နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ သြ၀ါဒကထာ ၊ အဓမ္မကို ဓမ္မဖြင့်ထင်စွာ ပြခဲ့ကြသည့် `သံဃမဟာနာယက´ အရှင်မြတ်ကြီးများ ၊ မြန်မာပြန် ကြေးပိဋကတ်တော် ပြုလုပ်မှု ပြီးစီးလုနီးပြီဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပါ ထပ်မံပြုလုပ် ပူဇော်နိုင်ရန်စီစဉ် ၊ မြန်မာလူထ

77 views
Skip to first unread message

မီးပြတိုက်

unread,
Dec 16, 2011, 3:32:30 AM12/16/11
to

  1. နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ သြ၀ါဒကထာ ၊
  2. အဓမ္မကို ဓမ္မဖြင့်ထင်စွာ ပြခဲ့ကြသည့် `သံဃမဟာနာယက´ အရှင်မြတ်ကြီးများ ၊
  3.  မြန်မာပြန် ကြေးပိဋကတ်တော် ပြုလုပ်မှု ပြီးစီးလုနီးပြီဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပါ ထပ်မံပြုလုပ် ပူဇော်နိုင်ရန်စီစဉ် ၊
  4.  မြန်မာလူထု စွယ်တော်ဖူးမြော်မှုကို တရုတ် CCTV က ကမ္ဘာတစ်လွှားပြသ  ၊
  5.  ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအသင်းအတွက် အသင်းပဓာန နာယက ကျပ်သိန်းတစ်ထောင် လှူဒါန်း ၊
  6.  နှစ်ကျိပ်ရှစ်ဆူဘုရားများ ၊
  7.  ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ ၊
  8. ကံသုံးပါးတွင် ဘာ့ကြောင့် မနောကံဟာ အပြစ်ကြီးဆုံးဖြစ်ရတာလဲ ၊
  9. စိတ် စေတသိက်တို့၏ ဖြစ်ရာဌာန ၊
  10. အင်တာနက်ကို ရဟန်းများ သုံးသင့် မသင့် မေးမြန်းခြင်း" ၊
  11. သင်တို့သိတဲ့ CHRISTMAS နေ့ ၊ X'Mas ပွဲတော် ဘယ်လိုဖြစ်လာသလဲ ၊


နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ သြ၀ါဒကထာ

13:57  Myanmar Express Group  No comments

ရန်ကုန်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်ကြီး နှစ်ခု၏ အဓိပတိ ဆရာတော်
ဘဒ္ဒန္တ ကုမာရာဘိဝံသ
(ဗန်းမော်ဆရာတော်၊
နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ) ၏

ပညာသင်ကြာရေးဆိုင်ရာ သြ၀ါဒကထာ။

မာဂဓာ ပါကတာ စေ၀၊ သဟ သင်္ခတ ဘာသယ၊
တိသန္နံ ကောဝိဒေါ ယော သော၊ ဓိရော ပါဠိ ၀ိသောဓယေ။


ပုဂံခေတ်ဦးက ရှးပညာရှင်ကြီးများ စီရင်ရေးသားခဲ့သော ဂါထာဖြစ်ပေသည်။ အနက်မှာ သက္ကတ ဘာသာနှင့် တကွ၊ ပါဠိ၊ပြာကတ ဘာသာဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို တတ်ကျွမ်းသည့် ပညာရှိသည် ပါဠိ၊ ပုဒ်ပါဌ်၊ အက္ခရာမှန်၊ မမှန်ကို သုတ်သင်ရှင်းလင်းနိုင်၏။ ဟူ၍ဖြစ်၏။ ဤအဆိုအမိန့်အရ ရှေးခေတ်အခါမှစ၍ တစ်ဘာသာနှင့် တစ်ဘာသာနီးကပ်စွာဆက်စပ်နေသည့် သက္ကတ၊ မာဂဓ၊ ပြကတ အမျိုးမျိုးဟူသော အိန္ဒိယ ဘာသာများကို တတ်ကျွမ်းအောင်ကောင်းစွာလေ့လာသင်ယူထားမှ သာလျှင် ပါဠိပုဒ်တွေကို နိုင်နင်း၍ တိကျ မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင့် ထင်ရှားလှပေသည်။ရှေးခေတ်မှစ၍ ယခုအထိ သုံးစွဲနေသည့် ဘာသာစကားတွေ အမျိုးမျိုးကိုမျိုးနွယ်တူရာအုပ်စုခွဲခြား သတ်မှတ်လိုက်လျှင် သက္ကတဘာသာ မျိုးနှင့် ပြာက တ ဘာသာမျိုးဟူ၍ နှစ်မျိုးသာ တွေ့နိုင်ပေမည်။ ထိုနှစ်မျိုးတွင်...


(၁) သက္ကတဘသာဟူသည် ပညာရေးကိုအချိန်ယူစောက်ချသင်ယူ၍ ပညာဖြင့်အသက်မွေးကြသည့် ပုဏ္ဏား တို့က သဒ္ဒါနည်းစနစ် တိကျတင်းကျပ်စွာ မူသေသတ်မှတ်ပြောဆို ရေးသားသည့် ဘာသာစကားမျိုးဖြစ်ပေ သည်။(၂)ပြာကတဘာသာ စကားမျိုးဆိုတာကတော့ သာမာန်လူတန်းစားများပြောဆိုသုံးစွဲကြ၍ ကာလ ၊ ဒေသ၊ ပုဂ္ဂလအရ တစ်ဖြည်းဖြည်း အနည်းငယ် ပြောင်းလွဲကွဲပြားသွားသည့် ဘာသာစကား အမျိုး မျိုးကို မျိုးနွယ်တစ်ခုအဖြစ် စုပေါင်းခေါ်ဝေါ်အမည်ပေးထားသော အမည်ပညတ်တစ်ခုဖြစ်ပေသည်။ ထိုဘာသာနှစ်မျိုး တွင်ပြာကတ ဘာသာမျိုးသည် သုံးစွဲသည့် ဒေသအမျိုး ကိုလိုက်၍ ပါဠိနှင့်တကွ ၊ မာဂဓီ၊ အဒ္ဓမာဂဓီ စသည် အားဖြင့် ဘာသာစကား များစွာကို ကိုယ်စားပြုထားပေသည်။

ရှေးဆရာတော်ကြိးများ၏ အလိုအရ သက္ကတ၊ မာဂဓ၊ ပြာကတ ဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို သင်ယူလေ့လာ တတ်မြောက်မှသာလျှင်ပါဠိဘာသာကို တကယ်ကျွမ်းကျင်နိုင်နင်းနိုင်မည်ဖြစ်၏။ အဘယ့်ေ ကြာင့်ဆိုသော်နောက်ခံသမိုင်းကြောင်းအရပြောရလျှင် ဗုဒ္ဓသာသနာတော်သည် ဗုဒ္ဓလက်ထက်တော်မှစ၍ နှစ်ပေါင်းများစွာအတွင်းမှာအိန္ဒယနိုင်ငံရှိပြည်နယ်ဒေသမြောက်များစွာသို့ရောက်ရှိပြန့်နှံ့သွားခဲ့ရာမှထိုထိုဒေသတို့မှ ပုဂ္ဂိုလ်မြောက်များစွာတို့သည် ဗုဒ္ဓသာသနာတော်တွင်းသို့ ၀င်ရောက်လာခဲ့ကြသဖြင့် တစ်ခုနှင့် တစ်ခု အနည်း ငယ်စီ ကွဲပြားသည့် ဒေသသုံးဘာသာတွေ မြောက်များ စွာတို့သည် ပါဠိပိဋက၊ အဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ဂန္ထန္တရ ဟူသော ပါဠိစာပေပင်လယ် ထဲသို့ တစ်ဖြေးဖြေး ၀င်ရောက် လာသောကြောင့် ဖြစ်ပေ သည်။

ကောင်းပြီ ယခုမြန်မာနိုင်ငံ၌ ပါဠိဘာသာတစ်ခုတည်းကိုပင် ကစ္စည်းသဒ္ဒါကျမ်း ၊ ရူပသိဒ္ဓိ၊ မောဂ္ဂလာန်ကျမ်း ၊ဘေဒစိန္တာကျမ်း စသည်အားဖြင့် စာပေပေါင်းမြောက်များစွာကို အချိန်များစွာပေး၍ သင်ယူခဲ့ကြ သော်လည်း ပါဠိကိုမနိုင်၊ ပါဌ်မှား၊ ပါဌ်မှန်မသိဖြစ်နေရပေသည်။ သက္ကတဘာသာ၊ပြာကတဘာ သာ၊ပြာကတဘာသာ တို့ကိုလည်း ထိုထိုဆိုင်ရာ သဒ္ဒါကျမ်းများကို ဆက်လက်လေ့လာရမည်ဆိုလျှင်နှစ်ပေါင်းများစွာထပ်ကြာဦး မည်ဖြစ်၍အိုမင်းမစွမ်းအရွယ်ရောက်မှ စာတတ်ရတော့မည်မဟုတ်တုံလော ဟုမေးခွန်းထုတ်ငြားအံ့
အဖြေကောင်းကိုတင်ပြပေးပါမည်။


နည်းပညာသာ ပဓာန

နောက်ခံသမိုင်းအရ ရှင်းပြရလျှင် အနောက်ဥရောပ တိုက်သားတို့သည် ဦးစွာပထမ အိန္ဒိယ၊ သီဟိုဠ် ပညာ ရှင်များထံ၌ ပါဠိ၊ သက္ကတ၊ပြာကတဘသာရပ်များကို ဇွဲလုံ့လကြီးစွာ သင်ယူခဲ့ကြ၏။ နောင်စာတတ်လာ သည့်အခါ ဥရောပတိုက်သားတို့သည်(အထူးသဖြင့် ဂျာမာန်လူမျိုးတို့သည်) ၀ိဇ္ဇာ-သိပ္ပံဘာသာရပ်တို့၌ခေတ်မှီ လွယ်ကူသည့် နည်းစနစ်များကို ပညာရှင်တွေ တစ်ဦးပြီး တစ်ဦး ဆက်ကာဆက်ကာ ကြိုးစားအား ထုတ်တီထွင်လာခဲ့ကြသဖြင့် ၀ိဇ္ဇာ-သိပ္ပံဘက်စုံမှာ တစ်ဟုန်ထိုးတိုးတက်လာပြီး (ဆရာဖြစ်ကြသည့်)အရှေ့ တိုင်းသားများကိုကို ကျော်လွန်သွားကြပေသည်။ (ဥပါဒါန် အစွဲမရှိမှု၏ ကောင်းကျိုးပင်တည်း)။

ထိုအနောက်ဥရောပသားတို့သည် ဤပါဠိ၊ သက္ကတ၊ပြာကတ ဘာသာများကို သင်ယူရာ၌လည်း ပညာရှင်တို့ သည် သဒ္ဒါစနစ်တိကျတင်းကြပ်သည့် သက္ကတဘာသာကို အဓိကထား၍ ပါဠိ၊ပြာကတ ဘာသာ များနှင့် နှိုင်းယှဉ်လေ့လာခြင်းဟူသော ဘသာဘေဒခေါ် သိပ္ပံနည်းကျ သဘာဝရုတ္တိနည်း များကို တစ်ဦးပြီး တစ်ဦး ဆက်ကာဆက်ကာ တီထွင်ကြံဆခဲ့ အသုံးပြုကြသဖြင့် အဆိုပါ သုံးဘာသာလုံးကို ကျကျနနခြုံငုံနား လည်အောင်လေ့လာခြင်းဖြင့် မကြာမီကာလအတွင်းမှာ တတ်မြောက်ကောင်းစွာတတ်ကျွမ်း သွားကြပေ သည်။ ထို့ပြင်ခေတ်မှီသော သက္ကတ အဘိဓာန်၊ ပါဠိအဘိဓာန်၊ပြာကတ အဘိဓာန်ကောင်း များကို ပညာရှင် များက စုပေါင်းသားကြသဖြင့်လည်း စာသင်သားတို့၏ ပညာရေးကို အလွန်ပင် ကျေဇူးပြု ကြပေသည်။

အချုပ်ဆိုရသော် ဆရာကြီး ဦးမြင့်ဆွေသည် ပါဠိသက္ကတနည်းစနစ်ကို အပတ်တကုတ် ကြိုးစားအားထုတ် သင်ယူတတ်မြောက်ခဲ့သည့် အဆိုပါခေတ်မှီ သင်ကြားနည်း ဘာသာဘေဒနည်းကို မန္တလေး (မန်းတက္က သိုလ်)၌ နှစ်ပေါင်းသုံးဆယ်ကျော် ၊မန္တလေး သာသနာ့တက္ကသိုလ်၌ ဆယ့်ရှစ်နှစ်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်၌ ဆယ်နှစ်တိုင်တိုင် သင်ကြားခဲ့သည့်နှစ်များစွာအတွင်း၌ ရရှိသည့် သင်ကြားသည့်အတွေ့ အကြုံများစွာ ဖြင့် လည်း မူလဥရောပ သင်နည်းကိုပိုကောင်းအောင်ပြုပြင်မွမ်းမံ၍ သင်ကြားပေးသဖြင့် ယခုအခါ ပါဠိ၊သက္ကတ ၊ပြာကတ ဘာသာတို့၌ တတ်ကျွမ်းကြသည့် မြန်မာရဟန်းတော်တွေ များစွာ ပေါ်ထွန်း လာကြပါပြီ။ ပညာရေး တိုးတက်မှု၌ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြိုင်အဆိုင် ကြိုးစားနေကြသည့် ဤခေတ်ကြီးဝယ်အောက်တန်း မကျ ရအောင်ပြည်တွင်းပြည်ပ၌ သာသနာပြုကြမည့် အရှင်ဘုရားတို့ ဇွဲလုံ့လကြီးစွာဖြင့် ကြိုးစား အားထုတ်တော် မူကြပါ၊ ဟုတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါသည်။

နိုင်ငံတော် သံဃမဟာနာယက အကြောင်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။




အဓမ္မကို ဓမ္မဖြင့်ထင်စွာ ပြခဲ့ကြသည့် `သံဃမဟာနာယက´ အရှင်မြတ်ကြီးများ

22:25  Myanmar Express Group  3 comments


၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ) တွင် မြန်မာနိုင်ငံ သာသနာ သမိုင်းဝယ် ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှုရရှိသဖြင့် ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူကြီး၌ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ သံဃသမ္မုတိ-ရ သံဃာ့ကိုယ်စလှယ် (၁၂၀၀) ကျော် တက်ရောက်သည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ယင်းအစည်းအဝေးကြီးက သမ္မုတိရ သံဃာ့ကိုယ်စလှယ် (၁၂၀၀)ကျော်မှ နိုင်ငံတော် ဗဟို သံဃာ့ ၀န်ဆောင် ဆရာတော်အပါး (၃၀၀)ကို ရွေးချယ်ခဲ့ပါသည်။

နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အပါး (၃၀၀)မှ နိုင်ငံတော် သံဃာ့မဟာ နာယက (၃၃)ပါးကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ပါသည်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို (၁၉၈၀) ပြည့်နှစ်တွင် (၃၃)ပါးဖြင့် စတင် ဖွဲ့စည်းခဲ့တော်လည်း နောက်ပိုင်းတွင် ပြင်ဆင်၍ (၄၅)ပါး၊ (၄၇)ပါးတိုးချဲ့ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှာ (၄၇)ပါးအဖွဲ့ ဖြစ်နေပါပြီ။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို ၁၃၄၂-ခုနှစ်၊ နယုန်လ (၁၉၈၀- ပြည့်နှစ်၊ မေလ)က စတင် ဖွဲ့စည်းခဲ့သဖြင့် ယခု ၁၃၆၇-ခုနှစ်၊ နယုန်လ (၂၀၀၅-ခုနှစ်၊ ဇွန်လ)တွင် (၂၅)နှစ်ပြည့်မြောက် ငွေရတုခေတ်သို့ ရောက်ခဲ့ပေပြီ။ ထို့ကြောင့် ယခု နယုန်လဆန်း (၁၃)ရက် (ဇွန်လ ၁၉-ရက်)တွင် `နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ - ငွေရတုသဘင်´ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော် မည်ဖြစ်ပေ၏။

ဤကဲ့သို့ နိုင်ငံတော်အတွင်း၌ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၏ အမြင့်ဆုံး သံဃာ့အဖွဲ့ အစည်းဖြစ်သော `နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့´ကြီး ပေါ်ပေါက်လာခဲ့သဖြင့် သာသနာတော်၌ အလွန်အဖိုးတန်သည့် ရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့ရပါသည်။

ယင်းတို့အနက်မှ တစ်ခုကို ဖေါ်ပြရလျှင် သာသနာတော်အတွင်း၌ ရှေးနှစ်ပေါင်း များစွာ ကတည်းက အမြစ်တွယ်လျက် ဓမ္မ အဓမ္မအငြင်းပွားနေရသော ၀ိဝါဒါဓိကရုဏ်းမှုကြီးများကို ပြတ်စဲအောင် ဖြေရှင်းနိုင်ခဲ့ခြင်း ပင် ဖြစ်၏။ တနည်းအားဖြင့် `အဓမ္မကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြားပြနိုင်ခဲ့ခြင်း´ ပေတည်း။

လောက၌ ရှိကြသော အရာဝတ္ထုတို့တွင် အကောင်းဟူသမျှသည် မကြာခဏ ပြုပြင် ပေးသူ ရှိမှသာ အကောင်းဘ၀၌ အတော်ကြာကြာနေနိုင်၏။

ပြုပြင်ပေးမည့်သူ မရှိလျှင် သို့မဟုတ် ပြုပြင်လိုကြသူများ အားနည်းနေလျှင် မကောင်း သော အတုအပ တွေ ပေါ်ပေါက်လာကြမြဲပင် ဖြစ်လေရာ ကောင်းသော အရာဝတ္ထုသည် တိမ် မြုပ် ကွယ်ပျောက်သွားတတ်၏။

ယခုလည်း အလွန်စင်ကြယ် သန့်ရှင်းလှသော ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး ကို အရှင်မဟာ ကဿပ စသော သာသနာ့ထိပ်ခေါင်တင် ထေရ်အရှင်မြတ်ကြီးတို့သည် ညစ်ကြေးမတင် သန့်ရှင်းစင်ကြယ် စေရန် ပြုပြင်, ပြုပြင်ပေးခဲ့ကြပါ၏။

သို့သော်လည်း နှစ်တွေ အတော်ကြာလာသောအခါ အညစ်အပေတွေ တွေ့ရပြန် လေသည်။

ယင်းအညစ်အကြေးတို့ကား အဓမ္မကို ဓမ္မဟု ဟောပြောနေကြသော လူသေလူဖြစ်ဝါဒ၊ ကျောက်သင်္ဘော ၀ါဒ စသည်တို့တည်း၊ ထိုဝါဒရှင်တို့သည် `နိုင်ငံတော် သံဃာ့မဟာနာယက´ စသော သံဃာ့အဖွဲ့အစည်းများ မပေါ်ပေါက်သေး၍ ပြုပြင်လိုကြသူများ အားနည်းနေမှုကို အခွင့်ကောင်းယူကာ အဓမ္မ၀ါဒ ထွန်းကားရေးကို တွန်းအားပေးလျက် ဓမ္မအစစ်အမှန်ကို တိမ်မြုပ် ပျောက်ကွယ်စေရန် ဖန်တီးနေကြလေသည်။

ထိုအချက်ကို ကွက်ကွက်ကွင်းကွင်း သိမြင်တော်မူကြသော `နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့´ ဆရာတော်ကြီးများသည် အောက်ပါ သံဂါယနာ ဦးစီး မဟာထေရ် မြတ်ကြီးတို့ စဉ်းစားဆင်ခြင်ပုံကို မိမိတို့ မြင်လာကြပေကုန်၏။

`အဓမ္မ၀ါဒီ အလဇ္ဇီတို့၏ (ဘုရားဟော မဟုတ်သော တရားတွေကို ထည့်သွင်း၍ ဘုရားဟောအစစ် တရားတွေကို တချို့တလေ နှုတ်ပယ်ပြီးလျှင် သူတို့ထင်သလို ပြုလုပ်ခြင်း ဟူသော) လေမုန်တိုင်း တိုက်လွှင့် သောကြောင့် မကြာခင် တရားတော်များ ဟောတော်မူရင်း အတိုင်း မဟုတ်တော့ဘဲ တမျိုးတမည် ပြောင်းလဲကာ အစစ်အမှန် တရားတော်များ ကွယ်စရာ ရှိသည်။ (အနာဂတ် သာသနာရေး) ငါသို့စင် ဘုရားရှင်သား ရဟန်းတစ်ပါး ထင်ရှားရှိနေစဉ် ဤ (သုဘဒ်တောထွက်ရဟန်း) သူယုတ်မာသည် သာသနာ၌ ကြီးပွားခြင်းကို မရစေလင့်။

အဓမ္မ- မတရား မထွန်းကားသေးမီ, တရား- ဓမ္မကို မတားမြစ်အပ်သေးမီ၊ အ၀ိနယ- ဘုရားရှင် အဆုံးအမ မဟုတ်သောတရားများ မထွန်းကားသေးမီ, ၀ိနယ- ဘုရားရှင် အဆုံးအမ တရားတော်များ မတားမြစ်အပ်သေးမီ၊ အဓမ္မ၀ါဒီ- မတရား ပြောကြားသူတို့ အားမရှိသေးမီ, ဓမ္မ၀ါဒီ- တရားသည်ကို ပြောကြားသူတို့ အားမနွဲ့ကြသေးမီ၊ အ၀ိနယ၀ါဒီ- ဘုရားရှင် အဆုံးအမ မဟုတ်သော အရာများ ပြောကြားသူတို့ အားမရှိသေးမီ, ၀ိနယ၀ါဒီ- ဘုရားရှင် အဆုံးအမတရားတော်ကို ပြောဆို ဟောကြားလေ့ ရှိသူတို့ အားမနွဲ့ကြသေးမီ ငါသည် သုတ်, အဘိဓမ္မာ, ၀ိနည်းတရားတော်များကို သံဂါယနာ တင်ပေအံ´(မဟာဗုဒ္ဓ၀င်)ဟု ပထမ သံဂါယနာ ဦးစီး အရှင်မဟာကဿပ မထေရ်မြတ်ကြီးသည် သံဂါယနာတင်ရန် စိတ်အကြံဖြစ်ခဲ့၏။

(ဒီ၊ ၂၊ ၁၃၃၊ ၀ိ၊ ၄၊ ၄၈၁။)

`ဗုဒ္ဓသာသနာတော် ပျက်စီးနေကြောင်းကို ကြားရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မလျော်ချေ၊ ယခုပင်ငါသွား၍ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ် အမှန်ကို ပြမည်။´ (အနာဂတ် သာသနာရေး) ဟု ဒုတိယသံဂါယနာဦးစီး အရှင်မဟာယသ မထေရ် မြတ်ကြီးသည်လည်း ၀ဇ္ဇီတိုင်းသား အဓမ္မ၀ါဒီများ ပေါ်ပေါက်လာစဉ်က ဆုံးဖြတ်ချက်ချ ကြံစည် တော်မူခဲ့၏။ (၀ိ၊ ဋ္ဌ၊ ၁၊ ၁၆) `ငါသည် မူလကတည်းက သာသနာတော်ကို ချီးမြှောက်မည်ဟု ရဟန်းပြုခဲ့၏၊ ယခု ဤအခွင့်ကာလ ရောက်လတ်ပြီ´ ဟု တတိယသံဂါယနာဦးစီး အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီးသည်လည်း သံဂါယနာတင်ရန် အရေးအခင်း ပေါ်ပေါက်စဉ်က ဤသို့လျှင် ကြံစဉ်တော်မူခဲ့၏။



အထက်ပါ သံဂါယနာ ဦးစီး ရဟန္တာ မထေရ်မြတ်ကြီးတို့ သာသနပစ္စတ္တိက, အဓမ္မ ၀ါဒီများ ပေါ်ပေါက်လာ သည့်အခါ စဉ်းစားဆင်ခြင်မိပုံကို မိမိတို့ စိတ်သန္တာန်၌ ထင်လာကြ ကုန်ရကား `အဓမ္မကို ဓမ္မဖြင့် ထင်ထင် ရှားရှား ခွဲးခြားပြလိုက်မည်´ဟု အညီအညွှတ် စည်းဝေးတိုင်ပင်ကြလျက် ၁၃၄၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်(၂၀- ၁၁- ၈၀) နိုင်ငံတော် သံဃာ့မဟာနာယက (၃၃)ပါး စုံညီအစည်းအဝေးတွင် ထိုအဓမ္မ၀ါဒီ (၇)မျိုးတို့ကို ဓမ္မ အဓမ္မ၀ါဒီအဖြစ် စိစစ်ရန် ပိဋကတ် ကျမ်းတတ် ထိပ်သီးပညာရှင် ဆရာတော်များချည်း ပါဝင်သော `နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့´ (၇)ဖွဲ့ကို ဖွဲ့စည်းလိုက်ပါသည်။

ထို့နောက် ရှေးဦးစွာ အဖွဲ့အမှတ် (၁)ဖြစ်သော ခရမ်းမြို့, ကိုင်းကုန်းဆရာတော် (ဘဒ္ဒန္တသုဒဿနထေရ်) ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က `ကျောက်သင်္ဘောဝါဒ´ကို စိစစ်ပြီး အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၂)ဖြစ်သော ထားဝယ်မြို့, ဃောသိတာရုံဆရာတော် (ဘဒ္ဒန္တဃောသိတာဘိဝံသထေရ်) ဦးဆောင်သည့် (၇)ပါး ပါအဖွဲ့က (၁၃၂၅) ခုနှစ်လောက်က တည်းက မြန်မာနိုင်ငံအတွင်း၌ ဓမ္မဟုတ်သည် မဟုတ်သည် အငြင်းပွားကာ လူသိများ ထင်ရှားလှသော `လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသူတေသန၀ါဒ၊ ရွှေအဘိဓမ္မာဝါဒ´ တို့ကို- ဦးဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒနှင့် ၎င်းကို ပံ့ပိုးထားသော အချက်အလက်ဟူသမျှသည် နိကာယ်ငါးရပ်, ပိဋကတ်သုံးပုံ ထေရ၀ါဒ ဗုဒ္ဓ၀ါဒနှင့် လုံးဝဆန့်ကျင်သော အဓမ္မ၀ါဒ စစ်စစ်သာဖြစ်သည်ဟု လူသေ လူဖြစ်ဝါဒကို ၀ိနိစ္ဆယချမှတ်တော်မူကြသည်´ စောဒနာ သောဓနာ(၂၁)ချက်ကို ပြည့်စုံစွာ သုံးသပ်စိစစ်၍ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၃)ဖြစ်သော ပုဇွန်တောင်, ရွှေကျင်ကျောင်းတိုက် ဆရာတော် (ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က `ကျောက်ပုံတောရ၀ါဒ´ ကို စိစစ်ပြီး အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယ ချမှတ်ခဲ့ပါသည်။

ထို့နောက် အဖွဲ့အမှတ် (၄)ဖြစ်သော ကျောက်မဲဆရာတော် (ဘဒ္ဒန္တဩဘာသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က ရှေးယခင်နှစ်ပေါင်း (၈၀) လောက်ကတည်းက သာသနိက ဆူးငြောင့်ကြီးအဖြစ် အမြစ်တွယ်ထင်ရှား လာခဲ့သော `ကြောင်ပန်းတောရ၀ါဒ´ ကို- `ကြောင်ပန်းတောရ၀ါဒသည် သက္ကာယ ဒိဋ္ဌိရှိလျှင် ဗုဒ္ဓဘာသာမဖြစ်၊ သရဏဂုံမသည် ဟု ယူဆ ဟောပြော ရေးသားသော အဓမ္မ၀ါဒသာ ဖြစ်ကြောင်း´ စသည်ဖြင့် စိစစ်၍ အဓမ္မ၀ါဒ သာဖြစ်ကြောင်း ၀ိနိစ္ဆယချမှတ်ခဲ့ပါသည်။

ထိုနည်းအတူပင် အဖွဲ့အမှတ် (၅)ညောင်ရွှေ ဆရာတော် (ဘဒ္ဒန္တ၀ိမလာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါး ပါအဖွဲ့က `ဓမ္မနီတိဝါဒ´ ကိုလည်းကောင်း၊ အဖွဲ့အမှတ် (၆) မန္တလေး ဆရာတော် (ဘဒ္ဒန္တဝေပုလ္လာဘိဝံသထေရ်) ဦးဆောင်သည့် (၅)ပါးအဖွဲ့က `မိုးညိုဆရာတော် (မြောက်ဥက္ကလာပ) ၀ါဒ´ ကိုလည်းကောင်း၊ အဖွဲ့အမှတ် (၇) ပါးအဖွဲ့က `ဦးမာလာဝရ (ရေတာရှည်)၀ါဒ´ ကိုလည်းကောင်း၊ စိစစ်၍ အဓမ္မ၀ါဒများအဖြစ် ၀ိနိစ္ဆယချမှတ်တော် မူခဲ့ပါတယ်။

ထိုနောက်ပိုင်းတွင်လည်း `ဉာဏစာဂီ ဆရာဝါဒ´၊ ဆူးလေ ဦးမြင့်သိန်းဝါဒ၊ ဦးမြတ်သိန်းထွန်း ၀ါဒ၊ ထွန်တုံး လက်ကျန် ဦးထင်ဝါဒ၊ တွံတေး ဦးပုညာစာရ၀ါဒ၊ မော်လမြိုင် ဦကေသရ ၀ါဒ´ စသည်တို့ကို နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ်´အဖွဲ့များ ဖွဲ့လျက် စိစစ်ပြီး အဓမ္မ၀ါဒ များအဖြစ် ၀ိနိစ္ဆယချမှတ်ခဲ့ကြပါသည်။

ဤအဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယချမှတ်ခံရပြီးသော အဓမ္မ၀ါဒီများသည် အလှည့်ကျ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်၌-
(၁) ထိုအဓမ္မ၀ါဒများကို စွန့်လွှတ်ပါကြောင်း၊
(၂) ယခုချိန်မှစ၍ ရှေ့သို့ဆက်လက်ပြီး ထိုအဓမ္မ၀ါဒများကို ဟောပြောခြင်း၊ ရေးသား ခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည့် အမှုတို့ကို မိမိတို့ကိုတိုင် လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် တပည့် ဒါယကာ၊ ဒါယိကာမတို့အားလည်း မပြုလုပ်ကြစေရန် တားမြစ် ဆုံးမဩ၀ါဒပေးမည် ဖြစ်ပါကြောင်း။
(၃) ထိုဝါဒဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ အထိမ်းအမှတ်စသည်တို့ကို ဖျက်ဆီးခြင်း၊ သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့သို့ အပ်နှံခြင်းများကို ပြုလုပ်မည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ကိုယ်တိုင် ပဋိညာဉ်ပြု လက်မှတ်ရေးထိုးကြရပါသည်။

ဤသို့ နှစ်ပေါင်းများစွာ ကတည်းက ဓမ္မဟုတ်သည် မဟုတ်သည်ကို အငြင်းပွားကာ ၀ိဝါဒါဓိ ကရုဏ်းကြီးများ အဖြစ် တည်ရှိနေခဲ့သော အဓမ္မ၀ါဒီများကို ရှေးယခင်က ဓမ္မအစစ်မှန်ကို တိကျမှန်ကန်စွာ သိမြင်တော်မူကြသော ပညာရှိသူတော်စင် ဆရာတော် အရှင်မြတ်ကြီးများ အများအပြား ရှိခဲ့တော်လည်း ယခု `နိုင်ငံတော် သံဃမဟာနာယက´ ကဲ့သို့သော အဖွဲ့ အစည်းကြီး မရှိသေးသဖြင့် သိလျက်ပင် မမြင်ချင်ဟန် နေခဲ့ရပါသည်။

ယခုအခါ၌ကား နိုင်ငံတော်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ အားလုံး၏ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့် `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့သဖြင့် ထိုအဓမ္မ၀ါဒများကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြား ပြသနိုင်ခွင့် ရခဲ့ပါပေသည်။

ထို့ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ သာသနာတော်သည်လည်း အဓမ္မ၀ါဒ တည်းဟူသောဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့် တက်သစ်စ နေ၀န်း, ထွန်းသစ်စလ၀န်းကဲ့သို့ သန့်ရှင်းစင်ကြယ် ခဲ့ရပါပေသည်။

ဤသို့ သာသနာတော် သန့်ရှင်းလာခဲ့ရခြင်းမှာ `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ကြီး ပေါ်ပေါက် လာခဲ့ရသောကြောင့် ပါပေတည်း။

ထို့ကြောင့် သာသနာတော်အတွက် အလွန် ကျေးဇူးတင်ထိုက် ပူဇော်ထိုက်သော `နိုင်ငံတော် သံဃမဟာနာယက´ အဖွဲ့ ဆရာတော်ကြီးများနှင့် `၀ိနည်းဓိုရ်´ ဆရာတော်ကြီး များအား `သံဃမဟာနာယက ငွေရတုသဘင်´ အခါ၌ ထိုကျေးဇူးတော်တို့ကို အောက်မေ့ ကော်ရော် ပူဇော်အပ်ပါသတည်း။

(သို့သော် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးအချို့နှင့် ၀ိနည်းဓိုရ် ဆရာတော်ကြီးအချို့တို့ကား ဘ၀နတ်နန်း စံမြန်းတော်မူခဲ့ကြပြီး လေပြီတကား။)

ဘိုကလေးအရှင်ပဏ္ဍိတ
(ဓမ္မာစရိယ, M. A, Dip in Eng သီရိလင်္ကာ)
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတု အထိမ်းအမှတ်စာစောင်မှ)


မြန်မာလူထုစွယ်တော် ဖူးမြော်မှုကို တရုတ်CCTVက ကမ္ဘာတစ်လွှားပြသ


Share

မြန်မာနိုင်ငံတွင် ကြွချီပူဇော်ခံလျက်ရှိသော ဗုဒ္ဒမြတ်စွယ်တော်ကို မြန်မာနိုင်ငံသားများ မည်မျှအထိ ရိုသေကိုးကွယ်ယုံကြည် ကြသည်ကို CCTVက လာရောက်၍ မှတ်တမ်းရိုက်ကူးကာ ကမ္ဘာတစ်လွှား ထုတ်လွှင့်ပြသသွားရန်နှင့် တရုတ်နိုင်ငံက ပြည်သူများ ပိုမိုစိတ်ဝင်စားရေးအတွက် ပြသရန်ရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ ၃ဝ-၁၁-၂ဝ၁၁ ရက်ကသိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုတ်မြင့်မား လာသော်လည်း ဘာသာရေးဆိုင်ရာ ကိုင်းရှိုင်းမှုတွင် ပိုမိုတိုးတက်ရန် လိုလားလျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံအစိုးရက ဗုဒ္ဒဘာသာကို အလေးအနက်ထားလိုတယ်။ ပြီးတော့ သူတို့နိုင်ငံသားတွေရဲ့ ဘာသာရေး သက်ဝင်ယုံကြည်မှုကို မြှင့်တင်ချင်တယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အင်အားကြီးနိုင်ငံပိုင် မီဒီယာဖြစ်တဲ့ CCTVကနေ ကမ္ဘာတစ်လွှားထုတ်လွှင့် သွားမည်။ ပြီးရင် တရုတ်နိုင်ငံကိုလည်း ပြသပြီး ဗုဒ္ဒရဲ့ အဆုံးအမကိုခံယူကြဖို့ ရည်ရွယ်ကြတယ်။ အခု CCTVကလူတွေ ပါလာခဲ့ကြပါတယ် ဟုသာသနာရေးဝန်ကြီးဌာန သာသနာတော်တိုးတက် ပြန့်ပွားရေးဌာန ဦးဆောင်ညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဗုဒ္ဒမြတ်စွယ်တော်ကို မြန်မာလူထု၏ ယုံကြည်ကိုးကွယ် ဖူးမြော်ကြည်ညိုမှုတို့အား တရုတ်ဘုန်းတော်ကြီးများက အံ့အားသင့်စွာ မြင်တွေ့ခဲ့ရကြောင်းလည်း ပြောကြားသည်။



မြန်မာပြန် ကြေးပိဋကတ်တော် ပြုလုပ်မှု ပြီးစီးလုနီးပြီဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပါ ထပ်မံပြုလုပ် ပူဇော်နိုင်ရန်စီစဉ်

7117

ကြေးပိဋကတ်တော်များ ထည့်သွင်းထားသည့် ကြေးပိဋကတ်တိုက်

ဘုရားဟော ပိဋကတ်တော်များ ကို ကြေးထက်အက္ခရာတင်၍ ကြေးပိဋကတ်တော်အဖြစ် ပြုလုပ်မှတ်တမ်းတင်ရာတွင် ပါဠိဘာသာဖြင့် ပြုလုပ်မှုပြီးစီးပြီဖြစ်ပြီး မြန်မာဘာသာဖြင့် ထပ်မံ လုပ်ဆောင်သည့် ကြေးပိဋကတ်တော်လည်း ပြီးစီးလုနီးပြီ ဖြစ်ကြောင်း ကြေးပိဋကတ်တော် ပြုလုပ်လှူဒါန်းရေးအဖွဲ့မှ သိရှိရသည်။

ကြေးပိဋကတ်တော်များကို ဗဟန်းမြို့နယ်၊ ကျောင်းတော်ရာ ရွှေကျင်တိုက်မှ မင်္ဂလာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဉာဏ (သာသန ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာ ဂန္ထ၀ါစက ပဏ္ဍိတ)က ဦးဆောင်ပြုလုပ်ခြင်းဖြစ် ပြီး ပါဠိကြေးပိဋကတ်တော်တွင် ၀ိနယပိဋကတ်ငါးအုပ်၊ အဘိဓမ္မာပိဋ ကတ် ၁၂ အုပ်၊ သုတ္တန္တပိဋကတ်  ၂၃ အုပ် စုစုပေါင်း ပိဋကတ်အုပ်ရေ ၄၀  ပါဝင်ကြောင်းနှင့် မြန်မာပြန်ကြေး ပိဋကတ်တော် ပြုလုပ်ရာတွင် ပါဠိဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ရန် ခက်ခဲသည့် ကျမ်း ၁၀ အုပ်မှလွဲ၍ ကျန်ပိဋကတ်တော်များ အားလုံးအားကြေးထက် အက္ခရာတင်ခဲ့ကြောင်း သိရပါသည်။

“ကြေးနဲ့ပါဠိပိဋကတ်တော်ပြု လုပ်ပြီးတဲ့အခါမှာ ပါဠိဘာသာစကား မတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ပိဋကတ်တော်ကို ကိုယ်တိုင်ဖတ်ရှုနိုင်အောင် မြန်မာပြန် ပိဋကတ်တော်ကို ထပ်မံပြုလုပ်ရခြင်း ဖြစ်ပါတယ်။ မြန်မာပြန် ကြေးပိဋကတ်တော် ပြုလုပ်ရာမှာကျမ်း ၁၀ အုပ်က သင်ပေးမှကို တတ်တယ်။ ဖတ်လို့နားမလည်နိုင်ဘူး။ ဒါကြောင့် ဒီကျမ်း ၁၀ အုပ်ကိုတော့ ကြေးပိဋကတ်တော်ပြုလုပ်ရာမှာ ချန်ထားခဲ့ ပါတယ်။ အခုမြန်မာပြန် ကြေးပိဋကတ်တော်ပြုလုပ်နေတာ ကျမ်းနှစ်အုပ်ပဲ ကျန်ပါတော့တယ်။ လာမယ့် ဇန်န၀ါရီ၊ ဖေဖော်ဝါရီလအတွင်းမှာ ပြီးစီးနိုင်တယ်။ ဒါပြီးရင်တော့ ပိဋကတ်တော်တွေကို အင်္ဂလိပ်ဘာသာနဲ့ ကြေးထက် အက္ခရာတင်ဖို့ စိတ်ကူးရှိတယ်။ ဒါပေမယ့် ပိဋကတ်တော်တွေကို အင်္ဂလိပ် ဘာသာ ပြန်ဖို့ကျတော့ အခက်အခဲ ရှိနေပါသေးတယ်”ဟု ဆရာတော် ဘဒ္ဒန္တဉာဏက မိန့်ကြားခဲ့သည်။

 



မြန်မာလူထု စွယ်တော်ဖူးမြော်မှုကို တရုတ် CCTV က ကမ္ဘာတစ်လွှားပြသ

မြန်မာနိုင်ငံတွင် ကြွချီပူဇော်ခံလျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသားများမည်မျှ အထိ ရိုသေကိုးကွယ်ယုံကြည်ကြသည်ကို CCTV က လာရောက်၍ မှတ်တမ်းရိုက်ကူးကာ ကမ္ဘာတစ်လွှား ထုတ်လွှင့်ပြသသွားရန်နှင့် တရုတ်နိုင်ငံက ပြည်သူများပိုမိုစိတ်ဝင်စားရေးအတွက် ပြသရန်ရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ ၃၀-၁၁-၂၀၁၁ ရက်က သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားလာသော်လည်း ဘာသာရေးဆိုင်ရာ ကိုင်းရှိုင်းမှုတွင် ပိုမိုတိုးတက်ရန် လိုလားလျက်ရှိကြောင်း သိရသည်။ “တရုတ်နိုင်ငံအစိုးရက ဗုဒ္ဓဘာသာကို အလေးအနက်ထားလိုတယ်။ ပြီးတော့ သူတို့နိုင်ငံသားတွေရဲ့ ဘာသာရေး သက်ဝင်ယုံကြည်မှုကို မြှင့်တင်ချင်တယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အင်အားကြီး နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ CCTV ကနေ ကမ္ဘာတစ်လွှား ထုတ်လွှင့်သွားမယ်။ ပြီးရင် တရုတ်နိုင်ငံကိုလည်းပြသပြီး ဗုဒ္ဓရဲ့ အဆုံးအမကို ခံယူကြဖို့ ရည်ရွယ်ကြတယ်။ အခု CCTV ကလူတွေ ပါလာခဲ့ကြပါတယ်” ဟု သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် တိုးတက်ပြန့်ပွားရေးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာလူထု၏ ယုံကြည်ကိုးကွယ်ဖူးမြော်ကြည်ညိုမှုတို့အား တရုတ်ဘုန်းတော်ကြီးများက အံ့အားသင့်စွာ မြင်တွေ့ခဲ့ရကြောင်းလည်း ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအသင်းအတွက် အသင်းပဓာန နာယက ကျပ်သိန်းတစ်ထောင် လှူဒါန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ
ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဝိပဿနာပြန့်ပွားရေး   အသင်းဖွဲ့စည်း ထူထောင် ခြင်းအတွက် ယင်းအသင်းကြီး ၏ ပဓာန နာယကဆရာကြီး ဦးဌေးအောင် (မဟာသဒ္ဓ  မ္မဇော တိကဓဇ) က စုစုပေါင်း ကျပ် သိန်း ၁ဝဝဝ အား ဒီဇင်ဘာ ၉ ရက်က ပင်မရန်ပုံငွေ စိုက်ထူ လှူဒါန်းခဲ့ကြောင်း သိရသည်။  ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဝိပဿနာ   ပြန့်ပွားရေးအသင်း၏ မန္တလေးအတွက် ကျပ်သိန်း ၅ဝဝ ရန်ကုန်အတွက် ကျပ်သိန်း ၅ဝဝ လှူဒါန်းခဲ့ခြင်းဖြစ်သည်။  ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဝိပဿနာ ပြန့်ပွားရေး အသင်းကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခွင့်ရခဲ့ကြောင်း သိရသည်။ထိုသို့ အသင်းမဖွဲ့မီ ရှင်သာ မဏေ ဝတ်လိုသူများအတွက် တစ်နှစ်လျှင်   နှစ်ကြိမ် ရှင်သာမဏေ ဝတ်ပေးခဲ့ကြောင်း၊ ၁၉၈ဝ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးတို့၌ တရားပြ ကာ ထေရဝါဒ ပြန့်ပွားရန် ဆောင် ရွက်သည်။ ရန်ကုန်မြို့တွင် တစ်နှစ်   နှစ်ကြိမ် တရားစခန်း ဖွင့်ခဲ့ကြောင်း သိရသည်။ယခု ထေရဝါဒ ဗုဒ္ဓဒေသနာ နှင့် ဝိပဿနာ ပြန့်ပွားရေးအသင်း ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ရာ ဆရာကြီး ဦးဌေးအောင် (မဟာသဒ္ဓ မ္မဇောတိကဓဇ) ၏ စီမံဆောင်ရွက် မှုများနှင့် ဆက်လက်၍ ထေရဝါဒ ဗုဒ္ဓဒေသနာနှင့် ဝိပဿနာ ပြန့်ပွား ရေးကို ဆက်လက်ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း သိရသည်။
တက်လူ


နှစ်ကျိပ်ရှစ်ဆူဘုရားများ

    နှစ်ကျိပ်ရှစ်ဆူဘုရားများ
    (က)သာရမေဏ္ဍကမ္ဘာ

    ၁။တဏှင်္ကရာမြတ်စွာဘုရား ၂။မေဓင်္ကရာမြတ်စွာဘုရား ၃။သရဏင်္ကရာမြတ်စွာဘုရား ၄။ဒီပင်္ကရာမြတ်စွာဘုရား

    (ခ)သာရကမ္ဘာ

    ၅။ကောဏ္ဍညမြတ်စွာဘုရား

    (ဂ)သာရမဏ္ဍကမ္ဘာ

    ၆။မင်္ဂလမြတ်စွာဘုရား ၇။သုမနမြတ်စွာဘုရား ၈။ရေ၀တမြတ်စွာဘုရား ၉။သောဘိတမြတ်စွာဘုရား

    (ဃ)၀ရကမ္ဘာ

    ၁၀။အနောမဒဿီမြတ်စွာဘုရား ၁၁။ပဒုမမြတ်စွာဘုရား ၁၂။နာရဒမြတ်စွာဘုရား

    (င)သာရကမ္ဘာ

    ၁၃။ပဒုမုတ္တရမြတ်စွာဘုရား

    (စ)မဏ္ဍကမ္ဘာ

    ၁၄။သုမေဓမြတ်စွာဘုရား ၁၅။သုဇာတမြတ်စွာဘုရား

    (ဆ)၀ရကမ္ဘာ

    ၁၆။ပီယဒဿီမြတ်စွာဘုရား ၁၇။အတ္ထဒဿီမြတ်စွာဘုရား ၁၈။ဓမ္မဒဿီမြတ်စွာဘုရား

    (ဇ)သာရကမ္ဘာ

    ၁၉။သိဒ္ဓတ္ထမြတ်စွာဘုရား

    (စ်)မ႑ကမၻာ

    ၂၀။တိဿ မြတ်စွာဘုရား၂၁။ဖုဿမြတ်စွာဘုရား

    (ည)သာရကမ္ဘာ

    ၂၂။ဝိပဿီမြတ်စွာဘုရား

    (ဋ)မဏ္ဍကမ္ဘာ

    ၂၃။သိခီမြတ်စွာဘုရား ၂၄။ဝေဿဘူမြတ်စွာဘုရား

    (ဌ)ဘဒ္ဒကမ္ဘာ

    ၂၅။ကကုသန်မြတ်စွာဘုရား ၂၆။ကောဏဂုံမြတ်စွာဘုရား ၂၇။ကဿပမြတ်စွာဘုရား ၂၈။ဂေါတမမြတ်စွာဘုရား

    ၂၉။အရိမေတ္တေယျမြတ်စွာဘုရား

    (မှတ်ချက်။ ။

    (၁)ဘုရားတစ်ဆူပွင့်သောကမ္ဘာ = သာရကမ္ဘာ

    (၂)ဘုရားနှစ်ဆူပွင့်သောကမ္ဘာ = မဏ္ဍကမ္ဘာ

    (၃)ဘုရားသုံးဆူပွင့်သောကမ္ဘာ = ၀ရကမ္ဘာ

    (၄)ဘုရာလေးဆူပွင့်သောကမ္ဘာ = သာရမဏ္ဍကမ္ဘာ

    (၅)ဘုရားငါးဆူပွင့်သောကမ္ဘာ = ဘဒ္ဒကမ္ဘာ ဟူ၍ခေါ်ဆိုပါသည်။)


    ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

     

    မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း

    ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ

    တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

     

    အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

     

    ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

    ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။

    အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

     

    ဒုတိယ သင်္ဂါယနာ

    မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်

    တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်

    အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

     

    (၂) သာသနာနှစ် (၁၀၀)နှစ်

    (၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း

    (၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ

    (၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)

    (၆) မင်း ကာလာသောကမင်း

    (၇) ကြာမြင့်ချိန် (၈) လ

     

    အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

     

    ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်

    ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

     

    ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။

    ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း  ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

     

    အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။

     

    မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း  မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊  မဟာယာနတို့၏ Saddharma Pundarika Sutra  သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna  နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga   အသင်္ဂ နှင့်  Vasubandhu  ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။ 

    ( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

     

    ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

     

    ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ

    အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

     

    အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

     

    လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

    ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -

    ၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊

    ၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊

    ၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

     

    မဟာယာန ဘာသာတွင်လည်း -

    Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊

    Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊

    Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

     

    ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်

    (၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။

    (၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။

    (၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

    (၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊

    (၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။

    (၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

     

    Mahayana and Theravada

    Now, what is the difference between Mahayana and Theravada?

    I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.

     

    1- Both accept Sakyamuni Buddha as the Teacher.

    2- The Four Noble Truths are exactly the same in both schools.

    3- The Eightfold Path is exactly the same in both schools.

    4- The Paticca-samuppada or the Dependent Origination is the same in both schools.

    5- Both rejected the idea of a supreme being who created and governed this world.

    6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

     

    အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

    ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။

    ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်

    သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

     

    ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊

    မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

     

    ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

     

    (၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း

    ကြောင့်မှ မပျက်စီးနိုင်တော့ပေ။

    (၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊

    (၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

     

    ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။

    မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

     

    ကိုးကား --

    စူဠ၀ါပါဠိတော်

    အနတ္တလက္ခဏသုတ်တော်

    ဖားအောက် တရားတော်


    ကံသုံးပါးတွင် ဘာ့ကြောင့် မနောကံဟာ အပြစ်ကြီးဆုံးဖြစ်ရတာလဲ


    မေး။ ။ ဦးဇင်းဘုရား တပည့်တော် အမည်ကသိန်းဇော်ပါ။ ဦးဇင်းဆိုဒ်ကိုဝင်ပြီး ဖတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘယ်နေရာကနေပြီး မေးခွန်းများ မေးမြန်းရမည်ကို မသိပါသဖြင့် ဂျီမေးမှ ပေးပို့၍ မေးလိုက်ရပါသည်။ တပည့်တော်အနေဖြင့် ကံသုံးပါးထဲတွင် မနောကံသည် အပြစ်အကြီးဆုံးဟု မြတ်စွာဘုရားမှ ဟောကြားထားသည်ကို မရှင်းလင်းပါသဖြင့် ဂရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည်ဘုရား။ တပည့်တော်၏ သာမာန်အမြင်မှာ ကာယကံသည် မနောကံထက် အပြစ်ကြီးသည်ဟု မြင်မိလို့ပါဘုရား။ စိတ်ဖြင့် ပြစ်မှားခြင်းသည် ကိုယ်ထိလက်ရောက် (ကာယကံမြောက်) ပြစ်မှားသည်လောက် အပြစ်မကြီးဟု ယူဆမိသောကြောင့်ပါဘုရား။ တပည့်တော် မေးမြန်းလိုသည်မှာ ကြာမြင့်လှပါပြီဘုရား။

    သိန်းဇော်၊ ပဲရစ်၊ ပြင်သစ်နိုင်ငံ။

    ဖြေ။ ။ အင်း ဒကာမေးထားတာကို နှစ်မျိုးခွဲပြောရမှ ရှင်းမှာမို့ (၂)မျိုးခွဲ ဖြေပေးပါမယ်။ စောင့်ထိန်းခြင်းလို့ခေါ်တဲ့ ၀ါရိတ္တသီလဆိုင်ရာတွင် ရဟန်းသံဃာများအတွက် ၀ိနည်းသီလမှာ စိတ်ဆိုတဲ့မနောကံနဲ့ ကျုးလွန်မိရင် အပြစ်မရှိသလို လူတို့စောင့်ထိန်းနေတဲ့ သီလများတွင်လည်း စိတ်နဲ့ကျုးလွန်ခြင်းကြောင့် သီလမပျက်၊ သီလမကျိုးပါ။ တကယ်လို့သာ မနောကံကြောင့် သီလပျက်မယ်ဆို ရဟန်းသံဃာများမှာလည်း မနောကံပြစ်မှားခြင်းတွေ ရှိနေမှာမို့ သီလပျက်သူတွေ များနေနိုင်သလို လူတွေမှာလည်း သီလလုံခြုံတဲ့လူ နည်းနေမှာပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက ရဟန်းသံဃာများဆိုင်ရာ ၀ိနည်းစည်းကမ်းမှာ မနောဒွါရေ အနာပတ္တိ-မနောကံကြောင့် အာပတ်မသင့်လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒီလိုပါပဲ လူတွေသီလစောင့်ထိန်းတဲ့အခါမှာ

    လည်း စိတ်နဲ့ထမင်းစားခြင်း၊ အရက်သောက်ခြင်းများအတွက် သီလမပျက်ပါ။

    ရှင်းအောင်ပြောရရင် စောင့်ထိန်းခြင်း ၀ါရိတ္တသီလတွင် မနောကံကြောင့် အပြစ်မဖြစ်ဘဲ၊ ကျင့်သုံးခြင်းစာရိတ္တသီလတွင် မနောကံပါမှ အပြစ်ရှိတာကြောင့် မနောကံဟာ စာရိတ္တသီလအတွက်ဆို အရေးကြီးဆုံး၊ အပြစ်ကြီးဆုံး ဖြစ်ပါတယ်။ ဥပမာ-လမ်းသွားရင်း သတ္တ၀ါတစ်ကောင်ကောင်ကို တက်နင်းမိလို့ သေသွားတဲ့အခါ စိတ်မပါတဲ့အတွက် အပြစ်မရှိပါ။ သို့သော် သူတစ်ပါးမကောင်းကျိုးဖြစ်အောင် ကျုးလွန်မှုလုပ်တော့မဲ့အရာများတွင် စိတ်ကနေစတင်ကြံစည်ရတဲ့အတွက် မနောကံဟာ အဓိကပထမကျုးလွန်ခြင်းဖြစ်လို့ အပြစ်ကြီးဆုံးနေရာကို ရောက်သွားရပါတယ်။

    ဥပမာ-ဓာတ်လိုက်ခြင်းဖြစ်တာဟာ လျှပ်စစ်မီးလာနေလို့ ဓာတ်လိုက်ခြင်းဆိုတာ ဖြစ်နေတာပါ။ တကယ်လို့ မီးခလုတ်ဆိုတဲ့ မိန်းကသာ လျှပ်စစ်မီးပိတ်ထားမယ်ဆိုရင် ဓာတ်မလိုက်နိုင်ပါဘူး။ အဲဒီလိုပါပဲ စာရိတ္တ-ကိုယ်ကျင့်တရား သူခိုး၊ ဓါးမြ၊ မုဒိန်းကောင်၊ အရက်သမားစတာတွေဖြစ်ရတာဟာလည်း စိတ်ဆိုတဲ့မနောကံက အရင်ကြံစည်မှုမှားခဲ့လို့ရယ်၊ အဲဒီစိတ်ကို မတားဆီး မထိန်းချုပ်နိုင်လို့ရယ်။ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတဲ့ အသိဉာဏ်ပညာ ဗဟုသုတခေါင်းပါးမှုတွေရယ်ကြောင့် ဖြစ်ရတာပါ။ အဲဒီတော့ အကုသိုလ်အပြစ်တစ်ခုဖြစ်ပြီဆိုရင် စိတ်ပါမှ အပြစ်ဖြစ်တဲ့အတွက် စိတ်ဟာ အဓိကကျပါတယ်။ စောင့်ထိန်းတဲ့သီလပိုင်းဆိုင်ရာမှာတော့ စိတ်နဲ့ကျုးလွန်ရုံနဲ့ အပြစ်မဖြစ်ပါပေ။

    နိဂုံးချုပ်အနေနဲ့ မှတ်ထားရမှာကတော့ မနောကံဟာ ၀ါရိတ္တ-သီလစောင့်ထိန်းခြင်းတွင် မနောကံကြောင့် သီလမပျက်ဘူးဆိုတာရယ်။ စာရိတ္တ-ကိုယ်ကျင့်တရားကျုးလွန်းခြင်းဖြစ်တဲ့ သူတစ်ပါးပစ္စည်းခိုးခြင်းစတာတွေမှာ မနောကံက အရင်ကြံစည်မိတာကြောင့် မနောကံဟာ စာရိတ္တသီလအတွက်တော့ အဓိကကျလို့ အပြစ်ကြီးဆုံးဖြစ်နေရတယ်ဆိုတာရယ်၊ စာရိတ္တသီလကျုးလွန်တဲ့အခါမှာလည်း မနောကံပါမှ အပြစ်ဖြစ်တယ်ဆိုတာတွေကို မှတ်ထားဖို့ပါပဲ။

    ဒီလောက်ဆိုရင်တော့ ရှင်းမယ်ထင်လို့ ဒီမှာပဲ နိဂုံးချုပ်ရင်း စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး အသိပညာများ တိုးပွားကြပါစေလို့ ဆန္ဒပြုလျက်…..။

    အရှင်ကောမလ(ခ)ဆန်နီနေမင်း



    စိတ် စေတသိက်တို့၏ ဖြစ်ရာဌာန

      လူတို့၏ ၀င်ရာထွက်ရာ အပေါက်ကို တံခါးပေါက်ဟု ခေါ်သကဲ့သို့ စိတ်စေတသိက်တို့၏ ၀င်ရာထွက်ရာဖြစ်သောကြောင့် မျက်စိစသည်ကို တံခါးပေါက်(ဒွါရ) ဟုခေါ်သည်။

      တံခါး (၆) ပေါက်
      သတ္တ၀ါတစ်ဦးစီ၏ သန္တာန်၌

      (၁) စက္ခုဒွါရ - မျက်စိတံခါးပေါက်၊

      (၂) သောတဒွါရ - နားတံခါးပေါက်၊

      (၃) ဃာနဒွါရ - နှာခေါင်းတံခါးပေါက်၊

      (၄) ၀ိဝှါဒွါရ - လျှာတံခါးပေါက်၊

      (၅) ကာယဒွါရ - ကိုယ်တံခါးပေါက်၊

      (၆) မနောဒွါရ - စိတ်တံခါးပေါက်၊ အားဖြင့် တံခါး (၆)ပေါက် ရှိလေသည်။

      တရားကိုယ်အားဖြင့်


      (၁) မျက်စိအကြည် (စက္ခုပသာဒ) ရုပ်သည် စက္ခုဒွါရမည်၏။

      (၂) နားအကြည် (သောတပသာဒ) ရုပ်သည် သောတဒွါရမည်၏။

      (၃) နှာအကြည် (ဃာနပသာဒ) ရုပ်သည် ဃာနဒွါရမည်၏။

      (၄) လျှာအကြည် (ဇိဝှါပသာဒ) ရုပ်သည် ဇိဝှါဒွါရမည်၏၊

      (၅) ကိုယ်အကြည် (ကာယပသာဒ) ရုပ်သည် ကာယဒွါရမည်၏၊

      (၆) (ဥပေက္ခာသန္တီရဏစိတ် ၂-ပါး၊ မဟာဝိပါက်စိတ် ၈-ပါး၊ မဟဂ္ဂုတ်ဝိပါက် ၉-ပါး ဟူသော ဘ၀င်စိတ် ၁၉-ပါးသည် မနောဒွါရမည်၏။

      ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်  စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

       




      အင်တာနက်ကို ရဟန်းများ သုံးသင့် မသင့် မေးမြန်းခြင်း"

        အို တကာတို့ ငါတို့ ရဟန်းတော်များသည်ကား လူတို့၏ ကြည်ဖြူရာလှူဒါန်းအပ်သော ဆွမ်းကို စားသောက်နေထိုင်ရင်း မိမိအကျိုး များအကျိုး အကျိုးနှစ်ပါး ရှိရလေအောင် နေထိုင်သင့်သော ပုဂ္ဂိုလ်များဖြစ်သည်အလျှောက်
        ဘုရားဆုံးမ ၀ိနည်းများနှင့် ကိုက်ညီအောင် နေရသူများ ဖြစ်ကြပါ၏
        ထိုကဲ့သို့ နေထိုင်ကြရသော ငါတို့သည်
        ယခုအခါ လူတို့လောကမယ် တွင်ကျယ်၍နေသော
        အင်တာနက်သုံးခြင်းကို သုံးသင့် မသင့် စိတ်မှာ သံသယ ဖြစ်မိပါတယ်
        ဘုရားဆုံးမအပ်သော ၀ိနည်းတော်ကို လူတို့သည် သိပ်မသိကြသော်လည်း ငါတို့ ရဟန်းများကြတော့
        မိမိ၏ အသက်ပင်မို့ သိရှိထားသည်အလျှောက် မိမိ သုံးပြုနေသော အင်တာနက်သည်
        မိမိတို့၏ ၀ိနည်းတော်နှင့် ကိုက်ညီမှု ရှိ မရှိဆိုတာကတော ရဟန်းတော်တိုင်း သိလိမ့်မည်သာ ဖြစ်ပါတယ်
        အရာအားလုံးဟာ အကာချည်း မဟုတ်သလို အနှစ်ချည်းလည်း မဟုတ်တတ်ပါဘူး
        ဆေးကုတဲ့ ဆေးသမားဟာ လူနာကို ဆေးကုတော့မယ်ဆိုရင်
        မိမိလူနာနှင့်တော်သော အနှစ် (သို့) အကာ တစ်ခုခုကို ယူပြီးတော့ ကျန်တာကို ချန်ထားရစ်ကြ စမြဲပါ
        ထိုအတူပါဘက် ငါတို့ ရဟန်းတော်များသည်လည်း အကျိုးရှိရာကို ဆောင်ယူကြကုန်ပြီး၍
        အကျိုးမဲ့ကို ပါယ်ခွာ သွားတတ်သူတွေပါ
        ယူစရာ သုတတွေကို ယူပြီး သိတာလေးတွေကို ဝေငှပေးနေကြတာပါ သင်တိုတွေ ထင်ရိုင်းသလောက်
        ငါတို့စိတ်ထား မရိုင်းကြပါဘူး (တစ်ချို့နည်းစုကိုပြောတာနော်)
        လူထဲကလူသား လူဖြစ်ပြီးမှ ရဟန်းဝတ်လာသလို ရဟန်းဝတ်ပြီးတော့လည်း
        လူအဖြစ်ပြောင်းခွင့်ရှိတာမို့ လူလိုနေချင်ရင် လူအ၀တ် ၀တ်လိုက်ရုံလေးပါ
        အခု ရဟန်းဝတ်နဲ့ နေကြတယ်ဆိုကတည်းက ရဟန်းအကျင့် ကျင့်ချင်လို့သာဆိုတာကို နားလည်ထားကြပါ
        ငါတို့ရဟန်းငယ်တွေ ရဟန်းဝတ်နေတာ ခိုကိုးရာမဲ့လို့ အားကိုးမဲ့လို့ အရွယ်ကုန်လို့ အားအင်မရှိလို့ စသဖြင့်
        အကြောင်းကြောင့် ရဟန်း ၀တ်နေကြတာ မဟုတ်ရပါဘူး
        အမြင်မှန်လေးနဲ့ ကြည် ညို ကြစမ်းပါ မြင်မတော်တာလေး နည်းငယ်ရှိရင်လည်း နားလည်ပေးကြပါ
        ဘ၀ကို ဒီလိုလေးနေပြီး ကြိုးစားလာကြတာနဲ့အမျှ ကြီးရင့်လာတဲ့အခါ ဆရာတော်ကြီးတွေဖြစ်လို့
        လူအများကို ဆုံးမပေးရင်းအဖြစ် တရားများဟောပြောနေပုံတွေကို အာရုံယူတွေးရင်းနဲ့ ကြည်ညိုလိုက်စမ်းပါ
        နောက်ပြီး ရဟန်းတော်များဆိုတာဟာ လူတို့ရဲ့ဦးသျှောင်တွေပါ ထိုကဲ့သို့ ဦးသျှောင်များက နောက်လိုက်သူ
        လူထုများအောက် အသိညာဏ်တွေ နည်းနေတယ် ဗဟုသုတတွေ နည်းနေတယ် ဆိုရင်
        အနာဂါတ် မျိုးဆက်သစ်များကို လောကုတ္တရာအကြောင်း ဘယ်နည်းနဲ့ ဟောပြောပြသ ဆုံးမလို့ ရအုန်းတော့မလဲ
        လူငယ်တွေ အထင်သေးခဲ့ချည်ပေါ့
        ဒါကြောင့် လောကုတ်အရေး ဟောပြောရာမှာ လောကီနဲ့ နှိုင်းယှဉ်ပြပေးဖို့
        လူတို့သိတဲ့ လောကီသုတ ပညာများကို ရဟန်းများလည်း သိထားသင့်တယ်လို့ ဆိုချင်ပါတယ်
        ဒါဟာ သာဓကတွေ များကြီးရှိတယ်နော် သို့သော်လည်း တကာတို့က ဘာဖြစ်ဖြစ် မသုံးသင့်ဘူးလို့ ခံယူခဲ့သူ
        များခဲ့ရင်ဖြစ် တကာတို့ရဲ့ သဒ္ဒါစိတ်ထား ပျက်ပြားမှာမို့ ငါတို့အဖို့ မသုံးအပ်ပါဘူး
        ဒါကြောင့် တကာတို့ရေ အင်တာနက်ကို ရဟန်းတော်များ သုံးသင့် မသုံးသင့် ဆုံးဖြတ်သမို့ဖြစ်
        ကွန်မန့်ပေးထားခဲ့ကြပါနော် မဖြစ် ဖြစ်အောင် ကွန်မန့်ပေးခဲ့ပါနော်
        အားလုံးကို ကျေးဇူးတင်စွာဖြင့် ပျော်ရွှင်ပါစေကြောင်း ဆုတောင်းလိုက်ပါ၏ဧဒင်မှပြန်လည်မျှဝေသည်။ အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ်ဗုဒ္ဓဂယာအိန္ဒိယနိုင်ငံ။




        သင်တို့သိတဲ့ CHRISTMAS နေ့ ၊ X'Mas ပွဲတော် ဘယ်လိုဖြစ်လာသလဲ

        ဘယ်နေရာဒေသမှာမဆို December လမှာတော့ Christmas Holidays ကို အမြဲတမ်းကျင်းပလေ့ရှိကြပါ

        တယ်။ အခု အချိန်အခါက December လလည်းဖြစ်ပြန်၊ Christmas လည်းရောက်ခါနီးပြီဆိုတော့

        Christmas အကြောင်း သိသိသမျှ၊ ရှာဖွေလို့ရသမျှကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ MYMC ပရိသတ်ကြီး

        လည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ စစချင်း Christmas ဘယ်လို ပေါ်ပေါက်လာလဲဆိုတာကို

        အရင်ပြောပြမယ်နော်။


        Christmas ဆိုတာ


        1Christmas ဆိုတာကတော့ Christian တွေရဲ့ ဘုရားသားတော် Jesus ရဲ့မွေးနေ့ကို

        ဂုဏ်ပြုသောအားဖြင့် သူမွေးဖွားခဲ့တဲ့နေ့ရက်ဖြစ်တဲ့ December 25 ရက်နေ့ကို Holiday

        အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ တစ်ချို့တွေကတော့ December 25 ရက်နေ့က

        Jeasus ရဲ့ တကယ့်မွေးနေ့အစစ်မဟုတ်ဘဲ သူမွေးဖွား လာမယ်လို့ နိမိတ်ဖတ်ခဲ့တဲ့နေ့နဲ့

        ၉ လ တိတိကွာတဲ့နေ့ကို သတ်မှတ်ထားတာလို့လည်း ပြောကြပါတယ်။ Christmas က တကယ်တမ်းမှာ Christan တွေနဲ့

        သာ သက်ဆိုင်တဲ့နေ့ဖြစ်ပေမယ့် အခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ Christan မဟုတ်တဲ့သူတွေကပါ Christmas ကို

        ဆင်နွဲနေကြပါပြီ။ ဒီလိုဆင်နွှဲ ကြတဲ့နေရာမှာ လက်ဆောင်ပေးတာတွေ၊ သီချင်းတွေနဲ့ဖျော်ဖြေတာတွေ၊ Greeting Cards

        လေးတွေ လှဲလှယ်တာတွေအပြင် Church တွေမှာလည်း ပွဲလမ်းသဘင်တွေအများကြီး ကျင်းပကြပါသေးတယ်။ ဒါ့အပြင်

        Christmas သစ်ပင်တွေ၊ အလှမီးလုံးတွေ၊ Jeasus မွေးတဲ့အချိန်နဲ့နေရာကို သရုပ်ဖော်ထားတဲ့အရာတွေနဲ့လည်း အလှ

        ဆင်ထားကြပါသေးတယ်။ Saint Nicholas, Father Christmas, Santa Claus လို့ခေါ်ကြတဲ့ ထူးဆန်းတဲ့လူကြီးကလည်း

        ကလေးတွေကိုလက်ဆောင်တွေ ယူဆောင်လာပေးကြပါတယ်။

         

         


        စတင်ပေါ်ပေါက်လာပုံ


        Christmas အကြောင်းကို ပြောတော့မယ်ဆိုရင် Christmas ဘယ်လိုဖြစ်လာတာလဲဆိုတာကို 2အရင်ပြောဖို့လိုပါတယ်။ တကယ်တော့

        Christmas ဟာ Christan တွေအတွက်တော့ နေ့ထူး နေ့မြတ်တစ်ခုပါပဲ။

        သမ္မာကျမ်းစာများရဲ့အဆိုအရ အပြစ်တွေနဲ့ပြည့်နှက်နေတဲ့ လူသားတွေကို

        ကယ်တင်ဖို့အတွက် ကမ္ဘာလောကရဲ့ဖန်ဆင်းရှင် ဘုရားသခင်က သူ့ရဲ့သားတော် ယေရှု

        (Jesus) ကို ဒီကမ္ဘာမြေဆီကို စေလွှတ်လိုက်ပါတယ်။ စေလွှတ်တဲ့နေရာမှာ

        အကျင့်သီလနဲ့ပြည့်စုံတဲ့ အပျိုစင်မာရီ (Mary) ဆီသို့ ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့ကာ

        Jesus ကို ကိုယ်ဝန် လွယ်ထားရကြောင်းကို အသိပေးခဲ့ပါတယ်။ Mary လည်း ဘုရားရဲ့သားတော်ကို ကိုယ်ဝန်

        လွယ်ထားရကြောင်း သိတဲ့အချိန်မှာပဲ သူမနဲ့လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ Joseph နဲ့ လက်ထပ်ပြီးတော့ Jesus

        မမွေးခင်အထိ စင်ကြယ်စွာပဲ နေထိုင်ခဲ့ကြပါတယ်။ Jesus ကိုMary ကိုယ်ဝန်လွယ်ထားကတည်းက

        သူတို့နိုင်ငံရဲ့ အထင်ကရပုရောဟိတ်ကြီး ၃ ပါးက ဒီအကြောင်းကို နိမိတ်ဖတ်နိုင်ခဲ့ကြပါတယ်။ ၉ လပြည့်ု

        လို့ မွေးဖွားမယ့်ရက်ရောက်ချိန်မှာ Joseph နဲ့ Mary တို့ဟာ တိုင်းပြည်ကိုပြန်တဲ့ လမ်းခရီးမှာပဲ ရှိနေပါသေးတယ်။

         

         



        3Jesus ကို မွေးဖွားဖို့အတွက်ကို တည်းခိုခန်းတွေမှာ လိုက်လံစုံစမ်းပေမယ့်လည်း

        အေးချမ်းတဲ့ ဆောင်းရာသီကလည်းဖြစ်ပြန်၊ ခရီးသွားလာသူများတဲ့အချိန်လည်း

        ဖြစ်ပြန်တာကြောင့် ဘယ်အခန်းကိုမှ ငှားရမ်းလို့မရပဲနဲ့ နောက်ဆုံးတော့

        နွားတင်းကုတ်မှာသာ တည်းခိုခဲ့ရပါတယ်။ Jesus ကိုလည်း မွေးဖွားပြီး

        တဲ့အချိန်မှာ နွားစားခွက်ထဲမှာသာ ပုခက်အစားထည့်ပြီး ချော့သိပ်ခဲ့ရပါ

        တယ်။ အဲဒီအချိန်မှာလည်း ပုရောဟိတ် ၃ ပါးဟာ Jesus မွေးဖွားမယ့်အချိန်ကို တွက်ချက်လို့ရတာကြောင့် Jesus ကို

        လိုက်လံ ရှာဖွေကြပါတယ်။ဒါပေမယ့်ဘယ်မှာ ရှာရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲ ကောင်းကင်ယံမှာ ခါတိုင်းနဲ့မတူ

        အရမ်းထွန်းထင်းနေတဲ့ ကြယ်ကြီးတစ်လုံးကို သွားတွေ့ပါတယ်။ပုရောဟိတ် ၃ ပါးလည်း ဒီကြယ်ကြီးက ထူးဆန်း

        တယ်ဆိုပြီး ကြယ်နောက်ကိုလိုက်ပါလာရင်းနဲ့ နောက်ဆုံးမှာတော့ Jesus မွေးဖွားရာ နွားတင်းကုတ်ကို ရောက်ရှိ

        လာကြပါတယ်။ ပုရောဟိတ် ၃ ပါးဟာ Jesus ကို တွေ့တွေ့ချင်းပဲ လူသားတို့ကိုကယ်တင်မယ့် အရှင်သခင်လို့ခေါ်

        ပြီးတော့ ပါလာတဲ့လက်ဆောင်များကို ဆက်သကြပါတယ်။ ဒီလိုနောက်ခံအဖြစ်အပျက်တွေကြောင့် Christmas

        Trees တွေရဲ့ ထိပ်ဆုံးမှာလမ်းပြကြယ်ကို ကိုယ်စားပြုတဲ့ ကြယ်တစ်လုံးအမြဲတမ်း ထားရှိပြီးတော့ သစ်ပင်ရဲ့

        အောက်ခြေမှာတော့ ပုရောဟိတ်၃ ပါးကပေးတဲ့ လက်ဆောင်တွေကို ကိုယ်စားပြုကာ လက်ဆောင်ထုပ်တွေ

        ထားရှိကြပါတယ်။ နောက်ပြီးတော့ Jesus မွေးတဲ့နေရာနဲ့ ပုံစံတူပြင်ဆင်ထားတဲ့ နွားတင်းကုတ်ကိုလည်း ပြုလုပ်

        လေ့ရှိကြပါတယ်။

         

         

        ဒီ Video ကတော့ Jesus မွေးဖွားတဲ့အကြောင်းကို ရှင်းပြထားတဲ့ Clip လေးပါ။

         

        ပျော်ပွဲရွှင်ပွဲများ

         

        Christmas အချိန်အခါမှာ အမြဲတမ်းလုပ်လေ့ရှိတဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ 4မြန်မာနိုင်ငံမှာတော့

        Christian မိသားစုအများစုနဲ့ Church တွေမှာသာ ကျင်းပကြတာများပေမယ့်

        တခြားနိုင်ငံတွေမှာတော့ အကြီးအကျယ်ကို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ မြို့လယ်ခေါင်

        လူစည်ကားရာ နေရာတစ်ချို့နဲ့ အဆောက်အဦးကြီးတွေမှာ အလှမီးလုံးတွေကို

        ပုံဖော်ထွန်းညှိပြီးတော့ ပြိုင်ဆိုင်တာတွေလည်းရှိပါတယ်။ အရမ်းအေးတဲ့နိုင်ငံတွေမှာတော့

        ရေခဲတွေ၊ နှင်းတွေနဲ့ပါ ပုံတွေဖော်ကြပါတယ်။ နောက်ပြီးတော့ Christmas မှာဆိုရင်

        နှစ်ကုန်ပိုင်းလည်းဖြစ်တော့ ဘယ်ပစ္စည်း ကိုမဆို ထက်ဝက်လောက်ကို ဈေးလျှော့ပြီးရောင်းချလေ့ရှိကြပါတယ်။

        အဲဒါကြောင့် Christmas ဆိုရင်တော့ Malls တွေမှာ လူတွေအပြည့်ပါပဲ။ ဒါ့အပြင်လမ်းတစ်လျှောက်မှာလည်း

        Christmas နဲ့ဆိုင်တဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပြီးတော့ ဓါတ်ပုံအတူတူရိုက်ဖို့အတွက်လည်း အဆင်သင့်ရှိ

        နေတဲ့လူတွေ ထုနဲ့ဒေးပါပဲ။ ဈေးဝယ်ထွက်ရင်း၊ လမ်းလျှောက်ရင်းနဲ့ အလှမီးတွေကို ကြည့်လို့ရသလို ဓါတ်ပုံတွေ

        လည်း ရိုက်ကြပါတယ်။

         


        Christmas Choir

         

        5Church တွေမှာတော့ ပျော်ရွှင်စရာဂိမ်းတွေအပြင်ကို ဆုတောင်းပွဲတွေ၊ တရားဟောပွဲတွေလည်း

        ပြုလုပ်ကြပါတယ်။ နောက်အထင်ကရတစ်ခုကတော့ သီချင်းလိုက်ဆိုကြခြင်းပဲဖြစ်ပါတယ်။

        ဘုရား သခင်နဲ့ Jesus ကို ချီးမွမ်းတဲ့သီချင်းတွေကို အုပ်စုလိုက်စီ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့

        လိုက်လံသီဆို ပေးကြပါတယ်။ ဆုတွေလည်း လိုက်တောင်းပေးကြပါတယ်။ သဘောသဘာဝ

        ကတော့ ဒီအချိန်မှသည် ဒီအိမ်ပေါ်သို့၊ ဒီအိမ်ပေါ်ရှိလူများဆီသို့ ကောင်းချီးမင်္ဂလာရောက်စေသတည်း။

        ဘုရားသခင်စောင့်ရှောက်စေသတည်းပေါ့။ ဒီလိုလာဆိုပေးကြတဲ့ အဖွဲ့တွေ၊လူငယ်တွေကိုလည်း အိမ်ရှင်ကဧည့်ခံကျွေးမွေးရပါတယ်။

        ဒါကတော့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။ ဒီလိုသီချင်း လိုက်ဆိုတဲ့နေရာမှာ ပြီးပြီးရောလိုက်ဆိုတာမျိုးမဟုတ်ဘဲ

        တကယ်ကိုစိတ်စေတနာပါပါနဲ့ ဆုတောင်းပေးခြင်း၊ သီဆိုပေးခြင်းတွေကိုတော့ လုပ်ဖို့လိုအပ်ပါတယ်။

         

         

        ဒီ Video ကတော့ Christmas မှာ ဆိုလေ့ရှိတဲ့ Christmas Choir ပါ။ နားဆင်ခံစားကြည့်ပါ။


        Christmas Eve

         

        6Christmas Eve မှာဆိုရင်တော့ မိသားစုလိုက် ထမင်းလက်ဆုံစားကြပါတယ်။

        အနောက်နိုင်ငံတွေမှာက မိသားစုအချင်းချင်းက ပွဲလမ်းသဘင်ရှိမှ ဆုံဖြစ်ကြတာမျိုးပါ။ ဒါကြောင့်

        Christmas Family Dinner ကိုတော့ အားလုံးလိုလိုက လာဖြစ်အောင်လာကြပါတယ်။ Family

        Dinner မှာတော့ မိသားစုအားလုံး ဖွယ်ဖွယ်ရာရာနဲ့  ပျော်ပျော်ရွှင်ရွှင်စားကြပြီး Christmas ကို

        အတူတူဆင်နွှဲလေ့ရှိကြပါတယ်။ အမှတ်တရ Cards လေးတွေလည်း အချင်းချင်းလှဲလှယ်ကြပြီး

        တော့ လက်ဆောင်တွေလည်း အပြန်အလှန် လက်ဆောင်ပေးကြပါတယ်။ Christmas အချိန်အခါမှာဆိုရင်

        ရုပ်မြင်သံကြား လိုင်းပေါင်းစုံကလည်း အထူးအစီအစဉ်အနေနဲ့ Christmas နဲ့ဆိုင်တဲ့ရုပ်ရှင်တွေ၊ သီချင်း

        တွေကိုလည်း အမြဲမပြတ်ထုတ်လွှင့် ပေးနေပါတယ်။ လူသိများတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ချို့ ကတော့

        Miracle on 34th Street, A Christmas Story, Elf, The Nightmare before Christmas

        စတဲ့ရုပ်ရှင်တွေဖြစ်ပါတယ်။

         

        Santa Claus

         

        7Christmas မှာ နောက်ထပ်ထူးဆန်းတဲ့ အရာတစ်ခုကတော့ Santa Claus ဆိုတဲ့ လူထူးလူဆန်း

        ကြီးပဲဖြစ်ပါတယ်။ Santa Claus ဟာ တစ်နှစ်ပတ်လုံးမှာ လိမ္မာတဲ့ကလေးတွေကို

        စာရင်းမှတ်ထားပြီးတော့ Christmas မှာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေ

        လိုက်ပေးလေ့ရှိကြပါတယ်။ ဆိုးတဲ့ကလေး တွေကတော့ ဘာမှမရဘူးပေါ့။ Christmas

        ရောက်ပြီဆိုရင် ကလေးတွေအားလုံးဟာ အိပ်ရာဘေးမှာဖြစ်ဖြစ်၊ မီးလင်းဖိုဘေးမှာဖြစ်ဖြစ် ခြေအိတ်လေး

        တွေကို ချိတ်ဆွဲထားလေ့ရှိပါတယ်။ ညအိပ်ရာဝင်ခါနီးမှာတော့ ကိုယ်လိုချင်တဲ့အရာတွေကို Santa Claus

        က လက်ဆောင်လာပေးပါစေပေါ့။ မနက်မိုးလင်းရင်တော့ သူတို့အတွက် လက်ဆောင်လေးတွေ ခြေအိတ်

        ထဲမှာ ရောက်နေစမြဲပါပဲ။

         

         

        ဒီ Video ကတော့ 1994 တုန်းက ထွက်ခဲ့တဲ့ The Santa Claus ရုပ်ရှင်ဇာတ်ကားပါ။

        နောက်အပိုင်းတွေကိုတော့ Youtube မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

         

         

        ဒီ Video ကတော့ အားလုံးကြိုက်နှစ်သက်ကြမယ့် Mr.Bean ရဲ့ Christmas ဟာသလေးပါ။

         

         

         

        ကဲ.. ဒီလောက်ဆိုရင်တော့ Christmas အကြောင်းကို တော်တော်များများပြောပြီးသွားပြီ ထင်ပါတယ်နော်။ လိုအပ်တာ

        များရှိခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ လူတိုင်းက Christmas ဆိုလို့ Christmas ဆို

        ပြီး လိုက်ပျော်နေတာထက်ကို ဘာကြောင့်လဲဆိုတာ သိပြီးတော့ပျော်ရွှင်ရတာ ပိုအရသာရှိတာပေါ့နော်။ ဒီလို Christmas

        အချိန်မှာ MYMC ပရိသတ်တွေအားလုံးလည်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီတစ်ခေါက် Knowledge

        101 အတွက် Christmas အကြောင်းတင်ဆက်ပြီးသွားပြီဆိုတော့ နောက်တစ်ခေါက်မှာ ဘယ်လိုထူးထူးခြားခြား

        အကြောင်းအရာလေးနဲ့ တင်ဆက်မလဲဆိုတာ စောင့်ကြည့်ရင်းနဲ့ Christmas ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ကြပါစေ။

         

         

        See Ya Next Round!

         

         

        Design | Mahuyar






















        --
        နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


        With Best Regards,

        မီးပြတိုက်
        http://www.mee-pya-tite.com/


        Facebook စာမျက်နှာ
        https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


        Simple Views On My Land
        http://simpleviewsonmyland.blogspot.com/


        Myanmar Social Network
        http://myanmar-social-network.socialgo.com/


        ကွန်ပျူတာနည်းပညာမှတ်စု
        http://mee-pya-tite.blogspot.com/


        ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
        http://mdsng.blogspot.com/
         

        နေ့စဉ် မြန်မာအီးမေးများ
        http://myanmardailymail.blogspot.com/

         
        မြန်မာ Blog များအားလုံး
        http://allmyanmarblogs.blogspot.com/


        မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
         

        နားဆင်စရာ
        http://myl6.blogspot.com/


        ဖတ်စရာ
        http://7comrades.blogspot.com/


        MIET တက္ကသိုလ်ကျောင်းသားများ Forum
        http://mietforum.ning.com/


        နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmar...@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsub...@googlegroups.com သို့ အီးမေးပို့ပါ။
        http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  ad...@mee-pya-tite.com ၊ forall...@gmail.com နှင့် simplev...@googlemail.com များသို့ ဆက်သွယ်ပါ။



        Reply all
        Reply to author
        Forward
        0 new messages