Fwd: အချစ်ရဲ့ဒိတ်လွန်နေ့စွဲ

7 views
Skip to first unread message

Straw Berry

unread,
Jun 8, 2011, 10:27:56 AM6/8/11
to tharnge158, orchid orc256, cro wn, leonin...@gmail.com, batch...@googlegroups.com


---------- Forwarded message ----------
From: zmo zmo <zmo...@gmail.com>
Date: 2011/6/8
Subject: အချစ်ရဲ့ဒိတ်လွန်နေ့စွဲ
To:


အချစ်ရဲ့ဒိတ်လွန်နေ့စွဲ


လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်းပြောဖြစ်တိုင်း လင်မယားသံယောဇဉ်အကြောင်းနဲ့ လန်းဆန်းတဲ့အိမ်ထောင်ရေးအကြောင်းတွေ ကျွန်မတို့ပြောဖြစ်ကြတယ်။ အိမ်ထောင်သက် နှစ်အကြာကြီးထဲမှာ လင်ယောက်ျားနဲ့ ချစ်ခင်သင့်မြတ်နေတဲ့ကျွန်မကို လုပ်ဖော်ကိုင်ဖက်တွေက အားကျကြတယ်။ ကျွန်မကို အချစ်နဲ့အိမ်ထောင်ရေးအကြောင်း စာအုပ်ထုတ်ပါလို့ အကြံပေးကြတယ်။ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေ ပြောသလောက်လည်း ကျွန်မ,မစွမ်းပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ထင်မြင်ယူဆချက်တချို့ကို အများနဲ့မျှဝေလိုက်ပါတယ်။

အချစ်ဆိုတာ ဘာလဲ?

အချစ်ဆိုတာ ဘာလဲ? ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူတိုင်းရဲ့အဖြေက ယောင်တဝါးဝါးဖြစ်မယ် ထင်ပါတယ်။ တကယ်လည်း အချစ်မှာ တိကျတဲ့အဓိပ္ပာယ် သတ်မှတ်ချက်မရှိခဲ့ပါဘူး။ အချစ်ဆိုတာ ချစ်သူနှစ်ဦးကြားက ချိုမြိန်တဲ့ခံစားမှုတစ်မျိုးဖြစ်တယ်။ ချစ်သူကို တမ်းတလိုက်ရုံနဲ့ နှုတ်ခမ်းထောင့်စွန်းလေးက မသိမသာ ကွေးတက်သွားပြီး ရင်ခုန်သွားစေတဲ့အရာဖြစ်တယ်။

ဒါမှမဟုတ် အချစ်ဆိုတာ ကျီစယ်တတ်တဲ့နတ်သူငယ်နဲ့တူပြီး မြင်တွေ့သူတိုင်းကို ပျော်ရွှင်တဲ့ခံစားမှုတွေ ပေးတယ်။ သွေးကြောထဲထိတောင် ပျော်ရွှင်တဲ့သံစဉ်လေးတွေ စီးဆင်းစေတယ်။

ဒါမှမဟုတ် အချစ်ဆိုတာ မျိုးစေ့တစ်စေ့ဖြစ်တယ်။ အဲဒီမျိုးစေ့ကို သင့်တော်မှန်ကန်တဲ့ လူအပေါ်မှာ ပျိုးပြီး နှလုံးသွေးနဲ့ သွန်းလောင်းမယ်၊ ဂရုတစိုက်နဲ့ ပိုးမွှားတွေကို သုတ်သင်ခဲ့မယ်ဆိုရင် လှပတဲ့ပန်းပွင့်တွေပွင့်ပြီး ပျော်ရွှင်တဲ့အသီးတွေကို ခံစားရမှာဖြစ်တယ်။

ဒါမှမဟုတ် အချစ်ဆိုတာ စိတ်ကိုထုံထိုင်း၊ မြူးကြွစေတဲ့ဆေးဖြစ်တယ်။ အချစ်နဲ့တွေ့ဆုံသူတွေဟာ ထုံထုံထိုင်းထိုင်းဖြစ်နိုင်တယ်။ အချစ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုလည်း သတ္တိရှိရှိ ရင်ဆိုင်နိုင်တယ်။ အချစ်ဟာ ရောဂါဝေဒနာကို ကုသပျောက်ကင်းစေနိုင်တဲ့ ဆေးတစ်မျိုးဖြစ်သလို ဘေးသင့်စေတတ်တဲ့ဆေးလည်း ဖြစ်တယ်။ အချစ်နဲ့ပတ်သက်တဲ့ တွေဝေခြင်း၊ ငြင်းခုန်ရန်ဖြစ်ခြင်း၊ သံသယရှိခြင်း၊ ထိခိုက်နာကျင်စေခြင်း စတာတွေဟာ အချစ်ဘေးသင့်တာတွေဖြစ်တယ်။ ဒါပေမဲ့လည်း ဒီဘေးသင့်တာတွေက အချစ်ကို လိုချင်တောင့်တသူတွေ၊ ကိုးကွယ်ချင်သူတွေရဲ့ ခြေလှမ်းကို မဟန့်တားနိုင်ခဲ့သလို အချစ်အကြောင်း ကဗျာတွေ၊ စာတွေဖွဲ့နေသူတွေရဲ့ ကလောင်သွားကိုလည်း မတုံးစေခဲ့ပါဘူး။ အချစ်မရှိတဲ့ဘဝမှာ ပြည့်စုံလှပတဲ့ဘဝမဟုတ်သလို အချစ်မရှိတဲ့နေ့ရက်တွေက တကယ့်နေ့ရက်မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။

အချစ်မှာ ဒိတ်လွန်နေ့စွဲရှိသလား?

အချစ်မှာ ဒိတ်လွန်နေ့စွဲရှိသလား? တကယ်လို့ရှိခဲ့ရင် ဘယ်လောက်တာရှည်ခံသလဲ?

အချစ်မှာ အချစ်ရဲ့သက်တမ်းရှိတယ်လို့ ကျွန်မထင်တယ်။ အချစ်မှာ အချစ်ရဲ့အသက်အငွေ့တွေ တဖြည်းဖြည်း ပျောက်ဆုံးကုန်ခဲ့ရင် အချစ်သေဆုံးသွားတာ မဟုတ်ဘူး။ မိသားစုသံယောဇဉ်အဖြစ် အဆင့်တက်သွားတာဖြစ်တယ်။ မိသားစုသံယောဇဉ်အဖြစ် ပြောင်းသွားတာဟာ အချစ်သေဆုံးသွားတာဖြစ်တယ်လို့ လူတချို့က ဆိုကြတယ်။ ဒါကို ကျွန်မ သဘောမတူခဲ့ဘူး။ လူတိုင်းသိနားလည်တဲ့ ဥပမာနဲ့ခိုင်းနှိုင်းပြရရင် မိသားစုသံယောဇဉ်အဖြစ် ပြောင်းသွားတဲ့အချစ်က ချစ်သူနဲ့သင့်ကို ဘယ်လက်နဲ့ညာလက်အဖြစ် ဖြစ်စေပြီး တွဲလက်ကို ခိုင်မြဲစေတာဖြစ်တယ်။ ဒါဟာ အချစ်ရဲ့ အမြင့်ဆုံး အထွတ်အထိပ်ဖြစ်တယ်။ ဘယ်လက်တစ်ဖက်ပဲဖြစ်ဖြစ် တွဲလက်မြဲဖို့ နောက်လက်တစ်ဖက် လိုအပ်လို့ဖြစ်တယ်။ လက်တစ်ဖက်မဲ့တာနဲ့ ပြည့်စုံတဲ့ခန္ဓာကိုယ်ကို မရနိုင်တော့ပါဘူး။

အချစ်ရဲ့ ဒိတ်လွန်နေ့စွဲဟာ ထာဝရဖြစ်တယ်။ ကျွန်မရဲ့ဆရာတစ်ယောက်က ပြောဖူးတယ်... "ကဗျာနှလုံးသားနဲ့ အရာရာကိုကြည့်မြင်ရင် အရာရာတိုင်းက ကဗျာပါ"တဲ့။ ဒါကြောင့် ကျွန်မလည်းပြောချင်ပါတယ်... "အချစ်ရဲ့ဒိတ်လွန်နေ့စွဲကို သင်ဘယ်လောက်သတ်မှတ်ရင် အချစ်က ဘယ်လောက်တာရှည်ခံပါတယ်"လို့...

အချစ်ကိုရွေးတာလား? အိမ်ထောင်ရေးကို ရွေးတာလား?

တချို့အချစ်တွေက ဘဝရဲ့အစမ်းသပ်ကို မခံနိုင်ခဲ့ကြဘူး။ ခါးသီးတဲ့ဘဝရဲ့ သံခြေဖနှောင့်အောက်မှာ သေဆုံးသွားတတ်ကြတယ်။ တချို့ အိမ်ထောင်ရေးက အချစ်ကိုပေါက်ဖွားစေတယ်။ ဒါကြောင့် သင့်တော်မှန်ကန်တဲ့အချစ်နဲ့ အိမ်ထောင်ရေးကို ရွေးတတ်ဖို့ အရေးကြီးတယ်။

ပျော်ရွှင်ခြင်းဆိုတာ အချစ်တွေ အမှတ်တမဲ့ဓာတ်ပြုပြီး ဖြစ်လာတဲ့ ဓာတုတုန့်ပြန်မှုတွေ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ အိမ်ထောင်ရေးထဲက မငြိမ်းတဲ့အချစ်မီးကို ရှာဖွေတာဖြစ်တယ်။ ဒါကြောင့် အိမ်ထောင်ရေးအတွက် "သင့်တော်မှန်ကန်တဲ့လူ" တွေ့နိုင်ဖို့ ပိုအရေးကြီးတယ်။ သင့်တော်မှန်ကန်တဲ့လူအပေါ်မှာသာ အချစ်မီးကို ဘဝဆုံးအထိ မငြိမ်းတမ်းထွန်းညှိနိုင်မှာဖြစ်တယ်။


ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် ဘာလိုအပ်သလဲ?

အချစ်

ပျော်ရွှင်တဲ့အိမ်ထောင်ရေးအတွက် အချစ် လိုအပ်တယ်။ ရူးရူးသွပ်သွပ်ချစ်တဲ့ အချစ်မျိုးမဟုတ်ဘဲ နည်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြတဲ့အချစ်မျိုးဖြစ်တယ်။ ဥပမာ-- ဂရုစိုက်တဲ့အချစ်၊ ကရုဏာအချစ်၊ တန်ဖိုးထားတဲ့အချစ်တွေဖြစ်တယ်။ အမျိုးသမီးရှုထောင့်ကနေ ပြောရရင် စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အိမ်ထောင့်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့ရဲ့ရင်ဘတ် အနက်ရှိုင်းဆုံးနေရာမှာ အချစ်ကို တောင့်တမျှော်လင့်တတ်ကြတယ်။ တစ်ခါတလေမှာ အိမ်ထောင်ရေးထဲက အချစ်ဟာ ရိုးရှင်းသာမန်လွန်းပါတယ်။ ရိုးရှင်းတဲ့ အပွေ့အဖက်လေးတစ်ခု၊ ဂရုစိုက်တဲ့ စကားတစ်ခွန်း၊ ကြင်နာတဲ့ အကြည့်တစ်ချက်၊ ရေအေးလေးတစ်ခွက်၊ တိုရှင်းတဲ့ စာတိုလေးတစ်ကြောင်း၊ စိတ်လိုလက်ရ အပြုံးလေးတစ်ခုက သင့်အနားမှာရှိတဲ့ အမျိုးသမီးကို ကာလအတိုင်းအတာတစ်ခုအထိ ဒါမှမဟုတ် တစ်သက်တာ ပျော်ရွှင်မှုတွေဖြစ်စေပါတယ်။ အဓိက,က သင့်စိတ်ထဲမှာ ဇနီးမယားအတွက် အဆုံးမဲ့တဲ့အချစ် ရှိနေဖို့ပဲ လိုပါတယ်။

အမျိုးသားရူထောင့်ကနေ ပြောရရင် သူတို့ဟာ အိမ်ထောင့်တာဝန်၊ မိသားစုတာဝန်၊
အလုပ်စတဲ့ ဖိအားတွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းရတာမို့ ပိုအားနည်းပျော့ညံ့ပြီး အချစ်ကို ပိုလိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်ဟာ ချော့မော့ဂရုစိုက်တာကို ပိုလိုအပ်သလိုမျိုး ဇနီးမယားဖြစ်သူတွေက ကိုယ့်လင်ယောက်ျားကို ပိုကြင်နာ၊ ပိုချစ်ခင်တတ်ဖို့ လိုအပ်ပါတယ်။

နားလည်မှု၊ ခွင့်လွတ်မှု

အလုပ်က အပြောထက်သာတယ် ဆိုတဲ့စကားက အိမ်ထောင်ရေးမှာလည်း သုံးဖို့သင့်တော်တယ်။ ဒဏ္ဍာရီဆန်ဆန်ချစ်ခဲ့ကြပြီး သာမန်လက်တွေ့ဘဝကို အတူဖြတ်ကျော်ကြတော့ အိမ်ထောင်တာဝန်၊ မိသားစုတာဝန်၊ လင်ဝတ္တရား၊ မယားဝတ္တရား စတဲ့အရာတွေကြားမှာ ကျွန်မတို့ အသက်ရှုကြပ်ခဲ့ကြရတယ်။ တခြားတစ်ယောက်က မောပန်းပင်ပန်းလာတဲ့အခါ အခြားတစ်ယောက်ကို ဂရုစိုက်ဖို့ လျစ်လျူရှုမိတတ်ကြတယ်။ အဲဒီအခါ နားလည်ပေးတတ်ဖို့ လိုအပ်တယ်။ တစ်ခါတလေ သူပြုမှုတတ်တဲ့ ကိုယ်မနှစ်သက်တဲ့ အပြုအမှုလေးတွေကိုလည်း ခွင့်လွတ်ပေးတတ်ဖို့ လိုအပ်တယ်။

အိမ်ထောင်ရေးမှာဖြစ်ဖြစ်၊ ချစ်နေကြတဲ့ ချစ်သူနှစ်ဦးမှာဖြစ်ဖြစ် အမှားတစ်ခုကျူးလွန်တတ်ကြတယ်။ အဲဒီအမှားက တစ်ဖက်သားရဲ့အပြုအမှု၊ အထင်အမြင်ကို ကျွန်မတို့ သတ်မှတ်ထားတဲ့ပုံစံထဲ ဝင်အောင် မျှော်လင့်တာဖြစ်တယ်။ ဒါဟာ မျှော်လင့်လို့ရနိုင်ပေမယ့် အတင်းအဓမ္မတော့ လုပ်ယူလို့မရနိုင်ပါဘူး။ တကယ်လို့ သူ့ကိုတကယ်ချစ်ရင် သူ့ရဲ့အားနည်းချက်ကိုလည်း ကျွန်မတို့ လက်ခံတတ်ရမယ်။ နှစ်သက်လို့ ရွေးချယ်ခဲ့တဲ့ လူတစ်ယောက်ကို အပင်ပန်းခံပြီး ဘာလို့သွားပြောင်းလဲနေဦးမလဲ? အချင်းချင်းချစ်ကြတဲ့ လူနှစ်ဦးမှာရှိတဲ့ ခြားနားချက်တွေဟာ ကွဲပြားတဲ့နည်းလမ်းနဲ့ ကျွန်မတို့ အချင်းချင်းသင်ယူနိုင်ဖို့ပဲ ဖြစ်တယ်။ တစ်ဖက်သားရဲ့ကိုယ်ပေါ်ကနေ တစ်ဖက်သားရဲ့နှစ်လိုမှုကို ကျွန်မတို့ရှာဖွေရတယ်။ ကိုယ်ချစ်တဲ့သူ့ကိုယ်ပေါ်က ရလာတဲ့နှစ်လိုမှုတွေဟာ ကျွန်မတို့ကို အကောင်းမြင်တဲ့သက်ရောက်မှု ပေးပါတယ်။

ယုံကြည်မှု

ယုံကြည်မှုဆိုတာ အိမ်ထောင်ရေးထဲမှာ နှလုံးသားအချင်းချင်းကို တွဲချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်တယ်။ သက်သက်သာသာ တွဲချည်ထားတဲ့ကြိုးဖြစ်လည်း ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို တည်ဆောင်နိုင်ပါတယ်။ တရားသူကြီးရှေ့မှာ၊ ကျမ်းစာရှေ့မှာ၊ ဘုရားသခင်ရှေ့မှောက်မှာ တဘက်သားထံ ယုံကြည်မှုကို ကျွန်မတိုအပ်နှံ့ကြတယ်။ သင်ယုံကြည်တဲ့မိန်းကလေးကို ဇနီးမယားအဖြစ် သင်လက်ထပ်ထိမ်းမြားတယ်။ ဆင်းရဲချမ်းသာပါစေ၊ အို၊ နာ၊ သေပါစေ မစွန့်လွတ်၊ မခွဲခွာစတမ်း လိုလိုလားလား သင်ဂတိပြုတယ်။ ဒီအချိန်မှာ ယုံကြည်မှုက ပြုံးပြုံးရွှင်ရွှင်နဲ့ အထီးကျန်တဲ့လက်တစ်ဖက်ကို အခြားနွေးထွေးတဲ့လက်တစ်ဖက်ထဲ ထည့်ပေးလိုက်တယ်။

အခုခေတ် အိမ်ထောင်ရေးမှာ ယုံကြည်မှုဆိုတာ နှလုံးသားချင်းချင်းကို တွဲချည်ထားတဲ့ ကြိုးတစ်ချောင်းဖြစ်တယ်။ လွတ်သင့်ရင်လွတ်၊ ရုတ်သင့်ရင်ရုတ်မှ အိမ်ထောင်ရေးကို ပိုခိုင်မြဲစေမှာဖြစ်တယ်။ လှပပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ ယုံကြည်မှုပေါ် အုတ်မြစ်ချ တည်ဆောက်ထားတာဖြစ်တယ်။ အိမ်ထောင်ဖက်ချင်း တစ်ဦးအပေါ်တစ်ဦးယုံကြည်မှုက အချစ်ကို ပိုဆတိုးစေပါတယ်။

ပွင့်လင်းမှု

ယုံကြည်မှုက အိမ်ထောင်ရေးမှာ မရှိမဖြစ်တဲ့ လိုအပ်တဲ့အချက်ဖြစ်တယ်။ ယုံကြည်မှုရဲ့ရှေ့ဆောင်က ပွင့်လင်းမှုဖြစ်တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာ အချစ်ရှိရုံနဲ့တင်၊ အချင်းချင်း နားလည်ခွင့်လွတ်မှု ရှိရုံနဲ့တင် မလုံလောက်ဘဲ ပွင့်လင်းမှုလည်းရှိဖို့ လိုအပ်တယ်။ တချို့ပွင့်လင်းမှုက လူကိုထိခိုက်နာကျင်တတ်စေတယ် ဆိုပေမယ့် မပြောမဖြစ် အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရတဲ့အခါ ပိုထုတ်ဖော်ပြောသင့်ပါတယ်။ အိမ်ထောင်ရေးထဲက လူနှစ်ယောက်ဟာ အုပ်စုတစ်စုဖြစ်တယ်။ ဘာပဲဖြစ်နေဖြစ်နေ နှစ်ဦးစလုံး ရင်ဆိုင်ရမှာ၊ တာဝန်ယူရမှာဖြစ်တယ်။ ဘဝဟာ ဘယ်လောက်ပဲ ခါးသီးခက်ခဲလည်း နှစ်ဦးသား အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းကြတာမို့ အခါးထဲကနေ ပျော်ရွှင်ခြင်းတွေကို
နှစ်ဦးသား ခံစားကြရပါလိမ့်မယ်။

အချင်းချင်း ပြောဆိုဆက်ဆံမှု

စိတ်ပညာရှင် Leo F. Buscaglia က "အချစ်ဆိုတာ နှလုံးသားထဲမှာ တခဏသာ ဖြစ်ပေါ်လာတဲ့အရာ မဟုတ်ဘူး။ အချစ်ဆိုတာ လူနှစ်ယောက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်နဲ့ ကြိုးစားတည်ဆောက်ထားတဲ့ ကမ္ဘာဖြစ်တယ်။ အဲဒီလိုတည်ဆောက်ဖို့ အချိန်လိုတယ်၊ စိတ်နှလုံးရှိဖို့ ပိုလိုအပ်တယ်" လို့ ဆိုခဲ့တယ်။ ဒီလိုကြိုးစားတည်ဆောက်နေတဲ့ ဘဝထဲမှာ အချင်းချင်းပြောဆိုဆက်ဆံမှုက ချောဆီသဖွယ် အသုံးဝင်တယ်။ အိမ်ထောင်ရေးတစ်ခုမှာ အောက်ကအဆင့် ၄ဆင့်ကို ဖြတ်ကျော်ကြရတယ်။

(၁) ချစ်သူရည်းစားဖြစ်ချိန်

ဒီအဆင့်က တစ်ဘက်သားရဲ့ အနာအဆာကို မမြင်တဲ့ အဆင့်ဖြစ်တယ်။ မျက်စိကို ပုဝါစနဲ့စည်းထားသလို စိတ်ကူး၊ မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေတဲ့အချိန်ဖြစ်တယ်။ ပျားရည်ဆမ်းသလို အမြဲတမ်းချိုမြိန်နေပြီး လူကို အဆုံးမဲ့မူးယစ်ခြင်းတွေ ဖြစ်စေတယ်။

(၂) မရေမရာ ရှုပ်ထွေးချိန်

ပျားရည်ဆမ်းထဲကနေ ရုတ်တရက် လန့်နှိုးလာတဲ့အချိန်ဖြစ်တယ်။ တစ်ဘက်သားအပေါ် မျှော်လင့်ချက်မဲ့စပြုလာတယ်။ အချင်းချင်းဆက်ဆံရေးကို စိတ်ပျက်လာတယ်။ ဒီလိုအချိန်ဟာ အချင်းချင်း အံဝင်အောင် ပွတ်တိုက်ချိန်ဖြစ်တယ်။

(၃) အားပြိုင်ချိန်

ဒီအဆင့်မှာ နှစ်ဦးနှစ်ဖက်စလုံး ခံစားချက်တွေ မတည်မငြိမ်ဖြစ်ကြတယ်။ ငြင်းခုန်မှု၊ အားပြိုင်မှုတွေနဲ့ ပြည့်နေချိန်ဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ တချို့အတွဲတွေဟာ တစ်ယောက်အပေါ် တစ်ယောက်အေးစက်ပြီး ခွာလာတာမျိုး၊ ထစ်ခနဲဆို ရန်ဖြစ်ငြင်းခုန်တာမျိုးတွေ ဖြစ်လာကြတယ်။ တချို့က နောက်ထပ်အချစ်သစ်ရှာတာမျိုးတွေ ဖြစ်လာတယ်။ တချို့က လမ်းခွဲလိုက်တာမျိုးတွေ ဖြစ်လာကြတယ်။

(၄) ဂတိနဲ့ လက်ခံချိန်

ဘယ်လို ခက်ခဲတဲ့အခြေအနေမှာပဲဖြစ်ဖြစ် ကျွန်မတို့က ကျွန်မတို့ရဲ့ အသိဉာဏ်နဲ့သည်းခံနိုင်မှုကို မြှင့်တင်ရတယ်။ ကိုယ်နဲ့မတူတဲ့ တစ်ဘက်သားရဲ့ခြားနားချက်ကို စတင်ကိုက်ညှိလက်ခံရတယ်။ ဒီလို အသိဉာဏ်၊ သည်းခံနိုင်မှုနဲ့ ကိုက်ညှိလို့ရလာတဲ့ အချစ်ရဲ့လက်ဆောင်က လူ့ဘဝတစ်သက်တာကို ကောင်းကျိုးဖြစ်စေတယ်။ လူကိုလည်း ပျော်ရွှင်ချမ်းမြေ့စေတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် လူနှစ်ယောက်ရဲ့ အချင်းချင်းအပေါ် ဂရုစိုက်ခြင်း၊ ကြင်နာခြင်းတွေက အကျင့်တစ်ခုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းသွားတယ်။ ဘယ်ဖက်လက်နဲ့ ညာဖက်လက်အကျင့်အသွင် ပြောင်းသွားတာဖြစ်တယ်။ လက်တစ်ဖက်ဖက် မရှိရင် အခြားလက်တစ်ဖက်အတွက် မပြည့်စုံတဲ့အကျင့်မျိုးဖြစ်တယ်။



--
သူငယ်ချင်းများအားလုံးရဲ့

ဇင်မျိုး...


Reply all
Reply to author
Forward
0 new messages