နေပြည်တော် - နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ အဆင့်မြင့်ဆုံး အမေရိ ကန်အစိုးရအဖွဲ့ ပထမဦးဆုံးလာရောက်ရာတွင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် မြန်မာ့ခေါင်းဆောင်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ ၌ သမိုင်းဝင်ညှိနှိုင်းဆွေးနွေးပွဲတို ပြုလုပ်ခဲ့သည်။
နိုဝင်ဘာလ ရွေးကောက်ပွဲ ပြီးနောက်၊ ယခုနှစ် အစောပိုင်း၌ တက်လာသည့် အစိုးရသစ်သို့ အာဏာလွှဲပေး ပြီးသည်မှစ၍ မြန်မာနိုင်ငံတွင် အဓိကဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြပါသည်။
၂၀၁၁ ခုနှစ်
မတ်လ ၃၀ ရက် - ဖော်ဖော်ရွေရွေ နေတတ်သော ၀န်ကြီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် သမ္မတအဖြစ် ကျမ်းကျိန်သည်။ ၁၉၉၂ ခုနှစ်ကတည်းက အာဏာရလာသော တပ်မတော်အစိုးရ ဖျက်သိမ်းပြီး နောက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူသည်။ အနောက်အုပ်စုက ထိုအပြောင်းအလဲများကို အပေါ်ယံ ရွှေမှုန်ကြဲသက်သက်သာ ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်သည်။
ဇူလိုင်လ ၆ ရက် - ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလက နေအိမ်အကျယ်ချုပ် မှ လွတ်လာခဲ့ပြီးနောက်၊ ပုဂံမြို့သို့ ပထမဦးဆုံး သီးသန့် ခရီးထွက်လာသော ဒေါ်အောင်ဆန်းစုကြည်အား ရာပေါင်းများစွာသော ထောက်ခံသူများက ကြိုဆို ကြသည်။
ဇူလိုင်လ ၁၇ ရက် - ဖခင်ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပသော အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ကိုးနှစ်အတွင်း ပထမအကြိမ်အနေဖြင့် ဖိတ်ကြားခံရသည်။
ဇူလိုင်လ ၂၅ ရက် - ဒေါ်အောင် ဆန်းစုကြည် ပထမအကြိမ်အနေနှင့် အမည်ခံအရပ်သား အစိုးရသစ်၏ ၀န်ကြီးတစ်ဦးနှင့်တွေ့ ဆုံသည်။
ဩဂုတ်လ ၁၄ ရက် - ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ပထမဦးဆုံး ပေါ်ပေါ်ထင်ထင် နိုင်ငံရေးခရီးစဉ်တစ်ခုကို အဆီးအတားမဲ့ ထွက်လာရာ လမ်းခရီး၌ လူအုပ်ကြီးများက ကြိုဆို ကြသည်။
ဩဂုတ်လ ၁၅ ရက် - အတိုက်အခံ ခေါင်းဆောင်နှင့် အစိုးရသစ်ကြား ဆက်ဆံရေး ပျော့ပေါင်းလာမှုတစ်ခု၏ အရိပ်လက္ခာများ မြင့်တွေ့ရသဖြင့် အားတက်ရသည်ဟု အမေရိကန် ပြည်ထောင်စုက ပြောသည်။
ဩဂုတ်လ ၁၉ ရက် - သမ္မတ ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်အား ပထမအကြိမ်အနေဖြင့် တွေ့ဆုံသည်။
စက်တင်ဘာလ ၆ ရက် - နှိပ်စက် ညှဉ်းပမ်းမှုများ ရှိသည်ဟူသော စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ၏ မေတ္တာရပ်ခံချက် အရ၊ မြန်မာနိုင်ငံက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းသည်။
စက်တင်ဘာလ ၉ ရက် - မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒအတွက် ပထမဦးဆုံး အမေရိကန်၏ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ် နေပြည်တော်သို့ လာရောက်လည်ပတ်သည်။
စက်တင်ဘာလ ၁၈ ရက် - အေအက်ဖ်ပီနှင့် အထူးသီးသန့်တွေ့ရာတွင် မြန်မာနိုင်ငံတွင် အပြုသဘော ဆောင်သည့် ဖြစ်ပေါ် တိုးတက်မှုများ ကိုမြင်ကြောင်း၊ သို့သော် လုပ်ဆောင်စရာများ အများကြီးရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စက်တင်ဘာလ ၂၉ ရက် - မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မစ်ချယ်နှင့် ၀ါရှင်တန်တွင် တွေ့ဆုံ ဆွေးနွေးသည်။
စက်တင်ဘာလ ၃၀ ရက် - ကချင် ပြည်နယ်တွင် ပြုလုပ်မည့် အငြင်းပွားနေ သည့် မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူများ၏ ဆန္ဒအား လိုက်လျော၍ မြန်မာနိုင်ငံအစိုးရက ရပ်ဆိုင်းထားလိုက်သည်။
အောက်တိုဘာလ ၁၀ ရက် - အရှေ့အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲလ် က မြန်မာ နိုင်ငံတွင် 'သိသာထင်ရှားသော ဖြစ်ပေါ်တိုးတက် မှုများ ဆောင်ရွက်နေခြင်း'ကို ကြိုဆိုသည်။
အောက်တိုဘာ ၁၂ ရက် - အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လွှတ်ပေးခံရသော အကျဉ်းသား ၂၀၀ ထဲတွင် လူရွှင်တော် ဇာဂနာသည် တစ်ယောက်အပါအ၀င်ဖြစ်သည်။
နိုဝင်ဘာလ ၁၇ ရက် - အရှေတောင်အာရှခေါင်းဆောင်များက မြန်မာနိုင်ငံ အား ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ရန် သဘောတူသည်။
နိုဝင်ဘာလ ၁၈ ရက် - မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား စေလွှတ်မည်ဟု အမေရိကန်သမ္မတ ဘာရက်အိုးဘား မားက ကြေညာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်ပြီး တရားဝင် မှတ်ပုံတင်ရန်နှင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ရန် မဲဖြင့်ဆန္ဒ ပြုကြသည်။
နိုဝင်ဘာလ ၃၀ ရက် - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် က လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ပြောသည်။
ဒီဇင်ဘာလ ၁ ရက် - ခေါင်းဆောင်သစ်များနှင့် သမိုင်းဝင်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ 'ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု'များကြောင့် အမေရိကန်တို့ အားတက်ရသည်ဟု ကလင်တန်က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အား ပြောပြသည်။
နေပြည်တော် - သောကြာနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာ နိုင်ငံအုပ်ချုပ်ရေးအဖွဲ့နှင့် အဓိက ရမှတ်တိုင် စိုက်ထူသည့် ပြောဆို ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး အစိုးရအဖွဲ့သစ်၏ ပြုပြင်ပြောင်း လဲရေးခြေလှမ်းများ ကြောင့် များစွာ စိတ်ဓာတ်တက်ကြွခဲ့ပါကြောင်းလည်း ပြောကြားသည်။
အနောက်တိုင်းနိုင်ငံများအား၊ကာလ ကြာရှည်စွာ မယုံသင်္ကာဖြစ်ခဲ့သော မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှု အတွက် အားပေး အားမြှောက်ပြုရန်ဟူသော ခက်ခဲသည့် တာဝန်ကို ပေးအပ်၍ သမ္မတအိုဘားမားက စေလွှတ်ခြင်းခံရသူ ထိပ်တန်း သံတမန်အရာရှိ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် ထင်ပေါ်ကျော်ကြားသော ဒီမိုကရေစီလိုလားသည့် မြန်မာအမျိုးသမီး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဝေးလံသည့် မြန်မာနိုင်ငံ မြို့တော် နေပြည်တော်ရှိခမ်းနားထည်ဝါလှသော သလင်းကျောက်များအစီအရီ တွဲလျား ချိတ်ဆွဲထားသည့် မျက်နှာကြက်မီးပန်းဆွဲများဖြင့် တန်ဆာဆင်ထားပြီး ရွှေခြူးပန်းခြူးနွယ်များ ထွင်းထုထားသည့် ကုလားထိုင်ကြီးများ အစီအရီ နေရာ ချထားသည့် သမ္မတနန်းတော်တွင်း ဆွေးနွေးပွဲများတွင် သမ္မတကြီး ဦးသိန်းစိန်က ၀ါရှင်တန်နှင့် 'ဆက်ဆံရေးကို အခန်းကဏ္ဍသစ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း' ၀မ်းသာအားရ မိန့်ဆိုမြွက်ကြားခဲ့သည်။
ဝန်ကြီးကလင်တန်က ယခင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ယခုအခါ ပြုပြင်ပြောင်းလဲမှုတသီတတန်းကို ဦးစီးလုပ်ဆောင်ခဲ့သူ သမ္မတကြီးအား "သမ္မတအိုဘားမားနှင့် ၎င်းကိုယ်တိုင်မြန်မာသမ္မတကြီးနှင့် အစိုးရအဖွဲ့ကပြည်သူများအတွက် လှမ်းခဲ့သောခြေလှမ်း များကြောင့် စိတ်အားတက်ကြွရွှင်လန်းမှုများ ဖြစ်ခဲ့ရပါကြောင်း" ပြောကြားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန်အပေါ် ကြီးမားသည့် ဩဇာအရှိန်အ၀ါရှိသူဖြစ်ပြီး မြန်မာနိုင်ငံ အပေါ်အမေရိကန်၏ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု တစ်စုံတစ်ခုကိုဖယ်ရှားမှုပြုရန် ၎င်း၏သဘော တူညီမှုလိုအပ်မည်ဖြစ်သည်။
၎င်းအား နေအိမ်အတွင်း အချုပ်ချထားရာမှ နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့ပြီးနောက် လက်ရှိ အစိုးရအဖွဲ့နှင့် အစည်းအဝေး အမြောက်အမြား၌ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သူဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၃၀ ရက်နေ့က ဗီဒီယို ချိတ်ဆက်မှုဖြင့် ၀ါရှင်တန် အစည်းအဝေးတစ်ခုအား နိုင်ငံခြားရေး ၀န်ကြီးကလင်တန်၏ အလည်အပတ် လာရောက်မှုက ရှေ့ဆက်၍ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် အားကောင်းသော တွန်းအားပေးမှုပြုလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ အလည်အပတ် လာရောက်မှုက ပိုမိုကောင်းမွန်တဲ့နှစ်နိုင်ငံဆက်ဆံရေးကို ပေးစွမ်းနိုင်လိမ့် မယ်လို့ကျွန်မမျှော်လင့်ပါတယ်"ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
"ကျွန်မကတော့ သဘောပေါက် နားလည်မှုရအောင် အပြန်အလှန် ဆွေးနွေးပြောကြားတာကို ကြိုက်နှစ်သက်ပါတယ်။ ကျွန်မကတော့ အမေရိကန်ပြည်ထောင်စု အခုထက်ပိုပြီး မြန်မာပြည်နဲ့ အပြန်အလှန်ဆက်သွယ် ပြောကြားမယ်ဆိုရင် ပိုပြီးဝမ်းမြောက် ၀မ်းသာဖြစ် မှာပါ"ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့်ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ တွင်ယှဉ်ပြိုင် အရွေးခံပြီး အစိုးရက မည်သည့် အတိုင်းအတာအထိ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို လက်ခံရန် အဆင်သင့်ဖြစ် ကြောင်း စမ်းသပ် လုပ်ဆောင်ရန် ရည်ရွယ်ပေသည်။
ယှဉ်ပြိုင်အရွေးခံရမည့် အမတ်နေရာ ၄၈ နေရာရှိသော်လည်း မဲဆန္ဒ ပေးပွဲ ကျင်းပမည့်နေ့ရက်ကိုမူယခုတိုင် သတ်မှတ်ပြီးခြင်း မရှိသေးပေ။
ဗိုလ်ချုပ်ကြီးများ၏ အချုပ်အနှောင်အောက်တွင် ဆယ်စုခေတ်နှစ်ခေတ်၏ အချိန်အများစု ကုန်ဆုံးခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် ကမူ ၎င်းကိုယ်တိုင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု အတည်ပြု ပြောကြားလိုက်သည်။
"ရွေးကောက်ပွဲကျင်းပရင် ကျွန်မ ၀င်မှာ အသေအချာပါ" ဟု ၎င်းက ပြောကြားသည်။
ဒီမိုကရေစီ၏ မီးရှူးတန်ဆောင်ဖြစ်သော ၎င်းသည် အစိုးရသစ်လက် ထက်တွင် ပြုပြင်ပြောင်းလဲမည့် အရိပ်အယောင်များ ပေါ်ပေါက် လာခြင်းကို လက်ကမ်းကြိုဆိုမှုပြုခဲ့သည်။
အာဏာလွှဲပြောင်းရယူလိုက်သည့် အချိန်မှစ၍သမ္မတကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ လူနည်းစု တိုင်းရင်းသား အဖွဲ့ အစည်းများနှင့်ပါအပြန်အလှန် ဆွေးနွေးမှုများကို ဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရပြီး မြန်မာ့တပ်မတော်သည် အဆိုပါ တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများနှင့် ကမ္ဘာ့အရှည်ကြာဆုံး ရေရှည်စစ်ပွဲကို တိုက်ခိုက်ခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ၎င်းတို့အနေဖြင့် ပြုပြင်ပြောင်းလဲလိုသူများနှင့် သဘောထားတင်းမာသူများအကြား အယူအဆ မျှတစေရန် လိုလားပြီး မြန်မာနိုင်ငံအား လူ့အခွင့် အရေး ဆိုင်ရာများတွင် စွဲမြဲစွာ အာရုံစိုက်ရန် ဖိအားပေးသည့် ပြုပြင် ပြောင်းလဲမှု များက နိုင်ငံရပ်ခြားမှ နာမည်ကြီး သံတမန်က မြန်မာနိုင်ငံ အား လူသိရှင်ကြား ပုတ်ခတ်ပြော ကြားမှုသာ ဖြစ်ပေါ်စေခဲ့ကြောင်း၊ အတင့်ရဲစွာ အငြင်းပွားမှု မပြုနိုင်စေ ရန် ရည်ရွယ်ကြောင်းလည်း ပြောကြားလိုက်သည်။
အမေရိကန်အရာရှိများ၏အဆိုအရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်သော အဓိကအာရုံစူးစိုက်မှု သည် အမေရိကန်နှင့် ကုလသမဂ္ဂတို့က ၎င်း နျူကလီးယားလက်နက် ထုတ်လုပ် ရေးကို ဆက်လက်လုပ် ဆောင်မှုကြောင့် တင်းကျပ်သော ပိတ်ဆို့ဒဏ် ခတ်မှုပြုလုပ်ခံထားရသည် မြောက်ကို ရီးယားနိုင်ငံနှင့် မြန်မာ တို့၏ ဆက်ဆံရေး ကိစ္စဖြစ်သည်။
ကန်နိုင်ငံခြားရေးဝန်ကြီး၏ လက်ထောက်ကိုယ်ရေးအရာရှိများကမူ အမေရိကန်တွင် ခိုလှုံနေသူများက ပြောကြားသော အာဏာရှင် နိုင်ငံ နှစ်နိုင်ငံ၏ နျူကလီးယားလက်နက် လက်တွဲလုပ်ဆောင်ရေး ကိစ္စများအား ရေးကြီးခွင့်ကျယ် ပြုလုပ်ခြင်းမရှိဘဲ အမေရိကန်၏ ထိပ်တန်းစိုးရိမ် ပူပန်မှုမှာ ဒုံးလက်နက်နည်းပညာနှင့် ဆက်စပ်၍သာဖြစ်ကြောင်း ပြောကြားလိုက်သည်။
ကလင်တန်က ဒဏ်ခတ် ပိတ်ဆို့မှုကို ချက်ချင်းအမြန်အဆန် ရုပ်သိမ်းပေးနိုင်လိမ့်မည်ဟု တွေးမြင်ထားခြင်းမရှိကြောင်း ထပ်ခါတလဲ ပြောကြားခဲ့ပြီး ကွန်ဂရက်လွှတ်တော်၏ သဘောတူ လက်ခံမှုရရှိရန် လုပ်ဆောင်ရဦး ဖြစ်ကြောင်း သိရှိရသည်မြန်မာနှင့် အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လာမည့်နှစ် အစောပိုင်းကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန် နိုင်ငံသို့လာရောက်ရန် ဖိတ်ခေါ်ပါ ကြောင်း မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည် တော်ရှိ သမ္မတရုံးဧည့်ခန်းမဆောင်တွင် တွေ့ဆုံရာ၌ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် ဆွေးနွေးစဉ် ၎င်းက ပြောကြားခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်ခွဲကာလအတွင်း မြန်မာနိုင်ငံသို့ အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ အနည်းဆုံး ၂၀ ဖွဲ့ လာရောက် ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ဒဲရက်မစ်ချယ်ကိုလည်း ခန့်အပ်ခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ဖြစ်စေရန် အတွက် သံအမတ်ကြီးအဆင့် တိုးမြှင့် ခန့်ထားရန်လည်း စဉ်းစားသွားမည်ဖြစ်ကြောင်း မစ္စစ် ကလင်တန်က ဆိုသည်။
မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းစနစ်ကို ကူညီပံ့ပိုးရန်အတွက် ကမ္ဘာ့ဘဏ်မှ အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ညှိနှိုင်းဆောင် ရွက်ပေးလိုကြောင်း နှင့် လူ့အခွင့်အရေး ကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုကြောင်းလည်း ၎င်းက ပြောကြားသည်။
၎င်း၏ခရီးစဉ်အတွင်း လွှတ်တော် ဥက္ကဋ္ဌများနှင့်လည်း တွေ့ဆုံခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း က အမေရိကန် ကွန်ဂရက်၊ အထက် လွှတ်တော်၊ အောက်လွှတ်တော်ကိုယ်စားလှယ်များကို လေးစားပါကြောင်း၊ မိမိတို့နိုင်ငံကိုလာရောက်ဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
"မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အခွင့်အခါသင့်လျှင် ဖိတ်ခေါ်ပေးစေလိုပါတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။

သီးခြားတည်ဆောက်ထားသည့် မြန်မာ နိုင်ငံ၏ မြို့တော် နေပြည်တော်သည် နိုင်ငံရေး နယ်ပယ်မှ ကမ္ဘာ့ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးကို ဧည့်ခံကြိုဆိုခြင်းအားဖြင့် လူအများအာရုံ စိုက်ရာ မြင်ကွင်းထဲသို့ တိုးဝင်လာခဲ့သည်။
အခြားနိုင်ငံများနှင့် မရောဘဲ နှစ်ပေါင်းများစွာ သီခြားနေလာသည့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ အစပျိုး ဆောင်ရွက် နေသည် ကိုပြသည့် လက္ခဏာတစ်ရပ်အဖြစ် မြန်မာနိုင်ငံမှ နိုင်ငံ့ခေါင်းဆောင် များသည် အမေရိကန် ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ သီးသန့်လာရောက်လည်ပတ်ခြင်းကို ကြိုဆိုခဲ့သည်။
အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် နှစ်ပေါင်း ၅၀ အတွင်း ပထမအကြိမ် လာရောက်လည်ပတ်သည့် ဟီလာရီ ကလင်တန် နေပြည်တော်သို့ရောက်ရှိလာသည့် သတင်းတိုနှင့် ဓာတ်ပုံကို စာမျက်နှာ-၂ တွင်သာ ဖော်ပြထားခဲ့ပြီး ရှေ့စာမျက်နှာတွင်မူ မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်မည့် ဘယ်လာရုစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အကျဉ်းကို ဖော်ပြထားသည်။
ကလင်တန် အလည်အပတ် ရောက်ရှိလာမှုနှင့် ပတ်သက်ပြီး လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်ချိတ်ဆွဲ ကြော်ငြာခြင်းမရှိသော်လည်း ၀န်ကြီးချုပ် မီခေးလ် ဗွီမီယာစညီကို ဗစ်ခ်ျနှင့် မြန်မာနိုင်ငံတွင် ဖုန်းနှင့် အင်တာနက်ချိတ်ဆက်မှု ဖွံ့ဖြိုးစသာ ရှိသေးသော်လည်း မဖြစ် နိုင်သည့် ရည်မှန်းချက် တစ်ရပ်ကို ယူဆောင်ပေးလာသည့် အရှေ့တောင် အာရှမှ ဆက်သွယ်ရေးဝန်ကြီးများ၏ အလည်အပတ်လာ ရောက်ခြင်းကိုမူ ဆိုင်းဘုတ်ချိတ်ဆွဲ ကြိုဆိုထားသည်။
မြန်မာအစိုးရသည် ၂၀၀၅ ခုနှစ်တွင် ဆိပ်ကမ်းမြို့ဖြစ်သည့် ရန်ကုန်မြို့မှ အလှမ်းကွာ ဝေးလွန်းသည့် လယ်ကွင်း များရှိရာ နေရာသို့ ရုတ်တရက် ပြောင်းရွှေ့မြို့တည်ခဲ့သည်။
မြို့တော်နေပြည်တော်တွင် ယခုအခါ ကျောက်မျက်ရတနာပြတိုက်ကို ဖွင့်လှစ်ထားပြီး စူပါမားကတ်ကြီးများကိုလည်း ခမ်းနား ထည်ဝါစွာ ဖွင့်လှစ်ထားသည်။
သို့သော် လမ်းမကျယ်ကြီးများ၏ ဘေးတစ်ဖက်တစ်ချက် ကျွဲ စားကျက်များရှိရာနေရာတွင် ဆောက်လုပ်မည့် အဆောက်အအုံသစ် များ၏ ပုံများသာရှိပြီး လမ်းမကျယ်ကြီးများ၏ နေရာ အများစုတွင် ဟာလာဟင်းလင်း ဖြစ်လျက်ရှိနေသည်။
ကလင်တန်၏ လုံခြုံရေးအတွက် မြို့တော် နေပြည်တော်အနှံ့ ရဲများဖြန့် ကြက်ချထားပြီး သမ္မတအိမ်တော်သို့ ရှင်းလင်းနေသည့် ၁၂ လမ်းသွား လမ်းမကျယ်ကြီးတစ်လျှောက် ကားတန်းဖြင့်သွားရာ မီးပွိုင့်မရှိသည့် လမ်းဆုံများတွင် ယဉ်ထိန်းရဲများက လက်များဝှေ့ ယမ်းပြီး လမ်းရှင်းပေးထားကြသည်။
ပိရမစ်ပုံကဲ့သို့ အထက်သို့ မြင့်တက်သွား သည့် ကုန်းမြင့်ထက်မှ တိတ်ဆိပ်ငြိမ်သက်နေ သည့် မြို့တော်ရှိ သမ္မတအိမ်တော် မရောက်မှီ အနိမ့်ပိုင်းတွင် ခမောက် ကိုယ်စီဆောင်းထားသည့် အလုပ်သမားများသည် တစ်ကုန်းကုန်း နှင့် မြက်ရိတ်နေကြ သည်။
ဧည့်သည်တော်များသည် မိုးထိုးနေသည့် အလှဆင်ရေပန်း များအနီးမှာ ဖြတ်လျှောက်ခဲ့ပြီး သစ်သားဖြင့် ထွင်းထားသည့် ဗုဒ္ဓမြတ်စွာ ဘုရားရုပ်တုနှင့် ရွှေပြားကတ် ပရိဘောဂများရှိရာ စကျင် ကျောက်များဖြင့် မွမ်းမံဆောက်လုပ်ထားသည့် အခန်းများရှိရာအဆောက် အအုံအတွင်းသို့ ၀င်လာခဲ့ကြသည်။
ပြုပြင်ပြောင်းလဲမှုကို ယခုအချိန်တွင် ဦးဆောင်ပြီး ဆောင်ရွက်နေသည့် ယခင်က ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ဖူးသည့် သမ္မတကြီး ဦးသိန်းစိန် သည် လူသိ ရှင်ကြားကြိုဆိုမှုကို သတိထား ဆောင်ရွက်ခဲ့သော်လည်း ကလင်တန်ကို ကြိုဆိုနှုတ်ဆက်ရာတွင် ပြုံးရွှင်စွာဖြင့် ကြိုဆိုခဲ့ပြီး "ဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ်"ဟု ၎င်းခေါ်သည့် ဟီလာရီ ကလင်တန်၏ လာရောက်လည်ပတ်မှုကို ဂုဏ်ပြုကြိုဆို ခဲ့သည်။
သမ္မတကြီး ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်တို့၏ သမိုင်းဝင်ဓာတ်ပုံ အရယူရေးအတွက် တစ်ဦး နှင့်တစ်ဦး တွန်းတိုက်ကာ သမ္မတအိမ်တော် အတွင်းသို့ စုပြုံဝင်ရောက်လာသည့် ပြည်တွင်း ပြည်ပမှ စာနယ်ဇင်းသမားများကို မြန်မာ အစိုးရ၏ လုံခြုံရေးဝန်ထမ်းများက အံ့ဩစရာ ကောင်းလောက်အောင် လျှော့ပေးထားသည်။
မြန်မာအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် မီဒီယာသမားများကို စကားပြောကြားခြင်း မရှိသည်ကို တွေ့ရသည်။ သို့သော်လည်း အာဏာပိုင်များသည် သတင်းထောက်များကို ထူးထူးခြားခြား ကန့်သတ်ချက်များ ပြုလုပ် ထားခြင်းမရှိချေ။
နေပြည်တော်သည် အစိုးရအဖွဲ့အစည်း များအတွက် တည်ဆောက်ထားသည့် မြို့တစ်မြို့ဖြစ်သော်လည်း လူထုအကြား သဘော ထားမှာ ဖက်လှဲတကင်း ကြိုဆိုမှုကို ထင်ထင်ရှားရှား တွေ့ရသည်။
"ကလင်တန် မြန်မာနိုင်ငံကို လာလည်တဲ့ အတွက် ကျွန်တော်တို့ဂုဏ်ယူပါတယ်။ ဒါက နှစ် ၅၀ အတွင်းမှာ ပထမဦးဆုံးအကြိမ်ပါပဲ"ဟု မစ္စစ်ကလင်တန် တည်းခိုရာဟိုတယ်မှ ၀န်ထမ်းတစ်ဦးက ပြောသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို အဆိုပါဟိုတယ်မှ ၀န်ထမ်းများက လန်းဆန်းပုဝါကမ်း ကြိုဆိုပြီး ဖရဲသီးဖျော်ရည်ဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
အငှားယဉ်မောင်းတစ်ဦးသည် ၎င်း၏ခရီးသည်မှာ အမေရိကန်မှ ဖြစ်သည်ကို သိသွားသည့်အခါ သိသိသာသာ စိတ်လှုပ်ရှားသွားကာ "ယူအက်စ်အေ - သိပ်ကောင်းတယ်" ဟု ၀မ်းသာအားရနှင့် တုံးတိကြီး မှတ်ချက် ချခဲ့သည်။
"ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့သူပါ။ကျွန်တော်တို့ ဒီမိုကရေစီ လိုချင်တယ်" ဟု နှစ် ၂၀ အတွင်း နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရကာ ပြီးခဲ့သည့် နှစ်က လွတ်မြောက်လာခဲ့သည့် မြန်မာ အတိုက်အခံ ခေါင်းဆောင်နှင့်ပတ်သက်ပြီး သူကပြောပြခဲ့သည်။
ကလင်တန်၏ အလည်အပတ်ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ပူးပေါင်းမှု ကို အမေရိကန်အစိုးရက ကျေနပ်အားရကြောင်းနှင့် ဗီဇာထုတ်ပေးရာတွင် ယခင်ကထက် ပိုမိုလွယ်ကူအောင် စီစဉ်ပေးထားသည့်အတွက်လည်း မြန်မာအစိုးရ၏ကြိုးပမ်းမှုကို အသိအမှတ် ပြုကြောင်း ကလင်တန်နှင့် အတူ လိုက်ပါလာသည့် အမေရိကန် အဆင့်မြင့်အရာရှိများက ပြောသည်။
"အဖွဲ့သားတွေဟာ ယေဘုယျအားဖြင့် တော့ သေနတ်ကိုင်ဆောင်ထားတဲ့ လုံခြုံရေးအေးဂျင့်တွေကြောင့် နည်းနည်း စိတ်မသက် မသာ ဖြစ်တာ တွေ့ရပါတယ်။ ကျွန်တော်တို့ ကြည့်ချင်တဲ့ နေရာတွေ လျှောက်ကြည့်တာကို အတတ်နိုင်ဆုံး လိုက်လျောပေးကြ ပါတယ်။ ဒါကလည်း ဧည့်ဝတ်ကျေ တယ်လို့ ပြောလို့ရပါတယ်" ဟု အမည်မဖော်လိုသည့် အမေရိကန် အရာရှိ တစ်ဦးက ပြောသည်။
"ဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်
တကယ်အရေးကြီးတာက နိုင်ငံရေးပြုပြင်
ပြောင်းလဲမှုလုပ်ရာမှာ သူတို့ နောက်ထပ် ဘယ်လို ဆက်သွားမလဲဆိုတာပဲ"ဟု ၎င်းကပြောသည်။
လက်ရှိမြန်မာ့နိုင်ငံရေး ယခုထက်ရှေ့ ဆောင်သွားရန်နှင့် ကျန်ရှိ နေသေးသော အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန် မျှော်လင့် ထားကြောင်း ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၂ ရက်နေ့ ရန်ကုန်မြို့ အမေရိကန် သံရုံးတွင်ပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောကြားသည်။
"မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီးအပါအ၀င် လွှတ်တော်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး စဉ်တုန်းက လက်ရှိမြန်မာ့နိုင်ငံရေးကို အခုထက် ပိုရှေ့ဆောင်သွားဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အမြန်ဆုံးလွှတ် ပေးဖို့အတွက် အကြုံပြု ဆွေးနွေးခဲ့ပါတယ်"ဟု ၎င်းက ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများနှင့် တွေ့ဆုံရာတွင် ပြောသည်။
ထို့ပြင် အဆိုပါနေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်။
"ဒီမနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်မတို့ နှစ်ဦးနှစ်ဖက် အမြင် တွေကို ဖလှယ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မှတ်ပုံတင်ခွင့်ပေးခဲ့ကြောင်းနဲ့ သူနိုင်ငံရေးကို တစ်ဖန် ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောပါတယ်။ နောက်နိုင်ငံရေးပါတီတွေ အားလုံးကိုလည်း နိုင်ငံအနှံ့ရုံးခန်းတွေ ဖွင့်လှစ်ဖို့၊ နိုင်ငံသားတိုင်း မဲပေးခွင့်နဲ့ နောင်လာမယ့် ရွေးကောက်ပွဲ ကိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့ ရှိဖို့ စတဲ့ အတွက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်အား ထက်သန်မှုတွေကို သိရှိခဲ့ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
"စီးပွားရေး ပိတ်ဆို့ထားမှုကိုတော့ စဉ်းစားပေးဖို့ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ဒီကိစ္စဆွေးနွေးဖို့ အဆင်သင့် မဖြစ် သေးပါဘူး။ အခုမှပဲ နှစ်နိုင်ငံအကြား တွေ့ဆုံ ဆွေးနွေးခါစ ဖြစ်တဲ့အတွက် လတ်တလော ဒီကိစ္စကိုတော့ မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ မရှိပါဘူး။ ဒါပေမယ့် လက်ရှိအစိုးရကသာ ကျွန်မတို့ မျှော်လင့်တဲ့အတိုင်း ဆောင်ရွက်ပေးမယ်ဆိုရင် ဒီစီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်း ရေးကို အမေရိကန်အစိုးရလည်း ပြန်လည်သုံးသပ်ပေးမှာဖြစ်ပါတယ်"ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်း စနစ်ကူညီရန် ကမ္ဘာ့ဘဏ်အဖွဲ့ စေလွှတ်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာတို့တွင် ကျန်းမာရေး၊ အသေးစားချေးငွေ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြေမြှုပ်မိုင်းများ ဖော်ထုတ်ရေး၊ အမေရိကန် တက္ကသိုလ်ပညာသင်ဆု အစီအစဉ်၊ အင်္ဂလိပ်စာသင်ကြားရေး အစီအစဉ်တို့အတွက် မြန်မာနိုင်ငံအား ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီး ရောက်ရှိစဉ် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးပါရန် မြန်မာနိုင်ငံ၏ အဓိကမဟာမိတ် အိမ်နီးချင်း တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁ ရက်နေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။
"မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်တိုးတက်အောင် လုပ်သင့်ပါတယ်"ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ဟောင်လီက ပြော ကြားသည်။
ပြီးခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံ အကူအညီဖြင့် ဆောက်လုပ်မည့် အငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်း အပါအ၀င် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့ရာ စောင့်ကြည့် လေ့လာသူများ တအံ့တဩဖြစ်ခဲ့ ကြရသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒကို တစ်မျိုးတည်း ပုံသေမဟုတ်ဘဲ အမျိုးမျိုး ခွဲဖြာထားရှိရန် ကြိုးစားနေပုံရသည်ဟု လေ့လာသုံးသပ်ကြသည်။
အနောက်အုပ်စုနှင့် ထိတွေ့ဆက်ဆံရေး မြန်မာနိုင်ငံ၏လှုပ်ရှားမှုများကို မြန်မာအစိုးရကို အဓိကထောက်ခံလာခဲ့သော တရုတ်နိုင်ငံက သတိနှင့် ကြိုဆိုလိုက်သည်။
မြန်မာနိုင်ငံသည် အစိုးရသစ်မှ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာသည့်အတွက် ၎င်းအားတက်ရပါသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြောကြားခဲ့ရာ တရုတ်အစိုးရ၏ ယခုဝေဖန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အနောက်အုပ်စုအပေါ် ကာလကြာရှည်စွာ မယုံမကြည်ရှိနေခဲ့သော
နိုင်ငံတစ်နိုင်ငံတွင် အပြောင်းအလဲများ ဖြစ်လာရေးအားပေးရန် သမ္မတ
ဘားရက်အိုဘားမားက စေလွှတ်လိုက်သော ၀န်ကြီး ဟီလာရီကလင်တန်သည်
ထင်ရှားကျော်ကြားသော ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်
စီစဉ်ထားသည်။

မြန်မာအစိုးရအနေဖြင့် ပြည်သူများအတွက် မှန်ကန်သည့် ဦးတည်ချက် အတိုင်း နိုင်ငံအပြောင်းအလဲကို ဆက်လက် ဖော်ဆောင် သွားမည် ဆိုပါက အမေရိကန်အစိုးရက ယင်းလမ်းကြောင်းပေါ်တွင် မြန်မာ အစိုးရနှင့်အတူ လက်တွဲပါဝင် သွားရန်အသင့်ရှိကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီ ကလင်တန်က သတင်းထောက်များအား ပြောကြားသည်။
မစ္စစ်ကလင်တန်သည် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်တွင် တွေ့ဆုံ ခဲ့ပြီးနောက် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ၎င်းတည်းခိုရာ သင်္ဂဟ ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ပြောကြားခြင်းဖြစ်သည်။

"ကျွန်မနဲ့တွေ့ဆုံတဲ့အခါမှာ ခေါင်းဆောင်တွေက ဒီတိုးတက်မှုတွေက ဒီထက်ပိုပြီး ကျယ်ပြန့်စွာနဲ့ ဆက်ဖြစ်ပေါ်နေမယ်လို့ အခိုင်အမာပဲ ပြောကြတယ်။ အဲဒီလိုဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ အပြောင်းအလဲကို အစစ်အမှန် ဖော်ဆောင်နေတဲ့ အစိုးရရော၊ အစိုးရ မဟုတ်သူတွေကိုရော စိတ်ဝင်တစားပဲ ထောက်ခံသွားပါမယ်"ဟု မစ္စစ်ကလင် တန်က ဆိုသည်။
သမ္မတဦးသိန်းစိန်က ၎င်းနှင့်တွေ့ဆုံရာတွင် မြန်မာအစိုးရအနေဖြင့် အကျဉ်းသားများ ဆက်လက်လွှတ်ပေးရေး၊ လွတ်လပ်မျှတသည့် ကြားဖြတ်ရွေး ကောက်ပွဲများ ကျင်းပရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတည်ထောင်မှု ကြိုးပမ်းချက်များ၊ အဏုမြူမပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်မှုများအပါအ၀င် ဆက်လက် လုပ်ဆောင်သွားမည့် ပြုပြင်ပြောင်းလဲမှု များ၊ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များနှင့် စီးပွားရေးတိုးတက်မှုတို့ကို ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
"သူ့(ဦးသိန်းစိန်)ရဲ့အစိုးရအဖွဲ့ထဲမှာ သူသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ထောက်ခံတဲ့လူတွေရှိသလို အပြောင်းအလဲ အတွက် ပူပန်နေတဲ့လူ တွေ၊ ဆန့်ကျင်နေတဲ့လူတွေရှိနေတဲ့အပြင် ဘာလုပ်ရမလဲစဉ်းစားရင်း အလယ်ကနေ ခြံစည်းရိုးခွထိုင်နေတဲ့လူ တွေလည်းရှိတယ်ဆိုတာ ကျွန်မ ကောင်းကောင်းသိလိုက်ရတယ်" ဟု မစ္စစ်ကလင်တန်က ဆိုသည်။
အမေရိကန်နိုင်ငံနှင့် ယခုထက် ကောင်းမွန်သောဆက်ဆံရေးကို တည် ထောင်နိုင်ရန်မှာ အစိုးရတစ်ဖွဲ့လုံးက နျူကလီးယား လက်နက်များအပေါ် နိုင်ငံတကာကထားရှိသည့်သဘောထား ကို လေးစားမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် သမ္မတအိုဘားမား ပြောကြားခဲ့သည့် စကားကို ကိုးကားကာ မြန်မာနိုင်ငံ၌ တိုးတက်မှု၏ မှုန်ပြပြအလင်းရောင်များ တွေ့နေရကြောင်း၊ အတိတ်သင်ခန်းစာများအရ အဆိုပါအလင်းရောင်များသည် ငြိမ်းသွားနိုင်သကဲ့သို့ ငြှိမ်းသတ်ခံရ နိုင်ကြောင်း၊ သို့မဟုတ် အလင်းရောင်များ ထွန်းလင်းလာခြင်းလည်းဖြစ်နိုင်ကြောင်း ပြောကြားသည်။
"ဒီ မှုန်ပျပျအလင်းရောင်တွေကနေ ဒီထက်ပိုကောင်းတဲ့ အနာဂတ်ကိုလမ်းပြနိုင်မယ့် လွတ်လပ်မှုမီးတောက်အဖြစ် ထတောက်နိုင်တဲ့ အထိရောက်အောင်ဆိုတာက ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်" ဟု မစ္စစ်ကလင်တန်က ဆိုသည်။
သမ္မတဦးသိန်းစိန်နှင့်တကွ မြန်မာ အစိုးရအား တွေ့ဆုံကာ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို နားထောင်ခွင့် ရခြင်းသည် ၎င်းအတွက် အလွန်ကောင်းမွန်သည့်အခွင့်အလမ်း ပင် ဖြစ်သကဲ့သို့ အမေရိကန်အစိုးရက အပြောင်းအလဲလမ်းကြောင်း ကို မည်မျှ ထောက်ခံကာ ထပ်မံတွေ့မြင်လိုသည့် အချက်များကို ၎င်းထံမှ မြန်မာအစိုးရ ကြားသိနိုင်သည့်အတွက် အားတက် ဖွယ်ပင်ဖြစ်ကြောင်း မစ္စစ်ကလင်တန်က ဆိုသည်။
ကျန်ရှိနေသေးသည့် အကျဉ်းသားများ လွှတ်ပေးရေးကိုလည်း သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့နှင့် ဆွေးနွေးခဲ့ပြီး မကြာမီတွင် အကျဉ်းသားများကို လွှတ်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။
"အကျဉ်းသားတွေကို ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးတယ်ဆိုတာက လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးတွေအတွက် အစိုးရကထားရှိတဲ့ ကတိက၀တ်ကို စမ်းသပ်တာပါပဲ။ ကျွန်မတို့ နောက် ထပ်တစ်ဆင့်မတက်မီ ဒီကိစ္စတွေကို ဖြေရှင်းထားပြီးသားဖြစ်နေဖို့ လိုပါတယ်"ဟု မစ္စစ်ကလင်တန်ကဆိုသည်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုမှာ အစသာ ရှိသေးကြောင်း၊ ထပ်မံလုပ်ဆောင်မှုများ လိုအပ်နေသေးကြောင်း ၎င်းက ပြော ကြားသည်။
"အခုကတိပြုထားတာတွေက အစစ်အမှန်လားဆိုတာ သေချာအောင် စောင့်ကြည့်ဖို့လိုသေးတယ်ထင်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ပဲ တွေ့ဆုံတာမျိုးမဟုတ်ဘဲ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စကားပြောတယ်။ နိုင်ငံရေးဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ၊ လူမျိုးစုဝင်တွေ နဲ့ စကားပြောတယ်။ တတ်နိုင်သမျှ ဖြစ်စဉ်တစ်ခုလုံးကို စေ့စေ့ငုံငုံ ကြည့်ချင် လို့ပါ"ဟု မစ္စကလင်တန်ကပြောသည်။
"ဒီဖြစ်စဉ်မှာ အတူတူ ဆက်လက်တွဲ သွားကြမှာဖြစ်လို့ ပိတ်ဆို့မှုတွေရုပ်သိမ်းရေးနဲ့ လျှော့ချရေးကို သေချာပေါက် စဉ်းစားမယ်လို့ ခေါင်းဆောင်ပိုင်းကို ကျွန်မ ပြောခဲ့ပါတယ်။ "ဒါတွေက အောက်ခြေမှာ တကယ် ဖြစ်နေဖို့ လိုပါတယ်။ စစ်ဆေးသုံးသပ်နိုင်ဖို့ လိုပါ တယ်။ ဒါပေမယ့် ကျွန်မတို့ ဘက်က ဒီအပြောင်းအလဲလမ်းကြောင်းကို ဆက်လက်ထောက်ခံနေမယ်ဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ ပြသသွားမှာ ဖြစ်ပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ အမေရိကန်အစိုးရအနေဖြင့် စီးပွားရေးပိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်း ကန့်သတ်မှု၊ သွင်းကုန် တင်ပို့ခြင်း ကန့်သတ်မှုများကို လျှော့ချရုပ်သိမ်းသွားနိုင်အောင် မူဝါဒလမ်းစဉ်ချမှတ်ရေးဆွဲ ဆောင်ရွက်သွားမည်ဟု မစ္စစ်ကလင် တန်က ပြောကြားသည်။
၎င်းက နိုင်ငံအတွင်း ပဋိပက္ခများဖြစ် ပွားနေသည့်နေရာများသို့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့များနှင့် သတင်းစာ ဆရာများအား ၀င်ရောက်ခွင့်ပြုရန်လည်း သမ္မတဦးသိန်းစိန်အား တိုက်တွန်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် အခြေစိုက် ဖွင့်လှစ်ထား သော ပြည်သူ့ ဒီမိုကရေစီပါတီ၏ ပထမဆုံး အကြိမ် သတင်းစာရှင်း လင်းပွဲကို နိုဝင် ဘာ ၂၆ ရက်က ယင်း ပါတီ ဌာနချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြည်သူ့ဒီမိုကရေစီ၏ ပြည် သူ့အတွက် ဆောင်ရွက်ပေးမှု များနှင့် ရှေ့လုပ်ငန်းစဉ်များကို သတင်းမီဒီယာများနှင့် သတင်း ထောက်များအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုနေ့တွင် ပြည်သူ့ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ဦးက ပြည်သူ့ဒီမိုကရေစီပါတီ၏ ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြား ခဲ့သကဲ့သို့ အစိုးရ မဟုတ်သော လူမှုကူညီရေးအဖွဲ့ INGO အဖွဲ့ တစ်ခုဖြစ်သည့် PSI မှ အနားယူခဲ့သည့် ဒေါက်တာတင်ဦးက ပြည်သူ့ ဒီမိုကရေစီပါတီသို့ PSI မှ နိုင်ငံခြားသား Country Director ၏ မတရား ဆောင်ရွက်မှုများဆိုင်ရာ အကြောင်းအရာတို့ကိုပါ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တစ်သီးပုဂ္ဂလ
လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်လှကလည်း လက်ရှိနိုင်ငံရေး
အခြေအနေများကို ရှင်းလင်းပြောကြား
ခဲ့သည်။
အဆိုပါ ပြည်သူ့ဒီမိုကရေစီပါတီ
သည် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာသုံးနေရာ ပါဝင်ယှဉ်ပြိုင်မည်
ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော(၂၆)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ လှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)ခု၊ ငွေတံဆိပ် ငါးခုနဲ့ ကြေး တံဆိပ် လေးခုဆွတ်ခူးပေးခဲ့ပြီး ယင်းပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင် သည့် မြန်မာ့အားကစားတွေထဲတွင် အအောင်မြင်ဆုံး အားကစား အသင်းအဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
ထို့ပြင် မြန်မာ လှေလှော်အဖွဲ့အနေဖြင့် လှေလှော်အားကစား နည်းမှ ဆုရရှိမှုဇယားတွင်လည်း ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပါတယ်။
ရိုးရာနဂါး လှေလှော် အဖွဲ့မှ ရွှေကိုးခုနဲ့ အပြည်ပြည်ဆိုင်ရာ လှေလှော် အဖွဲ့မှ ရွှေတစ်ခု ရယူခဲ့တဲ့အပြင် ရိုးရာလှေလှော် အဖွဲ့မှ ငွေတစ်ခု၊ အပြည်ပြည်ဆိုင်ရာလှေမှ ငွေနှစ်ခု၊ ကြေးတစ်ခုနဲ့ ကနူးလှေက ငွေ နှစ်ခု၊ ကြေး သုံးခု ထပ်ဆောင်း၍ အရောင်စုံခဲ့ပါတယ်။
ယခင် ဆီးဂိမ်းပြိုင်ပွဲတွေမှာ အများဆုံး ရွှေခုနစ်ခုထိသာ ရခဲ့တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ ဒီတစ်ကြိမ် အအောင်မြင်ဆုံးဖြစ်သလို မြန်မာနိုင်ငံက ဒီနှစ် ဆီးဂိမ်းမှာ မြန်မာနိုင်ငံအနေနဲ့ ရွှေ ၁၆ခု ဆွတ်ခူး တဲ့ အနက်လှေလှော် အဖွဲ့က ရွှေ ၁၀ ခုရယူပေး နိုင်ခဲ့လို့ အားကစားတွေ အားလုံးမှာလဲ လှေလှော် က အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။
နည်းစနစ်၊ နည်းဗျူဟာပိုင်းမှာ ကောင်းမွန်မှုနဲ့ ကစားသမားတွေရဲ့လုံ့လ ၀ိရိယစိုတ်ထုတ်မှု ကြောင့် ပြိုင်ပွဲတွေမှာ လွတ်လွတ် ကျွတ်ကျွတ် အနိုင်ရခဲ့တာ လည်းဖြစ်ပါတယ်။
ဒါ့ပြင် အာရှ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အဆုံးသတ်ပိုင်းကို အဓိကထား လေ့ကျင့်ပြီး နှစ်ဆအားထုတ် ပြင်ဆင် ခဲ့ခြင်းလည်းဖြစ် ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲကိုလည်း ရက်ကြိုသွားပြီး ပြိုင်မယ့်ရေလမ်းကြောင်းရဲ့ အတိမ်အနက်၊ ရေချိန်ကို နည်းပြကိုယ်တိုင် ရေထဲထိ လိုက်ဆင်းပြီး စူးစမ်းစမ်းသပ်တဲ့အထိ ဂရုတစိုက် ပြင်ဆင်ခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းမှာ အားကစားသမား တွေ ရှားပါးခဲ့တယ်။ "ဒီအားနည်းချက်ကိုသိလို့ အမျိုးသမီးအသင်းကို အပြင်းအထန် မောင်းခဲ့တယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးလှေလှော် အသင်းက မျှော်လင့်မထားတဲ့အတိုင်းအတာထိ စွမ်းဆောင်နိုင်ခဲ့တာပေါ့" ရိုးရာနဂါးလှေအသင်း နည်းပြဦးဝင်းဖေက ပြောတယ်။
"အောင်မြင်မှုတွေနဲ့ နိုင်ငံကို ကျေးဇူးဆပ်လိုက် နိုင်တဲ့အတွက် အရမ်းပျော်ပါတယ်။ နောက်ထပ် လည်း ဒီထက်ပိုပြီး အောင်မြင်ဖို့ ကြိုးစားသွား မယ်လို့ ဆုံးဖြတ်ထားပါတယ်" မရွှေဇင်လတ်က ပြောကြားခဲ့ပါတယ်။
ပွဲစဉ်တွေ ပြီးသွားတဲ့အခါ မလေးရှား၊ ဖိလစ်ပိုင် နှင့် ထိုင်းအသင်းတို့က သူတို့အသင်းတွေကို ခြောက်လတန်သည်၊ တစ်နှစ်တန်သည် ကိုင်တွယ် ပေးဖို့ ရိုးရာနဂါးလှေနည်းပြ ဦးဝင်းဖေကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။
သူတို့ကမ်းလှမ်း မှုကိုလက်မခံခဲ့ရင် မြန်မာပြည်မှာလာရောက် ပူးပေါင်းလေ့ကျင့်ဖို့အထိတင်ပြတောင်းဆိုလာပါတယ်။ "ဒီစံချိန်က ကျမသွားဖို့တော့ နည်းပြတွေရော၊ အားကစားသမားတွေရော၊ အုပ်ချုပ်သူတွေရော ဆက်ပြီး ကြိုးစားဖို့လိုပါတယ်။ ထိပ်ဆုံးရောက် သွားရင် ကျဖို့ပဲရှိတယ်။ ၁၀ ခု ရရင် ၁၁ ခု ရဖို့ မရှိတော့ဘူး။ ဒါ့ကြောင့် ကျမသွားအောင် ထိန်း ထားရမယ်။ ဖေဖော်ဝါရီလမှာ ယိုးဒယားနိုင်ငံ ပတ္တရားမှာ အာရှနဂါးလှေ ဖိတ်ခေါ်ပြိုင်ပွဲရှိတယ်။ သွားမယ်။ အနည်းဆုံး ပွဲတွေရှိနေရင် Training မပြတ်ဘူးလေ"ဟု အတွင်းရေးမှူး ဦးဖေ၀င်းက ပြောကြားသွားပါတယ်။

















