အင်းလေးကန်ထဲ ကျွန်းမျော မတိုးရန် ဒုသမ္မတပြော
ထွန်းထွန်း
|
တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရေခမ်းခြောက်ကာ ရေအဆိပ်သင့်နေသည့် ရှမ်းပြည်နယ် အင်းလေးကန်အတွင်း
ကျေးရွာ၊
နေအိမ်နှင့် ကျွန်းမျောများ ထပ်မံ မဆောက်လုပ်ရန် အပါအဝင် ၁ဝ ချက်အား
ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တနင်္ဂနွေနေ့ ညှိနှိုင်း ဆွေးနွေးပွဲတရပ်တွင်
တိုက်တွန်းလိုက်သည်။
ဇွန်လ ၂၆ ရက်နေ့တွင် အင်းလေးကန်သို့
သွားရောက်ခဲ့ကာ အင်းလေးကန် ရေရှည် တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင်
အခြေအနေများ ထိန်းသိမ်းရေး လုပ်ငန်း ဆွေးနွေးပွဲတရပ်တွင်
တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲသို့ ပြည်ထောင်စု
သစ်တောရေးရာနှင့် လယ်ယာ/ဆည်မြောင်း ဝန်ကြီးများ၊ မြန်မာ့စိုက်ပျိုးရေး
လုပ်ငန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အင်းလေးကန် ထိန်းသိမ်းရေးအတွက် အချက် ၁၀ ချက်ကို အလေးအနက်ထား ဆောင်ရွက်ရန် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြော
သူက “ အင်းလေးကန်တွင် နောက်ထပ်ကျေးရွာ၊ အိမ်၊ ကျွန်းမျောများ တိုးချဲ့ တည်ဆောက်မှု မပြုရန်၊ မလိုအပ်သော ကျွန်းမျော၊ ဒိုက်၊ မှော်၊
နုန်းမြေများကို ဆယ်ယူ ဖယ်ရှား ရှင်းလင်းရန်နှင့် ချောင်းများ
ရေစီးရေလာ ကောင်းအောင် ပြန်လည် ထိန်းသိမ်း ပြုပြင်ရန်” ဟု
ဆိုသည်။
ထို့အပြင် ကန်ပတ်လည် မိုင် ၂ဝ အတွင်း သစ်တောများ ခုတ်ယူခြင်း၊
တောင်ယာများ ပြုလုပ်ခြင်းနှင့် ကျွန်းမျောများကို ရေခြံ ပြုလုပ်ခြင်း
ကိုပါ တားမြစ်ရန် တိုက်တွန်းခဲ့သည်။
အင်းလေးကန်နှင့် ဝန်းကျင်ဒေသတွင် ကျေးရွာအုပ်စု ၃၆ စုရှိပြီး လူဦးရေ ၁ သိန်း ၇ သောင်းကျော် နေထိုင်လျက် ရှိသည်။
ဒုသမ္မတ
တိုက်တွန်းချက်အတိုင်း ပြုလုပ်ပါက ဒေသခံများ နေထိုင်ရေး
ခက်ခဲလာနိုင်သဖြင့် အစိုးရက စနစ်တကျ ကိုင်တွယ်မှသာ လုပ်ငန်း အောင်မြင်မည်ဟု
ရန်ကုန်ရှိ သစ်တော သယံဇာတ၊ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ထိန်းသိမ်းရေး အသင်း FREDA မှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်
ဦးအုန်းက အကြံပြုသည်။
“လူတွေရဲ့ နေမှုထိုင်မှုကတော့ အရေးကြီးတယ်။
ဒေသခံတွေက တသက်လုံး မိရိုးဖလာ သားစဉ်မြေးဆက် ဒီနေရာမှာနေပြီး ဒီနေရာမှာ
ရှင်လာကြတာဆိုတော့ သူတို့ရဲ့စားဝတ်နေရေးလည်း ဒါ ဦးစားပေးရမှာ။
ဖွံ့ဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင်က အမြဲတမ်း လွန်ဆွဲနေတာ။ အဲဒါ အမြဲတမ်း
ဝိရောဓိဖြစ်နေတော့ ဒီပြဿနာတွေကို လိမ်လိမ်မာမာနဲ့ စိတ်ရှည်လက်ရှည်နဲ့
စေတနာထားပြီး လုပ်မယ်ဆိုရင် တဖြည်းဖြည်းတော့ အောင်မြင်သွားမှာပါ” ဟု သူက
မဇ္ဈိမကို ပြောသည်။
အင်းလေးဒေသ အခြေစိုက် အင်းအမျိုးသား

အင်းလေးကန်တွင်း တည်ဆောက်ထားသော ရေပေါ်ခြေတံရှည်အိမ်များ (ဓါတ်ပုံ မဇ္ဈိမ)
ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း “ ကုန်ထုတ်လုပ်ငန်း၊ စက်မှုလက်မှု လုပ်ငန်းလေး
တွေပေါ့လေ။
နောက် အသေးစား အိမ်တွင်းမှု လုပ်ငန်းလေးတွေ၊ အဲဒါလေးတွေကို
လုပ်ပေးလိုက်လို့ရှိရင် လူတွေကလည်း ကုန်းပေါ်ကို ရောက်သွားပြီးတော့မှ
လူနေမှုကလည်း အဆင်ပြေသွားမယ်။ အင်းလေးကန် ကိုလည်း အညစ်အကြေးတွေ မရှိတော့ဘူး။
အားလုံးက အလုပ်အကိုင်တွေ ရှိသွားမှာ ဖြစ်တဲ့အတွက် အသေးစား
လက်မှုလုပ်ငန်းလေးတွေတော့ ထူထောင်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။
အင်းလေးကန်သည်
မူလက ရေပြင်ဧရိယာ ၁ဝဝ စတုရန်းမိုင်အထိ ရှိခဲ့ရာမှ ၂ဝဝ၈ ခုနှစ်တွင် ၂၃
မိုင်ခန့်သာ ရှိတော့ကာ ၂ဝ၁ဝ ခုနှစ်ထဲတွင် စံချိန်တင် ရေခမ်းခြောက် ခဲ့သည်။
ကန်သည် နွေရာသီတွင် ပျမ်းမျှ ရေအနက် ၇ ပေခန့်ရှိပြီး အနက်ဆုံးအပိုင်းမှာ ၁၂
ပေခန့်ရှိကာ မိုးရာသီတွင်မူ ပျမ်းမျှထက် ၅ ပေခန့် မြင့်တက်လေ့ရှိသည်။
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဆွေးနွေးချက်ထဲတွင် ကန်အတွင်း ရေဝင်ရေထွက် နည်းလာခြင်းနှင့်
နုန်းကျခြင်းများ
ရှိနေရာ၊ ရေဝေရေလဲ ဒေသရှိ သစ်တာသစ်ပင်များ စိုက်ပျိုးခြင်း၊
ထိန်းသိမ်းခြင်းနှင့် နုန်းတား ဆည်များ တည်ဆောက်ရန်ကိုပါ ထည့်သွင်း
ပြောဆိုခဲ့သည်။
ထို့အပြင် ဒေသခံများအတွက် သောက်သုံးရေ ရင်းမြစ်များ

ရှမ်းပြည်နယ်
အင်းလေးကန်တွင်းရှိ ခရမ်းချဉ်သီးပင်များကို ပိုးသတ်ဆေး ပက်ဖျန်းနေသူတဦး
ပိုးသတ်ဆေး သုံးစွဲမှုကြောင့် ကန်ထဲရှိ ရေသတ္တဝါများ အတွက် အဆိပ်သင့်မှုများ
ရှိသည်။ ဓာတ်ပုံ- မဇ္ဈိမ။
ရှာဖွေ တည်ဆောက်ရန်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အမျိုးသားရေး လိုအပ်ချက်အဖြစ် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် အပြင် ဘဏ္ဍာငွေ
ဖောင်ဒေးရှင်း တရပ်အား နိုင်ငံတော်မှ မတည်၍ လုပ်ငန်းရှင်များ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်သွားရန် တိုက်တွန်းထားသေးသည်။
အင်းလေးကန်မှာ မြန်မာနိုင်ငံ၏ သဘာဝ အမွေအနှစ် တခုဖြစ်ပြီး နိုင်ငံခြားခရီးသွားများ မျက်စိကျသည့်
ဒေသလည်း ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှ
နိုင်ငံများအသင်း ASEAN က အာဆီယံ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်သည်။
အင်းလေးကန်ကို
နဂိုမူလအတိုင်း ပြန်ဖြစ်ရန်အတွက် ၁ဝ နှစ်ထက်မနည်း အချိန်ယူ လုပ်ဆောင်ရမည်
ဖြစ်ကာ၊ တားမြစ်ချက် ထုတ်ပြန်ခြင်းအပြင် တိကျသည့် ဥပဒေများ ပြဋ္ဌာန်းရန်
လိုအပ်သေးသည်ဟု ဦးအုန်းက ပြောဆိုသည်။
သူက ဆက်ပြီး “ ဥပဒေတွေကလည်း
မလုံလောက်ဘူး။ ဥပမာဆိုပါတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ Environmental
Law က အခုထက်ထိ မထွက်သေးဘူး။ နောက်တခု အရေးကြီးတာက အင်းလေးနဲ့လည်း ဆိုင်တာက
Biodiversity Law ။ ဆိုလိုတာက အဆိပ်အတောက်ရှိတဲ့ ဓာတုဓာတ်မြေသြဇာတွေ အစား
သဘာဝ ဓာတ်မြေသြဇာ အစားထိုးတဲ့ စနစ်။ ဒါက လုပ်တာက တပိုင်း၊ ဥပဒေကလည်း
ပြုရမယ်” ဟု ပြောသည်။
အင်းလေကန်အတွင်း ကျွန်းမျော စိုက်ခင်းများတွင် ဓာတုဓာတ်မြေသြဇာများ အသုံးပြုနေသဖြင့် ရေညစ်ညမ်းမှုများ
ဖြစ်နေပြီး ကန်အတွင်း ကျွန်းမျော စိုက်ခင်းပေါင်း ဧက ၈ဝဝဝ ခန့် ရှိသည်ဟု ဦးဝင်းမြင့် အဆိုအရ သိရသည်။

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ အင်းလေးကန်တွင် ရေခန်းခြောက်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။
“အင်းလေးကန်ရေက
ရေအရည်အသွေး ညံ့လာတာရယ်၊ ပြီးတော့ ခရမ်းချဉ်သီး စိုက်ခင်းမှာ
ဓာတုဗေဒပစ္စည်းတွေ သုံးတဲ့အတွက် အင်းလေးကန်မှာ ရေအရည်အသွေး
လျော့ကျလာတာ ရှိပါတယ်။ ဒါပေမဲ့ လူတွေကို အန္တရာယ်
ဖြစ်လောက်တဲ့
အထိ မဖြစ်သေးပါဘူး။ ဒါလေးကို ကျနော်တို့က မထိန်းသိမ်းလို့ရှိရင် နောက် ၅
နှစ်မှာ လူကို အန္တရာယ်ဖြစ်လာမယ့် အနေအထား ရှိပါတယ်” ဟု သူက ဆိုသည်။
အင်းလေးကန်ကြီး
ရေရှည်တည်တံ့ရေး လုပ်ငန်းများ အတွက် မြန်မာအစိုးရက ကြီးကြပ်ရေး ကော်မတီ
တရပ် ဖွဲ့စည်းထားသော်လည်း ဝန်ကြီးဌာန ပေါင်းစုံ အနေဖြင့် ထိရောက်စွာ
ပေါင်းစပ် လုပ်ကိုင်မှသာ အောင်မြင်နိုင်မည် ဟုလည်း ဦးအုန်းက
ပြောဆိုလိုက်သည်။
“ဒုသမ္မတက ဌာနတွေ အကုန်လုံးကို ကိုင်ပြီးတော့
အစစအရာရာ အဆင်ပြေအောင် သူက ဖန်တီးပေးရမှာ။ အဲဒါမှ အောင်မြင်မယ် ထင်တယ်။
ဝန်ကြီးဌာန တခုထဲ၊ နှစ်ခုထဲ ပေးတာထက် ဌာနပေါင်းစုံကို ဒုသမ္မတအောက်မှာ
ထားပြီး အင်းလေးကန် ရေရှည်တည်တံ့ဖို့ ဆိုတဲ့ ခံယူချက်နဲ့ လုပ်မယ်
ဆိုရင်တော့ မဖြစ်မနေ အောင်မြင်မှာပဲလို့ ယူဆတယ်” ဟု သူက ပြောသည်။
သစ်တော၊
စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနများ သာမက မြန်မာ့ရေလုပ်ငန်း၊
ဟိုတယ်ဇုန်နှင့် ခရီးသွား လုပ်ငန်းများပါ စုပေါင်း လုပ်ကိုင်သင့်သည်ဟု
ဆိုသည်။