18th August - MoeMaKa - Saung Lu, Sumon Aye, ISO 9000

31 views
Skip to first unread message

Maung Yit

unread,
Aug 18, 2013, 2:52:16 AM8/18/13
to moemak...@moemaka.com
ကဗျာအဖြစ် ပုံမဖော်ချင်တဲ့ စာတချို့
ဆောင်းလူ
သြဂတ် ၁၈၊ ၂၀၁၃




ဟိုတလောလေးက ..ပြည်တွင်းပြန်သွားတဲ့ ရဲဘော်ရဲဘက်တယောက်နဲ့ လိုင်းပေါ်မှာ တွေ့လို့ စကားလေး ဘာလေး နည်းနည်းပါးပါး ပြောဖြစ်လိုက်တယ် ...။ ဟိုပြော သည်ပြောနဲ့ နောက်ဆုံး ... ဟောင်ကောင်မှာကျောင်းသွားတက်နေတဲ့ ညီအကိုရဲဘော်ကျောင်းသားငယ်တယောက်အကြောင်း ရောက်သွားတယ် ...။ 

ခုတော့ အိမ်ထောင်တွေ ဘာတွေကျပြီး .. ပြည်တွင်းမှာ သတင်းဌာနတခုမှာ ၀င်လုပ်နေတယ်လို့ သိလိုက်ရတယ် ...။ ဘွဲ့ရလား ...မရလားတော့ မသိပါဘူး ...။ ဒါပေမယ့် စကော်လားနဲ့ ဟောင်ကောင်လိုနေရာမျိုးမှာ ကျောင်းသွားတက်ဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး ...။ သူသွားသင်တာကလည်း နိုင်ငံရေးသိပ္ဗံလို ဘာသာရပ်ကို အထူးပြုတာလား ..ဘာလားတော့ မသိဘူး ..။ ကျနော် အမှတ်မှားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခု သတင်းထောက်လုပ်နေတယ်ဆိုတော့ .. စိတ်ထဲမှာ မတင်မကျ ဖြစ်နေပါတယ် ...။ 

တိုက်တိုက်ဆိုင်ဆိုင်ပဲ ခုတလောမှာ ဆရာဘိုးသိမ်းရေးတဲ့ ပညာရေးနဲ့ ဆက်စပ်တဲ့ ဆောင်းပါးတပုဒ်ကို လစဉ်ထုတ်ဖို့ ရည်ရွယ်နေတဲ့ မဂ္ဂဇင်းတစောင်မှာ စာစီနေရင်းနဲ့ ဖတ်ဖြစ်နေမိတယ် ...။ သူက အကြောက်တရားအကြောင်းကို တင်ပြထားပေမယ့် .. တနေရာမှာပါလာတဲ့ ... ဗမာပြည်ပညာရေးလောကရဲ့ ရွေးချယ်မှုဆိုင်ရာနဲ့ ဆက်စပ်တဲ့ မြင်ကွင်းလေးက တစွန်းတစပါလာပါတယ် ...။ အတွေးပွားစေပါတယ် ...။ 

ဆရာဘိုးသိမ်းပြောသလိုပဲ .. ဗမာပြည်ရဲ့ပညာရေးအဆုံးသတ်မှာ ... ဆရာဝန်တွေက အဆိုတော်ဖြစ်၊ မင်းသား မင်းသမီးတွေဖြစ် ...။ အင်ဂျင်နီယာတွေက သတင်းထောက်တွေလုပ်လို့လုပ်...။ (တချို့လည်း ဆရာဝန်အလုပ်လုပ်ရင်း တဖက်ကနေ ကာတွန်းရေးသူတွေ၊ ကဗျာရေးသူ၊ သီချင်းဆိုသူတွေ ရှိကြပါတယ်။ လေးစားရပါတယ်) .... စစ်ဘက်က အရပ်ဘက်ကို ၀င်လာရင် ကမောက်ကမဖြစ်သလိုပေါ့ ...။ ဒါမျိုးတွေ ကျနော်တို့ နိုင်ငံမှာ အတော်များပါတယ် ...။ ပီအိတ်ခ်ျဒီလို ဒေါက်တာဘွဲ့တွေတောင် ငွေရှိရင် ၀ယ်ယူတဲ့ နိုင်ငံဆိုတော့ သိပ်တော့ မထူးဆန်းပါဘူး ...။ 

ဒါပေမယ့် ကျနော်စဉ်းစားမိတာက ၀ါသနာဆိုတာ ထုဆစ်ယူလို့ရမယ် မထင်ပါဘူး ...။ ဂုဒ်ဒြပ်ကြောင့် ဆိုရင်တော့ ဘာမှမပြောလိုပါဘူး ...။ ဒါပေမယ့် ဦးရေအကန့်အသတ်ထားတဲ့ ပညာရေးစနစ်မှာ ကိုယ်ဝါသနာမပါတဲ့ ကိစ္စကို ဂုဏ်ဒြပ်တခုကြောင့် ... နောက် မိဘတွေရဲ့ ဖြစ်လိုမှုဆန္ဒ (မိဘဆိုတာကတော့ ဆင်းစီးပြီး မြင်းရံတာကို မြင်ချင်တာ သဘာဝပါ) ကို လိုက်လျော .. ကိုယ့်ဝါသနာကို သင်းသတ်ပြီး မဖြစ်ဖြစ်အောင်လုပ် ... နောင်တချိန်ကျမှ ကိုယ် ၀ါသနာမပါပဲ ... နာခံမှုတခုအရ သင်ယူလေ့လာခဲ့တဲ့ ပညာရပ်တခုဟာ ကိုယ့်အတွက်လည်း အသုံးမတည့် ... တပါးသူအတွက်လည်း အသုံးမတည့်အဖြစ်မျိုးတွေထက်စာရင်... အကြောင်းအမျိုးမျိုးကြောင့် သင်ကြားခွင့် ... သင်ယူခွင့်မရတဲ့ တကယ် ၀ါသနာရှိသူ .. ၀ါသနာပါသူတွေ သင်ကြားခွင့် ရမယ်ဆိုရင် တိုင်းပြည်အတွက် ပိုအကျိုးရှိနိုင်မယ်ထင်ပါတယ် ...။ 

ဒီကိစ္စတွေက ကျနော့် ရှေ့မှာ .. ကျနော့်မြင်ကွင်းမှာ ... တော်တော်များများတွေ့ခဲ့ဖူးပါတယ် ....။ မြင်ခဲ့ဖူးပါတယ် ...။ ဒီကိစ္စ ...ဒီအဖြစ်တွေဟာ .. မိမိရဲ့ ရွေးချယ်မှု ... တပါးသူ တွန်းအားပေးမှု . ....နာခံမှု အာသာပြေအတွေးလောက်နဲ့ဆိုရင်တော့ .... ဆယ်စုနှစ် ဆယ်ခုလောက်ထိကတော့ ဒုံရင်း ဒုံရင်းပဲ နေမှာပါ ... ...။ 

ကျနော်တို့နိုင်ငံ တိုးတက်ဖို့ရည်ရွယ်တယ်ဆိုရင်တော့ ပထမဆုံး ပုံစံခွက်ထဲမှာပဲ အရိုးစွဲနေတဲ့ ကိစ္စတွေကို ဦးစွာဖျောက်ဖျက်ပစ်ဖို့ လိုမယ်လို့ထင်ပါတယ် ....။ 

ဒါတွေဟာ ကျနော့်စိတ်အတွေးပါ ...။ မှားကောင်းလည်း မှားချင်မှားနေမှာပါ ...။ 


လူတိုင်း ကိုယ်ပိုင်လျှောက်လမ်းပေါ် တဆင့်ခြင်း တလှမ်းခြင်း လျှောက်နိုင်ကြပါစေဗျာ ....။

Aung Maw - Cartoon


တိုင်းပြည်ပျက်တာကျ မပြောဘူး
ကာတွန်း - အောင်မော်
သြဂုတ် ၁၈၊ ၂၀၁၃

Burmese Australian Actress Su Mon Aye with MoeMaKa Interview


သြစတြေးလျက ရုပ်ရှင်သရုပ်ဆောင် ဆုမွန်အေးနဲ့ စကားစမြည်
မိုးမခအင်တာဗျူး၊ သြဂုတ် ၁၈၊ ၂၀၁၃

ဆုမွန်အေး ဆိုတာ ဘယ်လိုသရုပ်ဆောင်မျိုးလဲ
ဆုမွန်အေးဆိုတာ ဘာသာစကားစုံ ပြောသူ၊ သြစတြေးလျ ရုပ်ရှင်သရုပ်ဆောင်၊ ဇာတ်ကောင်ဒါရိုက်တာ၊ မိုဒယ်၊ စာရေးသူ၊ အခမ်းအနား တင်ဆက်သူ၊ ပြဇာတ်ရေး၊ အသံသရုပ်ဆောင် လို့ ပြောရမှာပေါ့။ (multilingual Australian Actress, Casting Director, Producer, Talent, Model, Writer, Event Host, Playwright and Voice-over artist) ရန်ကုန်မှာ မွေးတယ်။ အခု သြစတြေးလျမှာ မိသားစုနဲ့ အတူနေထိုင်ပါတယ်။

သရုပ်ဆောင်လုပ်ငန်းအကြောင်း ပြောပါဦး
ရုပ်ရှင်တွေမှာ သရုပ်ဆောင်တယ်။ ကြော်ငြာရိုက်တယ်။ သြစတြေးလျ ဖလင်လုပ်ငန်းနဲ့ ထုတ်လုပ်ရေးကုမ္မဏီတွေက တီဗီ ကြော်ငြာတွင်သာမက ပညာပေးနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေမှာလည်း ပါဝင်တယ်။


လက်ရှိမှာ ဘာလုပ်နေသလဲ
သြစတြေးလျမှာ ထုတ်မယ့် ရုပ်ရှင်ကား ၃ ကားမှာ သရုပ်ဆောင်ရိုက်ကူးနေပါတယ်။ ပထမကားက Natural Injustice သဲထိပ်ရင်ဖို ဇာတ်ကား၊ သူ့သားကို ဆုံးရှုံးထားတဲ့ အဖေတယောက်ရဲ့ အကြောင်း။  ဒါရိုက်တာက Warren Coulton (www.azwazfilms.com) ပါ။ ဆုမွန်က အဓိကဇာတ်ကောင်တနေရာကနေ သရုပ်ဆောင်ရမယ်။ နောက်တကားကတော့  Control  နံမယ်နဲ့ သဘာဝလွန် အချစ်ဇာတ်ကားပေါ့။  Director Steve Herczeg ။ ဇာတ်လမ်းက တမလွန်က တစ္ဆေဖြစ်နေတဲ့ ကောင်လေးက လူသားမိန်းကလေးကို ချစ်မိတဲ့အကြောင်း။  နောက်တကားကတော့ ဆုမွန်ကိုယ်တိုင်လည်း ထုတ်လုပ်သူလည်း လုပ်မယ်၊ သရုပ်ဆောင်လည်း လုပ်မယ့်ကားပေါ့။ ညသန်းကောင်လွန်ကပုံပြင်များဆိုတဲ့ အမည်ပါ။ အဲသည်မှာ သဲထိတ်ရင်ဖို ဇာတ်လမ်း ၆ မျိုး ပါမယ်။ Director က Warren Coulton က ရိုက်မယ်။


Casting Director ဇာတ်ကောင်ဒါရိုက်တာဆိုတာ ဘာအလုပ်လဲ။
ဆုမွန်က Canberra (ကင်ဘာရာ) ရုပ်ရှုင်လုပ်ငန်းမှာ ဇာတ်ကောင်ဒါရိုက်တာအလုပ် လုပ်တယ်။ သရုပ်ဆောင်တွေကို ရွေးတာ၊ စစ်တာတွေပေါ့။ သင့်တော်မယ့် ဇာတ်ကားအတွက်။

ပညာအရည်အချင်းကို ပြောပါဦး။
ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေးဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ Bachelor in Advertising / Marketing


သြစတြေးလျရုပ်ရှင်ပြီးတော့ မြန်မာ့ရုပ်ရှင်လောကကိုကော စိတ်မကူးဘူးလား။
သြစတြေးလျက ရုပ်ရှင်လောကသားတွေနဲ့ အလုပ်လုပ်ရတာ ပျော်ရသလိုမျိုး မြန်မာပြည်က ဖျော်ဖြေရေးလုပ်ငန်းတွေ ကြော်ငြာတွေ တီဗီတို့ ဗီစီဒီတို့ ကာရီအိုကီတို့မျိုး ရိုက်ရ ကူးရမယ်ဆိုရင်လည်း ဆုမွန်အနေနဲ့ အလွန်ကို ဂုဏ်ယူမှာပါပဲ။ ဗမာပြည်ကို တချိန်မှာ ကိုယ်ပိုင်ဖလင်ရိုက်ကူးရေးအဖွဲ့နဲ့ အတူတူ ပြန်ပြီးတော့ ရုပ်ရှင်တကား သို့မဟုတ် မှတ်တမ်းရုပ်ရှင်တခုခုဖြစ်ဖြစ် ရိုက်ဖြစ်ဖို့ကို စိတ်ကူယဉ်မိပါတယ်။

လူမှုရေးလုပ်ငန်းတွေ လုပ်သလား။
ဆုမွန်ရဲ့ အနုပညာကြေးထဲကကော တခြားဝင်ငွေထဲကပါ စုပြီးတော့ ဗမာပြည်က ဆင်းရဲ နွမ်းပါးတဲ့ သက်ကြီးရွယ်အို အိုမင်းမစွမ်းတွေကို ကူညီတဲ့အလှူဒါနကို လုပ်ပါတယ်။ ပြည်ပရောက်နေတဲ့ ဗမာတိုင်းရင်းသားတွေကို ဆုမွန်တောင်းပန်လိုတာကတော့ တိုင်းပြည်က ကံမကောင်း အကြောင်းမလှတဲ့သူတွေကို ကူညီပေးကြဖို့ပါ။ ဗမာပြည်က ဧည့်ဝတ်ကျေတယ်။ လူမှုရေး တန်ဖိုးတွေ ရှိတယ်။ ရိုးရာအမွေအနှစ်တွေ ရှိတယ်လို့ နာမည်ကြီးတယ်။ ဒါကို ဗမာတိုင်းက ဆုမွန်လိုပဲ ဂုဏ်ယူကြတယ်။ ဒါဆိုရင် ဆုမွန်တို့ကလည်း အဲသည်တိုင်းပြည်က လိုအပ်နေတဲ့ နေရာတွေ လူတွေကို တိုက်ရိုက် အကူအညီပေးနိုင်အောင် လုပ်ကြဖို့ လိုပါတယ်။

မြန်မာမိသားစု အသိုင်းအ၀ိုင်းအကြောင်း၊ ကလေးဘ၀အကြောင်း ပြောပါဦး။
ဆုမွန်က ဗမာပြည်ဖွား၊ သြစတြေးလျသူ၊ ဗုဒ္ဓဘာသာ အဆုံးအမများနဲ့ ကြီးပြင်းလာသူပါ။ အဖေက ဦးအေး၊ အငြိမ်းစားဗမာသံအမတ်။ သြစတြေးလျ၊ ကနေဒါ၊ ဗီယက်နမ်၊ ဆွစ်ဇာလန်တို့မှာ ဗမာသံအမတ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဆုမွန်မိခင်က ဒေါ်နီဝင်းပါ။ အရင်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်ခဲ့ဖူးပါတယ်။ အမေရဲ့ ဦးလေးက အခု ဗမာသမ္မတကြီး ဦးသိန်းစိန်ရဲ့ အကြံပေးအဖြစ် ထမ်းဆောင်နေတဲ့ ဦးမြင့်ဖြစ်ပါတယ်။ ဆုမွန်ဘ၀အတွက်က မိဘ ၂ပါး၊ အဒေါ် ၃ ယောက်နဲ့ ဆုမွန်ကို ထိန်းပေးတဲ့ နာနီတို့အားလုံးကို စောင့်ရှောက်နိုင်ဖို့ ကျွေးမွေးပြုစုနိုင်ဖို့က အရေးအကြီးဆုံး ရည်မှန်းချက်ပါပဲ။ ဗမာပြည်က ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့လည်း အဆက်မပြတ် ရှိနေပါတယ်။

ဘာသာစကားစုံ ပြောတယ်ဆိုတာ ဘာလဲ။
ဆုမွန်က ဗမာ၊ အင်္ဂလိပ်၊ ပြင်သစ်စာ အခြေခံ၊ ဂျာမန်စကားနည်းနည်း ပြောနိုင်ပါတယ်။ ဘ၀မှာ မွေးပြီးနောက် ၁၆ နှစ်လုံးလုံး နိုင်ငံတကာလှည့်ပြီး နေခဲ့ရတယ်။ မိသားစုတွေထဲမှာ အနုပညာဝါသနာပါသူဆိုလို့ ဂစ်တာကောင်းကောင်း တီးတတ်တဲ့ အန်ကန် ဦးမြင့်ပဲ ရှိတယ်လေ။ အဲသည် ဂစ်တာပညာနဲ့ အန်ကယ်ဦးမြင့်က ဒေါ်အောင်ဆန်းစုကြည်တို့ ပွဲမှာ အပျော်တမ်း ဖျော်ဖြေခဲ့တယ် မဟုတ်လား။

ဘယ်လိုမျိုး အနုပညာဖျော်ဖြေမှုနယ်ပယ်ထဲ ရောက်လာတာလဲ။
၈ နှစ် သမီးကတည်းက အက အခုန်တွေထဲ ၀ါသနာပါနေပါပြီ။ ဒါပေမယ့် အဖေအမေတွေနဲ့ ဆွေမျိုးတွေက တက္ကသိုလ်က ဘွဲ့ရပြီး၊ အချိန်ပြည့်အလုပ် (full time job) တခု ရပြီးတော့မှ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့ တိုက်တွန်းခဲ့တာကို နားထောင်ခဲ့တယ်။ ဒါကြောင့် ၂၀၁၂ မှာမှ ဆုမွန်ရဲ့ အိပ်မက်နောက်ကို လိုက်နိုင်တော့တယ်။ ၅ နှစ်သမီးကတည်းက စာရေးတယ်၊ ကဗျာရေးတယ်၊ ပုံဆွဲတယ်။

ရုပ်ရှင် အနုပညာကို ၀ါသနာပါတဲ့သူတွေအတွက် ဆုမွန်က ဘာပြောချင်သလဲ။
နိုင်ငံရပ်ခြားတိုင်းပြည်က ရုပ်ရှင်လုပ်ငန်းတွေထဲမှာ သရုပ်ဆောင်တွေ ဖြစ်ချင်တဲ့သူတွေအတွက် ဆုမွန်က ဒီလိုပြောချင်ပါတယ်။ ကိုယ့်အရည်အချင်းတွေ ကိုယ့်အတွေ့အကြုံတွေကို အချိန်ယူပြီး တည်ဆောက်ပါ။ ကိုယ်ရောက်နေတဲ့ တိုင်းပြည်အကြောင်းကို ကောင်းကောင်းသိအောင် လုပ်ပါ။ အဲသည်ကနေ နိုင်ငံတကာက အသိအမှတ်ပြုမှုရအောင် လုပ်ပါ။ အဲသည်အခါကျရင် ဘယ်လိုပဲ သေးငယ်တဲ့ ဖလင်ပရိုဂျက်ပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ကြီးကျယ်တဲ့ ဟာပဲဖြစ်ဖြစ် ပိုက်ဆံ ရသည်ဖြစ်ဖြစ် မရသည် ဖြစ်ဖြစ်၊ လက်ခံပြီး လုပ်ပါ။ အတွေ့အကြုံကို ယူပါ။ မာနမထားပါနဲ့။ ကိုယ်တိုင်က ဘယ်လောက်ပဲ အောင်မြင်နေပါစေ အားလုံးကို လေးစားပါ။ အသိအမှတ်ပြုပါ။ အားလုံးမှာ မတူညီတဲ့ကျွမ်းကျင်မှုတွေ မျိုးစုံ ရှိနေတယ်။ သူများတွေကို ပြိုင်ဖက်တွေလို့ သဘောမထားပါနဲ့၊ တသင်းတည်း ကစားနေသလိုမျိုး အတူလက်တွဲပြီး အလုပ်လုပ်ပါ။ တကွေ့မဟုတ်တကွေ့မှာ ကောင်းတာနဲ့ တိုးရမှာပဲ။  အရေးအကြီးဆုံးကတော့ လမ်းခရီးမှာ ကိုယ့်ကို ကူညီခဲ့တဲ့သူတွေကို ဘယ်တော့မှ မမေ့ပါနဲ့၊ သူတို့ကို အမြဲတန်း သတိရပါ၊ ထုတ်ဖော် ချီးမွန်းပါ။ 

ဆုမွန်အကြောင်း ပိုပြီး သိချင်တယ်၊ ဆက်သွယ်ချင်တယ်ဆိုရင် ဘယ်လိုမျိုး ဆက်သွယ်ရမလဲ။


Facebook Fan Page: Search under “Sumon Aye – Entertainer” or go to

My showreel on youtube can be viewed at   http://www.youtube.com/watch?v=tgbCl-oHyJw

New Monastery in Sacramento, Needs Help & Support

သာသနာ့ဂုဏ်ရည် မြန်မာဘုန်းတော်ကြီးကျောင်း စကရာမင်တိုမြို့တော်မှာ ဖွင့်ပြီ
မိုးမခရွာဆော်ကြီး၊ သြဂုတ် ၁၇၊ ၂၀၁၃





Saw Ngo - Burmese Way to Democracy

ကာတွန်း စောငို - သက်ဦးဆံပိုင် အခြေခံဥပဒေနဲ့ ရေမြေ့ရှင်သမ္မတစနစ်(၃)
 သြဂုတ် ၁၈၊ ၂၀၁၃

Zaw Aung (Mone Yar) - Articles

အိုင်အက်အို၊ အိုရှား ဘာလဲဟေ့
ဇော်အောင် (မုံရွာ)
သြဂုတ် ၁၇၊ ၂၀၁၃



ပြည်ပရောက်မြန်မာများ အထူးသဖြင့် စင်ကာပူရောက်မြန်မာတတ်သိပညာရှင်များက စင်ကာပူမှာဆို ISO, QS, OHSAS နည်းစနစ် ကျကျလုပ်ကိုင်ပုံတွေ၊ သန့်ရှင်းသပ်ရပ်မှု၊ စီးပွားလစာကောင်းမှု၊ နောက်ဆုံး လူ့အခွင့်အရေးရှိတယ်ကွ.. ဒီမှာဆို ကားဒရိုင်ဘာက လမ်းလျှောက်တဲ့လူကို ဦးစားပေးရတယ်..စသဖြင့်ပြောကြသည်။ ရန်ကုန်အလည်ပြန်တော့ ..ဟာကွာ...ဘာညာ..စသဖြင့် မြန်မာပြည်၏ အားနည်းချက်များကို ရယ်မောစရာဖြစ်အောင် လဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကပွဲသဘင်များတွင် စကားပြောတော့ပစ် ဖြစ်ရသည်။ ကျနော်လည်း ထိုကဲ့သို့သော လူတန်းစားထဲမှ တစ်ယောက်ဖြစ်သည်။ ၉၀ ရာနှုန်းသော စင်ကာပူရောက်၊ အမေရိကားရောက် မြန်မာ အချင်းချင်းတွေ့လျှင် မြန်မာပြည်အကြောင်းပြောကြသည်။ မြန်မာအချင်းချင်းတွေ့လျှင် မသိချင်ယောင်ဆောင်ခဲ့ကြသည်။ အတင်းလာ နှုတ်ဆက်ခံရသောအခါ ရှက်ရှက်နှင့် ဟုတ်ကဲ့၊ ကျနော်ဗမာပါ..ဟု ပြောရသည်။ 

ကျနော်တို့သည် နှိုင်းယှဉ်ခြင်းဖြင့် ကြီးပြင်းလာခဲ့ရသည်။ ပတ်ဝန်းကျင်ရှိလူများကို နှိုင်းယှဉ်ရင်း၊ ကျေးညီနောက်ပုံပြင်ကဲ့သို့ ဘုန်းကြီး ကျောင်းရောက်ရှိ ကြီးပြင်းလာသောကျေးငယ် ယဉ်ကျေးသော စကားများပြောတတ်သလို၊ ဓါးပြများကျွေးမွေးကြီးပြင်လာသည့် ကျေးငယ် သည် ရိုင်းစိုင်းသောစကားများ တတ်သည်။ နှစ်ပေါင်း၅၀ စစ်အာဏာရှင်စရိုက်နှင့် ကြီးပြင်းလာသော ကျနော်တို့ မြန်မာပြည်သားများသည် ခေါက်ရိုးကျိုးနေသဖြင့် ပြည်ပမှ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများကို စာတွေ့ကျွမ်းကျင်သော်လည်း လက်တွေ့တွင် လုံးဝ၊ လုံးဝ မဖြစ်နိုင် သေးပါ။ ထိပ်ဆုံးပိုင်း ဝန်ကြီးအဆင့်ပင်လျှင် စားဝတ်နေရေးမလုံလောက်ပါက ဝန်ကြီးတာဝန်ကို ထမ်းဆောင်ဖို့ ခက်မည်ဖြစ်သည်။

Quality Control ရှိရန် ကမ္ဘာ့စံညွှန်းများကို အထူးသဖြင့် အသက်၃၀ပတ်ဝန်းကျင် လူငယ်များက လက်တွေ့လေ့ကျင့်ရမည်ဖြစ်သည်။ မြန်မာ့စီးပွားလုပ်ငန်းများ တဟုန်ထိုးတိုးတက်ဖို့ တာစူနေရာတွင် ISO 9001, ISO 14001 နှင့် နောက်ဆုံးပေါ် OHSAS 18001 တို့ကို မိမိ တတ်နိုင်သမျှ မိမိအလုပ်တွင် ကျင့်သုံးရန် ရည်ရွယ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကြေးနီစီမံကိန်းကို စုံစမ်းစစ်ဆေးရာတွင် ဝမ်းပေါင်တရုပ်ကုမ္မဏီ က အိုင်အက်ဟို၊ အိုရှားများနှင့် ကိုက်ညီသည်ဟု ဆိုသည်။ တရုပ်ပြည်၊ ယူနန်နယ်မှ အစိုးရမှ အသိမှတ်ပြုစာကို ကိုင်တွယ်ထားသည်။ အနောက်နိုင်ငံများသို့ ရောင်းချမည့်ကုန်ပစ္စည်းမဟုတ်သဖြင့် တရုပ် အိုင်စက်အိုများက အိုကေလျှင် ပြီးပြီဖြစ်သည်။ မြန်မာများက စင်ကာပူ၊ ဂျပန်၊ အမေရိကန်၊ အီးယူ ISO, OHSAS များက ဘယ်လို၊ ဘယ်ညာ ပြောနေစရာအကြောင်းမရှိပါ။ သို့သော် ဂျပန်၊ အီးယူ၊ အမေရိကား သို့ ပို့မည့်ကုန်ပစ္စည်းများအတွက် စက်ရုံ၊ အလုပ်ရုံငယ်များအတွက် ထိုနိုင်ငံ Standard များက Certify အသိမှတ်ပြုရန်လိုပါသည်။ စင်ကာပူအစိုးရအသိမှတ်ပြု Safety Officer တစ်ဦးဖြစ်သူ ဦးအေးငြိမ်း (B.E Mechanical 1986) သည် အိုရှားအိတ်တီးသောင်ဇင် အခန်းဆက်ဆောင်းပါး(၄)ခုကို သူ၏ဘလောက်တွင်ဖတ်နိုင်ပါသည်။


စင်ကာပူတွင် အစိုးရအသိမှတ်ပြု သင်တန်းများပို့ချ လုပ်ကိုင်စားနေသော EQS Solutions Pte Ltd မှ ဂျပန်မြေအောက်လှိုင်ဂူ၊ ရထားလမ်းများဆောက်သူ ဂျပန်ကုမ္ပဏီ ပင်တာအိုးရှင်းဆူပါဗိုက်စာများကို ပို့ချချက် အကျဉ်းကိုလည်း အောက်ပါလင့်မှရယူနိုင်ပါသည်။


အထက်ပါ ရေးသားချက်များသည် နှစ်ပေါင်းများစွာ လက်တွေ့လုပ်ခဲ့သူများ၏ ပို့ချချက်ဖြစ်သဖြင့်၊ ဖတ်ရုံဖြင့် မရပါ။ ဖတ်ပြီးလက်တွေ့ လုပ်ငန်းခွင်တွင် ကျင့်သုံးရန်၊ မလွယ်ပါ။ တကယ်လုပ်သူများ၏ လာရောက်ပို့ချ၊သင်ကြားမှုများကို ခံယူရဦးမည်ဖြစ်သည်။


ဆရာအောင်သင်း စာပေဟောပြောပွဲတစ်ခုတွင် အယ်ဇေးရှင်းစစ်ခွေးများ အမိန့်ပေးလျှင် ကြောက်မက်ဖွယ်ကောင်းအောင် တိုက်ခိုက်ကာ၊ ရပ်ဟုဆိုလျှင် ဘာမှမဆိုင်သလိုနေသည်ကို အံ့သြမိသည်။ လေ့ကျင့်စခန်း ဗိုလ်ချစ်မောင်ကို ဗမာခွေးတွေလည်း ဒီလိုဖြစ်အောင်သင်ပေးလို့ရနိုင်မလား..ဟုမေးသောအခါ ဗိုလ်ချစ်မောင်က ဗမာခွေးကသင်လျှင်ပိုပြီးတတ်လွယ်ကြောင်း၊ ခက်တာက ဗမာခွေးသည် စိတ်မပါ လျှင်မလုပ်ကြောင်း၊ စစ်မြေပြင်တွင် စိတ်မပါလို့မလုပ်တာမျိုးမရှိရ၊ အမိန့်နာခံတတ်ဖို့အရေးကြီးကြောင်း၊ ဗမာခွေးကို မျိုးဆက် ၅ ဆက်ခန့် လေ့ကျင့်ပေးရန်လိုသည် ..ဟု ပြောပြခဲ့သည်။ ဗမာခွေးကဲ့သို့ တကယ်ဇတ်လမ်းများစွာ လူတိုင်းမှာရှိကြတယ်။ တကယ်တော့ ကျနော် ကိုယ်တိုင်လည်း ဗမာခွေးပုံစံဖြစ်ပါသည်။ စိတ်မပါလျှင်မလုပ်သည့်အပြင်၊ အထက်အရာရှိနှင့်ဆက်ဆံရေးလည်း သိပ်မကောင်းလှပါ။ ဗမာများသည် အသိဥာဏ်မြင့်မားသောကြောင့် လူသည်ခွေးထက် အဆများစွာသာမည်ဖြစ်၍ မျိုးဆက်တစ်ဆက်နှင့် လူကြီးများကနမူနာပြ လေ့ကျင့်ပေးလျှင်ရနိုင်မလား စဉ်းစာမိသည်။ အောက်ပါ ဂျပန်စိတ်ဓါတ်အကြောင်း အတုယူစရာ ဦးဆွီတင်ပေးပို့သောမှတ်သားဖွယ် ဖိုင် လေးတစ်ခုကို အချိန်ပေးနိုင်ပါက ဖတ်ကြည့်ပါရန်။ 



● မြန်မာပြည် ကမ္ဘာနှင့်ယှဉ်နိုင်ရန်
မြန်မာ့ကုန်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်သို့ ဈေးကောင်းကောင်းရောင်းချနိုင်ရန်၊ နောက်ဆုံး မြန်မာပြည်ပေါက် လူသားများ (မြန်မာ နိုင်ငံသားများ) ကမ္ဘာ့အလယ် နာမည်ကောင်းရရန်အတွက် ထိပ်ဆုံးခေါင်းဆောင်သည်၊ စိတ်ဓါတ်မြင့်မြတ်ရမည်ဖြစ်သည်။ ကနေဒါမှမြန်မာ လူမျိုး၊ ခရစ်ယာန်ဓမ္မဆရာတစ်ဦး Rev David Lah တရားဟောသည်ကို ကျနော် နားထောင်ဖူးသည်။ ဘုရားကျောင်း တစ်ခုတွင် သင်းအုပ်ဆရာသည် အရေးကြီးသည်။ သင်အုပ်ဆရာတိုင်း ဝိညာဉ်ရေး Spiritual Talk တရားဟောကောင်းပါသည်။ သို့သော် လက်တွေ့ သင်းအုပ်ဆရာက လူများကိုကူညီတတ်လျှင် အသင်းသားများလည်း အကူညီပေးတတ်ကြသည်။ သင်းအုပ်ဆရာက ဗဟုသုတကြွယ်လျှင် အသင်းသားများလည်း ဗသုသုတကြွယ်ဝကြသည်။ သင်းအုပ်ဆရာက ငွေမက်လျှင်၊ အသင်းသားများလည်း ငွေမက်ကြသည်။ သင်းအုပ်ဆရာက အစားသော်မက်လျှင် အသင်းသားများလည်း အစားသောက်မက်ကြသည်..ဟုဆိုသည်။ ဟုတ်ပါသည်။ ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၊ န.အ.ဖ အစိုးရ ဒို့အရေးတာဝန်များသည် စာရွက်ပေါ်တွင် အလွန်ကောင်းသည်။ ဒါတွေလုပ်နေတာကွ ..ဟု နှုတ်ထွက်စကားကလည်း အလွန်ကောင်းပါသည်။ သို့သော် လက်တွေ့တွင် အချင်းချင်း နှိပ်ကွပ်၊ အနိုင်ကျင့်နေသော စစ်အာဏာရှင်စရိုက်ဆိုးများက လွှမ်းမိုးနေသဖြင့် နှစ်၅၀တွင် မြန်မာပြည် ယခုကဲ့သို့ဖြစ်သွားခြင်းကို လူတိုင်းနားလည်ပါသည်။

သို့သော် နောင်တရှိမှ တိုးတက်မည်ဖြစ်သည်။ 

အချို့က တောင်းပန်ရမည် ပြောကြသည်။ လက်စားချေလိုသူ လူနည်းစုကလည်း ရှိသေးသည်။ အချို့က မတောင်းပန်ရင်လဲ..ဝမ်းနည်းပါ တယ်..လို့ ပြောခံလိုကြသည်။ 

ပြောနေသည်ထက် လက်တွေ့ ခေါင်းဆောင်ပိုင်းက နိုင်ငံပြုပြင်ပြောင်းလဲမှုကို အကောင်ထည်ဖေါ်မှုများကို ကြည့်ရမည်ဖြစ်သည်။ အရိုးစွဲ နေသော အကျင့်များကို ဖျောက်နိုင်သောသူသည် အနည်းဆုံး မိမိဘဝ အောင်မြင်မည်ဖြစ်သည်။


ရွှင်လန်းချမ်းမြေ့ပါစေ ..။

Ku Mojo - Cartoon


သေသူမှာ အနိစ္စ .. ကျန်သူက ဒုက္ခ
ကာတွန်း - ကူမိုးကြိုး
သြဂုတ် ၁၇၊ ၂၀၁၃


Aye Nyein - Essay

အချိန်ကို စီမံခန့်ခွဲခြင်း
အေးငြိမ်း
သြဂုတ် ၁၇၊ ၂၀၁၃



(၁)
ကျွန်တော်ကိုယ်ရည်သွေးတာမဟုတ်ပါခင်ဗျား။ အားနေလို့၊ အချိန်တွေပိုနေလို့လည်း မဟုတ်ပါ။ လူငယ်များအား ပြောချင်စရာရှိလာ၍ ရေးလိုက်ခြင်းဖြစ်ပါသည်။ အခြားမဟုတ်ပါ။ ကျွန်တော် Singapore Poly မှာ Safety သင်တန်းတစ်ခု တက်နေသည်ကို ဓာတ်ပုံရိုက်တင်လိုက်ရာ စိတ်ဝင်တစား ဆွေးနွေးပြောဆို မှတ်ချက်ပေးလာသည်များကြောင့် ဖြစ်ပါသည်။

(၂)
ပထမဦးဆုံး ပြောလိုသည်မှာ လောကတွင် မည်သည့်အရာနှင့်မှ ပြန်ဝယ်ယူလို့မရသည့်အရာနှစ်ခုရှိပြီး ထိုအရာတို့မှာ (အချိန်) နှင့် (အရွယ်) တို့ဖြစ်ကြောင်း ဖြစ်ပါသည်။

ကျွန်တော်တို့ တစ်ခုခုလုပ်နေသည်ဖြစ်စေ၊ ဘာမှမလုပ်ဘဲနေသည်ဖြစ်စေ အချိန်ကတော့ ကုန်သွားမှာသာ ဖြစ်ပါသည်။ အချိန်ကို ဘာနှင့်မှတားဆီးလို့၊ ဆွဲဆန့်လို့မရ။ သို့အတွက် အလွန်အဖိုးတန်လှသောအချိန်ကို ဘာမှမဟုတ်ဘဲ အလဟဿ အလုပ်များဖြင့် ဖြုန်းပစ်လိုက်ရမှာ ကျွန်တော် အလွန်နှမြောလှပါသည်။

 လောကကြီးသည် လူအားလုံးကို အချိန်အား သာတူညီမျှစွာ ပေးထား၏။ အမေရိကန်သမ္မတသည်လည်း တစ်ရက်လျှင် ၂၄ နာရီပဲရသည်။ အဲလ်ဘတ် အိုင်စတိုင်းသည်လည်း တစ်ရက်လျှင် ၂၄ နာရီပဲရသည်။ ဆံပင်ညှပ်သူလည်း ၂၄ နာရီ၊ တံငါသည်လည်း ၂၄ နာရီ၊ ဘုန်းကြီးလည်း ၂၄ နာရီ။ မြတ်စွာဘုရားသည်လည်း တစ်ရက်လျှင် ၂၄ နာရီပဲရခဲ့သည်။ မည်သူမှ တစ်ရက်ကို ၂၅ နာရီလိုချင်လို့မရ။

သို့သော် ထိုအချိန်မည်မျှတန်ဖိုးရှိသနည်း ဟူသည်မှာ လူတစ်ယောက်သည် ထိုအချိန်ကို မည်ကဲ့သို့ သုံးလိုက်သနည်း ဟူသော အချက်ပေါ်မူတည်နေပါသည်။ အချို့လူများ၏ တစ်သက်လုံးဖြုန်းလိုက်သော အချိန်သည် အချို့လူများ တစ်နှစ်စာ သုံးလိုက်သော အချိန်လောက်ပင် တန်ဘိုးမရှိပါ။ ပြစရာဥပမာ အများကြီးရှိပါသည်။ ကျွန်တော်ထပ်မရှည်တော့ပါ။ မိတ်ဆွေတို့လည်း သိပြီးဖြစ်ပါသည်။ သို့သော် နမူနာ နည်းနည်းလောက်တော့ ပြလိုက်ချင်ပါသေးသည်။

(၃)
ကျွန်တော် Lake Side အိမ်တွင်နေစဉ်က မိတ်ဆွေတစ်ယောက် အိမ်ငှားအဖြစ်နှင့် လာနေပါသည်။ အိမ်က ခပ်ကျဉ်းကျဉ်း ဆိုတော့ ကျွန်တော်တို့နှစ်ယောက် စားပွဲချင်းယှဉ်လျှက် ထိုင်ကြပါသည်။ အလုပ်ကပြန်လာတော့ သူလည်းရေမိုးချိုး ထမင်းစား၊ နောက် အင်တာနက်ကြည့်။ ကျွန်တော်လည်း ရေမိုးချိုး၊ ထမင်းစား၊ အင်တာနက်ကြည့်။

သို့သော် ကျွန်တော်အင်တာနက်ကို မွှေတာက အနာဂတ်တစ်ခုဖန်တီးတည်ဆောက်ခြင်း အပါအ၀င် အခြား ဆောင်းပါးရေးစရာများ၊ မှတ်စုများ၊ သတင်းအချက်အလက်များ မွှေနှောက်ရှာဖွေစုဆောင်းခြင်းဖြစ်ပြီး ကျွန်တော့် ချစ်မိတ်ဆွေ အင်တာနက်ကြည့်တာကတော့ ကောင်မလေး လေးငါးယောက်နှင့် တစ်ယောက်ပြီးတစ်ယောက် မမောနိုင်၊ မပန်းနိုင် လှည့်ပတ် ချက်နေတာ ဖြစ်ပါသည်။ ကျွန်တော်လည်း အသက် ၅၀ နားနီး၊ သူလည်း အသက် ၅၀ နားနီး။ ကျွန်တော်သူ့ကို သွန်သင်ဆုံးမ နေစရာ အကြောင်းမရှိပါ။ ဆံပင်တွေပဲ ဖြူနေပြီ။

နောက်တစ်ယောက်ကျတော့ တစ်မျိုး၊ Burmese Classic ထင်ပါသည်။ မြန်မာရုပ်ရှင်များကို အခမဲ့ download လုပ်ကြည့်နိုင်သော website မှ မြန်မာရုပ်ရှင်ကားများကို တစ်ကားပြီးတစ်ကား မမောနိုင်၊ မပန်းနိုင်ကြည့်ကာ တစ်ယောက်တည်း တဟားဟား ပွဲကျနေပါသည်။ နောက်တစ်ယောက်ကတော့ သူ့ ဖဦးထုပ်မနှင့် တစ်ချိန်လုံးဖုံးပြောခြင်းဖြင့် အချိန်ဖြုန်းသည်။

ကျွန်တော်တို့အလုပ်တွင် နီဗားစ် ဆိုသော ကုလားလေးတစ်ယောက်ရှိသည်။ သူက ကျွန်တော့်စားပွဲရှေ့တွင် ထိုင်သည်။ လူကြီးလာမှ ဟိုစာရွက်ဆွဲတော့မလို၊ ဒီ drawing ကောက်ကက် ကော်ပီကူးတော့မလိုနှင့် အလုပ်ရှုပ်ပြသည်။ လူလစ်ပြီဆိုသည်နှင့် ကုလားကားများကို တစ်ကားပြီးတစ်ကားကြည့်ကာ တစ်ယောက်တည်း သဘောကျလျှက်ရှိ၏။ ခုတော့ သူ့ခမျာ၊ အရင်ကလို ကုလားကားမကြည့်နိုင်တော့ပြီ။ ဆိုဒ်ထဲက ရုံးလုပ်ထားသည့် ကွန်တိန်နာများကို အခြားဆိုဒ်တစ်ခုသို့ပို့လိုက်ပြီး သူတို့ အုပ်စုအားလုံး မန်နေဂျာများ၊ အင်ဂျင်နီယာများ၊ ကိုအော်ဒီနေတာများစုလျှက် အခန်းကြီးတစ်ခုထဲတွင် ထိုင်ကြသည်။ ကျွန်တော်တို့က အခန်းတစ်ခန်း သီးသန့်။ ဆိုတော့ နီဗားစ်ခမျာ အရင်ကလို စိတ်ရှိလက်ရှိ ကုလားကားများ မကြည့်နိုင်တော့။

(၄)
သည်တစ်ခါ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းပါမည်။ အခြားသူမဟုတ်ပါ။ ကျွန်တော့်နှမယောက်ျား။ ကျွန်တော့် ယောက္ဖအရင်းခေါက်ခေါက်၊ ကိုမိုးကျရွှေကိုယ်တို့အကြောင်း ဖြစ်၏။

ကျွန်တော် ၂၀၀၆ ခုနှစ်က ရွာပြန်တော့ တစ်ရွာလုံးကလူတွေကိုစုခိုင်းကာ မပျင်းကြဘို့။ အလုပ်လုပ်ကြဘို့။ လုပ်မယ်ဆိုလျှင် ဘာတွေ၊ ဘာတွေကို ဘယ်လိုလုပ်ချင်လျှင်ရသည်ဆိုသည့်အကြောင်းများ၊ သည်ကနေ့မှစကာ တစ်နေ့လျှင် ၁ နာရီလောက်ပိုပြီး လုပ်ကြည့်ကြစမ်းပါ။ နောက် ၂ နှစ်ကြာတဲ့အခါ အများကြီး ပိုထူးလာရစေ့မယ် စသဖြင့် ၂ နာရီလောက် ပြောလိုက်ပါသည်။

ပြောဆိုအပြီး ရေနွေးကြမ်းသောက်၊ ၀ိုင်းဖွဲ့ကြတော့ ကျွန်တော်နှင့် ညီအစ်ကိုဝမ်းကွဲတော်သူ တင်ဦးက ဟေ့ကောင်၊ မင်းကသာ တစ်နေ့တစ်နာရီပိုလုပ်ဖို့ပြောနေ။ မင်းယောက္ဖ ဖိုးသောင်းဆို တစ်နေ့လုံးနေလို့ တစ်နာရီပြည့်အောင် အလုပ်မလုပ်ဘူး ဟု ပွာလောင်ပွာလောင်နှင့် ပြောပါသည်။

ကျွန်တော်တို့ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) တွင် တစ်နေ့လျှင် ၈ နာရီနှုန်းဖြင့် နှစ်တစ်ပတ်လည် လုပ်ဖူးသူ တစ်ဦးတစ်ယောက်မျှပင် မရှိပါခင်ဗျား။ မယုံလျှင် ကျွန်တော် ဒီဇင်ဘာပြန်ပါမည်။ စိတ်ဝင်စားသူများ လိုက်ခဲ့ပါ။ နောက်ပြီး အိမ်ပေါက်စေ့လိုက် စာရင်းယူကြည့်ပါ။ သူတို့အဖို့ တစ်နေ့လျှင် ၄ နာရီလောက်လုပ်သူမှာ အလွန် အလုပ်ကြိုးစားသူ ဖြစ်လေ၏။

နောက်ယောက္ဖတစ်ဦးမှာ ရေဆင်းက ဖြစ်၏။ သူကတော့ ၀ါးတောကွင်းက ယောက္ဖထက် လက်တစ်လုံးစာလောက် ပိုသာသည်။ သူ့ဟာသူ သာချင်လို့သာတာမဟုတ်၊ ကျွန်တော့နှစ်မ၊ သူ့မယား၏ နားပူသည့်ဒဏ်မခံနိုင်သဖြင့် သာရခြင်း ဖြစ်သတည်း။

သူတို့ကံကောင်းပါသည်။ သူတို့မွေးထားသော သားသမီးများကို ကိုယ်နှင့်မကင်းရာမကင်းကြောင်းဖြစ်နေသဖြင့် ကျွန်တော်တို့မောင်နှမ တစ်သိုက်က အကုန်ခေါ်မွေးထားသည်။ ယခု ထိုယောက္ဖနှစ်ဦး၏ သမီးတစ်ဦးစီမှာ စင်ကာပူတွင် ကျောင်းတက်နေပါသည်။ ကိုရေချမ်း ကတော့ နင်တို့ ဒီလိုဦးကြီးမျိုးရတာ ကံကောင်းတယ် ဟုဆို၏။ သူတို့ ကံကောင်းတာ မဟုတ်။ ကျွန်တော်ကံဆိုးခြင်းသာ ဖြစ်၏။

ချုပ်ရလျှင် အနှီ ကိုယောက္ဖနှစ်ယောက် တစ်သက်လုံးလုပ်တာ ကျွန်တော်တစ်ယောက်တည်း တစ်နှစ်လုပ်တာလောက်တောင် အကျိုးမ များပါ။  

(၅)
လူတစ်ဦး၏ တစ်သက်တာကို သေသေချာချာတွက်ဖူးပါသလား မိတ်ဆွေ။ ကျွန်တော်တို့ တစ်ရက်လျှင် အနည်းဆုံး ၆ နရီမှ ၈ နာရီထိ အိပ်ကြသည်။ (ကျွန်တော့် ရွှေယောက္ဖများ၏ သမီး၊ ချစ်တူမများကတော့ ပိတ်ရက်ဆိုလျှင် ၉ နာရီလောက်ကျမှ ထသည်။ ကျွန်တော်က အိပ်တာများလျှင် ခေါင်းမူးပြီး မကြည်မလင်ဖြစ်တတ်သဖြင့် ညဘက် ဘယ်လောက် ညဥ့်နက်နက်၊ မနက် ၇ နာရီလောက်ဆို မထရ၊ မနေနိုင်။) ဆိုတော့ တစ်နေ့တာ၏ လေးပုံတစ်ပုံလောက်ကို အိပ်ခြင်းဖြင့် ကုန်ဆုံးစေလိုက်ရာ အသက် ၈၀ နေရမည့်သူသည် အနှစ် ၂၀ လောက်ကို အိပ်ခြင်းဖြင့် ဖြုန်းတီးလိုက်ပြီးပြီ ဖြစ်၏။ သည်တော့ တကယ်နေရမှာက အနှစ် ၆၀ လောက်သာ ကျန်သည်။

သို့သော် လူရယ်လို့ ဖြစ်လာလျှင် စားတာသောက်တာ၊ သွားတာလာတာ၊ ရေမိုးချိုး၊ အ၀တ်လဲ စသဖြင့် ဗာဟီရများ လုပ်ရသေးသည်ဖြစ်ရာ ထို့အတွက်တစ်ရက်လျှင် အနည်းဆုံး ၄ နာရီလောက်ကုန်သည်။ ဆိုတော့ စစ်စစ်ပေါက်ပေါက်သာ လိုက်တွက်ကြည့်လျှင် အသက် ၈၀ နေရမည့်လူတစ်ဦးအဖို့ တကယ်အသုံးချရမည့် အချိန်သည် အနှစ် ၄၀ ပင်မပြည့်ပါ။

လူဟူ၍ဖြစ်လာလျှင် ငါ့ဘို့၊ ငါ့ဘို့ချည်းနှင့် အချိန်ကုန်သွား၍ အဘယ်မှာလျှင် လူဖြစ်ကျိုးနပ်ပါမည်နည်း။ လူနှင့် တိရစ္ဆာန်တို့ကွာခြားချက်တွင် ပရဟိတဆိုတာလည်း ပါသည်။ လူဟူသည် မိမိကောင်းကျိုးကိုလည်းလုပ်ရမည် ဖြစ်သကဲ့သို့ မိမိ မိသားစုကောင်းကျိုး၊ မိမိရပ်ရွာ၏ ကောင်းကျိုး၊ မိမိတိုင်းပြည်၏ ကောင်းကျိုး၊ မိမိလူမျိုး၏ ကောင်းကျိုးကိုလည်း ဆောင်ရွက်ရမည်။

ကိုယ်ကိုယ်နှိုက်ကမှ ကောင်းအောင် မနေနိုင်ဘဲ၊ ကိုယ့်ကိုယ်ကိုယ်မှ ကောင်းအောင်မကြိုးစားနိုင်ပါဘဲလျှက် ကြီးကြီးကျယ်ကျယ်၊ တိုင်းပြည်နဲ့ လူမျိုးတွေဘာတွေ လာမပြောပါနှင့်။ နားကြားပြင်းကပ်လှသည်။

စကားကြီးကြီးကျယ်ကျယ်ပြောတာတွေ ဘေးချိတ်၊ သူများ မကောင်းကြောင်းတွေပြောပြီး အချိန်ဖြုန်းနေမဲ့အစား အခု ချက်ချင်း လုပ်နိုင်တာ၊ လုပ်လို့ရတာလေးတွေ ကောက်ကက်လုပ်ပြလိုက်ပါ။ ကြက်မများလို ဥလေးတစ်လုံး ဥပြီးတာနဲ့ တစ်ခြံလုံး ဆူညံပွက်လောရိုက်နေအောင် ကတော်တာတော့ လူတိုင်းလုပ်တတ်ပါသည်။   

(၆)
အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်ဖို့ ပစ္စက္ခမှာနေတတ်ဘို့လည်း အရေးကြီးပါသည်။ တရားလိုတော့ သမာဓိ၊ အင်္ဂလိပ်လို concentration။ စိတ်နှင့်လူ မကပ်သူသည်၊ ကိုယ်ဘာလုပ်လို့ လုပ်နေမှန်းပင်မသိပါ။ ဆယ်ရက်စခန်း တရားသွားဝင်ခြင်းမှာ စိတ်နှင့်လူ ကပ်အောင်နေတတ်ဘို့ သွားလေ့ကျင့်တာ ဖြစ်ပါသည်။ တရားစခန်းကထွက်လာပြီးနောက်လည်း လူကတခြား။ စိတ်ကတခြား ဖြစ်နေသေးလျှင် တရားထိုင်ရကျိုးမနပ်ပါ။

သည့်အတွက် ကိုယ်လုပ်တာမှန်သမျှ သိနေအောင် ကြိုးစားပါ။ အလုပ်တွင်ပါလိမ့်မည်။ ကျွန်တော့်မှာ လုပ်စရာ အများအပြားရှိနေသဖြင့် မည်သည့်အမှိုက်သရိုက်မှ ခေါင်းထဲဝင်မလာအောင် အတတ်နိုင်ဆုံး ကြိုးစားပါသည်။ နောက်ဆုံး ရန်ကုန်မှာ မိသားစုကိစ္စ အဆင်မပြေလျှင်တောင် အို၊ ငါဘာမှ မတတ်နိုင်တဲ့ကိစ္စ၊ ဘာကိစ္စစိတ်ညစ်နေရမှာလဲ ဟု မေ့ထားလိုက်ပါ သည်။ ရှင်းလို့ရသော ပြဿနာကို ခုချက်ချင်းရှင်းလိုက်ပါ။ အလေးခံပြီး ခေါင်းပေါ်ရွက်မထားပါနှင့်။ ရှင်းလို့မရနိုင်သည့် ကိစ္စကို တော့ ငါမှဘာမတတ်နိုင်ဘဲ ဟု ခေါင်းထဲမှ ထုတ်ထားလိုက်ပါ။

သည်လို ခေါင်းကိုရှင်းထားနိုင်လျှင် မိတ်ဆွေ ယခင်ကထက် အလုပ် နှစ်ဆပြီးကြောင်း တွေ့ရပါလိမ့်မည်။
နောက် အချိန်မဖြုန်းသည့်နည်းတစ်ခုမှာ အရည်မရ၊ အဖတ်မရများနှင့် အချိန်မကုန်ပါစေနှင့်။

သင်မိတ်ဆွေ သူတော်ကောင်းတို့၊ အမြဲရွတ်နေသည့် ဗုဒ္ဓါနံ ဇီဝိတဿ အစချီ မြတ်စွာဘုရား၏ အ,ဝေဏိက ဂုဏ်တော် ၁၈ ပါးတွင် မြတ်စွာဘုရားသည် မည်သည့်အခါမှ ကချော်ကချွတ်စကား၊ ပျော်စေပျက်စေ၊ ကလက်စေစကား၊ အကျိုးမရှိ သိမ်ဖျဉ်း သောစကားများကို မပြောဆို ဟူသော ဂုဏ်တော်တစ်ခုပါ ပါသည်။ ကျွန်တော်ကတော့ မြတ်စွာဘုရားကို ကွယ်ရာမှာ မကောင်းတာမလုပ် ဟူသော ဂုဏ်တော်နှင့်၊ ပျော်စေပျက်စေ၊ ကလက်စေစကားများကို မပြောဟူသည့် ဂုဏ်တော်နှစ်ပါးနှင့်ပင် ကြည်ညိုလို့မဆုံးပါ။ သည်အရာများမှာ လူသာမန်တို့ အင်မတန်စောင့်ထိန်းနိုင်ခဲသည့် တရားများဖြစ်ပါသည်။

(၇)
နည်းနည်းဆိုပြီး ရေးလိုက်တာ အတော်ရှည်သွားပြီ။ သည်းခံပါခင်ဗျား။ ကိုယ်ရည်သွေးခြင်းဖြင့် နိဂုံးချုပ်ပါမည်။

ကျွန်တော် ၅း၅၅ နာရီ၊ အိပ်ယာထ၊ ရေမိုးချိုး၊ မနက်စာအဖြစ် ပေါင်မုံ့ကြမ်းသုံးချပ်ကို မြေပဲထောပတ်သုတ်စား၊ နောက် အ၀တ်လဲကာ ၆း၃၀ တိတိတွင် အိမ်မှထွက်ပါသည်။ အလုပ်သို့ ၇း၂၅ ရောက်။ Tool Box Meeting ပြောဆို။ ၈း၀၀ တွင် အလုပ်စ။ ၁၂း၀၀ တွင် ထမင်းစားနား။ ၁၂း၂၅ တွင် စားသောက်ပြီးတော့ စာရေးပါသည်။ ၁၂း၅၅ တွင် ၅ မိနစ်လောက် အပန်းဖြေ။

နေ့လည် ၁း၀၀ မှ ညနေ ၅း၀၀ ထိ အလုပ်လုပ်။ ၅း၀၀ နာရီတွင် အလုပ်မှ ပြန်လာ။ သင်တန်းရှိလျှင် ညနေ ၆း၀၀ မှ ၁၀း၀၀ နာရီထိ သင်တန်းတက်။ ၁၀း၃၀ ကျော်လောက် အိမ်ပြန်ရောက်။ စာရေးပြီး ၁၁း၃၀ သို့မဟုတ် ၁၁း၄၅ လောက် အိပ်ပါသည်။

ကျွန်တော်အလုပ်လုပ်နေတုံး လာနှောက်ယှက်လျှင် အလွန်စိတ်တိုပါသည်။ အလုပ်ထဲရှိသူအားလုံးကို ကိစ္စမရှိဘဲ ကျွန်တော့်ဆီမလာဘို့ ပြောထား၏။ အလုပ်ထဲတွင် ကျွန်တော် မည်သူနှင့်မှ ဘာ အလ္လာပ၊ သလ္လာပမှ မပြောပါ။ တစ်ခါတစ်လေ ထမင်းစားချိန်၌ နည်းနည်းပါးပါး ပြောပါသည်။ လုပ်စရာအားလုံးပြီးသွားလျှင်မူ စာဖတ်၊ စာရေးပါသည်။ စာရေးချိန်မရလျှင် ရေးစရာအချက်အလက်များ စုဆောင်းဖတ်ရှုမှတ်သား၊ မှတ်စုထုတ်နှင့် အချိန်ကုန်ပါသည်။                

ရထားစီးချိန်မှာ မိနစ် ၄၀ အချိန်ပေးရသဖြင့် ထိုင်ခုံနေရာရစေရန် ရထားထိပ်ဆုံးတွဲမှ စီးလေ့ရှိပါသည်။ ထိုင်ခုံနေရာ ရလျှင် စာရေးပါသည်။ ထိုင်စရာနေရာမရလျှင် သတင်းစာ ဖတ်ပါသည်။ ကျွန်တော်က Straits Times ကို စာရွက်သတင်းစာရော၊ အွန်လိုင်းသတင်းစာပါ (All in one) ၀ယ်ထားသဖြင့် အချိန်မရွေး၊ နေရာမရွေးဖတ်လို့ရပါသည်။ ကျွန်တော်က Straits Times, Today, Channel News Asia သုံးမျိုးလောက် ဖတ်၏။ မြန်မာသတင်းကို သစ်ထူးလွင်တွင် ဖတ်၏။ ဂျာနယ်များကို အင်တာနက်မှ ဒေါင်းလုပ်လုပ်ကာ ဖတ်၏။ သို့သော် အချိန်လုဖတ်ရတာ ဆိုတော့ ဘယ့်နှာ အကုန်လုံးစေ့ပတ်စေ့ ဖတ်နိုင်ပါလိမ့်မတုံး။ စိတ်ဝင်စားစရာ သတင်းထူးများမှ အပ တော်တော်များများကိုတော့ သိရုံလောက် ဖြန်း ဖတ်လိုက်တာ ဖြစ်ပါသည်။ သတင်းဆောင်းပါး ကောင်းကောင်းလေးများကိုတော့ သပ်သပ်စုထားပါသည်။ စာရေးသည့်အခါ ရည်ညွှန်းနိုင်ရန် ဖြစ်၏။

အပြန်တွင်လည်း အလားတူပင် ရထားထိုင်ခုံနေရာရလျှင် စာရေးပါသည်။ နေရာမရလျှင် သတင်းစာ၊ ဂျာနယ်များ ဖတ်၏။ (ခေါင်းဖြူရခြင်း၏ ကောင်းကျိုးမှာ နေရာပေးခံရခြင်းဖြစ်သဖြင့် တစ်ခါတစ်ရံ ကိုယ်နေရာမရလျှင်ပင် နေရာပေးမည့်သူများ ရှိတတ် ပါသည်။)

ယခင်က ပရဟိတ လုပ်ငန်းများကို ကိုယ်ဖိရင်ဖိ ဆယ်နှစ်ကျော် လုပ်ခဲ့ပါသည်။ ယခုသော် ကိုသောင်းတန်တို့ကို ကိုရင်တို့ပဲ လုပ်ပါ။ ပရဟိတဆိုတာက လူတိုင်းလုပ်လို့ရတယ်။ ကိုယ်ရေးတဲ့စာမျိုးက လူတိုင်းမရေးနိုင်ဘူး။ အဲဒါကြောင့် တော်ရုံ တန်ရုံကိစ္စတွေ ကိုယ့်ကို မခေါ်ပါနဲ့၊ ကိုယ်ရင်တို့ဘာသာ တော်သလို ကြည့်ကျက်လုပ်လိုက်ကြပါဟု မှာထားပါသည်။
 အဲဒါပါပဲ ခင်ဗျား။

ချုပ်ရရင် -

၁။ ဝေလေလေတွေနဲ့ အချိန်မဖြုန်းပါနဲ့။
၂။ ကျော်ဟိန်း၏ အဓိပ္ပါယ်ရှိသောလူ သီချင်းကို မကြာခဏ ဆိုပါ။
မှောင်နေရင်လေ၊ မီးထွန်းလိုက်၊ နာကျင်သူကို ပြုစုလိုက်။ ဆာလောင်သူကို ကိုယ့်အထဲက တစ်ဝက်ဝေမျှလိုက်။
လူတွေစဉ်းစားကြ၊ စဉ်းစားကြ၊ လောကအတွက်။ သင်ဟာသမိုင်းကြောင်းကောင်းဘို့ တစ်ခုခု လုပ်ခဲ့သလား။

၃။ အလုပ်လုပ်သည်ဖြစ်စေ၊ စာဖတ်သည်ဖြစ်စေ၊ ထမင်းစားသည်ဖြစ်စေ၊ ကိုယ်လုပ်တဲ့အရာပေါ်မှာပဲ အာရုံစိုက်ပါ။ တခြားတောင်တောင်အီအီ ဘာမှ မတွေးပါနဲ့။
+++++++

ကျေးဇူးတင်ပါသည်။
၁၇၊ ၈၊ ၁၃။ သန်းခေါင်ကျော် ၀၀း၀၅ နာရီ


အေးငြိမ်း ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူသည်။

Saung Luu - Essay

ကျနော် ရေခဲစက်သမား
ဆောင်းလူ
သြဂတ်စ် ၁၃၊ ၂၀၁၃



ကျနော် ငယ်ငယ်တုန်းကပေါ့ ..။ ၅ တန်း ၆ တန်း ကျောင်းသားအရွယ်မှာ နွေကျောင်းပိတ်ရက် ၃ လအတွင်းမှာ အဖေ့မိတ်ဆွေရဲ့ မိသားစု ရေခဲချောင်း လုပ်ငန်းတခုမှာ ၀င်လုပ်ခဲ့ဖူးပါတယ်။ မိသားစုရေခဲချောင်းစက်ဆိုပေမယ့် တမြို့လုံးနီးပါးလောက်ကို သူ့တို့ဆီက ဖောက်သည် ယူရပါတယ်။ အဲ့အချိန်က တကျပ် နှစ်ကျပ်ခေတ်ဆိုတော့ ...ပြား ရှစ်ဆယ်လောက်နဲ့ ဖောက်သည်ပေးရပါတယ်။ 

ကျနော်ရေခဲစက်မှာ ၀င်လုပ်ဖြစ်တာကလည်း မိသားစုစားဝတ်နေရေးကြောင့်တော့မဟုတ်ပါဘူး ..။ သို့ပေမယ့်လည်း ကျနော့်မိဘများဟာ လည်း ပြေလည်သူများမဟုတ်ပါဘူး ..။ ကျောင်းနေအရွယ် သားသမီး လေးယောက်ဝန်ကိုထမ်းရင် ရုန်းကြ ကန်ကြရသူတွေပါ ..။ မိသားစု ခြောက်ယောက်မှာ အဖေ့ဝင်ငွေတခုတည်းကိုသာ မှီခိုနေရတာပါ။ တနှစ်လုံးမှာမှ ကျနော့်မှာ ကျောင်းဝတ်စုံ နှစ်ထည်ပဲရှိပါတယ်။ တထည် ကို နှစ်ရက်ကျဝတ် ..။ ပြီးရင် လျှော် ... ကျန်တဲ့တစုံကို ၀တ်ရပါတယ်။ ကျနော်ဝတ်ခဲ့တဲ့ ဒီဝတ်စုံတွေကလည်း နောင်နှစ်ကျရင် ကျနော့်ညီ တွေ ၀တ်ကျရပါတယ်။ 

နောက်နှစ်ကျောင်းတက်ရင် ကျနော်က ကျောင်းဝတ်စုံအသစ်ကလေးလိုချင်တယ် ..။ ဒါ့ကြောင့် နွေရာသီ ကျောင်းပိတ်ရက် ၃ လအတွင်းမှာ ကျနော်တို့က ပိုက်ဆံရှာကြပါတယ်။ ကျနော်တို့ဆိုတာက ကျနော့်အောက်က ညီတယောက်လည်းရောပါ။ ညီအကိုတွေက အသက်သိပ်မ ကွာပါဘူး။ အဖေကတော့ သိပ်မကြိုက်ရှာပါဘူး ...။ ကျောင်းပိတ်ရက်မှာ တခြားအတတ်ပညာလေး ရှာဖွေဆည်းပူးတာကို လိုလားပါတယ်။ 

ဒါပေမယ့် ကျနော် အဖေ့မိတ်ဆွေရဲ့ရေခဲစက်ထဲမှာဝင်လုပ်ခဲ့ပါတယ်။ ကျနော် ရေခဲချောင်းလုပ်ခဲ့ပါတယ်။ ရေခဲချောင်းမှာလည်း အမျိုးအစား အမျိုးမျိုးရှိပါတယ် ...။ သံပုရာပေါင်း၊ ဒါးလှီး၊ ကူဖီးလ် (ကျနော်တို့အခေါ်ပါ ..။ တခြားအခေါ်တော့မသိပါ) .. နောက် တုတ်တံလေးတွေ တပ် ထားတဲ့ ရေခဲချောင်း .။ ကျနော် သိခဲ့ဖူးတာတော့ အဲ့ဒါတွေပါပဲ ...။

ကျနော်တို့နိုင်ငံမှာ အများသူငါ စားနေတဲ့ သံပုရာပေါင်း၊ ဇီးပေါင်းတို့ဆိုတာ .. တကယ်တော့ သဘာဝပစ္စည်းတွေမဟုတ်ဘူးဗျ။ ဓာတုဗေဒ ဆိုးဆေးအမှုန့်တမျိုးကို ဆေးသကြားထည့် ရေနဲ့ဖျော်ပြီး .. ရေခဲချောင်းလုပ်တာ ...။ 

သူက လိမ္မော်ဆို အ၀ါ၊ သံပုရာဆို အစိမ်း၊ ဇီးဆို အနီ .. နို့အေးချောင်းဆိုရင်တော့ အဖြူပေါ့ .. မန်းကျည်းဆိုလည်း ဓာတုဗေဒမန်းကျည်း အရောင်နဲ့ အချဉ်ပေါ့။ အဲ့လို အမျိုးမျိုးရှိပါတယ် ...။ အဲ့လို အရောင်တွေ အရသာတွေအတွက်လည်း ဓာတုဗေဒဆေးတွေပဲ သုံးပါတယ်။ ဒါ့အပြင် သူနဲ့လိုက်ဖက်မယ့် ရနံ့တွေလည်း ရှိပါသေးတယ်။ အဲ့ဒါလည်း ဓာတုဗေဒပါဆေးပါပဲ ...။ သူ့တော့ အများကြီး ထည့်မရပါဘူး ..။ ရေခဲချောင် တထောင်ဆိုရင် တစက် နှစ်စက်ပဲ ထည့်ရပါတယ် ...။

တနေ့ တနေ့ကို ကျနော်တို့ ရေခဲချောင်း ထောင်နဲ့ချီပြီး လုပ်ရပါတယ်။ နွေဘက်ဆိုတော့ ပိုဆိုးတာပေါ့ ...။ ဖောက်သည်တယောက်ဟာ အ နည်းဆုံး ရေခဲချောင်း နှစ်ရာ သုံးရာ ယူပါတယ် ...။ ကျနော်တို့က ပြား ရှစ်ဆယ်လောက်နဲ့ပေးရပါတယ်။ တချို့လည်း နီးရင် နီးသလို ဝေးရင် ဝေးသလို ဈေးတင်ကြပါတယ်။ အနီးအနား ရောင်းသူဆို တစ်ကျပ်လောက်ရောင်းပါတယ်။ နဲနဲဝေးရင်တော့ နှစ်ကျပ် ..။ နှစ်ချောင်း ငါးကျပ် ... အဲ့လိုရောင်းပါတယ် ...။ 

ကျနော်လုပ်တဲ့နေရာက ရေခဲချောင်းစက်တွေက အုတ်နဲ့ ကန်လုပ်ထားပြီး အောက်မှာ ပန်ကာတပ်ထားပါတယ် ..။ အပေါ်မှာတော့ သစ် သားနဲ့ အဖုံးလုပ်ထားတာပါ။ ပန်ကာက အထဲမှာပါ ...။ ပြီးရင် ဆားကြမ်းတွေထည့် ...ရေထည့်ပြီး မော်တာနဲ့လှည့်ရင် အေးလာပါတယ်။ ပန်ကာထားရှိတဲ့ ဘက်ခြမ်းကိုတော့ အကန့်တခုထားပါတယ်။ နို့မဟုတ်ရင် ပန်ကာဒလက်တွေကြောင့် ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ 

ကျနော်တို့က ရေခဲချောင်းထုတ်ပါတယ် ...။ ရေခဲချောင်းထုတ်ရင် ကန်တော့တချောင်းနဲ့ ခွက်တလုံးလိုပါတယ်။ နောက် ထုတ်မယ့် အိတ် အနေအထားလည်းလိုပါတယ်။ ဥပမာ သုံးလက်မအရှည်လောက်လိုချင်တဲ့ ရေခဲချောင်းထုတ်ချင်တယ်ဆိုရင် အနည်းဆုံး အိတ်အရှည် ဟာ ငါးလက်မခွဲတော့ ရှိမှဖြစ်ပါတယ်...။ နို့မဟုတ်ရင် ချည်ဖို့က မလွယ်ပါဘူး ..။ သားရေပင်နဲ့လည်း ချည်လို့လည်း မရပါဘူး ..။ ဒီအတိုင်းပဲ ပြန်ချည်ရပါတယ်။ ဘာဖြစ်လို့ဆိုတော့ သားရေပင်က ဆားရည်နဲ့ထိတဲ့အခါကျရင် ပြန်ထွက်တတ်ပါတယ်။ နောက် တင်းနေအောင်လည်း ထုပ်မရပါဘူး။ တင်းလွန်းရင် ဆားရည်နဲ့ထိပြီး ခဲလာတဲ့အခါကျရင် ကွဲသွားတတ်ပါတယ်။ ကွဲသွားရင် ဆားရည်တွေဝင်သွားပြီဖြစ်တဲ့အတွက် ရေခဲချောင်းဟာ အပျက်စာရင်းဝင်သွားပါတယ်။ နောက် ထုပ်ပြီးသား ရေခဲချောင်းတွေကို ဆားကန်ထဲထည့်ပြီး ရေခဲချောင်း နပ်တဲ့အထိ ယောင်းမတချောင်းနဲ့ မွှေနေရပါတယ်။ မွှေလို့ ကျက်ပြီဆိုရင် ဆယ်ပြီး ရေနဲ့ တမိနစ်လောက် ဖြတ်ကနဲ့ စိမ်ရပါတယ်။ ဒါမှ ကပ်နေတဲ့ ဆားရေတွေကွာကျကုန်မှာပါ။ ဒါမှ စားတဲ့လူအတွက် အိတ်ဖောက်ကိုက်စားတဲ့အခါကျရင် ငံမနေတော့ပဲ အဆင်ပြေနေမှာပါ။ ရေထဲ ကြာကြာစိမ်မိရင်လည်း ရေခဲထုတ်က ပျော်သွားပါတယ်။ စိမ်ပြီးသွားတဲ့ ရေခဲချောင်းတွေကို ဒီအတိုင်းထားလို့မရပါဘူး။ နှပ်ရပါသေးတယ်။ တရက်တန်သည် နှစ်ရက်တန်သည် နှပ်ရပါတယ်။ သူ့အတွက်က ရေခဲသေတ္တာလို ကန်သပ်သပ်ရှိပါတယ်။ အဲ့အထဲမှာ ထည့်ပြီး နှပ်ရပါ တယ်။ ဒါမှ ရေခဲချောင်းဟာ ရေခဲမှိုပွင့်တွေထ မာတင်ပြီး တရက် ဒါမှမဟုတ် နာရီ ၂၀ လောက် ခံနိုင်ရည်ရှိတာပါ။ ရိုက်ကြည့်ရင် တောင် တောင်နဲ့တောင် မြည်ပါတယ်။ ဒါက ရိုးရိုး ရေခဲချောင်းထုတ် လုပ်တာပါ။ 

ရေခဲ ချောင်းထုတ်ပြီးသွားရင် ကျနော့်လက်တွေလည်း ၀ါစိမ်းနီ အရောင်မျိုးစုံနဲ့ ရွံ့တွနေပါပြီ။ ပြီး ဆားရေထဲမှာ ရေခဲချောင်းဆည်ရတဲ့အတွက် အားလုံးပြီးတဲ့အချိန်မှာ .. လက်တခုလုံးဟာ ယောင်ကိုင်းနာကျင်လှပါတယ်။ ဒီကြားထဲ တခုခုထိလို့ ဆားရေထိရင် ပိုဆိုးသေးပါတယ်။ 

နောက်တခုကတော့ ထုတ်ထိုးဆိုတဲ့ ရေခဲချောင်းပါ ...။ မြင်ဖူးကြမှာပါ ..။ အမျိုးအစားတော့ ကွဲမှာပေါ့ ..။ လွန်ခဲ့တဲ့ ၁၆ .. ၁၇ နှစ်လောက် ကတော့ တုတ်ကို ၀ါးပြားလေးတေါ သုံးပါတယ်။ ၀ါးပြား တရာ ဘယ်လောက်ဆိုပြီး ၀ယ်ရပါတယ်။ သူလည်း သိပ်တော့ မခက်ပါဘူး။ အပေါ်က နည်းအတိုင်းပါပဲ ..။ ဒါပေမယ့် တခုက သူ့ကျတော့ အိတ်ထဲထည့်တာမဟုတ်တဲ့အတွက် တုတ်မှာမြဲနေဖို့ လိုပါတယ်။ ဒါ့အတွက် ကော်ထည့်ရပါတယ် ..။ ဒါကလည်း စားတဲ့ကော်ပါ ..။ ကပ်တယ် ..စည်းတယ် ...။ နောက် ပဲချောင်းလုပ်ချင်ရင် ပဲထည့် ...။ သာကူချောင်း လုပ်ရင် သာကူထည့် ...။ ပဲချောင်း သာကူချောင်းက သိုးတတ်ပါတယ်။ သူတို့ကိုလုပ်ဖို့ ပုံစံခွက်ဆိုတဲ့ မိုတော့လိုတာပေါ့ ..။ မိုထဲကိုထည့် တုတ်စိုက်ပြီး ဆားကန်ထဲမျှောထားလိုက်ရုံပါပဲ ...။ ဒါလှီးလည်း ဒီအတိုင်းပဲပါ ...။ ကော်ထည့်တယ်...။ သူ့ကျတော့ နို့နံ့ရအောင် နို့မှုန့်နည်းနည်းကြိုထည့်ပါတယ်။ ပြီး မွနေအောင် ပွဆေးထည့်ရပါတယ်။ ဒါမှ ဒါးလှီးမွမွလေးတွေ ဖြစ်မှာပေါ့ ..။ စားဖူးကြမှာပါ ..။ ဒါပေမယ့် အား လုံးဟာ ဓာတုဗေဒဆေးတွေချည်းပဲ ..။ ဒါ့ကြောင့်လည်း ဗမာပြည် ကင်ဆာအဖြစ်များတာ ထင်ပါတယ်။ 

နောက်တခုက ကူးဖီးလ်လို့ခေါ်တဲ့ နို့အေးချောင်းတမျိုးပါ ..။ သူကတော့ နဲနဲအဆင့်မြင့်တယ် ..။ ဓာတုဗေဒဆေးကင်းအောင်လုပ်ပါတယ်။ ဒါပေမယ့်လည်း. မကင်းပါဘူး ..အနံ့လောက်တော့ ထည့်ဖြစ်အောင် ထည့်ရပါတယ်။ သူက ကြက်ဥတို့ ..သပျစ်သီးချောက်တို့ ချက်နို့ဆီ တို့နဲ့လုပ်တာပါ ...။ အဆင့်မြင့်ရေခဲချောင်းပေါ့ ...။ လူကုံထံတွေလောက်ပဲ လာဝယ်စားပါတယ် ..။ ဈေးကလည်း ကွာတာကိုး ..။ အပေါ်မှာ ပြောခဲ့တဲ့ရေခဲချောင်းကတော့ ... ကျေးလက်နေ တောသူတောင်သားတွေနဲ့.. လက်လုပ်လက်စား ပျံကျသမားတွေအတွက် ရည်ရွယ်သ လားတောင် ထင်ရပါတယ်။ 

ဒါပေမယ့် ကျနော်ရေခဲချောင်းလုပ်ခဲ့ဖူးပါတယ်။ နောင်နှစ်တွေတော့ ကျနော်သွားမလုပ်တော့ပါဘူး။ ရေခဲချောင်းလုပ်တဲ့သူတွေကို ကြည့် လိုက်ရင် သူတို့ပတ်ဝန်းကျင်က အမြဲထိုင်းမှိုင်းပြီး ..အေးစက်နေပါတယ် ...။ ဓာတုဗေဒဆေးကို တခုမဟုတ် တခု အမြဲကိုင်တွယ်နေရ တတ်ပါတယ် ...။ 


နောင်များမှာ ကျနော် တော်ရုံနဲ့ ရေခဲချောင်း မစားဖြစ်တော့ပါဘူး ...။ 

Friday, August 16, 2013

Letter to MoeMaKa,

ပြည်မြို့က ဥပဒေ
မိုးမခပေးစာ
သြဂုတ် ၁၇၊ ၂၀၁၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရာဇာဝတ်တရားသူကြီး ဒေါ်သိရီတင်                                                                                          
တရားရုံးတင်…..၂၀-၅-၂၀၁၃ခုနှစ်၊ ပြစ်မှုကြီးအမှုအမှတ် ၂၄၉၃/၂၀၁၃    တရားလို - ရဲအုပ်စိုးမင်းတရားခံ - ဇော်ထွန်း ပါ (၆) ဦး
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ… ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ (၁၈) အရ စွဲဆိုမှု                                                                                                                                 

ဇော်ထွန်း၏ အပြီးသတ်လျှောက်လဲချက်တင်သွင်းခြင်း အောက်ပါအတိုင်းလျှောက်ထားအပ်ပါသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၉)၊(၂၀)အရ လူသားအားလုံးနှင့်သတ်ဆိုင်သော လူ့ဂုဏ်သိက္ခာ မွေးရာပါလူ့အခွင့်အရေးတစ်ရပ်ဖြစ်သလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၅၄)အရ နိုင်ငံသားများ၏မှုလအခွင့်အရေးအဖြစ်ပြဌာန်းထားသော ဥပဒေတစ်ရပ်လည်းဖြစ်ပါသည်။ ထိုအခွင့်အရေးနှင့်ဥပဒေကိုလေးစားရမည်တာဝန်မှာအစိုးရတိုင်း၏တာဝန်ဖြစ်ပါသည်။               
                                                                                                           
တရားလိုနှင့်လိုပြသက်သေများ၏စွပ်စွဲချက်များသည် အခိုင်အမာသက်သေမထူနိုင်သည်ကို တွေ့ရှိရပါသည်။ ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေပုဒ်မ(၁၈)ဖြင့် တရားစွဲထားသည်ဆိုပေမဲ့ ထိုဥပဒေ၏ပုဒ်မတိုင်းကို စေ့စေ့စပ်စပ်စီစီစစ်စစ် ဆောင်ရွက်ပြီးမှ တရားစွဲဆိုသည်မဟုတ်ကြောင်းတွေ့ရှိရသည်။ ဆန္ဒဖော်ထုတ်သူပြည်များအနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါ သည်။ တရားလိုနှင့် လိုပြသက်သေများသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ 

ကျွန်တော်တို့နိုင်ငံသည် ကလေးသူငယ်များဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားထားများ အားလုံး လုံးဝပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းများ၏ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန် ရှိသော နိုင်ငံဖြစ်ပါသည်။ (၁၉၉၃)ခုနှစ်ကလေးသူငယ်ဥပဒေ ရည်ရွယ်ချက်များ ပုဒ်မ(၃)ပုဒ်မခွဲ(က)တွင် ကလေးသူငယ်အခွင့်အရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပုဒ်မခွဲ(ဂ)တွင် ကလေးသူငယ်အခွင့်အရးများကို ဥပဒေနှင့်အညီအပြည့်အ၀ခံစားနိုင်ရေး အတွက် ကာကွယ်စောင့်ရှောက်ရန်ပြဌာန်းထားပါသည်။ ကလေးသူငယ်အခွင့်အရေးအပိုဒ်(၁၆)မှာ လုံလောက်သောနေအိမ်၊ လုံလောက် သောလျှပ်စစ်မီးများကို အစိုးရကအာမခံဆောင်ရွက်ပေးရန်နှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံးလုံးဝပပျောက်ရေး သဘောတူစာချုပ်အပိုဒ်(၁၄)အပိုဒ်ခွဲ(၂)(ဇ)မှာ လုံလောက်သောနေအိမ်၊ လုံလောက်သောလျှပ်စစ်မီးများကို အာမခံဆောင်ရွက်ပေးရမည် ဟုပြဌာန်းထားသည်။ ထိုသို့သောဥပဒေနှင့်အညီ အခွင့်အရေးများကိုဆောင်ရွက်ပေးပါက လျှပ်စစ်မီးရရှိမှုအတွက် ဆန္ဒဖော်ထုတ်ရန် စာတင်မည်မဟုတ်ပါ။ လျှပ်စစ်မီးဆိုးဝါးစွာပျက်နေသောကြောင့် အခြေခံလိုအပ်ချက်၊ လူ့ဂုဏ်သိက္ခာနှင့်အညီနေထိုင်ရန်အတွက် ဆန္ဒဖော်ထုတ်ခြင်းသည်ပြစ်မှုကျူးလွန်ခြင်းမဟုတ်ကြောင်းထိုဥပဒေနှင့်အခွင့်အရေးများကဖော်ပြထားပါသည်။                   
                                                              
ဆန္ဒဖော်ထုတ်ရန်အတွက် ခွင့်ပြုမိတ်ရရှိရန် မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ (၅-၄-၂၀၁၂)ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဥပဒေ အခန်း(၃) ပုဒ်မ(၄)ခွင့်ပြုမိန့်လျှောက်ထားခြင်းနှင့်အညီ လျှောက်ထားခဲ့ပါသည်။ (သက်သေခံ အထောက် အထားအဖြစ် ခွင့်ပြုမိန့်လျှောက်ထားသည့်စာကို ရုံးတော်သို့တင်ပြထားပါသည်)။ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး၊ စာအမှတ်(၁၀၀၇)(ဈ)/၁၀၄/ဦး ၁၊ ရက်စွဲ ၂၀၁၂ခုနှစ်၊ ဧပြီလ ၆ရက်နေ့ နေ့စွဲပါ တရားဝင်ငြင်းပယ်သည့်စာဖြင့် လျှောက်ထားသူထံသို့ပေးပို့၍ ငြင်းပယ်ခဲ့ပါသည်။ (သက်သေခံအထောက်အထားအဖြစ် တရားဝင် ငြင်းပယ်သည့်စာကို ရုံးတော်သို့တင်ပြထားပါသည်)။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ(၅)တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားကို မဆန့်ကျင်သောကြောင့် ခွင့်ပြုမိတ်ကိုချပေးရမည်ဖြစ်ပါသည်။ ဆန္ဒဖော်ထုတ်သူများသည် လူ့ဂုဏ်သိက္ခာနှင့် အညီနေထိုင်နိုင်ရန် အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးရရှိရန်အတွက် ခွင့်ပြုမိတ်လျှောက်ထားခြင်းဖြစ်ပါသည်။ အစိုရ၏အာဏာကို လုယူရန်၊ အစိုးရကို ဖြုတ်ချရန်အတွက် ဆန္ဒပြရန်မဟုတ်ပါ၊ ပြည်သူ့တို့၏အခြေခံလိုအပ်ချက်ဆန္ဒအရ လျှပ်စစ်မီးရရှိရန်သာဖြစ်ပါသည်။ 

ဒီမိုကရေးစီ အစိုးရဖြစ်သောကြောင့် ပြည်သူ့လူထူ၏အခြေခံလိုအပ်ချက်ဆန္ဒကိုသာ လေးစားရမည်ဖြစ်သည်။ ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏အခြေခံဖြစ်ရမည်ဟု လူ့အခွင့်အရေးအပိုဒ်(၂၁)အပိုဒ်ခွဲ(၃)တွင်ဆင့်ဆိုထားပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းကို အစိုးရတိုင်းသည် လေးစားခြင်း၊ ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းနှင့် ဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ ၏အမြင့်ဆုံးဥပဒေဖြစ်ပါသည်။ လူ့အခွင့်အရေးအပိုဒ်(၁၉)(၂၀)နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၅၄)ကို အခြေမခံသောဆုံးဖြတ်ချက်ကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ(၅)ကိုချိုးဖောက်ခြင်းသာဖြစ်ပါသည်။ 

 လျှောက်ထားသူများသည် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ငြင်းပယ်ခြင်းခံသည့်တရားဝင်စာရပြီးသည့်နောက် ခွင့်ပြုမိန့်ရရှိရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ(၉)ပုဒ်မခွဲ(က)အရ အယူခံစာကို ငြင်းပယ်ကြောင်းအကြောင်းပြန်သည့်စာကို လက်ခံရရှိသည့်နေမှ ခုနှစ်ရက်အတွင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံ ဥပဒေနှင့်အညီ(၉-၄-၂၀၁၂)နေ့ရက်တွင် အယူခံစာကိုတင်ခဲ့ပါသည်။ (သက်သေခံအထောက်အထားအဖြစ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံ အယူခံဝင်သည့်စာကို ရုံးတော်သို့တင်ပြထားပါသည်)။ သက်ဆိုင်ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးသည်ပုဒ်မခွဲ(က)အရ အယူခံခြင်းနှင့်စပ်လျဉ်း၍ ယင်းအယူခံလွှာကိုရရှိသည့်နေ့မှ(၁၄)ရက်အတွင်း သက်ဆိုင် ရာတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် အဆုံးဖြတ်ပေးရမည်ဖြစ်ပါသည်။ ပုဒ်မခွဲ(ဂ)အရ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကချမှတ်သော အဆုံးအဖြတ်သည်သာအပြီးပြတ်စေရမည်ဟု ပြည်ထောင်စုလွှတ်တော်ကပြဌာန်းထားပါသည်။ သို့သော် သက်ဆိုင်ရာတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဆုံးဖြတ်ချက်မပေးခြင်းနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကချမှတ်သောအဆုံးအဖြတ် မပြီပြတ်ခြင်းတို့သည် ပြည်သူလူထုနှင့် ပြည်ထောင်စုလွှတ်တော်က ပြဌာန်း ထားသည့် ဥပဒေကိုမလေးစားသည့် အပြုအမှုတွေကြောင့်သာဖြစ်ပါသည်။ လျှောက်ထားသူထံသို့ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို ဥပဒေနှင့်အညီတရားဝင်အကြောင်းပြန်စာမပေးခြင်းသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို သက်ဆိုင်ရာအာဏာပိုင်များကချိုးဖောက်ခြင်းဖြစ်၍ခွင့်ပြုမိန့်ချမပေးခြင်းသာဖြစ်ပါသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့်အတည်ပြုပြဌာန်းလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မ(၃၅၄)နှင့် နိုင်ငံတာကာအစိုးရတိုင်း လေးစားလိုက်နာရသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအပိုဒ်(၁၉)(၂၀)တို့နှင့်အညီ (၂၃-၅-၂၀၁၂)ရက်နေ့တွင် ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်ခဲ့ပါသည်။ ခရိုင်ရဲတပ်ဖွဲ့မှူးဦးသောင်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးမြင့်ဦးနှင့် ဒုရဲအုပ်ဦး ဇော်မင်းနိုင်တို့သည် ဘုရားကြီးဘုရားအနီးတွင် ဆန္ဒဖော်ထုတ်သူများကို အကြမ်းဖက်ဖြိုခွင်းရန်း ရဲ(၁၀၀)ကျော်ကို ဒိုင်းများကိုဒုတ်ဖြင့် ရိုက်ကာ ခြောက်လှန့်တားဆီးခဲ့ပါသည်။ (သက်သေခံအထောက်အထားအဖြစ် မှတ်တမ်းဓါတ်ပုံကို ရုံးတော်သို့တင်ပြထားပါသည်)။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့်အတည်ပြုပြဌာန်းလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မ(၃၅၄)နှင့် နိုင်ငံတာကာအစိုးရတိုင်း လေးစား လိုက်နာရသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအပိုဒ်(၁၉)(၂၀)အညီ တိုင်းလျှပ်စစ်ရုံးအထိ ဆက်လက်ဆန္ဒဖော်ထုတ်ရန်ပြောခဲ့ပြီး တိုင်းလျှပ်စစ်ရုံးထိ ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ပါသည်။ ထိုနောက် မြို့နယ်လျှပ်စစ်ရုံးအထိပြန်လည်ရောက်ရှိပြီး နေ့လည်(၁၂)နာရီတွင် လူစုခွဲခဲ့သည်။သက်ဆိုင်ရာအာဏာပိုင်များကငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုမှု ကိုဆောင်ရွက်လိုပါက (၂၃-၅-၂၀၁၂)ရက်နေ့တွင် တရားစွဲဆိုနိုင်သည်။ သက်ဆိုင်ရာအာဏာပိုင်များထံတွင် တရားဝင်ဥပဒေနှင့်အညီ ငြင်းပယ်သည့်စာမရှိသောကြောင့် တရားစွဲဆိုနိုင်ခြင်း မရှိခြင်းဖြစ်ပါသည်။ တရားစွဲဆိုပါကငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့်အညီမဆောင်ရွက်ခြင်းနှင့် ထိုဥပဒေကိုချိုးဖောက်ခြင်းသာဖြစ်ပါမည်။ ပြည်ထောင်စုလွှတ်တော်ကို မလေး စားခြင်းသာဖြစ်ပါမည်။

(၂၄-၅-၂၀၁၂)ရက်နေ့တွင် မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန်လူစုချိန်တွင် တရားဝင်ငြင်းပယ်သည့်စာဖြင့် တားဆီး ခြင်းမရှိခဲ့ပါ။ အကြမ်းဖက်ရန် ရဲတပ်ဖွဲ့အင်အားပြခြင်းသာ ဆောင်ရွက်ခဲ့ပါသည်။ လမ်းရှည်လမ်းနှင့် လက်သမားလမ်းဒေါင့်အရောက်တွင် ဆန္ဒဖော်ထုတ်သူများအား တရားဝင်ငြင်းပယ်သည့်စာဖြင့် လူစုခွဲရန်ဆောင်ရွက်ခြင်းမရှိပဲ ခရိုင်ရဲတပ်ဖွဲ့မှူးဦးသောင်းဝင်းကိုယ်တိုင် အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးရန်သာကြိုပမ်းခဲ့ပါသည်။ ထွန်းသီရိရုံရုပ်ရှင်ရုံဒေါင့်နှင့် ဗဟိုမီးသတ်ဒေါင့်အရောက်တွင် အကြမ်းဖက် ဖြိုခွင်းရန်အသင့်ပြင်စဉ်ထားသောရဲတပ်ဖွဲ့အင်အား(၁၀၀)ကျော်နှင့် အချုပ်ကားကို ဗဟိုမီးသတ်ရှေ့တွင်ရပ်ထားသည်ကိုတွေ့ရှိရပါသည်။ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် တရားဝင်ငြင်းပယ်သည့်စာမရှိသောကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြ ဌာန်းလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ပုဒ်မ(၃၅၄)ဖြင့်လည်းကောင်း၊ ပြဌာန်းထားသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီးမဆန့်ကျင်ကြောင်း၊ ဥပဒေနှင်အညီ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး အသီးသီးတို့ထံစာတင်ခဲ့ကြောင်း၊ နိုင်ငံတာကာအစိုးရတိုင်းလေးစားလိုက်နာရသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အပိုဒ်(၁၉)(၂၀)တွင် ပြည်သူ့လုံခြုံရေး၊ ပြည်သူ့လုပ်ငန်း၊ ပြည်သူ့စီမံကိန်း၊ ပြည်သူ့ကျန်းမာရေး၊ တပါးသူ၏အခွင့်အရေး၊ တပါးသူ၏ကျင့်ဝတ်တို့ကို မထိခိုက်မနစ်နာပါက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခွင့်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးစာချုပ်ကိုလက်မှတ်ထိုးပြီး ကလေးသူငယ်ဥပဒေပြဌာန်းထားကြောင်း ကလေးသူငယ်အခွင့်အရေးအပိုဒ် (၁၆) တွင်လုံလောက်သော လျှပ်စစ်မီးကိုအစိုးရကအာမခံဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်းနှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားထားမှု အားလုံးလုံးဝပပျောက်ရေးသဘောတူစာချုပ်ကိုလက်မှတ်ထိုးထားပြီး အမျိုးသမီးအခွင့်အရေးအပိုဒ်(၁၄)အပိုဒ်ခွဲ(၂)(ဇ)တွင် လုံလောက် သောလျှပ်စစ်မီးကို အစိုးရကအာမခံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အစိုးရက လုံလောက်သောလျှပ်စစ်မီးမပေးသောကြောင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းသာဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ် ဖြစ်ကြောင်းပြောဆိုပြီး ဗိုလ်ချုပ်ကျောက်ရုပ်အထိ ဆက်လက်ဆန္ဒဖော်ထုတ်ရန်ပြောခဲ့ခြင်းကြောင့် သက်ဆိုင်ရာကခွင့်ပြုပြီး ဆက်လက် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။(သက်သေခံအထောက်အထားအဖြစ် ဗိုလ်ဟိုမီးသတ်ဒေါင့်နေရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့် စကားပြောနေသည့် မှတ်တမ်းဓါတ်ပုံကို ရုံးတော်သို့တင်ပြထားပါသည်)။ ဗဟိုမီးသတ်ရှေ့ကျော်ကျော်ရောက်သို့ ရောက်ရှိသောအခါ ဗဟိုမီးသတ်ဒေါင့်တွင် ဆိုက္ကားပေါ်တွင်ကျန်ခဲ့သော ကိုကျော်ဆွေကို ရဲများက ဒုတ်ဖြင့် အကြမ်းဖက်ဝိုင်းရိုက်နှက် ဖမ်းဆီးသွားသောကြောင့် ကျွန်တော်ထိုနေရာသို့သွားရောက်ခဲ့ပါသည်။ ဖိုးဖြူ(ခ)အောင်မိုးကျော်ကို ဒုရဲအုပ်ဦးဇော်မင်းနိုင်နှင့် ရဲများက လက်သီးဖြင့်ထိုး၊ ခြေထောင်ဖြင့်ကန်၊ လက်ထိတ်ခတ်။ အကြမ်းဖက်ဖမ်းဆီးသွားပြီး အချုပ်ကားထဲသို့ထည့်ခဲ့ပါသည်။ (သက်သေခံ အထောက်အထားအဖြစ် ကိုကျော်ဆွေနှင့် ဖိုးဖြူ(ခ)အောင်မိုးကျော် အကြမ်းဖက်ဖမ်းဆီးသည့် မှတ်တမ်းဓါတ်ပုံကို ရုံးတော်သို့တင်ပြ ထားပါသည်)။ လူ့အခွင့်အရေး အပိုဒ် (၅) မည်သူ့ကိုမျှ ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှု မပြုရသည့်ကို ချိုးဖောက်ခြင်းဖြစ်နှင့် လူ့အခွင့်အရေးအပိုဒ် (၉) မည်သူ့ကိုမျှ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းမပြုရသည့်ကို သက်ဆိုင်ရာ အာဏာပိုင် များက ချိုးဖောက်ခြင်းသာဖြစ် ပါသည်။ တရားရုံး၏ဖမ်းဝရမ်းမပါပဲ ကျွန်တော်၊ ကိုဝင်းလှိုင၊် ကိုကျော်ဆွေ၊ ကိုအောင်မိုးကျော်(ခ)ကိုဖိုးဖြူ၊ ကိုသန်းဌေး အောင်၊ နှင့် မယမင်းလတ်(ခ) မဂျွန် အပါအ၀င် စုစုပေါင်း (၆) ယောက်ကိုအကျဉ်းထောင်ထဲသို့ထည့်ခဲ့ပါသည်။ ထောင်ထဲသို့ ရောက်သောအခါ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ အခန်း(၄) ပုဒ်မ(၉)ပုဒ်မခွဲ(ခ)ပုဒ်မခွဲ(ဂ)ကို ဥပဒေနှင့်အညီမဆောင်ရွက်ပဲ ဥပဒေ၏အထက်တွင် ရောက်ရှိကာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ(၁၈)ဖြင့်တရားစွဲဆိုခဲ့ပါသည်။ ကျွန်တော်တို့ဆန္ဒဖော်ထုတ်သူများကို အကျဉ်းထောင်မှလွတ်မြောက်ရန် လူ(၁၀၀၀) ကျော်က တောင်းဆို နေပါ သည်။ အကျဉ်းထောင်ရှေ့ရှိလူထုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကို ဆန္ဒဖော်ထုတ်သူများကို အမြန်ဆုံးလွှတ်ပေးရန် ပြောကြားသည်ကို ပြန်လည်ဖြေကြားခဲ့ပါသည်။ အကျည်းထောင်ထဲတွင် (၄)နာရီကျော်နေပြီ လွှတ်တော် ကိုယ်စားလှယ်(၅)ဦး၏ အာမခံဖြင့်လွှတ်ပေးခဲ့ပါသည်။ အကျည်းထောင်ရှေ့တွင် လူထူက၀မ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုနေကြပါသည်။ (သက်သေခံ အထောက်အထားအဖြစ် ပြည်သူ့လူထုသည် တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် အမှန်တရားတို့ကိုလိုလားသောကြောင့် ဆန္ဒဖော်ထုတ်သူ့များကိုလွှတ်ပေးရန်တောင်းဆိုနေသည့်မှတ်တမ်းဓါတ်ပုံကို ရုံးတော်သို့တင်ပြထား ပါသည်)။ ပြည်သူ့တို့၏အခြေခံလိုအပ်ချက်ဆန္ဒကိုအစိုးရတိုင်းလေးစားရမည်ဖြစ်ပါသည်။

ခရိုင်ရဲမှူးဦးသောင်းဝင်းသည် တရားရုံးတွင်လာရောက်ထွက်ဆိုခြင်း မပြုသည်လည်းတရားလိုဘက်မှ တာဝန်လစ်ဟင်း လျှက်ရှိ ပါသည်။ သူကိုယ်တိုင်လည်းအကြမ်းဖက်ဖမ်းဆီးရန်အမိန့်ပေးစေခိုင်းသူဖြစ်ပါသည်။ ဥပဒေထိန်းသိမ်းရေးဝန်းထမ်းဖြစ်သော ရဲတပ်ဖွဲ့ သည် အမှုတစ်ခုကိုတရားရုံးတော်သို့အမှုတင်ရာတွင် စေ့စေ့စပ်စပ် ထဲထဲဝင်ဝင်စုံစမ်းစစ်ဆေးပြီှး ထိုအမှု၏အခွင့်အရေးနှင့်၊ဥပဒေများကို ကျွမ်းကျင်မှ တရားရုံးတော်ကိုတင်ရခြင်းဖြစ်ပါသည်။ ကလေးသူငယ်ဥပဒေ၊ လူ့အခွင့်အရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုမေးသော အခါ  “မသိဘူး၊သတိမထားမိဘူး” ဟုသာ ဖြေကြားခဲ့သည်။ မသိခြင်း၊သတိမထားမိခြင်းသည် တာဝန်လစ်ဟင်းလျက်ရှိကြောင်း ထင်းရှား စွာတွေ့ရှိရပါသည်။ အကျဉ်းထောင်ရှေ့တွင် အကြမ်းဖက်ဖမ်းဆီးထောင်ထဲထည့်ခံရသောဆန္ဒဖော်ထုတ်သူများလွတ်မြောက်ရန် ပြည်သူ လူထူ(၁၀၀၀)ကျော်က လွှတ်ပေးရန်အော်ဟစ်တောင်းဆိုသည်ကိုလည်း  တရားလိုနှင့်လိုပြသက်သေများက ပြည်သူလူထူတစ်ထောင် ကျော်မဟုတ်ပါ။ (၅၀)ယောက်သာဖြစ်သည်ဟု ပြောဆိုခြင်းသည် လိမ်လည်ခြင်းဖြစ်နေသည်မှာ ထင်ရှားစေသည်။(သက်သေခံ မှတ်တမ်းဓါတ်ပုံတင်ပြထားပါသည်)။ အမှုတစ်ခုလုံးကို လိမ်လည်ခြင်းမှာ ပေါ်လွင်ထင်ရှားနေသောကြောင့် တရားစွဲဆိုခြင်းသည်  မှားယွင်းနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၄၇) ဥပဒေအကာအကွယ်ကိုတန်းတူညီမျှစွာရယူနိုင်ခွင့်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းအပိုဒ်(၃၀) ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီကြောင်းရည်ရွယ်၍ နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက် ပါဝင်ဆောင်ရွက်ရန်အခွင့်ရှိသူဟုလည်းကောင်း ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုလည်းကောင်းအဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်းမရှိစေရဟု ဆင့်ဆိုထားပါသည်။                  

မွေးရာပါအခြေခံလူ့အခွင့်အရေး၊  လူ့ဂုဏ်သိက္ခာနှင့်နေထိုင်နိုင်ရန်အတွက် ဆန္ဒဖော်ထုတ်ခြင်းသည်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ပါ။ တရားလိုနှင့်လိုပြ သက်သေ များ၏ စွပ်စွဲချက်မှာ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု လွှတ်တော်ကပြဌာန်းထားသော ငြိမ်းချမ်းစွာစုဝေးစီးတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ အခန်း(၄)ပုဒ်မ(၉)ပုဒ်မခွဲ(ခ)(ဂ)တို့ကို မလေးစားခြင်း၊ ဥပဒေနှင့်အညီမဆောင်ရွက်ခြင်း ဥပဒေမဲ့အကြမ်းဖက်ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းမပါပဲ အကျဉ်းထောင် ထဲသို့ထည့်ခြင်း၊  ပုဒ်မ(၁၈)ဖြင့်တရားစွဲဆိုရန် လုပ်ဆောင်ခြင်းတို့သည် မှားယွင်းနေခြင်း၊ အခိုင်အမာသက်သေမထူ နိုင်ခြင်း၊ တရားစွဲဆိုရန်အထောက်အထားကွင်းဆက်ပြတ်နေခြင်း တို့ကိုထင်းရှားစွာတွေ့မြင့် နေရပါသည်။ ထိုသို့ထင်းရှားစွာ ပေါ်လွင်နေသောကြောင့် ကျွန်တော်တို့ကို အမှုမှ အပြီးသတ်တရား  တရားသေလွှတ်သင့်ကြောင်းလျှောက်လဲချက်တင်သွင်းအပ်ပါသည်။

လေးစားစွာဖြင့်
ဇော်ထွန်း(ခ)သန့်ဇော်ထွန်း
မှတ်ပုံတင်အမှတ်-၇/ပမန(နိုင်)၀၀၂၇၀၄                                                                                                                                                                                          
ကျောင်းသစ်လမ်း၊ရွှေလက်လှရပ်ကွက်၊
နေ၀င်းနယ်မြေ၊ ပြည်မြို့။
                                                                                                       

ရက်စွဲ။     ။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ၊ (၁၆)ရက်   


--
Send email to - edi...@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages