25th July - MoeMaKa Daily

19 views
Skip to first unread message

Maung Yit

unread,
Jul 25, 2012, 2:25:40 AM7/25/12
to sfbcir...@moemaka.info, moemak...@moemaka.biz, burm...@googlegroups.com, moemaka
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၂၅၊ ၂၀၁၂၊
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၃ ရွာမှ လယ်မြေဧက ၁၂၀၀၀ ကျော်ကို ကာကွယ်ရေးပစ္စည်းစက်ရုံ (က ပ စ) အမှတ် (၈) မှသိမ်းယူထားခဲ့ရာ ၎င်းလယ်မြေများ ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်သမ္မတထံ စာရေးသားတင်ပြမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူ မသန္တာ က မိုးမခသို့ ပြောသည်။
“ အခုလယ်မြေတွေက ၉၆ ၊ ၉၇ ခုနှစ်လောက်ကတည်းက သိမ်းခံထားရတာ၊ တချို့မြေတွေကို ကပစ က အဆောက်အဦဆောက်ပေမယ့် မဆောက်ပဲ လွတ်နေတဲ့မြေတွေကို လယ်သမားတွေက သီးစားခပေးပြီး ပြန်လုပ်နေရတာ ကြာပြီ၊ အခုတော့ အဆောက်အဦမဆောက်တဲ့ လွတ်နေတဲ့လယ်မြေတွေ ပြန်ရချင်တယ်ဆိုပြီး လယ်သမားတွေက တင်ပြမှာပါ”
ဟု ၎င်းက လတ်တလော ဖြစ်ပျက်နေသည့် အခြေအနေကို ရှင်းပြသည်။
ယင်းကျေးရွာအုပ်စု ၁၃ ရွာပေါင်းလျင် လယ်မြေဧက စုစုပေါင်း ၁၂၇၀၀ ကျော်သိမ်းဆည်း ခံထားရသည်ဟုလည်း လယ်သမားများ၏ ပြောဆိုချက်အရ သိရှိရသည်။ ယင်းလယ်မြေများ အတွက် ၁၉၆၀ ခုနှစ်မှ စတင်ကာ မြေခွန်ပေးဆောင်ထားသည့် ပြေစာများလည်း လယ်သမားများထံတွင်ရှိသည်ဟု ၎င်းတို့က ပြောသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ စာရေးသား တင်ပြသည့်ကိစ္စကို ယခုအခါ စာရွက်စာတမ်းများ ပြင်ဆင်နေဆဲဖြစ်သည်ဟုလည်း မသန္တာက ပြောသည်။
မဆလ အစိုးရနှင့် စစ်အစိုးရလက်ထက် သိမ်းဆည်းခံထားရသည့်  လယ်ယာမြေများနှင့် ပတ်သက်၍ ယခင်သီတင်းပတ်က ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ကပစ (၃) စက်ရုံအနီးရှိ လယ်မြေများအား လယ်သမားများက ထွန်တုံး တိုက်ပွဲဆင်နွှဲခဲ့ကြသကဲ့သို့ မိတ္ထီလာခရိုင်ရှိ မြို့နယ်အချို့တွင်လည်း သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး ထွန်တုံးတိုက်ပွဲများ လုပ်ဆောင်လျှက်ရှိကြသည်။
ဦးသိန်းစိန် အစိုးရတက်လာပြီး တစ်နှစ်ကျော် ကာလအတွင်း လယ်ယာမြေ သိမ်းဆည်းခံထားရသည့် ကိစ္စရပ်ရာနှင့်ချီ ပေါ်ထွက်လာလျှက်ရှိပြီး အချို့သော လယ်မြေများ ပြန်လည်ရရှိသော်လည်း အရေအတွက်အားဖြင့် နည်းပါးလျှက်ရှိသေးကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။     ။ 
Posted by MoeMaKa at 11:14 PM 0 comments  

Graphic Design Ko Myoe - Happy Birthday Mar Mar Aye


ဒီဇိုင်း ဂရပ်ဖစ်ကိုမျိုး - ဟက်ပီးဘတ်ဒေး မာမာအေး
ဇူလိုင် ၂၅၊ ၂၀၁၂
Posted by MoeMaKa at 10:18 PM 0 comments  

Kyaw Thu - Buddha who nurses the sick

သူနာပြုသော ဗုဒ္ဓ 
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) 
ဇူလိုင် ၂၄၊ ၂၀၁၂ 
 
 
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေးချို့တဲ့သည့် ရဟန်း ရှင်လူ အများပြည်သူတို့အတွက် ဆေးဝါး (အခမဲ့) ကုသပေးနေသကဲ့သို့ မြန်မာပြည် အနယ်နယ် အရပ်ရပ် (ပြည်မြို့၊ မော်လမြိုင်ကျွန်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း) ဒေသများရှိ ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကွန်ယက်သဖွယ် တတ်စွမ်းသ၍ လက်ဆင့်ကမ်း ကုသိုလ်ကောင်းမှုများကို ပြုလုပ်ပေးလျှက်ရှိသည်။

၂၅. ၄. ၂ဝ၁၂ ရက်နေ့တွင် စတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)သည် နာမကျန်းဖြစ်နေသော အများပြည်သူ ရဟန်းရှင်လူတို့အား ဆေးဝါးကုသမှုကို စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာမှ ယနေ့ ၂၂. ၇. ၂ဝ၁၂ (တနင်္ဂနွေနေ့) နံနက် ၈း၃ဝ နာရီအချိန်တွင် ပဲခူးမြို့၊ ဒက္ခိဏသာခါရာမကျောင်းတိုက်ဝင်းအတွင်းတွင် “သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)” ဟူ၍ ပဲခူးမြို့ရှိ ဆရာဝန်ကြီးများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ သူနာပြုများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျန်းမာရေးကုသမှုဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီ ဖြစ်သည်။

Posted by Ko Oo at 8:43 PM 0 comments  

Ashin U Dhamma Piya article

တက္ကသိုလ်များအတွက် ပညာရေးမူဝါဒများကို အဘယ်သို့ ပြုပြင်ပြောင်လဲကြမည်နည်း
ဒေါက်တာဓမ္မပိယ 
ဇူလိုင် ၂၅၊ ၂၀၁၂ 

ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ…။ လူပြောသူပြော များနေတဲ့သတင်းက ပညာရေး၊ စီးပွားရေးနှင့် လူ့အခွင့်ရေး သတင်းများပါ။ "ပေါက်ပင် ဘာကြောင့်ကိုင်းခဲ့ရတယ်˝ ဆိုတဲ့ အမေးကို အဖြေဖော်ထုတ်နိုင်ရေးအတွက် နိုင်ငံခေါင်းတော်ဆောင်များနှင့် ပြည်သူများ ပူးပေါင်းပြီး အဖြေကို ရှာဖွေညှိနှိုင်းနေကြခြင်းပါ။ အထူးသဖြင့် ပညာရေးမူဝါဒများ ပြုပြင်ပြောင်းလဲနိုင်ဖို့ပါ။ လွန်ခဲ့တဲ့သုံးရက်ခန့်က ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ်ကြီးနှစ်ခုကို အဆင့်မြင့် တက္ကသိုလ်ကြီးများ ဖြစ်လာနိုင်စေရန် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဆိုတဲ့ သတင်းကို ရေဒီယိုမှတဆင့် ကြားသိရ၍ ဝမ်းသာကြည်းနူး ဖြစ်မိခြင်းပါ။ ပညာရေးသတင်းမို့ အထူးစိတ်ဝင်စားမိခြင်းပါ။ တက္ကသိုလ်ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲတော့မည်ဆိုလျှင် အဘယ်သို့ ပြုပြင်ပြောင်းလဲကြမည်နည်း။ အဖြေရှာနိုင်ဖို့ပါ။ စဉ်းစားရမယ့်အချက်တွေ များစွာရှိနေသော်လည်း အရေးကြီးတဲ့အချက်ကို အဓိကထားပြီး စဉ်းစားနိုင်ကြဖို့ပါ။ ဘာကြောင့် ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲချင်ကြတာလဲ။ ဘယ်လိုပြုပြင် ပြောင်းလဲမှာလဲ။ ဘယ်နေရာတွေမှာ အဓိကထားပြီး ပြုပြင်ပြောင်းလဲမှာလဲ။ ဘယ်အချိန်မှာ ပြုပြင်ပြောင်းလဲကြမှာလဲ။

အနှောင်အဖွဲ့ကင်းတဲ့ မူဝါဒ 

ပညာရေးမူဝါဒများကို ရေးဆွဲတဲ့အခါမှာ အနှောင်အဖွဲ့များကင်းရှင်းပြီး လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ဖို့ပါ။ ထိုသို့ရေးဆွဲရာ၌ လွတ်တော်လွတ်ရပ်မှာ ပါဝင်နေတဲ့ပညာရှင်များသာမက ပြည်သူထဲမှာ ခေတ်အမြင်လည်းရှိ၊ နိုင်ငံတကာ ပညာရေးအတွေ့အကြုံများလည်းရှိတဲ့ ရဟန်းပညာရှိ၊ လူပညာရှိပုဂ္ဂိုလ်များပါ ပါဝင်နိုင်ဖို့ပါ။ သို့မဟုတ် ထိုပုဂ္ဂိုလ်များ၏ အကြံဉာဏ်ကောင်းများကိုပါ ရယူနိုင်ဖို့ပါ။ ဒါမှသာ ပညာရေးပြုပြင်ပြောင်းလဲရေးကဏ္ဍ၌ ပိုမိုအသက်ဝင်လာနိုင်မှာပါ။ ပညာရေးမူဝါဒများကို ရေးဆွဲပြဋ္ဌာန်းပေးရာမှာ လူကောင်းသော်လည်း မူမကောင်းခဲ့လျှင် (သို့မဟုတ်) မူကောင်းသော်လည်း လူမကောင်းခဲ့လျှင် မြန်မာနိုင်ငံရဲ့ ပညာရေးဟာ ကမ္ဘာ့အဆင့်မီ ပညာရေးမျိုးဖြစ်လာနိုင်ဖို့ဆိုတာ ဟိုအဝေးကြီးမှာ ရှိနေဦးမှာပါ။ ခေတ်နှင့်လည်းလျော်ညီပြီး၊ စနစ်နှင့်လည်းလျှော်ညီနိုင်တဲ့ ပညာရေးမူဝါဒများကို ပညာရှင်များ ပါဝင်ညှိနှိုင်း၍ ပြဋ္ဌာန်းပေးနိုင်ဖို့ပါ။ ပညာရေးကောင်းမွန်လျှင် လူကောင်း၊ လူတော်များလည်း ပေါ်ထွန်းလာမှာပါ။


Posted by Ko Oo at 8:32 PM 0 comments  
Labels: Article

Kamar Pale - Metter of Art

အနုပညာ ... ကိစ္စ
ကမာပုလဲ
ဇူလိုင် ၂၅၊ ၂၀၁၂

အသင့် သိမ်းဆည်းစရာမလိုတဲ့ အိပ်ယာ
စားအိုး၊ စားခွက်နဲ့
လည်တိုင်မှာ ချည်စွဲနေကျ
ပခုံးထက်က တဘက်ကလေး
အလေ့ကျ သုံးရာသီများ ...။

နာကျင်မှုတွေအပေါ်မှာ
မချိပြုံးတွေ သိမ်းပိုက်နေတဲ့ ကိစ္စ ...
လက်တွေ့ဖြေရှင်းရမယ့် ပြဿနာတွေပေါ်မှာ
ဘာစတီးလ် အကျဉ်းထောင်ကို ဖြိုဖျက်ဖို့ မဝံ့ရဲခဲ့ရင်ဖြင့် ...။


Posted by Ko Oo at 8:08 PM 0 comments  

Free Let Yar Tun Now - Message


မောင်လကျာ်ထွန်းနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ
(Free All Political Prisoners in Burma )
" ...
မောင်လင်္ကျာထွန်းသည် အသက် (၄၀) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူ၏ဘဝထက်ဝက်ခန့် (နှစ်ပေါင်း၂၀) နီးပါးသည် အကျဉ်းထောင် အတွင်း၌သာ ရှင်သန်ခဲ့ရသူဖြစ်ကြောင်း သိခဲ့ရသည်။ 
သူသည် ဒုတိယအကြိမ်မြောက် အကျဉ်းထောင်ထဲသို့ ရောက်ရှိခဲ့သည်လည်းဖြစ် သည်။ သူ၏ဘဝသက်တမ်း ထက်ဝက်ခန့်သည် အကျဉ်းထောင်ထဲတွင် အချုပ်အနှောင်ခံဘဝတွင် လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာနေရ သော်လည်း ဘဝတူအကျဉ်းသားများစွာတို့အား သူတတ်မြောက်ထားသောပညာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပြင်သစ်စကားတို့အပြင်ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် အဖိုးမဖြတ်နိုင်သော မိုးကုတ်ဆရာတော်ဘုရားကြီးလမ်းညွှန်ပြသခဲ့သည့် မိုးကုတ်ဝိပဿနာ တရား စခန်းနှင့် ဘုရားကျောင်းဆောင်တို့အားလည်း သာယာဝတီအကျဉ်းထောင်အတွင်းတည်ထားကိုးကွယ်ကာ လမ်းညွှန်ပြသသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်ပေသည်ဟု သိရှိခဲ့ရသည်။ ..." 

http://ppMoemaka.blogspot.com/ မှာ အခြားအကျဉ်းသားများအကြောင်း ဖတ်ရှု့ပါ


Posted by MoeMaKa at 7:55 PM 0 comments  

Saw Ngo - Beggars Nation under USDP


ကာတွန်း စောငို - ကယ်ပါမျိုးဟေ့ ဒို့ xxx
ဇူလိုင် ၂၅၊ ၂၀၁၂
Posted by MoeMaKa at 6:56 PM 0 comments  
Labels: Cartoon Box, Saw Ngo

Burmese Artist Mar Mar Aye turns 70 next day


ဂီတပညာရှင် တေးသံရှင် ဒေါ်မာမာအေး ၇၀ပြည့် မွေးနေ့
မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၂
မြန်မာပြည်၏ ဂန္ထ၀င်ဂီတပညာရှင်၊ တေးသံရှင်၊ ဒေါ်မာမာအေး ၇၀ ပြည့် မွေးနေ့ အမှတ်တရအဖြစ် ချစ်ခင်သူ မိတ်ဆွေများနှင့် မုန့်စားကြရန် ကိုယ်တိုင်လက်ရေးနှင့် ဖိတ်စာပေးပို့ထားသည်ကို တွေ့ရသည်။
မိုးမခမီဒီယာက မိမိတို့၏ နာယက၊ မိခင်ကြီး ဒေါ်မာမာအေး သက်တော်ရာကျော်ရှည်ပြီး မြန်မာပြည်ငြိမ်းချမ်းရေး ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်စေရေး ဂီတအနုပညာဖြင့် ဆထက်တံပိုး အောင်မြင်စွာ ထမ်းဆောင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး ဂါရ၀ပြုလိုက်ပါသည်။
Posted by MoeMaKa at 6:43 PM 0 comments  

Fund Raising for Daw Khin Kyi Foundation in Singapore

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ စာပေဟောပြောပွဲ စကာင်္ပူမှာ ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ စင်္ကာပူ၊ ဇူလိုင် ၂၅၊ ၂၀၁၂
သြဂုတ်လ ၁၉၊ ၂၀၁၂ တနင်္ဂနွေနေ့
ညနေ ၂ နာရီက ၇ နာရီ
စင်္ကာပူ ပိုလီကွန်ဗင်းရှင်း စင်တာ
ဟောပြောမည်သူများ - အော်ပီကျယ်၊ ကျော်ဝင်း၊ မောင်ဝံသ
လက်မှတ်များ - ၁၅၊ ၂၀၊ ၂၅ စင်္ကာပူဒေါ်လာ

Posted by MoeMaKa at 4:35 PM 0 comments  

Maung Nyein Aye - Sunday


တနင်္ဂနွေ
မောင်ငြိမ်းအေး၊ ဇူလိုင် ၂၅၊ ၂၀၁၂

မိန်းမက
ဆန်အိုးကိုထောင်ပြတာနဲ့
တနင်္ဂနွေနေ့ကလေးကို အိတ်ကပ်ထဲထည့်
အပေါင်ဆိုင်ဘက်ကို ထွက်လာခဲ့တယ်။

ကောင်တာပေါ်ကို
တုန်ရီနေတဲ့လက်ချောင်းတွေနဲ့
ငါ့တနင်္ဂနွေနေ့ကလေးကို တင်လိုက်တဲ့အခါ
အတိုးတွေနဲ့ ပြည့်ဖြိုးလှပနေတဲ့ မမက
ဆတ်ခနဲေ ကာက်ယူလိုက်ပြီးတဲ့နောက်
မှတ်ကျောက်မဲမဲကလေးအပေါ်မှာ
ငါ့တနင်္ဂနွေခမျာ
အစုန်အဆန်ခရီး နှင်နေရှာတော့တယ်။

တနင်္ဂနွေ စစ်မစစ်
တဂျစ်ဂျစ်ခြစ်ပြီး စစ်နေတဲ့ မမလေ
ငါ့တနင်္ဂနွေနေ့ကလေးမှာ
တစ်ခါမှ အေးအေးလူလူစာဖတ်ထားတာ မတွေ့ရ
တစ်ခါမှ မိတ်ဆွေအပေါင်းအသင်းအိမ်လည်ထားတာ မတွေ့ရ
တစ်ခါမှ မိသားစုပျော်ပွဲစားထွက်ထားတာ မတွေ့ရ
တစ်ခါမှ ဘုရားဖူးသွားထားတာမတွေ့ရ ..... ဆိုတော့
ရှင့် တနင်္ဂနွေဟာ
တနင်္ဂနွေအတုကြီး လို့ပြောပြီး
ဒေါသနဲ့ ငါ့တနင်္ဂနွေကို
ငါ့ရှေ့ပြန်ပစ်ပေးလိုက်ပါရော.....။

ပိုက်ဆံ မပါရင်မဖြစ်
ပိုက်ဆံပါမှ ဖြစ်မှာကြောင့်
တနင်္ဂနွေ မစစ်တဲ့
တနင်္ဂနွေ အတုကိုကောက်ပြီး
နေပူကျဲကျဲကြီးထဲကို
ငါ... တိုးဝင်လိုက်တော့မှပဲ
ငါ့ရဲ့ တနင်္ဂနွေဟာ
တကယ့်တနင်္ဂနွေအစစ် ဖြစ်နေပြန်တော့တယ်။

  “လောကအလင်း ပညာဒါန သင်တန်းကျောင်းဖွင့်ပွဲ အကြိုညှိနှိုင်း အစည်းဝေးပွဲ ကျင်းပ”
မိုးမခမိတ်ဆွေ (မန္တလေး)၊ ဇူလိုင် ၂၅၊ ၂၀၁၂
          “လောကအလင်း” ပညာဒါန သင်တန်းကျောင်း ဖွင့်လှစ်ရေးအတွက် အကြိုညှိနှိုင်း အစည်းဝေးပွဲကို ၂၁-၇-၂၀၁၂-ရက် မွန်းလွဲ နှစ်နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပခဲ့ပါတယ်။
          အစည်းအဝေး၌ ဆရာတော်ဦးဝီရသူက သြဝါဒစကား ပြောကြားပြီး ဆရာ/မများနှင့် တာဝန်ခံ ပုဂ္ဂိုလ်များက “လောကအလင်း” ပညာဒါန သင်တန်းကျောင်း၊ အချိန်မီ ဖွင့်လှစ်နိုင်ရေး၊ အမြန်ဆုံးစာသင်ကြား ပို့ချနိုင်ရေး စသည်တို့ကို ညှိနှိုင်းတိုင်ပင်ခဲ့ကြပါတယ်။
          “လောကအလင်း” ပညာဒါန သင်တန်းကျောင်းကို မနော်ဟရီ-၄၉×၅၀လမ်းကြား ချမ်းမြသာစည်မြို့နယ်မှာ ဆောက်လုပ်ထားကာ ဆရာတော်ဝီရသူက တည်ထောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ထွန်းတုံးမြို့သစ်မှ ရွှေခမောက်ကိုရွှေမောင်က အနီးကပ်ကူညီကာ၊ ကိုမိုးအောင်က ငွေကြေးထောက်ပံ့ငွေ သုံးစွဲဖို့ တာဝန်ယူမှာ ဖြစ်ပါတယ်။
          “လောကအလင်း” ပညာဒါန သင်တန်းကျောင်းတွင် ဆယ်တန်းတစ်ခုတည်းကိုသာ ဘာသာစုံသင်ကြားပို့ချပေးမှာ ဖြစ်ပြီး၊ ကျောင်းသူ/သားများ ပညာရေးအတွက် လိုအပ်ချက်မှန်သမျှကို သင်တန်းကျောင်းမှ ဖြည့်ဆည်းပေးမှာဖြစ်ကြောင်း၊ ကျောင်းသူ/သားများဘက်မှ ကျောင်းတက်မှန်ဖို့ စာကြိုးစားဖို့သာ လိုအပ်ကြောင်း၊ ဆရာ/မများ လိုအပ်ချက်မှန်သမျှကိုလည်း သင်တန်းကျောင်းမှပဲ ဖြည့်ဆည်းပေးမှာ ဖြစ်ကြောင်းနှင့်၊ ၃-၈-၂၀၁၂-ရက်နေ့တွင် စတင်သင်ကြားပေးနိုင်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
          ယခုနှစ်တွင်(၁၀)တန်း တစ်ခုတည်းကိုသာ သင်ကြားပေးနိုင်ခဲ့သော်လည်း နောက်နှစ်များတွင် (၉)တန်းကိုပါ သင်ကြားပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
          ဆရာတော်ဦးဝီရသူက ကလေးလုပ်သားပညာရေး ဖောင်ဒေးရှင်းအတွက် ငွေကျပ်သိန်း(၂၀၀)မတည်ထားရာ၊ ဆင်းရဲသားရပ်ကွက်တွေမှာ အခုလို ပညာဒါနသင်တန်းကျောင်းတွေ ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမှာဖြစ်ပြီး၊ အနီးကပ်ဆောင်ရွက်နိုင်မည့် စေတနာရှင် မိဘပြည်သူများနှင့် ကျောင်းဆရာ/မများ ပြည့်စုံက ဆရာတော်ဝီရသူထံ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
  
                                                

သင်တန်းအချိန်ဇယား
REPEATER

8-9
9-10
10-11
12-1
1-2
2-3
Mon
ဦးရဲခေါင်
(ရူပ)
ဦးတင်နိုင်ဝင်း
(သခ်ာၤ)
ဦးဟန်မျိုးအောင်
(ဓာတု)


ဆရာတော်ဦးသူရိယ
(မြန်မာ)
Tue
ဦးရဲခေါင်
(ရူပ)
ဦးတင်နိုင်ဝင်း
(သခ်ာၤ)

ဦးဟန်မျိုးအောင်
(ဓာတု)

ဆရာတော်
(မြန်မာ)
Wed
ဦးရဲခေါင်
(ရူပ)
ဦးတင်နိုင်ဝင်း
(သခ်ာၤ)


ဦးဟန်မျိုးအောင်
(ဓာတု)
ဦးတင်ဇော်ဦး
(အင်္ဂလိပ်)
Thur
ဦးမျိုးမျိုးနိုင်
(ရူပ)
ဦးတင်နိုင်ဝင်း
(သခ်ာၤ)
ဦးဟန်မျိုးအောင်
(ဓာတု)


ဦးတင်ဇော်ဦး
(အင်္ဂလိပ်)
Fri
ဦးမျိုးမျိုးနိုင်
(ရူပ)

ဦးဟန်မျိုးအောင်
(ဓာတု)


ဦးတင်ဇော်ဦး
(အင်္ဂလိပ်)

FRESHER

6-6:45
6:45-7:30
4-5
5-6
67
Mon
ဦးဆန်းဝင်းအောင်
(ဇီဝ)
ဦးဟန်မျိုးအောင်
(ဓာတု)
ဦးအေးကို
(သခ်ာၤ)
ဆရာတော်ဦးသူရိယ
(မြန်မာစာ)

Tue
ဦးဆန်းဝင်းအောင်
(ဇီဝ)
ဦးဟန်မျိုးအောင်
(ဓာတု)
ဦးအေးကို
(သခ်ာၤ)
ဆရာတော်
(မြန်မာစာ)

Wed
ဦးဆန်းဝင်းအောင်
(ဇီဝ)
ဦးဟန်မျိုးအောင်
(ဓာတု)
ဦးအေးကို
(သခ်ာၤ)
ဆရာတော်
(မြန်မာစာ)

Thur

ဦးမျိုးမျိုးနိုင်
(ရူပ)

ဆရာတော်
(မြန်မာစာ)

Fri

ဦးမျိုးမျိုးနိုင်
(ရူပ)

ဆရာတော်
(မြန်မာစာ)


8-9:30
9:30-11
11-12:30


Sat
ဒေါ်ခင်ထက်ထက်ဇော်
(သခ်ာၤ)
ဒေါ်သင်းသင်းရီ
(ရူပ)



Sun
ဒေါ်ခင်ထက်ထက်ဇော်
(သခ်ာၤ)
ဒေါ်သင်းသင်းရီ
(ရူပ)










         


Posted by MoeMaKa at 11:59 AM 0 comments  

Time spent together with Hmine (Dagon Taryar)



သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များ (ဒဂုန်တာရာ)
ဇူလိုင် ၂၅၊ ၂၀၁၂
၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ် ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။ သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူ များ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ကတ္တရာ စေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာသေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များသည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံ မှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍ ၀ါသော၊ ဖြူသော၊ မဲသော၊ ကွက်သော ဗိုက်သားတို့ကို ဖော် ပေးထားကြ၏။ ဖဲပြားအနက်ကြီးသည် တွန့်ကာ ချိုင့်သွား၏။ သစ်ကိုင်းများသည် ကျနော့်ကို လာ၍ ထိခတ်သည်။ ခြင်္သေ့ကြီး ၂ ကောင်သည် လည်ဆံမွေးထလျက် ကျနော့်ထံ ပြေးလာလေပြီ။ အလို….။
“ဖြေးဖြေးမောင်းပါဗျာ”
ကားမောင်းပို့သူ စစ်ဗိုလ်သည် ပြုံးမြမြလုပ်နေ၏။ ကားအရှိန်သည် အနည်းငယ် လျော့လာသည်။ မဟာရွှေစေတီကြီးမှ ရွှေရောင်သည် မြင်ကွင်းကို လာ၍ ရိုက်လိုက်သည်။ စိမ်းသော သစ်ကိုင်းများသည် ငုံ့မိုးညွတ်ကိုင်းနေရမှ အပေါ်သို့ ပြန် တက်သွားကြလေပြီ။ လမ်း၏ လက်ဝဲဘက်မှ ဆရာကြီး မဟာသခင်ကိုယ်တော်မှိုင်း၏ဂူကို လှမ်းမြင်လိုက်ရသည်။ စော စောက သွေးအားနည်းနေသဖြင့် မူးဝေသော ဝေဒနာသည် လွင့်သွားလေပြီ။ ကျနော့်ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ ဖြူသော ကျောက်ဖြူဂူကြီးသည် မားမားကြီး ရပ်တည်လျက်၊ လေးဒေါင့်တိုင်ကြီးများသည် ကျနော့်အား သူ့လိုမတ်ရန် အားစွမ်းကူးပေးလိုက်သည်။ မျက်နှာစာမှ စာအုပ်၊ ဒေါင်း၊ ချိုးဖြူ၊ တူတံစဉ် အထိမ်းအမှတ် သဏ္ဌာန်ကို ဖျတ်ခနဲမြင်ရင်း၊ ဖျန်းကနဲ၊ ဖျန်းကနဲ မွှေးညင်းတို့ထောင်ကာ၊ သွေးတို့သည် နှလုံးသည်းပွတ်အကြောတလျှောက် စီးဆင်းလာကုန်သည်။ ရင်တဒိတ်ဒိတ် ခုန်လာပြန်သည်။ ကဗျာ၊အမျိုးသား လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ အလုပ်သမား၊ လယ်သမားတို့၏ ပြည်သူ့ အာဏာ ရရေး။ ကျနော်သည် ရင်ခုန်သံဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အလေးပြုရင်း၊ ကားသည် ဆက် မောင်းနှင်သွားသည်။
ရွှေတိဂုံစေတီတော် ပြသဒ်တန်ဆောင်များသည် တရိပ်ရိပ် နောက်တွင် ကျန်ရစ်ခဲ့ကြပေပြီ။ ကျနော့်အာရုံထဲတွင် အလုပ် သမား၊ လယ်သမား လူထုကြီးသည် သိင်္ဂုတ္တရကုန်းမြေသို့ ချီတက် စုဝေးနေကြသည်။ အတိတ်မှ အသံများ ပဲ့တင်ထပ် လာသည်။ ၁၃၀၀ ရာပြည့် အရေးတော်ပုံမှ အသံများ၊ နယ်ချဲ့အစိုးရ ကျဆုံးပါစေ၊ ဓနရှင်စနစ် ပျက်စီးပါစေ၊ သူပုန်သူပုန် ထထ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့၊ အရေးတော်ပုံ အောင်ပါစေ၊ ဗဟန်းမြေမှ သစ်ပင်တို့ကို တရိပ်ရိပ် ဖြတ်သန်းခဲ့သည်။ ကန် တော်ကြီး ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကုန်ကြသည်။ ဖဆပလခေတ်က ပြည်ထောင်စုကလပ် အဆောက်အဦသည် ရိပ်ကနဲ နောက်တွင်ကျန်ရစ်သည်။ ဘိလိယက် ဘောလုံးချင်း ထိသံ၊ မာကျောက်ဖဲမွှေသံ၊ အငြိမ့် မင်းသမီး ညုသံ၊ မူရာသံ၊ ပူဆာသံ၊ ဖန်ခွက်ချင်းထိသံ၊ ရေစီးသံ၊ အော့သံ၊ အံသံ။
ကားသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ ကားသည် ကျိုက္ကစံကို ကွေ့လိုက်သည်။ မြင်းပြေးသံ၊ ဘရင်လေးကွ အော်သံ၊ ဟစ်သံ၊ ကျနော့် နားထဲတွင် အသံဘလံ အားလုံးတို့သည် ရောယှက်စီညံနေသည်။ ဤရာဇ၀င် ကားချပ်များသည် တခု နှင့်တခု ဇောက်ထိုး ပြောင်းပြန်ထပ်ကာ နောက် ကစဥ့်ကလျား ဖြစ်သွားကြသည်။ ကျနော်ကား ရင်တဒိတ်ဒိတ်ခုန်လျက် … ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာတေးသံသည် ရာဇ၀င်အာရုံ အားလုံးကို လွှမ်းမိုးလိုက်သည်။
“ကောင်းကျိုးအထွေထွေရယ်နဲ့
ချွန်စေ မြစေသော
ဒေါင်းအိုးဝေရယ်နဲ့
တွန်စေ ကစေသော…….”
(၂)
ကျနော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတွေ့ကြုံကာ သိကျွမ်းရသောအခါ ကျောင်းသားဘ၀ အသက် (၂၀) အရွယ် က ဖြစ်သည်။ ထိုအခါက ဆရာကြီးမှာ အသက် (၆၅) အရွယ် ဖြစ်လေရာ၊ ကျနော့်ထက်များစွာ ကြီးသည်။ကျနော်သည် ဆရာကြီး ကဗျာ၊ ဋီကာ၊ ဂဏ္ဍိ စသောစာပေများကို ဖတ်ခဲ့သည်မှာ ၇-၈ တန်း ကတည်းကဖြစ်သည်။ ဆရာကြီး၏ စာများ ကို လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ၀တ္ထုများလောက် မစွဲငြိခဲ့။ ထိုအခါက အနုအယဉ်၊ အနွဲ့အပျောင်းတို့ကိုသာ တပ်မက် ခဲ့၏။ ကျနော့်မှာ အိမ်တံစက်မြိတ်မှ မထွက်ခဲ့။ ပန်းပွင့်များသာ အလှဟု ထင်လျက်ရှိသည် ငွေလရောင်သည် ကမ္ဘာကြီးဟု အောက်မေ့ခဲ့၏။ ၁၉၃၆- ကျောင်းသားသပိတ်ပြီးသောအခါမူ ဆရာကြီး၏ ဒေါင်းဋီကာကို ရှာဖွေရမှန်း သိလာပေပြီ။ ဘွိုင်း ကောက်ဋီကာ စာအုပ်ကိုလိုက်ရှာလာပေပြီ။ ကျောင်းသားသပိတ် အတွေ့အကြုံသည် ကျနော့်အား ဆရာကြီးထံပါးသို့ ပို့ ဆောင်လိုက်လေပြီ။
“သြ… ဝေးခရီးကပေမယ့်
အရေးကြီးလျင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့
………………………..
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်မှ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာထားလိုက်ကြပေတော့”
လူထုလှုပ်ရှားမှုထဲမှ ထွက်လာသော ဆရာကြီး၏ တေးသံကို ခံစားရမှန်း သိလာပေပြီ။ဆရာကြီးသည် အခန်းတံခါးကို ပိတ်၍ ကဗျာရေးသူလော၊ မဟုတ်ပေ။ ဗဟန်းကောလိပ် (၀ါ) အမျိုးသားတက္ကသိုလ်၌ မြန်မာစာပေ၊ ရာဇ၀င်ပါမောက္ခ အဖြစ် နယ်ချဲ့ဆန့်ကျင်ရေး၊ ပညာရေးသူပုန် ပါမောက္ခလုပ်နေသည်။ ထို့ကြောင့်သာ မင်းရို့ဆရာကို စာရင်းတို့ကာ ထား လိုက်ဖို့ မှာကြားခဲ့ခြင်း ဖြစ်သည်။ ထိုအခါ ဆရာကြီး စိတ်ကူးရည်မှန်းချက်ထဲ၌ …
“မြှောက်လိုက်မကွယ့်
မောက်လိုက် မဟဲ့လို့
ဆောက်လိုက်မဲ့ ယူနီဗာစီတီတွေအများ”……..စသည်ဖြင့်
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားတက္ကသိုလ်များကို တမ်းတခဲ့ပေသည်။ ထိုအခါက ၁၉၀၀ ကျော် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းများ စတင်ဖွဲ့စည်းကာ ညီညွတ်စည်းလုံးလာခဲ့သော အမျိုးသားအင်အားကြီး (၀ံသာနု) သည် ၁၉၂၀ ပထမ ကျောင်းသားသပိတ်၌ တံခွန်စိုက်ခဲ့သည်။ ထိုအခါနယ်ချဲ့သမားက ဒိုင်အာခီအုပ်ချုပ်ရေးဖြင့် ငါးထောင်စား ၀န်ကြီးရာထူး များပေးကာ အမျိုးသားညီညွတ်ရေးအင်အားကို ဖြိုခွဲလိုက်လေသည်။ ဂျီစီဘီအေ ခေါ်သော မြန်မာအသင်းချုပ်ကြီးမှာ ဆက်လက်၍ ရာထူးသပိတ်မှောက်ကာ ကိုလိုနီဆန့်ကျင်သောအပိုင်းနှင့် ရာထူးယူပြီး “အတွင်းဝင်ပူးသတ်ရမည်” ဟုဆို သော စေ့စပ်ရေး အပိုင်းဟူ၍ ၂ ခြမ်းကွဲသွား လေတော့သည်။ (လှိုင် ပု ကျော် ဂိုဏ်းနှင့် ၂၁ ဦး) ယင်းသို့ ညီညွတ်ရေး ပြို ကွဲသောအခါ ဗဟန်းကောလိပ်သည်လည်း ပျက်ရလေတော့သည်။ ထိုအခါ ဆရာကြီးက…..
“လှိုင်-ပု-ကျော် သပိတ်သမားတွေရဲ့အပြင်
ပဋိက္ကရား နှူးကာနှပ်သလိုပ
နှစ်ကျိပ်တပါး မူးလျာမတ်တွေကလဲ
ပူးကာသတ်မယ် ကောင်စီဝင်လို့မို့
အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က
တကောင်တကောင်ထီမထင်
ဇွဲမာမာနဲ့ဝှေ့ကြလေတော့……” ဟု
ညီညွတ်ရေးပျက်ပြားမှုကို ဒေါသဝေဒနာ ခံစားခဲ့ လေသည်။ ၁၉၃၀-၃၁ ၌ ရာဇ၀င်မြောက်သော ဂဠုန်ဆရာစံ၏ တောင် သူလယ်သမား လက်နက်ကိုင်သူပုန်ကြီး ပေါ်ပေါက်လေသည်။ ဆရာကြီးသည် ယင်း လယ်သမားသူပုန်ကြီး အား…
“ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာဂတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့”
ဟု အလေးပြုခဲ့ပေသည်။လယ်သမားသူပုန်ကြီးပြီးနောက် ဒို့ဗမာအစည်းအရုံး ပေါ်လာရာ၊ ဆရာကြီးသည် ရေနံချောင်း သခင်ညီလာခံသို့ တက်ရောက်ကာ “မစ္စတာမောင်မှိုင်း” အမည်စွန့်၍ “သခင်” အမည် ခံလိုက်လေသည်။
“ဒို့ဗမာတခွင် သခင် ထိုအကျော် အမော်ဂိုဏ်းတွင်ဖြင့်
မျှိ့ ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုတနှိုင်းပေပ ဇမ္ဗူသမိုင်းပျော်စရာအခြေ
အိုကွယ်… သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ…”
၁၃၀၀- ပြည့် အရေးတော်ပုံဟု ထင်ရှားသော ၁၉၃၈-၁၉၃၉ အထွေထွေသပိတ်ကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာရှင်တို့ လက်တွဲသော ပြည်သူ့အာဏာခေတ် သို့ ဦးတည်သော လူထုလှုပ်ရှားမှုကြီးဖြစ်ရာ ဒို့ဗမာအ စည်းအရုံးနှင့် ကျောင်းသားသမဂ္ဂသည် တော်လှန်ရေးတပ်ဦး ဖြစ်လာသည်။ ဆရာကြီးသည် ယင်း နယ်ချဲ့ဆန့်ကျင်ရေး အင်အား ဘက်မှ မားမားမတ်မတ် ရပ်ခဲ့ပေသည်။
“သြော်…. အထက်နဂိုက
ပျက်ပြိုလို့ကျခဲ့တဲ့
ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
………………………………
အိုကွယ် တက်မဟ အတင်းဟေ့လို့
အကွက်ကျကျ နင်းနင်းပြီး
ခက်သမျှရှင်းပေမည့်
သတင်းဒေါင်းအိုးဝေ”
ကျနော်သည် ဆရာကြီး၏ ကဗျာများကို ခံစားရမှန်းသိစ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ အတွင်း၌ ဆရာကြီးနှင့် သိကျွမ်းလာ ခဲ့ရသည်။ ဆရာကြီးမှာ ကျနော်တို့ဘက်က ပါကလား ဟူသော အသိသည် ဆရာကြီး၏ ကဗျာကို ခံစားရမှန်း သိစေ သည်။
(၃)
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေးဘက်ကသာ နေသည်။ ကျနော် တို့မီသော ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။ ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။
ဝံသာနု လှုပ်ရှားမှု တိုးတက်နေစဉ်က…
“သြော်…… ပြေအမှုပေမို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့်……” ဟု
ဘိလပ်သွားအဖွဲ့ကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်း ၀ံသာနုအဖွဲ့ပင် ဒိုင်အာခီရာထူးပေးကာ နယ်ချဲသမားနှင့် စေ့စပ်ပူး ပေါင်းသွားသောအခါ….
“ခွေးရူးပြန် မသာ၏ အလောင်းလိုပ
အခါအလှည့် မကောင်းစေဘို့
အစားချောင်စရာကြံ
မယားတောင်ညာခံတွေနှင့်
စံသည်တကား
အိုကွယ်… ငါးထောင်သပြာစားမာန်ရယ်နှင့်
မာန်ဖီဖီပွါး” ဟူ၍
ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချခဲ့ပေသည်။ဂျပန်ခေတ်၌ကား ကျနော်သည် ဆရာကြီးနှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ ဒို့ဗမာအစည်းအရုံး ဥက္ကဋ္ဌဟောင်း သခင်တင်မောင်နှင့်အတူ သွားတက်နေကာ တခါတရံ ဆရာကြီး၏ အိမ်မှာပင် ညအိပ် ရသည်။ နေ့လယ်နေ့ခင်းတွင် ဆရာကြီး၏ လက်ဖက်ဝိုင်း၌ ထိုင်မိကာ စာပေရေးရာ၊ နိုင်ငံရေးရာ ရှေးဟောင်းနှောင်းဖြစ်များကို ကြားနာခဲ့ရသည်။ ဆရာကြီးမှာ အသက်ထင်ရှားရှိနေသော အမျိုးသားလွတ်မြောက်ရေး ရာဇ၀င် ဂန္ထ၀င် ကျမ်းကြီး တဆူ ဖြစ်ပေသည်။
ဆရာကြီးသည် ဖက်ဆစ်ခေတ် အတွေ့အကြုံကို…
“ကြမ္မာဝေဖန် ကောက်ကျစ်တဲ့ အကျိုးပေထင့်
မဟာရွှေဂျပန် စောက်ကျင့်ဆိုးသော်လဲ
ပဂိုးငရမန် ပုဂံမှာ မှားသလိုပ
သြော်… ရှေးရဲ့အဖို့မှာတော့
ဘုရင် အကျော်အမော် ဧကရာဇ်တပါးပေပေါ့
အို… အဓိပတိကြီးရဲ့
မအေးစဖွဲ့ အရေးနွဲ့ရှာသနဲ့
သြော်… တွေးတဲ့လို့ တင်နော်ဟေကာသနား။
(၀ါ) တနည်းတထွေမှာတော့
နေမျိုး နေမျိုး သဝေထိုးလေပြီတကား”
စသည်ဖြင့် ဟာသဉာဏ်ဖြင့် သရုပ်ဖော်ထားပေသည်။ လွတ်လပ်ရေး ရသောအခါ ဆရာကြီးသည်…
“လောကသမားပီပီ သခင်တပဲ့တွေနဲ့
အတွင်လှဲ့ကာ တောင်ခြေကဆင်းပြီး
အောင်မြေနင်းပါလို့
အပင်းအဆိပ် စားသကဲ့သို့သော
အင်္ဂလိပ်များကို ဂျောင်းလကွ ဂျောင်းလကွာနှင့်
မောင်းကာ ထုတ်လိုက်သမို့
အဟုတ်ပင် တကယ်လွတ်သော်လဲ
ဘယ်ဝဋ်ဖန်သာ ကံကြမ္မာပေးလေဘိ
သြော်… အင်္ဂလန်က၊ ယခင်အဖန်ဖန်
တင်ပြန်တယ်ဆိုတဲ့ ကြွေးတွေရဲ့အပြင်
ငွေမရှိပြန်လျှင်၊ အမေရိကန်ထံချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာဖြင့်
ပြေရွာမှာ သေတာလောက် မကောင်းချိန်မို့” စသည်ဖြင့်….
နိုင်ငံရေး အရ လွတ်လပ်သော်လည်း စီးပွါးရေးအရ မလွတ်လပ်ပုံကို နားလည်ပေသည်။ လွတ်လပ်ရေးရပြီး ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သောအခါ ဆရာကြီးသည် ငြိမ်းချမ်းရေးဗိသုကာ ဖြစ်လာတော့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်း ချမ်းရေး အဖွဲ့အစည်းတို့၌ ဦးစီဦးကိုင် ဖြစ်လာပေသည်။ ပြည်တွင်း မငြိမ်းမချမ်းဖြစ်သည်နှင့်ပတ်သက်၍ ဆရာကြီးက ..
“ဒို့ဗမာ သခင်ဗဟိုဝယ်
ဒို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့
အလိုမငယ် ဆိုရှယ်လစ်ကယ်နှင့်
တံခွန်တလူလူ ကွန်မြူနစ်ကယ်တို့
မချစ်သာ မေတ္တာကင်းပြန်သနဲ့
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး
မင်းပွဲအတုမှာ ထမင်းပွဲလုကာ လယ်မျိုခဲပါလို့
ပွဲချင်ပြီး အသေအကြေ၊ တအူအူအသံဗလံနှင့်
တဆူဆူ တညံညံကိုက်ကြ၊ တိုက်ကြ၊ မိုက်ကြတော့”
စသည်ဖြင့် ဒို့ဗမာ သခင်ခေတ်က တပည့်ကျော်များအား ကရုဏာဒေါသော ဖြစ်ရပြန်လေသည်။
(၄)
၁၃၀၀- ပြည့် အရေးတော်ပုံမှ စ၍ ၁၉၆၃- အထိ အနှစ်အစိတ်လောက်သော ကာလအတွင်း ကျနော်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထွန်းညှိခဲ့သော မီးရှူးတန်ဆောင် လင်းပြရာ လမ်းမ၌ လျှောက်ခဲ့ရပေသည်။ ဆရာကြီး၏ လက်ဖက် ၀ိုင်း၌ စကားနာသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ ဆရာကြီး၏ လက်ထောက်၊ နိုင်ငံခြားသို့ အစည်းအဝေးတက်၊ မိတ်ဆက်ချစ်ကြည်ရေးခရီး အတူသွားရသူ၊ မြစ်ဝကျွန်းပေါ်နှင့် အညာတခွင် ငြိမ်းချမ်းရေး ခရီးစဉ်၌ အတူပါရသူ၊ စသည် အားဖြင့် ဆရာကြီးထံပါး၌ နေခဲ့ရသည်။ ထိုအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကိုနားလည်ကာ ခင်လာ ပါတော့သည်။ ထိုပုဂ္ဂိုလ်ကား ပြည်သူ့ခေါင်းဆောင် ပြည်သူ့ကဗျာဓိုရ်ကြီး ဖြစ်သည်။ ထိုအခါ ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏ ကဗျာတရားတို့ကို မင်လာပါတော့သည်။ ပုဂ္ဂိုလ်နှင့်တရားကို တခြားစီ ခွဲ၍ မရပါ။ ရှင်းပါအံ့။
ကျနော်တို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၌ တော်လှန်ရေးအကွေ့များကို ဖြတ်ကျော်ခဲ့ကြရသည်။ တကွေ့တ ကွေ့တွင် ခေါင်းဆောင်မှုပိုင်း၌ ဖောက်ပြန်ရေး၊ စေ့စပ်ရေးအစုနှင့် တိုးတက်သော တော်လှန်သော အစုတို့ လမ်းခွဲသော အခါတိုင်း ဆရာကြီးသည် တိုးတက်သော တော်လှန်သောဘက်က ရပ်တည်သည်။ ထိုအခါ ဆရာကြီးသည် ကဗျာဖြင့်
ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချကဲ့ရဲ့ကာ တိုးတက်သည့်ဘက်ကို ဂုဏ်ပြုသည်။ ထိုအကွေ့၌ ဖောက်ပြန်ရေးသမားများ ကို ထားရစ်ခဲ့ကာ တော်လှန်ရေးသမားများနှင့် လက်တွဲ၍ ဆက်လက်ချီတက်သွားသည်။
ထို့အတူ နောက်တကွေ့တွင်လည်း ယခင်တကွေ့တုန်းက တိုးတက်ခဲ့သောခေါင်းဆောင်မှုသည် ဖောက်ပြန်လာသောအ ခါ သူတို့ကိုလည်း ထားရစ်ခဲ့ရပြန်ကာ တော်လှန် ရေး အင်အားသစ်ဘက်နှင့် လက်တွဲဆက်လက် ချီတက်သွားပြန်သည်။ ထို့ကြောင့် ဆရာကြီးအား အမြဲတမ်း တိုးတက်သည့် ဘက်၊ တော်လှန်သည့်ဘက်တွင် မြင်နေရခြင်း ဖြစ်သည်။ ထို့ ကြောင့်ပင်လျှင် ဆရာကြီးနှင့် ၀ံသာနုခေတ်က လုပ်ဖော်ကိုင်ဖက် အသက် ၈၀ ကျော်အရွယ် ခေါင်းဆောင်အိုကြီးများမှာ သူတို့၏ရာဇ၀င်ခန်းကုန်၍ နောက်တွင်ကျန်ရစ်ခဲ့စဉ် ဆရာကြီးမှာ အသက် ၁၄-၅ နှစ် တက်သစ်စ တိုးတက်တော်လှန် သော ကျောင်းသားလူငယ်များနှင့် လက်တွဲလျက် ရှိနေပေသည်။
ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်းခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။ ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်း ဖြစ်သည်။ ဖိနှိပ်သောလူတန်းစားဘက်၊ အုပ်စိုးသောဘက်က ဆရာကြီး ဘယ်တော့မှ မနေ။
တချိုက ဆရာကြီးကို
“ခေါ်ရင်လိုက်တာပဲ၊ ခေတ်မမီတော့ဘူး၊ အတိုက်အခံ နိုင်ငံရေးပါတီတွေက အသုံးချနေတာ” ဟု ယူဆကြသည်။ ကျနော်က ဤကဲ့သို့ မမြင်။ ဆရာကြီးသည် အံ့သြဘွယ်ရာ ကောင်းလောက်အောင်ပင် ပါးသည်။ ထက်မြက်သည်။ အ ခြေအနေကို သိမြင်နေသည်။ အဖိနှိပ်ခံဘက်ကခေါ်လျှင်သာ လိုက်သည်။ တိုးတက်သော ဘက်၊ တော်လှန်သောဘက်၌ အမြဲတမ်း တည်ရှိသော ဆရာကြီးထက် မည်သူက ခေတ်မီဦးမည်နည်း။
ဆရာကြီးအား နိုင်ငံရေးပါတီများက အသုံးချသည်ဟူသော ထင်မြင်ချက်နှင့် ပတ်သက်၍ ဆရာကြီး၏ စေတနာမှာ မှတ် သားဖွယ်ကောင်းလှ၏။ တခါက ဆရာကြီးသည် ကွမ်းစားရင်း “ဟေ့ တာရာ၊ ဆရာ့ကို အသုံးချတယ် ဘာတယ် ညာ တယ် ပြောကြတာ ဆရာသိသားပဲ၊ ဒီမယ် တာရာ ရ၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဆရာ့ကို အသုံးချကြစမ်းပါ ဆရာခံပါ့ မယ်”
ကျနော့်မှာ ဆရာကြီး၏ စကားများအတွက် ရင်ထဲတွင် ကြေကွဲထိခိုက် မိလာသည်။ ဆရာကြီးသည် အခြေအနေနှင့် ဘယ်တော့မှ မကင်းကွာ၊ အမြဲတမ်း နောက်ဆုံး အခြေအနေကို သိပြီး ဖြစ်နေသည်။ ဆရာကြီးသည် ရှုပ်ထွေးပွေလီ သော၊ မဲနက်သော နိုင်ငံရေး ၀င်္ကပါများကို သိသည်။ ဆရာကြီး၏ နိုင်ငံရေး အတွေ့အကြုံကား ကျနော်တို့၏ အမျိုးသား လွတ်မြောက်ရေး သမိုင်း လောက် သက်တမ်းရင့်သည် မဟုတ်လော။ ဆရာကြီးသည် တခါတရံ…
“သြော်… သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တခုယုတ်အတွင်းတွင်မှ
သြော်… တက်ခေတ် တက်ခေတ်နှင့်
တဖက်ဖက် ညစ်ချင်တဲ့
ဖက်ဆစ်သဖွယ် ယခုတသုတ်မင်းတွင်ဖြင့်
အပြု ကျွန်ပ်မကင်းသူတွေနဲ့
ဘုရားထဲ တရားပွဲသဘင်
(အိုကွယ်) ဘသူ့အရှုပ်အရှင်းကိုမှ
ကြားလဲ မကြားချင်။
သြော်… ဘုရားအလုပ် တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်” စသည်ဖြင့်
ညည်းမိသည်မှာ ဓမ္မတာပင် ဖြစ်သည်။
ဆရာကြီး၏ ဘ၀အတွေ့အကြုံကား ကုံလုံကြွယ်ဝလှသည်။ ဆရာကြီး၏ ဘ၀ မာတိကာစဉ်ကား များထွေလှသည်။ ဘုန်း ကြီးကျောင်း စာသင်သား၊ အညာခရီးသည်၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ရာဇ၀င်ကျမ်းပြုဆရာ၊ စာပေကျမ်းပြုဆရာ၊ ၀တ္ထုရေးဆရာ၊ ပြဇာတ်ဆရာ၊ မြန်မာစာပါမောက္ခ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဒို့ဗမာအစည်းအ ရုံး နာယက၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဋ္ဌ၊ စတာလင် နိုင်ငံတကာ ငြိမ်းချမ်းရေးဆုရ၊ အင်္လကာကျော်စွာ ဘွဲ့ရ၊ ဂျာမဏီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ။
ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို ခင်ပြီးနောက် ဘာကြောင့် ဆရာကြီး၏ ကဗျာတရားတို့ကို မမင် ဘဲ နေနိုင်မည်နည်း။ ဆရာကြီးသည် သူရေးသည့်အတိုင်း လုပ်သည်။ ဆရာကြီး၏ တရားသည် ဆရာကြီး၏ အလုပ်မှ ထွက်ပေါ်လာသည်။ ဤအချက်မှာ အထူးခြားဆုံးဖြစ်၏။ နိုင်ငံရေးလောက၌ ပြောသလို လုပ်သူ ရှားသည်။ အပြော တ ခြား အလုပ်တခြားက များသည်။ ပုဂ္ဂိုလ်နှင့်တရား ဘာမျှမဆိုင်ကြ။
ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှနေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား အလုပ်သမား တံဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌ နေကာ ပြည်သူတို့၏ ရင်ခုန် သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး ရဲတင်းသံကြောင့် ပြည်သူတို့ အားသစ်လန်းရသည်။ဆရာကြီး၏ ကဗျာများကို လေ့လာခြင်းသည် ပြည်သူ့ စာပေ၏ သဘောတရားကို လေ့လာခြင်း မည်ပေသည်။ ဆရာကြီးသည် ကဗျာအတွက် ကဗျာရေးသူ မဟုတ်ပေ။ ဆရာ ကြီးသည် ပိဋိကတ် စကားများကို မသုံးနှုန်း၊ အရပ်စကား လူထုစကားကိုသာ သုံးသည်။ ကဗျာကို က၀ိ၏ ဥစ္စာဟု ခက် ခဲနက်နဲအောင် ဘယ်တော့မှ မကြီးကျယ်၊ မ၀င့်ဝါ။ ထိုကြောင့် ဆရာကြီးသည် မဟာသခင်ကိုယ်တော်မှိုင်း။ ကျနော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ရဲတင်းသံကို ကြားရင်း ရင်ခုန်လာသည်။ သွေးသစ်တိုးလာသည်။
(၅)
ဒတ်ဆန်းကားလေးသည် ၃ နှစ်ကျော် ကွဲကွာနေခဲ့သော လမ်းကလေးသို့ ချိုးဝင်လိုက်သည်။ စိမ်းသောသစ်ပင်များသည် မြရွက်တို့ဖြင့် မြူးကနေကြသည်။ သစ်ရိပ်ပြောက်ကျားထဲမှ နေ၀န်းနီနီသည် ကျနော့်ထံပြေးလာ၏။
ဒဂုန်တာရာ
ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၇၊ ဇူလိုင်။
ဒဂုန်တာရာ ရဲ့ “စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်”
၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်
Artist; Shwe Kyaw Lin
မြန်မာ့နိုင်ငံရေး နယ်ပယ် မှ ထင်ရှားသော ခေါင်းဆောင် အားလုံးကို
သခင်ကိုယ်တော်မှိုင်း မျက်နှာတွင် ထည့်သွင်းဖော်ပြထားသည် ပန်းချီ
Khaing Soelynn ဖေ့စ်ဘုတ်မှ … 
နေ့သစ်ဝက်ဆိုက်က ထပ်ဆင့်ကူးယူသည် …
Posted by MoeMaKa at 11:47 AM 0 comments  
Labels: Classics, Dagon Taryar

MONDAY, JULY 23, 2012

Shwe Nyawah Sayadaw U Pyinnyar Thiha to visit USA


ရွှေည၀ါဆရာတော် ဦးပညာသီဟ အမေရိကန်ပြည်သို့ ကြွရောက်မည်
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၂၄၊ ၂၀၁၂
မြန်မာပြည် အမျိုးသားရေးနှင့် သာသနာရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့် ဆရာတော်တပါးဖြစ်သည့် ရွှေည၀ါဆရာတော် ဦးပညာသီဟ အမေရိကန်ပြည်ထောင်စုသို့ ခေတ္တကြွရောက်မည် ဟု ကြားသိရသည်။ ဇူလိုင်လ ၂၅ ရက် ညနေခင်းတွင် ဆန်ဖရန်စစ္စကို ဘေးဧရိယာသို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ ဥက္ကလံမြို့တော် ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းတွင် ယာယီသီတင်းသုံးမည် ဖြစ်ကြောင်းနှင့် တရားပွဲများနှင့် ခရီးစဉ်ကို ဓမ္မအေးရိပ်ကျောင်း ဆရာတော် ဦးအရိယာစာရနှင့် ကျောင်းဝေယျာဝစ္စ ဆောင်ရွက်သူ ၊ အလှူဒါယကာတဦးဖြစ်သူ ကိုရန်အောင်တို့ထံ စုံစမ်းနိုင်ကြောင်း သိရှိရသည်။ ၎င်းလိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။
Dhamma Aye Yake Monastery, 2523, 23rd Ave, Oakland, CA 94606
Phone – 510-610-9758


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages