19th OCT - MoeMaKa Daily

22 views
Skip to first unread message

Maung Yit

unread,
Oct 19, 2012, 1:59:10 AM10/19/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
မဟေသီအယ်ဒီတာချုပ် ဗိုလ်မှူးကြီး (ငြိမ်း) စောမြင့် (၉၁ နှစ်) ကွယ်လွန်
မိုးမခဓာတ်ပုံသတင်း၊ မြန်မာ့အလင်းသတင်းစာ (၁၉ အောက်တိုဘာ၂၀၁၂)
မြန်မာပြည် ၁၉၈၀ ခုနှစ် နှစ်ဦးပိုင်းတွင် ခေတ်တသစ်ဆန်းခဲ့သည့် လစဉ်ထုတ်မဂ္ဂဇင်းများဖြစ်သော ပေဖူးလွှာ၊  ချယ်ရီ နှင့် မဟေသီ စာစောင်များအနက် ယခုအချိန်အထိ သက်တမ်းရှည် ဖြစ်သည့် “မဟေသီ” မဂ္ဂဇင်းစာစောင်ကို ထူထောင်လည်ပတ်ခဲ့သူ အယ်ဒီတာချုပ်တဦးဖြစ်သည့် ဗိုလ်မှူးကြီး (ငြိမ်း) စောမြင့် (၉၁ နှစ်) သည် အောက်တိုဘာ ၁၈ က ကွယ်လွန်ခဲ့ကြောင်း သတင်းစာနာရေးသတင်းအရ သိရှိရသည်။
အထက်ပါမဂ္ဂဇင်း ၃ စောင်စလုံးကို ကလောင်ကိုင်သည့် စစ်ဗိုလ်ဟောင်းကြီးများက ထူထောင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ပေဖူးလွှာကို ဦးမြလှိုင်၊ ချယ်ရီကို ဦးမြတ်ထန်နှင့် မဟေသီကို ဦးစောမြင့်က အသီးသီး ထုတ်ဝေခဲ့ကြသည်။ ပေဖူးလွှာနှင် ချယ်ရီတို့မှာ ထိုစစ်ဗိုလ်ဟောင်းကြီးများ ကွယ်လွန်ပြီးနောက်ပိုင်း အကြိမ်ကြိမ် ထုတ်ဝေမှု ရပ်ဆိုင်းခြင်း၊ အဆက်ပြတ်ခြင်းများ ဖြစ်ခဲ့သော်လည်း ဦးစောမြင့် သက်တမ်းတလျောက် မဟေသီမှာ အောင်မြင်လူကြိုက်များသော မဂ္ဂဇင်းအဖြစ် ရပ်တည်ခဲ့သည်။
၁၉၈၈ အရေးတော်ပုံမတိုင်မီ အဆိုပါ ခေတ်ပြိုင်မဂ္ဂဇင်းများတွင် ခေတ်သရုပ်ဖော် စာရေးဆရာ၊ ကဗျာဆရာများ အများအပြား၏ မြန်မာပြည်အရေးနှင့် ခံစားချက်များကို ထင်ဟတ် ဖော်ကျုးသော စာပေများ ထုတ်ဝေတင်ပြနိုင်ခဲ့သည်။ အဆိုပါ ခေတ်နှင့် ဘ၀သရုပ်ဖော် စာပေများကြောင့် မြန်မာစာဖတ်ပရိသတ်အပေါ် များစွာ သက်ရောက်မှု ရှိခဲ့သည်ဟု ဆိုနိုင်သည်။ ၎င်းမဂ္ဂဇင်းများနှင့် အပြိုင် ထင်ရှားသော မဂ္ဂဇင်းသစ်များမှာ သဘင်၊ စပယ်ဖြူ၊ လုံမလေး၊ ကလျာ၊  ဒဂုံ၊ သောင်းပြောင်းထွေလာ၊ ပန် နှင့် အတွေးအမြင်တို့ ဖြစ်သည်။ 
Posted by MoeMaKa at 9:38 PM 0 comments  

Aung Way - Book Preface for Ye Yint Thet Zwe


SAFFRON REVOLUTION
ေ နွေ နှာ င်း ၀ သ န် ရဲ့ မှာ တ မ်း ရှ ည်
အောင်ဝေး၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၂ (စာအုပ်အမှာစာ)

တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ။
            ညတုန်းက ဟိုးအဝေးကြီး ဥရောပမှာနေတဲ့ “ရဲရင့်သက်ဇွဲ“က၊ အစ်ကိုရေ…ကျနော့်ကဗျာစာအုပ်အတွက် အမှာစာလုပ်ပါဦး ဆိုပြီး၊ အွန်လိုင်းပေါ်ကနေ လှမ်းသတိပေးသည်။
            မစ်ရှီဂန်ညက၊ အေးအေးနွေးနွေးကလေး နက်လာနေသည်။ အိမ်အပြင်မှာ လေညင်းတိုးနေ
သလား။ ကျနော် မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့၊ သစ်ပင်မှောင်မှောင်တွေ မိုးတိုးမတ်တတ်။ သစ်ရွက်တွေ နားရွက်မခတ်။
            ဟော…သိပ်တောင်မကြာလိုက်။ နားထောင်နေတဲ့ အာရ်အက်ဖ်အေရေဒီယိုက၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အကြောင်းလွှင့်နေတုန်းပဲ၊ ရုတ်ဆို မိုးစက်မိုးပေါက်တွေ ပြတင်းပေါက်မှန်တွေကို တဖျန်းဖျန်းလာရိုက်ပါလေရော။

            ဒီမှာ နွေက ကုန်တော့မယ့်ဆဲဆဲ။ အခုလို မိုး သည်းသည်းသွန်သွန်ရွာချလိုက်တော့၊ အိမ်ထဲမှာ
ထိုင်နေတဲ့ စိတ်ကလေးက ဘယ်ဆီလွမ်းမိ တမ်းမသိ ဖြစ်လို့ သွားပါတယ်။ ဒီမှာ ဆိုတာက မိုးက အစိုးရ
တာမဟုတ်။ ရွာချင်တဲ့အချိန်ရွာတာ။ ဆောင်းဦး၊ ဆောင်းနှောင်းမှာလည်း မိုးကရွာရင် ရွာတာပဲ။ နွေဦး၊
နွေနှောင်းမှာလည်း မိုးကရွာချင်ရွာတာပဲ။ ရွာပြန်ရင်လည်း အမုန်းရွာတာကလား။ အခုဟာကတော့ နွေကုန်ခါနီးမှာ ပုန်ကန်ပြီးရွာတဲ့မိုး။ သူပုန်မိုး။ အို…တကယ့်ကို နွေနှောင်းဝသန်ပါပဲလား။

            ဒီမှာ စက်တင်ဘာက နွေနှောင်းရာသီ။ အမိတိုင်းပြည်ကလေးမှာတော့ စက်တင်ဘာက မိုးရာသီ စစ်စစ်။ ဒီက စက်တင်ဘာညချမ်း အေးချမ်းသလောက်၊ ကျနော့်တိုင်းပြည်အဝေးက၊ စက်တင်ဘာညချမ်းတွေကော အေးချမ်းပါ့ မလား။ အသည်းစိုင်မှာ နာခံခက်တဲ့ နေ့ စွဲဆိုးတွေ၊ ကျနော်တို့ ရဲ့ စက်တင်ဘာမှာ၊ ကျနော်တို့ ပြည်သူတွေ အလိုမတူဘဲ၊ ရေးထိုးခဲ့ကြတယ်။ကျနော်တို့ ပြည်သူအားလုံးဟာ စက်တင်ဘာ (၁၈)ရက်ဆိုရင် မုန်းတယ်။ ဒီနေ့ ဒီရက်စွဲကို ပြက္ခဒိန်ပေါ်ကနေ ကျနော်တို့ ဖယ်ထုတ်ပစ်ချင်တယ်။
            လွန်ခဲ့သော(၂၄)နှစ်က၊ အဲဒီလို စက်တင်ဘာလမှာ၊ စက်တင်ဘာ(၁၈)ရက်နေ့ မှာ၊ စစ်တပ်က
အာဏာသိမ်းခဲ့တာ မဟုတ်လား။ စက်တင်ဘာနှင်းဆီတွေ တင့်ကားဘီးအောက်မှာ မွမွကြေခဲ့တာပေါ့ ။
            စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်၊ ရှစ်လေးလုံးအရေးတော်ပုံမြစ်မကြီးရဲ့ ရေစီးအဟုန်
တုံ့ သွားရတယ်။ မြင်းကို ဇက်ခွံ့ လိုက်သလိုပဲ။ မြစ်ဟာ ဇက်ခွံ့ ခံလိုက်ရပေါ့ ။ ဒါပေမဲ့…။

