6th Sept - MoeMaKa Daily

36 views
Skip to first unread message

Maung Yit

unread,
Sep 6, 2012, 2:24:46 AM9/6/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
 မြန်မာ့ဒေါသ ကမ္ဘာကသိအောင် ကျွန်တော်တို့ မပြတော့ပြီ...

ဝတ်မှုန် (စင်္ကာပူ)၊ စက်တင်ဘာ ၆၊ ၂၀၁၂

            ကျွန်တော်ရေးချင်တဲ့ စာအုပ်ခေါင်းစဉ်လေးဖြစ်ပါတယ်။
ကျွန်တော်တို့ငယ်စဉ်တောင်ကြီး ကလေးဘ၀က မုံရွာမြို့မှာ ဆူးလေကုန်း၊ဘုန်းကြီးကျောင်းက ကျောက်ခဲတွေကို သွေးပြီး၊သေနတ်လုပ်တယ်။ ဘုရာကြီးပွဲမှာ ယောင်္ကျားလေးတိုင်း အရုပ်သေနတ်ကိုယ်စီနဲ့ စစ်တိုက်တမ်းကစားကြတယ်။ စစ်ချီသီချင်းတွေ ဆိုကြတယ်။
မှတ်မိပါသေးတယ်။အဲဒီတုံးကပေါ့ဗျာ  … သံပြိုင်အော်ဆိုခဲ့တဲ့ ဂျပန်ခေတ်၊ မြန်မာတပ်မတော် စစ်သီချင်းတပုဒ်ကတော့
“မိုးတွေကလဲ၊မစဲဘဲရွာနေတယ်၊ မြစ်ချောင်းအင်းအိုင်ရေတွေ ပြည့်လို့ … ငါတို့တိုက်ရတယ်၊ ဘာမထီ ငါတို့စစ်သားကောင်း… ”
ဆိုတဲ့သီချင်းပါ။ အဲဒီသီချင်းက မြန်မာပြည်အတွက် စစ်သားကောင်းများအကြောင်း  မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့လုပ်ရမည် … လို့လှုပ်ဆော်ခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည် စက်မှု(၁) ပြန်တမ်းဝင်အရာရှိဖြစ်ချိန်မှာ ဖောင်ကြီး ၄လ စစ်သင်တန်း တက်ခဲ့ရပါတယ်။
မြန်မာ့ဒေါသဆိုတဲ့ အခု ဆောင်းပါးတိုလေး ရေးပါတယ်။ ခေါင်းစဉ်ကတော့ ငယ်စဉ်ကဆိုတဲ့သီချင်း “မြစ်ချောင်းအင်းအိုင်ရေတွေပြည့်လို့ငါတို့တိုက်ရတယ် ..” ဆိုတဲ့သံစဉ်ကို ယူသုံးလိုက်ပါတယ်။“ မြန်မာ့ဒေါသ ကမ္ဘာကသိအောင်၊ ကျွန်တော်တို့မပြတော့ပြီ...”
တတ်နိုင်ရင် နောက်လူများ၊နမူနာယူရန် ဆောင်းပါးများကို စုစည်း၊ မှတ်တမ်းတင်ချင်ပါတယ်။
ဂျပန်များဟာ အနုမြူဗုံး၂လုံး ကြဲခံရပြီး၊ ခွက်ခွက်လန် စစ်ရှုံးသွားမှ ဂျပန်ဒေါသ ချုပ်ငြိမ်းသွားပါတယ်။ အခု မြန်မာများလည်း အရှေ့တောင်အာရှမက၊ ကမ္ဘာဘိတ်ဆုံး ရောက်နေချိန်၊ မြန်မာပတ်စပို့ဆို ဇီးရွက်လောက် မျက်နှာငယ်ရချိန်... မြန်မာများ ဒေါသချုပ်ထိန်းဖို့ရာ လူကြီးများက စံနမူနာပြမှဖြစ်ပါမယ်။ ငါ့မျက်ရည်သည် ငါ့စားစရာဖြစ်ရသည် ...ဆိုတဲ့စကားအတိုင်း မျက်ရည်များစွာကျခဲ့ရပါတယ်။ ဒေါသမျက်ရည်များကနေ .. တောင်ကိုးရီးယားများလို စစ်ဘေးဒဏ်မျက်ရည်များမှ ကမ္ဘာထိပ်တန်းပြန်ရောက်ဖို့ဆိုတာ လူကြီးများရဲ့ ဒေါသကင်းဝေးနေထိုင်းရေး နမူနာပြဖို့ပဲရှိပါတော့တယ်။ 

အတိတ်ဖြစ်ရပ်များ

၁။ ၁၉၉၃ အရှေ့တောင်အာရှ၊ ဘော်လုံးဗိုလ်လုပွဲ စင်ကာပူတွင်ကျင်းပစဉ် မြန်မာတို့ ၂ဂိုး သုညဖြင့် စင်ကာပူကို ပထမပိုင်းအနိုင်၊ နောက်ပိုင်း ပင်နယ်တီကြောင့် ၂ဂိုးစီ သရေဖြစ်သွားစဉ် မြန်မာဂိုးသမားအောင်ကျော်ကျော်နှင့် အသင်းသားများ ဒေါသ၊ မြန်မာပရိသတ် ဒေါသ (ဘော်လုံးကွင်းရှိ အမှိုက်ပုံးများ ပက်လက်လန်အောင် အကန်ခံရခြင်း)၊ ပရိတ်သတ်များစွာ ရဲအဖမ်းခံရခြင်း။

၂။ ၂၀၀၅ မြန်မာအသင်း စင်ကာပူတွင် ဂိုးအပြက်အသက် ရှုံးနိုမ့်စဉ်၊ မြန်မာ လက်ရွေးစင်ဘော်လုံးသမားကလေးများ စင်ကာပူမှ၊ မြန်မာပရိတ်သတ်၏ မချိမဆန့်ဆဲဆိုမှုကို ခံရခြင်း၊ မိအေး၂ခါနာ …။
၃။ ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အိုမန်နိုင်ငံနှင့် ရန်ကုန်၊ သုဝဏ္ဍကွင်းတွင် ကန်ကြရာ ၂ဂိုး သုည ပထမပိုင်း ရှုံးနေစဉ်၊ မြန်မာပရိသတ်များ၏ ဒုတ်၊ခဲ၊ရေပုလင်းများပစ်ပေါက်မှုကို အိုမန်လက်ရွေးစင်ဘော်လုံးသမားများ မချိမဆံ့ခံစားရပြီး၊ ပွဲရပ်လိုက်ရခြင်း၊ မြန်မာအသင်းကို ကမ္ဘာ့ဖလားမှ အပယ်ခံရခြင်း။ 

၎။ စစ်အစိုးရခေါင်းဆောင်ဦးနေ၀င်း (မြန်မာစစ်အစိုးရ ကနဦးလမ်းပြ ဗိုလ်ချုပ်ကြီး) ရဲ့ သမ္မတ လူကြမ်းဒေါသ၊ သမီးဖြစ်သူကို မနိုင်သဖြင့် သံရုံးကပွဲသို့ ညအချိန်သွားရောက်ပြီး၊ တီးဝိုင်းဒရမ်ဆက်ကို ခြေနှင်ကန်ကြောက် ဖေါက်ခွဲခြင်း။ သမ္မတလူကြမ်း (New York Times Article)

၅။ ဦးနေ၀င်း တတ်သိပညာသည်များကို ဖိတ်ခေါ်သည့် ညစာစားဝိုင်းတွင်၊ ဇနီးသည် ဒေါ်ခင်မေသန်း တင်ပါးကို ကိုင်ခံရသည်ဆိုသောကြောင့် သမ္မတလူကြမ်းနှင့် လက်မရွံ့များ၏ ထိုးကြိတ်ဆုံးမမှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ပါမောက္ခများ ဆေးရုံတင်၊ တဦး သေဆုံးသည်အထိ ဖြစ်ခဲ့ရပုံ။

၆။ ၁၉၈၈ အရေးအခင်း၊ ဒေါသထွက်နေသော မြန်မာလူထုကို ဦးနေ၀င်း (မဆလ) အစိုးရက ဒေါသဖြင့် ပစ်ခတ်နှိမ်နင်းရာမှ ရှစ်လေးလုံး ရာဇ၀င်။ ကျောင်းသား၊ပြည်သူများစွာ သေဆုံးရသော တနိုင်ငံလုံး ဒေါသမီးအကြောင်း။ နောက်ဆုံး သမ္မတကြီးဖြစ်သူ ဦးနေ၀င်းက သမ္မတရာထူးမှ ထွက်ပေးပြီး ကျောင်းသား၊ပြည်သူလူထုများကို တီဗီမိန့်ခွန်း နောက်ဆုံးပြောကြားရာတွင် “နောက်တခါဆူရင်၊ စစ်တပ်ဆိုတာ၊ မိုးပေါ်ထောင်မပစ်ဘူး၊ ဒိတခါဆူရင်တော့ … (နာပြီသာမှတ် …) ” ဟု သမိုင်းဝင် ဒေါသစကား ပြောကြားခဲ့ခြင်း။ 
၇။ (နအဖ) လက်ထက်တွင် ညပိုင်း၊ သောက်စားမူးရစ်နေသော တိုင်းမှုး၊  ဗိုလ်ချုပ်များက မြိုမိဘ၊ လူကြီး၊ အရာရှိများကို ညသန်းကောင်အချိန်ပင်လျှင် ဒေါသမထိန်းနိုင်ဘဲ ဆင့်ခေါ်၊ အမိန့်ပေး၊ တန်းစီရပ်ခိုင်းသော ဒေါသဗိုလ်ချုပ်များ၏ လုပ်ချင်ရာလုပ်ခဲ့မှုများ၊ (နအဖ) ဒေါသများ။ ဒေါသဖြင့် အတိုက်အခံများသာ မကတော့၊ မိမိစစ်တပ်မှ စစ်ဗိုလ်ဟောင်းများကိုပင် ထောင် အနှစ် ၄၀၊ ၇၀၊ ၉၀ စသဖြင့် ကမ္ဘာ့အံ့ဘွယ် ရယ်စရာ အာဏာအလွဲသုံးစား ဒေါသ အပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းများ။ 

