အရယ်ရဆုံးဟာသ နှင့် အများနှင့် မသက်ဆိုင်သောသူ

21 views
Skip to first unread message

Thomas Latt

unread,
Aug 15, 2011, 3:50:34 AM8/15/11
to travelmyanmar, birds-...@googlegroups.com

အရယ်ရဆုံးဟာသ နှင့် အများနှင့် မသက်ဆိုင်သောသူ

By ကိုရင်ညိန်း http://koyinnyein.blogspot.com/2011/08/blog-post.html

          အရင်တစ်ပတ် က ကိုရင်ညိန်း တစ်ယောက် အင်တာနက်သုံးခွင့်ရတာနဲ့ မေတ္တာစာလေး တစ်ပုဒ်တင်ခဲ့ပါတယ် ။ အစဉ်သင့်တုန်း ဓာတ်စာတိုက်ပုံးလေး စစ်လိုက်တော့ ထူးခြားတဲ့ သတင်းတစ်ခုက ဧရာဝတီမြစ်ဆုံဆည်အကြောင်းပေါ့ ။ ဖတ်ကြည့်လိုက်တော့ တကယ့်ကိုပဲ ကြက်သီးထစရာပါ ။ တိုက်တိုက်ဆိုင်ဆိုင် မောင်ချောနွယ်ရဲ့ ကဗျာတစ်ပိုင်းတစ်စကို သတိရမိလိုက်ပါတယ် …
         ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ ပြိုလဲခဲ့ပါသလဲ
         ဘယ်တော့များမှ သမာဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
        တစ်ယောက်ကိုတစ်ယောက် မေးရင်းပေါ့ 
( ကြယ်ပြာလေးနဲ့ထမင်းစားပြီးတဲ့နောက် - မောင်ချောနွယ် )
          ဟိုးအရင်ကတည်းက ဂျာနယ်တွေထဲမှာ မြစ်ဆုံဆည် ဆိုတဲ့သတင်းကို ဖတ်ဖူးပါတယ် ။ အဲဒီတုန်းကတော့ သတင်းထဲ တရုတ်ပြည်ကိုရောင်းစားမယ် ဆိုတာ မပါဘူး ထင်တာပဲ ။ မြန်မာပြည်ကိုပဲ လျှပ်စစ်ဓာတ်အားပေးဖို့ ဆိုပြီး မှတ်မိနေတယ် ။ အဲဒီအချိန် ကတည်းက ဘာမှန်း ညာမှန်း မသိ ၊ နားလည်း မလည်ပဲ ကိုရင်ညိန်းက သဘောမကျခဲ့တာပါ ။ ဘာလို့လဲ ဆိုတော့ ကိုရင်ညိန်းတို့က ဇာတိမဟုတ်ပေမယ့် မြစ်ဘေးမှာပဲ ငယ်ငယ်ကတည်းက နေခဲ့ရတာကိုး ။ ပြောရရင် ကလေးဘ၀ ကစားခဲ့တဲ့ အချိန်တစ်ဝက်က မြစ်ထဲမှာချည်းပဲ ။ ကုန်းပေါ်မှာ ဆော့လို့ အားရရင် မြစ်ထဲ ပြေးဆင်းပြီးဆော့တာ ။ နှုတ်ခမ်းတွေပြာ မေးစေ့မှာ ကလေးအခေါ် ရေသူမချေး ဆိုတာတွေပြည့်နေ တာတောင် ကုန်းပေါ် တက်တာမဟုတ်ဘူး ။ အိမ်က အမေက “တုတ်ကောက်ခဲ့”လို့ ခေါ်မှ တက်တာ ။ ဘယ်လောက်ထိ မြစ်ထဲမှာ ဆော့သလဲဆို အရင်က ရေနစ်ဖူးတယ် ။ ကံကောင်းလို့ မသေတာ ။ ဆော့ပါများ လွန်းတော့ မသင်ရပါပဲနဲ့ သူ့အလိုလိုကို ရေကူးတတ်ရောပဲ ။ ရေကူးကောင်းလိုက်ပုံများ တက္ကသိုလ်မှာ ပြိုင်ပွဲတောင် ၀င်လိုက်သေး ။ ကောင်းလို့တော့ မဟုတ်ဘူး ရေကူးတတ်တဲ့သူ ရှားလို့ ။ အဟေးဟေး ။
