တောင်ကတုံးကို ရောင်ထုံးမယ်

43 views
Skip to first unread message

Thomas Latt

unread,
Sep 5, 2011, 4:28:08 AM9/5/11
to travelmyanmar, birds-...@googlegroups.com
တောင်ကတုံးကို ရောင်ထုံးမယ်

ရန်ဝင်း (တောင်တံခါး)

စက်တင်ဘာ ၅၊ ၂၀၁၁

မြန်မာပြည်ထဲမှာ သစ်တောတွေ ပြောင်တလင်းခါနေတဲ့ တောင်ကတုံးကြီးတွေ တနေ့တခြား တိုးပွားလာနေပြီ။

ကဗျာ့ကဝိအမော် ဆရာကြီး ဇော်ဂျီ သတိပေးပြီး ရေးခဲ့တဲ့ ကဗျာတပုဒ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာကြာတုန်းက မြန်မာပြည် သစ်တောဝန်ကြီးဌာနမှာ ဆောင်ပုဒ်တခုအနေနဲ့ ကိုးကားခဲ့ဖူးတယ်။ ကားလမ်းဘေးတွေမှာလည်း အစိမ်းရောင် ဆိုင်းဘုတ်ကြီးတွေအပေါ်မှာ အဲဒီကဗျာကိုရေးလို့ သဘာဝ သစ်တော ထိန်းသိမ်း ကာကွယ်ရေး ပညာပေးခဲ့ဖူးတယ်။

‘တောပင် ကို တော်တော်ခုတ်

တောပြုတ်လိမ့် နောက်နောင်။

တောပြုတ်လို့ တောပြောင်လျှင်

မိုးခေါင်တော့မှာပဲ။

မိုးခေါင်လို့ ရေမကြွယ်

သဲပင်လယ် ဖြစ်လိမ့်မလွဲ။’

တို့လယ်သမား ဗုံထောက်သံ (၁၉၅၉)


ဇော်ဂျီ

(၁၉ဝ၇-၁၉၉ဝ)

အခုတလော မြန်မာပြည်ထဲမှာ ရာသီဥတုတွေက မကြုံစဖူး ဖောက်ပြန်လာနေတယ်။ ‘ဥတုရာသီ တောကိုမှီ’ သတဲ့။ အဲဒီလို ဆိုရိုးစကားရှိခဲ့ပေမယ့် မြန်မာပြည်ရဲ့ ရာသီဥတုက အမှီသဟဲပြုနေရတဲ့ မြန်မာ့သစ်တောကြီးတွေခမျာမှာ မဆင်မခြင် ခုတ်ထွင် ရှင်းလင်းတာကို ခံနေကြရပြီလေ။

မြန်မာ့ ပင်လယ်ကမ်းရိုးတန်းတလျှောက်က ဒီရေတောကြီးတွေလည်း တနေ့တခြား ဆုတ်ယုတ်လာနေပြီလို့ ဒေသခံတွေက သတိထားမိလာကြတယ်။ အထူးသဖြင့် မီးသွေးဖုတ်လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်တဲ့ မြစ်ဝကျွန်းပေါ် အရပ်ဒေသတွေမှာ ဒီရေတောကြီးတွေနဲ့အတူ တချိန်တုန်းက ထူထူထပ်ထပ် သိပ်သိပ်သည်းသည်း ရှိခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်းက သစ်တောအုပ်တွေဆိုတာလည်း အခုအချိန်မှာ တော်တော်ပဲ ပြုန်းတီးကုန်ကြပြီတဲ့။


မြစ်ဝကျွန်းပေါ် ဒီရေတောတွေနဲ့ ကုန်းတွင်းပိုင်းက သစ်တောတွေ


ဒီရေတောထဲက လမုပင်တွေ

   ‘ကမ္ဘာမီးလောင် သားကောင် ချ နင်း’ ဆိုသလောက်တော့ အခြေအနေက မဆိုးရွားသေးပေမယ့် မြန်မာပြည်အရပ်ရပ်မှာ ကြုံတွေ့နေကြရတဲ့ လောင်စာ၊ ထင်း၊ မီးသွေး ရှားပါးတဲ့ အခက်အခဲ ပြဿနာကို အလွယ်တကူ ဖြေရှင်းကြလို့ရလာတဲ့ ရလဒ်တခုကတော့ ဒီလိုပါ။

တခါတုန်းက မိုင် ၇ဝ အကွာအဝေးရှိတဲ့ ရွှေဘို-မန္တလေး ကားလမ်းဘေး ဘယ်ညာ တဖက်တချက်မှာ အဓိကရ ကုက္ကိုပင်ကြီးတွေ တစီတတန်းကြီး ရှိခဲ့ဖူးတယ်။ အပင်အရေအတွက်ကို မှတ်သားဖို့ နံပါတ်စဉ်အတိုင်း သံပြားချပ်တွေနဲ့ ရေးထိုး ချိတ်ဆွဲထားတဲ့ အဲဒီ ကုက္ကိုပင်ကြီးတွေက ကားလမ်းပေါ်မှာ နေပြောက်မထိုးနိုင်လောက်အောင်ဘဲ စိမ်းစိမ်းညို့ညို့ အုပ်အုပ်ဆိုင်းဆိုင်း၊ အကိုင်းအခက်တွေ၊ အရွက်တွေ ဖားဖား လျားလျား၊ အသီးအပွင့်တွေက ဝေဝေဆာဆာနဲ့ ရှိခဲ့ဖူးတယ်။

‘ကုက္ကိုပင် မြန်မြန်ခုတ် လှည်းလုပ်ပါ့ မောင်’ ဆိုတာမျိုးကတော့ ကလေးကစားစရာဆိုတော့ မထောင်းသာလှဘူးပေါ့။  အခုတော့ ‘မရှိတာထက် မသိတာခက်’ လို့ ဆိုရလေမလား။  ကုက္ကိုပင်ကြီးတွေက အခေါက်တွေကို ထင်းဆိုက်ဖို့ရာအတွက် ခွာယူကြပါလေရော။ အနီးတဝိုက် မလှမ်းမကမ်းမှာ ရွာတွေ၊ လူနေအိမ်ခြေတွေရှိနေပေမယ့် ဒီလိုလုပ်နေတာတွေကို တားမြစ်မယ့်သူလည်း မရှိ။ မြင်တွေ့နေသူတွေက ကိုယ်တိုင်ပဲ ပါဝင်နေသလားလည်း မသိနိုင်တော့ပြီ။

နောက်ဆုံးမှာတော့ ကုက္ကိုပင်ကြီးတွေခမျာမှာ အရှင်လတ်လတ် အခြောက်ခံထားသလို သင်းသတ်ခံကြရရှာတယ်။ ကိုင်းဖျား ကိုင်းနားတွေပါ ချိုးဖဲ့ယူငင်သွားကြပြန်တော့ အဲဒီ ကုက္ကိုပင်ကြီးတွေရဲ့ ဒီကနေ့အခြေအနေက အရိုးပြိုင်းပြိုင်းနဲ့ မမြင်ရက် မရှုရက်စရာပါပဲ။


မရှိတာထက် မသိတာခက်

‘သိလျက်နှင့်ပင် ဝိပါက် ကြမ္မာငင်’ တာကတော့ မြန်မာ့သစ်တောကြီးတွေထဲက ကျွန်းနဲ့ သစ်မာ၊ ဘိုင်သားပါမကျန် သစ်အမျိုးမျိုးကို မဆင်မခြင် ထုတ်ယူတာပါပဲ။ 


သိလျက်နှင့်ပင် ဝိပါက် ကြမ္မာငင်တော့


သစ်ပင်တွေ မြေတွင်းဓာတ်တွေ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်


ချီလေတဲ့ ချီလေ၊ တောင်တန်းတွေ ကျော်ကာ လှမ်းလို့


တောပင် ကို တော်တော်ခုတ်ပါ့


တောပြုတ်လိမ့် နောက်နောင်


တောပြုတ်လို့ တောပြောင်လျှင်

လက်ဘနွန်ပြည်ဖွား စာဆိုကြီး ‘ခါလေး ဂျီဘရမ်’ က ‘သစ်ပင်တွေဆိုတာ ကောင်းကင်ပြင်ကြီးရဲ့ အပေါ်မှာ ကမ္ဘာမြေကြီးက ရေးဖွဲ့ သီကုံးလိုက်တဲ့ ကဗျာတွေပေါ့။ ကျုပ်တို့က သစ်ပင်အားလုံးကို ဖြိုလှဲချလိုက်ပြီး စက္ကူရွက်တွေလုပ်လိုက်တဲ့အခါ၊ အဲဒီ စက္ကူတွေအပေါ်မှာ ကျုပ်တို့ရဲ့ ဗလာနတ္ထိဘဝ ရောက်သွားတဲ့အဖြစ်ကို မှတ်တမ်းတင်ကြရုံပါပဲ’ လို့ ရေးခဲ့တယ်။

“Trees are poems that Earth writes upon the sky.

We fell them down and turn them into paper,

that we may record our emptiness.”


Kahlil Gibran

(1883-1931)

‘ငါ့စကား နွားရ’ ဝါဒကို ကိုင်စွဲပြီး ဘယ်သူသေသေ ကိုယ် မာချင်တဲ့ ‘ငတေ’ တွေက ‘အရိပ်နေနေ အခက်ချိုးချိုး’ အကျိုးရယ် အကြောင်းရယ် မဆင်ခြင်ဘဲ တနပ်စားဉာဏ်နဲ့ ‘ဘ နဖူး သိုက်တူး’ သလို ဆက်လုပ်နေကြမယ်ဆိုရင်တော့ မြန်မာပြည်ထဲက ရှိရှိသမျှ သစ်တောတွေလည်းပြုန်း၊ တောင်တွေ အားလုံးလည်း တက်တက်ပြောင်လို့ တောင်ကတုံးကြီးတွေချည်းပဲ ဖြစ်ကုန်ကြတော့မယ်လေ။ 


တောပြောင်ပြောင်နဲ့ တောင်ကတုံးကြီးတွေ


တောပြုတ်လို့ တောပြောင်လျှင် မိုးခေါင်တော့မှာပဲ


မိုးခေါင်လို့ ရေမကြွယ် သဲပင်လယ် ဖြစ်လိမ့်မလွဲ

အမေရိကန်ပြည်ထောင်စု ၄၅ ကြိမ်မြောက် ဒု-သမတ ဖြစ်ခဲ့သူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှုဘက်တော်သား အယ်(လ)ဂေါ က ‘ဟန်ချက်ညီစေ ကမ္ဘာမြေ’ (Earth in the Balance) စာအုပ်ကို ၁၉၉၂ ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့တယ်။

‘သစ်ပင်စိုက်တယ်ဆိုတဲ့ သရုပ်သကန်က တိကျပီပြင်တဲ့ အသွင်သဏ္ဍန်ကို ဆောင်ပါတယ်။ ကမ္ဘာပေါ် ရှိရှိသမျှ ယဉ်ကျေးမှုတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းအတွင်းက အများနဲ့သက်ဆိုင်ရာ ခွန်အားလည်း ပါရှိနေပါတယ်။ အသည်းအသန်ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ဖြစ်ရပ်ကို ဖြေရှင်းစရာ ဖန်တီးဖို့ အရေးမှာ ယောက်ျား၊ မိန်းမ၊ ကလေးငယ်တွေ ကိုယ်စီကိုယ်ငှ ပူပေါင်းပါဝင် လုပ်ဆောင်ကြရမယ့် နည်းလမ်းတခုပါ’ လို့ အဲဒီစာအုပ်ထဲမှာ ရေးထားပါတယ်။


“The Symbolism – and the substantive significance – of planting a tress has universal power in every culture every society on earth, and it is a way for individual men, women and children to participate in creating solution for the environmental crisis.”

Earth in the balance: Ecology and the Human Spirit


Albert Arnold “Al” Gore, Jr.

ဘီစီ ၅ဝဝ လောက်က တရုတ်ကဗျာဆရာကြီးတယောက် ရေးထားခဲ့တဲ့ ရှေးစာတပုဒ်မှာတော့ ‘ရှေ့လာမယ့် တနှစ်တာအတွက်ပဲ စဉ်းစားရင် မျိုးစေ့ကလေး တစေ့လောက် ပျိုးလိုက်ပေါ့။ ရှေ့လာမယ့် ဆယ်နှစ်တာကာလအတွက် စဉ်းစားပြီဆိုရင်တော့  သစ်ပင်တပင်ကို စိုက်ပါလေ’ လို့ ညွှန်းဆိုထားခဲ့ပါတယ်။

“If you are  thinking a year ahead, sow a seed.

If you are thinking ten years ahead, plant a tree.”

Chinese poet: 500 BC


 

သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ သာယာလှပ စိမ်းမြမြ

၁၉၉ဝ ခုနှစ်ကနေ ၂ဝ၁ဝ ခုနှစ်၊ နှစ်ပေါင်း ၂၀ ကာလ အတောအတွင်းမှာ မြန်မာ့သစ်တောတွေ ၁၉ ရာခိုင်နှုန်းထက်မနည်းဘဲ ပြုန်းတီးခဲ့ရတဲ့ သင်ခန်းစာကို ထောက်ရှုပြီး ‘သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့’ ဆိုတဲ့ မြန်မာပြည်သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်တခုအတိုင်း သစ်တောတွေကို လက်တွေ့ကျကျ စိုက်ပျိုး ထိန်းသိမ်းကြပါစို့။ 

ဒီကနေ့မြင်ကွင်း နဲ့ နောက်နှစ်ပေါင်း ၃ဝ ကြာတဲ့အခါ မြင်ကွင်း

အဲဒီ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေး သဘောတရားကို တိုင်းပြည်ပြန်လည်ထူထောင်ရေး အတွက်မှာလည်း နည်းလမ်းယူသင့်လှပါတယ်။ မိဘ ဘိုးဘွားတွေက ကိုယ့်ရဲ့ အမွေအနှစ်တွေကို ‘ဆိုးမွေလည်းခံ၊ ကောင်းမွေလည်းစံ’ ဆိုသလို၊ နောင်လာ နောက်သားတွေအတွက် လက်ငုတ် လက်ရင်း ချန်ခဲ့ကြတဲ့အခါမှာ ကောင်းမွန်တဲ့ မျိုးစေ့တွေကိုသာ မြင့်မြတ်တဲ့ စိတ်နှလုံးနဲ့အတူ စွဲစွဲမြဲမြဲ အမြစ်ချခဲ့ကြဖို့ပါပဲ။

သေချာတာတခုကတော့ သစ်ပင်စိုက်တဲ့သူတွေက အဲဒီသစ်ပင်တွေရဲ့ အရိပ်အာဝါသအောက်မှာ ဘယ်တော့မှ နားခိုရလိမ့်မယ် မဟုတ်တာပါ။ ရလာမယ့် အေးရိပ်နဲ့ အသီးအပွင့် အကျိုးအမြတ်တွေကို တကိုယ်ရေ ချမ်းသာကြွယ်ဝရေးအတွက် လုံးဝ မမျှော်ကိုးဘဲ လူကြီးသူမတွေက သစ်ပင်အမျိုးမျိုးကို စိုက်ကြပြီဆိုရင်တော့ အဲဒီ အသိုင်းအဝိုင်း၊ အဖွဲ့အစည်း၊ တိုင်း၊ နိုင်ငံက တိုးတက် ဖွံ့ဖြိုး ဝေစည်တော့မှာ မလွဲဧကန်ပါပဲ။

“A society grows great when old men plant trees

whose shade they know they shall never sit in”

Greek Proverb


တောင်ကတုံးကို ဒီလို ရောင်ထုံးမယ်

‘သစ်တပင်ကောင်းရင် ငှက်တသောင်း ခိုနားနိုင်’ သတဲ့။ ‘ပျက်အစဉ် ပြင်ခဏ’ ဆိုတဲ့ စကားအတိုင်းပဲ မြန်မာပြည်ထဲက တောပြောင်ပြောင်နဲ့ တောင်ကတုံးကြီးတွေကို တနေ့မှာ ရောင်ထုံးနိုင်ကြဖို့အတွက် ကျုပ်တို့တတွေ ဒီကနေ့ သစ်ပင်စိုက်ကြပါစို့။

 

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

 (၁) ရွှေဘိုလမ်းက ကုက္ကိုပင်များ ဓာတ်ပုံ၊ ရန်ဝင်း (တောင်တံခါး)

(၂) သစ်တောဆိုင်ရာ ဓာတ်ပုံများ၊ အင်တာနက် Google Search

(၃) www.myanmarteak.gov.mm

(၄) www.mongaby.com

(၅) www.wikipedia.com

 

 

Reply all
Reply to author
Forward
0 new messages