အစ်ကို၊ ညီ၊ နှမ၊ ညီမ၊ အစ်မ ဆိုလိုက်တာနဲ့ ပြောသူနဲ့
ဘယ်လိုတော်တယ်ဆိုတာသိနိုင်ပါတယ်။ (အင်္ဂလိပ်စကားမှာတော့ brother, sister
ပဲရှိတယ်ထင်တယ်။) ကိုယ့်ထက်အကြီး ယောက်ျားလေးဆိုရင် အစ်ကို၊
မိန်းကလေးဆိုရင် အစ်မ။ ယောက်ျားလေးနှစ်ယောက်မှာဆိုရင် ငယ်သူကို ညီ။
ယောက်ျားလေးနဲ့ မိန်းကလေးမှာ ယောက်ျားလေးက အငယ်ဆိုရင် မောင်။
မိန်းကလေးအချင်းချင်းဆိုရင် အစ်မနဲ့ ညီမ။ မိန်းကလေးကအငယ်
ယောက်ျားလေးကအကြီးဆိုရင် အစ်ကိုနဲ့ နှမ တော်ပါတယ်။ အစ်မနဲ့ညီမ၊
အစ်ကိုနဲ့နှမ တော်စပ်ပုံပဲရှိပါတယ်။ ဒီဘက်ခေတ်မှာတော့ နှမဆိုတဲ့
အသုံးလေးက ပျောက်သလောက်ရှိပါပြီ။ အစ်မနဲ့လည်းညီမ၊ အစ်ကိုနဲ့လည်းညီမ
လို့ပဲ သုံးနှုန်းကြပါတော့တယ်။ တကယ်တမ်းတော့ ညီမဆိုတာ မိန်းကလေးချင်း
တော်စပ်မှု အသုံးစကားပါ။
မိမိမိဘများထက် ကြီးသူလား၊ ငယ်သူလား၊ အဖေဘက်ကအမျိုးလား၊ အမေဘက်ကတော်တာလား
ဆိုတာလည်း အခေါ်အဝေါ်ကြည့်ရုံနဲ့ သိနိုင်တဲ့ အသုံးအနှုန်းတွေရှိပါတယ်။
အဖေ့ရဲ့အစ်ကိုဆိုရင် ဘကြီး၊ အမေ့ရဲ့အစ်ကိုဖြစ်ရင် ဦးကြီး၊ အဖေ့ညီက
ဘထွေး၊ အမေ့မောင်က ဦးလေး၊ အဖေ့အစ်မဆိုရင် အရီးကြီး၊ နှမဆိုရင် အရီးလေး၊
အမေ့အစ်မဆိုရင်တော့ ကြီးတော်၊ ညီမဆိုရင် ဒွေးလေး
စသည်ဖြင့်တော်စပ်ကြပါတယ်။ ခုခေတ်မှာတော့ အမေ့ဘက်ရော၊ အဖေ့ဘက်ရော၊
အဆင်ပြေသလိုခေါ်နေကြတော့တာပါပဲ။ အန်တီ၊ အန်ကယ်ဆိုတဲ့ အခေါ်တွေက
ပိုတောင်များလာပါသေးတယ်။
ကျွန်မဒီစာကိုရေးတဲ့ ရည်ရွယ်ချက်က မြန်မာစကားထဲက
မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ တော်စပ်ပုံလေးတွေကို
အမှတ်ရစေချင်ရုံသက်သက်ပါ။ စာရေးဆရာ၊ ဒါရိုက်တာ ကြည်စိုးထွန်းရဲ့
မောင်ကျောက်ခဲဆောင်းပါးတွေ စုစည်းထားတဲ့စာအုပ်ထဲက အန္တာရယ်မောင်ကျောက်ခဲ
ကိုဖတ်ရာက ဒီလိုတော်စပ်ပုံတွေကို အမှတ်ရမိပြီး၊ အားလုံးကိုလည်း ဒါက
ဒီလိုလေးရှိပါလား ဆိုတာ မှတ်မိနေစေချင်လို့ ဝေမျှခြင်းသာဖြစ်ပါတယ်။
ဒီလိုရှိလို့ ဒီလိုပြင်ခေါ်ရမယ် လို့ဆရာလုပ်ခြင်းမဟုတ်ပါ။
လူထုစိန်ဝင်းရေးသားတဲ့ နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့မြန်မာစကား
စာအုပ်ကိုဖတ်ရင်လည်း ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့
မြန်မာအရပ်သုံးစကားတွေကို သိနိုင်ပါတယ်။
တစ်ချိုးစကားလုံးတွေက သုံးနေကြ မဟုတ်တော့လို့ သုံးရမှာ တော်တော်လေးကို
ခက်နေပြီနော်။
ဥပမာ....နှမ ဆိုတာကို သုံးဖို့ လွယ်တော့မယ် မထင်ဘူး။
ကြားရတာကိုက တမျိုးကြီးဖြစ်နေပြီလို့ ထင်တယ်။
တချို့နေရာတွေမှာ သုံးနေသေးရင် သုံးနေသေးနိုင်ပေမယ့် မြို့ပြလူမှုမှာတော့
သိပ်မသုံးကြတော့ဘူးနော်။
အခုက Global ခေတ်ဆိုတော့ နိုင်ငံတကာမှာလည်း ဒေသသုံး စကားလုံး အချို
့နေရာမှာ အဆင်ပြေတဲ့
ပြောရလွယ်တဲ့ စကားလုံးတွေကို သုံးနေကြပြီ။
ဘာသာစကားမျိုးစုံ လေ့လာနေတဲ့သူတွေဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ
သုံးနှုန်းတဲ့ စကားလုံးတွေက အဲဒီဘာသာ စကားတွေရဲ့  လွှမ်းမိုးမှုကို
ခံရပြီး လူမျိုးခြားစကားတွေကို ပိုမိုသုံးဖြစ်လာနိုင်တယ်။
ဒါကလည်း တိုးတက်တဲ့နိုင်ငံတိုင်းမှာ ဖြစ်နေကြ Case တွေပါပဲ။ ကမ္ဘာမှာကို
အထူးအဆန်းမဟုတ်တော့ပါဘူး။
ကမ္ဘာဦးအစကတည်းက မတူတဲ့ လူမျိုးစကားတွေက အသုံးအနှုန်းတွေကို
မွေးစားသုံးဆွဲခဲ့ကြတာ အစဉ်အလာကို ဖြစ်နေပါပြီ။
စကားလုံးတွေဆိုတာက လူအချင်းချင်း ဆက်သွယ်ရာမှာ သုံးနှုန်းတဲ့ Tool တစ်ခု
ဖြစ်တာမို့ လူသားတွေက အဆင်ပြေသလို သုံးဆွဲကြတာ ဓမ္မတာ လိုဖြစ်နေတာပါ။
လူတွေအတွက် အဆင်ပြေဖို့က အရေးကြီးတယ် မဟုတ်လား။
မြန်မာလူမျိုးတွေကလည်း ခေတ်မှီတဲ့ သူတွေဆိုတော့ ဒီလိုပဲ သင့်တင့်
အဆင်ပြေရာကို သုံးနေကြတာပါ။
ဘာပဲပြောပြော ကိုယ့်နိုင်ငံဘာသာ စကားရဲ့  အကြောင်းလေးတွေကို သိထားရင်တော့
အဆင်ပြေတာပေါ့။
လေးစားစွာဖြင့်
kg