သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။
အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။
သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊
ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့်
လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်..
ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀
ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ
တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို..
ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။
ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။
{ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ }
ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ် ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ.. အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။
ဒါပေမယ့် ….
ဒါပေမယ့် …… အချိန် မမှီတော့ဘူး။
ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော်ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရရင်း ခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ… ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။
{ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေခဲ့ပြီး နောက်ဆုံးတော့ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ရှန်ဆီနယ်မြေထဲက လန်မြစ် }
သူတို့တွေဟာ concrete junk တွေဖြစ်တဲ့ မိုးမျှော်တိုက်ကြီးတွေ၊ လမ်းမကြီးတွေဟာ တိုးတက်တဲ့ အရိပ်အရောင်တွေအဖြစ်နဲ့ ကျေနပ်နေကြတယ်။ သဘာဝတရားရဲ့ အလှအပတွေကိုတော့ မတိုးတက်ခြင်းနဲ့ တောဆန်ခြင်းလို့ လွဲမှားစွာ (ဒါမှမဟုတ်) သိသိနဲ့ ခေါင်းမာစွာ.. ယူဆနေကြတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်အဖြစ်နဲ့ ကိုယ့်မျက်နှာက မျက်လုံးကို ဖောက်ထုတ်နေတဲ့ တိုင်းပြည်ဖြစ်နေပြီလို့ ၀ိုင်းသတိပေးတာကို သူတို့ နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. တိုးတက်ခြင်းရဲ့ ပြယုဒ်တွေတဲ့လား….။
{ရေတွေခမ်းသွားလို့ မြေပက်ကြားအက်တွေဖြစ်၊ မြေတွေဟာ ရေတိုက်စားခြင်းခံရ၊ စပါးစိုက်စရာမြေမရှိ… အက်စစ်ရေတွေထဲမှာလည်း ဘယ်ငါးမှ မရှိလို့ ကြံရာမရဖြစ်နေရှာတဲ့ ယန်စီမြစ်ကမ်းနဖူးပေါ်က တံငါသည် တစ်ဦး}

{တရုတ်ပြည် Jiangxi ပြည်နယ်က စိမ်းစိုခဲ့တဲ့ Poyang ရေကန်ထဲကို ရေတွေ မ၀င်တော့လို့ ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ငေးမောနေတဲ့ လူတစ်ယောက်။ November
26.- The water level of the largest freshwater lake in China has
fallen to dangerous limits due to severe droughts since this summer.}
ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။
၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Damကြောင့်ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅GW မှ ၈၅GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။
ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက်ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစား နိုင်ကြလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့.. အမိုက်မှောင်ဖုံးနေခဲ့တယ်။

{ခြောက်သွေ့နေပြီဖြစ်တဲ့ Hubei ပြည်နယ်ထဲက Honghu ရေကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေပါ။ (May
20, 2011) The Yangtze River, China’s longest, has been plagued by a
severe drought, with the lowest level of rainfall this year since 1961,
an official with the river’s flood control and drought relief
headquarters said Monday, Xinhua News Agency reported. Picture taken
May 20, 2011. REUTERS/Stringer (CHINA - Tags: ENVIRONMENT ANIMALS)}
{ တရုပ်ပြည်အရှေ့ဘက်ပိုင်း ၊ Jiangxi ပြည်နယ်က Poyang ကန် ဟာ တရုတ်ပြည်ရဲ့အကြီးဆုံး ရေ၀င်/ရေထွက်ကန်ကြီးပါ။ အခုဆိုရင် ကန်ထဲမှာ ရေဟာ ၁၀ပုံ ၁ပုံပဲ ကျန်ပါတော့တယ်။ မကြာခင်မှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဒီရေကန်ကြီးဟာ ဒဏ္ဍာရီ စာရင်းထဲ ၀င်တော့မှာ ဖြစ်ပါတယ် }
{တရုပ်ပြည်အလယ်ပိုင်း Hubei ပြည်နယ်ရဲ့ Hanjiang မြစ်ကမ်းပါးပေါ်မှာ ရေရှာမရတော့လို့ သေဆုံးရတဲ့ သတ္တ၀ါတွေများစွာထဲက တစ်ကောင် (May 19, 2011) Hanjiang မြစ်လက်တက်ဟာ ယန်စီရဲ့ မြောက်မြားလှစွာသော ခမ်းခြောက်မြစ်လက်တက်ထဲက တစ်ခုဖြစ်ပါတယ်။ [Photo/Xinhua]}
{Henan ပြည်နယ်မှ ခမ်းခြောက်လာနေသော အ၀ါရောင်မြစ်ကမ်းပါး တစ်နေရာ [File Photo: China News Service]}
သူတို့ ယန်စီကို အားပါးတရ ချေတော်တင်ပြီးပြီ။ ယန်စီတင်မက သူတို့တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ခြေတော်တင်ခဲ့ပြီးပြီ။ သူတို့ပြည်ထဲက ရှိသမျှ မြစ်တွေကို ခြေတော်တင်လို့ အားရတော့….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. အသွေးအသားစုတ်ထုတ်ဖို့ မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။
သူတို့ တွေ့သွားတယ်။
တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီ ကို သူတို့ တွေ့သွားတယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေ ထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံးနှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး တစိမ့်စိမ့်ယိုစီးလာမယ့် သွေးတွေကို စိမ်ပြေနပြေသောက်ချင်လွန်းလို့ သူတို့တွေဟာ…. သွားရေတများများနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ ကြာပါပြီ။
{ဧရာဝတီ ရဲ့ မျိုးပြုန်းလုနီး လင်းပိုင်များ}
သူတို့ဟာ.. ဧရာဝတီ ကို ခြေတော်တင်ဖို့ ပြုံးပြုံးကြီး ရှုစားနေကြပြီ။ ကျေနပ်လွန်းလို့ အော်ဟစ်ရယ်မောနေသံတွေဟာ မကောင်းဆိုးဝါးတွေရဲ့ ရယ်သံတွေလိုပဲ မေခ၊ မေလိခ တောင်နံရံတွေပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ်နေကြတယ်…..
အဲဒီတိုင်းပြည်ကလေးဟာ …
အတွေးအခေါ်… ယဉ်ကျေးမှု တစ်ဖြည်းဖြည်း ၀ါးမျိုခံနေရတယ်……
အဲသလို… အမျိုခံနေရတန်းလန်းမှာတောင် မျိုနေတဲ့ သူတွေကို အထင်ကြီးစွာ မော့ကြည့်နေရရှာတယ်။
အဲဒီတိုင်းပြည်ကလေးဟာ….
အရှင်လတ်လတ် ဂုတ်သွေးစုတ်ခံနေရတယ်…
ဂုတ်ကို သွေးစုတ်ခံနေရတာတောင်… သွေးသံရဲရဲ သွားစွယ်ကြီးတွေကို မော့ငေးရင်း..
“တော်လိုက်တဲ့ စီးပွားရေးသမားတွေ”ဆိုပြီး တဖွဖွ ချီးကျူးနေလိုက်ကြသေးတယ်။
သူတို့ဟာ…တိုင်းပြည်ကို စိမ်ပြေနပြေ မျိုလို့ အားမရတော့…
တိုင်းပြည်ရဲ့ သွေးကြောမကြီးကိုဖြတ်တောက်.. အစိမ်းလိုက် သောက်..
အောင်သေအောင်သား စားကြတော့မယ်။
ဒါကို…. လည်စင်းခံပေးရင်း
ကျေကျေနပ်နပ်ကြီးနဲ့ … သွေး အသောက်ခံနေကြသူတွေကို……
ဘယ်လို နားလည်ရမှာလဲ….
လူတွေဟာ… သဘာဝတရားကို အတင်းအဓ္ဒ္ဒမ လုယူတတ်ကြတယ်။
အဲသလို.. အလုယူခံရတဲ့ သဘာဝတရားဟာ တန်ပြန်တုံ့ပြန်တဲ့ အခါမှာ..
လူသားတွေပဲ နစ်နာဆုံးရှုံးကြရတတ်ပါတယ်။
သူတို့တွေရဲ့ ဂုတ်သွေးစုတ်ခံနေရခြင်းမှ…. တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ရုန်းထွက်နိုင်ဖို့ … ရှိရှိသမျှသောနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေတော့ .. လို့…..
ဧရာဝတီ ဟာ ငိုကြွေးရင်း တောင်းပန်နေပါတော့တယ်။
(( ကျမဟာ ဘူမိဗေဒပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို မြန်မာပြည်သူတစ်ယောက်အနေနဲ့ စာတွေအများကြီးဖတ်ပြီးတဲ့နောက်… နှလုံးသားနဲ့ ရေးပါတယ်။ တရုတ်ပြည်မှာ သူတို့ဖျက်ဆီးစရာ မြစ်ချောင်းတွေအများကြီး ရှိပါတယ်။ ကျမတို့တိုင်းပြည်မှာ.. ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို စီးတာ.. ဒီမြစ်ကလေးပဲ … ရှိပါတယ်။
တစ်နေ့မှာ…
နောင်လာနောက်သားတွေဟာ..
ဒီနေရာမှာ…
ဧရာဝတီ ဆိုတဲ့ မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်…
မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်…
ဆိုပြီး….
ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ပြောကြတော့မှာမျိုး မဖြစ်ပါစေနဲ့လို့ဘဲ …. ဆုတောင်းရတော့မလို ဖြစ်နေရပါပြီ ))
စာရေးလို့အပြီး..
ခေါင်းစဉ်တပ်လို့အပြီးမှာ..
မျက်ရည်ကျပါတယ် ဧရာဝတီ။
http://articlesofinterest-kelley.blogspot.com/2011/05/china-drought-affects-35-million-people.html
http://www.trust.org/alertnet/multimedia/pictures/detail.dot?mediaInode=48161642-795e-4b29-9800-566b78ca70a8
http://english.peopledaily.com.cn/90001/90776/90882/7397337.html
http://www.itsnature.org/sea/aquatic-mammals/irrawaddy-dolphin/
http://ipsnews.net/mekong/stories/dolphins.html
သက်ဆိုင်တာလေးတွေ
သက်တန့်ငါးတွေ ပျော်တဲ့နေ့
P Please consider the environment before printing this page
ဒီပို့စ်လေးအတွက်ကျေးဇူးပါအိမ့်ချမ်းမြေ့ရေ…
F.B မှာ share ထားပါတယ်။
နှင်းနဲ့မာယာ
Comment by နှင်းနဲ့မာယာ — August 16, 2011 @ 12:23 pm
မအိမ့်ချမ်းမြေ့ (မလေး) ကတော့ ဒီစာ တပုဒ်ကို နှလုံးသားနဲ့၊ မျက်ရည်နဲ့ ရေးခဲ့တာနဲ့တင် မြန်မာနိုင်ငံသူ အဖြစ် တာဝန်ကျေပွန် ခဲ့ပါပြီ။ ကြုံတုန်း ဒီစာကိုရေးတဲ့ မလေးကို မြန်မာနိုင်ငံသား တဦးအနေနဲ့ အကို ဂုဏ်ယူစွာ ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ် ညီမလေးရေ ..။ ညီမရဲ့ photo story လေးက ဧရာဝတီဟာ ဆည်ဆောက်ပြီး ပိုတောင် ရေစီးသန်လာ ဦးတော့မှာလိုလို ပြောနေသူတွေကို ပုံနဲ့တကွ ငြင်းလိုက်နိုင်ပါတယ်။ ကိုယ့် တိုင်းပြည်နစ်မွန်းတော့မဲ့ အန္တရာယ်ကို အဲဒီ နိုင်ငံသားတွေ ကိုယ်စီကသာ သိနေကြရင် အဲဒီ တိုင်းပြည် မနစ်မွန်းနိုင်လောက်ပါဘူး။ အခုလည်း အကိုတို့ သာမန် နိုင်ငံသားတွေမှာ အဲဒီ awareness to danger ရှိနေကြလို့ နောက်ဆုံးတော့ အကိုတို့နိုင်မှာပါ။ နိုင်အောင်လည်း မဖြစ်မနေ လုပ်ကြရမှာပဲ။ ဧရာဝတီဆည် စီမံကိန်းကို မြန်မာအစိုးရက ဆက်လုပ် လို့ မြန်မာပြည်သူတွေ လမ်းမပေါ် ထွက်လာခဲ့ကြရင် ကျနော်လည်း ယခုနေနေတဲ့ US ကနေ မြန်မာပြည်ကို ရောက်အောင်သွားပြီး ဆန္ဒပြမယ်လို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ကြောင်း အခုကြုံလို့ ဒီနေရာကနေပြီး လူသိရှင်ကြား ကြေညာအပ်ပါတယ်။
Comment by ပြည်ကောင်းအောင် — August 16, 2011 @ 1:02 pm
မလေးရေ … တရုတ်ပြည်က Giant Dam အကြောင်း စာထဲမှာ သင်ခဲ့ရဖူးတယ်။ မလေးရေးပြသလောက် အသေးမစိပ်တော့ ခုမှသေချာသိတော့တယ်။
ဧရာဝတီကို အဲဒီလို အဖြစ်မျိုး မကြုံတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ် မလေးရယ် …
Comment by MDW — August 16, 2011 @ 2:14 pm
အမရေ
I agree with you for our ayerwady.
Comment by mg moe khin — August 16, 2011 @ 2:15 pm
ပို့စ်လေး အရမ်းကောင်းတယ် မလေးရေ..၊ အထောက်အထား များစွာနဲ့
တင်ပြပေးလို့ သိပြီးသားဆိုတဲ့ ကိစ္စတွေ အပေါ်မှာတောင် impact က ပိုပြီး
ရှိပါတယ်..၊
ဧရာဝတီကို ပိုင်ဆိုင်နေဆဲ ဖြစ်တဲ့ တိုင်းပြည်ကလေး အကြောင်း အရောက်မှာတော့
အများကြီး ဆို့နင့်သွားတယ်….၊ ထပ်ပြောပါရစေ…၊ တကယ့်ကို thumbs up ပါပဲ….။
Thank you for your concern about Irrawaddy and excellent article.
I share your photos with label on FB to get more awareness among the Burmese people. Hope you will agree it.
Thanks again!
NYEIN CHAN AYE
BRISBANE, QLD, AU
Comment by NYEIN CHAN AYE — August 16, 2011 @ 4:53 pm
အရမ်းကို ကောင်းတဲ့  post လေးပါ မလေး။ ရင်ထဲ ဆို့ နင့် စွာ ခံစားရပြီး မျက်ရည် ကျမိ ပါတယ်။ facebook မှာ share လိုက်ပါတယ်။ ခွင့်ပြုပါနော်။ ကျေးဇူးတင်ပါတယ်။
Comment by မသန်းသန်း — August 16, 2011 @ 5:28 pm
နှလုံးသားနဲ့ ရေးတဲ့ပိုစ့်လေးကို နှလုံးသားနဲ့ ဖတ်မိတော့
ဘယ်ဘက်ရင်အုံအောက်မှာ နဲနဲအောင့်သလို မျက်ရည်တောင်လည်မိတယ်။
ဘာများလုပ်ပေးနိုင်မလဲ ဧရာဝတီရယ် ..
ကျွန်တော်လိုပမွှားတစ်ယောက်အတွက်တော့ ဘုရားရှိခိုးတိုင်း ဆုတောင်းနေရုံမှတစ်ပါး အခြားမရှိပြီ။
Comment by Than Lae — August 16, 2011 @ 6:23 pm
အားပေးသွားတယ် ဆရာမ စိတ်တော့ မကောင်းဘူး
Comment by မဟာ — August 16, 2011 @ 6:26 pm
လူချင်းမသိမမြင်ဘူးပေမဲ့ နိုင်ငံနဲ့လူမျိုးအပေါ်ချစ်မြတ်နိုးတဲ့စိတ် ရှိသူတိုင်းရဲ့ စေတနာ မေတျာဟာ နှုတ်တရာ စာတလုံးမှာ ပေါ်လွင်နေပါတယ်။ လေးစား ဂုဏ်ယူ ကျေးဇူးတင်ပါတယ်။
Comment by မောင်မျိုးချစ် (ဘူမိ) — August 16, 2011 @ 6:46 pm
ညီမ အပါအဝင် ဖတ်မိတဲ့လူတိုင်း မျက်ရည်ကျမိမှာကို မြင်ယောင်မိတယ် မလေးရေ.. .. .. ဒီပို့စ်လေးအတွက် ကျေးဇူး မလေး :))))))
ဟိုတနေ့က DVBက လွှင့်တဲ့ ဧရာဝတီသီချင်းတွေကို နားထောင်ပြီး မျက်ရည်ဝိုင်းမိတယ်။ အခုလည်း မလေးရေးထားတဲ့စာလေးကြောင့် စိတ်မကောင်းအရမ်းဖြစ်မိပြန်ပြီ။
အချက်အလက်စုံစုံလင်လင်နဲ့ ပြောဆိုထောက်ပြသွားတာမို့ ဗဟုသုတလည်းရစေတယ်။
သူတို့တွေ ကိုယ်ချင်းစာနာတတ်၊ ညှာနာတတ်ရင် သိပ်ကိုကောင်းမှာပဲနော်။
ဧရာဝတီ ဆိုတဲ့ မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်…
မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်…
ဆိုပြီး….
ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ဘယ်တော့မှဖြစ်မလာစေဖို့ တကယ်ဆုတောင်းပါတယ်။ လေးလေးနက်နက်ကို တကယ်ဆုတောင်းမိပါတယ်။
Comment by ရတနာ — August 16, 2011 @ 7:28 pm
မလေးနဲ့ထပ်တူပဲ ခေါင်းစဉ်လေးကိုဖတ်ရကတည်းက မျက်ရည်ဝဲမိတယ်…..။ ဒီပို့စ်လေးကို ဖလမှာ ရှယ်လုပ်ပါရစေနော်…..။ ကျမတို့ ဧရာဝတီမပျောက်သွားအောင် ၀ိုင်းဆုတောင်းရုံပဲ တတ်နိုင်ကြတော့မှာလား…..။
နှလုံးသာ နဲ့ ဖတ်ပါတယ် မလေး။ ဖြန့်ဝေခွင့်ပြုပါ။