၈။ နောက်ဆုံး ဗုဒ္ဓသာသနာဘုန်းကြီးများပင် မနေနိုင်တော့ဘဲ ဒေါသလက်နက် အပိုင်ရှိသော စစ်ဗိုလ်ချုပ်ကြီးများကို ၂၀၀၇တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်း။ သံယာ့ဒေါသကို စစ်တပ်မှ ရက်စက်စွာ ရိုက်နှက်၊ အင်အားသုံး၊ အင်အားသုံး၊ ချေမှုန်းပစ်လိုက်၍ ကမ္ဘာ့အော့ကြောလန် စစ်အစိုးရဟု ကမ္ဘာကျော်သွားခြင်း။

၉ ။ နာဂစ် လူ၂သိန်းကျော်သေဆုံးသော ၂၀၀၈ မုန်တိုင်းဒဏ်တွင်၊ ကမ္ဘာက ကရုဏာအကူညီများကို လက်မခံဘဲ၊ ထပ်မံအော့ကျောလန်အဖြစ် ကိုယ့်ပြည်သားများကို ရေ၊ အစားစာ ငတ်မွတ်စေခြင်း၊ သို့သော် ဒေါသထွက်နေသော ပြည်သူများမှာ ဘာမှမတတ်နိုင်တော့သဖြင့် ဘုရားဒဏ်ပေးမှုကို ခံရတော့မည့် စစ်ခေါင်းဆောင်များကို မေတ္တာပို့ခြင်း။

၁၀။ ၂၀၁၁တွင် စစ်အာဏာရှင် ဦးသန်းရွှေ နောင်တရသွားကာ၊ ဦးနေ၀င်းကဲ့သို့ ပစ်စလက်ခတ် မဟုတ်ဘဲ စနစ်တကျ အာဏာလွှဲအပ်ပေးပြီး၊ ဒေါသနည်းသော စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အစိုးရ ပေါ်ပေါက်လာခြင်း။ ဒေါသကြီးသော စစ်ဗိုလ်ချုပ်များကို ငွေနင့်အောင်ရအောင်ယူစေကာ၊  ချန်ထားပစ်နိုင်လိုက်ပြီး၊ ဒေါသနည်းသော စစိဗိုလ်ချုပ်ဟောင်းများ၊ အတိုက်အခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင် ပါဝင်စေခြင်းဖြင့် အစိုးရသစ်ပေါ်လာခြင်း။

၁၁။ ၂၀၁၁ တွင် ဒေါသကြီးသော ဗိုလ်ချုပ်အငြိမ်းစား လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းဆိုသူက ပြည်သူလူထုကို ဒေါသဖြင့် မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်။ မြန်မာပြည်လျှပ်စစ်အကြောင်း သူအသိဆုံး … ဒေါသသတင်းစာရှင်းလင်းပွဲ လုပ်ခြင်း။ တတိုင်းပြည်လုံး ဒေါသထွက်လာခြင်း။ ၂၀၁၂တွင် ထိုဝန်ကြီး ဦးဇော်မင်း ချန်ထားပြီး၊ အနားယူစေခဲ့ခြင်း။

၁၂။ ရခိုင်ပြည်နယ်တွင် ဘဂ်လားရိုဟင်ဂျာ မူဆလင်များနှင့် လူမျိုးရေး၊ ဘာသာရေး ပြသနာဖြစ်ပြီး၊ ဒေါသထွက်နေသော မြန်မာပြည်သားအားလုံးက ချကွာ၊ ချကွာ  … ဟု အောဟစ်သံများစွာ ဆူညံသွားခြင်း။ သို့သော် စစ်တပ်နှင့်အစိုးရခေါင်းဆောင်များက ကမ္ဘာအော့ကြောလန် ထပ်မံမဖြစ်အောင် ဒေါသထွက်နေသော မြန်မာလူထုနှင့်စစ်တပ်ကို ထိန်းထားနိုင်ခြင်း။

၁၃။ တလွဲဆံပင်ကောင်းတာမျိုးတွေ ဂုဏ်ယူစရာမရှိပါ။ တခါက မုံရွာမြို့ အဆင့်မြင့်အတိုက်ခံပုဂ္ဂိုလ်က စစ်အစိုးရရဲ့ အကြီးဆုံးစစ်ဗိုလ် ကောင်စီဥက္ကဌ ဗိုလ်မှုးစိန်ဝင်းကို စားပွဲလက်သီးနဲ့ပုတ်ပြီး စိန်ခေါ်ပြောဆိုမှု၊ ပညာရေးဌာန ပါမောက္ခချုပ်တဦးက (မဆလ)အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာညီညီကို စားပွဲပေါ်ခြေစုံတက်ပြီး၊ မျက်နှာကိုခြေထောက်နဲ့ကန်ဖို့ ချိန်ရွယ်ခြင်း။  ထိုပုဂ္ဂိုလ်များရဲ့ ဒေါသကို စစ်အစိုးရရဲ့ ဒေါသနဲ့ တုံ့ပြန်မှုရလဒ်ကတော့ ထောင်သွင်း၊ အကျဉ်းချ၊ နှိပ်စက်ခံရခြင်းပါပဲ။
ဒေါသဆိုတာ ညစ်ပတ်နံစော်တဲ့ အမှိုက်ထုပ်ကြီးပါ။  သူ့အမှိုက်ကို ကိုယ့်ဆီရောက်မလာအောင် ကျွနိုပ်စွမ်းဆောင်နိုင်ရင် ကျွန်ုပ်ဘ၀ လူမချမ်းသာရင်နေပါစေ၊ အနည်းဆုံး စိတ်ချမ်းသာမှာပါ။

၁၄။ မရေးချင်ဘူးဆိုပြီး ရေးတဲ့ မောင်မောင်(ရွှေကရ၀ိတ်) “ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်” စာအုပ်၊ ABSDF(NB) ကျောင်းသားဗဟို၊ ပါဂျောင်မှာ ထောက်လှမ်းရေးစွတ်စွဲ၊ လူသတ်ပွဲများ ၊ မြောက်ပိုင်းအရိုးတွန်သံများကို ဖေါ်ထုတ်ရေးနေကြတယ်။ စစ်အာဏာရှင်အစိုးရဟောင်းရဲ့ နှိပ်စက်ညှင်းပမ်းမှုများကို “ဘာလဲဟဲ့လူ့ငရဲ …”  ဆိုပြီး ဦးဝင်းတင် (NLD) သတင်းစာဆရာကြီးရေးခဲ့တယ်။ ယှဉ်ကြည့်တက်ရင် “ဘယ်သူက ပိုဒေါသကြီးသလဲ …” တွေးကြည့်ပါ။ “ဒေါသပိုကြီးတဲ့” စစ်အစိုးရနဲ့ သူပုန်တွေအကြောင်း စာအုပ်တွေပါ။
ချစ်မိတ်ဆွေ ..နောင်တရပြီလား ။
 ကျွန်တော်မိသားစုအတွင်း၊ မိမိအလုပ်လုပ်ဖော်ကိုင်ဖက်များအပေါ်က စပြီး ဒေါသထိန်းဖို့ လေ့ကျင့်ခဏ်း လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ကျွန်တော့်အမျိုးသမီးက ပြောတယ်။ “တခြားလူကျတော့ စိတ်ရှည်ပြီး၊ သူ့ကိုကျတော့ အော်ပြောတယ်..” လို့ စိတ်မကောင်းသံနဲ့ ပြောပါတယ်။
မိန်းမကို အော်ဟစ်အနိုင်ယူတတ်တဲ့၊ မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးသည်ဟာ လူပုံအလယ်ဆို ကျောက်ရုပ်လိုဖြစ်နေတယ်။
မိန်းမအော်ခံရဖန်များတဲ့ ခင်ပွန်းသည်လည်း မိတ်ဆွေအများရှေ့မှာ ကျောက်ရုပ်ပုံဖြစ်နေတယ်။
ရယ်စရာ….
တကယ်ပါ။ ဒေါသထိန်းနိုင်သွားရင်တော့ ကျွန်တော့မိသားစုမှာလည်း ကျွန်ုပ် ငယ်စဉ်ကလိုဒေါသကြီးတဲ့ သားသမီး၊ မြေးမြစ်များ မထွက်လာနိုင်တော့ပါ။ ကျွန်တော့်လို အနှစ်၄၀ မြန်မာနိုင်ငံသား ကမ္ဘာ့အမွဲဆုံး၊ ဒုက္ခသည်များဘ၀၊ နိုင်ငံတကာသွားလာရင် မျက်နှာငယ်ရတဲ့ဘ၀ကလဲ လွတ်မြောက်မှာပါ။
ဒါကြောင့်
“ မြန်မာ့ဒေါသ ကမ္ဘာက သိအောင်၊ ကျွန်တော်တို့မပြတော့ပြီ...”

ဝတ်မှုန် (စင်ကာပူ)
၎-စက်တင်ဘာ-၂၀၁၂

ဆက်လက်ဖတ်ရန် ဒေါသကင်းဝေးဆောင်းပါးများ
အမှိုက် အမှိုက် The Law of Garbage Truck (မင်းအောင်သက်လွင်၏ဆောင်းပါး)။
Posted by MoeMaKa at 9:42 PM 0 comments  
Labels: Op-EdWut Hmone

Ku Mo Jo - No more cronies in Burma


ကာတွန်းကူမိုးကြိုး - ဇူဇကာစစ်ဆင်ရေးနဲ့ ခရိုနီတွေကို အပင်းဆို့
စက်တင်ဘာ ၆၊ ၂၀၁၂
Posted by MoeMaKa at 9:21 PM 0 comments  