            ရာဇ၀င်အရိုင်းမခံတဲ့ မြစ်မကြီးဟာ၊ အခြေအနေတစ်မျိုးပြောင်းပြီး၊ မြစ်ငယ် မြစ်နုတွေ အများ
အပြားကွဲမြွှာထွက်ပြီး ဆက်လက်ခွဲဖြာစီးဆင်းခဲ့တယ်လေ။ ဆိုပါတော့…အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ဟာ မြစ်ငယ်တစ်စင်း။ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုတာ မြစ်နုတစ်သွယ်။ နောက်ထပ် ဆိုပါ
ဦးတော့၊ မကဒတ( ABSDF ) လို့ ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်
တပ်ဦး(ကျောင်းသားတပ်မတော်) ကလည်း မြစ်ငယ် မြစ်နု တစ်ခုပဲမဟုတ်လား။
            တစ်ချိန်မှာ၊ မြစ်ငယ် မြစ်နုတွေအားလုံး၊ မြစ်မကြီးတစ်ခုအဖြစ် အင်နဲ့ အားနဲ့ ပြန်လည်ပေါင်း
စည်းလာမယ့် အနေအထားတစ်ရပ်ကို ကျနော်တို့ ပြည်သူတွေ မျှော်လင့်စောင့်စားနေခဲ့ကြတယ်။
            မြစ်ငယ် မြစ်နု အသီးသီးဟာ အကျဉ်းထောင်တွေထဲကို ဖြတ်သန်းစီးဆင်းခဲ့ကြတယ်။ ယက္ခ
ကုမ္ဘန်အထပ်ထပ်၊ ခြံတံခါးသော့ခတ်ထားတဲ့နေအိမ်အကျယ်ကြီးထဲမှာ ဖြတ်သန်းစီးဆင်းခဲ့ရတယ်။
ငှက်ဖျားပိုးနဲ့ ဝါးပိုးမျှစ်စား၊ တောကြမ်းတောင်နက်တဲ့ နယ်စပ်က ကတုတ်ကျင်းတွေထဲ ဖြတ်သန်း
စီးဆင်း၊ မြစ်ငယ်တစ်စင်းချင်း၊ မြစ်နုတစ်သွယ်ချင်း၊ ဘ၀တွေ၊ အသက်တွေ ရင်းနှီးပေးဆပ်ခဲ့ကြပြီ။
            ဘယ်အချိန်မှာများ ဒီမြစ်ငယ် မြစ်နုတွေအားလုံး၊ တစည်းတလုံးတည်းနဲ့ မဟာနဒီမြစ်မကြီးတစ်ခု အဖြစ်ကို ပြန်လည်ရောက်ရှိလာပါ့ မလဲ။ မျှော်လင့်ပေါ့ ။ မျှော်လင့်တော့ ချစ်သူ။
           
နယ်စပ်မှာ န၀တ စစ်အစိုးရက လက်နက်ကိုင်အင်အားစုတစ်ခုချင်းစီကိုချဉ်းကပ်ပြီး၊ ငြိမ်းချမ်းရေး
ကမ်းလှမ်းလိုက်တော့၊ ငြိမ်းချမ်းရေးကို အသက်လောက်မြတ်နိုးတဲ့သူပုန်တွေ အပစ်အခတ် ရပ်စဲလိုက်ကြတယ်။ အပစ်ရပ်လိုက်တော့ ဘာဖြစ်သလဲ။ န၀တ၊ နောင် နအဖ စစ်အစိုးရက လက်နက်ကိုင်တော်လှန်ရေးသမားတွေ အပေါ် အပြတ်ရစ်တော့တာပဲပေါ့ ။ အပစ်ရပ်တော့ အပြတ်ရစ်ခံရပြီပေါ့ ။

            ပြည်တွင်းမှာ စစ်အာဏာရှင်အစိုးရက အကျဉ်းထောင်တံခါးတွေကို ခဏခဏ ဖွင့်လိုက်ပိတ်လိုက် လုပ်တယ်။ လူတိုင်းဟာ နရသိန်အိပ်မက်တွေကိုယ်စီနဲ့ ။ ပြည်တွင်းက နိုင်ငံရေးဟာ အကြမ်းမဖက်၊ လက်နက် မကိုင်၊ အဖမ်းခံနိုင်ငံရေးဖြစ်တယ်။ တစ်နည်းအားဖြင့် နရသိန်ပေါ်လစ်တစ် ဆိုပါတော့။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူမှန်သမျှ စစ်အစိုးရက ဖမ်းဆီးနှိပ်စက် ထောင်ချနေတဲ့ခေတ်။ ဗမာပြည်အကျဉ်းထောင်တွေဟာ အကြမ်းမဖက်တော်လှန်ရေးတက္ကသိုလ်တွေဖြစ်လာတယ်။
            အဲဒီ တက္ကသိုလ်တွေကနေ၊ ဆေးသားရဲရဲတင်ထားတဲ့ ဓားကောင်းဓားထက်တွေ ထွက်လာတယ်။ တူသား ပေသားကျနေတဲ့သံမဏိနှလုံးသားတွေ ထွက်လာတယ်။ ငယ်ရွယ်နုပျိုတဲ့ သူပုန်မျိုးဆက်သစ်တွေ ထွက်လာတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်မြေမြှုပ်သင်္ဂြိုဟ်ပစ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ပေါ့ ။ ယုံကြည်ချက်ကတော့ ဘယ်တော့မှ မသေ။

            ရှစ်လေးလုံးအရေးတော်ပုံကြီး(၁၉)နှစ် ပြည့်တဲ့ အချိန်မှာတော့၊ အဲဒီ မသေတဲ့ယုံကြည်ချက်ကပဲ၊ နောက်ထပ်အရေးတော်ပုံအသစ်တစ်ခုကိုမွေးဖွားပေးလိုက်ပါတယ်။ ဒါကတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးပါပဲ။
            ဒီတစ်ခါမှာတော့၊ အရေးတော်ပုံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ပြောင်းလဲသွားခဲ့ပြီ။၁၉၈၈ တုန်းက အရေးတော်ပုံကို ကျောင်းသားတွေက ဦးဆောင်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ၂၀၀၇ ဟာ၊ သံဃာတွေ ဦးဆောင် ခဲ့တာပါ။ သံဃာတွေ ဦးဆောင်လို့ ဒါကို သံဃတော်လှန်ရေးလို့ ခေါ်လို့ မရပါဘူး။ ဒါဟာ လူထုတော်လှန်ရေးပဲ။ လူထုအရေးတော်ပုံပဲ။ ဒါကို ရွှေဝါရောင်တော်လှန်ရေး လို့ ပဲ၊ တစ်ကမ္ဘာလုံးက ခေါ်ခဲ့ကြတာပါ။

            ၂၀၀၇ အခင်းအကျင်းက ရှင်းရှင်းလင်းလင်းကလေးပါ။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်
အကျယ်ချုပ်ကျနေဆဲ။ မင်းကိုနိုင်တို့ တစ်အုပ်စုလုံး အကျဉ်းထောင်ထဲရောက်သွား။ အင်န်အယ်လ်ဒီ က
လည်း ခြေချုပ်ကျနေတုန်း။ ဒီအချိန်မှာ သံဃာတွေက ( ၁၉၈၈ တုန်းက စစ်တပ်က အာဏာသိမ်းခဲ့တဲ့)
စက်တင်ဘာ(၁၈)ရက်နေ့ မှာ၊ နအဖ စစ်အစိုးရကို စတင်တိုက်ပွဲခေါ်ပြီး လမ်းပေါ်ထွက်လာခဲ့ကြတာပါပဲ။
            စက်တင်ဘာ(၂၄)နဲ့ (၂၅)ရက်တွေမှာ၊ အထွေထွေသပိတ်ကြီးဆင်နွှဲနိုင်တဲ့အထိ တိုက်ပွဲအရှိန်က ဒီရေမြင့်သစ် တက်ခဲ့တာပါ။ ဒါပေမဲ့ စက်တင်ဘာ(၂၆) ကစပြီး နအဖ စစ်အစိုးက သံဃာနဲ့ လူထုကို ရက်ရက် စက်စက် အကြမ်းဖက်ချေမှုန်း၊ ဘုန်းကြီးကျောင်းတွေကို အဓမ္မ၀င်ရောက် စီးနင်းတိုက်ခိုက်၊ မြင်မြင်သမျှ ဖမ်းဆီးထောင်ချ၊ မဟုတ်မမှန် လုပ်ကြံ ပြီး သတင်းစာရှင်းလင်းပွဲတွေ လုပ်တော့တာပဲမဟုတ်လား။

            စက်တင်ဘာဟာ သံဃသွေးနဲ့ စွေးစွေးနီခဲ့တယ်။ အသည်းနာ ကမ္ဘာမကြေတဲ့ ချင်းချင်းရဲရဲ
စက်တင်ဘာပါပဲ ရွှေဝါရောင်ရေ...။
            အခုတော့ ရွှေဝါရောင်တော်လှန်ရေး(၅)နှစ်ပြည့်ခဲ့ပြီ။

            ကျနော်တို့ မမေ့နိုင်ကြသေးပါဘူး။ မေ့လို့ လည်း မရပါဘူး။ အဲဒီလို မမေ့နိုင်တဲ့သူတွေထဲမှာ
ရဲရင့်သက်ဇွဲ လည်းပါတယ်။
            ကျနော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးဆင်နွှဲကြတဲ့အချိန်က၊ သူ(ရဲရင့်သက်ဇွဲ)က ဂျပန်မှာ။
ဂျပန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ထပ်တူ၊ သူ့ ရင်ထဲမှာလည်း ရွှေဝါရောင်နာကျင်မှုတွေ
အပြည့်။ အခုတော့ သူက ဆေးကုသခံဖို့ ဖင်လန်နိုင်ငံကိုရောက်ရှိနေပါတယ်။ ဘယ်နေရာရောက် ရောက် သူ့ ရင်ထဲက ရွှေဝါရောင်နာကျင်မှုတွေက ဘယ်တော့မှ မပျောက်။
            အခု သူက ရွှေဝါရောင်တော်လှန်ရေး(၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်၊ သူရေးခဲ့တဲ့ ရွှေဝါရောင် ခံစားမှုတွေကိုစုပြီး၊ ကဗျာစာအုပ်ကလေးထုတ်မလို့ တဲ့၊ အဲဒါ ကိုအောင်ဝေး အမှာစာရေးပေးပါတဲ့လေ။

            ခက်တာပဲ သက်ဇွဲရာ။ တကယ်က သူ အမှာစာတောင်းရမှာက၊ ရွှေဝါရောင်တော်လှန်ရေးမှာ
ဦးဆောင်ခဲ့တဲ့၊ ဒါမှမဟုတ် တက်ကြွစွာပါဝင်ခဲ့တဲ့ သံဃာတစ်ပါးပါးဆီကပဲ ဖြစ်သင့်တာပါ။ ကျနော်က
ဘာကောင်မှ မဟုတ်။ ပြည်တွင်းက တချို့ ပုဂ္ဂိုလ်တွေစွပ်စွဲသလို၊ ကြောက်လို့ ပြည်ပကိုထွက်ပြေးတဲ့
သူတွေထဲက တစ်ယောက်သာပဲ။ ဘာကောင်မှ မဟုတ်။ သမိုင်းကဆုံးဖြတ်လိမ့်မည်။

            မစ်ရှီဂန်နွေညချမ်းကတော့၊ မိုးရေနူးပြီးစိုအိနေပါပြီ။ ဘယ်သူ မျက်ရည်ကျနေတာလဲ။ အိမ်
အပြင်မှာ စက်တင်ဘာမိုးကလည်း မတိတ်သေး။ စိတ်ထဲက မကျေမနပ် လွမ်းဆွတ်နာကျင်လာသည်။
ဘာကိုလဲ။ ဘယ်သူ့ ကိုလဲ။

            ဆရာမောင်စွမ်းရည်ရေးခဲ့သလို “ ဘောင်းဘီသာချွတ်၊ မချွတ်သေနတ်“ ဆိုတဲ့၊ အရပ်သားအစိုးရ ဆိုတာကိုလား။ ဒီအစိုးရကိုယုံကြည်မျှော်လင့်ပြီး လက်ခံပေါင်းသင်းနေတဲ့သူတွေကိုလား။ မနေ့ တစ်နေ့ တုန်းကတော့ ပြည်တော်ပြန်တွေကို သံပုံးတီးလွှတ်ကြသည်။ ဒီနေ့ တော့ ရှစ်ဆယ့်ရှစ်တွေကို ဆန္ဒပြနေကြ ပြန်ပြီ။ ကိုယ့်အချင်းချင်းတွေချည်း တိုက်ခိုက်နေကြပါလား။ အရပ်သား(စစ်)အစိုးရကို ဘေးမဲ့ပေးထားလိုက်
ကြပြီလား။

            ကျနော်တို့ ကို အယုံသွင်းနေပြီ။ ကျနော်ကတော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူ၊ သမ္မတဦးသိန်းစိန်ကိုလည်း မယုံ။ သူ့ အစိုးရကိုလည်း မယုံ။ ပြည်တွင်းမှာေ ပြာင်းလဲနေပြီဆိုတာကိုလည်း ကျနော် မယုံ။
            ရဲရင့်သက်ဇွဲကိုတော့ ပြည်သူ့ ဘက်က ရပ်တည်တဲ့ ကဗျာဆရာမို့ ၊ ယုံကြည်လို့ ၊ ဒီအမှာစာကို
ရေးပေးလိုက်ပြီ။
            သူ ရောက်နေတာက…ဖင်လန်။
            ကိုယ် ရောက်နေတာက…အမေရိကန်။
            အိုဘယ့်…နွေနှောင်းဝသန်ရယ်။      ။

            အောင်ဝေး
            (စက်တင်ဘာ ၁၈-၂၀၁၂)
Posted by MoeMaKa at 8:53 PM 0 comments  

Photo News

လက်ပတောင်းတောင် ပြည်သူ့ညီလာခံ
ဓာတ်ပုံမှတ်တမ်း
အောက်တိုဘာ ၁၉၊ ၂၀၁၂ 

အောက်တိုဘာ ၁၈၊ ၂၀၁၂ ခုနှစ်နေ့က ကျင်းပခဲ့တဲ့ ရဟန်းပြည်သူ စုံစုံညီညီတက်ရောက်ခဲ့တဲ့ လက်ပတောင်းတောင် ပြည်သူ့ညီလာခံဓာတ်ပုံများကို မိုးမခစာဖတ်ပရိတ်သတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။


 

 

 

 
  


 

 http://www.facebook.com/media/set/?set=a.282413678543367.66943.100003242101265&type=1 မှ ကူးယူဖော်ပြပါသည်။



Posted by Aung Htet at 6:57 PM 0 comments  

Kyaw Thu - Poem

တကယ်တော့ မင်းကိုနိုင်၏ ရွှေရတု
ကျော်သူ
အောက်တိုဘာ ၁၉၊ ၂၀၁၂


 

တကယ်တော့ …
ခံစားမှုဟာအာဏာရှင်တွေ ပေါ်ပေါက်လာစေနိုင်သလို
သွေးမျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေခဲ့တယ်။

တကယ်တော့ …
ပေါက်ကွဲမှုဟာစည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံဧရာဝတီစိတ်ဓါတ်ကို မွေးဖွားနိုင်စေခဲ့တယ်။

တကယ်တော့ …
ရဲရင့်မှုဟာကမ္ဘာမြေကြီးကို သွေးချောင်းစီးစေနိုင်သလို
မဟာပထဝီမြေကြီး စိမ်းလန်းသာယာပြီး ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်။

တကယ်တော့ …
မင်းကိုနိုင်ဆိုတဲ့ မင်းကိုနိုင်ဟာ
ကြမ်းတမ်းဆိုးမွေ့တဲ့ နိုင်ငံ့ဥယျာဉ်မှူးဖြစ်ရမယ်။

(မင်းကိုနိုင် အသက် (၅ဝ) နှစ်ပြည့် မွေးနေ့မင်္ဂလာအတွက် အဝေးတစ်နေရာမှ ကျော်သူနှင့် နယူးယောက်မြို့နေ ပန်းချီမင်းကျော်ခိုင်တို့၏ အမှတ်တရရေးချက်နှင့် ကဗျာအား ရွှေရတုမွေးနေ့အဖြစ် ပူးပေါင်းဂုဏ်ပြုသည်။)
Posted by Aung Htet at 5:32 PM 0 comments  

Ku Mojo - Cartoon

အ က င် စား တဲ့ေ ခ တ်
ကာတွန်း - ကူမိုးကြိုး
အောက်တိုဘာ ၁၉၊ ၂၀၁၂

 
Posted by Aung Htet at 5:28 PM 0 comments  

Dr. Dama Piya (ITBMU) - Articles

ပညာရေးနှင့်ဆိုင်တဲ့ သမိုင်းစာမျက်နှာများကို ပြန်လှန်၍သုံးသပ်ခြင်း
ဒေါက်တာဓမ္မပိယ (I.T.B.M.U
အောက်တိုဘာ ၁၉၊ ၂၀၁၂


မြန်မာနိုင်ငံတော်ကြီးသည် သမိုင်းခေတ်များစွာကို ကျော်ဖြတ်ခဲ့ရ၍ နွမ်းနွမ်းနယ်နယ်ဖြစ်နေချိန်ဝယ်…။ ဒီမိုကရေစီအလင်းတန်းကို တွေ့မြင် ကြရတဲ့ ပြည်သူ၊ ပြည်သားများဟာ ရှင်သန်ထမြောက်လာကြသူများပမာ အားသစ်၊ အင်သစ်တွေနှင့်အတူ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာအတွက် တိုးတက်အောင် ဆောင်ရွက်လိုတဲ့စိတ်ဓာတ်ခွန်အားတွေ တဖန်မွေးဖွားလာနိုင်ပြီဆိုတော့ နိုင်ငံတော်အတွက် ကြိုဆိုနေမိခြင်းပါ။

နိုင်ငံတော်တိုးတက်ကြီးပွားတာကို မြင်လိုသူတွေအတွက် ကြိုဆိုခြင်းဟာ ကောင်းမြတ်တဲ့မင်္ဂလာတစ်ပါးပါ။ နိုင်ငံသားတိုင်း အပြောင်းအလဲ နှင့်တိုးတက်မှုကို  ဆက်စပ်ကြည့်နိုင်ဖို့ သမိုင်းကိုလေ့လာသင်ကြားသင့်ခြင်းပါ။ တကယ်တော့ နိုင်ငံသားတိုင်း နိုင်ငံတော်ရဲ့ သမိုင်းစာမျက်နှာ များကို ပြန်လှန်၍ ဖတ်ရှုလေ့လာကြည့်ရင် သမိုင်းနှင့်စပ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အဖြစ်အပျက်တွေကို သင်ခန်းစာယူနိုင်ပြီး၊ သမိုင်းဟောင်းရဲ့ဒဏ်ရာတွေကို သမိုင်းပြောင်းပြီး အစားထိုးနိုင်ခြင်းပါ။ သမိုင်းကိုဖတ်ပြီး နာကျည်းစိတ်တွေကို မွေးမြူနေကြမဲ့အစား သမိုင်း ကိုသင်ယူလေ့လာပြီး သမိုင်းကပြောပြတဲ့ လူမျိုးရဲ့တန်ဖိုး၊ လူ့ယဉ်ကျေးမှုရဲ့ဂုဏ်သိက္ခာ၊ သမိုင်းတစ်လျှောက်လုံး ပြည်သူ၊ ပြည်သားများ ညီညီညွတ်ညွတ် အတူယှဉ်တွဲနေထိုင်ခြင်းဖြင့်ရနိုင်တဲ့ ငြိမ်းချမ်းရေးဂုဏ်ရည်များကို သိနိုင်ဖို့ပါ။ ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦး ထွန်းကြွယ်ကတော့ သမိုင်းနှင့်စပ်ပြီး သုံးသပ်တင်ပြထားခြင်းပါ။ “နိုင်ငံသမိုင်းဟူသည် ပြည်သူ့အကြောင်း၊ ပြည်သူ့လှုပ်ရှားမှုအကြောင်း မှတ်တမ်းကြီးဖြစ်သကဲ့သို့ ပညာရေးသမိုင်းသည်လည်း ယင်းပြည်သူတို့၏ ပညာရေးလှုပ်ရှားမှုမှတ်တမ်းကြီးပင် ဖြစ်လေသည်။˝(1) စိတ် ၀င်စားစရာပါ။ သမိုင်းဆိုတာ မသိရင် လှည့်စားခံရတတ်ပြီး၊ သိထားရင်တော့ ယုံကြည်ချက်တွေ ခိုင်မြဲလာနိုင်ခြင်းပါ။

သမိုင်းနှင့်စပ်ပြီး နမူနာလေးတစ်ခုလောက်ကို ထုတ်ပြရရင် ဧရာဝတီသမိုင်းကို လေ့လာတဲ့အခါ မေခနှင့်မလိခ မြစ်နှစ်သွယ်ပေါင်းစည်းရာမှ ဧရာဝတီမြစ်ကြီးဆိုတာ ဖြစ်ပေါ်လာခြင်းပါ။ ထိုမြစ်ကြီးက တိုင်းပြည်ကို အကျိုးပြုနေလို့ ဧရာဝတီမြစ်ကြီးကို မြန်ပြည်သားတိုင်းက မြတ်နိုး နေခြင်းပါ။ အလားတူတဲ့ သမိုင်းတစ်ခုက  မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းပါ။ မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းကို အခြေခံကျကျသိဖို့ သမိုင်းစာ မျက်နှာများကို ပြန်လှန်ကြည့်ရှုတဲ့အခါ မြန်မာနိုင်ငံရဲ့ပညာရေးသမိုင်းဟာ ဗုဒ္ဓဘာသာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အတူ ပေါင်းဆုံရာမှ မြန်မာနိုင်ငံပညာရေးသမိုင်းဆိုတာ ပီပြင်လာခြင်းပါ။

မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်းကို ကောက်ကြောင်းပြန်၍ကောက်ပြရလျှင် မြန်မာသက္ကရာဇ် ၁၂၃၀ ခု၊ ခရစ်သက္ကရာဇ် ၁ဂ၆၈-ခုနှစ် ထိ မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသာရှိပြီး၊ လူကျောင်း (အစိုးရ စာသင်ကျောင်းမျိုး) ဆိုတာ တစ်ကျောင်းတလေမျှ မရှိသေးကြောင်းကို သမိုင်းစာမျက်နှာ၌ ရှာဖွေတွေ့ရှိခြင်းပါ။ (2)  မြန်မာနိုင်ငံအောက်ပိုင်းကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီး အင်္ဂလိပ်လက်အောက် ကျရောက်ပြီး နောက်ပိုင်းမှာတော့ ခရစ်သက္ကရာဇ် ၁ဂ၇၃ ခုနှစ်တွင် ဘုန်းတော်ကြီးကျောင်းအရေအတွက်ဟာ (ဂ၀၁) ကျောင်းရှိပြီး၊ လူ ကျောင်း (အစိုးရ စာသင်ကျောင်း) အရေအတွက်မှာ (၁၁၂) ထိ တိုးပွားလာခြင်းပါ။ ထိုအစိုးရ စာသင်ကျောင်းများ (လူကျောင်းများ)၌ ၀ိဇ္ဇာ သိပ္ပံအပါအ၀င် လောကီအတတ်ပညာများကိုပါသင်ကြားခဲ့၍ အစိုးရစာသင်ကျောင်းများ၌ ကျောင်းသားဦးရေးများ တနေ့တခြား တိုးပွားလာ ပြီး၊ ပါဠိစာပေ အခြေခံဖြစ်တဲ့ သုတိ (သဒ္ဒါကျမ်းအတတ်)၊ သမ္မုတိ (ဓမ္မသတ်ကျမ်းအတတ်)၊ သင်္ချာ (သင်္ချာအတတ်)၊ နီတိ (နိတိကျမ်းအ တတ်)၊ တိကိစ္ဆာ (ဆေးအတတ်)၊ စတုဗေဒါ (ဗေဒင်လေးပုံအတတ်)၊ ဆန္ဒိသာ (ဆန်းကျမ်းအတတ်) စသည်တို့ကိုသာ သင်ကြားပေးသော ဘုန်းကြီးကျောင်းများ၌ တနေ့တခြား ကျောင်းသားဦးရေများ နည်းပါးလာခြင်းကို သမိုင်းစာမျက်နှာများပေါ်၌ တွေ့ရှိရခြင်းပါ။ ထိုကြောင့် ၁၈၉၂ ခုနှစ်တွင် ဘုန်းကြီးတော်ကြီးသင်ပညာရေးကျောင်းများ (၄၆၁၉) ကျောင်းရှိခဲ့ရာမှ တဖြေးဖြေးယုတ်လျော့လာကာ ၁၉၃၃-၃၄ ခုနှစ် တွင် (၉၂၈) ကျောင်းမျှသာရှိတော့ကြောင်းကို တွေ့ရှိရခြင်းပါ။ (3) 

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၅၂-ခုနှစ်တွင် နိုင်ငံတော်မှ ဘုန်းတော်ကြီးကျောင်း ပညာရေးစီမံကိန်းကို တဖန်အကောင်အထည် ဖော်ခဲ့ပြန်သည်။ ၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်တွင်း မှတ်ပုံတင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၅၅၄၅) ရှိခဲ့ကြောင်း သိရခြင်းပါ။ (4) ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် လူထုပညာရေးဌာန (ပုဂ္ဂလိကကျောင်းများ) ကိုဖျက်သိမ်း၍ ဘကကျောင်းများအတွက်ကိုမူ ဘ-က ဌာန စိတ်ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ သို့သော် ၁၉၇၂ ခုနှစ်တွင် ဘ-ကဌာနစိတ်ကို ဖျက်သိမ်းခံခဲ့ရခြင်းပါ။ ၁၉၉၃ ခုနှစ်တွင် ဘုန်းတော်ကြီး ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် မူလတန်းအဆင့်၊ အလယ်တန်း အဆင့်မျှကိုသာ သတ်မှတ်ပြဋ္ဌာန်းပေးလျှက် ဖွင့် လှစ်ပေးခဲ့ခြင်းပါ။ (5)  ဤသို့ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘကကျောင်း) များ၏ လောကဓံဒီလှိုင်းသည် ခေတ်စနစ်၏ရေစီး ကြောင်းနှင့်အတူ နိမ့်တုံမြင့်တုံ ဖြစ်ခဲ့ရခြင်းပါ။

ရှေးခေတ်၊ ရှေးအခါက အစဉ်အလာကြီးမားခဲ့သော မြန်မာဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် မြန်မာ ရှင်ဘုရင်များ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် မင်းလုပ်ခဲ့ကြတဲ့အချိန်မှစ၍၊ (အနော်ရထာမင်းလက်ထက်မှစ၍) ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသည် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် တက္ကသိုလ်ကျောင်းများအသွင် တည်ရှိနေခဲ့ကြခြင်း ပါ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဟာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အတွက် ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် နိုင်ငံ တော်ရဲ့ပညာရေးကဏ္ဍကို ဦးဆောင်နိုင်ခဲ့ကြခြင်းပါ။ အကျိုးဆက်အနေနှင့် ထိုထိုသို့သောအခြေအနေတွေကြောင့် မြန်မာနိုင်ငံဆိုတာ ယနေ့ခေတ်အထိ ဆက်လက်တည်ရှိနေခဲ့ခြင်းပါ။ ဒါဟာ သမိုင်းကပြောတဲ့ ဘုန်းကြီးကျောင်းများရဲ့ ပညာရေးသမိုင်းသက်သေများပါ။ 

မြန်မာနိုင်ငံ၌​ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏အရေးပါမှုကို သမိုင်းပညာရှင်များသိထားကြသော်လည်း ယနေ့မျက်မှောက် ခေတ်၌​ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခက်အခဲများကို သမိုင်းရှင်များ သိချင်မှသိနိုင်မှာပါ။ ပညာသင်ကြားရေးနှင့်ပတ်သက်၍ အစိုးရကျောင်းများနှင့် တန်းတူရည်တူ အခွင့်အရေးများ မရခဲ့ကြသောကြောင့် အခက်အခဲများစွာကို ကျော်ဖြတ်ရင်း ယနေ့မျက်မှောက်ခေတ် အနေအထားနှင့် ရပ်တည်နိုင်အောင် ဘုန်းတော်ကြီးများအတော်ကို ရုန်းကန်နေရခြင်းပါ။

မြန်မာနိုင်ငံရယ်လို့ တည်ရှိဖြစ်ပေါ်လာခဲ့တဲ့အချိန်ကစပြီး သမိုင်းတစ်လျှောက်လုံး လူမျိုးကို ဦးဆောင်နိုင်ခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အရေးပါအရာရောက်မှုကို အင်္ဂလိပ်များပင် သိရှိခဲ့ခြင်းပါ။ အင်္ဂလိပ်အုပ်ချုပ်သည့်ခေတ်၌် မြန် မာနိုင်ငံတွင် ပထမဦးဆုံး မဟာဝန်ရှင်တော်မင်းကြီးဖြစ်လာခဲ့တဲ့ ဆာအာသာဖယ်ယာဟာ ခရစ်နှစ် ၁ဂ၆၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်) တွင် ဘုန်းတော်ကြီးသင်ပညာရေးကိုအခြေပြု၍ ပညာရေးစနစ်သစ်တစ်ခုတီထွင်ရန် ကြိုးပမ်းလာခဲ့သူပါ။ ပညာရေးစနစ် ပြုပြင်နိုင် ရေးအတွက် ဆာအာသာဖယ်ယာရဲ့အကြောင်းပြချက်က “မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးများ သြဇာတိက္ကမကြီးမားနေခြင်းဟာ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများကြောင့် ဖြစ်နေခြင်းပါ။ ကလေးသူငယ်များဟာ ဘုန်းတော်ကြီးကျောင်းများ၌ အရေး၊ အဖတ်၊ အတွက် တတ် မြောက်ရုံသာမက ပါဠိစာပေဆိုင်ရာ အသိတရားများ၊ ဘုန်းတော်ကြီးများ၏ ဆုံးမသြ၀ါဒများ၊ သမိုင်းဆိုင်ရာ ဗဟုသုတများ၊ ကိုယ်ကျင့်သိက္ခာ ပိုင်း၌လည်း လိမ္မာယဉ်ကျေးမှုရှိခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ မျိုးချစ်စိတ်ရှိခြင်းစတဲ့ အကျိုးတရားတွေကို ဆာအာသာဖယ် ယာ ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်းပါ။ သူတွေ့မြင်ခဲ့တဲ့အတိုင်း အိန္ဒိယပြည် ဘုရင်ခံချုပ်ထံသို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ နိုင်ငံနှင့် လူမျိုးအတွက် အရေးပါအရာရောက်နေပုံကိုသိရှိနိုင်ရန် အစီရင်ခံစာတစ်စောင်ကို တင်ပြခဲ့ခြင်းပါ။6

အင်္ဂလိပ်တို့သည် ဘုန်းကြီးကျောင်း ပညာရေးစနစ်ကို စနစ်တကျလေ့လာပြီးနောက် အင်္ဂလိပ်အုပ်ချုပ်သော မြန်မာပြည်အောက်ပိုင်း ရန် ကုန်မြို့တွင် သိပ္ပံအတတ် ပညာအမျိုးမျိုးကို သင်ကြားနိုင်ရန် ၁၈၄၄ ခုနှစ်တွင် အစိုးရစာသင်ကျောင်းများကို စတင်တည်ထောင်ခဲ့ကြခြင်းပါ။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်အမျိုးမျိုအပြင် သက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များဖြစ်တဲ့ ဆေးသိပ္ပံအတတ်၊ ကြေးနန်း ကြိုးအတတ်၊ တရားဥပဒေအတတ်၊ မြေတိုင်းအတတ်၊ စက်မှုလက်မှုအတတ်မျိုးကိုပါ အစိုးရကျောင်းများ၌ စုံလင်စွာ သင်ကြားပေးခဲ့ကြခြင်းပါ။ ခေတ်နှင့်လျှော်ညီ၍ ခေတ်မှီသော သိပ္ပံပညာရပ်များကို သင်ကြားပေးခဲ့တဲ့ အစိုးရစာသင်ကျောင်းများ၏ အရှိန်အဟုန်သည် တရှိန်ထိုး တိုး တက်လာပြီး မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၉၃၂ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၉၂ဂ ကျောင်းမျှသာ ရှိတော့ပြီး၊ အစိုးရစာသင်ကျောင်းများမှာ  ၄၉၆၇ ကျောင်းထိ တိုးပွားလာခဲ့ခြင်းပါ။7

ထိုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများ၌ သင်ကြားပေးသော ပြဌာန်းစာများနှင့် အစိုးရစာသင်ကျောင်းများ၌သင်ကြားပေးသော ပြဌာန်းစာများ ကွဲပြားခြားနားလှခြင်းကြောင့် အစိုးရအသိအမှတ်ပြု ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌လည်းကောင်း၊ အသိအမှတ်မပြုသော ဘုန်းတော်ကြီးကျောင်းများ၌လည်း ကောင်း ပညာသင်ယူသူ တပည့်ဦးရေမှာ တစ်နေ့တစ်ခြား ဆုတ်ယုတ်သွားခဲ့ခြင်းပါ။ ထိုကဲ့သို့ဖြစ်သွားရ ခြင်း၏ အဓိကအကြောင်းရင်းမှာ (၁) ဘုန်းတော်ကြီးကျောင်းများ၌ တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများသည် အလုပ်အကိုင်များရဖို့ ခက်ခဲခြင်း၊ (၂) အင်္ဂလိပ်အစိုးရခေတ်၌ အင်္ဂလိပ်စာတတ်မှ လူရာဝင်လျှက် ရာထူးရာခံများရရှိနိုင်ခြင်း၊ (၃)ဘုန်းတော် ကျောင်းများတွင် အစဉ်အလာအရ ဘာသာရေး ဆိုင်ရာ ကျမ်းစာများနှင့် နီတိတို့ကိုသာ သင်ကြားပို့ချလျှက် ထိုဘုန်တော်ကြီးကျောင်းများ၌​၀ိဇ္ဇာသိပ္ပံနှင့်စပ်သော ခေတ်နှင့်လျှော်ညီတဲ့ ဘာသာရပ်များကို သင်ယူခွင့်မရရှိခြင်း၊ စသောအကြောင်းများကြောင့်ဆိုတာ သိသာထင်ရှား နေခြင်းပါ။8

ထို့ကြာင့် အစဉ်အလာရှိခဲ့သောဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့်စပ်လျဉ်း၍ သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်ရှု လေ့လာ သင့်ကြောင်း တိုက်တွန်းလိုခြင်းပါ။ ရှင်ဘုရင်များလက်ထက်၌ ဘုန်းတော်ကြီးများသည် ခေတ်နှင့်လျှော်ညီတဲ့ (အဲဒီခေတ်၊ အဲဒီအခါကို ဆိုလိုသည်) ခေတ်ပညာများကို (သင်္ချာအတတ်၊ ဂဏန်းအတတ်၊ ပျို့ကဗျာ လင်္ကာရေးနည်းအတတ်၊ ဗေဒင်အတတ်၊ ယတြာအတတ်၊ ဆေးကျမ်းအတတ် စသည်များကို) သင်ကြားပေးနိုင်ခဲ့ကြ၍ ̏ရပ်သူနယ်သား လူအများ၏ ဆရာဖြစ်ရုံသာမက မြို့ပြတို့၌လည်း မင်းညီမင်း သား မှူးမတ်သားတို့၏ ဆရာတော်များဖြစ်ကြသည်။ (ထို့ကြောင့်) မိမိတို့သည် (ခေတ်) အခါနှင့်လိုက်အောင် (ခေတ်နှင့်လိုက်လျောညီထွေရှိ အောင်) ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခုအချိန်မှာလည်း တိုင်းသူပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြုပြင်နိုင်ကြမှုကြောင့် ဆရာအဖြစ်မှပင် လျှော့ကျရုံမက တချို့ကျေးရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင်မရှိတော့ပေ˝ ဟု တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဘုန်းကြီးကျောင်းပညာရေးနှင့်ပတ်သက်၍ အလေးအနက်ထားကာ ဆွေးနွေးတင်ပြသွား ခဲ့သည်။9

ယနေ့မျက်မှောက်ခေတ်၌ ဘုန်းကြီးကျောင်း ပညာရေးစနစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ဘုန်းကြီးကျောင်းပညာရေးမှာ နှစ်မျိုးနှစ်စားရှိ နေ ခြင်းကို တွေ့ရခြင်းပါ။ (၁) ဘုန်းကြီးကျောင်းပညာရေး (ပရိယတ္တိ စာသင်တိုက်များ)၊ (၂) ဘုန်းတော်ကြီးသင် ပညာရေး (ဘက ဘုန်းတော်ကြီး ကျောင်းများ) ဟူ၍ နှစ်မျိုးနှစ်စားတွေ့ရခြင်းပါ၊ ထိုနှစ်မျိုးမှာ နံပါတ် (၁) ဖြစ်တဲ့ ဘုန်းကြီးကျောင်းပညာရေး၌ ခေတ်နှင့်လျှော်ညီသော ဘာ သန္တရ စာပေများ (သင်္ချာ၊ အင်္ဂလိပ်စာ၊ စသည်) ကို ထည့်သွင်းသင်ကြားနိုင်ခြင်း မရှိသေးသည်ကို တွေ့နေရခြင်းပါ။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပသာသနာရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ခေတ်ရဲ့နောက်မှာ များစွာ နောက်ကျကျန်နေခြင်းကို သတိမူသူတို့သာ သိနိုင်မည် ဖြစ်ခြင်းပါ။ ထိုဘုန်းကြီးကျောင်း  ပညာရေးကို အစိုးရ အသိမှတ်ပြု အတန်းပညာအရည်အချင်းများနှင့် သတ်သတ်မှတ်မှတ် သတ်မှတ်ပေး ထားနိုင်ခြင်းမျိုးမရှိ၍ အစိုးရစာသင်ကျောင်းများ၏ ပညာရေးလယ်ဗယ်နှင့် အခါအားလျှော်စွာ နှိုင်းချိန်ခံရသောအခါ ဓမ္မာစရိယ အရည် အချင်းသည် ရေးတတ်၊ ဖတ်တတ် အရည်အချင်းမျှသာ အသိမှတ်ပြုထားသည်ကို တွေ့ရှိရ၍ များစွာဝမ်းနည်းမိခြင်းပါ။

နံပါတ် (၂) ဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းသင် ပညာရေးကျောင်းများမှာမူ ခေတ်နှင့်လျှော်ညီသော  မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် သိပ္ပံဘာ သာရပ်များကို သင်ကြားပေးနိုင်၍ ကျောင်းသားဦးရေးများ အဆမတန် တိုးပွားနေခြင်းပါ။ သို့သော် အမျိုး ဘာသာ သာသနာတော်အရေးကို လေးလေးနက်နက် တွေးဆဟန်မတူ ကြတဲ့ အစိုးရဆိုင်ရာ အကြီးအကဲများ၊ ပညာရှင်ကြီးများ၊ ပညာရေးဆိုင်ရာလူကြီးများသည် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများကို မူလတန်းကျောင်းများမှ အလယ်တန်းကျောင်းများအဆင့်၊ အလယ်တန်းကျောင်းများမှ အထက် တန်းကျောင်းများအဆင့်သို့ တိုးမြှင်ပေးနိုင်ဖို့အရေး ၀န်လေးနေကြခြင်းမှာ နားမလည်နိုင်အေင်ဖြစ်မိခြင်းပါ။ ပညာတတ်နည်းပါးသော လူမျိုးနှင့် ပညာတတ်ရှားပါးသောတိုင်းပြည်အတွက် ရင်လေးနေမိခြင်းပါ။

ပညာမတတ်တော့ကော ဘာဖြစ်မှာလဲလို့ မေးနေသူတွေကလဲ မေးနေဆဲပါ။ ဒီမိုကရေစီစနစ်မှာ ရာထူးကောင်းကောင်းလိုချင်ရင် အရည်အချင်းကောင်းကောင်းရှိရမှာပါ။ အရည်ချင်းကောင်းဆိုတာ ခေတ်မီတဲ့ ပညာရေးစနစ်မျိုးနှင့် ခေတ်ပညာများကို သင်ယူခွင့်ရပြီး၊ ထိုပညာ (ဘွဲ့ဒီဂရီ)ဖြင့် အလုပ်ခွင်၌ ယုံကြည် ချက်အပြည့်ဖြင့် အလုပ်လုပ်ပြနိုင်ခြင်းပါ။ ထိုကဲ့သို့မဟုတ်ဘဲ မြန်မာလူမျိုးအများစုရဲ့ ပညာရေးအဆင့် အတန်း များဟာ လွန်စွာနိမ့်ကျနေမည်ဆိုလျှင် ဒီမိုကရေစီစနစ်အရ နိုင်ငံတကာနှင့်ယှဉ်တဲ့ လုပ်ငန်းကိုင်ငန်းအခွင့်လမ်းတွေ ပွင့်လန်းလာ လို့ အလုပ်ခန့်ရာမှာ မြန်မာလူမျိုးများ (တိုင်းရင်းသားအားလုံး အပါအ၀င်) ကို ဘယ်နေရာမှာ ဘယ်ရာထူးမျိုးနဲ့ ခန့်အပ်နိုင်ကြမလဲဆိုတာ ကြိုတင်စဉ်းစားနိုင်ကြဖို့ပါ။

ထို့ကြောင့် ဆင်းရဲသားနှင့် ဆင်းရဲနွမ်းပါးတဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူတို့ရဲ့မှီခိုရာဖြစ်တဲ့ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများဟာ သမိုင်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အစိုးရကျောင်းများ၏ စံချိန်စံနှုန်းများနှင့် အညီ (အားကစားကွင်းရှိခြင်း၊ ကျောင်းနှင့် ကျောင်းအဆောက်အဦးစာသင်ခန်းများ လုံလုံလောက်လောက်ရှိခြင်း၊ စာကြည့်တိုက်ရှိခြင်း၊ ကျောင်းထိုင် ဆရာတော်များ ပညာအရည်အချင်းများ ပြည့်မီခြင်း-စသည်များ) ရှိနေခဲ့လျှင် ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းများကို အလယ်တန်းကျောင်းများအဆင့်သို့၊ အလယ်တန်းကျောင်းများကို အထက်တန်းကျောင်းများအဆင့်သို့ တိုးမြှင့်ပေးကြပါရန် တိုက်တွန်း လိုခြင်းပါ။ ပညာတတ်လူမျိုးက တိုင်းပြည်ကို ကြီးပွားချမ်းသာအောင် ဆောင်ရွက်နိုင်သလို၊ သဒ္ဓါတရားရှိပြီး ပညာနှင့်ဥစ္စာပြည့်စုံနေသူမျိုးကသာ သာသနာနှင့်လူမျိုးကို စောင့်ရှောက်နိုင်မည်ဆိုတာ ယုံကြည်ထားမိလို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ပါစေ။

ရည်ညွှန်း -
1။ သန်းထွတ် (ဦး) - မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်မြို့၊ ၂၀၁၁ ခု၊ နှာ ၁၉။
2။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁ဂ၇။
3။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၂၀၂။
4။ အောင်သိန်းညွှန့် (ဦး)၊ မြန်မာနိုင်ငံ၊ အခြေခံပညာရေးကဏ္ဍတွင်အရေးပါသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အဆင့်မြှင့် တင်ခြင်းစာတမ်း၊ ၂၀၁၂ ခု။ နှာ ၅။
5။ မြန်မာနိုင်ငံ၊ အခြေခံပညာရေးကဏ္ဍတွင် အရေးပါသောဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အဆင့်မြှင့်တင်ခြင်းစာတမ်း၊ နှာ ၆။
6။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁၇၂။
7။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁ဂ၇။
8။ မြန်မာနိုင်င့ ဘုန်းတော်ကြီးကျောင်း ပညာရေးသမိုင်း (ဒုတိယအကြိမ်)၊ နှာ ၁၈၈။
9။ ဇနကာဘိဝံသ၊ အရှင်။ ကိုယ့်ကျင့်အဘိဓမ္မာ (ပန္နရသမအကြိမ်)၊ မဟာဂန္ဓာရုံစာပေ၊ အမရပူရမြို့၊ ၂၀၀၂။ နှာ ၁၃၇။

Kyaw Moe (Sagarwar Myae) - Poem

ရွာ က လေး 
ကျော်မိုး (စကားဝါမြေ)
အောက်တိုဘာ ၁၈၊ ၂၀၁၂

 

တုံးမောင်းအခေါက်
လင်းယံရောက်
နောက်ကျမနှေး ထစို့လေး။

အိမ်ခေါင်မှာရပ်
တောင်ပံခတ်
မပြတ်တွန်ပေး လင်းကြက်တေး။

ဆွမ်းချက်အထ
ရောင်နီပြ
ဆောင်းကချမ်းအေး မီးဖိုဘေး။

လှည်းနွားပြင်ဆင်
လုပ်ငန်းဝင်
ရွာပြင်ယာဘေး လူနွားခွေး။

လှည်းသံလူသံ
ရွားလုံးညံ
ထပျံအဝေး ငှက်ကလေး။

ဘုရားဝတ်ပြု
ဘကြီးပု
သာဓုခေါ်ရေး အမျှပေး။

နေထွက်နှင်းကွယ်
လွယ်အိတ်လွယ်
ငယ်ရွယ်ကလေး ကျောင်းသို့ပြေး။

ရွာကျောင်းကိုရင်
ဆွမ်းခံဝင်
အိမ်စဉ်လှူပေး ကုသိုလ်ရေး။

ထန်းပင်တည့်မတ်
ရင်းထောင်ကပ်
လှီးဖြတ်ခံပေး ထန်းရေမွှေး။

ပေါင်းရှင်းမြက်နှုတ်
တောင်ယာလုပ်
ချွေးသုတ်ဆိုတေး လုံမလေး။

ထမင်းတောင်းရွက်
နေခေါင်းထက်
ထွန်ယက်ယာဘေး ဝိုင်းဖွဲ့လွှေး။

နေလုံးနီကြင်
သိမ်းလုပ်ခွင်
ရွာဝင်နွားပြေး ဖုန်လှိုင်းထွေး။

ရေခပ်ပျိုနွဲ့
လူပျိုလှည့်
ဆိုဖွဲ့ချစ်တေး ရေကန်ဘေး။

အမြည်းစုံပြီ
ဝိုင်းဖွဲ့စီ
ထန်းရည်ခါးမွှေး သောက်စို့လေး။

နေရောင်အပျောက်
ညမှောင်ရောက်
မြောက်ပြန်လေသွေး မြူနှင်းဖွေး။

ဗွီဒီယိုရုံ
အရွယ်စုံ
ပြုံကာကြည့်ငေး ဖျော်ဖြေရေး ။

ပရိတ်သံသာ
ရွာထက်ဖြာ
ညခါရွတ်ပေး ဘေးရန်ဝေး။

သက်ကြီးခေါင်းချ
ကြက်တွန်မှ
ဆောင်းညမှာမှေး  ရွာကလေး။ ။

ပန်းချီ - ချမ်းငြိမ်းကျော်

Lai Lone - Cartoon

ရ န် ဖြ စ်ေ န ရ တာ နဲ့ ပဲ
ကာတွန်း - လိုင်လုဏ်
အောက်တိုဘာ ၁၈၊ ၂၀၁၂

Letter to Moemaka

ပုဂ္ဂလိကဆေးရုံပိုင်ရှင်မှ လက်အောက်ဝန်ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်
ကိုနှင်းမောင် (ဟင်္သာတ)
အောက်တိုဘာ ၁၈၊ ၂၀၁၂ 
 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သော မြင့်မြတ်ဆေးရုံတွင် ၁၄-၁၀-၂၀၁၂ နေ့၌ ဆေးရုံပိုင်ရှင် မှ သူ၏၀န် ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြင့်မြတ်ဆေးရုံပိုင်ရှင်မှ သူ၏၀န်ထမ်းအား အမျိုးမျိုးအကြောင်းပြကာ နှိပ်စက်ညှဉ်းပန်းသောကြောင့် ထိုဝန်ထမ်းမှာ အလုပ်မှ ထွက်လိုကြောင်းပြောရာ ပိုင်ရှင်မှ ကြိုးဖြင့်တုတ်ကာ အပြင်သို့ထွက်ခွင့် မပေးတော့ ကြောင်း၊ မီဒီယာသမားတွေလာကာမှ ထုတ်ပေးကြောင်း သိရသည်။ ထိုဝန်ထမ်း အမည်မှာ ကိုအောင်ကျော်ဟုသိရပြီး လောလောဆယ် စခန်းတွင်အမှုဖွင့်ထားကြောင်း၊ ကိုအောင်ကျော်အား ဆေး ရုံပိုင်ရှင်မှ ကြိမ်းလုံးဖြင့်ရိုက်ကြောင်း၊ နာရင်းကို လက်ဝါးဖြင့်ရိုက်ကြောင်း၊ နှိပ်စက်တာကိုမခံနိုင်၍ အလုပ်မှထွက်မည်ဆိုတာကို ပေးမထွက်ပဲ လျော်ကြေးပေးမှ ထွက်လို့ရမည်။ ပြီးတော့ ကြိုးဖြင့်တုတ်ထားကြောင်း၊ မီဒီယာသမားတွေလာမှ ထုတ်ပေးတာဖြစ်ကြောင်း ကိုအောင် ကျော်နှင့် နီးစပ်သူတစ်ဦးမှ သိရှိရသည်။ 

ထိုဆေးရုံပိုင်ရှင်မှာ ဟင်္သာတဂေါက်ကွင်းတွင် KTV ဖွင့်ထားသော ကိုဝင်းဇော် (စသုံးလုံး ဦးစီးအရာရှိ) နှင့် ဆွေမျိုးတော်စပ်သည်ဟု ကြားသိရပြီး၊ ထို့ကြောင့်သာ “စသုံးလုံးရဲ့တူဆိုပြီး အရှိန်နဲ့ လုပ်ချင်တိုင်းလုပ်နေတာ။ ကိုဝင်းဇော်ရဲ့ KTV ကလည်း တိုင်လိုက်လို့ နားရင် အများဆုံးတပါတ်ပဲ။ ပြီးတော့လည်း ဒုံရင်းက ဒုံရင်းပါပဲ ဘာမှ မပြောင်းလဲပါဘူး”ဟု မြို့ခံတစ်ဦးက ပြောကြားပါသည်။
Posted by Aung Htet at 5:18 AM 0 comments  

WEDNESDAY, OCTOBER 17, 2012

Maung Yin Nag Tay - Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
အောက်တိုဘာ ၁၈၊ ၂၀၁၂ 
 
 • ပြင်သစ်ဆိုတာ
ပါရီအကြောင်းမပြောခင် ပါရီဆိုတာ ပြင်သစ်ပြည်ရဲ့မြို့တော်ဆိုတော့ကာ ပြင်သစ်အကြောင်း နဲနဲစပြောရမှာပေါ့။ ပြင်သစ်ဆိုတဲ့ မြန်မာ အ ခေါ်အဝေါ်ဟာ ဘယ်တုန်းက ဘယ်သူကစတင်ပြီး ခေါ်ဝေါ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ သေသေချာချာမပြောနိုင်ဘူးလို့ ထင်ပါတယ်၊ မောင်ရင်ငတေဖတ်ဖူးခဲ့တဲ့ စာတအုပ်ထဲမှာတော့ (မွန်သမိုင်းပညာရှင်ကြီး နိုင်ပန်းလှရေးတာလို့ထင်ပါတယ်) ပြင်သစ်လူမျိုးကို ပြင်သစ်လို ခေါ်တဲ့ ဖရန်ဆေးဇ်၊ ဖရန်ဆေ့စ်၊ ပရန်သေ့စ်၊ ပရန်သစ်ကနေ မွန်လို မြန်မာလို ပြင်သစ်ရယ်လို့ ခေါ်ဝေါ်လာတယ်လို့ဘဲ နားလည်ထား လိုက်ပါတယ်။



အရှင်းဆုံးပြောရရင်တော့ ပြင်သစ်ပြည်ကြီးဟာ မြန်မာပြည်ထက် ကျဉ်းပါတယ်၊ သေးပါတယ်။ ဥရောပကုန်းမြေပေါ်ရှိတဲ့ မေထရိုပိုလီတန် ပြင်သစ်နိုင်ငံဟာ ၂၁၁၂၀၉ စတုရန်းမိုင်ကျယ်ပြီး အိုဗာဆီးပြင်သစ်နိုင်ငံလေးတွေနဲ့ပေါင်းလိုက်ရင်တောင်မှ ၂၆၀၅၅၈ စတုရန်းမိုင် သာရှိပါ တယ်။ လူဦးရေ စုစုပေါင်းက ၆၆ သန်းကျော်ခန့်ရှိတယ်။ အဲဒီထဲမှာမှ ပြင်သစ်စစ်စစ် ဘယ်လောက်ရှိသလဲဆိုတာကတော့ ပြင်သစ်လက် ရွေးစင် ဘောလုံးသမားတွေကိုကြည့်လိုက်တာနဲ့ဘဲ သိနိုင်ပါတယ်။ ခက်တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်ကာလက ထင်ရှားခဲ့တဲ့ နပို လီယံကိုမေးကြည့်ရင်လည်း သူကိုယ်သူ ပြင်သစ်စစ်စစ်လို့ပြောပါ့မလားလို့ မောင်ရင်ငတေ တွေးမိကြောင်းပါ။ နပိုလီယံက ပြင်သစ် တောင်ပိုင်း မြေထဲပင်လယ်ထဲက ကော်ဆီကာကျွန်းသားပါ။ ကော်ဆီကာကျွန်းဆိုတာ ယခုခေတ် အီတလီတို့ရဲ့ လွန်ခဲ့တဲ့နှစ် ၂၀၀၀ ခန့်က တည်ရှိခဲ့တဲ့ ရောမအင်ပါယာနယ်မြေထဲကပါ။ အဲဒီလို သမိုင်းကို ပြန်လှန်ကြည့်တဲ့အလုပ်ကတော့ မောင်ရင်ငတေရဲ့အလုပ်မဟုတ်ပါဘူး။ ကိုယ့်အလုပ်မဟုတ် ကိုယ်သေချာမသိဘဲ ပြောမှားဆိုမှားဖြစ်ခဲ့ရင် ပြေးပေါက်မှားမှာစိုးရလို့ ဆက်မပြောတော့ပါဘူးနော်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကနေပေါက်ဖွားလာတဲ့သူတွေက နှစ်ဆယ့်တစ်ရာစုမှာတော့ ပြင်သစ်လူမျိုးစစ်စစ်တွေပေါ့ဗျာ။


ပြင်သစ်ပြည်ရဲ့တည်နေရာအနေအထားဟာ ဥရောပရဲ့ အနောက်ဖက်စွန်းရောက်နေပေမဲ့လည်း အဓိက အင်အားကြီးတိုင်းပြည်တွေနဲ့ နယ်နမိတ်ခြင်း ဆက်စပ်နေတာပါ။ နေမဝင်အင်ပါယာကြီးနဲ့လည်း ဟိုဘက်ကမ်း ဒီဘက်ကမ်းပါ။ ဂျာမဏီ၊ အီတလီ၊ စပိန် ဘုရင့်နိုင်ငံတို့နဲ့ လည်း အခုဆိုရင် ရထားလမ်းတွေ အမြန်ကားလမ်းမကြီးတွေနဲ့ ဥဒဟို ဝင်ထွက်သွားလာနိုင်ပါတယ်။ မြေထဲပင်လယ် အတ္တလန်တိတ်သမုဒ္ဒရာ အင်္ဂလိပ်ရေလက်ကြား မြောက်ပင်လယ်တို့နဲ့ ဝိုင်းရံထားပါတယ်။ မြောက်ဘက်မှာ ဘုရင့်တိုင်းပြည် နိုင်ငံငယ်တွေဖြစ်ကြတဲ့ ဘယ်လ်ဂျီယမ် လူဇမ်ဘူးနဲ့ တောင်ပိုင်း စပိန်နယ်စပ်က အန်ဒိုရာနိုင်ငံရယ် ကမ္ဘာအချမ်းသာဆုံး တိုင်ပြည်တပြည်လို့ သတ်မှတ်ကြတဲ့ ဆွစ်ဇာလန်တို့နဲ့လည်း နယ်ခြင်း ဆက်စပ်နေပါတယ်။ အတိတ်သမိုင်းများမှာ ခပ်စွာစွာရှိခဲ့ဖူးတဲ့ ငဇင်ကာတို့ရဲ့ ပေါ်တူဂီပြည်နဲ့ ဒတ်ခ်ျတိုင်းပြည်တို့နဲ့လည်း လက်တ ကမ်း အကွာမှာရှိပါတယ်၊ ကုန်းမြေဆက်စပ်မှုများပြီး သွားရေးလာရေးလွယ်ကူခဲ့တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေ ခုထိဝင်ထွက်သွား လာအခြေချ ပြောင်းရွေ့နေထိုင်မှုတွေများပြားခဲ့လွန်းတော့ ယခုခေတ် ပြင်သစ်စစ်စစ်တွေဆိုတာ ပြင်သစ်အီတလီ ပြင်သစ်အင်္ဂလိပ် ပြင် သစ်၊ စပိန်၊ ပြင်သစ်ဂျာမန်တွေလို့သာ ပြောလို့ရပါတယ်။

 

Départements d’outre-mer - Territoires d’outre-mer (The French Overseas Departments and Territories) ပင်လယ်ရပ်ခြား ပြင်သစ်ခရိုင်ဌာနများလို့ ခေါ်လို့ရနိုင်မဲ့ ကာရေဘီယံပင်လယ်ထဲမှာတည်ရှိတဲ့ ဂွါဒလု့ပ် (La Guadeloupe) နဲ့ မာတီနစ် (La Martinique) အပါအဝင် အခြားသော ကျွန်းပိစိလေးတွေရယ်၊ အာဖရိကတိုက် တောင်ဘက်စွန်းနဲ့ကပ်ရက် အိန္ဒိယသမုဒ္ဒယာထဲက La Réunion နဲ့ Mayotte လို့ခေါ်တဲ့ သာယာလှပတဲ့ ကျွန်းကလေးတွေမှာ မွေးဖွားနေထိုင်တဲ့ ကျွန်းသူကျွန်းသားလူမည်းများကလည်း ပြင်သစ်နိုင်ငံသားစစ်စစ် တွေအဖြစ် သတ်မှတ်ထားတာပါ၊ ပြင်သစ်နယ်တွေဖြစ်လို့ ယူရိုငွေကြေးဇုန်ထဲမှာ ပါဝင်ပေမဲ့ Schengen Visa Area ထဲတော့ မပါဝင်ပါဘူး၊ နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ Thierry Henry၊ Lilian Thuram၊ William Gallas တို့ဟာ ဂွာဒလု့(ပ်)လူမျိုးတွေ ဖြစ်ကြပါတယ်၊ အဲဒါကြောင့်လို့တော့ ထင်ပါတယ် ပြင်သစ်လူမျိုးတွေက ရုတ်တရက်ကြည်ရင် သွေးကြီးကြသလို ထင်ရမြင်ရပေမဲ့ လူမျိုးရေးအရတော့ ခွဲခြားမှု အထင်သေး အမြင်သေးမှု အရမ်းကိုနည်းပါးကြပါတယ်။ ကျနော်မြန်မာလူမျိုးပါလို့ ပြောတဲ့အခါတိုင်းမှာ သူတို့ကြည့်တဲ့အကြည့် ဆက်ဆံတဲ့အမူအရာ ပြောင်းလဲသွားတာကို မြင်ရတွေ့ရခဲပါတယ်။ မောင်ရင်ငတေတို့ရဲ့ အိမ်နီးနားချင်းတွေကတော့ တော်တော်ကို ဆိုးဝါး စွာ ဆက်ဆံခံခဲ့ရတာကို ကိုယ်တွေ့ကြုံခဲ့ရဖူးတဲ့သူပါခင်ဗျာ။


နောက်ပြီး မောင်ရင်ငတေ ရောက်ဖူးချင်တဲ့ ကမ္ဘာကျော် တဟီတီကျွန်းကလည်း ပစိဖိတ်သမုဒ္ဒယာ ထဲက ပြင်သစ်ရဲ့ကျွန်းလေးတကျွန်းပါဘဲ၊ ဒီကျွန်းဆီကိုတော့ အခုထိ မသွားနိုင်သေးပါဘူး။ မောင်ရင်ငတေသွားခဲ့တဲ့ခရီးတွေက ခြစ်ချုပ်ကုပ်ကပ်ပြီးထားတဲ့ ငွေစကလေးတွေနဲ့ လက်မှတ် ပေါပေါချောင်ချောင်ဝယ်လို့ရတဲ့အချိန်ရယ် ညအိပ်တည်းခိုလို့ရမဲ့ ရွှေမြန်မာတည်းခိုအိမ်တွေနဲ့ အဆက်အသွယ်ရမှသာ  သွား လာနိုင်တာပါဗျာ။ ကိုယ်ပိုင်စရိတ်နဲ့ သွားလာရလို့ စိတ်သွားတိုင်း ကိုယ်မပါပါဘူး။ ငွေများများဝင်ဖို့ အလုပ်လည်း မလုပ်တတ်ဖူးလေ။ ရနိုင်သမျှ ရောက်နိုင်သမျှတော့ သွားချင်နေတာပါဘဲ။ ဥရောပကို စတင်ခြေချဖို့ ကြံစည်ချိန်ကထဲက ပြင်သစ် ပါရီ အီဖယ်လ်သမိုင်းကို ကြိုက်နှစ် သက်တာရယ်၊ ဥရောပရဲ့ တဆက်တစပ်တည်းသော ကုန်းမြေကြီးပေါ်က သွားလမ်းလာလမ်း အလှမ်းသိပ်မဝေးတဲ့ သမိုင်းဝင်မြို့ တွေ တိုင်းပြည်တွေကို အခွင့်သာရင် ရောက်အောင်သွားချင်တဲ့ ဆန္ဒတွေ ရှိခဲ့တာရယ်။ ဒါတွေ တချို့တဝက်တော့ ပြည့်ခဲ့ပါပြီ။ နောက် ဆက်ပြီး သွားရနိုင်ဖို့ကိုတော့ ဘယ်သူ့ကိုတိုင်တည် ဆုတောင်းရမှာပါလိမ့်၊ ကိုယ်ကိုတိုင်က သိပ်အစွမ်းစရှိတာမှ မဟုတ်တာ မဟုတ်လား၊ ဖိတ်ခေါ်မဲ့သူ ပေါ်လာမလားလို့ပါဗျာ။

• ပါရီသမိုင်း
ပါရီမြို့ကို ခရစ်တော်မပေါ်ခင်နှစ် ဘီစီလေးငါးထောင်ကတည်းက တည်ဆောက်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြပါတယ်။ မား ဆေးလ်မြို့က ဘီစီ ၆၀၀ ခန့်ကတဲကတည်ရှိခဲ့ပြီး ပါရီထက် စောတယ်လို့လည်း ဖတ်မိ မှတ်မိပါတယ်။ ဟိုဖတ်ဒီဖတ်ဆိုတော့လည်း ရော ကုန်ပါပြီ။


 

၁၂ ရာစု ပါရီမြို့တော်ကတော့ ယနေ့ခေတ် မြို့လည်ခေါင်မှာရှိတဲ့ နော်တာဒမ် ဘုရားကျောင်း ပတ်ဝန်းကျင်တဝိုက်သာရှိသေးပါတယ်။ အ နော်ရထာတို့ ကျန်စစ်သားတို့ မင်းစောလူတို့ခေတ်က တည်ဆောက်ခဲ့တဲ့ ပုဂံဘုရားစေတီများနဲ့ သိပ်မကွာတဲ့ခေတ် ခေတ်ပြိုင် နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ ၁၂ ရာစု မတိုင်ခင်ကာလ စောစောပိုင်းကတည်းက တည်ရှိခဲ့တဲ့ မြို့တော်ဟာ မြို့တော်ပါဘဲခင်ဗျာ။ ဒီမြို့တော်ကြီးဟာ အမြဲတမ်းမြို့တော် ဖြစ်နေအုံးမှာပါ။ မြို့တော်တွေ များပြားခြင်းဟာ အချင်းချင်း သွေးကွဲစေခြင်းတွေကို ဖန်တီးပေးစေတယ်လို့် ထင်မိပါ တယ်။ ပြင်သစ်ပြည်ရဲ့ ပထမမြို့ပါရီနဲ့ ဒုတိယမြို့များဖြစ်ကြတဲ့ လီယွန် (Lyon) မားလ်ဆေးလ် (Marseille) မြို့သားများဟာ အမြဲတမ်း ပြိုင်ဖက်တွေသာ ဖြစ်ခဲ့ကြပါတယ်။ ခုအထိ ဘောလုံးကန်တိုင်း ဘောသမားချင်းရော ပရိတ်သတ်ပါ အမြဲလိုလို ပြဿနာနဲ့ပါ။ ဒါတောင် လီ ယွန်မြို့က ပြင်သစ်ပြည်သမိုင်းမှာ ပြင်သစ်မြို့တော်လို့ မောင်ရင်ငတေတော့ တခါမှမကြားဖူးပါ။ မောင်ရင်ငတေ ဗဟုသုတနဲလို့ မဖတ်ဖူးလို့ လည်း ဖြစ်ရင်ဖြစ်မှာပါနော်။

 

ပါရီမြို့မှာ ၁၈၆၀ ခုနှစ်လောက်ကစပြီး ဒီကနေ့ထိ ထူးထူးခြားခြား အပြောင်းအလဲမရှိခဲ့တဲ့ အမှတ် (၁) ကနေ (၂၀) ထိ ရပ်ကွက်ကြီး ၂၀ ရှိ ပါတယ်။ အီဖယ်တာဝါ တည်ဆောက်ခြင်းမပြုရသေးတဲ့ ခေတ်ဖြစ်ပါတယ်။

၇၅ နဲ့စတဲ့ စာတိုက်သေတ္တာနံပတ်ကတော့ ပါရီမြို့ရဲ့နံပါတ်ဘဲဖြစ်ပါတယ်။ ဒီရပ်ကွက် ၂၀ မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်ပြီး ပါရီ မေထရိုပိုလီတန်မှာတော့ လူဦးရေ ၁၂ သန်းကျော် ရှိပါတယ်။ စုစုပေါင်းနိုင်ငံလူဦးရေရဲ့ ငါးပုံတစ်ပုံလောက်ရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံခြားမှာ မွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံသားဖြစ်နေသူ သုံးပုံတစ်ပုံခန့် ရှိနေပါတယ်။ ပါရီမြို့မှာ နိုင်ငံခြားသား ဘယ်လောက်များမများဆိုတာ မောင်ရင် ငတေတို့နေတဲ့ ပါရီမြို့တောင်ဘက် အစွန်းကျကျကနေ မြေအောက်ရထား စစီးပြီးသွားခဲ့တာဟာ မြောက်ဘက်စွန်း ဂိတ်ဆုံးဘူတာကို ရောက်ရင်ဖြင့် တရုတ်ပြည်ကနေ အိန္ဒိယကို ရောက်သွားတာလား အာရပ် အာဖရိကကိုဘဲ ရောက်သွားတာလား လို့ကို စိတ်ထဲမှာ အမြဲလို လိုဘဲ ထင်မြင်မိကြောင်းပါဗျာ။ အဲဒီတော့ကာ ရထားပေါ်မှာ ကြားရတဲ့စကားသံတွေကလည်း လူမျိုးပေါင်းစုံရဲ့အသံတွေ စုံတကာစိလို့ကို နေပါတော့တယ်။





အီဖယ်မျှော်စင် တည်ဆောက်ပြီးတဲ့ ၁၈၉၀ ကျော်နှစ်များက ပါရီမြို့ရဲ့ အဓိကနေရာ အဓိကအဆောက်ဦးများကတော့ ဒီကနေ့ခေတ် မောင် ရင်ငတေတို့ ရောက်ရှိခဲ့တဲ့နေ့များအထိ မပြောင်းမလဲ တည်ရှိနေတာကို ဒီပုံတွေမှာ ထင်ထင်ရှားရှားကို တွေ့ရှိရမှာပါ။ ဒါကြောင့် မောင် ရင်ငတေရဲ့ ပြင်သစ်လူမျိုး မိတ်ဆွေတယောက် အပြောကတော့ သူအီဖယ်လ်မျှော်စင်ပေါ် မရောက်တာကြာပြီဖြစ်ကြောင်း သူသက်တမ်း ငါးဆယ်မှာ တခေါက်သာရောက်ဖူးကြောင်း ဒါတောင်သူကျောင်းသားဘဝက လေ့လာရေးအဖြစ် ကျောင်းအစီစဉ်နဲ့ ရောက်ခဲ့တာဖြစ်ကြောင်း ခုထိ ဘာတခုမှ အပြောင်းအလဲမရှိလို့ သွားရမှာပျင်းကြောင်း စီးပွားရေးသမားတွေက ဂွင်ဖန်လုပ်စားနေတာဘဲ ဖြစ်ကြောင်းတွေ ပြောပြ နေလို့ မောင်ရင်ငတေကတော့ ပါးစပ်ပိတ် အသာဘဲ နားထောင်နေလိုက်ရကြောင်းပါခင်ဗျာ။ လူဘဲနော် အမျိုးမျိုးရှိတာပေါ့ မဟုတ်လား လွတ်လပ်စွာကွဲလွဲခြင်းပေါ့။



Photos : Google image




--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages