
ဝေါလေ့စ် ဟာသူ့ရဲ့အလွန် အရေးပါတဲ့ စာအုပ်ဖြစ်တဲ့ (Malay Archipelagos, Land of Orang Utan and the Paradise of Birds, A Narrative of Travel with Studies of Man and Nature: 1868, Macmillan and Co., London) မှာ ဘယ်လိုရေးထားလဲ ဆိုတော့ "အင်ဒိုနီးရှားကျွန်းစု ရဲ့ အပိုင်း နှစ်ပိုင်း ယှဉ်ကြည့်လိုက် တဲ့အခါမှာ အင်မတန်ကွာခြားတဲ့ အချက်က ရုတ်ခြည်း သိသိသာသာ ပြောင်းလဲသွားတဲ့ အခြေအနေ တွေကို ပထ၀ီဝင် အရ အင်မတန် နီးကပ်တဲ့ ဘာလီနဲ့ လွန်ဘွတ်ကျွန်း တွေမှာထင်ထင်ရှားရှားတွေ့နိုင်တယ်"။ ဘာလီမှာ ဆိုရင် ဂါဘယ် (Garble)၊ မြေလူးငှက် (Fruit Thrush) နဲ့ သစ်တောက်ငှက် (Woodpecker) တို့ကိုတွေ့ နိုင်ပေမယ့် လွန်ဘွတ်ကျွန်း မှာ မတွေ့နိုင်တော့ပါဘူး။ ဒါပေမယ့် လွန်ဘွတ်မှာ ပေါခြင်းသောခြင်း တွေ့နိုင်တဲ့ ကတ္တ၀ါ (Cockatoo )၊ ပျားရည်စုပ်ငှက် (Honeysucker) နဲ့ အမြီးပွကြက်ဆင် (Brush-turkey) တို့ကို ဘာလီနဲ့ အနောက်ပိုင်းကျွန်းများ တလျောက်မှာ မတွေ့ရပါဘူး။ ရေလက်ကြားဟာ ဆယ့်ငါးမိုင်ဘဲကွား ခြားပြီး နှစ်နာရီခရီး မျှသာရှိပါတယ် ဒါပေမယ့် ကမ္ဘာကြီးရဲ့ အပိုင်းနှစ်ပိုင်း ဟာ ဥရောပနဲ့ အမေရိက လိုကွာခြားသွားပါပြီ။
အဲဒီမျဉ်းကလေးရဲ့ တဖက် နဲ့ တခြားတဖက်တို့ဟာ လုံးဝဥသုံ ကွားခြားပါတယ်။ ဒါဟာတကယ့် အမှန်တရားပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဘာလီနဲ့ လွန်ဘွတ် ဟာ ကီလိုမီတာ နှစ်ဆယ် မဲ့မဲ့မျှသာ ရှိပေမယ့် တစ်ကျွန်း နဲ့ တကျွန်း သားငှက်တိရိစ္ဆာန်တွေ ဘယ်တုန်းကမှ ကူးလူးသွားလာ ဖို့ မတတ်စွမ်းခဲ့ကြပါဘူး။ ဝေါ့လေ့စ် ရှင်းပြထားတာက ဘာလီနဲ့ ဂျာဗားကျွန်းမကြီး ကြားက ရေလက်ကြားဟာ မီတာ နှစ်ရာ အနက်သာရှိပေမယ့်၊ ဘာလီ နဲ့ လွန်ဘွတ်ကြားက ရေလက်ကြားကတော့ မီတာနှစ်ရာ ကနေ မီတာသုံးထောင် အထိ ရှိလို့ပါတဲ့။