| ချင်းတွင်းနဲ့ မြစ်သာ |
|
|
| Written by ကိုဆူး (ချင်းတောင်ခြေ) | |
|
မြစ်ဆုံဆိုတာ ဧရာဝတီရဲ့ အထက်ပိုင်းဒေသမှာတော့ နာမည်ကြီးတာပဲလေ။ ကျွန်တော်တို့ အထက်ချင်းတွင်းဒေသမှာလည်း ကလေးဝမြို့မှာ ချင်းတွင်းမြစ်နဲ့ မြစ်သာမြစ် ဆုံရာရှိပါတယ်။ ဒါပေမယ့် အဲဒီနေရာကို မြစ်ဆုံလို့ ဘယ်သူမှ အခေါ်အဝေါ် မရှိပါဘူး။ ကလေးဝမြို့ရဲ့ မြို့ဦးမှာရှိတဲ့ ရွှေမုဒ်ဋ္ဌောဘုရားရဲ့ အစွန်းလေးမှာ မြစ်နှစ်စင်း ဆုံကြတယ်။ အဲဒီနေရာကို ရွှေမုဒ်ဋ္ဌောဘုရားကြီးပေါ်ကနေ ကြည့်လိုက်ရင် မြစ်နှစ်စင်းဆုံတွေ့ရာကို အတိုင်းသားမြင်နိုင်တယ်။ ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့ အဓိက မြစ်လက်တက် ဖြစ်ပြီး မြန်မာနိုငံအတွင်းမှာ တတိယအရှည်ဆုံး မြစ်တစ်ခု ဖြစ်တယ်။ ကချင်ပြည်နယ် ကူမွန်တောင်တန်းရဲ့ အနောက်ဘက်နဲ့ အိန္ဒိယမြန်မာနယ်စပ် တောင်တန်းတွေမှာ မြစ်ဖျားခံတဲ့ တနိုင်ခ၊ တရွန်ခ၊ တ၀န်ခ မြစ်သုံးသွယ်ဟာ ဟူးကောင်းချိုင့်ဝှမ်းမှာ ပေါင်းဆုံးပြီး ချင်းတွင်းမြစ် အဖြစ်နဲ့တောင်ဘက်သို့ စီးဆင်းပါတယ်။ မြစ်သာမြစ်ကြီးက ချင်းတောင်ကနေ မြစ်ဖျားခံ စီးဆင်းလာပြီး ချင်းတွင်းမြစ်ထဲကို စီးဝင်တဲ့ ချင်းတွင်းမြစ်ရဲ့ လက်တက် တစ်ခုပေါ့။ ဒီမြစ်နှစ်ခုဟာ မြန်မာနိုင်ငံ အနောက်မြောက် ဒေသမှာ လူသိများပြီး လူတွေကို အကျိုးပြုနေတဲ့ ထင်ရှားတဲ့ မြစ်တွေပေါ့။ ချင်းတွင်းမြစ်အတွင်းကို အရှေ့ဘက်ကနေ ဥရုမြစ်၊ အနောက်ဘက်က နန်ဖွတ်ကမြစ်၊ မြစ်သာမြစ်တို့ စီးဝင်တယ်လေ။ ခန္တီး၊ ထမံသီ၊ ဟုမ္မလင်း၊ သောင်သွပ်၊ ဖောင်းပြင်၊ ကင်းတပ်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့ တို့ကို ဖြတ်သန်းပြီး ရေစကြိုမြို့ အလွန်မှာ မြစ်ကြောင်း နှစ်ဖြာကွဲပြီး မြစ်ဝနှစ်ခုဖြင့် ဧရာဝတီ မြစ်အတွင်းကို စီးဝင်တယ်လို့ သိရတယ်။ မြစ်ဝတစ်ခုက မြင်းခြံအထက် ရေတိုင်ရွာအနီးမှာ စီးဝင်ပြီး၊ အခြား တစ်ခုက မြင်းခြံမြို့အောက် ပခုက္ကူ အထက်ကနေ စီးဝင်တယ်လေ။ ဒါပေမယ့် အထက်မြစ်ဝမှာ ကောသလောက်နီးပါး ဖြစ်သွားလို့ အောက်မြစ်ဝကသာ သဘောင်္များ စုန်ဆန် သွားလာနိုင်တော့တယ်လို့ ဆိုကြတယ်။ ချင်းတွင်းမြစ်ဟာ ၆၉၁ မိုင် ရှည်လျားပြီး တစ်နှစ်တစ်နှစ် ရေထုထည်ဧက ပေ ၁၁၅ သန်း စီးဆင်းပြီး မိုးတွင်းမှာတော့ ခန္တီးမြို့အထိ သင်္ဘောတွေ သွားနိုင်ပေမယ့်၊ ဆောင်းနဲ့နွေဥတုမှာတော့ ဟုမ္မလင်းမြို့အထိသာ သင်္ဘောများ ကျပ်ကျပ်တည်းတည်း သွားလာနိုင်တော့တယ်လေ။ တစ်နေ့တော့ ကျွန်တော်ဟာ မြစ်နှစ်စင်းကို ချစ်တဲ့စိတ်နဲ့ မြစ်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညင်းသန့်သန့်မှာ စိတ်ဆေးဖို့ ရွှေမုဒ်ဋ္ဌောဘုရားပေါ်ကို တက်ခဲ့မိပါရော။ အဲဒီမှာ ဘုရားပေါ်ကနေ မြင်ရတဲ့ မြစ်နှစ်စင်းကို ခါတိုင်းလိုပဲ ငေးကြည့်မိတယ်။ မြစ်တစ်ခုက ညိုညစ်ညစ်၊ မြစ်တစ်ခုက စိမ်းကြည်လဲ့လို့ အတိုင်းသား မြင်လိုက်ရတော့ တုန်လှုပ်သွားတယ်။ ချင်းတွင်းမြစ်ရေတွေဟာ နောက်ကျိလို့ပေါ့။ နွေရာသီမှာဆိုရင် ချင်းတွင်းမြစ်ရေဟာ အမြဲတမ်း ကြည်ကြည်လင်လင် ရှိခဲ့တာ မဟုတ်လား။ မိုးရာသီရောက်မှ ဒိုက် တွေနဲ့ နောက်ကျိတတ်တယ်လို့ သိထားတာကိုး။ ခုတော့ အတ္တတွေ မွှမ်းထုံထားပြီး လောဘတွေနဲ့ အရောင်ဆိုးခံလိုက်ရတဲ့ ချင်းတွင်းမြစ်ကြီးဟာ မှုန်တေတေ အကြည့်တွေနဲ့ ကြည့်တတ်နေပြီလေ။ အထက်ပိုင်းမှာက ချင်းတွင်းမြစ်ထဲကို ရွှေတွေကျင်နေကြတော့ ရေတွေနောက်နေတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် ဒီဘက် တစ်နှစ်၊ နှစ်နှစ်လောက်မှာ ပိုဆိုးလာတယ်။ နွေ၊ မိုး၊ ဆောင်း မြစ်ရေက နောက်ကျိနေတော့တာ။ ချင်းတွင်းမြစ်ရေကို သောက်သုံးနေကြတဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးကို သတိပိုထားကြရပြီလေလို့ ဒေသခံတစ်ဦးက ပြောပြတယ်။ ရေအမျိုးအစား အမျိုးမျိုးမှာ အညစ်ပတ်ဆုံးဟာ မြစ်ရေဖြစ်တယ်လို့ ပြောကြတယ်ဗျ။ ရေအမျိုးအစား အမျိုးမျိုးအတွင်းမှာလည်း၊ သတ္တုတွင်းတွေရှိတဲ့ ဒေသများမှာရှိတဲ့ မြေအောက်ရေကို ခဲ၊ ကက်ဒ်မီယမ်၊ ပြဒါး၊ ဖယ်ရီလီယမ်၊ စထရွန်တီယမ်၊ ခရိုမီယမ် ပါဝင်မှု အခြေအနေကို စစ်ဆေးပြီးမှသာ သောက်သုံးသင့်တယ်လို့ ဆိုကြတယ်။ ကဲ ဒီလို ရွှေတွေတူးဖော်နေကြတဲ့ မြစ်အတွင်းက ညိုညစ်ညစ် မြစ်ရေတွေထဲမှာလည်း ဘယ်လို ဓာတ်သတ္တုတွေ ပါဝင်နေမလဲဆိုတာ စမ်းသပ်ပေးဖို့ လိုနေပြီမဟုတ်လား။ ရွှေကျင်နေကြတဲ့ သူတွေဆီက ပြဒါးတွေဟာ မြစ်ထဲကို လုံးဝမရောက်ပါဘူးလို့ ဘယ်သူကများ အာမခံရဲမှာလဲဗျာ။ သဘာဝက ပေးအပ်ထားတဲ့ သယံဇာတတွေ ပေါများလွန်းတဲ့၊ မြေလှန်ရင် ရေနံဆိုတာလည်း မရှားတဲ့ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတမြစ်ကြီးတွေလည်း အပါအ၀င်ပေါ့။ လူတစ်စုရဲ့ အကျိုးစီးပွားကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကျွန်တော်တို့ ဒီအတိုင်း ထိုင်ကြည့်နေနိုင်မလား။ သဘာဝသယံဇာတဆိုတာ မကုန်သွားပါဘူးလို့ ဘယ်သူက ပြောနိုင်လိမ့်မလဲ။ ဘိုးမွေဘွားမွေဖြစ်တဲ့ မြစ်ကြီးတွေရဲ့ ကျန်းမာရေးကို ကျွန်တော်တို့ ဂရုစိုက်ကြရမယ်လေ။
မြစ်သာမြစ်နဲ့ ပတ်သက်လို့ ပြောစရာတစ်ခုက အရင်နှစ်တွေ အိုးသည်တွေဆိုရင် လှေလေးတွေနဲ့ ဒီလို နွေဦးရာသီဆိုရင် ဆန်တက်လာကြပေမယ့် လှေလေးတွေကို ဒီနှစ်မှာ မမြင်မတွေ့ကြတော့ဘူးလေ။ သစ်ချောက်ကျေးရွာ အနီးမှာ ကျောက်မီးသွေးတူးဖော်တဲ့ ကုမ္ပဏီတစ်ခုက တံတားထိုးထားလိုက်တာ လှေသွားလို့ မရတော့လို့ ဆိုပဲ။ ဒါပေမယ့် လွတ်လပ်စွာ စီးဆင်းတဲ့ မြစ်ရေတွေကို မထိခိုက်လို့ တော်သေးတာပေါ့။ ချင်းတွင်းမြစ်ဝှမ်းရဲ့ ရေသယံဇာတကို ဘက်စုံ အသုံးချရေးအတွက် ပဏာမ လေ့လာမှုကို ကမ္ဘာ့ကုလသမဂ္ဂ ကျွမ်းကျင်မှု အကူအညီပေးရေး ဘုတ်အဖွဲ့ရဲ့ အစီအစဉ်နဲ့ ၁၉၆၂ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့တယ်လို့ မှတ်သားဖူးတယ်။ အဲဒီ အစီရင်ခံစာမှာ ချင်းတွင်းမြစ်ကြီးနဲ့ မြစ်လက်တက်တွေပေါ်မှာ ရေလှောင်တမံတွေ အဆင့်ဆင့် တည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်ယူရန်၊ လျှပ်စစ်ရေတင်စိုက်ပျိုးရေး တိုးချဲ့ဆောင်ရွက်ရန်နဲ့ ချင်းတွင်းမြစ်ရိုးတစ်လျှောက်နဲ့ ဧရာဝတီမြစ် အလယ်ပိုင်းအတွင်း ရေကြောင်း သွားလာရေး တိုးချဲ့ ဆောင်ရွက်သွားရန် တင်ပြခဲ့ပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ အကြား စီးပွားရေး၊ ကူးသန်းသွားလာရေး အဓိက လမ်းကြောင်းဖြစ်တဲ့ ချင်းတွင်းမြစ်ကြောင်းဟာ မိုးရာသီနဲ့ နွေရာသီရေစီးနှုန်း ကွာခြားမှု အလွန်များလာသလို၊ ရေအမြင့်တွေဟာလည်း အနိမ့်အမြင့် ကြီးမားလွန်းပါတယ်။ ချင်းတွင်းမြစ်ရဲ့ လျှောစောက်(Gradient)ကို လေ့လာကြည့်တော့ အထက်ပိုင်းမှာ (၀.၀၀၀၃၀) လောက်ဖြစ်ပြီး မြစ်အောက်ပိုင်းမှာတော့ (၀.၀၀၀၅၀) ခန့် ဖြစ်တယ်လို့ မှတ်သားဖူးတယ်။ မြစ်ကြမ်းပြင်ဟာ အနည်ကျကျောက်တုံးတွေ ဖြစ်တယ်။ အမြင့်ဆုံး ရေစီးနှုန်းကတော့ (၃.၆၇) မီတာ။ စက္ကန့်ဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက် မြစ် ပြင်အကျယ်မှာ (၁၈၀)မီတာကနေ (၃၀၀၀)မီတာအထိ ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ကုလသမဂ္ဂ ပညာရှင်တွေက ချင်းတွင်းမြစ်ဖျားမှာ ရေအားလျှပ်စစ် စီမံကိန်း(၃) ခု(တရွန်ခ ၁၅၀ မဂ္ဂါဝပ်၊ တ၀မ်ခ ၅၀ မဂ္ဂါဝပ်၊ တနိုင်းခ ၁၅ မဂ္ဂါဝပ်)၊ ချင်းတွင်းမြစ်မကြီးပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း ၃ ခု၊ (ထမံသီ ၁၂၀၀ မဂ္ဂါဝပ်၊ မော်လိုက် ၅၂၀ မဂ္ဂါဝပ်၊ ရွှေစာရေး ၆၄၂ မဂ္ဂါဝပ်)၊ မြစ်လက်တက်ဖြစ်တဲ့ မြစ်သာမြစ်ပေါ်မှာ(၂၀ မဂ္ဂါဝပ်နဲ့ ၄၀ မဂ္ဂါဝပ်)တို့ကို အဆင့်ဆင့် တည်ဆောက်သွားဖို့ တင်ပြခဲ့ပြီး အဲဒီအထဲကနေမှ ထမံသီနဲ့ ရွှေစာရေး စီမံကိန်းတွေကို ဦးဆုံး လေ့လာခဲ့ကြသတဲ့။ ၆၄၂ မဂ္ဂါဝပ် ထွက်ရှိမယ့် ရွှေစာရေး ရေအားလျှပ်စစ်စီမံကိန်းရဲ့ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာဟာ ၂၀၀၅ ခုနှစ်အတွင်း ပြီးစီးခဲ့ပါတယ်။ ချင်းတွင်းမြစ်ရဲ့ မိုးရာသီ ရေစီးနှုန်း များပြားလွန်းတာကြောင့် အထက်ပိုင်းက ထမံသီစီမံကိန်းကို ဦးစွာတည်ဆောက်ဖို့ အကြံပြုခဲ့တဲ့အတွက် ထမံသီစီမံကိန်းရဲ့ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ ပြုစုရေးဆွဲရေးကို အိန္ဒိယနိုင်ငံ အမျိုးသားရေအားလျှပ်စစ် ကော်ပိုရေးရှင်း(National Hydroelectric Power Corporation NHPC)က တာဝန်ယူဆောင်ရွက်သွားဖို့ ညှိနှိုင်းထားပါတယ်။ ဘာပဲပြောပြော မြစ်တွေပေါ်မှာ တာတမံတွေ တည်ဆောက်တာဟာ အကျိုးနဲ့အပြစ်တွေ အနည်းနဲ့အများ ဆိုသလိုတော့ ရှိတာပါကလား။ အကျိုးကျေးဇူးများများကို စဉ်းစားပြီး အပြစ်ဒုက္ခတွေ နည်းနည်းကို ဖြစ်စေမယ့် စီမံခန့်ခွဲမှုတွေ ရှိပါစေလို့ ဆုတောင်းရမှာပေါ့။ လောလောဆယ်မှာတော့ ချင်းတွင်းမြစ်ဟာ နှုန်းပို့ချမှုတွေ များတာကြောင့် တချို့နေရာတွေဆိုရင် ရေကြောင်းသွားလာမှု တော်တော်ခက်ခဲလာတယ်လို့ ဆိုကြတယ်။ ရှော်တယ်လို့ခေါ်တဲ့ ကုန်မော်တော်လေးတွေ နှစ်စင်း အရှောင်ခက်တဲ့ နေရာတွေ ရှိလာပြီတဲ့။ သဲသောင်တွေများတဲ့၊ အနည်တွေပိုပြီး ပို့ချလာတဲ့ ဗိုက်ကြီးပူလာတဲ့ ချင်းတွင်းလို့ ဆိုရမှာပေါ့။ ချင်းတွင်းမြစ်ရဲ့ လက်တက် ဥရုမြစ်ဆိုရင် မော်တော်ကြီးတွေ သွားမရတော့လို့ ဟုမ္မလင်းမြို့အောက်က မြစ်ဝတင် ကုန်တွေကို မော်တော်ငယ်လေးတွေနဲ့ကဲ့ပြီး သယ်ဆောင်နေရတယ်ဆိုတဲ့ သတင်းစကားတွေ ကြားသိနေရတယ်။ ဟိုယခင် တစ်နှစ်က မော်လိုက်မြို့ ရေကြောင်းဟာ မြို့နဲ့ဝေးရာကို ရွှေ့သွားလို့ မြို့သူမြို့သားတွေ ရေအခက်တွေ့ရပါရောလား။ နောက်ကို ဒီလို သုံးရေသောက်ရေ ခက်စေမယ့် မြစ်ကြောင်း ရေလမ်းပြောင်းလဲမှုတွေ ဖြစ်လာခဲ့ရင် ဒေသခံတွေ အခက်ကြုံရမှာပါလား။ တချို့မြစ်တွေဆို အခုလို နွေရာသီမှာဆို လှည်းနဲ့ဖြတ်လို့ ရကြသတဲ့။ ရေမရှိတဲ့၊ ရေနည်းပါးတဲ့ မြစ်တွေများလာတာဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကောင်းမွန်လာတာလား ဆိုးရွားသွားစေတာ လားဆိုတာ ပြေးကြည့်စရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်တွေနဲ့အတူ ငယ်ငယ်တုန်းက ရေဆင်းချိုးခဲ့ဖူးတဲ့ ချင်းတွင်းမြစ်အတွင်းမှာ တပျော်တပါးကြီး ရေကူးနေလိုက်ချင်ပါသကောဗျာ။ |