သတင်းအ တို အ ထွာ များ (15 December 2011)

23 views
Skip to first unread message

7greendays

unread,
Dec 14, 2011, 10:27:14 PM12/14/11
to all_life...@googlegroups.com
** 7Greendays google group သတင်း နှင့် နည်း ပညာ ဆိုင် ရာ သတင်း များ
ကို ဝေမျှ ပေး ပါ သည်၊ **

**ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ**
The Voice Weekly - ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု
ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည့်
ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်တိုက်ရှိ ရွှေည၀ါဆရာတော်ကို
လူဝတ်လဲရန်အတွက် ယနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များဖြင့်
လုံခြုံရေးဆောင်ရွက်ထားသည်ဟု ကြည်မြင်တိုင်မြို့နယ် USDP ပါတီ
မြို့နယ်အမှုဆောင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်
တရားဟောကြားခဲ့သဖြင့် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊
သံဃာ့အဖွဲ့အစည်းအဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် လူဝတ်လဲရန်၊
နိုင်ငံတော်သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း
မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်း မပြုလုပ်ရန် အချက်သုံးချက်ပါသည့်
ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါး
စုံညီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့၏
ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး
သံဃာ့နာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။

ရွှေည၀ါ ဆရာတော်ကို ကျောင်းတိုက်မှနှင် သည့်စာလက်ခံရ။


**ဂျပန် ခုံးတံတားလေးစင်း ရန်ကုန်မှာ သုံးမည်**
မြန်မာ့သတင်း ဒီဇင်ဘာလ 14 ရက် By သစ်ထူးလွင် မီဒီယာ

ရန်ကုန်မြို့မှာ ဂျပန်နိုင်ငံလုပ်ငန်း ခုံးတံတားလေးစင်းကို
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့က လေးလအတွင်း အပြီးတပ်ဆင်
ဆောက်လုပ်သွားမယ်လို့ သိရတယ်။ “ခုံးတံတားတွေရဲ့ အစိတ်အပိုင်းတွေ
အကုန်လုံးကို ဂျပန်နိုင်ငံက မှာယူသွားမှာ၊ ပြည်တွင်းမှာ
ခုံးကျော်တံတားတွေ တည်ဆောက်တဲ့နေရာမှာလဲ အရင်ကလို ခက်ခက်ခဲခဲ
ဆောက်တော့မှာ မဟုတ်ဘဲ မှာယူထားတဲ့ အစိတ်အပိုင်းတွေကိုသာ ဆက်ပြီး
ဆောက်သွားမှာ” လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ
ဦးစိုးသိန်းက ပြောပါတယ်။

ခုံးတံတားတွေ တည်ဆောက်သွားမယ့် နေရာတွေက ကမာရွတ်မြို့နယ်၊
လှည်းတန်းမီးပွိုင့်အနီးမှာ တစ်ခု၊ တာမွေအဝိုင်းအနီးမှာ တစ်ခု၊
ရွှေဂုံတိုင်မှာ တစ်ခုနဲ့ ဘုရင့်နောင်တံတားအနီးမှာ တစ်ခု တည်ဆောက်သွားမှာ
ဖြစ်ပါတယ်။

ခုံးတံတားတွေ တည်ဆောက်ရာမှာ ဂျပန်နိုင်ငံကလာတဲ့ တံတားအစိတ်အပိုင်းတွေကို
ပြည်တွင်းမှာ အဆင်သင့် တပ်ဆင်ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ခုံးတံတား
လေးစင်းလုံးကို ၂၀၁၂ ခုနှစ် မတ်လအပြီး ဆောက်လုပ်သွားမှာ ဖြစ်ပြီး လူရော
ကားပါ သွားလို့ရမှာ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ်
ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။


**ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကျင်းပမည်**

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အများပြည်သူများ
တွေ့မြင်နိုင်စေရန်၊ ထုတ်ကုန်ပစ္စည်း အရည်အသွေးကိုသိရှိ၍ ပိုမိုတိုးတက်
ထုတ်လုပ်နိုင်စေရန်၊ ပြည်သူများအနေဖြင့် ခေတ်နှင့်အညီ ဆန်းသစ်သော
နည်းပညာများကို တွေ့မြင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် Yangon
International Trade Exhibition 2011 (Including Auto-Mobile Show2011)
ကို ရှိုင်းဆောက်လုပ်ရေး လုပ်ငန်း၏ အဓိကပံ့ပိုးမှုဖြင့် ရန်ကုန်မြို့
ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ
ကျင်းပမည်ဖြစ်သည်။ ပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊
အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်နှင့်
ဖက်ရှင်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး၊ သန့်ရှင်းရေးနှင့်
မီးဖိုချောင်သုံး အထွေထွေပစ္စည်းအမျိုးမျိုး၊ မော်တော်ယာဉ်နှင့်
ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ ကြမ်းခင်းပစ္စည်း အမျိုးမျိုး၊ ခေတ်မီပရိဘောဂ
ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန် ပစ္စည်းအမျိုးမျိုး၊
ဆေးဝါးပစ္စည်းအမျိုးမျိုး၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးတို့ကို
အထူးအစီအစဉ်များအနေဖြင့် မော်တော်ယာဉ် အကျိုးဆောင် ကုမ္ပဏီများနှင့်
ပြည်ပမှ မှာယူတင်သွင်းသည့် ကုမ္ပဏီများက ခင်းကျင်းပြသမည်ဖြစ်ရာ
ပြပွဲအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉-၈၆၂၆၀၈၀ သို့
ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ်
မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

**ပြည်သူ့ရင်ပြင်ရှိ ရေပန်းရုပ်ရှင်ကို ခြောက်လအတွင်း
ဖွင်လှစ်ရန်မျှော်မှန်း ပရိသတ်၁ဝဝဝဆံ့ ပွဲကြည့်စင်တည်ဆောက်မည်**

ပြည်သူ့ရင်ပြင်အတွင်းရှိ ရေပန်းရုပ်ရှင်ကို ခြောက်လအတွင်း
ဖွင့်လှစ်ရန်မျှော်မှန်းထားပြီး ၎င်းရေပန်းရုပ်ရှင်အားကြည့်ရှုရန် ပရိသတ်
၁ဝဝဝ ဆံ့ပွဲကြည့်စင် တည်ဆောက်မည်ဖြစ်ကြောင်း Natural World ကုမ္ပဏီ၏
တာဝန်ရှိသူတစ်ဦးက ၂၃-၁၁-၂ဝ၁၁ ရက်တွင်ပြောကြားသည်။''ရေပန်းရုပ်ရှင်ကို
စင်ကာပူက ဆန်တိုဆာမှာ ပြုလုပ်ချက်အတိုင်း လုပ်သွားမှာပါ။
ရေပန်းရုပ်ရှင်အတွက် ရေပန်းတပ်ဆင်မှုပြီး သွားပေမယ့်၊ ပွဲကြည့်စင်ရယ်၊
ရေပန်းကနေ မီးထပေါက်တာ ဒီနှစ်မျိုးကျန်သေးတယ်။ ရေပန်းရုပ်ရှင်ကို
ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး ပြည်တွင်း
ပြည်ပပညာရှင်တွေကပူးပေါင်းဆောင်ရွက်နေတာပါ'' ဟုယင်းကပြောသည်။ လက်ရှိ
ရေပန်းရုပ်ရှင်ဖွင့်လှစ်ရေးအတွက် သံစဉ်ရေပန်းစီစဉ်မှု ပြီးစီးသွားသော်လည်း
ဘေးပတ်ဝန်းကျင်အလှဆင်မှုများ ပြီးစီးရန်လိုအပ်နေသေးကြောင်း၊
ရေပန်းရုပ်ရှင်အတွက်လိုအပ်သည့်ပစ္စည်းများကို စင်ကာပူနှင့် တရုတ်မှ
တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။

''ရေပန်းရုပ်ရှင်က ညဘက်မှာ ကြည့်ဖို့အဆင်ပြေတယ်။ နေ့ဘက်ကျတော့
ကြည့်ဖို့အဆင်မပြေတဲ့အတွက် ရေပန်းရုပ်ရှင်ဖွင့်ပြီးရင်
ကစားကွင်းပိတ်ချိန်ကိုလည်း တိုးမြှင့်သွားမှာပါ။ ရေပန်းရုပ်ရှင်မှာ
lighting တွေ performance တွေပါမယ်။ ရေပန်းရုပ်ရှင်ကို
သေချာကြည့်ရှုနိုင်ဖို့ ပွဲကြည့်စင်ကိုလည်း ဆောက်သွားမယ်။ ပစ္စည်းတွေကတော့
ရောက်နေပါပြီ'' ဟု ယင်းက ပြောသည်။ ပြည်သူ့ရင်ပြင်ကစားကွင်း၌
လက်ရှိကစားနည်း ကိုးလက်ရှိကစားနည်းကိုးနည်းရှိပြီး ထပ်မံ၍လည်း
ကစားနည်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ အလှမွေးငါးကန်၊ အပျော်တမ်း
ငါးဖမ်းကန်များကိုပါ တစ်ပြိုင်တည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

**ပဉ္စမအကြိမ်မြောက် ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်
ပန်းပွဲတော် နိုင်ငံတကာ အဆင့်မီ စည်ကား သိုက်မြိုက်စွာ ကျင်းပ**

နှစ်စဉ်ကျင်းပမြဲဖြစ်သော ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်၊
ပဉ္စမအကြိမ်မြောက် ပန်းပွဲတော်ကြီးကို ဒီဇင်ဘာ၁ ရက်မှ ဒီဇင်ဘာလ ၂ဝ ရက်အထိ
ယခင်ပန်းပွဲတော်နှင့်မတူ နိုင်ငံတကာအဆင့်မီ ပန်းပွဲတော်ဖြစ်စေရေး
အထူးအစီအစဉ်ဖြင့် ထူးခြားဆန်းပြားသော ပန်းပြကွက်များဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ယခုအခါ ပြင်ဦးလွင်သို့
ကမ္ဘာလှည့်ခရီးသည်များ ယခင်နှင့်မတူဘဲ ထူးထူးခြားခြား အဝင်အထွက်တိုးတက်
များပြားလာသည်နှင့်အမျှ အမျိုးသားကန်တော်ကြီး ဥယျာဉ်မှာလည်း
ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိကကျသော နေရာဌာနတစ်ခုအဖြစ်သို့
ရောက်ရှိလာခဲ့ပြီိဖြစ်သည်။

ယခုကျင်းပမည့် ပန်းပွဲတော်ဥယျာဉ် ဧရိယာအတွင်းသို့
ပန်းမန်သစ်ပင်များကိုလည်း ပန်းပွဲတော်အမီ သုံးလခန့်အချိန်ယူ၍
အကောင်းဆုံးနှင့် အထူးခြားဆုံးဖြစ်အောင် ပြင်ဆင်ထားသည်။ထို့ပြင်
ပန်းပွဲတော်ဧရိယာအတွင်းလေ့လာကြည့်ရှုနိုင်ရန် ဂျပန်နိုင်ငံ၊
တရုတ်နိုင်ငံတို့မှ မှာယူတင်သွင်းခဲ့သော မျိုးစေ့များမှ
စိုက်ပျိုးရရှိထားသော ထူးခြားဆန်းပြားသည့် ပန်းပြကွက်များအပြင်
နိုင်ငံခြားမျိုးနှင့် ဒေသမျိုးစုစုပေါင်း ပန်းမျိုး၎ဝ နှင့်အတူ
ပန်းပြကွက်အတွင်း စုစုပေါင်း ပန်းပွင့်အရေအတွက် ၂၅ဝဝဝဝ ကိုလည်း အနုပညာ
မြောက်စွာဖြင့် ခင်းကျင်းပြသထားသည့်အပြင် အထူးအစီအစဉ်အဖြစ် ဥယျာဉ်
အတွင်းရှိသစ်ခွပန်းခြံကိုလည်း ပန်းပွဲတော်လာပရိသတ်များ စိတ်ဝင်စားစေရန်
ခင်းကျင်းပြသထားသည်။

ပန်းပွဲတော်သို့ လာရောက်ကြသောပရိသတ်များအတွက် ဖျော်ဖြေရေးအစီအစဉ်အဖြစ်
၁၇-၁၂-၂ဝ၁၁ ရက်တွင် IronCross တေးဂီတအဖွဲ့နှင့်အတူ အဆိုတော်များဖြစ်ကြသော
လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း၊မျိုးကြီး၊ ၁၈-၁၂-၂ဝ၁၁ ရက်တွင် Metal Zone
ဂီတအဖွဲ့နှင့်အတူ Rဇာနည်၊ လင်းလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊
အောင်လ၊ အေသင်ချိုဆွေ၊ ချမ်းချမ်း၊ အိမ့်ချစ်တို့ကလည်း ပန်းပွဲတော်ညနေ
ဆည်းဆာဂီတပွဲအဖြစ် ကျင်းပသွားမည်ဖြစ်သည်။ယမန်နှစ် စတုတ္ထအကြိမ်မြောက်
ပန်းပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပမှ ဧည့်ပရိသတ်ပေါင်း
နှစ်သိန်းကျော်ခန့် လာရောက်ခဲ့ပြီး ယခုကျင်းပမည့် ပဉ္စမအကြိမ်မြောက်
ပန်းပွဲတော်၏ ထူးခြားစွာပြင်ဆင်ထားမှုကြောင့် ပြည်တွင်းပြည်ပမှ
ဧည့်ပရိသတ် ယမန်နှစ်ကထက် ပိုမိုလာရောက်လိမ့်မည်ဟုခန့်မှန်းထားကြောင်း
ထူးကုမ္ပဏီများအုပ်စု၊ တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းဥယျာဉ်များလုပ်ငန်းမှ
ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောကြားသည်။

**အနုပညာရှင်များ စင်ကာပူသို့ သွားရောက် ဖျော်ဖြေခဲ့**

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သျှန်ထွဏ်း (မြန်မာစာ)၊
သရုပ်ဆောင် မြင့်မြတ်၊ စွမ်း၊ မို့မို့မြင့်အောင်၊ ဝါဆိုမိုးဦး၊
ဂျူဂျူးကေ၊ နိုနိုကေနှင့် အခြားဟာသ သရုပ်ဆောင်များ ပါဝင်သည့် မြန်မာ
အနုပညာရှင်များ အဖွဲ့သည် ၁၃-၁၁-၂ဝ၁၁ ရက်က စင်ကာပူနိုင်ငံတွင် သွားရောက်
ဖျော်ဖြေ ခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်
ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်နှင့် ပတ်သက်ပြီး မော်ဒယ်လ် သရုပ်ဆောင် ဂျူဂျူးကေက
''သမီးတို့ ဒီကနေ ၁၂ ရက်နေ့က သွားပြီး ရောက်ရောက်ချင်း ညနေ ၃
နာရီလောက်မှာ ပရိသတ်များနဲ့ အတူ ဓာတ်ပုံရိုက်ခြင်း၊ အမှတ်တရ လက်မှတ်
ရေးထိုးခြင်းများနဲ့ အတူ ပွဲလက်မှတ်များကို ရောင်းချခဲ့ ပါတယ်။ လက်မှတ်
နှုန်းထားတွေကတော့ စင်ကာပူ ဒေါ်လာ ၄၅၊ ၃၅၊ ၂၅ စသဖြင့် သတ်မှတ်ထား ပါတယ်။

သမီးရယ်၊ ဝါဆိုမိုးဦး၊ နိုနိုကေ၊ ဧကရီဆုစံတို့က စွမ်းနဲ့အတူ နှစ်ပါးသွား
ကခဲ့ပါတယ်။ နောက်ပြီး ဆရာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးဆောင်တဲ့
ပြဇာတ်ကို မမို့၊ ကိုမြင့်မြတ်နဲ့ တခြား အနုပညာရှင်များ က ဖျော်ဖြေခဲ့ကြ
ပါတယ်။ ၁၄ ရက်နေ့မှာ ရှော့ပင်း ထွက်ပြီး မြန်မာနိုင်ငံကို ၁၅ ရက်နေ့မှာ
ပြန်လည် ရောက်ရှိခဲ့ ပါတယ်။ ဖျော်ဖြေပွဲမှာ မြန်မာပရိသတ် အတော်များများ
လာရောက် အားပေးခဲ့ကြ ပါတယ် '' ဟု ပြောကြား ခဲ့သည်။


**အမှိုက်ချသူ၊ လမ်းလယ်တွင် လျှောက်သူကို စင်ကာပူကဲ့သို့ ငွေဒဏ်ရိုက်တော့မည်**

ရန်ကုန် စည်ပင်ဧရိယာအတွင်း အမှိုက်ချခြင်း၊ လမ်းလယ်တွင်
လျှောက်ခြင်းများကို စင်ကာပူ နိုင်ငံကဲ့သို့ ငွေဒဏ်ရိုက်၍ အရေးယူရန်
ပင်စင်စား ဝန်ထမ်းများ ခန့်ထားပေးမည်ဖြစ်၍ ရရှိသည့် ဒဏ်ငွေမှ
တစ်ဆယ်ရာခိုင်နှုန်း ဆုချမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
သိရသည်။

“ဆူးလေလို နေရာမျိုးမှာ ကားတွေကို မထီမဲ့မြင်လုပ်ပြီး လမ်းလယ်ကနေ
စတီးအကာတစ်လျှောက် လမ်းသွားနေကြတယ်။ အန္တရာယ် ရှိလာပြီ။ အဲ့ဒီလူတွေကို
ဒဏ်ရိုက်တော့မယ်။ ငွေမကုန်ချင်ရင် စည်းကမ်းတကျ ပြုမူနေထိုင်သင့်တယ်။
ပြီးတော့ မြန်မာက အခုဒီမိုကရေစီ နိုင်ငံဖြစ်လာပြီ။ ဒီမိုကရေစီ
နိုင်ငံကြီးမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်နဲ့ အခွင့်အရေး ဒွန်တွဲနေတယ်။
တာဝန်က အဓိကအားဖြင့် စည်းကမ်းရှိဖို့ပဲ။ စင်ကာပူလို တိုးတက်ချင်ရင်
စင်ကာပူလို စည်းကမ်းရှိရမယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး
တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် သန့်ရှင်းသာယာ လှပရေးအတွက် စည်းကမ်းထိန်းသိမ်းရေး
လုပ်ငန်းများ ပညာပေးကာလ ကြာမြင့်ပြီးဖြစ်၍ မြို့နယ်အလိုက် ပင်စင်စား
ဝန်ထမ်းများ ခန့်ထား၍ စောင့်ကြည့်ဖမ်းဆီးပြီး ရရှိသည့် ဒဏ်ငွေမှ
တစ်ဆယ်ရာခိုင်နှုန်း ဆုချမည်ဖြစ်ကြောင်း ဒီဇင်ဘာလဆန်းတွင် အစိုးရအဖွဲ့က
ညွှန်ကြားလိုက်သည်။ ယင်း စည်းကမ်းမဲ့ ပြည်သူအချို့အား ဒဏ်ငွေရိုက်၍
ရရှိသည့် ဒဏ်ငွေမှ ကိုးဆယ်ရာခိုင်နှုန်းအား ရန်ကုန်မြို့သစ်လမ်းများ
ပြုပြင်ရန်နှင့် လူကူးမျဉ်းကြားနှင့် လမ်းစည်းကမ်း ကောင်းမွန်ရေးအတွက်
သုံးစွဲပြုပြင်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်
ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နေလူဦးရေ ၄၁၂၄၁၈၃ ဦးရှိ၍ မြို့ဧရိယာ
၁၉၈.၁၉ စတုရန်းမိုင်အား စင်ကာပူနိုင်ငံကဲ့သို့ အဆင့်မီ သန့်ရှင်းရေး
ရေတို၊ ရေရှည် စီမံကိန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သက်ဆိုင်ရာမှ သိရသည်။


**တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ ပထမဆုံးအကြိမ် ရေခဲပြင်
အပန်းဖြေကမ္ဘာ ပြပွဲကြီး ကျင်းပမည်**

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ ပထမဆုံးအကြိမ် ရေခဲပြင်
အပန်းဖြေကမ္ဘာ ပြပွဲကြီးကို ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း
၅-၁၂-၂၀၁၁ ရက်တွင် Asia Myanmar Consortium Development Co.,Ltd. မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါပြပွဲ Ice Wonder land Exhibition
Project ကို တရုတ်နိုင်ငံမှ Xi Long Dai Culture Limited Company နှင့်
မြန်မာနိုင်ငံမှ Asia Myanmar Consortium Development Co.,Ltd. တို့
ပူးပေါင်း၍ ခြောက်လကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“အခုလို လုပ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့တာ ကြာပါပြီ၊
လုပ်ငန်းပိုင်းဆိုင်ရာကို နှစ်နိုင်ငံ ညှိနှိုင်းပြီး
ဒီဇိုင်းရေးဆွဲမှုတွေ လုပ်ဖြစ်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က
ပညာရှင်တွေက အပြင်ဘက် ဒီဇိုင်း တည်ဆောက်မှုကို နိုဝင်ဘာလ ပထမပတ်ကစပြီး
တည်ဆောက်နေတယ်၊ တရုတ်နိုင်ငံက ပညာရှင်တွေကတော့ လာမယ့် ဒီဇင်ဘာလထဲမှာ
ရောက်မယ်။ ပညာရှင် ၂၅ ယောက် ၃၀ လောက်ပါမယ်။ ကျွန်တော်တို့တွေ အဆောက်အအုံ
ဆောက်တယ် ဆိုပေမယ့်လည်း ပြပွဲလို့ စီစဉ်ထားတဲ့ အတွက် ဖြုတ်လို့
တပ်လို့ရတဲ့ အရှင်ဖြစ်တဲ့ တိုင်တွေ၊ ပစ္စည်းတွေပဲ သုံးထားတယ်။
ကျွန်တော်တို့က ပြပွဲအတွင်းမှာ မြောက်ဝင်ရိုးစွန်းကို ရောက်သွားသလို
ခံစားရအောင် စီစဉ်ထားမှာပါ။ အတွင်းမှာလည်း ကမ္ဘာ့အထင်ကရ နေရာတွေရဲ့
ပုံတူတွေကို ရေခဲရုပ်တုနဲ့ ပြုလုပ်ပေးသွားမှာပါ။ ပြပွဲရဲ့
အတွင်းဘက်မှာလည်း ဆလိုက်မီးတွေနဲ့ တကယ်ကို လှပတဲ့ ခံစားမှုတွေ ရအောင်
လုပ်ပေးသွားမှာပါ။ ဝင်ကြေးကတော့ အခုထိ မသတ်မှတ်ရသေးပါဘူး” ဟု ယင်းက
ပြောကြားသည်။
အဆိုပါပြပွဲအတွက် အဆောက်အအုံကို ရန်ကုန်မြို့ ဗဟန်း ၃ လမ်း မှတ်တိုင်အနီး
ကန်တော်ကြီးဥယျာဉ်၏ Western Park Restaurant ဝင်ပေါက်၏ ညာဘက်အခြမ်းတွင်
တည်ဆောက်မည်ဖြစ်သည်။ ပြပွဲအဆောက်အအုံ အကျယ်သည် အလျား ၁၉၃ ပေ၊ အနံ ၁၃၅
ပေနှင့် အမြင့် ၁၈ ပေရှိပြီး ရေခဲပြင် အပန်းဖြေကမ္ဘာ၏ အအေးဓာတ်ကို အနုတ်
၁၀ ဒီဂရီစင်တီဂရိတ်တွင် ထားရှိမည်ဖြစ်ကြောင်းနှင့် လာရောက်
အပန်းဖြေသူများ အတွက်လည်း ဝတ်စုံများ စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါပြပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်နိုင်ရန်
စီစဉ်ထားပြီး ခြောက်လတာကာလ ပြီးဆုံးသွားပါက မန္တလေး၊
နေပြည်တော်တိုင်းဒေသကြီးတို့တွင် ဆက်လက် ပြသသွားရန် စီစဉ်ထားကြောင်း
သိရသည်။ လာရောက်သူများကို နှင်းလျှောစီးနိုင်ရန်လည်း စီစဉ်ထားပြီး
နေပြည်တော်ရှိ အမျိုးသားဥယျာဉ်တွင်လည်း ရေခဲပြင်စကိတ် အဆောက်အအုံကို
ကိုရီးယား ပညာရှင်များနှင့် ပူးပေါင်းဆောက်လုပ် ဖွင့်လှစ်ထားပြီး
ဖြစ်ကြောင်း သိရသည်။

**လျှပ်စစ် မီတာခများအား နောက်ထပ် တစ်ဆ ထပ်တိုးမည်**
၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ရက် နေ့မှစ၍ လျှပ်စစ်မီတာခများကို
နောက်ထပ်တစ်ဆထပ်တိုး ကောက်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
၂၀၀၆ ခုနှစ်ဇန်န၀ါရီလ ၅ ရက်နေ့မှ စတင်၍
ဓါတ်အားခနှုန်းထားများကိုအိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်၊
စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံးမီတာတစ်ယူနစ် လျှင် ၅၀
ကျပ်ကောက်ခံခဲ့ရာမှ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှစတင်၍
အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၅၀ ကျပ်၊ လုပ်ငန်းသုံးမီတာတစ်ယူနစ်လျှင် ၁၀၀
ကျပ်သို့ ပြောင်းလဲတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အမှတ်(၂)
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှစုံစမ်းသိရှိရသည်။

**********************************************************************************
7greendays google group တွင် Member ၀င် လို လျှင်
http://groups.google.com/group/7greendays/subscribe?hl=en သို့  ၀င်
ရောက် နိုင် ပါ သည်၊

*********************************************************************************

Reply all
Reply to author
Forward
0 new messages