          မြစ်ထဲ ဂျွမ်းထိုးချတာတို့  မြစ်ထဲမှာ စိမ်ပြေးတမ်း ကစားတာတို့ နောက်ပြီး ငါးလိုက်ဖမ်းတဲ့ တံငါလှေတွေရှိတယ် ။ အဲဒီလှေတွေက မြစ်ထဲမှာ လှော်လာပြီးဆို စောင့်နေတာ ။ အနားရောက်တော့ လှေတစ်ဘက်က နေ တခြားတဘက်ကို လှေဝမ်းအောက် ရေထဲကနေ ငုပ်ပြီး ဖြတ်တာတို့ ။ တချို့လှေသမားတွေကတော့ ဆဲတာပေါ့ ။ ဘေးတွေ့မှာစိုးလို့ပါ ။ ပြောရရင် ဧရာဝတီမြစ်က ကိုရင်ညိန်းရဲ့ ကစားဖက်ကြီးပေါ့ ။
           အသက်ကြီးလာတော့ စာတိုပေစတွေဖတ်မိတဲ့ အထဲမှာ မြစ်ရေတိမ်တာတို့ ၊ မြစ်ကြောင်းပြောင်းတာ တို့ ၊ သောင်ထွန်း တာတို့ ၊ ကမ်းပါးပြိုတာတို့ ၊ ကျွန်းပေါ်တာတို့ တွေ ဖတ်မိလာတာပေါ့ ။ အဲဒီမှာ ဘာကို သတိထားမိလာသလဲ ဆိုတော့  ကိုရင်ညိန်းရဲ့ ကစားဖက်တော်ကြီး ဧရာဝတီက မသန်စွမ်းတော့ဘူး ဆိုတာကို သိလာတယ် ။ ကိုရင်ညိန်း က မြစ်ကြောင်းနဲ့ ပတ်သတ်တဲ့ ပညာကို မလေ့လာဖူးပါဘူး ။ ဒါပေမယ့် ရင်းနှီးခဲ့တဲ့ အတွေ့အကြုံအရ မှန်းမိတာပါ ။ ပြည်မှာက န၀ဒေး မြစ်ကူးတံတားကြီးရှိတာကိုး ။ အရင်ကထက် ထူးလာတာက တံတားရဲ့ အထက်အောက် ၅ မိုင်ဝန်းကျင်မှာ သောင်တွေထူလာတာပဲ ။ နွေရာသီဆို မြစ်လယ်မှာ သောင်ထွန်းတာက သဘာဝပါ ။ ဒါပေမယ့် ခုခေတ် သောင်တွေက ခေါင်းမာပါတယ် ။ မိုးတွင်းရောက်ရင် ပျောက်မသွားပဲ ပေပြီးကျန်နေခဲ့ပါတယ် ။
          သောင်ထွန်းတော့ မြစ်ကတအားညစ်ပတ်သွားတယ် သဲသောင်ထဲပါလာတဲ့ ခရုတွေက ပုပ် ၊ နောက် ရေ၀ပ်တဲ့နေရာတွေမှာ ရေညှိတွေပေါက် ၊ ခြောက်သွား မိုးတွင်းကျ မြစ်ရေပြန်တက်တော့ အဲဒီအပုပ်တွေကို ရေနှူးလိုက်သလိုဖြစ်သွားတာပေါ့ ။ နွေရောက်လို့ ရေပြန်ကျသွားတော့ အသစ်ပေါက်လာတဲ့ ခရု၊ ကမာလေးတွေ သောင်ပေါ်ပြန်ပါလာတာနဲ့ပဲ သံသရာလည်နေတာပေါ့ ။ မြစ်ထဲသွားတဲ့ သင်္ဘောတွေလည်း သောင်တင်တာ ခဏခဏပဲ ။ ရေစူးကြည့်တဲ့ဝါးလေး ထောက်ထောက်ပြီး မောင်းနေရတဲ့ နှစ်ထပ် သင်္ဘောတွေများ လှေကတောင် ကျော်တက်တယ် ။
          ဧရာဝတီဟာ ကမ်းပါးပြိုပြီး မြစ်ပြင်ကျယ်လာသလို ရေစီးနည်းတာကြောင့် သောင်ထွန်းပြီး မြစ်ရေတိမ်နေပါပြီ ။ ဒါက ဧရာဝတီမြစ်ဘေးမှာ နေထိုင်ခဲ့တဲ့ ကိုရင်ညိန်းရဲ့ ကိုယ်တွေ့လေးပါ ။ ဘီလူးချောင်း လို ရေစီးအားကောင်းတဲ့ ချောင်းမှာ ရေအားလျှပ်စစ်လုပ်ဖို့ သင့်တော်ပေမယ့် ဧရာဝတီလို ချည့်နဲ့နေတဲ့ မြစ်တစ်စင်းကိုတော့ ခိုင်းဖို့ထက် ထိန်းသိမ်းဖို့ကို အရင်လုပ်သင့်တယ်လို့ ထင်ပါတယ် ။ 

အရယ်ရဆုံးဟာသ
          အဲဒီလို အရေးပေါ်ထိမ်းသိမ်းသင့်နေပြီ ဖြစ်တဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ဆုံမှာဆည်ဆောက်ပြီး ရရှိလာမယ့် အကျိုးအမြတ်ကို အခုလို ချပြလိုက်တဲ့အခါမှာတော့ ကိုရင်ညိန်း အတွက် အရယ်ရဆုံး ဟာသတစ်ခုဖြစ်နေ ပါတယ် ။ 

အများနှင့် မသက်ဆိုင်သောသူ
          ဒီလိုနဲ့ မြစ်ဆုံသတင်းတွေ ဖတ်ကြည့်နေရာက နာမည်ကျော် facebook က Save Irrawaddy ဆိုတဲ့ စာမျက်နှာကို တွေ့လိုက်ရပါတယ် ။ အဲဒီမှာတော့ facebook ရဲ့ အထင်ကရ လက်နက်ဖြစ်တဲ့ Like ဆိုတဲ့ ခလုတ်ကြီး ကို ကိုရင်ညိန်းလည်း နှိပ် ၊ သင်၏ သဘောထားဆိုတာကြီးမှာလည်း (ဆက်လက် မတည်ဆောက် သင့်ပါ) ဆိုတာကြီးကို အားရပါးရ နှိပ်ခဲ့တာပေါ့ ။ သိတဲ့သူတွေပါ လက်တို့ခဲ့သေးတာ ။ ဘာမှတော့ မရပါဘူး ။ ဒါပေမယ့် ကိုယ့်လို မကြိုက်တဲ့လူတွေနဲ့ပေါင်းပြီး “အေး မကြိုက်ဘူးကွ” လို့ပြောရတာ အားရလို့ ။ အဟေးဟေး 
          တစ်ပတ်ကျော်လောက် အကြာ အခုပြန်ကြည့်လိုက်တော့ အံမယ် ကိုရင်ညိန်းလို Like တဲ့သူက ၂ ရာကျော်ကြီးများတောင် ရှိတယ်ဗျ ။ ၀မ်းသာစရာပေါ့ ။ ဒါနဲ့ ဟိုဟိုဒီဒီ စပ်စုနေတုန်း အခုစန်းထနေတဲ့ အဆိုတော် ချမ်းချမ်း ရဲ့ စာမျက်နှာလေး သွားတွေ့တယ် ။ Fan ပေါ့ ။ မဒမ်ညိန်းက လည်း သူ့ကိုကြိုက်တာကိုး ။ ကိုရင်ညိန်းလည်း Like ရအောင်ကြည့်လိုက်တော့  ။ အံမယ်လေး  ကိုရင်ညိန်း မျက်စိများမှားသလားပေါ့ ။ မမှားဘူးဗျ ။ ချမ်းချမ်းကို သဘောကျတဲ့ သူက ဧရာဝတီကို ကယ်တင်ပါ ဆိုတာကိုသဘောကျတဲ့ လူထက် ၁၀ ဆပိုများ တယ်ဗျား ။ လူ ၂သောင်းကျော်တယ် ။ ဒါနဲ့ပဲ မြစ်ဆုံဆည် တည်ဆောက်ခြင်းနှင့် ပတ်သတ်၍ သင်၏သဘောထားဆိုတာကို ကြည့်လိုက်တော့ လူ ၃၀၀၀ ကျော်လောက် သဘောထား ပေးထားတာ တွေ့ရပါတယ် ။ အဲဒီထဲမှာ ထူးခြားတာ တစ်ခုက (မိမိတို့နှင့် မသက်ဆိုင်ပါ) လို့ပြောထားတာက ၁၀၀ ကျော်နေတယ် ။
          ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ်ပေါ့ အမြင်မတူတာတော့ ရှိကြစမြဲပါ ။ အခုလို မြစ်ဆုံဆည် ကိစ္စမှာ ကိုရင်ညိန်းတို့လို မကြိုက်တဲ့ လူတွေ ရှိသလို ၊ ဒီလုပ်ငန်းကနေ အကျိုးအမြတ် အကြီးအကျယ်ရမယ့်သူတွေ ၊ နောက်ပြီး တရုတ်ကုမ္ပဏီ က လူတွေနဲ့ တရုတ်တွေကတော့ ဆက်ဆောက်ပါလို့ ထောက်ခံမှာပေါ့ ။ ဒါပေမယ့် ကိုရင်ညိန်း စဉ်းစားလို့ မရတာက အပေါ်က ပြောခဲ့တဲ့ မိမိတို့နှင့် မသက်ဆိုင်ပါ ဆိုတော့ ။ ကြည့်လိုက်တော့ လည်း တခြားလူတွေ မဟုတ်ဘူး ။ အင်းပေါ့လေ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ် ။
          ဘယ်သူ့ကိုမှ အပြစ်မပြောချင်ပါဘူး ။ ပြောလည်း မပြောပါဘူး ။ ကိုရင်ညိန်းကတော့ ကစားဖက်တော်ကြီး ဧရာဝတီကိုပဲ သနားတာပါ ။
          အပန်းဖြေဖို့ အတွက် ပိုက်ဆံအကုန်ခံပြီး အားပေးရတဲ့ အနုပညာရှင်တွေကို တော့ Like ကြပြီးတော့ ဟိုးနှစ်ပေါင်း အတီတေကတည်းက မြန်မာနိုင်ငံသားတွေကို အခမဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဧရာဝတီကြီးကို တော့ ဘယ်သူမှ မ Like ကြတော့ ။
        နှစ်ပေါင်းများစွာ လူသန်းပေါင်းများစွာကို လုပ်ကျွေးခဲ့ရပြီး အစောင့်အရှောက် မခံခဲ့ရလို့ အခုမကျန်းမမာ ဖြစ်နေတော့လည်း လူ ၃၀၀၀ ကျော်လောက်ရဲ့ သနားကရုဏာကိုပဲ ခံရရှာသေးတဲ့ ဧရာဝတီကြီးဟာ အများနှင့် မသက်ဆိုင်သောသူ ဖြစ်နေပြီလား …  
          ကိုက်လမ်း
ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ။

ခု ... ...
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့။ ။
မောင်ချောနွယ်
ဧရာဝတီ ရေ … ခင်ဗျားရဲ့ သစ္စာတရားက ခင်ဗျားရဲ့အသက်ကို ယူသွားတော့မှာလားဗျာ … 
ကိုရင်ညိန်း (လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ရှိသည်)


ဧရာဝတီ ကို တတ်နိုင်တဲ့အပိုင်းကနေ ကူညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ် 
 မှတ်ချက် ။ သတင်းတွေ အများကြီးရှိပေမယ့် အလွယ်တကူဖတ်နိုင်မယ့် သတင်းတွေကို ညွှန်းလိုက်ပါတယ်
Save Irrawaddy (facebook) : Link 1 , Link 2 , Link 3  



KDNG မှ မြစ်ဆုံဆည် အစီရင်ခံစာ English , Myanmar





Posted by ကိုရင်ညိန်း At 8/14/2011 04:13:00 AM
Reply all
Reply to author
Forward
0 new messages