Posted by SLIP in ခေါင်းဆောင်မှု
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ |
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ
အထက်လွှတ်တော်ဥက္ကဋ္ဌ Mohammad Hamid Ansari နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ Meira
Dumar(Smt)တို့၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မနိုင်ငံသို့ ချစ်ကြည်ရေးခရီး
သွားရောက်ရန် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင်
ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။ ''အိန္ဒိယနိုင်ငံ
လွှတ်တော်အတွေ့အကြုံတွေ၊ လုပ်ဆောင်ချက်တွေကို သွားကြည့်ပြီးတဲ့အခါမှာ
ကျွန်တော်တို့နိုင်ငံနဲ့သင့်တင့်တဲ့ ဖွဲ့စည်းမှုတွေ၊ လုပ်ဆောင်မှုတွေ
ဒါတွေကို ပြန်သုံးသပ်ပြီး ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်
ဒီခရီးဟာ လေ့လာရေး သက်သက်ဖြစ်ပြီးတော့ လေ့လာတွေ့ရှိချက်ပေါ် မူတည်ပြီးတော့
ကျွန်တော်တို့ အနီးဆုံးလွှတ်တော်မှာ ကျင်းပမယ့် urgent ကိစ္စတွေ၊
စီမံကိန်းကိစ္စတွေ၊ အခွန်ကိစ္စများကို အခုအိန္ဒိယလွှတ်တော်မှာ လည်း ဒီကိစ္စတွေ
ဆောင်ရွက်နေတာကြားတဲ့အတွက် ကျွန်တော်တို့သွားတဲ့အချိန်နဲ့ ကွက်တိပါပဲ။
ဒါကိုလေ့လာပြီး ဒီပြန်ရောက်တဲ့အခါမှာ ဟိုကရလာတဲ့ အတွေ့အကြုံတွေရယ်ကို
လာမယ့်လွှတ်တော်ကျရင် ကျွန်တော်တို့ သက်ဆိုင်ရာကော်မတီတွေက လွှတ်တော်မှာ
ဥပဒေကြမ်း၊ အထူးသဖြင့်တော့ ဒီရသုံးမှန်းခြေငွေစာရင်းနဲ့
ဒီဥပဒေကြမ်းကိစ္စတွေရော အလေးထားဆောင်ရွက် နိုင်ဖို့အတွက် ဒီခရီးစဉ်ကို
သွားခြင်းဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ အဆိုပါ
အိန္ဒိယခရီးစဉ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရေးရာကော်မတီများမှ
ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအချို့ လိုက်ပါသွားမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်
လွှတ်တော်အဆောက်အအုံ ဆောက်လုပ်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ
တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးမှ ၀န်ထမ်းများလည်း
လိုက်ပါသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Weekly
Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များစုပေါင်းကာ ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ငွေနှင့် အ၀တ်အစားများ ထောက်ပံ့မည် |
ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်များစုပေါင်းကာ ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများရှိ
ရွှေ့ပြောင်းနေထိုင်နေရသူများအား ငွေနှင့်အ၀တ်အစားများ
ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက
ပြောကြားခဲ့သည်။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့်
ကေအိုင်အေတပ်တို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့်
ပြောင်းရွှေ့နေထိုင်သူများအား ကယ်ဆယ်ရေးစခန်းများတွင် ယာယီထားရှိရာ
ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လို အပ်သည့် ထောက်ပံ့မှုများကို ဒီဇင်ဘာလ
၁၂ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ကူညီမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ''ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်တွေအနေနဲ့ ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့်
ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလိုအပ်တဲ့ အကူအညီတွေပေးဖို့ အလှူခံခဲ့ရာမှာ
ကျပ်သိန်း ၇၀၀ ကျော် ရရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက အဓိက
လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တခြားအလှူရှင်တွေလည်း ပါဝင်ကူညီခဲ့ကြပါတယ်။
ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ လူဦးရေအရ ငွေနဲ့အ၀တ်အထည်တွေကို
အချိုးကျပေးသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ
မြစ်ကြီးနားမြို့တော်ခန်းမမှာ လှူဒါန်းပွဲလေးပြုလုပ်ပြီး ပြည်နယ်
ဝန်ကြီးချုပ်အပါအ၀င် တာဝန်ရှိသူတွေကတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်''ဟု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးစခန်းများသို့ ငွေနှင့်အ၀တ်အစားအပြင် အခြားအရေးတကြီးလိုအပ်သည့်
အသုံးအဆောင်ပစ္စည်းများ၊ ဆေးပစ္စည်းများကိုလည်း လှူဒါန်းသွားရန်ရှိကြောင်း
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်။ |
ကိုလိုနီခေတ်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော ယခင်အတွင်းဝန်များရုံးခေါ်
ဝန်ကြီးများရုံးနှင့် တရားရုံးချုပ် အဆောက်အအုံတို့ကို ပြတိုက်အဖြစ်
အသွင်ပြောင်းလဲရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က
ဖိတ်ခေါ်လိုက်ပြီး ယင်းတင်ဒါကို ပြည်တွင်းကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများပါ
လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
ရုံးထံမှ စုံစမ်းသိရှိရသည်။ “စည်းကမ်းချက် အသေးစိတ် သတ်မှတ်ထားတာမျိုး
မရှိဘူး။ ပြည်တွင်းကုမ္ပဏီပဲဖြစ်ဖြစ်၊ ပြည်ပကုမ္ပဏီပဲဖြစ်ဖြစ်
လျှောက်ထားလို့ရတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြာသည်။
ပြတိုက်အဖြစ် အသွင်ပြောင်းလဲမှု
တင်ဒါ အဆိုပြုလွှာများကို ကုမ္ပဏီများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင်၊ ရုံးအမှတ် ၃၂ ၊ နေပြည်တော်သို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁
ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။
အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်မှ အမှုဆောင် အယ်ဒီတာတစ်ဦးကမူ
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသော
ဝန်ကြီးများရုံးကို ပြတိုက်အဖြစ် အသွင်ပြောင်းလဲရန် စီစဉ်မှုအပေါ်
ထောက်ခံကြိုဆိုလိုက်ပြီး မှန်ကန်သော လုပ်ဆောင်မှု တစ်ရပ်ပင်ဖြစ်ကြောင်း
ပြောကြားသည်။ “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
လုပ်ကြံခံခဲ့ရတဲ့နေရာကို ပြတိုက်အဖြစ် အသွင်ပြောင်းတာက အင်မတန်မှ
သင့်မြတ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သက်တမ်းနှစ် ၁၂၀ ကျော် ရှိနေသည့်
ဝန်ကြီးများရုံးကို ဗြိတိသျှ အစိုးရလက်ထက် ၁၈၀၀ ပြည့်နှစ်ကျော်ခန့်တွင်
တည်ဆောက်ခဲ့ပြီး တရားရုံးချုပ်ကိုမူ အင်္ဂလိပ် ဗိသုကာပညာရှင် James Ransome က
ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၁၁ ခုနှစ်တွင်
ပြီးစီးခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံ နှစ်ခုစလုံးမှာ နှစ်တစ်ရာရှေးဟောင်း
အဆောက်အအုံများ စာရင်းတွင် ထိပ်ဆုံးမှပါဝင်ကြောင်း မြန်မာ Wikipedia တွင်
တရားဝင်ဖော်ပြထားသော အချက်အလက်များအရသိရှိရကြောင်း The Voice ဂျာနယ်တွင်
ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ စီးပွားကူးသန်းဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည် |
ဂျပန်နိုင်ငံမှ စီးပွားကူးသန်းဝန်ကြီး မြန်မာနိုင်ငံသို့ မကြာမီလာရောက်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအနေဖြင့် မကြာမီလက်ခံကျင့်သုံးရမည့် AFTA အတွက်ဖြစ်စေ၊ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက်ဖြစ်စေ ကြိုတင်ပြင်ဆင်မှုများ ယခုထက်များစွာပြုလုပ်ရမည့်အပေါ် ပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ''ဂျပန်စီးပွားကူးသန်းဝန်ကြီး မကြာခင်လာရောက်မယ်။ ကျန်တဲ့နိုင်ငံတွေကလည်း လာဖို့ရှိပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ပို့ကုန်သွင်းကုန်ဘဏ် (Exim Bankု) လာတည် ထောင်ချင်တယ်ဆိုပြီး ဆွေးနွေးလာတဲ့သူတွေလည်း ရှိပါတယ်''ဟု အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။ |
![]() ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းနှင့် ရုပ်ရှင်အစည်းအရုံး အမှုဆောင်များ၊ ရုပ်ရှင် နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ဝင်များ၊ ရုပ်ရှင်လောကသားများ တွေ့ဆုံဆွေး နွေးခြင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာ့ရုပ်ရှင် လုပ်ငန်းရုံးတွင် ပြုလုပ်ခဲ့ပြီး ဆင်ဆာမူဝါဒဆိုင်ရာ မူလသတ်မှတ်ချက်(၁၀)ချက်မှ (၆)ချက်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်ဟု သတင်း ရရှိသည်။ ပြောင်းလဲ သတ်မှတ်ချက်အရ မူလက သတ်မှတ်ထားသည့်နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ် ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ ရာဇ၀တ်မှုပပျောက် ရေး၊ ရက်စက်ကြမ်းကြုတ်မှုများပါ ၀င်မှုမရှိစေရေး၊ ကာမရာဂ လှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး၊ ညစ်ညမ်းမှု ကင်းရှင်းရေး၊ ကလေးသူငယ်များ အရေးတို့ကို နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသား ချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှု မရှိစေရေး၊ ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး စသည့် သတ်မှတ်ချက်များသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ပါသည်။ ထို့အပြင် တင်ပြချက်ပေါ် မူတည်၍ ရိုက်ကူးနိုင်သည့်ဇာတ်လမ်း ဇာတ်ကွက်များအဖြစ် ထိတ်လန့် ကြောက်ရွံ့စက်ဆုပ်ရွံရှာဖွယ် မဖြစ်သည့် သရဲတစ္ဆေ၀ိဥာဉ်နှင့် ပတ်သက်သည့် ဇာတ်လမ်းဇာတ်ကွက်များ၊ ရာဇ၀င် သမိုင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိ၍ သမိုင်းကြောင်းအရ ရှိသော်လည်း ကြည့်ရှုသူတို့၏ စိတ်ဓာတ် အယူအဆ လွဲမှားစေမှု၊ အငြင်းပွား ဖွယ်ဖြစ်စေမှု၊ သမိုင်းကိုမှေးမှိန်သေး သိမ်မှုမရှိစေသော ရာဇ၀င်ဇာတ်လမ်း၊ သမိုင်းဇာတ်လမ်းနှင့် ပတ်သက်သော ဇာတ်လမ်းဇာတ်ကွက်များ၊ တပ် မတော်၊ ရဲတပ်ဖွဲ့တို့နှင့်ပတ်သက်၍ ကြိုတင်ခွင့်ပြုချက် တောင်းခံလာသည့် ဇာတ်လမ်းဇာတ်ကွက်များကို ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။ အဆိုပါ စည်းကမ်းချက်များအား ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင် ကျင့်သုံးမည်ဖြစ်ပြီး ရုပ်ရှင်နှင့်ဗီဒီယို ပရိုဂျက်တာနှင့် ပြသခွင့်ပြုမည့် ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားရာတွင် ပြည့်စုံစွာရေးသား တင်ပြရန် သတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါသည်။ |
‘အမေ့ ကျေးဇူးဆပ်ဖူးချင်တယ်’ ဇာတ်ကားမှ ဇာတ်ဝင်ခန်း
၂၀၁၀ ပြည့်နှစ်အတွက် ရွေးချယ်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆု(အကယ်ဒမီ)စာရင်းအတွက် ရုပ်ရှင်ဇာတ်ကား ၁၅ ကားအား စိစစ်အကဲဖြတ်လျက်မှုများအားပြုလုပ် လျက်ရှိသည်ဟု သတင်းရရှိသည်။
“၂၀၁၀ ပြည့်နှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကား ၁၅ ကား စာရင်းဝင်တယ်လို့ သိရပါတယ်။ တချို့ ကျတော့လည်း နယ်မှာအမီသွား တင်တာမျိုးရှိသလို တချို့ကလည်း ရန်ကုန်ရော နယ်ရောမီတဲ့ကားတွေပါ။ ဒီနှစ်စာရင်းဝင်တဲ့ ဇာတ်ကားတွေထဲ မှာ အရင်နှစ်တွေလိုပဲ ဟာသကား အများစုပါဝင်နေတယ် ဆိုပေမယ့် ဒရာမာကားတွေလည်း ပါဝင်လာပါတယ်။ ဒရာမာကား အနည်းစုဖြစ်နေတယ်ဆိုတော့ အဲဒီကားတွေထဲကပဲ ဆုအများဆုံးရမလား၊ ဟာသကားထဲကပဲ တချို့ဆုတွေရနိုင်လား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ”ဟု ရုပ်ရှင် ထုတ်လုပ်ရေးတစ်ခုမှ တာဝန်ရှိသူတစ်ဦး က ရှင်းပြခဲ့သည်။
“နှစ်တိုင်းကတော့ ဒရာမာကားတွေထဲက ဆုအများဆုံးရကြသလို ဇာတ်ကားလည်း သိပ်မများဘဲ ပါတဲ့ သရုပ်ဆောင်တွေကလည်း ဒီလူ ဒီလူဖြစ်နေတော့ ကြိုတွက်ဆလို့ရသလိုတောင် ဖြစ်နေတာ။ အကယ်ဒမီ ဆိုတာကို အနုပညာရှင်တိုင်းကတော့ မြတ်နိုးကြပေမယ့် ကားအနည်းစုထဲက ရွေးပေးတာဆိုတော့ ဟိုအရင်ခေတ်တွေ လောက်တော့ ရင်မခုန်ကြတော့ဘူး။ အရင်ကတော့ကား ၅၀ ၊ ၁၀၀ ထဲ က တစ်ဆုဖြစ်ဖို့ဆိုတာ တော်တော်ခက်တဲ့ကိစ္စလေ။ ဘယ်လိုမှလည်း ကြိုမသိနိုင်ဘူး။ အဲဒီ ခံစားချက်လေးတွေကတော့ ကွာသွားတာပေါ့” ဟု ၀ါရင့်ရုပ်ရှင်ဒါရိုက်တာတစ်ဦး က ရှင်းပြခဲ့ပါသည်။
၂၀၁၀ ပြည့်နှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအတွက် စာရင်းဝင်သည့် ဇာတ်ကားများမှာ နတ်ဖြစ်ရတဲ့ဒုက္ခ၊ ဆွေတစ်ရာမောင်တစ်ကျိပ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဟတ်ထိတယ်၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ဂွတ်ရှယ်သမက်၊ ဘာမီတွန်၊ အချစ်လားလာထား၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ ရင်ဘတ်ကြီးနဲ့ချစ်လိုက်မယ်၊ နယူးမော်ဒယ်လ်၊ အာဒမ်ရယ် ဧ၀ရယ်ဒသရယ်၊ အမေ့ ကျေးဇူးဆပ်ဖူးချင်တယ်၊ လာထား အာဘွား၊ ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားများဖြစ်သည်ဟု သိရှိရသည်။