MoeMaKa Daily 24th 2021

28 views
Skip to first unread message

MoeMaKa Media

unread,
May 25, 2021, 3:08:10 AM5/25/21
to MoeMaKa, burm...@googlegroups.com




MoeMaKa 2021


(မေ ၂၄) ရက်တွင်ကျရောက်သည့် ကဗျာဆရာကေဇဝင်း မွေးနေ့အမှတ်တရကဗျာ (မြန်မာ+ အင်္ဂလိပ်)

Posted: 24 May 2021 10:05 PM PDT

Art - Than Htay Maung

ခေါင်းခွံများ အကြောင်း

တော်လှန်ရေးက
လေ ရေ မြေ အာဟာရ ညီမှ ပွင့်တဲ့ ပန်းပဲ
#The broken skulls in Spring
The Revolution is 
The very flower that blooms in line with naturalness
တော်လှန်ရေးမပွင့်ခင်
လမ်းမပေါ် ပွင့်ထွက်သွားနဲ့ ခေါင်းခွံက
စကားတခွန်း ပြောသွားသေးလား
Afore of Revolution,
The broken skull on the road,
Did it speak a word?
မိစ္ဆာတွေနဲ့ တေ့တေ့ရင်ဆိုင်နေရချိန်မှာ
သဘောထားကြေငြာချက်တွေဟာ အရေးပါသေးလား
While confronting with brutal evildoers,
Are manifestos eventful?
ဓားရဲ့ တရားဆိုတာ
ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်
The truth of a sword is
Not merely brandishing – take stepping and cleaving
တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်
မတွေဝေနဲ့တော့
The genuine revolution 
Needs not thoughtfulness but being blooded bold
Be not bewildering! 
တော်လှန်ရေးရဲ့ စနက်တံဟာ
ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။
ကေဇဝင်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁
-
Blasting cap of Revolution is
Either you or I
K Za Win (February 23, 2021)
Translated by Naing Swann (May 24, 2021 12:14 PM)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



ဦးနွေ - ငါတို့လူငယ် ဘဝ၊ သူတို့လူငယ် ဘဝ

Posted: 24 May 2021 10:19 PM PDT

Art - Than Htay Maung

ငါတို့လူငယ် ဘဝ၊ သူတို့လူငယ် ဘဝ
ဦးနွေ
(မိုးမခ) မေ ၂၅၊ ၂၀၂၁

(၁)

ငါတို့ လူငယ်ဘဝသည် စစ်အုပ်ချုပ်မှုအောက်မှာ ဖြစ်သည်။ ပြောရမည်ဆိုလျှင် စစ်အုပ်ချုပ်မှု အောက်မှာ ပြားပြားဝပ် ဖြစ်သွားပြီ ဖြစ်သည်။ နေသားတကျ ဖြစ်သွားပြီ ဖြစ်သည်။ ငါတို့လူ ငယ်ဘဝသည် ကဖေးဆိုင်ထဲမှာ ဖက်ကြမ်းတစ်ပွဲ၊ ရေနွေးတစ်အိုးနှင့် ကျဆိမ့် တစ်ခွက်ကိုသောက်ကာ လမ်းမပေါ်ကို ငေးမောနေရသည်။ ကြည့်စရာဆို၍ မြဝတီ၊ မြန်မာ့အသံကလာသည့် ဇာတ်ကားများရှိသည်။ တိတ်ခွေစက်များ၊ ထိုမှတဆင့် ဒီဗွီဒီစက်များက ပြသည့် ဇာတ်ကားများရှိသည်။ ငါတို့နိုင်ငံ ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကို သိရှိနိုင်ရန် စစ်အစိုးရကထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာ ရှိသည်။ ထိုသတင်းစာနှစ်စောင်တွင် ယူနီ ဖောင်းဝတ်များသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ လို အပ်သည်များကို မှာကြားကြသည်။ စသဖြင့် ဘာဘာညာညာပြောသည်များ ပါရှိသည်။ ရေအား လျှပ်စစ်စီမံကိန်းများ၊ လမ်းများ၊ တံတားများ စသဖြင့် နိုင်ငံတွင် ပြုလုပ်နေသည့် စီမံကိန်းများ ပါရှိသည်။ သို့သော် ငါတို့မြို့ကလေးရှိ လမ်းများသည် ကတ္တရာလမ်း အစုတ်များနှင့် မညီမညာ ဂဝံလမ်းများသာ ရှိသေးသည်။ မီတာရှိသည့် အိမ်ဆို၍ လမ်းတစ်လမ်းမှာ အနည်းငယ်သာရှိသေးသည်။ ညဘက်ရောက်လျှင် လမ်းများသည် လမ်းမီးတိုင်များမရှိသောကြောင့် မှောင်မဲ၍နေသည်။ ထိုသို့ဖြစ်နေသည်ကို ငါတို့လူငယ်များ သည် ကျယ်ကျယ်လောင်လောင် ပြောဆို၍မရခဲ့ပေ။ ငါတို့ ငြိမ်ကုပ်စွာနေခဲ့ရသည်။

(၂)

ငါတို့လူငယ်ဘဝက ကဖေးဆိုင်များသည် ငါတို့ ၏ ဒုတိယအိမ်များ ဖြစ်ကြသည်။ ငါတို့သည် နံ နက်မိုးလင်းပြီဆိုသည်နှင့် ကဖေးဆိုင်များမှာ ဆုံတွေ့ကြသည်။ ငါတို့ ကျားရွှေ့ကြသည်။ သီချင်းနားထောင်ကြသည်။ လမ်းသွားလမ်းလာများကို ငေးမောရင်း ဖက်ကြမ်းဆေးလိပ်များကို တစ်ဖွာပြီးတစ်ဖွာ ရှိုက်ခဲ့ကြသည်။ ငါတို့မကျေပ်နပ် သည်များကို ပေါက်ကွဲကြသည်။ သို့သော် ငါတို့ ၏ ပေါက်ကွဲသံများသည် ငါတို့အနီးနားတွင်သာ ပျောက်ဆုံး၍သွားကြသည်။ ငါတို့လူငယ်ဘဝသည် ဖုန်းဆက်ချင်လျှင် ကြိုးဖုန်းများကို အား ကိုးခဲ့ကြရသည်။ ထို့ကြောင့် အဝေးက ဘော်ဒါများကို ဖုန်းဆက်ချင်လျှင် သူတို့အိမ်များ၏ အနီးမှာရှိသည့် ကြိုးဖုန်းရှိသည့်အိမ်ကို ဖုန်းဆက်ပြီး ခေါ်ခိုင်းကြရသည်။ ငါတို့လူငယ်ဘဝက ဟန်းဖုန်းများသည် အခွင့်ထူးခံ လူတန်းစားများနှင့် ပိုက်ဆံချမ်းသာသည့် လူတန်းစားများအတွက်သာ ဖြစ်သည်။ ငါတို့လူငယ်ဘဝက အင်တာနက်များ၊ facebook များကို ငါတို့ မသိခဲ့ကြပေ။ ငါတို့ သည် စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် အ ငမ်းမရ ဖတ်ရှုခဲ့ကြသည်။ ဘိုဘို၊ တွတ်ပီ စသည့် ကာတွန်းစာအုပ်များ၊ သိုင်းဝတ္ထုစာအုပ်များ၊ မင်းမြတ်သူရ၊ မင်းသိင်္ခ ဝတ္ထုစာအုပ်များကို ဖတ်ရှုခဲ့ ကြသည်။ ထိုစာအုပ်များကို စာအုပ်အငှါးဆိုင် လေးများမှ ငှါးရမ်းဖတ်ရှုခဲ့ကြခြင်း ဖြစ်သည်။

(၃)

ငါတို့လူငယ်ဘဝက ၂၀၀၇ ရွှေဝါရောင်တော်လှန် ရေးဖြစ်ပွါးခဲ့သည်။ သံဃာတော်များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြသည်။ စစ်အာဏာရှင် များသည် အကြမ်းဖက်ဖြိုခွဲခဲ့ကြသည်။ ထိုအ ချိန်တုန်းက ငါတို့လူငယ်များသည် ကဖေးဆိုင်ထဲမှာဖြစ်သည်။ ထိုသို့ဖြစ်နေသည်ကို ဟိုလူပြော ဒီလူပြောနှင့် ငါတို့သိခဲ့ကြသည်။ ငါတို့သည် လမ်းထိပ်သို့ပင် ထွက်ပြီး မကြည့်ခဲ့ကြရပေ။ ငါတို့လူ ငယ်ဘဝက ရေဒီယိုများကိုလည်း နားထောင်ခဲ့ကြရသည်။ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေ ကြရသည့် ငါတို့နိုင်ငံက နိုင်ငံရေးသမားများ၏ အသံများကို ကြားခဲ့ကြရသည်။ စစ်အာဏာရှင် များ၏ ရက်စက်ကြမ်းကြုပ်မှုများကို သိခဲ့ကြရ သည်။ ငါတို့လူငယ်ဘဝက စစ်အာဏာရှင်များကို တော်လှန်နေကြသည့် ငါတို့ရှေ့က မျိုးဆက်များ သည် အဖမ်းအဆီး အထိန်းအသိမ်းခံထားရပြီ ဖြစ်သည်။ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်သည်။ တောခိုနေကြရပြီ ဖြစ်သည်။ ငါတို့ လူငယ်ဘဝက စစ်အာဏာရှင်များသည် အခြား နိုင်ငံများနှင့် ယှဉ်လျှင် အလွန်အင်မတန်မှ ခေတ်နောက်ကျအောင် ငါတို့ကို ပြုလုပ်ထားသော ကြောင့် ပြန်လည်တွန်းလှန်ချင်သော်လည်း ငါတို့လူငယ်များသည် အားမတန်၍ မာန်လျှော့ထားကြရသည်။ ထို့အတူပင် ငါတို့ မိဘများသည်လည်း စစ်အာဏာရှင်၏ မကောင်းကြောင်းများကို ကျယ်လောင်စွာ မပြောရဲကြပေ။

(၄)

ငါတို့လူငယ်ဘဝက နာဂစ်မုန်းတိုင်းနှင့်လည်း ကြုံ ခဲ့ရသည်။ ထိုမုန်တိုင်းကြောင့် ငါတို့ နိုင်ငံသားများ အတုံးအရုံးသေကြေပျက်စီးခဲ့ကြသည်။ ဝမ်းနည်းပူဆွေးခဲ့ကြသည်။ ထိုသို့ဖြစ်နေချိန်တွင် စစ်အာဏာရှင်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သူတို့စိတ်ကြိုက် ရေးဆွဲခဲ့ကြသည်။ ထိုဥပဒေဖြင့် အုပ်ချုပ်မှုအောက်တွင် ငါတို့လူငယ်ဘဝများ ကုန်ဆုံးခဲ့ကြသည်။ ငါတို့သည် Generation Y များ ဖြစ်သည်။

(၅)

သူတို့ လူငယ်ဘဝသည် အင်တာနက်ကဖေးဆိုင် ထဲမှာဖြစ်သည်။ ကမ္ဘာကြီးကို သူတို့ငုံ့ကြည့်နေကြသည်။ သူတို့ အင်တာနက်ဂိမ်းများဖြင့် စစ် တိုက်နေကြသည်။ သူတို့ လမ်းလျှောက်လျှင် ခေါင်းငုံ့ပြီး လမ်းလျှောက်ကြသည်။ သူတို့သည် နားကြပ်တပ်ပြီးလမ်းလျှောက်ကြသည်။ သူတို့လူငယ်ဘဝသည် အီးလ်ဘုတ်စာအုပ်များကို အများအားဖြင့်ဖတ်ရှုကြသည်။ သူတို့သည် facebook စာမျက်နှာ များပေါ်တွင် သူတို့ မကျေ နပ်ချက်များကို ကျယ်ကျယ်လောင်လောင်ပေါက် ကွဲကြသည်။ အင်စတာဂရမ်၊ တွစ်တာ များလည်း သုံးကြသည်။ ငါတို့လူငယ်များ အလုပ်အား၍ facebook ပေါ်တက်လာသည့် အခါတိုင်း သူတို့ ၏ facebook အကောင့်များသည် အမြဲစိမ်း ၍ နေသည်။ ထို့ကြောင့် facebook ကို အလွန်အကျွံသုံးသူများဟု သူတို့ကို ငါတို့ မှတ်ယူခဲ့ကြသည်။ သူတို့လူ ငယ်ဘဝသည် ဆိုင်ကယ်တဝီဝီနှင့်ဖြစ် သည်။ လမ်းမများပေါ်တွင် ဆိုင်ကယ်ကို တဗြူးဗြူး တဗြဲဗြဲဖြင့် လီဗာကို အသားကုန်ဖုတ်ပြီး မောင်းနေကြသည်။ သူတို့ကို ငါတို့ သိပ်ကြည့် ၍မရ ဖြစ်ခဲ့ကြသည်။ သူတို့လူငယ်ဘဝသည် ငါ့တို့အမြင်တွင် ထူးဆန်းသည့် ပန့်ကေများကိုလည်း ဆံပင်ပုံစံညှပ်ထားကြသည်။ သူတို့ခေါင်းကိုကြည့်လိုက်လျှင် တစ်ခေါင်းလုံးထိုးထိုးထောင်ထောင်ဖြင့် ငါတို့ မျက်လုံးထဲတွင် အကြည့်ရသိပ်ဆိုးခဲ့သည်။

(၆)

သူတို့လူငယ်ဘဝသည် ဟန်းဖုန်းကိုယ်စီနှင့် ဖြစ် သည်။ သူတို့ကို ကြည့်လိုက်လျှင် အမြဲလိုလိုဟန်း ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်၍ နေသည်။ သူတို့ သည် တစ်ယောက်နှင့်တစ်ယောက် တစ်နေရာရာ မှာတွေ့ဖို့ ချိန်းသည့်အခါ ဟန်းဖုန်းဖြင့် ဆက်ကြသည်။ သူတို့လူငယ်ဘဝသည် ဂီတမျိုးစုံကို နားဆင်ခံစားနေကြပြီဖြစ်သည်။ သူတို့နား ထောင် ကြသည့် ဂီတများကို ငါတို့ မကြိုက်ကြပေ။ တ ဒုန်းဒုန်း တဒိုင်းဒိုင်းအသံများ၊ ပါးစပ်က စက်သေ နတ်ပစ်သလို အသံများ၊ စသည့် အသံများ သည် ငါတို့နားထဲသို့ အပ်ပေါင်းမြောက်များစွာ ဝင်ရောက်သကဲ့သို့ စူးစူးရှရှခံစားရသဖြင့် ငါတို့ ကြိုက်နှစ်သက်မှုမရှိခဲ့ပေ။ ထို့ကြောင့် ငါတို့သည် သူတို့ကို သိပ်အမြင်မကြည်ခဲ့ပေ။ သူတို့လူငယ်ဘဝသည် စီးကရက်ကို ပါးစပ်တွင် တေ့ထားပြီး တစ်ယောက်နှင့်တစ်ယောက် စကားပြောကြသည်။ သူတို့ကို ကြည့်လိုက်လျှင်လည်း စီး ကရက် ကိုယ်စီသောက်နေကြသည်။ ငါတို့ မျက်လုံးထဲတွင် ဘယ်လိုပင် ကြည့်ကြည့် ဒေါင့်မတည့်ခဲ့ပေ။ သူတို့လူငယ်ဘဝသည် ကွမ်းလေးတမြုံ့မြုံ့နှင့် ဖြစ်သည်။ သူတို့ပါးစပ်များ အမြဲလိုလိုပင် ရဲပတောင်းခတ်နေသည်။ သူတို့သည် ကွမ်းကို ဆေးဖြင့် စားနေကြပြီ ဖြစ်သည်။ သူတို့လူငယ်ဘဝသည် အတွဲကိုယ်စီနှင့်ဖြစ်သည်။ သူတို့လူငယ်ဘဝသည် တစ်ယောက်နှင့်တစ်ယောက်စကား ပြောဆိုကြရာ တွင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်လောင်လောင် ပြောဆိုကြသည်။ လွတ်လပ်မှု၏ အရသာကို သူတို့ခံစားကြသည်။ လွတ်လပ်မှုကို သူတို့မြတ်နိုးကြသည်။ သူတို့ကို ချုပ်ချယ်လျှင် သူတို့ မကြိုက်ကြပေ။

(၇)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသက် ၆၅ နှစ်အရွယ်ရှိသည့် စစ်အာဏာရှင်တစ်ယောက်ဦးဆောင်ပြီး ငါတို့နိုင်ငံ၏အာဏာကို ငါတို့ပြည်သူများ၏လက်ထဲမှ အတင်းအဓမ္မသိမ်းယူလိုက်သည်။ ငါတို့သည် ခံပြင်းစွာ ဒေါသထွက်ခဲ့ကြသည်။ ငါတို့သတင်းများကြည့်ကြသည်။ ထိုအချိန်တွင် သူတို့လူငယ်များထဲက တစ်ယောက်သည် အပြင်မှ အိမ်သို့ ပြန်လာခဲ့သည်။ အချိန် အားဖြင့် နံနက်ဝေလီဝေလင်း အချိန်ဖြစ်သည်။ သူသည် သူ၏ တက်ဘလက်ဖုန်းကို ဖွင့်လိုက် သည်။ တက်လာသည့် သတင်းများကြောင့် ဟာခနဲ ဟင်ခနဲ သူဖြစ်သွားသည်။ ထို့နောက် တက်ဘလက်ဖုန်းဖြင့် စစ်အာဏာရှင်ကို တော်လှန်သည့် လိုဂိုတစ်ခုကို သူဆွဲလိုက်သည်။ မကြာမီ သူတို့လူငယ်များ လမ်းပေါ်ထွက်လာကြသည်။ ကြွေးကြော်သံများနှင့် ဖြစ်သည်။ ငါတို့ အံ့သြမိသည်။ ထို့နောက် ဝမ်းသာမိသည်။ သူတို့လူငယ်ဘဝသည် စစ်အာဏာရှင်ကိုတော်လှန်ရင်း နေ့ရက်များကို ဖြတ်သန်းနေကြသည်။ သူတို့လူငယ်ဘဝ သည် စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်နေကြသည့် မြန်မာ့နွေဦးတော် လှန်ရေးတွင် ရှေ့တန်းမှပါဝင်ရင်း ဖမ်းဆီးရိုက်နှက်ခံနေရသည်။ ကြွေလွင့်နေကြသည်။ သို့သော် သူတို့ သည် ယခုအချိန်ထိ မကြောက်မရွံ့ နောက်မဆုတ်ဘဲ ဆက် လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။

(၈)

သူတို့လူငယ်ဘဝသည် တိုင်းပြည်အတွက် စစ်အာဏာရှင်ကိုတော်လှန်းရင်း နေ့ရက်တိုင်းလိုလိုပင် ကျဆုံးနေကြရသည်။ ငါတို့သည် သူတို့သတ္တိနှင့်ယှဉ်လျှင် သူတို့နောက်မှာပင် ဖြစ်သည်။ သူတို့ လူငယ်ဘဝသည် စစ်အာဏာရှင်ကို တော်လှန်းရင်း နေ့ရက်များကို တစ်ရက်ပြီးတစ်ရက်ဖြတ် သန်းကာ ကုန်ဆုံးနေကြရသည်။ မျိုးဆက်မှားပြီး ရန်စမိပြီဟူသော စကားစုလေးသည် သူတို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။ သူတို့လူငယ်ဘဝသည် ငါတို့လူငယ်ဘဝထက် ပိုပြီးလွတ်လပ်သလို ပိုပြီး တီထွင်ကြံဆမှုများရှိသည်။ သူတို့သည် ငါတို့ထက် ပိုပြီးရဲရင့်သည်။ ပိုပြီးသန်မာသည်။ သူတို့ သည် Generation Z များ ဖြစ်ကြ၏။ အရေး တော်ပုံ အောင်ရမည်။

ဦးနွေ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ? ၊

Posted: 24 May 2021 09:16 PM PDT

Art - Than Htay Maung 

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - (...?)
မိုးမခ
မေ ၂၅၊ ၂၀၂၁
- - -

ဆောင်းနှင်းငါတို့ဝေချိန် အမီ
?


ရည်းစားနဲ့အဆင်မပြေလို့ 
မိဘနဲ့အဆင်မပြေလို့
စားရေးဝတ်ရေးနေရေးအဆင်မပြေလို့
ဘာတွေရေးထားမှန်းမသိတဲ့စာအုပ်ကြီးထဲက ကျိန်စာတွေကိုအလွက်ကျက်အော်ဆိုပြီး
ခြင်းကြားထဲ ခုန်ဝင်ခဲ့ရတဲ့ကလေးတွေရဲ့ ကျောကုန်းတွေကိုနင်းပြီး
ဘယ်မှသွားစရာနေရာမရှိလို့
ဘိန်းကလွဲ အခြားစိုက်ပျိုးလို့မဖြစ်နိုင်တဲ့တောင်ကြောဆီ
မြေသြဇာသွားလုပ်ခဲ့ရတဲ့ချာတိတ်တွေရဲ့ဦးခေါင်းခွံတွေကိုနင်းပြီး
ထမင်းကြမ်းခဲကို ခရမ်းသီးစိမ်းဆားတို့မြှုပ်စားခဲ့ရတဲ့ဘဝကနေ
ကာရစ်ဗီယမ်ငါးဥဆားနယ်ကို နှစ်ချို့ဝိုင်ဖြူနဲ့မြည်းနိုင်ပြီပဲ
ကိုယ့်ဖိနပ်ပြတ်ကိုယ်တိုင်ကိုင်ခဲ့ရတဲ့ကိုယ့်မယားကို
လူးဝစ်ဗစ်တန်လက်ကိုင်အိတ်ထဲချက်လက်မှတ်ထည့်ကိုင်စေပြီး
ကိုယ့်မယားဖိနပ်ကို
သူများမယားကိုကိုင်ခိုင်းစေနိုင်ခဲ့ပြီပဲ
တော်ရောပေါ့
ကိုယ့်အဖေရေးခဲ့တဲ့ပန်းချီကားတွေကိုတိုက်မိမှာစိုးလို့ သတိထားရှောင်တိမ်းလျှောက်ခဲ့ရတဲ့အခန်းထဲကနေ
ဗန်ဂိုးပန်းချီကားချိတ်ထားတဲ့ကိုယ်ပိုင်ဟိုတယ်ထဲက
ကြောင်ချီးနံ့နဲ့ရေမွှေးနံ့သင်းနေတဲ့ရေချိုးခန်းထဲ 
ဘဝတူအိုးစားဖက်သူငယ်ချင်းတွေရဲ့ 
သွေးနဲ့ရေချိုးခဲ့ပြီပဲ
တော်ရောပေါ့
ကိုယ်ပေါင်ကြားထဲက ကိုယ့်လိင်အင်္ဂါကိုမှ ကိုယ်အားမနာ
ဘာလက်နက်မှကိုယ်တိုင်ကိုင်မထားတဲ့အမျိုးသမီးတစ်ယောက်အပေါ် 
သူမ မလုပ်ခဲ့ဖူးတဲ့ပြစ်မှုပုဒ်မတွေချိတ်ဆွဲပြီး လူသူမမြင်နိုင်အောင်ဝှက်ထားဖို့
ကိုယ့်သားကိုယ့်သမီးအရွယ်ကလေးတွေရည်ရွယ်ထားတဲ့လမ်းတွေကိုဖျက်ဆီးဖို့
ကိုယ့်မိကိုယ့်ဘအရွယ်လူအိုတွေရဲ့နေအိမ်တွေကို မီးတိုက်ဖို့
ပြီးတော့ 
သေသူရှင်သူလူသားတွေရဲ့ ငိုသံနဲ့ရယ်သံတွေကိုဖြတ်
သူ့အတွက်ဆင်ထားတဲ့ကြိုးစင်ဆီ သူ့ရဲ့တုန်နေတဲ့ဒူးတွေနဲ့လျှောက်သွားဖို့
မလုပ်ကောင်းပါဘူး
ဒါပေမဲ့
သူနောက်ကျသွားခဲ့ပြီ
မှားသွားခဲ့ပြီ
အချီကြီးသူမှားသွားခဲ့ပြီ
သူ့အမှားတွေကို ဘယ်လိုမုသားတွေနဲ့ ဘယ်လိုဆက်ကာကွယ်နိုင်ဦးမလဲ
အမှားတကာအမှားထဲ သူအမှားခဲ့ဆုံးက
သူက သိပ်ကြောက်တတ်တယ်
လူတိုင်းကို သူ့လိုပဲ ကြောက်တတ်ကြလိမ့်မယ်
အဲသလို သူထင်ခဲ့တာ 
သူညံ့ဖျင်းခဲ့တယ်
လူတိုင်းကို သူ့လိုပဲ ညံ့ဖျင်းကြလိမ့်မယ်
အဲသလို သူထင်ခဲ့တာ
ဘယ်သူသေသေ ငတေမာရင်ပြီးရောလို့
သူတစ်ကိုယ်ကောင်းဆန်ခဲ့သလို
လူတိုင်းတစ်ကိုယ်ကောင်းဆန်လိမ့်မယ်
အဲသလို သူထင်မထားခဲ့တာ
ငါတို့ဟာ နွေဦး
ငါတို့ဟာ မိုး
နွေဦးဟာ မိုးကိုလှမ်းခေါ်လိုက်တယ်
မိုးရောက်လာပြီ
အေး
ငါတို့ခေါ်လို့ ငါတို့အရောက်လာခဲ့ပြီ
တူမီးသံလို ယမ်းသံလို ထစ်ချုန်းလို့
ပင်ကြီးပင်ငယ်တွေကို ရေစင်တိုက်ကျွေးဖို့
ကြောင်ချီးကိုအရည်ဖျော် မြေသားနဲ့တစ်သားတည်းဖြစ်သွားစေဖို့
ရင်ပြင်တော်ကို ဆေးကြောဖို့
ဆောင်းနှင်းငါတို့ဝေချိန် အမီ

? 
၂၄-၅-၂၀၂၁
-
ကာကော ဖက်နဲ့ထုပ်ထားတဲ့ညစာ


မမိတချက် မိတချက်
ရေဒီယိုထဲကထွက်လာတဲ့ငြိမ်းချမ်းရေးစကားများ
သစ်ပင် တောတောင်တွေ တုန်လှုပ်သွား
ထမိန်ကျွတ်ပြီးလွတ်လာသလား
ကြယ်ပွင့်ပါသော ချိုးငှက်များ
လျှိုမြှောင်တောလမ်း ခရီးကြမ်းကြီး
မှိုတွေ့ မှိုချိုး မျှစ်တွေ့ မျှစ်ချိုး 
ကိန်းခန်းနဲ့ တာယာတွေ စိမ်းလန်းတဲ့ မြန်မာပြေ
သဘက်စောင်ခေါင်းပေါင်းထဲ ကင်းမီးကောက်ထည့်ပေါင်းထားတဲ့လူ
အဟာရချို့တဲ့နေတဲ့ ဖိနပ်သဲကြိုးကို ကြိုးချည်ပြီး
ဓားမောက်ဖြစ်နေတဲ့ ဓားမကို ခါးမှာထိုးထဲ့ပြီး
လမ်းပြမြေပုံကို စိတ်တွက်နဲ့ တဒိတ်ဒိတ်ခုန်လို့
ရောက်တော့မှာပါလို့ အားပေးရင်း အားတင်းကာ
ဖားဥစွဲနေတဲ့ ဗလာစီယာက ပျောက်ဆုံးသွားတဲ့မြစ်တစင်းကိုထုပ်ပိုးကာ
နို့ချောင်းပိတ်နာရီတွေမှာ ကြယ်လေးတွေက မှိတ်တုတ် မှိတ်တုတ်
ဆာလောင်နေတဲ့ ခွေးဟောင်သံကတဝုတ်ဝုတ်
အားကုန်တော့မဲ့ဘက်ထရီမီးက  စနစ်တကျဆုတ်ခွာဖို့ အသင့်
အိုးနင်းခွက်နင်းလရောင်မှာ စမ်းချောင်းထဲ လက်ဆေးပြီး
မျက်ရည်ပေါလော တာလပေါ ချောင်စီး
ကိုယ့်ဖက်ထဲ ကိုယ် ဘူဖေးတဲ့ညစာ မျှစ်စားသူများပန်းချီကား
မလုံခြုံသော်လည်း မပြိုကွဲသေးတဲ့ဘဝတွေ
သူတို့သည် မျက်စေ့တဖက်ဖြင့် အစာကို၄င်း
ကျန်တဖက်ဖြင့် ရန်သူကို၄င်း။

သန်းဌေးမောင်
မေ၊ ၃၁၊ ၂၀၁၈
+ ကာကော = ကျီးလန့်စာစား

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



နွေဦး၏ တေးသံများ (၃)

Posted: 24 May 2021 02:43 PM PDT


နွေဦး၏ တေးသံများ (၃)

(မိုးမခ) မေ ၂၄၊ ၂၀၂၁

ဧပြီလ ၂၂ ရက်နေ့က လုပ်တဲ့ မိုးမခရဲ့ ပထမဆုံးအွန်လိုင်းစကားဝိုင်းမှာ အယ်ဒီတာခင်လွန်းက နွေဦးတော်လှန်ရေးရဲ့ ဂျန်နရေးရှင်းဇက်တွေ ပြည်တွင်းပြည်ပ ရင်ခုန်သံချင်း ထပ်တူဖြစ်နေမှုကို ဖော်ကျူးတဲ့ အရုပ်တွေ အသံတွေ တင်ဆက်ပေးကြဖို့ တိုက်တွန်းသွားတယ်။ ပြည်တွင်းက တော်လှန်နေတဲ့ ဂျန်းဇီတွေ အင်တာနက်ရတဲ့အချိန်လေး ဆိုရှယ်မီဒိယာပေါ် တက်လာချိန်မှာ ပြည်ပက ဂျန်းဇီတွေရဲ့ အားပေးတုန့်ပြန်သံတွေ မြင်ရကြားရရင် သူတို့အတွက် ခွန်အားတစုံတရာဖြစ်စေမယ်လို့ မျော်လင့်ပါတယ်။ အခု USA, California, Myanmar Burmese လူငယ်ကျောင်းသား ကျောင်းသူတွေရဲ့ နွေဦး၏တေးသံတွေကို တင်ဆက်လိုက်ပါတယ်။ ဆက်လက်တင်ဆက်သွားပါမယ်။

edi...@moemaka.net ကို နိုင်ငံတကာက မြန်မာပြည်ကဂျင်းအိတ်စ် ဂျင်းဝိုင်တွေ၏ သားသမီးတွေ၏ နွေဦး၏တေးသံတွေ ပေးပို့ကြပါခင်ဗျား။

The Songs for Spring

(MoeMaKa) May 4th , 2021

In MoeMaKa's first online forum on April 22, editor Khin Lun urged the audience to present photos and voices of generation-Z on Myanmar Spring Revolution. It is hoped that seeing and hearing the supportive voices of expatriate Gen-Z as they posted on social media just as for the local Revolutionary Gen-Z to become a source of strength for them while through intermittent internet access. Now, young students from Canada presents their voices & photos supporting Myanmar Spring Revolution, and hoping all students from all over the world will follow suit. MoeMaKa will continue to post their social media presence as the songs for Spring (Revolution).

Send edi...@moemaka.net if you want to share your songs for Springs.




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

Posted: 24 May 2021 02:00 PM PDT



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၄၊ ၂၀၂၁

ဒီနေ့ သတင်းတွေကတော့ ကယားပြည်နယ်က တိုက်ပွဲအရှိန် မြင့်တက်လာနေတာ ၊ မငး်တပ်မြုိ့က ထောင်နဲ့ ချီတဲ့ စစ်ဘေးရှောင်တဲ့သူတွေ တောင်တွေ တောတွေထဲမှာ မိုးရေတွေထဲ အမိုးအကာ ကောင်းကောင်းမွန်မွန်မရှိပဲ နေနေကြရဆဲ၊ မြို့ပေါ်မှာ ကျန်ရစ်ခဲ့သူတွေ ရဲ့ ကံကြမ္မာ၊ မြုိ့ပေါ်က အိမ်တွေ ဆိုင်တွေ ဖောက်ထွင်းပြီး တန်ဖိုးရှိတာတွေ ယူဆောင်သွားကြတဲ့အကေြာင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို သီးခြားစီမံထားတဲ့ တရားရုံး နေရာမှာ လူကိုယ်တိုင် ရုံးထုတ်တဲ့ သတင်းတွေ က ဒီနေ့ လူစိတ်ဝင်စားကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။

တနေ့က မိုးဗြဲရဲစခန်းသိမ်းယူစဥ်က ဖမ်းဆီးခံရသူ ခုခံပစ်တဲ့ ရဲအချို့ကို ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သတ်လိုက်တဲ့ အကြောင်းရေးသားထားတဲ့ ဆိုရှယ်မီဒီယာကပို့စ် တွေနဲ့ပတ်သက်လို့လည်း ကာတွန်းရေးလာကြတာတွေ ရှိသလို ဂျီနီဗာ ကွန်ဗန်းရှင်းနဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းအကြောင်းတွေလည်း ရေးနေကြတာ ဖတ်ရှုရပါတယ်။

မြန်မာနုိင်ငံဟာ လက်နက်အားကိုးနဲ့ စစ်တပ်က အာဏာသိမ်းရာက မြန်မာနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခအနေအထားတင်မဟုတ်တော့ပဲ ပြည်တွင်းစစ် ချောက်ထဲကိုတရက်ကို တထစ်တထစ်နဲ့ တဖြည်းဖြည်း ကျဆင်းနေပြီလို့ ဆိုရတော့မယ့် အနေအထားဖြစ်ပါတယ်။

ပြည်နယ် တခုကနေ နှစ်ခု၊ တိုင်းဒေသကြီး တခုကနေ နှစ်ခု စသဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်ကြတာ ပြီးခဲ့တဲ့ ဧပြီလကစလို့ ခု မေလအတွင်း မျက်စေ့ရှေ့မှာ တွေ့နေရပါပြီ။ လက်နက်စွဲကိုင်ပြီး တပ်ဖွဲ့အသွင်နဲ့ မတိုက်သေးတဲ့ မြို့တွေမှာလည်း နေ့စဥ်လိုလို လက်လုပ်ဗုံးတွေ အသံဗုံးတွေ ကွဲနေတာမို့လို့ မြန်မာပြည်ကြီးက စစ်ကောင်စီ ဆွဲချခဲ့တဲ့ ချောက်ကမ်းပါးထဲ ကျဆင်းနေပြီလို့ပဲ ဆိုချင်ပါတယ်။

တနေ့တနေ့ စစ်ကောင်စီကို ဆန့်ကျင်သူ၊ လက်နက်မဲ့ ငြိမ်းချမး်စွာ ဆန့်ကျင်သူ ဖြစ်ဖြစ် လက်နက်နဲ့ ဆန့်ကျင်သူဖြစ်ဖြစ် ဖမ်းဆီး ရိုက်နှက်တဲ့ အကြောင်း၊ အသက်သေဆုံးသွားတဲ့ အဖြစ်တွေလည်း ေန့စဥ် နဲ့အမျှ ထွက်ပေါ်နေပါတယ်။ ဒီနေ့ နောက်ဆုံးသိရတဲ့ သတင်းကတော့ ပဲခူးတိုင်း ဘုရားကြီးက နိုင်ကျဥ်းဟောင်း ၊ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်း ကိုစိုးမိုးလှိုင် ကို ဖမ်းဆီးသွးပြီး ၂ ရက်ကျော်အကြာ သေဆုံးကြောင်း အလောင်းလာယူဖို့ အကြောင်းကြားခဲ့တဲ့သတင်း ဖြစ်ပါတယ်။

အဲဒီလို အသက်ဆုံးရှုံးသည်အထိ တရားဥပဒေမဲ့ လက်လွန်ခြေလွန် စစ်မေး သတ်ဖြတ်နေတဲ့ အကြောင်း အာဏာသိမ်းပြီး မကြာခဏ မြင်ကွင်းကဏ္ဍမှာ ရေးသားမှတ်တမ်းတင်နေရတာဒါဇင်နဲ့ ရှိနေပါပြီ။

ခု စစ်အာဏာသိမ်းပြီး ၃ လကျော်အကြာ ဆန္ဒပြသူနဲ့ အခြား အရပ်သားစုစုေပါင်း ၈၀၀ နီးပါး သေဆုံးခဲ့ရတဲ့အဖြစ် ၃ ေထာင်ကျော် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အဖြစ်တွေက ဆက်သွယ်ရေး နည်းပညာ တိုးတက်လာတဲ့ အခု ၂၀၂၁ ခုနှစ်လိုကာလမှာ အဖြစ်အပျက် အများစုကို လူထုက ကိုယ်တိုင်မျက်စေ့နဲ့ မြင်တွေ့ရသလို ဓါတ်ပုံတွေ၊ ဗီဒီယိုတွေမှာ မြင်ရတဲ့နောက် စိတ်ခံစားမှု မခံမရပ်နိုင်မှုနဲ့ ခုလို လက်နက်ကိုင် လမ်းကြောင်းဆီ ဦးတည်သွားတာလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါ။

၈၈၈၈ အရေးတော်ပုံကာလက လူပေါင်း ၃ ထောင် နီးပါး အသက်ဆုံးရှုံးခဲ့ရပေမယ့် အဲဒီဖြစ်စဥ်တွေကို တနုိင်ငံလုံးက မမြင်တွေ့ခဲ့ကြရပါဘူး။ ခု ၂၀၂၁ အရေးေတာ်ပုံမှာတော့ ကျဆုံးခဲ့ရသူ အသက်ပေးခဲ့ရသူ တယောက်ချင်းတယောက်ချင်းရဲ့ ဓါတ်ပုံတွေ အားလုံးနီးနီး မှတ်တမ်းမှတ်ရာနဲ့ ရှိပြီး အဖြစ်အပျက်ဖြစ်ပျက်တိုင်း နေ့တွင်းချင်း မဟုတ်ေတာင် နောက်တရက်အတွင်း တနုိင်ငံလုံးကို ပျံ့နှံ့ပြီး ဖြစ်ပါတယ်။

ဒီအချက်တွေက စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ညင်သာတဲ့အာဏာသိမ်းမှု မဟုတ်ကြောင်း သက်သေပြတဲ့ အချက်တွေ ဖြစ်ပါတယ်။ အစပိုင်းရက်အနည်းငယ်သာ ညင်သာတဲ့ အာဏာသိမ်းမှု အသွင် ယူဖို့ကြိုးစားတာတွေ့ရပေမယ့် ငြိမ်းချမ်းစွာဆန္ဒပြမှုက တနိင်ငံလုံးနီးပါး မြို့ရော တောပါ မကျန် လမ်းပေါ်ချီတက်ကြတဲ့ နောက်ပိုင်း ဘာမဆို မလုပ်ရဲတာမရှိဘူးဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သရုပ်သကန် ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်တွင်းစစ်မီး ပိုကျယ်ပြန့်လာမယ့် အလားအလားတွေ ထွက်ပေါ်လာပြီး မြို့တွေမှာ ေပါက်ကွဲမှုတွေ နေ့စဥ်လို ဖြစ်လာနေတာကြောင့် အမေရိကန် နိုင်ငံက သူ့နုိင်ငံသားတွေကို အမြန်ဆုံး ထွက်ခွာဖို့ အကြံပြုချက်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့တာ တွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ အဖို့တော့ မကြာခင် ပိုကျယ်ပြန့်လာနိုင်တဲ့ ပြည်တွင်းစစ်မီးအတွက် မှန်းဆ ပြင်ဆင်ထားရတော့မယ့် အနေအထားဖြစ်နေတယ်လို့ ကောက်ချက်ချမိပါတယ်။

ဒီနေ့ အဖို့ အခြားသတင်းတွေကတော့ လာမယ့်လ ၁ ရက်နေ့ဖွင့်မယ်လို့ ကြေညာထားတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေ ကျောင်းအပ်တာကို စတင်လက်ခံတဲ့နေ့ဖြစ်ပါတယ်။ ဆန္ဒပြမှုနည်းတဲ့ ရခိုင်ပြည်နယ် စစ်တွေလိုမျိုးမှာ အခြားရခိုင်ပြည်နယ်မြို့တွေမှာ ကျောင်းအပ်သူများတာ တွေ့ရပေမယ့် ရန်ကုန်လိုမျိုး၊ မန္တ လေးလိုမျိုးမှာ ကျောင်းအပ်တဲ့ မိဘ အတော်များများက စစ်ကောင်စီရဲ့ ကျောင်းပညာရေးကို ဆန့်ကျင်တာရော လုံခြုံရေး အာမခံချက်မရှိတာကြောင့် ရန်ကုန်မှာ ကျောင်း အပ်နှံသူ နည်းတာတွေ့ရမှာ ဖြစ်ပါတယ်။

မိုးမခနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အင်တာဗျုးစဉ် သူပြောတဲ့စကားကို ကောက်နုတ်ပြရရင် - နွေဦးတော်လှန်ရေးမှာ အားလုံးတန်းတူရည်တူ တိုက်ပွဲဝင်ကြရတယ်။ စွန့်လွှတ်စွန့်စားကြရတယ်။ ဘယ်သူကမှ ခေါင်းတလုံးမြင့်နေတယ်လို့ မရှိဘူး။ နိုင်ငံရေးသမားမို့လို့ သူတို့ကတော့ဖြင့် တော်လှန်ရေးမှာ ရှေ့ကပါတယ်။ ခေါင်းတလုံးမြင့်တယ်လို့ ပြောလို့မရတော့ဘူး။ အားလုံး အတူတကွ ရင်ဘောင်တန်းပြီး တိုက်ကြ တွန်းလှန်နေကြတာလို့ ပြောသွားပါတယ်။

မှန်ပါတယ်။ သည်နွေဦးတော်လှန်ရေးမှာ လှည်းနေလှေအောင်းမြင်းစောင်းမကျန် လူထုကြီးတရပ်လုံး ညီညာထကြွ တော်လှန်ပုန်ကန်နေကြတာပါ။ ဘယ်သူကမှ ထူးပြီး တော်နေ တတ်နေ ဦးဆောင်နေ သာနေတယ်လို့ ပြောမရလောက်အောင် စုပေါင်းညီညွတ် စုပေါင်းခေါင်းဆောင်မှုတွေနဲ့ ချီတက်နေကြတာ အလွန် ထင်ရှားပါတယ်။ အဲသည်တော်လှန်ရေးမှာ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်နေကြတာမို့ မပါလိုက် မကျန်လိုက်ရ မရှိရအောင် ဆက်ချီတက်ကြဖို့ တိုက်တွန်းလိုက်ပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၄

Posted: 23 May 2021 11:22 PM PDT

May 21, 2021, file photo, Kantarawaddy Time, Dimawzo Town, police station under attack


ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၄

(မိုးမခ) မေ ၂၄၊ ၂၀၂၁

၃။ပြောက်ကျားစစ်၊ လှုပ်ရှားစစ်၊ ခြေမှုန်းစစ်၊ နေရာယူစစ်နှင့် အခြေခံဒေသတည်ဆောက်ရေးအတွက် ပြင်ဆင်ခြင်းနှင့် စစ်၏တရားကို လက်တွေ့ လေ့လာသင်ယူခြင်း

ပြောက်ကျားတပ်ဖွဲ့တွေ ဖွဲ့စည်းပြီးဆိုတာနဲ့ လှုပ်ရှားစစ်ကို ကျနော်တို့ စတင်ဆောင်ရွက်ကြဘို့လိုမှာ ဖြစ်ပါ တယ်။ ဆိုလိုချင်တာက လှုပ်ရှားစစ်ရဲ့ရည်ရွယ်ချက်ကိုက ခြေမှုန်းစစ်ဖြစ်ပါတယ်။ ကိုယ်နဲ့ရင်ဆိုင်နေရတဲ့ ရန်သူကို အနားမပေးဘဲ နည်းသဏ္ဍာန်အမျိူးမျိူး နေရာဒေသအမျိူးမျိူးမှာ နှောက်ယှက်မှုတွေလုပ်ရင်း အ ခြေအ နေကောင်းပေါ်လာတာနဲ့ ခြေမှုန်းစစ်ကို ဆင်နွဲပြီး ရန်သူကိုခြေမှုန်းခြင်း ရန်သူလက်နက်ကို အရယူ ခြင်းစတဲ့ စစ်ရေးဆိုင်ရာကိစ္စတွေ ဆောင်ရွက်ရမှာဖြစ်သလို ရန်သူကိုအနိုင်တိုက်ခြင်းဖြင့် လူထုယုံကြည် မှုကို အခိုင်အမာတည်ဆောင်နိုင်မှာဖြစ်ပါတယ်။

အခြေခံဖြစ်တဲ့ ပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ကတော့ ပြောက်ကျားစစ်ဆိုင်ရာလက်စွဲတွေကို “လေ့လာရင်း တိုက်ပွဲဆင် တိုက်ပွဲဆင်ရင်း လေ့လာ” ကြရမှာဖြစ်ပြီး ရန်သူလက်နက်ကိုယ့်လက်နက်ဆိုတဲ့ ပျောက်ကျား စစ်ဆိုင်ရာတောင်းဆိုမှုများကိုလဲ သင်ကြားရင်းဖြည့်ဆည်းကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ကျားစစ်ရဲ့ အတွင်းသဘောတချိူ့ကို မိတ်ဆက်ပေးချင်ပါတယ်။

ပြောက်ကျားတပ်ဖွဲ့တဖွဲ့ဟာ

၁။ ပြောက်ကျားစစ်ဟာ ထိုးစစ်သဘောဆောင်ပါတယ်။ မိမိအင်အားကို ထိခိုက်ဆုံးရှုံးမှုမရှိစေရန် အမြန် တိုက် အမြန်ဆုတ်နည်းပရိယာယ်ကို အများအားဖြင့်ကျင့်သုံးရပါမယ်။ ပြောင်းလွယ် ပြင်လွယ် သေနင်္ဂ ဗျူဟာကို ကျင့် သုံးရမည်ဆိုသည့် တောင်းဆိုမှုကို လေးနက်ရပါမယ်။

၂။ ထိပ်တိုက်ရင်ဆိုင်မှု တိုက်ခိုက်မှုမျိူးကို ရှောင်ကျဉ်ရပါမယ်။ တနေရာထဲမှာ အသေခုခံမှုမျိူးကို ရှောင် ကျဉ်ရပါမယ်။ဆုတ်ခွာမှုတိုင်းဟာ ထိုးစစ်အတွက်ပြင်ဆင်မှု ဖြစ်တယ်ဆိုတဲ့ သဘောထားအမြင်ကို ဆုတ် ကိုင်ရပါ မယ်။

၃။ အားနည်းတဲ့ရန်သူကို ချေမှုန်းဘို့ကအဓိကဖြစ်ပါတယ်။ ရဲတပ်ဖွဲ့လို စခန်းတွေဟာ ပစ်မှတ်ကောင်းတွေ ဖြစ်သလို ရှေ့တန်းထွက်သော နောက်တန်းစစ်တပ်စခန်းများမှာလဲ ပစ်မှတ်ကောင်းများ ဖြစ်လေ့ရှိပါတယ်။

၄။ ချေမှုန်းမှုတိုင်းကို ပြင်ဆင်မှုရှိရှိ စီစဉ်ဆောင်ရွက်ရပါမယ်။

(သတင်းလက်ဦးမှုရှိရမယ်၊ ဆုတ်လမ်း တက်လမ်းကောင်းရမယ်။ လ ျှိူ့ဝှက်မှုရှိရမယ်။ ပထဝီကိုပိုင်နိုင်ရ မယ်။ ရန်သူဆက်စပ်အင်အားကို တွက်ချက်နိုင်ရမယ်။ ရန်သူစစ်ကူ လမ်းကြောင်းကို ဖြတ်တောက်ထား နိုင်ရမယ်။ ရန်သူလက်နက်ကြီး လေယျာဉ်လမ်းကြောင်းတွေကိုပါ တွက်ချက်နိုင်ရပါမယ်။ လူထုပူးပေါင်း ပါဝင်မှုကို အခိုင်အမာ ရယူနိုင်ရပါမယ်။ ရန်သူစိတ်ဓါတ်ရေးရာကို လက်ဦးမှုရှိရှိ ဝါဒဖြန့် တိုက်ခိုက်နိုင်ရပါမယ်။ တိုက်ပွဲတိုင်းရ သမ ျှ လက်နက်ကို အရယူရပါမယ်။ ပုန်းခိုဘို့နေရာ ရိက္ခာ ဆေးဝါး စတာတွေကို (လ ျှိူ့ဝှက်) ကြိုတင်စီစဉ် ထားနိုင်ရပါမယ် (အနည်းဆုံးတပါတ်စာ)။ တိုက်ပွဲတပွဲနဲ့တပွဲကြား အစီအစဉ်ရှိရှိ ကြို တင်တွက်ချက် ထားနိုင် ရပါမယ်။

၅။ တပ်ဖွဲ့ဝင်များ လ ျှင်မြန်စွာ လှုပ်ရှားနိုင်မှုရှိရပါမယ်။ ခြုံခိုတိုက်ခိုက်ခြင်းများ ထောင်ခြောက်ဆင်တိုက်ခိုက် ခြင်း အလစ်အငိုက်တိုက်ခိုက်ခြင်းများကို စနစ်တကျ လ ျှင်မြန်စွာပြုလုပ်နိုင်စွမ်းရှိရပါမယ်။ ကြိုတင်လေ့ ကျင့် ဇာတ်တိုက်ထားခြင်းများဖြင့် လေ့ကျင့်ထားကြရပါမည်။

၅။ တိုက်ပွဲစဉ်တိုင်း အကျိူးအကြောင်းခိုင်လုံရပါမယ်။ အကန့်အသတ်ရှိရပါမယ်။ အကျိူးအမြတ်ရှိရပါမယ်။

၆။ ပျောက်ကျားစစ် လှုပ်ရှားစစ် ခြေမှုန်းရေးစစ်တို့ကို ဆက်စပ်ကျင့်သုံးရပါမယ်။

ရ။ အခြေခံဒေသတည်ဆောက်ရေးကို လူထုနဲ့အတူ တည်ဆောက်ရပါမယ်။ အုပ်ချူပ်ရေးချခြင်း၊ အုပ်ချူပ်ရေး တဝက်တပျက်ချခြင်း၊ ရန်သူအုပ်ချူပ်ရေးဖြစ်သော်လည်း မိမိလူဖြစ်စေခြင်းတို့ ပါဝင်ပါတယ်။

၈။ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်စေရပါမယ်။ ကျည်ဆံတတောင့် ရန်သူတယောက် ဖြစ်စေရပါမယ်။ မြို့ပြပြောက်ကျားတပ်ဖွဲ့တို့တွင် လိုအပ်သော ငွေလက်နက် ကျည်ဆံ ခဲယမ်း ဖေါက်ခွဲပစ္စည်းစသည့် စစ် အ သုံး အဆောင်ပစ္စည်းများမှာ များသောအားဖြင့် မိမိဘာသာရှာဖွေစုဆောင်းရလေ့ရှိပါသည်။ စစ်အုပ်စုပိုင် မည် သည့်ပစ္စည်း လက်နက်ကိုမဆို ငွေပေးဝယ်လို့ရလ ျှင် ငွေပေးဝယ်ရပါမည်။ လုလို့ရလ ျှင်လုရပါ မည်။ လစ်လ ျှင်ခိုးယူရပါမည်။ တိုက်ခိုက်မှရမည်ဆိုလ ျှင်လဲ တိုက်ခိုက်ရယူရမှာဖြစ်ပါတယ်။

၉။ ညီနောင်တပ်ဖွဲ့များနဲ့ ဆက်စပ်မှုကောင်းအောင် လုပ်ထားရပါမယ်။

၁၀။ လူထုအတွင်း မိမိရဲဘော်များကို အစီအစဉ်ရှိရှိ မြုတ်နှံ တာဝန်ပေးထားရပါမယ်။

၁၁။ လူထုကို မှီခိုရပါမယ်။ လူထုထုတ်လုပ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရပါမယ်။

၁၂။ လူထုဆန့်ကျင်ရေးလုပ်သူတွေကို ပြင်းထန်စွာအရေးယူရပါမယ်။

၁၃။ သုံ့ပန်းပေါ်လစီကို အခိုင်အမာ ကျင့်သုံးရပါမယ်။

ကျနော်တို့ ပျောက်ကျားရဲဘော်တွေအတွက် တောင်းဆိုမှုကတော့ အဆင်းရဲအပင်ပန်းခံနိုင်ဘို့ လူထုနဲ့ အတူ နေထိုင် စားသောက် လုပ်ကိုင်နိုင်မှုဖြစ်ပါတယ်။ မိမိဒေသဖြစ်တာကြောင့် နယ်မြေပထဝီ လူထု ထောက်ခံမှု တနိုင်ငံလုံးနိုင်ငံရေးအရေးသာမှုကအစ အားသာချက်တွေရှိနေသလို မရှိရာမှရှိရာကို ချီတက် ရတာဖြစ်လို့ အားနည်းချက်တွေလဲဖြစ်ပေါ်လေ့ရှိတာ သဘာဝပါဘဲ။တော်လှန်ရေးတိုင်းကလဲ ဒီသဘောအ တိုင်းဖြတ်သန်း အောင်ပွဲရယူခဲ့ကြရတာချည်းပါဘဲ။ အဓိက ကတော့ “သံဓိဌာန်ချ သက်စွန့်ရန်မကြောက် ” ဆိုတဲ့ ဆောင်ပုဒ် ဟာ ကျနော်တို့ တော်လှန်ရေးသမားတွေအတွက် အောင်ပွဲလမ်းညွန်ဘဲဖြစ်ပါတယ်။

ကျနော်တို့ရန်သူဟာ ပိုက်ဆံရလို့ စစ်တိုက်ကြတဲ့ ကြေးစားတွေဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးသမား တွေကတော့ မတရားမှုတွေကို ခုခံတော်လှန်နေကြတာဖြစ်လို့ စိတ်ဓါတ်အရ မိုးနဲ့မြေကြီးလို ကွာခြားပါတယ်။ အရေးကြီးတာက တိုက်ပွဲတိုင်း ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်နိုင်ဘို့ ကြိုတင်ပြင်ဆင်စီစဉ်မှု ကောင်းအောင် လုပ်နိုင်ဘို့နဲ့ ခြေမှုန်းရေးတိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်ဇာတ်တိုက်ထားဘို့လိုပါတယ်။ အရေးကြီးဆုံး အ ချက်ကတော့ သေနတ်တလက်ရရင် ၂လက်ရဘို့ မခက်တော့ပါဘူး။သေနတ် ၅လက်ရရင် တပ်စိတ် ဖြစ်ပါပြီ။ တပ်စိတ်ဖြစ်ရင် တပ်စု တပ်ခွဲဖြစ်ဘို့ မခဲယဉ်း တော့ပါဘူး။ အခြေခံက သေနတ်တလက်ရဘို့နဲ့ ရထား တဲ့သေ နတ်ကို လုံခြုံစွာထိမ်းသိမ်းပြီး ၂လက်ဖြစ်အောင်လုပ်နိုင်ဘို့က လက်တွေ့အရခက်သလို အရေးကြီး ပါတယ်။ တပ်စိတ် တပ်စုဖြစ်ပြီဆိုလို့ကတော့ ကိုယ့်ဒေသနဲ့ကိုယ် ပျောက်ကျားတိုက်ပွဲတွေကို ကောင်းစွာ စီစဉ်နိုင်ပါပြီ။

သတိထားရမဲ့အချက်က ပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ ရန်သူကို ထိပ်တိုး တိုက်ခိုက်မှုမျိူးမဖြစ်အောင် သ တင်းချူပ်ကိုင်နိုင်စွမ်းရှိဘို့လိုပါတယ်။ ဒီလိုဘဲ ပြောက်ကျားစခန်းတွေကို ရန်သူအလစ်အငိုက် ဝင်မတိုက် နိုင်အောင် သတင်းလုံခြုံဘို့လိုပါတယ်။ဒီနေရာမှာ ကျနော်တို့အထူးသတိထားဘို့က ပြောက်ကျားခေါင်း ဆောင်တွေအနေနဲ့ သတင်းလုံခြုံရေးအစီအမံတွေကို ရဲဘော်တိုင်းလိုက်နာအောင် ဂရုစိုက်ရမှာဖြစ်သလို ရဲဘော်တိုင်းကလဲ အသေအချာလိုက်နာကြဘို့လိုမှာဖြစ်ပါတယ်။ “မြို့ပြပြောက်ကျားတပ်ဖွဲ့ကြီးဆိုသည်မှာ ပြောက်ကျားတပ်ဖွဲ့ငယ်များ စုပေါင်းထားသည့်ကွန်ယက်ဟု ဆိုရိုးစကားရှိပါသည်။”ဆိုလိုသည်မှာ မည် သည့်အမည်နာမနှင့်မဆို ဖွဲ့စည်းထားသောပြောက်ကျားတပ်ဖွဲ့များသည် အချင်းချင်းသော်၎င်း ညီ နောင်တပ်ဖွဲ့များနှင့် သော်၎င်း ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်သည်ကို လေးနက်စွာသဘောပေါက် ရန်လိုပါတယ်။ချိတ်ဆက်မှု ကောင်းအောင်လဲ အလေးအနက်ဆောင်ရွက်ကြဘို့ အထူးလိုအပ်ပါတယ်။

သတင်းစီးဆင်းမှုနှင့် သတင်းပေါက်ကြားမှုလုပ်ငန်းများသည်လည်း အလွန်အရေးကြီးပါတယ်။ ရန်သူ့သူလ ျှိူ များ သတင်းပေးများ သစ္စာဖေါက်များသည် ပြည်သူလူထုရန်သူများဖြစ်ကြပါတယ်။ ရန်သူ့သူလ ျှိုူ ရန်သူ့ ထောက်လှမ်းရေးများကို ဖေါ်ထုတ်နိုင်ရန် သတင်းထောက်လှမ်းရေးလုပ်ငန်းများကို စနစ်တကျလုပ်ရန် လိုပါသည်။ စေ့စပ်သေချာရန်အထူးလိုအပ်ပါသည်။ ထောက်လှမ်းရေး သူလ ျှိူဟုသေချာလ ျှင် အပြောက် ရှင်းရမည်ဖြစ်ပါသည်။ ထောက်လှမ်းရေး သူလ ျှိူတို့အတွက် သုံ့ပမ်းပေါ်လစီနှင့်လုံး၀ အကျူံးဝင်မည် မ ဟုတ်ပါ။ သတင်းစီးဆင်းမှုလုပ်ငန်းနှင့်ပါတ်သက်၍ ရဲဘော်တိုင်း တပ်မှုးတိုင်း လက်ရှိတည်ရှိနေသော ဗမာပြည်၏ စစ်ရေး နိုင်ငံရေးများကို ဆွေးနွေးပွဲများပြုလုပ်ကာ ရှင်းလင်းသင့်သလို တပ်ဖွဲ့အတွင်းတွင် ပကတိတည်ရှိ နေသော စစ်ရေး နိုင်ငံရေး ဘဏ္ဍာရေး တိုက်ပွဲနိဂုံးချူပ်များကိုလည်း အချိန်ရလ ျှင်ရလို ရှင်းလင်းပြောပြရန် တပ်မှုးတိုင်းတွင်တာဝန်ရှိပါသည်။ တပ်ဖွဲ့တွင်းဒီမိုကရေစီဖွံ့ဖြိုးရန်နှင့် ရဲဘော် အချင်း ချင်း အပြန်အလှန်ချစ် ခင်လေးစားမှုရရှိရန် စည်းရုံးရေးစည်းကမ်းများကောင်းအောင် အဖက်ဖက်မှတည် ဆောက်ခြင်းဖြင့်ဆောင်ရွက်ရပါမည်။

ပြောက်ကျားတပ်ဖွဲ့များအတွက် လိုအပ်ချက်များရှိပါသည်။ငွေကြေး လက်နက် ခဲယမ်း(ကျည်ဆံ ဖေါက်ခွဲ ရေး) ရိက္ခာ ဆေးဝါးကအစ လိုအပ်ချက်အချိူ့ရှိတတ်ပါသည်။လူထုကို မီခိုရလေ့ရှိပါသည်။ ကိုယ့်ဒူးကိုယ် ချွန် ဆောင်ရွက်ကြရသည်များလည်းရှိပါသည်။အရှေ့မြောက်ကာလက ဗမာပြည်ကွန်မြူနစ်ပါတီတပ်များ သည် ထုတ်လုပ်ရေး စိုက်ပျိူးရေးကအစ လက်နက်စက်ရုံ ကျည်ဆံစက်ရုံအချိူ့ကိုယ်ဒူးကိုယ်ချွန် တည် ဆောက်ခဲ့ကြောင်းသိရရာ အတူယူဖွယ်ဖြစ်ပါသည်။လပဒတ ဒေသသို့ရောက်ရှိစဉ် ခွန်ဆာတပ်များထုတ် လုပ်သည့် နင်းမိုင်းအချိူ့ကို တွေ့ဖူးပါသည်။ထိရောက်သင့်သလောက်ထိရောက်သည်ကိုလည်းတွေ့ရပါ သည်။ ကျနော်ဆိုလိုချင်သည်မှာ ကနေ့လူငယ်ထုသည်အလွန်ထက်မြက်ကြပါသည်။ လေ့လာရေးလဲ အ လွန်ကောင်းကြပါသည်။ ပါလက်စတိုင်းဒေသ၏ ကနေ့တည်ထွင်မှုတခုဖြစ်သော Qassam Rocket သည် အစ္စရေးနိုင်ငံ၏နောက်ဆုံးပေါ် လေကြောင်းကာကွယ်ရေးစည်းအား ဖြတ်ဖေါက်သွားနိုင်ခြင်းပင်ဖြစ်ပါ သည်။

ကျနော်တို့ လူငယ်များအတုယူကြရပါမည်။ Qassamတစ်လက်ကို ဒေါ်လာ 800 သို့မဟုတ် ပေါင်စတာလင် 500 ကုန်ကျပါတယ်။ (မြန်မာငွေ ပေါက်ဈေး အရ ယနေ့ ၁၀သိန်းဝန်းကျင်လောက်ရှိပါတယ်)။ လုပ်နည်း ကလဲ Pure sugar သကြားအစစ် potassium nitrate ယမ်းစိမ်း၂မျိုးအခြေခံတာဖြစ်လို့ တော်လှန်ရေးအဖွဲ့ တွေအတွက် အတော်အသုံးတဲ့မယ်ထင်ပါတယ်။ ကျနော်အဓိကပြောချင်တာက နင်းမိုင်း တိုက်မိုင်း ရှေ့ ထွက်မိုင်း ခုန်ပြန်ရှပ်ကွဲမိုင်းကအစ ပဒေသာမိုင်း စသည်တို့သည် ရန်သူကိုထိထိရောက်ရောက် ဟန့် တားနိုင်သလို ထိထိရောက်ရောက်ခြေမှုန်းနိုင်တာကိုလဲ တွေ့ရပါတယ်။ ဒီနေ့ကမ္ဘာကြိးမှာ နည်းပညာ တွေပေါ်က တော်လှန်ရေးအတွက် အားသာချက်တွေများစွာကို လေ့လာရယူနိုင်တဲ့အတွက် သမာရိုး ကျစနစ်တွေက လမ်းခွဲမှုတွေနဲ့တည်ထွင်ကြံဆမှုတွေနဲ့ ပေါင်းစပ်ဘို့လို မှာ အသေအချာပင်ဖြစ်ကြောင်း တင်ပြလိုပါတယ်။

(စစ်အုပ်စုရဲ့ တန်ပြန်ပြောက်ကျားစစ် Counter- Gurellia also called Counter insurgency COIN ခေါ်တဲ့ သောင်းကျန်းသူဆန့်ကျင်ရေးလုပ်ငန်းများကို ဆက်လက်ရေးပါဥိးမည်။)

အရေးတော်ပုံ အောင်ရမည်
ကိုအောင်မှိုင်း
မေလ ၂၁ ရက် ၂၀၂၁ခုနှစ်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

Posted: 23 May 2021 10:53 PM PDT



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၃၊ ၂၀၂၁

ချင်းပြည်နယ် ပြီးတော့ ဒုတိယမြောက် ခုခံတိုက်ပွဲဖေါ်ဆောင်တဲ့ ကရင်နီပြည်နယ်


ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ နေ့စဥ် သတင်းတွေရဲ့ ထိပ်ဆုံးသတင်းအဖြစ် နေရာယူခဲ့တာက ချင်းပြည်နယ် မင်းတပ်မြို့က နေ ခုခံ တိုက်ခိုက်ကြတဲ့ တိုက်ပွဲသတင်းတွေ ဖြစ်ပါတယ်။ မင်းတပ်က တက်ကြွသူလူငယ်တွေ နဲ့ဖွဲ့ထားတဲ့ ချင်းပြည်သူကာကွယ်ရေး တပ်ဖွဲ့က ရက်အတန်ကြာ မင်းတပ်ကို ဝင်လာတဲ့ စစ်ကောင်စီ တပ်သား၊ တပ်ရင်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေ၊ သူတို့ စခန်းချထားတဲ့ နေရာတွေကို သွားေရာက်တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

နောက်ရက်အနည်းငယ် အကြာ စစ်ကောင်စီဘက်က တပ်အင်အားအကူတွေ ခုခံမှုနဲ့ မညီမျှတဲ့ လက်နက်ကြီးတွေကိုပါ သယ်ယူလာပြီး အင်အားနဲ့မင်းတပ်မြို့ကို သိမ်းခဲ့ပြီး ချင်းပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်တွေ မြို့ကနေ ဆုတ်ခွဲပေးခဲ့တာဖြစ်ပါတယ်။

မင်းတပ်က ကလေးမြို့၊ ကနီ၊ မြင်းခြံ၊ တန့်ဆည်၊ ပင်လည်ဘူး စတာတွေရဲ့ အတွေ့အကြုံ၊ ရေမြေ ပထဝီအနေအထား အားသာမှုတို့ကို ယူပြီး စစ်ကောင်စီကို အတိုင်းအတာတခုထိ သင်ခန်းစာပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း အရင်းအနှီးကြီးမားပါတယ်။ လူဦးေရ သောင်းဂဏန်းရှိတဲ့ မြုိ့နေလူထု၊ အသက်ကြီးသူတွေ အမျိုးသမီးတွေ၊ ကလေးငယ်တွေ ခုဆို ထောင်နဲ့ချီတောထဲ တောင်ထဲ မိုးထဲရေထဲ မီးမရှိ အစားအသောက် မလုံမလောက်နဲ့ နေထိုင်နေကြရတဲ့ အနေအထားဖြစ်ပါတယ်။

ခု ချင်းပြည်နယ် မင်းတပ်ပြီး အဆက်ဆက် အစိုးရတွေက ကယားပြည်နယ်လို့ ခေါ်ပြီး ဒေသခံနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကရင်နီပြည်နယ်လို့ ခေါ်တဲ့ ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ ရက်ကစလို့ စစ်ကောင်စီ တပ်တွေ၊ ရဲတွေကို စိမ်ခေါ် ပြီး တိုက်ပွဲစတင်ခဲ့ပါပြီ။

မနေ့က ကေပီဒီအက်ဖ် တွေက စစ်ဆေးရေး ဂိတ်တွေကို သိမ်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပြီး စစ်တပ်ကားတွေကို ဖြတ်တိုက်တာတွေ ကနေ ဒီနေ့တော့မိုးြဗဲ ရဲစခန်းတခုကို သွားသိမ်းခဲ့ပြီး လက်နက်ချတဲ့ ရဲအချို့ကိုလည်း ဖမ်းဆီးထားပါတယ် စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင်တွေလည်း အကျအဆုံးများခဲ့တဲ့သတင်းတွေ ဖေါ်ပြထားကြပါတယ်။

ဒီအဖြစ်အပျက်က ကရင်နီပြည်နယ် မှာ တိုက်ပွဲခေါ်သံခေါ်ရုံမျှမက စတင်ပြီး ပျောက်ကြားစစ် ဆင်နွှဲမယ့် ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ပထမဆုံး တိုက်ပွဲအတွေ့အကြုံ ဖြစ်ပါလိမ့်မယ်။ စစ်ပွဲတွေကို နုိင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့ ၂၀၁၁၊ ၁၂ က စတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကလည်း စစ်အာဏာသိမ်းလိုက်ကတည်းက ရှေ့မတိုးနိုင်တော့တာ သေချာသွားပြီး ခုဆို နောက်ပြန်လျောကျလာနေတာတွေ့ နေရပါပြီ။

စစ်ကောင်စီရဲ့ ရက်စက် ရမ်းကားတဲ့ ဖြိုခွဲမှု၊ နိုင်ငံရေးအရ ဖြေရှင်းဖို့မကြိုးစားပဲ ဆူပူ ဆန္ဒပြသူ၊ အကြမ်းဖက်ဆူပူသူလို့ ခေါ်ဆိုပြီး ရက်စက်စွာ ဖြိုခွဲခဲ့တာရဲ့ အကျိုးဆက်တုံ့ပြန်မှုက လက်နက်ကိုင် တပ်ဖွဲ့အသစ်တွေ ပေါ်လာနေပြီး ငြိမ်းချမ်းရေးစကားသံ တိတ်ဆိတ်သွားခဲ့ပြီလို့ ယူဆရမယ့်သဘောလည်း ဖြစ်ပါတယ်။

ဒီနေ့တိုက်ပွဲတွေ တိုက်ခိုက်မှုတွေ အသေအပျောက်စာရင်းတွေ တက်တဲ့ ေဒသတွေက ချင်းပြည်နယ် မင်းတပ်နဲ့ ကရင်နီပြည်နယ် ဒီမောဆိုး၊ မိုးြဗဲ၊ တို့တင်မကပါဘူး။ စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီနယ်မှာလည်း အသေအပျောက် ဒါဇင်အနည်းငယ်အထိ ရှိခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေ အရ သိရပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့အနောက် အလယ်ပိုင်း အောက်ပိုင်း စတဲ့ နေရာတွေမှာ တပြိုင်နက်ထဲ အရင်က လက်နက်မကိုင်ဖူးတဲ့ သာမန်အရပ်သားတွေက ထပြီး တော်လှန်တိုက်ခိုက်တာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက်တာတွေနဲ့ စစ်ကောင်စီအဖို့ ဗျာများနေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် တပ်ချုပ် ဖြစ်သူက ပြီးခဲ့တဲ့ လအနည်းငယ် အာဏာမသိမ်းမှီကတည်းက ဘာမဆိုလုပ်ရဲတယ် မလုပ်ရဲတာ မရှိဘူးဆိုတဲ့ စကားကို တိုင်းသိပြည်သိ ပြောခဲ့တာမို့ မိုက်ဇတ်ကို ဆက်ခင်း ဆက်တိုးဖို့ များပါတယ်။ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ထက် စစ်အင်အားကိုသာ ထပ်သုံး၊ ရက်စက်ကြမ်းတမ်းတဲ့ နည်းလမ်းတွေ သုံးပြီး နှိမ်နှင်းတိုက်ခိုက်မယ့် အလားအလာတွေ ရှိနေပါတယ်။

စစ်အာဏာရှင်တော်လှန်တဲ့ အုပ်စုတွေ အနေနဲ့ စုစည်းမှု အချိန်ကိုက် တော်လှန်မှု၊ အချင်းချင်းအကြား ပူးေပါင်းလုပ်ဆောင်မှုတွေ ရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒီမိုကရေစီ လုိလားသူ ဖက်ဒရယ် စနစ်ကို လိုလားသူအင်အားစုတွေ အကြား အာဏာသိမ်း စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်ထားပြီး နည်းအမျိုးမျိုးနဲ့ တွန်းလှန် တိုက်ခိုက်နိုင်ဖို့ အရေးကြီးတယ် ထင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့လည်း ခုချိန်မှာ ရန်ဘက်မျက်နှာစာ နည်းနိုင်သမျှနည်းအောင် လျော့ချဖို့ ကြိုးစားခဲ့ ကြိုးစားနေတုန်းလည်း ဖြစ်ပါတယ်။ အာဏာမသိမ်းမီ အေအေ ရခိုင့်တပ်တော်နဲ့ နှုတ်နဲ့ အပစ်ရပ်ဖို့ သဘောတူခဲ့ကြသလို အာဏာသိမ်းပြီးနောက်မှာ ဝ တပ်ဖွဲ့၊ အက်စ်အက်စ်ပီပီ/ အက်စ်အက်စ်အေ အဖွဲ့၊ အာရ်စီအက်စ်တို့နဲ့ တွေ့ပြီး လက်နက်ကိုင် ပဋိပက္ခတပြိုင်ထဲ မဖြစ်အောင် ပရိယာယ် အမျိုးမျိုးသုံးနေတာလည်း တွေ့ရပါလိမ့်မယ်။

ခုလို လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာချိန်မှာ မနက်ဖြန် တနင်္လာနေ့မှာေတာ့ ဖမ်းဆီးထားတာ ၃လကျော် ၄ လနီးပါးရှိပြီဖြစ်တဲ့ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်မှာ ဖြစ်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ လူကိုယ်တိုင် ထုတ်သလဲ ဆိုတာတော့ မမှန်းဆတတ်ပေမယ့် ဟိုးအရင် စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် ကိုရုံးထုတ်တာ အချုပ်ကာလ သက်တမ်းတိုးတာတွေ အပေါ် သတင်းမီဒီယာတွေ နဲ့ လူထုရဲ့ အာရုံစူးစိုက်မှုမျိုး ခုအခြေအနေမှာ မတွေ့မိပါ။ ခုအခေြအနေက လက်နက်ကိုင် တိုက်ပွဲတွေ၊ ခုခံစစ်တွေ ကို လူထုအနေနဲ့ ပိုအာရုံစိုက်နေကြတာလည်း သတိထားမိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





--
Send email to - edi...@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives
Reply all
Reply to author
Forward
0 new messages