Nyan Oo Maung - With Green Loving Kindness


စိမ်းလန်းသောချစ်ခြင်းများနှင့်
ဥာဏ်ဦးမောင်၊ စက်တင်ဘာ ၆၊ ၂၀၁၂
မြက်ခင်းတစ်ခင်းဟာ ဘောလုံးကွင်းတစ်ခုလည်းဖြစ်နိုင်တယ်။ ဒီလိုဆိုလျင်တော့ ကမ္ဘာကျော် ဘောသုံးသမားတွေအတွက် ကျင်လည်ရာ နေရာတစ်ခုဖြစ်မှာပေါ့။ နောက်ပြီး မြက်ခင်းတစ်ခု ဟာ ဂေါ့ဖ်ကွင်းတစ်ကွင်းလည်း ဖြစ်နိုင်တာပေါ့။ ဒါဆိုလျင်တော့ လူဂုဏ်ထံအထက်တန်းလွှာ များရဲ့ စိတ်အနားဖြေရာ၊ ကမ္ဘာကျော်မီလျံနာများရဲ့ ငွေကြေးဖွေရှာရာ နေရာတစ်ခုဖြစ်ပေလိမ့် မယ်။ အလေ့ကျပေါက်တဲ့မြက်ပင်တွေနဲ့ ပြည့်နေတဲ့ မြက်ရိုင်းလွင်ပြင်တစ်ခုဖြစ်နေခဲ့မယ်ဆို လျင်တော့ နွားအုပ်တွေ၊ သိုးအုပ်တွေ၊ မြင်းရိုင်းတွေ၊ တောသမင်ငယ်တွေ စားသောက်ပျော် မွေ့ရာ မြက်ခင်းပြင်တစ်ခု ဖြစ်ကောင်းဖြစ်ပေမပေါ့။ ဆိုင်ရာအကြောင်းတစ်ခုကို အစွဲပြုပြီး အမည်အမျိုးမျိုးတပ်ထားတဲ့ မြက်ခင်းတွေ ဒီထက်မကလည်း ရှိနိုင်ပါတယ်။
တကယ်လို့သာ ဘောလုံးကွင်းတစ်ခုဖြစ်ခဲ့မယ်၊ ဂေါ့ဖ်ကွင်းတစ်ခုဖြစ်ခဲ့မယ်၊ ဒါမှမဟုတ် တော ရိုင်းလွင်ပြင်တစ်ခုဖြစ်ခဲ့မယ်ဆိုလျင် ဆိုင်ရာဆိုင်ရာ အကြောင်းနဲ့ နှီးနွယ်တဲ့ ဇာတ်လမ်းတစ် မျိုးမျိုးစီ ရှိကောင်းရှိနိုင်ပေလိမ့်မယ်။ ဒီဇာတ်လမ်းထဲမှာ မက်ဆီ၊ ဒါမှမဟုတ် ခရစ်စတီနာ ရော် နယ်ဒိုဟာ ဇာတ်ဆောင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သလို ဂေါ့ဖ်ဘုရင် တိုက်ဂါးဝုဒ်တစ်ယောက် လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။
ဘောလုံးကွင်းတစ်ခုလိုလည်း မကျယ်၊ ဂေါ့ဖ်တစ်ခုလိုလည်း မခမ်းနား၊ တောတန်းလွင်ပြင်တစ် ခုလိုလည်း မရိုင်းတဲ့ မြက်ခင်းငယ်လေးတစ်ခုမှာလည်း ကိုယ်ပိုင်ဇာတ်လမ်းလေးတစ်ခု ရှိနိုင်ပါ တယ်။ ဒီလောက်ဆိုလျင်ဖြင့် ဒီဇာတ်လမ်းလေးနဲ့ ဆက်စပ်နေမယ့်သူဟာ မက်ဆီတို့ ရော်နယ် တို့လို ဝင်ငွေကောင်းတဲ့ အားကစားတစ်ယောက် မဟုတ်သလို ဒေးဗစ်ဘက်ခမ်းလို ကမ္ဘာ ကျော်သူတစ်ဦး မဟုတ်ပေဘူးဆိုတာကို ခန့်မှန်းမိလောက်ပြီပေါ့။
အလျားပေသုံးဆယ်ခန့်၊ အနံ တစ်ဆယ့်ငါးပေခန့်သာ ကျယ်ပြန့်ပြီး အလယ်မှာ အနီရင့်ရောင် ဂျပန်နီးစ် မေပယ်လေးနှစ်ပင် စိုက်ထားတဲ့ ခြံရှေ့က မြက်ခင်းလေးတစ်ခုဟာ ကမ္ဘာကျော်ဘော လုံးသမားတွေအတွက် နေရာ၊ လူကုံထံများရဲ့ ဂေါ့ဖ်ကစားရာ၊ နွားအုပ်သိုးအုပ်တွေ၊ မြင်းရိုင်း နဲ့တောသမင်တွေ စားသောက်ပျော်ပါးရာ နေရာတစ်ခု မဟုတ်ခဲ့ပါဘူး။
အဲဒီလိုမြက်ခင်းပြင်ကြီးတွေလို မခမ်းနား မထယ်ဝါသလို ကျယ်လည်း မကျယ်ပြန့်ပါဘူး။ လူ ပေါင်းများစွာ၊ တောရိုင်းသတ္တဝါများစွာအတွက် ရင်ခုံလှုပ်ရှားဖွယ်၊ ဝမ်းစာဖြည့်ဖွယ် နေရာမျိုး လည်း မဟုတ်ခဲ့ပါဘူးး။ သို့ပေမယ့် ခြံရှေ့ကနေ အမှတ်မထင် ဖြတ်သွားတဲ့ ကလေးလေးတစ် ယောက်ရဲ့ ခဏတာ ခုန်ပေါက်ပျော်ရွှင်ရာ၊ ယာယီလဲလျောင်းရာ၊ စိတ်ချမ်းမြေ့ မွေ့ပျော်ရာ နေ ရာတစ်ရာတော့ ဖြစ်နိုင်ခဲ့တယ်။ အဲဒီလိုဖြစ်နိုင်စေခဲ့တာအတွက်လည်း ဂုဏ်ယူကျေနပ်မိပါ တယ်။
နံနက်အလုပ်သွားချိန်၊ ညနေအလုပ်ပြန်ချိန်မှာ စားစရာအထုပ်ကလေးတစ်ထုပ်ဆွဲလို့ ခြံရှေ့က နေ ပုံမှန်ဖြတ်လျှောက်တတ်တဲ့ အလယ်ပိုင်းအမေရိက ဂွါတီမာလာနိုင်ငံသား မိတ်ဆွေတစ်ဦး ရှိတယ်။ သူအလုပ်တက်ချိန်၊ အလုပ်ဆင်းချိန်တွေမှာ ခြံထဲမှာကိုယ်ရှိနေတယ်ဆိုလျင် မပီက လာ ပီကလာနဲ့  ‘My friend how are you’ ရယ်လို့ နှုတ်ခွန်းဆက်တတ်တယ်။
တခါခါမှာ တော့လည်း  ‘Como easta’ ရယ်လို့ သူတို့ဘာသာစကားနဲ့ နှုတ်ဆက်တတ်တယ်။ ဒီအခါမျိုး မှာတော့ ‘Muy bien, gracias- ကောင်းပါတယ်၊ ကျေးဇူးပါ’လို့ တစ်ခွန်းတည်းသာတပ်တဲ့ သူတို့ စကားနဲ့ ကိုယ်ကလည်း ပြန်လည်ဖြေဖြစ်တတ်တယ်။
ပုံမှန်နှုတ်ဆက်တတ်တဲ့မိတ်ဆွေတစ်ယောက် မတွေ့တာကြာပြီ။ တစ်နေရာကို ပြောင်းသွား လေသလား။ ဒါမှမဟုတ် သူ့နိုင်ငံကိုပဲ ပြန်သွားလေသလားလို့ တွေးခဲ့ဘူးတယ်။ တညနေမှာ တော့ ဒီမိတ်ဆွေကို ပြန်တွေ့ရတယ်။အခါတိုင်းလို အလုပ်သွားအလုပ်ပြန်အနေအထားနဲ့တော့ မဟုတ်ဘူး။ သူက သူ့မိသားစုနဲ့အတူ။ တစ်နေရာက ပြန်လာကြဟန်ရှိတယ်။
အလျင် သူပြောဖူးတာက
 ‘မိသားစုက သူ့နိုင်ငံမှာ။ သူက မိသားစုအတွက် ဒီမှာငွေလာရှာ နေတာ။ သူ့ဇနီးနဲ့သမီးလေးက ဟိုမှာကျန်နေရစ်တယ်။ သူတို့ကိုလွမ်းတယ်။ တခါတခါမှာ ကလေးတစ်ယောက်လိုပဲ ငိုမိတယ်’
လို့သူပြောတယ်။
‘အဆင်သင့်လျင်တော့ သူတို့ကိုလည်း ဒီကို အလည်ခေါ်ဦးမယ်။ သူ့အနေအထားအရ အမြဲခေါ်ဖို့တော့ လုံးဝမဖြစ်နိုင်ဖူး’
လို့လည်း ပြောဖူးတယ်။ ခုလို ဇနီးနဲ့သမီးလေးကိုတွေ့ရတာ သူပြောဖူးသလို ခဏအလည်ခေါ်ထားတာ ဖြစ်ပေလိမ့်မယ်။
တနေရာကပြန်လာဟန်ရှိတဲ့ မိသားစု ခြံရှေ့ကိုရောက်တော့ သမီးလေးက လက်ဆွဲထားတဲ့ သူ့ မိခင်လက်ကနေ အတင်းရုန်းထွက်နေတာကို တံခါးဝက ရပ်ကြည့်နေခိုက် မြင်ရတယ်။ မိခင် လုပ်သူက ရှေ့ကိုဆွဲ၊ သမီးလေးက နောက်ကိုရုံး။ ဆွဲရင်းရုံးရင်း အားမတန်တဲ့အဆုံး သမီး လေးက ချုံးပွဲချငိုပါတယ်။ သူ့ပုံကြည့်ရတာက ရှေ့ကိုဆက်မလျှောက်ချင်ဟန်။ ခြံထဲကို လက် ညှိုးတထိုးထိုးနဲ့မို့ ခြံထဲက ပန်းတစ်ပွင့်ပွင့်ကို လိုချင်လို့လားအထင်နဲ့
 ‘သမီးကဘာလို ချင်လို့ လဲ’လို့ လှန်းမေးမိတော့
‘သူကမြက်ခင်းထဲမှာ အိပ်ချင်လို့တဲ့’လို့ ပြန်ဖြေတယ်။ ဒါဆို ခွင့်ပြု လိုက်ပါ။ ဘာမှ ပြဿနာမရှိပါဘူး လို့ကိုယ်ကပြောတဲ့ မိခင်ဖြစ်သူက မဝံ့မရဲဖြစ်ဟန်နဲ့ သမီး လေးကို လွှတ်ပေးလိုက်တယ်။
ကျေနပ်သွားတဲ့သမီးလေးက ခြံထဲကိုပြေးဝင်လာပြီး မြက်ခင်းပေါ်မှာ လှဲအိပ်လိုက်တယ်။ သူ့မှာ ပါလာတဲ့အရုပ်ကလေးနဲ့ ကြည်နူးပျော်ရွှင်စွာ စကားတပြောပြောနဲ့ ကစားနေဟန်က ပတ်ဝန်း ကျင်တစ်ခုလုံးကိုပါ အပျော်ကူးစက်စေခဲ့တယ်။ သူတို့သမီးငယ်လေးကိုကြည့်ပြီး ပြုံးပျော်နေတဲ့ မိဘနှစ်ဦးရဲ့မျက်နှာက တကယ့်ကိုမှ ပီတိတွေလျှမ်းလို့။ ကလေးငယ်တွေရဲ့ အပျော်ဘဝဆိုတာ ကမ္ဘာကြီးရဲ့ အနာဂတ်လှပစေရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးများပဲ မဟုတ်လား။
ဆယ်မိနစ်ခန့်ကစားပြီးတဲ့အခါမှာတော့ သမီးငယ်လေးက ကျေနပ်သွားပုံရတယ်။ မာမီသွားကြ စို့ဆိုပြီး သူ့မေမေလက်ကို ဆွဲခေါ်ပါတယ်။ နောက်လည်း ခုလိုသမီးလေးကိုခေါ်လာပြီး မြက်ခင်း ထဲမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ကြောင်း မိတ်ဆွေကို ပြောဖြစ်ခဲ့တယ်။ ဒီအခါမှာတော့ မိတ်ဆွေမျက်နှာ ချက်ခြင်းပဲ ညှိုးလျသွားတယ်။ သူ့ဇနီးနဲ့ သမီးလေးက နောက်နေ့ဆို ပြန်ကျ တော့မှာ။ သူတို့ကို နောက်သုံးနှစ်လောက်အတွင်း ခုလိုပြန်ဆုံနိုင်ဦးတော့မယ် မထင်ဘူးလို့ ဝမ်းနည်းသံနဲ့ပြန်ပြောခဲ့တယ်။
သမီးလေးရဲ့ ပျော်ရွှင်မှုကိုငေးကြည့်လို့ ကြည်နူးနေရှာခဲ့တဲ့ မိဘနှစ်ဦးရဲ့ ရင်ထဲမှာ တချိန်ချိန်မှာ သူတို့ချစ်ရတဲ့ သမီးလေးအတွက် ခုလိုမြက်ခင်းတစ်ခုကို ဖန်တီးပေးမယ်ဆိုတဲ့ စိတ်ကူးတစ်ခု ရှိနေလေမလား။ ဒါမှမဟုတ် တီတီတာတာ ပျော်မြူးနေရှာတဲ့ ချစ်သမီးလေးကို ကြည့်လို့ မကြာမီခွဲခွါရမှာတွေးပြီး ပူဆွေးနေလေမလား။ မိဘနှစ်ပါးရဲ့ ခံစားမှုကို မသိနိုင်သေးတဲ့ သမီး လေးရဲ့ ပျော်မြူးနေတဲ့ မျက်လုံးလေးတွေကို ကြည့်လို့ သူတို့တွေရဲ့ အပူတွေ ယာယီအခိုက်မျှ ငြိမ်းအေးပါစေကြောင်းကိုတော့ မှတ်မှတ်ရရ ဆုတောင်းပေးမိပါတယ်။
မိသားစုဘဝ ရပ်တည်ရေးအတွက် တပြေတရွာမှာ စီးပွားလာရှာနေရတဲ့ မိတ်ဆွေ ဂွါတီမာ လာလည်း ချစ်ဇနီးနဲ့ သမီးလေးနဲ့ ပြန်လည်ခွဲခွါရမှာမို့ သောကဒဏ်ကို ခံစားနေရှာပေလိမ့် မယ်။ ချစ်ရတဲ့ခင်ပွန်းကို ထားရစ်ကာ ပြည်တော်ပြန်ရရှာမယ့် မိတ်ဆွေရဲ့ ဇနီးသည်ရဲ့ ရင်မှာ လည်း ခုချိန်မှာ ဗလောင်ဆူနေမှာ မလွဲပါဘူး။ တနယ်တရွာ ဝမ်းစာရှာသွားရလို့ ရင်နင့်အောင် ချစ်ရသူတွေကို ခွဲခွါထားရစ်ခဲ့ရတဲ့အဖြစ်တွေ ကမ္ဘာပေါ်က လူသန်းပေါင်း ဘယ်လောက်များ များရဲ့ရင်ထဲမှာ ခုလိုပဲ ခံစားနေကြရလေမလဲ။ ပိယေဟိ ဝိပ္ဗယောဂေါ ဒုက္ခော-မိကွဲဖကွဲ ဆွေကွဲ မျိုးကွဲ သူငယ်ချင်း မိတ်ဆွေကွဲ၊ ချစ်ခင်ရသူတွေနဲ့ ကွဲကွာကြရတယ်ဆိုတာ ဆင်းရဲခြင်းတစ်မျိုး ပဲ မဟုတ်လား။
ပတ်ဝန်းကျင်စိမ်းလမ်းစေဖို့၊ သန့်ရှင်းသာယာဖြစ်စေဖို့ သာမန်ရည်ရွယ်ချက်နဲ့ ရေလောင်း ပေါင်းသင် လုပ်ဖြစ်ခဲ့တဲ့ ဒီမြက်ခင်းလေးဟာ ခုတော့ ဒီထက်ပိုတဲ့အဓိပ္ဗါယ်ရှိသွားသလို ခံစား မိတယ်။ လူသားတစ်ဦး၊ မိသားစုတစ်စုရဲ့ ပျော်ရွှင်ကြည်နူးမှုကို အခိုက်အတန့်လေးမျှဖြစ်ဖြစ် ဖြစ်စေခဲ့ပြီ။ ဒါဟာဘယ်လောက် ကြည်နူးဝမ်းမြောက်ဖွယ်အရာတစ်ခုပါလဲ။
အကြောင်းသင့်လို့ နောင်နှစ် ဒီအချိန်ဒီအခါ ဒီနေရာလေးကို သူတို့မိသားစု စုံစုံညီညီ ရောက် လာခဲ့လျင် သမီးလေးပျော်ရွှင်နိုင်စေဖို့ ဒီမြက်ခင်းလေး စိမ်းလန်းနေလေအောင် ပြုစုစောင့် ရှောက် ရေလောင်းပေါင်းသင်လုပ်နေမိလိမ့်ဦးမယ်။
ဂရင်းပိစ်လို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖြစ်စေဖို့ လှုံ့ ဆော်ကြ၊ ပညာပေးကြ လုပ်ကြတယ်။ သူတို့တွေလို ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေအောင်လုပ် ဖို့ မစွမ်းနိုင်တဲ့ ကိုယ်ကတော့ ကိုယ့်ပတ်ဝန်းကျင်လေး စိမ်းလန်းစိုပြေဖြစ်စေဖို့၊ သန့်ရှင်း သာ ယာ ကိုယ်စွမ်းသမျှခွန်အားနဲ့ လုပ်နေမိတယ်။ အထူးသဖြင့်တော့ ဒီပတ်ဝန်းကျင်တွေကို ထိန်း သိမ်းကာကွယ်ဖို့ တာဝန်ရှိတဲ့ လူသားတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ စိုပြည်လန်းဆန်းဖြစ်စေနိုင် ဖို့၊ ကြည်နူးကြေနပ်ဖြစ်စေနိုင်ဖို့ စိတ်အားသန်မိတယ်။
ဒီမြက်ခင်းစိမ်းစိမ်းလေးဟာ မျက်လုံးတောက်တောက်နဲ့ ချစ်စရာ့ ကလေးငယ်လေးတစ် ယောက်အတွက် တစ်သက်တာ အမှတ်ရစရာ နေရာလေးတစ်နေရာ ဖြစ်ကောင်းဖြစ်ပေလိမ့် မယ်။ အကြောင်းကြောင်းကြောင့် ရေလောင်းပေါင်းသင် မလုပ်နိုင်လို့ ဒီမြက်ခင်းလေး ညှိုးနွမ်း ခြောက်သွေ့သွားခဲ့လျင်တောင် ဟောဒီမြက်ခင်းစိမ်းစိမ်းလေးရဲ့ ပုံရိပ်လေးတစ်ခုဟာဖြင့် တစ်ဦး ဦးရဲ့ ရင်ထဲမှာ နောင်နှစ်ပေါင်းရှည်ကြာ လန်းဆန်းစိုပြည်စွာ စိမ်းလန်းနေပေလိမ့်ဦးတော့မယ်။
Posted by MoeMaKa at 8:54 PM 0 comments  

Kyaw Home - Photo News

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း (ဆီယက်တဲလ်) ဦးစီးတဲ့
(၅) ကြိမ်မြောက် ကရင်ရိုးရာလက်ချည်ပွဲ 
ကျော်ဟုန်း 
စက်တင်ဘာ ၅၊ ၂၀၁၂


စက်တင်ဘာ ၁၊ ၂၀၁၂ ရက် (စနေနေ့) က (၅) ကြိမ်မြောက် ကရင့်ရိုးရာလက်ချည်ပွဲကို 3801 Beacou Ave- S, Seattle, WA 98108 ရှိ ခန်းမဆောင်မှာ မွန်းလွဲ (၁၂း ၃၀ ) ကနေ ညနေ (၄) နာရီထိကျင်းပခဲ့ကြောင်း သိရပါတယ်။















ယခုကျင်းပတဲ့ (၅) ကြိမ်မြောက် ကရင့်ရိုးရာလက်ချီပွဲကို ဆီယက်တဲလ်မြို့မှာအခြေစိုက်တဲ့ “ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း” က တာဝန်ယူကျင်းပတာဖြစ်ကြောင်း အတွင်းရေးမှူးဖြစ်သူ စောမုန်တိုင်းကပြောပါတယ်။ အားဖြည့်ကူညီသူများကတော့ Northwest Commu nities of Burma မှ ကိုစိုင်မွန်ခင်နဲ့ ကရင်မိသားစု အသိုင်းအဝိုင်းများ၊ Coalition for Refugees from Burma မှ မမိုနာဟန်နဲ့ အဖွဲ့သား အမေရိကန်များ၊ တိပိဋိကဘုန်းကြီးကျောင်း ဂေါပကများဖြစ်တဲ့ ကိုအောင်မိုး၊ မအန်းတို့က ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက် ဝိုင်းဝန်း ကူညီခဲ့ကြပါတယ်။

အခမ်းအနားမှူးအဖြစ် နန်းမြတ်ရတနာဝင်းမှ ဆောင်ရွက်ပါတယ်။ နန်းကြည်ကြည်ဝင်းက လက်ချီပွဲကို ကြွရောက်လာတဲ့ပရိသတ်များအား ကျေးဇူးတင်စကားပြောကြားသွားပြီး နော်ကစ်ကစ်မှ ချည်ဖြူပွဲဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ မဲဆောက် (ထိုင်းနိုင်ငံ) နယ်စပ်မှရောက်လာတဲ့ ဧည့်သည်တော် ဖထီး အိုင်းဇက်ကလည်း ကရင်အချင်းချင်းညီညွတ်ကြဖို့၊ စာပေယဉ်ကျေးမှုဆိုတာ လူမျိုးတမျိုးရဲ့ သမိုင်းကြောင်းဖြစ်ကြောင်း၊ ယဉ်ကျေးမှုပျောက်ရင် သမိုင်းပျောက်ပြီး လူမျိုးပါပျောက်နိုင်ကြောင်း၊ ဒါကြောင့် ကရင်များအနေ ဖြင့် မိမိတို့ယဉ်ကျေးမှုကို လက်ဆင့်ကမ်း ထိမ်းသိမ်းရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်ပရောက် ကရင်အပါအဝင် မြန်မာနိုင်ငံသား တိုင်းရင်းသားမျိုးဆက်သစ်များအနေနှင့်လည်း သက်ဆိုင်ရာ မိမိတို့ယဉ်ကျေးမှုနဲ့ မိခင်ဘာသာစကားတတ်ရန်လိုကြောင်း၊ မျိုးဆက်သစ်က လေးများအနေဖြင့် တိုင်းရင်းသားအချင်းချင်းဆက်သွယ်ရန် ဗမာစကားနဲ့ အခြေခံဗမာစာလဲ သင်ကြားတတ်မြောက်စေရန်လုပ်ဆောင်မှုကို သူအနေနဲ့သဘောတူကြောင်း၊ လုပ်ဆောင်သင့်တယ်ဟုထင်ကြောင်း တွေ့ဆုံမေးမြန်းစဉ် ဖြေကြားခဲ့ပါတယ်။

ရိုးရာချည်ဖြူရစ်ပတ် ဆုတောင်းခြင်းများကို ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးလှမြင့်၊ ဒုဥက္ကဌ ဦးမောင်မောင်အဖွဲ့မှ ဦးစီးပြုလုပ် ပေးခဲ့ပါတယ်။ ထိုလက်ချည်ဆုတောင်းခြင်းကို ကရင်များသာမက အမေရိကန်လူမျိုးများနှင့် ဗမာပြည်သားများပါ စိတ်ဝင်တစား ဝင်ရောက် ဆင်နွှဲနေတာတွေ့ မြင်ခဲ့ရပါတယ်။

ဧည့်သည်များအား ကရင်ခေတ်ပေါ်သီချင်းများ၊ ရိုးရာသီးချင်းများနဲ့ တဦးချင်းအပြင် အုပ်စုလိုက်လည်း သီဆိုဖြေဖျော်ခဲ့ကြပါတယ်။ ဒီနှစ်မှာ ထူးခြားတာကတော့ ကရင်ဒုံးယိမ်းကအဖွဲ့မှာ နန်းကြင်ကြင်စိုး (ရှမ်း)၊ အဲလိဇဘက် (ကယား)၊ စုသန္တာထွန်း (ဗမာ) သမီးငယ်များပါ ကရင် ရိုးရာအကမှာ နှစ်ခြိုက်စွာ ပါဝင်ကပြခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒုံးကကွက်များကို နော်ကေသီကဦးဆောင်သင်ကြားပေးပြီး သီးချင်းများကို ဒေါ် စိန်မြအဖွဲ့ မှ တာဝန်ယူ လေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။

ဒေါ်မက်ကီ၊ နော်စေးလားဝါး၊ နော်ခေါချမ်း၊ နန်းရာကူးနဲ့ မအန်းတို့က ဧည့်သည်များအတွက် ထမင်း၊ ဟင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြာ ဇံကြော်၊ သစ်သီးစုံ၊ ဖာလူဒါ၊ အချိုရည်များနဲ့  ပြည့်စုံစွာ ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။

ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းရဲ့ရံပုံငွေအဖြစ် တီရှပ်များရောင်းချခဲ့ပြီး ကိုစိုးသူရနိုင်က တာဝန်ယူရိုက်နှိပ်ပေးသည့်အပြင် ကုန်ကျမှု ငွေ တဝက်ကို အသင်းအတွက် လှူဒါန်းခဲ့ပါတယ်။

ဧည့်ပရိသတ် (၁၅၀) ခန့်  တက်ရောက်ဆင်နွဲခဲ့ကြတဲ့ ဆီယက်တဲလ်က (၅) ကြိမ်မြောက် ကရင့်ရိုးရာလက်ချီပွဲမှာ ထူးခြားချက်ကတော့ ပိုး၊ စကော ကရင်များအားလုံး စုစုစည်းစည်း ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြခြင်းအပြင် ရှမ်း၊ ကယား၊ ဗမာနဲ့  ဒေသခံ အမေရိကန်များပါ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြတဲ့မြင်ကွင်းကို တွေ့ဆုံခဲ့ရခြင်းဖြစ်ပါတယ်။
Posted by Aung Htet at 1:00 AM 0 comments  

News & Media

ဆရာ ခင်အောင်အေးရဲ့ ၂၀၁၂ ဥရောပ ကဗျာခရီးစဉ်
မစ်ကီနိုင် (ပါရီ)
စက်တင်ဘာ ၅၊ ၂၀၁၂




ဥရောပနိုင်ငံအချို့တို့ရဲ့ ကဗျာရွတ်ပွဲနဲ့ စာပေပွဲတော်တွေကိုတက်ရောက်ပြီး ကဗျာရွတ်ဖို့နဲ့ ကဗျာစာပေအကြောင်းဆွေးနွေးဖို့အတွက် က ဗျာဆရာ ခင်အောင်အေးဟာ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့မှာကျင်းပမယ့် International Literature Festival Berlin (စက်တင်ဘာ ၄ - ၁၆၊ ၂၀၁၂) ပွဲတော်ရဲ့ Literatures of the World အစီအစဉ်မှာပါဝင်ပြီး ကဗျာရွတ်ဆိုဖို့ ဖိတ်ကြားခံရတယ်လို့ သိရရှိပါတယ်။

ထို့အပြင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာကျင်းပမယ့် Mountains to Sea dlr Book Festival ရဲ့ ဖိတ်ကြားမှုနဲ့လည်း လန်ဒန်ကနေတဆင့် စက်တင်ဘာ ၈ ရက်နေ့မှာ ဒဗ္ဗလင်ကိုသွားပြီး ကဗျာရွတ်ဆို ပါဝင်ဆင်နွှဲရမှာဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ဒဗ္ဗလင်ပွဲကိုတော့ သူနဲ့အတူ Bones Will Crow: An Anthology of Burmese Poetry စာအုပ်ကို လန်ဒန်မှာ ထုတ်ဝေနိုင်ရေးအတွက် ဦးဆောင်စီစဉ်သူလည်းဖြစ်၊ စာအုပ်ရဲ့ အယ်ဒီတာလဲဖြစ်တဲ့ James Byrne (Editor; The Wolf) နဲ့အတူ သွားရောက်မှာဖြစ်ပါတယ်။

ထိုပွဲများအပြီးမှာတော့ ကဗျာဆရာ ခင်အောင်အေးဟာ လန်ဒန်ရှိ သားသမီးတွေနဲ့အတူ ၂၀၁၂ ခရစ္စမတ်နဲ့ နှစ်ကူးပွဲတော်များကို ဆင်နွှဲမှာ ဖြစ်ပြီး အောက်တိုဘာလထဲမှာတော့ Arc Publications က စီစဉ်တဲ့ Burmese Poetry Tour အစီအစဉ်မှာ ကဗျာဆရာ သစ္စာနီ၊ ကိုကိုသက်၊ အိန္ဒြာတို့နဲ့အတူ ဗြိတိန်နိုင်ငံအတွင်း လန်ဒန်နဲ့ အခြားမြို့နယ်တွေမှာ လှည့်လည်ကျင်းပမယ့် ကဗျာရွတ်ပွဲတွေမှာ ပါဝင်ဆင်နွှဲမယ်လို့ သိရပါတယ်။
Posted by Aung Htet at 12:13 AM 0 comments  
Labels: new

TUESDAY, SEPTEMBER 4, 2012

Zaw Aung (Mone Yar) - Articles

Singapore, USA ဆေးပညာ၊ ဆရာဝန်၊ သူနာပြုများနှင့် CT Scan
ဇော်အောင် (မုံရွာ)
စက်တင်ဘာ ၅၊ ၂၀၁၂ 



ကျွန်ုပ်ခေါင်းမူးရောဂါရှိသည်။ လူတိုင်း ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းကိုက်၊ ခေါင်းခဲ စသဖြင့် ဦးခေါင်းရောဂါ အနည်းနှင့်အများ ခံစားဖူးကြသည် ပင်ဖြစ်သည်။ အများအားဖြင့် ပင်နဒေါ၊ ဘတ်စပရို၊ ပါရာစီတမော့ စသည့် အက်စပရင်ဆေးများ၊ တိုင်းရင်းဆေးများကို စားလိုက်ပါက သက် သာသွားလေ့ရှိပါသည်။ 

ရောဂါပြင်းထန်လာတတ်သောကြောင့်၊ ခေါင်းမူးရသည်မှာ ဦးနှောက်အမှေးယောင်၊ ဦးနှောက်ပျက်ပြီလား ထင်လာမိသည်။ ဆေးရုံများစွာ တွင် CT Scan, MRI စက်များဖြင့် ဆေးစစ်ဖူးပါသည်။ တိုးတက်သောနိုင်ငံများတွင် ဦးနှောက်စစ်ဆေးခြင်းမှာ ဆီး၊ သွေး၊ နှလုံး၊ ပုံမှန်ဆေး စစ်ခြင်းတခုကဲ့သို့ သတ်မှတ်ထားပါသည်။ သို့သော် မြန်မာ၊ တရုတ်၊ ဗီယက်နမ် စသည့် မတိုးတက်သေးသောနိုင်ငံ (ဆင်းရဲနိုင်ငံ) များတွင် ဦးနှောက်စစ်ဆေးခြင်းကို သာမန်စစ်ဆေးခြင်းအဖြစ် မသတ်မှတ်ပါ။ စစ်ဆေးသောစက်မှာ ဒေါ်လာသန်းချီတန်သဖြင့် စက်ပစ္စည်းဈေးကြီး လှသောကြောင့် တော်ရုံဆေးရုံများတွင် ထိုစက်မျိုးမရှိကြပါ။ ထို့ကြောင့် CT Scan, MRI စက်များမှာ နောက်ဆုံးပေါ် Ultra Sound စက်ကဲ့သို့ စမ်းသပ်ခမှာလည်း ဈေးကြီးလှပါသည်။ ရှေးက အရိုးစစ်ဆေးသည့် အိတ်စ်ရေး X-ray (ဓါတ်မှန်) ရိုက်ခြင်းမှာ ယခုခေတ်တွင် ဈေးချိုသော စစ်ဆေးခြင်းဖြစ်လာပါသည်။ နောက်ပိုင်း CT Scan, MRI, Ultra Sound စသည့် အသား၊ အသွေးများကို ထိုးဖောက်ကြည့်နိုင်သည့် စက် များလည်း ဈေးနှုန်းကြီးရာမှ ဈေးနှုန်းချိုသာလာပါသည်။ နိုင်ငံမြို့ကြီးများ Custom ဌာနများ၊ လေဆိပ်အ၀င်များတွင် လက်နက်ပါမပါ စစ် ဆေးသော x-ray စက်များမှာ အစွမ်းထက်လှပါသည်။ ပိတ်ထားသောအိပ်အတွင်း အပ်ကလေးတခုပင်လျှင် မြင်နိုင်သည့်စက်များဖြစ်သည်။ ဈေးကြီးလှသော်လည်း စက်ထုတ်လုပ် စရိတ်မှာဈေးမကြီးလှပါ။ သို့သော် တိကျမှု (Quality) တွင် အနောက်နိုင်ငံစက်များကို တရုတ်၊ အိန္ဒိ ယစက်များ မယှဉ်နိုင်သေးခြင်းမှာ Quality အရည်အသွေးတွင် မမှီသေးခြင်းကြောင့်ဖြစ်သည်။ ဈေးကွက်တွင်လည်း Sumsung vs Apple များကဲ့သို့ Patents မူပိုင်ခွင့်များဖြင့် လက်ဝါးကြီးအုပ်ထားမှုလည်း ပါမည်ဖြစ်သည်။ တနေ့တွင် (အနှစ် ၃၀ အတွင်း၊ စာရေးသူအသက်ရှင်နေစဉ်) အရှေ့တိုင်းနိုင်ငံများ တက်ကနိုလိုဂျီတွင် အနောက်နိုင်ငံများကို ကျော်သွားတော့မည် မျှော်လင့်ပါသည်။ ယခုဆောင်းပါးတွင် ကွာလတီ Quality အရေးကြီးကြောင်း၊ အထူးသဖြင့် ဆေးပညာပိုင်းဆိုင်ရာ ခေါင်းမူးရောဂါတခုကို စစ်ဆေးသည့် CT Scan စက်ဖြင့် စမ်းသပ်ခြင်းကို (လူပြိန်းအမြင် Dummy View) အနည်းငယ်ရေးပါမည်။

ပထမဆုံး ဦးနှောက်စစ်ဆေးခြင်းမှာလွန်ခဲ့သော ၅ နှစ်ခန့်ကဖြစ်သည်။ စင်ကာပူနိုင်ငံ ဆေးရုံ၊ ဆေးခန်းများ သုံးခုတွင် စမ်းသပ်ဖူးပါသည်။ ခေါင်းမူရောဂါလေးအတွက် ဆရာဝန်များက ဈေးကြီးလှသည့်ဦးနှောက်စက်ဖြင့် စစ်ဆေးစရာမလိုကြောင်း ပြောဆိုပါသည်။ ကုမ္ပဏီစရိတ် သုံးမည်ဖြစ်သဖြင့် ကုမ္မဏီဆရာဝန်များက မလိုအပ်သော ဦးနှောက်စစ်ဆေးမှုကို မသုံးစေလိုပါ။ နောက်ဆုံး မိမိစရိတ်ဖြင့် Glan Eagle ဆေးရုံ၊ NUH National University Hospital နှင့် Orchard Lab များတွင် နှစ်စဉ်စစ်ဆေးခဲ့ပါသည်။ ဆရာဝန်များပြောသည့်အတိုင်း ဦးနှောက်ကောင်းပါသည်ဆိုသောအဖြေကို ရရှိခဲ့ပါသည်။ ဒါဆို၊ အစားမှား၊ အနေထိုင်၊ စိတ်နေစိတ်ထားမှားလို့လား ..စိတ်ညစ်စရာတွေကြောင့် ခေါင်းမူးရသလား .. အခြားဖြစ်နိုင်ချေများကို ဆင်ချင်ရပါသည်။ CT Scan အားဖြင့် မိမိဦးနှောက်ကောင်းသည်ဟုသိရသောကြောင့် ကျေနပ် ရသည်။ ပတမဆေးရုံတွင် ဒေါ်လာ US$ 1000 ခန့် ကျသင့်သည်။ စက်အရုပ်ပုံ Image သိပ်မကြည်လင်သောကြောင့် ဆေးထိုးပြီးထပ်မံ စမ်းပြန်သည်။ US$ 300 ခန့် အပိုကုန်သွားသည်။ အခြားဆေးရုံများ၊ ဓါတ်ခွဲခန်းများတွင်လည်း စက်အသစ်၊ အဟောင်းကို မူတည်ပြီး US$ 300 - US$ 1000 ဈေးရှိပါသည်။ စက်ကာပူတွင် ဆေးရုံသူနာပြုအများစုမှာ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မြန်မာစသည့် နိုင်ငံခြားမှ အရည် အချင်းရှိသော ငယ်ရွယ်သူ၊ သူနာပြုအမျိုးသမီးငယ်များဖြစ်ကြသည်။ တလလျှင် US$ 500 - 1000 ခန့် လစာပေးထားသည်။ လူနာကို မ လိုအပ်လျှင် မကိုင်ရဲကြပါ။ အချို့ငွေချမ်းသာသူများ၏လူနာများသည် ကြီးကျယ်သောကြောင့် (ငွေစကားပြောလွန်းသဖြင့်) ဆေးရုံကို တရားစွဲတတ်ပါသည်။ သူနာပြုနှင့်ဆရာဝန်များမှာ လူနာနှင့်၊ လူနာရှင်များကို Customer အဖြစ် အထူးသတိထားဆက်ဆံရသည်။ လူနည်း စု လူတန်းစားဖြစ်သည်။ သူတို့က ဆေးရုံ၊ ဆရာဝန်၊ သူနာပြုများကိုငွေပေးပြီး သူတို့ကျန်းမာရေးကို ၀ယ်ယူသည့်ပုံစံမျိုး ဆက်ဆံသော ငွေ သာပဓာနလူများ၏ရန်ကို ကာကွယ်ရသည်။ ထို့ကြောင့် လူနာကို ဈေးကြီးသော iPhone, Galaxy မိုဘိုင်းဖုန်းကဲ့သို့ အလွန်သတိထား၊ စေတနာထား၊ ကိုင်တွယ်ရပါသည်။ သူနာပြု၊ ဆရာဝန်များမှာ လေးစားဖွယ် လူတန်းစားဖြစ်သည်။

မလေးရှားတွင် CT Scan လုပ်လျှင် ဈေးပိုချိုသဖြင့် မိတ်ဆွေတဦး၏ မိခင်၊ ကင်ဆာရောဂါဖြင့် နာမကျန်းဖြစ်သောကြောင့် CT Scan, Chemotherapy လုပ်ရာတွင် စင်ကာပူမှ မလေးရှားသို့သွားရောက် ဆေးကုသည်ကို တွေ့ဖူးသည်။ အများအားဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့သို့ ဆေးကုပေးသော အကျိုးဆောင် (Agent) များရှိသလို၊ ဈေးကြီးလှသောစင်ကာပူသို့ လာရောက်ကုသပေးသည့် အကျိုးဆောင်များ လည်း ရှိပါသည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ခရစ်ယာန်ဆေးရုံတွင် ဇနီးသည် ၂၀၀၈ ခုနှစ် ဦးခေါင်းဒါဏ်ရာကြောင့် CT Scan လုပ်ရာတွင် US$ 200 ပင် မကုန်ကျခဲ့ဖူးပါသည်။

အမေရိကန်တွင်မူ ဆေးစစ်ခြင်းမှာ အထူးလုပ်ငန်းတခုဖြစ်သည်။ အသက်အာမခံကုမ္ပဏီများက ပြည်သူလူထုကို မထားမနေရ၊ အစိုးရဥပဒေ ကုမ္ပဏီများကို ပြဌာန်းထားသောကြောင့် ကုမ္ပဏီစရိတ်ဖြင့်လည်းကောင်း၊ ဆိုရှယ်စကျုရတီ Social Security အစိုးရစရိတ်ဖြင့်လည်းကောင်း၊ ဆေးစစ်ခြင်းများလုပ်ဆောင်သောကြောင့် City Scan လုပ်ခြင်းမှာ အမေရိကန်တွင် အလွန်ဈေးကြီးလှပါသည်။ အမေရိကန်၊ ဆန်ဖရန်စစ္စကို တွင်နေထိုင်ခဲ့စဉ်က ခေါင်းမူးရောဂါဖြစ်ပေါ်လာချိန် ဦးနှောက်များထိခိုက်သွားပြီလားစိုးရိမ်သောကြောင့် ဆေးရုံသွားပြခဲ့သည်။ ဦးနှောက် မစစ်ဆေးသည်မှာ ၂ နှစ်ကြာပြီဖြစ်သောကြောင့် CT Scan လုပ်လိုပါသည်ဟု တောင်းဆိုခဲ့သည်။ ဆန်ဖရန်စစ္စကိုမှ အစိုရဆေးရုံက အပိုအ လုပ်ဟုယူဆပြီး၊ ချိုသာစွာ ဖြောင်းဖြပြောဆိုပြီး ငြင်းပယ်ခဲ့သည်။ ကျွန်ုပ်လည်း ဦးနှောက်ရောဂါရှိနေပါက ဆေးကုရန် ငွေမတတ်နိုင်ပါ။ မြန် မာပြည်ပြန်ပြီး မိမိနောက်ဆုံးအချိန်များကို ဘုရား (ဘာသာရေး) အလုပ်များစွာ လုပ်ကိုင်နေထိုင်တော့မည် ဆုံးဖြတ်ထားသည်။ ဦးနှောက် အမှေးယောင် ရှိ/ မရှိ သိလိုလှသည်။ ထိုကြောင့် ဆန်ဖရန်စစ္စကိုမှ SETON Private Hospital ဆရာဝန်များကို သွားပြခဲ့သည်။ သူတို့က မ လိုအပ်ပါဟုပြောသော်လည်း လူနာကလုပ်လိုပါသည်တောင်းဆိုသောကြောင့် CT Scan လုပ်ပေးလိုက်ပါသည်။ ဦးနှောက်ကောင်းသည် .. ဆိုသည့်အဖြေရရှိသောကြောင့် ကျေနပ်ရသည်။ ထိုကျေနပ်မှုအတွက် US$ 5000 ကျသင့်ပါသည်။

ယခု ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် အလုပ်လာလုပ်စဉ်၊ ခေါင်းမူးရောဂါဖြစ်လာသောအခါ အစားအသောက်၊ အပြောင်းအလဲကြောင့် ဟုယူဆမိသည်။ ဆီးချိုရောဂါ မိရိုးဖလာကိုလည်း သံသယဖြစ်သောကြောင့် သွေးစစ်ရန်၊ ဗီယက်နမ်ဆေးရုံတခု Hoar Hao Hospital တွင် ဗီယက်နမ်အဖော်တစ်ယောက်နှင့် သွားပြပါသည်။ အခြေအနေမကောင်းပါ။ ဆေးရုံမှာ သန့်ရှင်းသပ်ယပ်ပြီး၊ ဖော်ရွေသော ဗီယက်နမ် အမျိုး သမီးငယ်၊ သူနာပြု၊ ရုံးဝန်ထမ်းများစွာက ပျုငှာစွာကြိုဆိုကြသည်။ အားလုံး အင်္ဂလိပ်စကား မပြောနိုင်၊ နားမလည်နိုင်သောကြောင့် ဗီယက် နမ်ဆရာဝန်တယောက်ကိုလိုက်ရှာပြီး မေးမြန်းသည်။ ဆရာဝန်က မနက်ဖန်ဆေးစစ်ရန် Diabetic ဆိုပါက မနက်စောစော ၇ နာရီလာပါ။ အစားလုံးဝမစားခဲ့ရန် တော်သင့်သောအင်္ဂလိပ်စကားဖြင့် ပြောပြခဲ့သည်။ ကျွန်ုပ်လည်း နောက်နေ့မှသွားမည်ဆုံးဖြက်ခဲ့သည်။ မေးမြန်းစုံစမ်း ရာမှာ နောက်ဆုံးအင်္ဂလိပ်စကားပြောသော နိုင်ငံခြားသားများအတွက်ဖွင့်ထားသည့် Columbia Asia Hospital ဆေးရုံအသစ်ကြီးသို့ ရောက်သွားပါသည်။

● Columbia Hospital 
ဈေးကြီးလှသည်ဟု ဗီယက်နမ်မိတ်ဆွေကပြောသည်။ မတတ်နိုင်ပါ။ ကိုယ့်စကားသူမသိ၊ သနားပါဘိ၊ ပါပီကလေး ပုတုတုဘ၀ကို မရောက် လိုသောကြောင့် ငွေကုန်လဲ မတတ်နိုင်၊ အမေရိကန်နိုင်ငံ၊ စင်ကာပူနိုင်ငံလောက်တော့ ဈေးမကြီး၊ ထိုင်းနိုင်ငံထက်ပင် ဈေးချိုမည်ဟု သေချာပေါက်တွက်ထားပြီးသားဖြစ်ပါသည်။ ဗီယက်နမ်ရှိ ပုဂ္ဂလိကဆေးရုံတခုကိုလေ့လာသည့် လူနာတစ်ဦးအဖြစ် ဆေးရုံတွင်းသို့ဝင်လာပါ သည်။ ရုံးကားဒရိုင်ဘာဖြင့် ၀င်လာသောအခါ ယူနီဖေါင်း၊ တဆိပ်တပ် လုံခြုံရေးဝန်ထမ်းများက ရိုလေးစားစွာဖြင့် ကြိုဆိုကြသည်။ အဲယား ကွန်းခမ်းမကြီးသို့ တခါးဖွင့်ပေးပြီးဝင်လာချိန် အနောက်တိုင်းဝတ်စုံ၊ အနက်ရောင်၊ ကုတ်အင်္ကျီဝတ်ဆင်ထားသော အမျိုးသမီး အသက် ၃၀ ကျော် ၃ ဦးက ပျုငှာစွာ အင်္ဂလိပ်စကားကို ကောင်းစွာပြောဆို ကြိုဆိုပါသည်။ လူသားပီသစွာ ချိုသာပျုငှာမှုကို သာယာကျေနပ်မိသည်။ မိမိ ပတ်စပို့ MYANMAR Passport ကိုပေးလိုက်သည်။ အမျိုးသားဝန်ထမ်းက ကောင်တာမှကင်မရာအလုံးလေးကို ကြည့်ရန်ပြောဆိုပြီး ဓါတ် ပုံရိုက်သည်။ တမိနစ်အတွင်း ဆေးရုံးကပ်ပြား ID ဓါတ်ပုံနှင့် ပုံနှိပ်ပြီးသားထွက်လာပြီး၊ နောက်ကို ဆေးရုံလာလျှင် ဒီကဒ်ပြားကိုသုံးရန် ပြောကာ၊ ဆရာဝန်နှင့်တွေ့ရန် ခေါ်သွားသည်။ ဆရာဝန်နှင့်မတွေ့ခင် အသက် ၂၀ ကျော် ငယ်ရွယ်သည့် သူနာပြု ၅ ယောက်က ပျုငှာစွာ ကြိုဆိုပြီး၊ တယောက်က စစ်ဆေးအခန်းတခုတွင် ခေါ်သွားသည်။ တံခါးပိတ်လိုက်ပြီး အသက်၂၀ အရွယ် သူနာပြုအမျိုးသမီးငယ်လေးနှင့် ၂ ယောက်တည်း ၁၀ မိနစ်ခန့်၊ သွေးဖိအားတိုင်း၊ သွေးခုံနှုန်းစစ်၊ အလေးချိန်၊ အရပ်တိုင်း၊ လုပ်သည်။ အင်္ဂလိပ်စကားကို နားလည်ပြီး၊ အသင့်တင့်ပြောတတ်သည့် သူနာပြုငယ်ဖြစ်သည်။ လက်ကောက်ဝတ်ကို တမိနစ်ကြာအောင်နှိပ်ပြီး တမိနစ်သွေးခုန်နှုန်းကို စိတ်ဖြင့်ရေ တွက်သည်။ ရေတွက်ပြီး မှတ်တမ်းတွင်ရေးသွင်းလိုက်သည်။ ကျွန်တော်လည်း အားလုံးကိုလိုက်ကြည့်တော့ သွေးဖိအား၊ 120/80, သွေးခုန် နှုန်း 72, အရပ်မောင်း 1.70m, အလေးချိန် 67kg အားလုံးကောင်းပါသည်။

● ဆရာဝန်နှင့်တွေ့ခြင်း၊ 
အမျိုးသမီးတစ်ဦး လာခေါ်သည်။ ဆရာဝန်ခန်းတွင် Dr. Lam အသက် ၅၀ ခန့် နှင့် တွေ့သည်။ အင်္ဂလိပ်လို ကျွမ်းကျင်စွာပြောဆိုနိုင်သည့် ဆရာဝန်ဖြစ်သည်။ မိမိ ခေါင်းမူးရောဂါရာဇ၀င်နှင့် Diabetic သံသယဖြစ်မှုများကို ပြောပြသည်။ ဦးနှောက်ပုံမှန်ဖြစ်သလား လမ်းလျှောက်ခိုင်း သည်။ လက်ဆန့်တန်းခိုင်းသည်။ ကုတင်တွင် ပက်လက်လှန်ပြီး ဗိုက်ကိုလှန်လှောစမ်းသပ်သည်။ အသက်ရှုနှုန်း၊ နား၊ နှာခေါင်းများကို စက်ဖြင့် ထိုးပြီးစစ်သည်။ လက်နှိပ်မီးဖြင့် ပါးစပ်အာခေါင်ကို စစ်ဆေးသည်။ ၁၀ မိနစ်ခန့် မေးမြန်းစစ်ဆေးပြီး၊ သွေးစစ်ရန် ဦးနှောက်အတွက် CT Scan လုပ်မည်ပြောသည်။ ကျွန်ုပ်က CT Scan ဘယ်လောက်ကျသင့်သလဲ မေးမြန်းသောအခါ US$ 70 ကျသင့်သည်ဟု ပြောပါသည်။ ဆရာဝန်ခက ပိုဈေးကြီးမယ်ထင်တယ်မေးသောအခါ Doctor Fee is US$ 20 only. ဖြေပါသည်။ ရယ်စရာအဖြစ် ဟာ.. ဆရာဝန်က ပိုပြီး ဈေးကြီးရမှာ ဘာဖြစ်လို့ စက်စရိတ်က ဈေးပိုကြီးနေရသလဲဟု ပြောဆို၊ နှုတ်ဆက်ထွက်လာခဲ့ပါသည်။ မိန်းမငယ်တဦး လာရောက်ကြိုဆိုပြီး သွေးစစ်တဲ့နေရာသို့ ခေါ်သွားပြန်ပါသည်။

● Blood Test & CT Scan ဆေးစစ်ခြင်း 
သွေးစစ်တဲ့ လူငယ်ယောက်ျားလေးက ကျွမ်းကျင်စွာ၊ စမ်းသပ်ပြီး ညာလက်ဖျံကိုစည်းပြီး သွေးကြောရှာပါသည်။ သွေးကြောကို ကောင်း ကောင်းမမြင်ရပါ။ စင်ကာပူတွင် သူနာပြုဆရာမ ကြီး/ငယ်များစွာနှင့် သွေးထုတ်ခြင်း၊ သွေးကြေဆေးသွင်းခြင်းများ လုပ်ဖူးပါသည်။ မကျွမ်း ကျင်မှု၊ သွေးကြောကောင်းကောင်း မမြင်ရမှုများကြောင့် အပ်နှင့်အသားထဲ သွင်းလိုက်၊ ထုတ်လိုက် လုပ်ခံရဖူးပါသည်။ နာကျင်သော်လည်း ခံရပါသည်။ ယခု ဗီယက်နမ် သူနာပြုအမျိုးသားငယ်လေးက လက်ဖျံမှ သွေးထုတ်မယ်စမ်းသောအခါ စိုးရိမ်မိပါသည်။ ဖတ်ကနဲ အပ်စိုက်မှုကို ခံစားလိုက်ပြီး မျက်စိဖွင့်ကြည့်လိုက်သောအခါ ပင်နယ်စလင်ပုလင်းငယ်တွင် သွေးများအပြည့်ဝင်လာနေသည်ကို တွေ့ရပါသည်။ သြော်.. ဒီလူငယ်လေးက မြန်မာပြည်က သူနာပြုများလို လူကိုကိုင်တွယ်တာ ကျွမ်းကျင်လှကြောင်း လက်တွေ့ကြုံရပါသည်။ စင်ကာပူ၊ အမေရိကား များတွင် လူကို အပ်နှင့်စိုက်မည့်အရေးဆိုလျှင် လူနာရော၊ သူနာပြုရော သိပ်မလုပ်ချင်ကြပါ။ မြန်မာပြည်နှင့်ဗီယက်နမ်များတွင် လူနာရော၊ သူနာပြုရော အပ်စိုက်သွင်းခြင်းအလုပ်ကို ထမင်းစားရေသောက်လို သဘောထားကြပါသည်။

ထိုနောက် Toshiba Aviator တံဆိပ်ကပ်ထားသော CT Scan စက်ကြီးတွင် စမ်းသပ်ခံရပါသည်။ စမ်းသပ်သည့် အမျိုးသားမှာ၊ အင်္ဂလိပ်စကား လည်း ကျွမ်းကျင်သည်။ ဘယ်နိုင်ငံကလည်းဟု မေးမြန်းစကားပြောရင်၊ စက်အ၀ိုင်းကြီးတွင် ၁၀ မိနစ်ခန့် စမ်းသပ်ပြီး ပြီးဆုံးသွားပါသည်။

အမျိုးသမီးတဦးရောက်လာပြီး စောင့်ဆိုင်းရန်နေရာတွင် နေရာချထားပါသည်။ အနောက်တိုင်းကုတ်အင်္ကျီနှင့် Accounting ဌာနမှ အမျိုး သမီးငယ်လေးတဦး ထပ်မံရောက်လာပြီး ကျသင့်ငွေများကို ပြောပြသည်။ Insurance အာမခံရှိသလား၊ ကုမ္ပဏီနာမည်နဲ့ ငွေရပြေစာ ရေး ရမလား၊ အသက်အာမခံ Insurance Claim Procedure များကို ရှင်းပြပြောဆိုပါသည်။

● စကားချပ် 

Columbiaasia.com ဆေးရုံသည် အာရှတွင် ၂၁ ခု ဖွင့်လစ်ထားပြီး၊ ဗီယက်နမ်တွင် ၃ ခုဖွင့်ထားသည်။ ဟိုချီမင်းမြို့ထဲတွင် တခု၊ မြို့ပြင် ယခု ကျွန်ုပ်တို့စက်ရုံရှိရာ ဗီယက်နမ်-စင်ကာပူ စက်မှုဇုံ VSIP အနားတွင်တခု၊ နောက်တခုမှာ ဗီယက်နမ်မြို့တော် ဟနွိုင်းမြို့တွင် တခုဖွင့် ထားသည်ဟု ဆိုပါသည်။ ဗီယက်နမ် ဆိုရှယ်လစ်အစိုးရမှာ အခြေခံလူတန်းစားများကို လစာ 3,000,000 d (US$ 150) သတ်မှတ်ထားသည်။ ထိုငွေဖြင့် လူတိုင်း စားဝတ်နေရေး၊ အိုကေ၊ အဆင်ပြေကြသဖြင့် ဆေးရုံတွင်လည်း ၀န်ထမ်းများစွာ ခန့်ထားနိုင်ပါသည်။ ဆေးရုံလုပ်ငန်းမှာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝဖြစ်သော်လည်း ၀ိသမစီးပွားရေးသများများကြောင့် အသပြာဆေးရုံများ ဖြစ်သွားတတ်သည်။ ထို့ကြောင့် ဗီ ယက်နမ်တွင် အစိုးရက ထိန်းကျောင်းပေးပါသည်။ နိုင်ငံခြားသားဆေးရုံ နှင့် ဒေသခံများဆေးရုံ ၂ မျိုးရှိပါသည်။ အင်္ဂလိပ်စကားပြောတတ်ပါက ဆေးရုံသူနာပြုမှာ လစာ US$ 300 အထက်ရနိုင်ပြီး၊ အင်္ဂလိပ်စကားမတတ်ပါက US$ 200 အောက်သာ ရရှိမည်ဖြစ်သည်။

ဗီယက်နမ်များသည် နိုင်ငံခြားသားကို ပျုငှာခြင်းမဟုတ်၊ ပင်ကိုယ်စိတ်ရင်းပျုငှာမှုဟု စာရေးသူ ယူဆပါသည်။ စာရေးသူတွေ့ဆုံသော ဗီယက်နမ်အများစုမှာ နိုင်ငံခြားသားများ လစာဒေါ်လာထောင်သောင်းချီရသော်လည်း မနာလို၊ Chop ခေါင်းပုံဖြတ်လိုစိတ်မရှိသူ၊ ရတာ နဲ့ကျေနပ်သူများ ဖြစ်ကြပါသည်။ ရာဇ၀တ်မှုလည်းနည်းပါးပြီး၊ မိန်းမပျက်လုပ်ငန်းလည်း မရှိသလောက်ပင်ဖြစ်သည်။ ဘာသာတရား မရှိ သူများဖြစ်သော်လည်း လူမှုရေး၊ ကြီး၊ ငယ် ရိုသေလေးစားမှု Seniority ရှိပါသည်။ ဗီယက်နမ်တွင် အဖြူကောင်ဆိုသူ ဥရောပ၊ အမေရိကား တိုက်သားများမှာ Not Welcome အဆင့်တွင်ရှိသည်။ ပြင်သစ်၊ အမေရိကန် ကိုလိုနီဖြစ်ခဲ့ဖူးပြီး၊ တရုတ် - အမေရိကန် စစ်အေးခေတ်က နိုင်ငံခြားသားများကြောင့် တိုင်းပြည်လုံးပါးခဲ့သည်ကို ဗီယက်နမ်များ မမေ့ကြပါ။ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များရှိကြပြီး၊ ဂျပန်နှင့်ကိုးရီး ယားများပင်လည်း ဗီယက်နမ်စကားမတတ်ပါက လူရာသွင်းမခံရပါ။ မြန်မာပြည်မြစ်ဆုံစီမံကိန်းကဲ့သို့ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီများ၏ ခေါင်းပုံဖြက်မှုကို ခံခဲ့ပြီးဖြစ်၍၊ ယခုနိုင်ငံတည်ထောင်ရာတွင် အမေရိကန်၊ တရုတ်တို့ထက် ရုရှားနိုင်ငံအကူအညီကို အများဆုံးယူထားပါသည်။ ဗီယက်နမ်၏ အလွန်ကြီးမားလှသော ကမ်းလွန်ရေနံလုပ်ငန်းအများစုကို ရုရှားရေနံကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေးထားပြီး၊ လူငယ်ပညာ တော်သင် အများစုမှာ ရုရှားနိုင်ငံသို့သွားနေဆဲဖြစ်သည်။

● ဆရာဝန်နှင့် နောက်ဆုံးတွေ့ဆုံခြင်း 
Dr. Lam နှင့်တွေ့ရန် အမျိုးသမီးတဦး ပြုံးရွှင်စွာ လာခေါ်ပါသည်။ ဆရာဝန်အခန်းတွင် ၁၀ မိနစ်ခန့် ဆရာဝန်က သွေးစစ်ရလဒ်၊ ဦးနှောက်စစ် ဆေးမှုရလဒ်များကို ကွန်ပြူတာတွင် ပြသပြီးရှင်းပြပါသည်။ အားလုံးကောင်းပါသည်။ ဦးနှောက် အာရုံဆေး (ခေါင်းမူးခြင်းအတွက်) Betaserc 24MG, Tanganil 500mg ဆေးများ တပတ်စားသုံးရန် ပေးလိုက်ပါသည်။ နောက်တစ်ပတ် ပြန်လာရန် ချိန်းလိုက်ပါသည်။ ထို ဆေးများကို အင်တာနက်တွင်ရှာဖွေကြည့်ရာ ဦးနှောက်ဆေးများဖြစ်သည်။ တပတ်စားသောက်ပြီးပါ သက်သာသွားလျှင် နောက်ဆက်စား ရန်မလိုတော့ဟု Dr.Lam ကပြောပါသည်။ ဦးနှောက်အားဆေး Neuro နှင့်မတူပါ။ ကျေနပ်ပါသည်။ မိမိဦးနှောက်ကို မလိုအပ်သည့် စိတ် ဖိစီးမှုများ (ဥပမာ - ဇနီးသည်နှင့်ငြင်းခုံခြင်းများ) မလုပ်ရန်၊ ဇနီး၊သားသမီးများ ကွန်ပလိန်းအလုပ်မခံအောင်နေရန်၊ အလုပ်မှ ဘော့စ်နှင့် အလုပ်သမားများ ကွန်ပလိန်း၊ Complain & Protest သိပ်မလုပ်ရန် စိတ်နေစိတ်ထား Attitude ပြောင်းလဲဖို့လိုသည်ဟု သိရပါသည်။ ဗီယက်နမ်ဆရာဝန်ကတော့ စိတ်ဖိစီးမှုကိုမပြောပါ။ စင်ကာပူမှ ဆရာဝန်များကတော့ စိတ်ဖိစီးမှုကို အဓိကထားပြီးပြောပါသည်။

နောက်ဆုံး Billing Department တွင် ဆေးစစ်ရလဒ်များ၊ ဦးနှောက်ဓါတ်ပုံများကိုပေးအပ်က ကုန်ကျစရိတ် စုစုပေါင်း ဒေါ်လာ US$ 140 နှင့်ညီမျှသည့် ဗီယက်နမ် ဒေါင်းငွေ 2,700,000 d နှစ်သန်း ၊ခုနှစ်သိန်းကို ပေးလိုက်ပါသည်။ စိတ်ကျေနပ်မှုနှင့်၊ ဆေးသောက်ပြီးနောက်၊ စိတ်ဖိစီးမှုများကျဆင်းသွားသောကြောင့် နောက်နေ့တွင် ခေါင်းမူးရောဂါ ပျောက်သွားပါသည်။

● နိဂုံး 
CT Scan ကို အမေရိကန်တွင် ငါးထောင်ပေးရသည်။ စင်ကာပူတွင် တစ်ထောင်ခန့်ပေးရသည်။ ထိုင်းနိုင်ငံတွင် နှစ်ရာခန့်ပေးရပြီး၊ ဗီယက် နမ်တွင် ခုနှစ်ဆယ်သာပေးရသည်။ မြန်မာပြည်တွင် ဘယ်လောက်ကျသင့်ပါသလဲ မေးချင်ပါသည်။

ရည်ညွှန်း - 
CT Scan - X-ray CT Computed Tomography
MRI - Magnetic resonance imaging
VSIP - Vietnam Singapore Industrial Park
Sumsung vs Apple - Patent and Loyalty court issue in 2012
http://en.wikipedia.org/wiki/X-ray_computed_tomography


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages