရား ချမှတ်ထား မှတ်သားကြစေရာ။
အမျိုးသားရေး သွေးမအေး မနှေးဆောင်ရွက်ပါ။”

၂၃-၆-၂၀၁၂-ရက်နေ့မှစ၍ (၅) ရက်တိုင်တိုင် အလှူခံမည့်အစီအစဉ် ဖျက်သိမ်းလိုက်ရခြင်းအကြောင်းကို တရားပွဲအပြီးတွင် အရှေ့တိုက်၊ စံပြ (၁) ကျောင်း ဆရာတော်ဦးဇဋိလက တရားနာပရိသတ်များအား မိန့်ကြားခဲ့ပါတယ်။

ထိုသို့မိန့်ကြားရာမှာ မကွေးတိုင်းဒေသကြီး အစိုးရထံ ကောက်ခံရရှိသော ငွေနှင့်ပစ္စည်းဝတ္ထုစာရင်းကို တင်ပြရမည်။ အလှူငွေနှင့် ပစ္စည်း ဝတ္ထုများကို အပ်နှံရမည်။ တိုင်းဒေသကြီးအစိုးရအမည်ဖြင့်သာ လှူဒါန်းရမည်ဟု ညွှန်ကြားချက်ထွက်လာသောကြောင့် မူလအစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်းသိရပါတယ်။

“ရှားရှားပါးပါး ဖြစ်ရပ်ပါပဲ။ ဦးဇင်းတရားပွဲဆိုရင် ပွဲမိန့်ကျဖို့ပဲ ခက်ခဲတာပါ။ ဝါခင်းကုန်းဆရာတော်ကြီးလည်း သတင်းစာကနေကြေညာပြီး အလှူခံနေတာပါပဲ။ NGO အဖွဲ့တွေလည်း ရခိုင်အထိ သွားလှူနေကြတာပါပဲ။ ပခုက္ကူကြမှပဲ သူတို့ထံအပ်နှံရမယ်ဆိုတာ ကြားဖူးတာ” အ ရှင်ဝီရသူ မိန့်ကြားပါတယ်။

ဆက်လက်ပြီး အရှင်ဝီရသူက အလှူခံကိစ္စနှင့်ပက်သက်ပြီး မိန့်ကြားလာတာက ... “ကျောက်ဆည်မှာလည်း တခါကြုံရတယ်။ အလှူခံချင်ရင် အဆင့်စာတင်ပါဆိုပြီး ခေါ်ပြောတာ။ ဒုက္ခသည်တွေကိုကူညီဖို့အတွက် ခင်များတို့ထံ အမိန့်ခံရဦးမှာလား။ ကျုပ်တို့ကတော့ အဖမ်းခံနိုင်တယ်။ ခင်များတို့ သိက္ခာကျချင်ရင် ဖမ်းပေါ့လို့ ပြောလိုက်ရတယ်”ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒီတော့ ဖမ်းရောလားဟု မေးတဲ့အခါမှာတော့ ... “ဖမ်းတော့ မဖမ်းဘူးဗျ။ ဒါပေမဲ့ အလှူခံစာရွက်တွေဝေရင် မယူကြနဲ့တို့၊ ကိုယ်တိုင်လာ အလှူခံရင် မလှူကြနဲ့တို့လုပ်ပြီး လိုက်ပိတ်ပင်ကြတာ။ စာရင်းအင်းတွေကို ခဏခဏလာမေးတာမျိုးတော့ လုပ်ကြတာတွေ့ရတယ်” ဟု အ ရှင်ဝီရသူက မိန့်ကြားခဲ့ပါတယ်။

ကျောက်ဆည်အလှူခံဌာန တစ်ခုတည်းမှာပင် ငွေကျပ်ဆယ်သိန်းခန့်နှင့် အဝတ်အထည် ကားတစ်စီးစာရကြောင်း၊ အလှူခံဌာနအားလုံးပေါင်းလိုက်လျှင် ငွေကျပ်သိန်းတစ်ရာကျော်ရပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Mar Mar Aye - 427

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၇)
စိန်စတင်း မျိုးဆက်
မာမာအေး
ဇွန် ၂၄၊ ၂၀၁၂





"---မိတ္ထီလာ အိုလေ ကန်တော်အောက်ဆီကအကို၊ ဖါးပါရင် တကေါင်နှစ်ကေါင်ပေးပါ့ဆိုလို့ ကိုယ်တို့ပျိုတို့လူပျို၊ မောင်လူပျိုရယ် ကိုယ်တို့လူပျို၊ ငယ်ငယ်လေးပါမောင်ရယ် မျက်လုံးကြောင်တေါင် ဖါးကေါင်ကဆို၊ စားလဲစားတယ်သူဆို၊ ၀ါးလဲဝါးတယ်၊ ကြောင်ကြီးကလဲ ညည်းပြန်သကို မြီးတန်တို---"
Posted by Moemaka at 6:43 AM 0 comments  
Labels: Mar Mar Aye

media ethic

စတုတ္ထမဏ္ဍိုင်ရဲ့  တာဝန်ဝတ္တရား
voanews.com/burmese
ဇွန် ၂၄၊ ၂၀၁၂

ဒီတပတ် မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် အဓိကရုဏ်း တွေနဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာတွေရဲ့  တင်ပြထုတ်လွှင့်နိုင်မှု အခြေအနေတွေကို သတင်းစာ ဆရာကြီးဦးဝင်းတင်၊ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ ဦးဝံသ တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

Posted by Moemaka at 2:04 AM 0 comments  
Labels: Interview

SATURDAY, JUNE 23, 2012

Maung Yit - Dictator 2.0 and Democracy 2.0 Upgrade Needed?


အယ်ဒီတာလက်ရေး ၁၂
အာဏာရှင်လက်သစ်များရဲ့ စည်းကမ်းရှိတဲ့ဒီမိုကရေစီနဲ့ အကန့်အသတ်ထဲက ပြည်သူ
မောင်ရစ်။ ဇွန် ၂၄၊ ၂၀၁၂
၂၀၁၁ မှာ အာရပ်နွေဦး ဖြစ်လိုက်တော့ အကြမ်းဖက်တွေ၊ အာဏာရှင်တွေ နေ၀င်ပြီလို့ အနောက်အုပ်စုက လက်ခမောင်း ခတ်ကြတယ်။ တူနီးရှားကစလိုက်တာ အီဂျစ်၊ လစ်ဗျားနဲ့ ယီမင်က အာဏာရှင်တွေ နေ၀င်ကုန်ကြတာပဲ။ သို့သော်လည်း ဆီရီးယားမှာ လူ ၁ သောင်းကျော်သေပြီး တနှစ်ကျော် ကြာတဲ့အထိ အာဏာရှင် အာဆဒ်က ပြုတ်မကျသေး။ သည်တော့ အာဏာရှင်တွေဟာ ပြည်သူတွေအပေါ်ကို သံမဏိလက်ဝါးအောက်မှာ ဖိညှပ် နှိပ်ကွပ်ပြီး သက်ဇိုးရှည်နိုင်သေးသလိုဖြစ်နေတယ်။ သူ့လိုပဲ ခေါင်းမာ၊ ကြမ်းတမ်း၊ ခက်ထန်တဲ့ အာဏာရှင်တွေဖြစ်တဲ့ မြောက်ကိုရီးယားတို့၊ အီရန်တို့တွေကလည်း ပြည်သူတွေကို ပြင်းထန်တဲ့ ရက်စက်မှုတွေနဲ့ ဆက်ပြီး အုပ်ချုပ်နေနိုင်တုန်းပဲကိုး။
ဒါပေမယ့် ဒါတွေက Dictator 1.0 ခေတ်ဟောင်းက အာဏာရှင်တွေ။ အခုက ရာစုသစ်မှာ Dictator 2.0 တွေ ဖြစ်နေပြီ။ ခေတ်သစ်အာဏာရှင်စနစ်က သူတို့နည်း သူတို့ဟန်နဲ့ အသွင်ပြောင်းလိုက်ပြီ။ သူတို့ကတော့ ပြည်သူတွေ သွေးချောင်းစီးပြီး ခေတ်ပြောင်းတော်လှန်ရေးလုပ်မှာထက် သူတို့တတွေကိုယ်တိုင် သွေးချောင်းစီးပြီး မျိုးတုံးကုန်မှာကို ပိုစိုးရိမ်တယ်။ သည်တော့ သူတို့တွေကလည်း လူထုကို ကိုင်တွယ် အုပ်ချုပ်ပုံတွေကို ပြောင်းလဲလိုက်တယ်လို့ ဆိုချင်တယ်။
၂၀၁၁ ကစပြီးတော့ တရုတ်၊ ရုရှားတို့က ပြည်သူတွေကို ကိုင်တွယ်ပုံ ပြောင်းလဲလာတယ်။ စီးပွားရေး တခါးဖွင့်ထားတော့ လူထုရဲ့ အုံကြွမှုတွေ၊ လှုံဆော်နိုးကြွမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေကို လက်ခံတယ်၊ ခွင့်ပြုတယ်။ အတိုင်းအတာတစုံတရာအထိ လူထုကို လွတ်လပ်မှုပေးလာပါတယ်။ အဲသည်လိုမျိုးပဲ မြန်မာပြည်က စစ်အစိုးရအသစ်ကလည်း သူတို့လိုချင်တဲ့ အုတ်မြစ် ၂၀၀၈ အခြေခံဥပဒေနဲ့ စိတ်တိုင်းကျ ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ ကျင်းပပြီးတဲ့နောက်ပိုင်း (ဗိုလ်သန်းရွှေချန်ထားခဲ့တဲ့) စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ပြည်သူတွေလက်ထဲ ပေးလိုက်တော့တာပါပဲ။
အနောက်အုပ်စုက ဂုရုတွေ နိုင်ငံရေးသမားတွေကတော့ အရှေ့ဥရောပ၊ ရုရှား၊ အာဖဂန်၊ ပါကစ္စတန်ကစလို့ အာရှက အာဏာရှင်နိုင်ငံတွေ၊ တပါတီအာဏာရှင်တွေမှာ လူထုတွေ ဒီမိုကရေစီအခွင့်အလမ်းတွေ ပွင့်ကုန်ပြီဆိုပြီး ခါးတောင်းမြောင်အောင်ကျိုက်လို့ ဂျွမ်းပစ်နေကြလေရဲ့။
ရုရှားပြည်သူတွေကလည်း သမ္မတလုပ်လိုက်၊ ၀န်ကြီးချုပ်လုပ်လိုက်နဲ့ ရွေးကောက်ပွဲကျင်းပတမ်းကစားနေတဲ့ ပူတင်ကို ဆန္ဒတွေပြကြ၊ သပိတ်တွေ မှောက်ကြ လုပ်သော်လည်း နောက်ဆုံး မဲရလဒ်တွေ ထွက်လာတော့ ရွှေဘကြီး အဲလေ ပူတင်ကြီးပဲ ရွေးကောက်တင်မြှောက်ခြင်း ခံရပါတယ်။ ပူတင်ကလည်း မင်းတို့ လမ်းပေါ်မှာ ကြိုက်သလိုလုပ်၊ အာဏာပလ္လင်ပေါ် တက်မလာရင်ပြီးရောဆိုတဲ့ စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဓာတ်စာ ပြည်သူကို အပင်းဆို့ထားတဲ့ပုံပါပဲ။
တရုတ်ပြည်မှာလည်း အင်တာနက်ပေါ်မှာ ကြိုက်သလို ဝေဖန် ကန့်ကွက် ပြောဆို လှုံဆော်ကြ။ အေး ဒါပေမယ့် လမ်းပေါ်သာ အတိအလင်း တက်မလာနဲ့လို့ ပေါ်လစ်ဗြူရိုက အကန့်အသတ်ပေးထားလိုက်ပုံရပါတယ်။ နောက်ဆုံးဥပမာတခုကတော့ နယ်မြို့မှာ အကျယ်ချုပ်ခံနေရတဲ့ မျက်စိအားနည်းသူ ရှေ့နေ ပီကင်းမြို့ပေါ်တက် ထွက်ပြေးပြီး အမေရိကန်သံရုံးထဲ ခိုလှုံ။ အဲသည်မှာ ၂ နိုင်ငံကြားမှာ အပြန်အလှန်တင်းမာမှုတွေဖြစ်။ နောက်ဆုံးတော့ တရုတ်ရှေ့နေကို သံရုံးကနေ တရုတ်တွေ လက်ထဲ ပြန်အပ်။ တရုတ်တွေက အမေရိကန်ပြည်ကိုလွှတ်ပြီး ဥပဒေကျောင်း သွားတက်ခွင့်ပေးလိုက်တာနဲ့ အဆင်ပြေကုန်ကြပါတယ်။ ၂ နိုင်ငံ အာဏာပိုင်တွေလည်း မျက်နှာမပျက်၊ အကျယ်ချုပ်က ထွက်ပြေးသူ ရှေ့နေကလေးလည်း အမေရိကန်ပြည်မှာ ပညာဆည်းပူးခွင့်နဲ့ ထွက်ခွာခွင့်ရသွားတော့ သားရွှေအိုးထမ်းလာတာကို ဂြိုလ်တုကနေ တွေ့လိုက်ရသလို နေမှာပေါ့လေ။
မြန်မာပြည်မှာဆိုရင်လည်း မည်သို့ပင် ဖြစ်စေကာမူ ဗိုလ်သိန်းစိန်ကြီးက မြန်မာနွေဦးလို့တောင် ဂုဏ်ယူရတဲ့ ခေတ်ဟောင်း အာဏာရှင်ခေတ်မှ ခေတ်သစ်အာဏာရှင်စနစ်ဆီသို့ အပြောင်းအလဲကာလရယ်လို့ မိန့်ခွန်းထုတ်ပြောရတဲ့ ခေတ်ပြောင်းချိန်ရောက်ခဲ့ပြီ မဟုတ်လား။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီအတိုင်းသာ နေထိုင်ကြမယ်ဆိုရင်ဖြင့် နောက်ကြောင်းပြန်မလှည့်ဘူးရယ်လို့ အာဏာရှင်အရေခွံဟောင်းကိုလဲထားတဲ့ အာဏာရှင်လက်သစ်တွေက မိန့်မိန့်ကြီး ပြောနိုင်ပြီကိုး။
အာဏာရှင်လက်ဟောင်းတွေက အရင်တုံးကဆို လူထုကို မ၀ရေစာလေးနဲ့ ချုပ်ကိုင်ထားတဲ့ အဆင့်ကနေပြီးတော့ ပြည်သူတွေကို  နည်းနည်းလေး ပိုဝအောင်၊ ပိုလှအောင်၊ နည်းနည်းလေး ပိုတတ်၊ ပိုသိအောင် သင်ပေးထား၊ ကြိုးတိုတိုကနေ ကြိုးရှည်ရှည်လှန်ထားတဲ့ အကျင့်သစ် စနစ်သစ်တွေ ပြုလုပ်လာပါပြီ။ အဲသည်လိုမျိုး အကန့်အသတ်ထဲမှာ အသားကျလာတဲ့ ပြည်သူတွေနေထိုင်ရာ ဗီယက်နမ်တို့ အာဆီယံတို့က တပါတီခေါင်ဆောင် မျိုးဆက်အဆင့်ဆင့်တွေကတော့ ဒါလေးများ ငါတို့က စခဲ့တာလို့ ပြောလေမလား မသိဘူးပေါ့လေ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ အရှေ့အုပ်စုကကော အနောက်အုပ်စုကကော နောက်ပြန်မလှည့်ချင်ကြတော့ဘူး။ လက်ဝဲသမားကော လက်ယာသမားကလည်း ခေတ်နောက်ပြန်မဆွဲချင်တော့ဘူး။ တဆိတ်ရှိ လမ်းပေါ်တက်လာတဲ့ ပြည်သူတွေကို သွေးချောင်းစီးအောင် သတ်၊ ရိုက်၊ ဖမ်း၊ မုဒိန်းကျင့်၊ နိုင်ငံတကာကရှေ့မှာ လူမိုက်ကြီးအဖြစ် အရှက်ရတာတွေကနေ ပြည်တွင်း ပြည်ပမှာ ပြိတ္တာကြီးတွေလို မနေချင်ကြတော့ဘူးလို့ ယူဆရပါတယ်။ ပြည်သူတွေကလည်း ဒီတခေါက်မှာတော့ အကန့်အသတ်ထဲကနေ အချိုသတ်ခံထားရတာကို လိမ္မာပါးနပ်စွာနဲ့ ရင်ဆိုင်နေကြလိမ့်မယ်လို့ ယူရင် ရ၏ လို့ ထင်မိပါကြောင်း။
အာဏာရှင်တွေကလည်း ဗားရှင်းအသစ် တင်လိုက်ပြီ ဆိုမှတော့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကလည်း စစ္စတမ်တွေ အပ္ဗဂရိတ်လုပ်ကြဖို့ စဉ်းစားသင့်ကြောင်း အကျိုးမျှော်ပြီး နှိုးဆော်လိုက်ရပါကြောင်း။            ။
(သရုပ်ဖော် - ယခုလ အမေရိကန်မှာ ရုံသွင်းတဲ့ The Dictator ရုပ်ရှပ်ဇာတ်ကားသစ် ကြော်ငြာဖြစ်ပါတယ်)
Posted by MoeMaKa at 11:20 PM 0 comments  
Labels: Maung Yit, Op-Ed

Kyaw Thu Yein - Cartoon

မီးတွေ မှန်စေ ဗမာပြည်
ကာတွန်း - ကျော်သူရိန်
ဇွန် ၂၄၊ ၂၀၁၂



Maung Swan Yi - Poem

သူ့မာန်နဲ့ လူ့စံ (၃)
မောင်စွမ်းရည်
ဇွန် ၃၊ ၂၀၁၂



အဲဒီ အိတ်(ဒ်စ်) ရောဂါ
အဆိပ်ရောဂါ
အကျိတ်ရောဂါ၊ အနှိပ်ရောဂါ
ဘယ်ဆီက ဘယ်လိုလာသလဲ
ရောဂါဇစ်မြစ်၊ သေချာစစ်တော့
အမြစ်မြေက အချစ်အခြေချ
အိတ် (ဒ်စ်) * ရောဂါအစ၊ အိပ်ရာကတဲ့။

ဃရာဝါသ သံဝါသနဲ့
ကိစ္စများမြောင် လူတို့ဘောင်မှာ
သူမပါလဲ ဘယ်ဟာမှမပြီး
သူပါလဲ ဘယ်ဟာမှမပြီး
မက်စရာဆိုလဲ မက်စရာကြီး
ရှက်စရာဆိုလဲ ရှက်စရာကြီး
ဖက်ပါဆိုလဲ ဖက်စရာကြီး
အဲ- ခက်စရာဆိုတော့လဲ
အခက် မဟာကြီး။

အချစ် အချစ်တဲ့
သိပ်ချစ်တဲ့ အချစ်တဲ့
ကိုယ့်ဘာသာ ချစ်တာ
ဘာာဖြစ်လဲ ဘာဖြစ်လဲတဲ့။
ဘာမှ မဖြစ်ဘူး ဘာမှ မဖြစ်ဘူး
ဖြစ်တော့လဲ မမြင်လိုက်ဘူး
မြင်လဲ မြင်လိုက်ရော
ခြင်ကိုက်သလိုလို ယင်နှိုက်သလိုလိုနဲ့
တင်ကိုရိုက်လို့ အယားဖြေသလို
ပြေဖို့ရာတော့ မလွယ်ဘူး။

အချစ်မှာ မျက်စိမရှိဘူးတဲ့
ရှိတဲ့မျက်စိက ကြောင်တောင်ကမ်း
အငန်းမရ၊ အနမ်းမ၀၊ နှုတ်ခမ်း တသသနဲ့
လှလို့ ချစ်ရတာရော
ဝလို့ ချစ်ရတာရော
ညမို့ ချစ်ရတာရော
ချစ်တာဟာ မုန်းတာမဟုတ်လို့
ရှုတ်ချလို့ မရပေမဲ့
ဒုက္ခတော့ စခဲ့ပြီ။

ပိုးဖလံမျိုး မီးကိုတိုးတော့
ကိုယ်ကျိုးနည်းမှာ မလွဲပါဘူး
သူကျိုးနည်းမှာလဲ မလွဲပါဘူး၊
လူဖလံမျိုး လူကိုတိုးတော့
လူကျိုးလဲနည်း၊ သူကျိုးလည်းနည်း
မလွဲပါဘူး မလွှဲသာ ဆူး။

မင်းတို့ သိပါစ .?
အသိနောက်ကျရင်
ဂျောက်ကျတတ်တယ်
ဂျောက်မကျ အညွှန့်မတုံးချင်ရင်
“ကွန်ဒုံး” ** တဲ့၊
ကွန်ဒုံးဟာ အလွန်အသုံးကျဆိုပဲ၊
သန္ဓေခြားလို့လဲ ရသတဲ့၊
သန္ဓေတားလို့လဲ ရသတဲ့၊
တဏှာနယ်မို့ သွားလို့
“အရှာသယ်” နဲ့ ညားရင်
အကာအကွယ် အတားလဲ ရသတဲ့။

ကွန်ဒုံး ခေါ် သားရေအိတ်
မြေပေါ်မှာပဲ အိပ်အိပ်၊ လေပေါ်မှာပဲ အိပ်အိပ်
မိန်းမက ယောင်္ကျားနဲ့ပဲ အိပ်အိပ်
ယောက်င်္ကျားက မိန်းမနဲ့ပဲ အိပ်အိပ်
နှစ်ယောက်သား မငြင်း ဖောက်ပြားရင်းပဲ အိပ်အိပ်
ယောက်င်္ကျားချင်းပဲ မှောက်မှား ကမြင်းလို့ အိပ်အိပ်
အိပ်လေရာမှာ အဆောင်လုပ်ရင်
နောက်မရှုပ်ဖူးပေါ့။

အဲ့ .. အလုပ်ကများသမို့
ရှုပ်ပ အလကားဆိုရင်
ဒုက္ခများပြီသာ မှတ်ပေတော့တဲ့။

ဝါသနာမပါဘူးဆိုပြီး ကွန်ဒုံးကို
ဘာသာလ၀ါနဲ့ သင်မသုံးရင်
ဝါစာကမာနဲ့ သင်ဘ၀ဆုံးလတံ့။

ဟယ်..တဏှာ ယောင်္ကျား၊ လက်သမား
သင်ကား တရားခံ
တရားခံ ဆိုသော်ငြား
တရားသော်လဲခံ၊ မတရားသောလဲခံ
သင့်အကြံနဲ့ သင်ဆောက်
သင့်ကံနဲ့ သင်မှောက်
သင်ရောက်တဲ့ တဏှာအိမ်မှာ
ဂနာမငြိမ် ဗွေဖေါက်
မသာအိမ် အဆွေဆောက်မိပြီ
သည်ရောဂါ သည်ကိုရောက်အောင်
သင့်ဉာဏ်နဲ့ သင်ဖောက်
သင့်ကံနဲ့ သင်လျှောက်
သင်ဖောက်တဲ့လမ်း သင်ကမ်းတဲ့လက်
သင့်အတွက် သင်ရွေး
သင်မွှေးတဲ့မီး သင့်ကိုယ်မှားတောက်
သင်မွေးတဲ့မျောက် သင့်ကိုပဲခြောက်ခဲ့ပြီ။

အနှီကိစ္စ သည်ကိစ္စကို
သိပ္ပံနည်းကျ၊ နာမသညာ
ဆိုရပါလျှင် ၊ ဟိုဟာ သည်ဟာ
သွယ်ဝိုက်လို့ မနေသာဘူး
အခြေပါပါ ခေါ်ရမှာမို့
“အလျှော် ကိစ္စ”၊ “အဖေါ်ကိစ္စ” လို့
အခေါ်သိပ်လှရင်
အရိပ်ပြလို့ အကောင်မထင်ဘူး။

လင်ဆိုလဲလင်၊ လိင်ဆိုလဲ လိင်
ဇိမ်ဆိုလဲ ဇိမ်ပေါ့
ထမိန်ဆိုလဲ ထမိန်ပေါ့
မတိမ် မ၀ှက် ပြောကြစို့
--တ္ထိလိင်၊ ပုလ္လိင်၊ နပုလ္လိင်၊ ဒွိလိင်
ကြိလိင် ဗဟုလိင်
တလိင် နှစ်လိင် ပွေလိမ်ရှုပ်တော့
အမယ်ဘုတ်ကဲ့ သူ့ချည်ခင်
ဘယ်သူထွင်မှ သည်ရှုပ်ထွေး
ရှင်းပါမယ်လေးတဲ့။
ရှေးက တဘောင်ပေါ်ဖူးတယ်။

ရှေးကတော့ “တဘောင်” တဲ့
ခုတော့ကွယ် နှစ်ပေါင် သုံးပေါင်
လေးငါးပေါင်တဲ့
ပေါင်တွေ လိမ်ရှုပ်တော့
“ပေါင်ချိန်” *** လဲ ဖြုတ်မရ ဖြေမရ
ယောင်္ကျားကလဲ
ယောင်္ကျားကောင်း မောင်းမတထောင်တဲ့
မိန်းမကလဲ မိန်းမကောင်း ယောင်မတထောင်တဲ့
လင်တထောင်နဲ့ ခြင်ထောင်ချရင်
ဆင်ကောင်မတောင် နားရွက်ပြုတ်ပြီး
မြက်ဖုတ်မှာ ကြွက်စုတ်လို ဆန့်ငင် ဆန့်ငင်
မသန့်မစင်နဲ့ မသေခင် ပုပ်ပွပြီး
ရုပ်မလှတော့တဲ့၊ မနုဿတကောင်ကြီးဟာ
ဒုဗ္ဗလဆောင်လို့ ဒုက္ခကောင်ကြီးဖြစ်ခဲ့ပြီ။

အိုင်တွေ့ရင် ခြေဆေးသတဲ့
ကျားမရွေး မ မရွေး ပေးရင်ယူ
မပေးရင် ၀ယ် ၀ယ်မရလု
ကာမေသု ကာမ သုခလ္လိကာ နိရောဓေါ
ဟိနောဂါမော၊ ပေါထုဇ္ဇနီကော

အကြောကို အလိုလိုက်
တဏှာမြေမှာ
ကညာမေ ဗျာကေ၀ိုက်တွေနဲ့
အပ်စိုက် ဘိန်းဖြူ
အသားဆူလို့ အယားထူရင်
မယားယူ လင်မြှောင်၊ အိမ်ထောင်မထူ
သဘောတူရင် အတူအိပ်
လူစိတ်တွေ ပျောက်၊ မျောက်စိတ်တွေထား
“လစ်ဗင်း တူဂဲသား” **** နေ
မျောက်ပိုးတွေ ပွားပြီး
မျောက်များမှာ စွဲတဲ့ မျောက်လွှဲကျော် ရောဂါ
တော ၀နာက မြို့နဂရာကို တက်
ဝက်ဝက်ကွဲ ကမ္ဘာတုန်
ကုနည်းတွေဆန်း ဆေးမျိုးတွေစုံပေမဲ့
လူဘုံက လူသား၊ လူကဖွားသူဟာ
လူသားကို သစ္စာဖေါက်
လူ့အောက်ကို ဆင်း
“အီဗေါ်လူရှင်း” ***** ကို ဖေါက်ပြန်ကဲ့ပြီး
“ရီဗေါ် လူရှင်း” ****** ကို နောက်ပြန်လှည့်တဲ့ခါ
ကုရာ နတ္ထိ၊ ဆေးမရှိ
ရှိတဲ့ဆေးက၊ ကုမရ
လူ့ဘ၀ အညွှန့်တုံး
ကုထုံးမဲ့ ဒီရောဂါဟာ
သော ဘဂ၀ါ ပရမံမြတ်နဲ့လဲ မဆိုင်
တော ၀နာက ပထမံ အတတ်နဲ့လဲ မပိုင်
မကုနိုင်တဲ့ အမှားဟာ
ဘုရားက ဒဏ်ခတ်တာမို့
မနာခင်က အိုပြီး၊ အိုပြီးမှ မနာဘဲ
နာရာ အိုသေ ဆိုလား၊ “ကရာအိုကေ” ******* ဆိုလား
ဇရာ အကြိုနဲ့ သေပေရော့။

• အောက်ခြေမှတ်စု
အိတ် (ဒ်စ်) * - AIDS
ကွန်ဒုံး ** - Condom
ပေါင်ချိန် *** - တရုတ်ပညာရှိ
လစ်ဗင်း တူဂဲသား **** - Living together
အီဗေါ်လူးရှင်း ***** - Evolution
ရီဗေါ်လူးရှင်း ****** - Revolution
ကရာအိုကေ ******* - Karaoke

(ခုခံအားကျ ရောဂါတိုက်ဖျက်ရေးအဖွဲ့ ပညာပေးစာစောင်အတွက် ဆရာဝန် စာရေးဆရာမ မြနှောင်းညိုရဲ့ပန်ကြားချက်အရ ရေးခဲ့ရာမှာ စာပေစိစစ်ရေးကပယ်လို့ မသုံးဖြစ်ခဲ့တဲ့ကဗျာ)

ဆက်လက်ဖော်ပြပါမည်။


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages