“ခင်ဗျားတို့ ဒေါ်လာစားတွေက” ဆိုတဲ့ စကားပါ။
အဲဒီ စကားကျတော့ အကြောင်းရှိလာပါတယ်။ သူတို့ဆိုလိုချင်တာက ကိုယ်တို့ကဘဲ ဒေါ်လာတွေအလကားနေအလကား ထိုင်စားပြီး တိုင်းပြည်ကြီးကို ပျက်စီးရာ ပျက်စီးကြောင်း အားအားယားယား ကြံစည်နေကြတယ်လို့ အဓိပ္ပာယ်သက်ရောက်စေတယ်။
“ခင်ဗျားတို့ ပြည်ပမှာ နေပြီးတော့ အသံကောင်းဟစ်မနေနဲ့” လို့လည်း တစ်ခါတစ်ရံ ပြောကြတယ်။
ပြည်ပကနေ ကောင်းစားနေပြီးတော့ မြန်မာပြည်ကြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောကြတယ်ပေါ့ ဆိုလိုချင်တာက။ ဒီစကားကြားရတိုင်း ရင်နာတယ်။
အဲဒီလို သိမ်းကြုံးပြီးပြောတတ်တဲ့ သူတွေကိုလည်း စဉ်းစားကြည့်မိတယ် သူတို့ကရော ဘာစားနေလို့လဲ ပြီးတော့ သူတို့ကရော ဘယ်အရပ်ဒေသက မို့လို့လဲ။
ဒေါ်လာကိုစားစား၊ ရင်းဂစ် ကိုစားစား၊ ပေါင်စတာလင်ကို စားစား အလကား စားရတာ တစ်ခုမှ မပါဘူး။ ဘ၀တစ်ခုလုံးကို လောင်းကြေးထပ်ပြီးမှ၊ မျက်ရည်တွေကိုရင်းနှီးပြီးမှ စားရတာဖြစ်ပါတယ်။ ခံစားချက်တွေ၊ ၀ါသနာတွေ အကုန်စွန့်လွှတ်ပြီးမှ ပြည်ပဆိုတာကို ရောက်လာခဲ့ကြရတာဖြစ်ပါတယ်။ ကြိုက်တဲ့သူမေးကြည့် ဒေါ်လာတွေစားနေရလို့ အဆင့်မြင့်မြင့်နေရလို့ ပျော်တဲ့ကောင် တစ်ကောင်မှမပါဘူး။ အညာသား အညာကိုလွမ်းတယ် အောက်သား အောက်ပြည်ကို လွမ်းတယ်။
အဲယားကွန်းခန်း Company ထဲကနေ ချွေးတပြိုက်ပြိုက်ကျ အလုပ်လုပ်နေရတဲ့ စက်ရုံအလုပ်ရုံတွေအဆုံး ရှိရှိသမျှ မြန်မာလူမျိုးအားလုံး ကိုယ့်နိုင်ငံကို သောက်မြင်ကပ်လှချည်ရဲ့ အလကားတိုင်းပြည်ကြီးပါ ထွီ ထွမ် လုပ်ပြီး ထွက်လာခဲ့တဲ့ သူတစ်ယောက်မှ မရှိပါဘူး။ အဆင်မပြေနိုင်တဲ့ ဘ၀အမောတွေ တင်ရှိနေရစ်ခဲ့တဲ့ အကြွေးတွေ မိသားစုမျက်နှာလေးတွေ မြင်ယောင်ပြီး လေယဉ်ပေါ်ကို ဟန်လုပ်တက်သွားခဲ့ကြရတာပါ။
အရင်က ပြည်ပကိုသွားကြတယ်ဆိုတာ ပညာတော်သင်သွားကြတဲ့ ပညာတတ်အသိုင်းအ၀ိုင်းကြားထဲမှာသာ ရေပန်းစားတဲ့ ကိစ္စတစ်ခုပါ။ အခုတော့ ကျောင်းမပြီးလည်း သွားသင့်ရင်သွားကြရတယ်။ ပန်းကန်ဆေးမလား ကြမ်းတိုက်မလား ရတယ် လုပ်သင့်ရင်လုပ်ရမှာပေါ့။ ကိုယ်သင်လာခဲ့တဲ့ ပညာရေးနောက်ခံ ဘွဲ့ နဲ့မတန်မရာအလုပ်ကို ခိုင်းသလား ရတယ် လုပ်ရမှာပေါ့။ ကိုယ်တွေကို အနှိမ်ခံ ဘ၀မှာထားပြီး ဆက်ဆံကြသလား ရတယ် သည်းခံရမှာပေါ့။ ရရာအလုပ် ရရာ ပညာသင်ကြရတယ်။ သကျသီဟရာဇာသာကီဝင်မဟာအမျိုးသားကောင်းမြန်မာလူမျိုးများ ဆိုတဲ့ဟာကြီးက ဒီခေတ်ကြီးထဲမှာ မေ့ထားရမယ့်အရာဖြစ်သွားပြီလေ။
ကိုယ်တွေဆီက ဘွဲ့လက်မှတ်ကို မြင်လိုက်တာနဲ့ ဟင်းဟဲ နဲ့ သက်ပြင်းချတဲ့ ပါမောက္ခတွေ၊ မင်းတို့မြန်မာတွေကို ဒါသင်ပေးလို့ ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ကထိက တွေရဲ့ မဲ့ပြုံးပြုံးပြီး ပြောတဲ့ စကားသံတွေ အားလုံးကို သည်းခံကျော်ဖြတ်လာခဲ့ကြရတယ်။ သူများနိုင်ငံကြီးကို သိပ်ချစ်လွန်းလို့ ပေးဆပ်ချင်လွန်းလို့ ကိုယ့်နိုင်ငံကို ခြေစုံကန်သွားခဲ့ကြရတယ်ဆိုတဲ့ အပြောမျိုးဟာ သိပ်ကိုမှားပါတယ်။
ဝန်ကြီး (သို့) ညွှန်မှုး လာမှာမို့လို့ဆိုပြီးတော့ ရုံးမှာ ညအိပ်ရတာတွေ၊ ဦးစီးမှုး မိန်းမ ဈေးသွားဖို့ ကားမောင်းပေးရတာတွေ၊ မန်နေဂျာကြီး သားကလေး သမီးကလေးတွေ ကျောင်းကြိုပို့လုပ်ပေးရတာတွေ၊ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ သစ်ပင်စိုက်ပွဲသွားရတာတွေ၊ နင်ပဲငဆ အဆဲခံ ရတာတွေ၊ ၀န်ကြီးဌာနကသက်ဆိုင်တဲ့ အရာရှိဆီက ညွှန်ကြားချက်က တစ်မျိုး၊ တိုင်းမှုး ဆီက ညွှန်ကြားချက်က တစ်ဖုံ၊ စစ်ဒေသမှုးလာတုန်းက ခိုင်းသွားတဲ့ ညွှန်ကြားချက်က တစ်သွယ် နဲ့ ညွှန်ကြားချက်တွေ အမိန့်တွေ ကြားထဲမှာ ရွာလည် နေတာထက်စာရင် သူများနားလို့မှ ကိုယ်မနားဘဲ လုပ်ရတဲ့ ပြည်ပက စက်ရုံတွေမှာ ရေကုန်ရေခန်း အလုပ်လုပ်ကြရတာ ပိုကောင်းပါလိမ့်မယ်။ ဒါတွေဟာ သက်တောင့်သက်သာ အေးဆေးနေပြီး ဒေါ်လာစားတာလား။
ဒီလိုပါဘဲ ကိုယ်တတ်ထားတဲ့ပညာနဲ့ သုသေသနဖြစ်ဖြစ် စာသင်တာဖြစ်ဖြစ် စာတမ်းပြုစုတာဖြစ်ဖြစ် စာရေးတာဖြစ်ဖြစ် လုပ်ချင်တဲ့ ပါမောက္ခတစ်ဦးဟာ တိုင်းမှုးလာမှစတင်မယ့် ကြက်ဆူပင်စိုက်ပျိုးပွဲကို နေပူကြီးထဲက ရပ်စောင့်နေရတာမျိုးထက် သူလုပ်ချင်တာ လုပ်ခွင့်ရတဲ့ အရပ်ဒေသကို ထွက်ခွာသွားတာ မဆန်းပါဘူး။ ပါမောက္ခတစ်ဦးဟာ နေပူကြီးထဲမှာ ကြက်ဆူပင်စိုက်ဖို့အရေး တစ်ခြားအာဏာပိုင်တစ်ယောက်ကို စောင့်သင့်မစောင့်သင့်၊ ကျောင်းပေါက်ဝမှာ လုံခြုံရေးဆိုတဲ့ ဂိတ်စောင့် တာဝန်ကို ယူသင့်မယူသင့် ကိုတော့ စဉ်းစားကြည့်ရင် သိပါလိမ့်မယ်။ လောကမှာ တန်ရာ တန်ရာ ဆိုတဲ့ စကားလည်း ရှိသေးရဲ့ မဟုတ်လား။ ဒါဟာ အတ္တစိတ်ကြောင့် ဒေါ်လာစားတာလား။
ဘွဲ့နဲ့ ဆိုင်တာမဆိုင်တာ အပထား ရရာတိုးလုပ်ကြရမယ့် အလုပ်တွေ မြန်မာပြည်မှာ သိပ်ပေါ အတင်း အဓမ္မပေါပါတယ်။ နိုင်ငံတော်အစိုးရက ခေါ်တဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ စာမေးပွဲတွေလည်း တစ်ကယ်ကို ချိမ့်ချိမ့် သဲကျင်းပကြပါတယ်။ အဲဒါနဲ့ အလားတူဘဲ ဘယ်နေရာက အလုပ်ခေါ်ခေါ် တမျှော်မျှော်နဲ့ တိုးတိုးကြိတ်ကြိတ် လျှောက်ထားကြ သင်တန်းတက်ကြရတဲ့ မြန်မာ့မျိုးဆက်သစ် ဘွဲ့ရပညာတတ်တွေလည်း တပုံတပင်ကြီးရှိပါသေးတယ်။ ဒါပေမယ့် ဘွဲ့ရလာတဲ့ အသိပညာရှင်၊ အတတ်ပညာရှင် အရေအတွက်နဲ့ အလုပ်နေရာနဲ့ အချိုးမျှကြပါရဲ့လား။ စဉ်းစားပါ။ တက္ကသိုလ်ကောလိပ် နည်းပြရာထူးအတွက် MA. MSc တွေကို ခေါ်တဲ့ ၀န်ထမ်းရွေးချယ် စာမေးပွဲတစ်ခု (၂၀၀၈) တုန်းကပါ။ လစ်လပ်တဲ့နေရာ (၅၀) ပါ။ လာရောက်လျှောက်ထားတဲ့ မဟာဘွဲ့ရတွေက (၃၅၀) ရှိပါတယ်။ သွားဖြေကြတဲ့ ပုဂ္ဂိုလ်ကျော်တွေပြန်လာလာခြင်းပြောလိုက်ကြတာက နေပြည်တော်သွားဖြေရတဲ့ စရိတ်သာကုန်သွားတယ် လစ်လပ် (၅၀) ထဲက (၃၀) ကမဖြေခင်ကတည်းက ရပြီးသားကွ ပါတဲ့ခင်ဗျာ။ ဒီနေ့ကြည့်လိုက်ကြပါ မိဘလက်ထဲက လက်ဖြန့်တောင်းနေရသေးတဲ့ ဘွဲ့ရလူငယ်တွေ၊ အလုပ်ရသော်လည်း (Company အလုပ်ဖြစ်စေ၊ အစိုးရအလုပ်ဖြစ်စေ) မပြည်လည်သေးတဲ့ လူတွေ ရိုက်သတ်လို့ မကုန်ပါဘူး။ ဘွဲ့တစ်ခုရပြီးတာတောင် နေရာမရှိတဲ့ တိုင်းပြည်ကနေ အခြားအခြားကို စိတ်ကူးကြတာ သိပ်တော့ မဆန်းပါဘူး။ ဂဟေဆော်ရဆော်ရ၊ ပိုက်ဆက်ရဆက်ရ လုပ်သင့်တာကို လုပ်ရမှာပေါ့။ ပြေလည်ဖို့က အဓိကပါ။ ဒါဟာ အလကားနေအလကား ပျော်လို့ ဒေါ်လာစားတာလား။
ကျောင်းကလည်းတပိုင်းတစ၊ မိဘကလည်းအဆင်မပြေ၊ လုပ်စရာအလုပ်လည်း တိုင်းပြည်က မပေးနိုင် ဒါဆို သွားရမှာပေါ့ အလုပ်ပေးနိုင်တဲ့ဆီကို။ စားဝတ်နေရေးပြေလည်ဖို့သာ အဓိက ကျပါတယ်။ မြန်မာပြည်မှာ ရေစည်လှည်းတွန်းစားမယ်ဆိုရင်တောင် စည်ပင်သာယာနဲ့ ငြိစွန်းနေသေးတာလေ။ လမ်းဘေးမှာ ကွမ်းယာဆိုင်လေးဖွင့်ရင်တောင် စည်ပင်က အလှုခံကသပ်သပ်၊ နေ့စဉ်ပေးနေရတဲ့ ဈေးကောက်ဆိုတာက သပ်သပ်၊ ပလက်ဖောင်းကြေးဆိုတာက သပ်သပ် လူကြီးလာရင် ဆိုင်ပိတ်ပေးထားပါ ဆိုတာက တစ်မျိုး အဲသလို အဲသလို ရှိနေပါတယ်။ လွတ်လွတ်လပ်လပ် တရားဥပဒေနဲ့အညီ အမှီအခိုကင်းကင်း လုပ်နိုင်တဲ့ စီးပွားရေးဆိုတာ ရှိရင်ပြောပါ။ အမှီအခို ကင်းတဲ့ စီးပွားရေးဆိုတာကမှ ကိုယ်လုပ်ရင်လုပ်သလောက် ကိုယ်စွမ်းရင်စွမ်းသလောက် ချုံကြားက ဘုံဖျားကို ရောက်မှာပါ။ ဒါကြောင့် ကျွန်ခံတယ်ပြောပြော ခင်ဗျားတို့ ကြိုက်သလိုပြော တန်ရာတန်ကြေး လုပ်အားကို ပေးဆပ်ပြီး တန်ရာတန်ကြေး ပိုက်ဆံ မရဘူးပြောပြော တစ်နေကုန် ရေစည်လှည်းတွန်းပြီး ချွေးပြိုက်ပြိုက်ကျလာမှ ရတဲ့ပိုက်ဆံကို စည်ပင်က လှည်းကြေး တစ်ဝက်လောက်တောင်းတာထက်စာရင် စက်ရုံထဲမှာ မတန်တဲ့ လစာနဲ့လုပ်ရတာ ပိုကောင်းပါတယ်။ ဒါတွေဟာ အလကားနေ ပျော်လို့ အားအားယားယား ဒေါ်လာစားကြတာလား။
အရာရာတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မွေးတဲ့သူတိုင်း မွေးကတည်းက တိုင်းပြည်ကိုချစ်ကြပါတယ်။ ထမင်းငတ်ခံပြီး ချစ်တဲ့သူ တစ်ရာမှာ တစ်ယောက်ရှိကောင်း ရှိနိုင်ပါတယ်။ အားလုံးတော့ မချစ်ဘူး။ ထမင်းစားရင်း တိုင်းပြည်ကို ချစ်တာတော့ အားလုံးပါဘဲ။ တပ်မတော်ထဲဝင်မှ နိုင်ငံ့သားကောင်းဖြစ်တာမဟုတ်ပါဘူး။ ဒီတိုင်းပြည်ထဲမှာ ရှင်သန်နေထိုင်ကြသူအားလုံး၊ ဒီတိုင်းပြည်ထဲမှာ ကျရာတာဝန်ထမ်းဆောင်နေသူအားလုံး၊ တိုင်းတစ်ပါးကိုသွားပြီး မိဘရပ်ထံ ပိုက်ဆံပြန်ပို့ပေးနေတဲ့ (တိုင်းပြည်အတွက်နိုင်ငံခြားဝင်ငွေ) ရှာပေးနေတဲ့ သူအားလုံး နိုင်ငံသားကောင်းတွေဖြစ်ကြပါတယ်။ ဒီတိုင်းပြည်မှာမွေးလို့ ဒီတိုင်းပြည်မှာလူဖြစ်တဲ့သူတိုင်း ဒီတိုင်းပြည်ရဲ့ ရင်နှစ်သည်းချာဖြစ်တယ်။ တရားမမျှတခြင်း ၀ါဒမဖြူစင်ခြင်း ဆိုတဲ့ အကြောင်းတရားတစ်ခုကြောင့် ပြည်ပသို့ ထွက်ကုန်ကြခြင်းဆိုတဲ့ အကျိုးတရားပေါ်ပေါက်လာတာဖြစ်ပါတယ်။
အပေါ်မှာပြောခဲ့တာတွေကိုကြည့်ပြီး ဟ ဖွံဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သေးတာဘဲ ရှေ့ဆက်တိုးတက်အောင် အားလုံးအနစ်နာခံကြရမှာပေါ့ ဆိုတဲ့ စကားလုံးတွေကို မပြောကြပါနဲ့တော့။ မြန်မာလူမျိုးတွေ အနစ်နာခံလာတာ နှစ်ပေါင်း (၂၀) ထက်မနည်းတော့ဘူး။ ဖွံဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ်ကနေ ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်အောင် ဆောင်ရွက်နေပါတယ်လို့ ပြောတဲ့စကားကို နားထောင်လာရတာလည်း နှစ်ပေါင်း (၂၀) မကတော့ဘူး။ ဆရာလူထုစိန်ဝင်းကပြောဖူးပါတယ် မြန်မာပြည်မှာ ထင်းခုတ်စားရင်တောင် ထမင်းမငတ်ပါဘူးတဲ့။ ထင်းခုတ်စားရင် သစ်တောပြုံးတီးမှုနဲ့ ဖမ်းခံရမှာဖြစ်ပေမယ့် သစ်ပင်အလုံးလိုက်ခုတ်ရင် အဖမ်းခံရမှာ မဟုတ်ပါဘူး။
အားလုံးအဆင်မပြေကြတာကို ကိုယ်တစ်ယောက်တည်း အဆင်မပြေဖြစ်နေလို့ ဆိုရင်ထားပါတော့။ ဘယ်ကိုဘဲ မျှော်ကြည့်လိုက်ကြည့်လိုက် အဆင်ပြေနေကြရက်သားနဲ့ ကိုယ်တွေသာ အဆင်မပြေဖြစ်နေကြတာကတော့ ဘယ်သူက သည်းခံနိုင်မလဲ။ တန်းတူညီတူ စားကြရ၊ တန်းတူညီတူ ပညာသင်ကြရ၊ တန်းတူညီတူ လုပ်ကိုင်ကြရက်သားနဲ့ ကိုယ်သာ အဆင်မပြေရင် ကိုယ်ညံ့တာပေါ့။ ကိုယ်ကကြိုးစားလုပ်ကိုင်ထားရက်နဲ့ ကိုယ်လောက်မလုပ်သူတွေ အဆင်ပြေသွားကြပြီး ကိုယ့်ထက်သာသွားတယ်ဆိုရင် ..........
လေးစားစွာဖြင့်
စိုးဝေယံထွန်း