ကျောက်ဆည်ဆင်ပွဲတော် (ဆောင်းပါး 2 of 2)

55 views
Skip to first unread message

Thaung Naing Oo

unread,
Oct 20, 2016, 7:45:42 AM10/20/16
to travelmyanmar

ကျောက်ဆည်ဆင်ပွဲတော် (ဆောင်းပါး 2 of 2)

          မကြာမီ မြန်မာပြည်မှာ တစ်ခုတည်းသာရှိသော အညာရိုးရာပွဲတော်တစ်ခုဖြစ်သည့် ကျောက်ဆည်ဆင်ပွဲတော် ကျင်းပတော့မည်ဖြစ်သည်။ အချို့ခရီးသွားကုမ္မဏီများလည်း ဆင်ပွဲတော်ကြည့်ရန် ဧည့်သည်တော်များကို လက်ခံထားပြီ ဖြစ်သည်။ ဧည့်လမ်းညွှန်များ ကျောက်ဆည်ဆင်ပွဲတော် သွားရောက်လေ့လာနိုင်ရန် အသိပေးခြင်းနှင့် ကျောက်ဆည်ဆင်ပွဲတော်အကြောင်း တစ်စေ့တစ်စောင်း သိရှိနိုင်ပါရန် ထပ်မံ ပေးပို့လိုက်ပါသည်။

သတိပြုရန်

* အညာနွေ၏ နောက်ဆုံးနှုတ်ဆက်အပူဖြစ်သဖြင့် ထီးယူသွားပါ။ (သို့) ဦးထုပ် ယူသွားပါ။

* ချွေးသုတ်ပုဝါယူသွားပါ။

* သောက်ရေသန့်ဗူးများ ယူသွားပါ။

* အလွန်စည်ကားသဖြင့် နေ့လည်စာအတွက် စားသောက်ဆိုင်များ ပြည့်ကြပ်နေသဖြင့် မှာထားသောအစားအစာများ တော်တော်နဲ့ ရောက်မလာတတ်ပါ။ ထို့အပြင် သန့်ရှင်းမှု အားနည်းသွားပါလိမ့်မည်။ ဧည့်သည်တော်များအတွက် နေ့လည်စာ ကြိုတင်စဉ်းစားပါ။

* (ဆင်အကပြိုင်ပွဲကို အရင်သွားကြည့်ပါ။) ကျောက်ဆည်မြို့၊ မြိုလယ်တွင် မော်တော်ကားရပ်စောင့်စေပြီး၊ ထိုမှကျောက်ဆည်ဈေးဘက်(အရှေ့ဘက်ရေမြောင်းကျော်၍)သို့ ခြေလျင်လျှောက်ပါ။ ဈေးတန်းကိုလေ့လာပါ။ လမ်းထိပ်ရောက်ပါက ညာဘက်(တောင်ဘက်)သို့ချိုးကွေ့လိုက်သွားလျင် ဆင်အကပြိုင်ကွင်းကို ရောက်ပါသည်။

* ၁နာရီ(သို့) ၁း၃၀နာရီခွဲသာ အချိန်ပေးပါ။ ပြန်လည်ဆုံတွေ့မည့်အချိန်နှင့် နေရာကို အသေအချာပြောပါ။ ဓါတ်ပုံရိုက်လိုက် ဗွီဒီယိုရိုက်လိုက်ဖြင့် လူကွဲသွားတတ်ပါသည်။ ဖြစ်နိုင်ပါက ပြန်ဆုံတွေ့ချိန်တွင် အလံထောင်ပြပေးပါ။ ဧည့်သည်များကို တယ်လီဖုန်း ပေးထားလျင်ပိုကောင်းပါသည်။ အထူးသတိပြုရန်မှာ ဧည့်သည်က အပေါ့အပါးသွားချင်သည့်ကိစ္စဖြစ်သည်။

* ဆင်အကပြိုင်ပွဲကြည့်ပြီးပါ ကျောက်ဆည်တောင်ပေါ်၊ တမုတ်ရွှေဂူကြီးဘုရား(သုံးထပ်ဘုရား)၊ ရှင်ပင်ဆပ်သွားဘုရား(ငါးထပ်ဘုရား)၊ နောက်ဆုံးမှ ရွှေသိမ်တော်မြတ်စွာဘုရားတို့သို့ ဝင်ရောက်လေ့လာ သင့်ပါသည်။

 

 

ကျောက်ဆည်ဆင်လှူပွဲတော် နှင့် ရွှေသိမ်တော်မြတ်စွာဘုရား (ဆောင်းပါး 2 of 2)

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

(၂၀၁၃ ခုနှစ်၊ အောင်တိုဘာလထုတ် မန္တလေးနေ့စဉ် သတင်းစာအတိုင်း ပြန်လည်ဝေငှပါသည်။)

 

“ တူနွှဲစို့နော် ဆင်ပွဲတော် ”

လာစေချင်သည် ညာမြေဆီသို့

ရာသီချိန်ထောက် သည်တစ်ခေါက်ဖြင့်

အရောက်ပို့မှာရွှေဆည်သာနှင့်

ရိုးရာမပျက် အစဉ်ဆက်က

ဆက်လက်ထိန်းမြဲဆင်လှူပွဲတော်

တူနွှဲပျော်ဖို့ ဖိတ်ခေါ်ချင်သည်

သွေးချင်းညီဖွား မြန်ပြည်သားတို့။

 

ကျောက်ဆည်ဆင်လှူပွဲတော်

          ကျောက်ဆည်ဆင်လှူပွဲတော်ကို နှစ်စဉ်လိုလိုရောက်ဖြစ်သည်။ သီတင်းလည်းကျွတ် မိုးလည်းကျွတ်ခါနီးချိန်မို့၊ အညာမြေရဲ့ နောက်ဆုံးနှုတ်ဆက်အပူကိုဘယ်သူမမှုအန်ပြိုင်တုကာ တောရွာမြို့မကျန် အတန်တန်ဖြင့် ကားနဲ့တစ်မျိုးဆိုင်ကယ်တစ်ဖုံလူမျိုးစုံတို့ ၀င်လာမဆဲ တစ်ဖွဲဖွဲနဲ့ဆင်လှူပွဲကတော့ အတော့ကိုစည်ကားလှသည်။

          “ဆင်လှူပွဲအစကျောက်ဆည်က”ဟုဆိုရလောက်အောင်ပင် ဘုရားအားဆင်လှူသော ရိုးရာဓလေ့သည် ကျောက်ဆည်မြို့မှ စတင်သည်ဟုဆိုနိုင်ပြီး၊ ကျောက်ဆည်မြို့တွင် အနော်ရထာမင်းစော၏ ကောင်းမှုတော် ဆည်တော်နံဘုရားအားဆင်ရုပ်လှူဒါန်းသည့်ဓလေ့မှာ ကာလရှည်ကြာစွာကပင် ကျင်းပလာခဲ့သည့် အညာရိုးရာပွဲတော်တစ်ခုဖြစ်ကြောင်း မှတ်ယူနိုင်သည်။

          ဆင်ပြိုင်ပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄) ရက် (အဖိတ်နေ့) နံနက် (၉) နာရီခန့် တွင် စတင်ကျင်းပလေ့ရှိသည်။ ထို့ကြောင့် ဆင်အကနှင့် ဆင်ပြိုင်ပွဲများကို ကြည့်ရှုလေ့လာ လိုသူများလဆန်း(၁၄)ရက်(အဖိတ်နေ့)တွင် သွားရောက်ပါရန် အထူးသတိပေးလိုပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်ပွဲတော်များသည် များသောအားဖြင့် လပြည့်နေ့တွင် ကျင်းပသည်ဟူသောအစွဲဖြင့် ရက်မှား၍သွားရောက်ကြကာဆင်ပွဲနှင့်လွဲခဲ့ရသူများတွေ့မြင် ကြားသိနေရသောကြာင့်ဖြစ်သည်။ လပြည့်နေ့မှာတော့ ယမန်နေ့ကဆင်ပြိုင်ပွဲတွင် ဆုရသော အဖွဲ့ကဦးဆောင်ပြီး ရွေသာလျောင်းတောင်ဘုရားသို့ တက်ရောက်ကြကာ ဆင်လှူဒါန်း ပွဲတော်ကိုကျင်းပသည်။

          ဆင်လှူပွဲတော်ရက်မတိုင်မီ တစ်လကျော်ကတည်းက ပြိုင်ပွဲဝင်ဆင်အဖွဲ့များသည် အဆို၊ အက၊ အတီးများဇာတ်တိုက်လေ့ကျင့်ခြင်း၊ ပြိုင်ပွဲဝင်ဆင် (သို့) ရိုးရိုးအကဆင်များ ပြင်ဆင်မွမ်းမံပြုလုပ်ခြင်းတို့ ဆောင်ရွက်ကြရသည်။ ထို့နောက် နီးစပ်ရာအနယ်နယ်အရပ်ရပ် သို့ သွားရောက်ကာကပြအသုံးတော်ခံ၍ ဘုရားအားလှူဒါန်းရန် အလှူခံထွက်ခြင်းတို့လည်း ပြုလုပ်ကြသေးသည်။ ပြိုင်ပွဲရက်တွင် ဦးစွာတောင်ခြေရင်းရှိကျောက်ဆည်ဈေးကို မဖြစ်မနေ သုံးပတ်ပတ်ရသည်။ သုံးပတ်မပြည့်လျှင် ဆက်လက်ကပြခွင့်မပြုကြောင်းပွဲတော်ကြီးကြပ်ရေး ကော်မတီက စည်းကမ်းသတ်မှတ်ထားသည်ဟု ဆိုပါသည်။ ကျောက်ဆည်ဈေးကို ပတ်ရခြင်းမှာလည်းယခင်ကယခုဈေးတည်ရှိရာမြေသည် ရွှေသာလျှောင်းဘုရား၏ ၀တ္တကမြေ ဖြစ်သောကြောင့်ဟုဆိုပါသည်။        

          ရှေးဟောင်းစာပေများအရကုန်းဘောင်ခေတ် ဘိုးတော်ဘုရား (၁၁၄၃ - ၁၁၈၁) လက် ထက် ကောက်ယူသည့် စစ်တမ်းများအနက် ပြောင်းပြာဆည်စစ်တမ်းတွင် ဆည်ကြီးငကော်၊ အိုးစားကြီးငကျော်တို့က (၁၁၄၅) ခုနှစ်၊ ၀ါဆိုလဆန်း (၁၀) ရက်နေ့တွင် “ဆည်တော်နံ ရှင်ပင်ပွင့်လန်းဘုရားမှာ နှစ်စဉ်ကဆုန်လကိုအလှူအတန်း၊ မီးပန်း၊ မီးပျံပွဲလမ်းသဘင်၊ ဆင်ဖြူရုပ်ပဒေသာပြာသာဒ်၊ ထီးတံခွန်၊ ကျေးရွာသားတို့ကိုဆင်ကြီးအိုးစားတို့က နှိုးဆော်၍ လှူဒါန်းပူဇော်ကြပါသည်” ဟုအစစ်ခံခဲ့သည်။

          တဖန် ဆရာအိုပြုစုသည့် ကိုးခရိုင်သမိုင်းတော် အတ္ထုပ္ပါတ္တိ (၁၉၂၅)ခုတွင်- “သာလျောင်းတောင်ပေါ်၌ တပေါင်းလဘုရားပွဲတော်ပြုလုပ်စေခြင်း၊ သီတင်းကျွတ်လအခါ၌ ရွှေဆင်၊ ငွေဆင် စသောဆင်တစ်ဆယ်မျိုးတို့၏ အရုပ်ကိုလှူဒါန်းခြင်း” ဟု ပြဆိုထားသည်။

          ရှေးအခါကဆင်ရုပ်မုန့်တို့ဖြင့် ဘုရားအားဆွမ်းတော်ကပ်လှူခဲ့ကြသည်။ ကာဠာဝက၊ ဂင်္ဂေယျ၊ ပဏ္ဌာရ၊ တမ္ပ၊ သိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန် စသည့် ဆင် (၁၀) မျိုးကိုမုန့်ပြုလုပ်၍ ပန်းကန်ပြားတွင်ထဲ့ကာရွှေသာလျောင်းမြတ်စွာဘုရား၏ မုခ်လေးမုခ်တွင် သတ်မှတ်ထားသည့် ဆင်အမျိုးအစားအတိုင်းသတင်းကျွတ်လဆန်း (၁၄)ရက်နေ့၌  လှူဒါန်း ပူဇော်၍ ဆွမ်းတော်ကြီးကပ် ဘုရားဝပ်တက်ကြသည်။ လပြည့်နေ့မှာဆွမ်းတော်တင်ပြီးသည့် ဆင်ရုပ်မုန့်များကိုတောင်ပေါ်မှတောင်အောက်သို့ ပစ်ချလေ့ရှိသည်။ နောက်ပိုင်းတွင် ဆင်ရုပ်မုန့်အစားရွှံ့များဖြင့်ပြုလုပ်ကာရွှေရောင်ငွေရောင်စက္ကူများကပ်ပြီး လှူဒါန်းလာကြ သည်။ တဖန်ဝါး၊ စက္ကူတို့ဖြင့် ချိုးလုပ်သည့် ဆင်ရုပ်ငယ်ကိုထမ်းဆင်ပေါ်သို့တင်၍ လူနှစ်ယောက်ထမ်းပြီး တောင်ပေါ်တက်လှူဒါန်းခဲ့ကြပြန်သည်။  နောက်ပိုင်းတွင် ထမ်းစင် ပေါ်တွင်ပြာသာဒ်ငယ်များပြုလုပ်ပြီး၎င်းအထဲတွင် ဆင်ထဲ့၍လည်းကောင်း၊ ထမ်းစင်တွင် ဖြူနီပြာဝါအလံများစိုက်ကာ ဆင်ကိုမတ်တတ်ပုံ၊ ၀ပ်နေပုံတို့ကိုတင်၍လည်းကောင်း၊ အချို့က အတွင်းမှကြိုးထဲ့ကာခေါင်းလှုပ်၍ရအောင် အဆင့်ဆင့်ပြောင်းလဲ၍ တီထွင်ဖန်တီးခဲ့ကြသည် ဟုဆိုသည်။

          ထို့နောက်ပိုင်းတွင် ထမ်းစင်ပေါ်တင်၍ တောင်ပေါ်တက်ရာတွင် အခက်အခဲများ ပေါ်လာသောကြောင့် တောင်လတ်ဆရာတော် ဦးပဒုမက တောင်တက်လမ်းတစ်လျှောက်တွင်  သံတိုင်သွပ်မိုးစောင်းတန်းများ ဆောက်လုပ်ခဲ့ရာ ၁၉၂၅ တွင် စောင်းတန်းပြီးခဲ့သည်။ ထိုစောင်း တန်းသွပ်မိုးများကြောင့်ပင် ထမ်းစင်များဆင်ရုပ်တင်၍ တောင်ပေါ်တက်လှူရန် အခက် အခဲဖြစ်လာဟန်ရှိခဲ့သည်။ ထိုအခါ ကျောက်ဆည်နယ်၏ ပထမဦးဆုံး ဆင်ရုပ်ချိုး တီထွင်ပညာရှင်ဖြစ်သော ဆရာငယ်ကြီးက ထမ်းစင်ပေါ်တင်သည့်ဆင်အစား  လူဝင်၍ကရသည့် မြေနင်းဆင်ရုပ်တစ်ရုပ်ကိုတီထွင်ချိုးလိုက်သည်မှစတင်ကာ တစ်စတစ်စ ထမ်းစင်များပျောက် ကွယ်ခဲ့ပြီး၊ ယနေ့ဆင်ပွဲတွင် တွေ့မြင်ရသောဆင်ရုပ်များ ပေါ်ထွက်လာခဲ့တော့ သည်ဟုဆိုသည်။

          ဆင်ရုပ်ကို စွန်းဦးတီထွင်သူ ဆရာငယ်ကြီးသည် (၁၂၃၈)ခုနှစ်ကစတင်ခဲ့ပြီး၊ ထိုပညာကို ပခုက္ကူဘက်မှာဘုန်းကြီးများထံမှ ရခဲ့ကြောင်းဆိုပါသည်။ ဆရာက်ငယ်ကြီးသည် ပန်းချီပညာ အတော်ကျွမ်းကျင်ပြီး၊ မဏ္ဍပ်ငှားသောအလုပ်ဖြင့် အသက်မွေးခဲ့သည်။ ဆရာကြီးသည် ဆင်ချိုးပညာသာမက ကျားရုပ်၊ ကိန္နရာရုပ်၊ ဗန္ဓုလရုပ်၊ ဗြဟ္မာရုပ်၊ ကျွဲရုပ်စသော ရုပ်လုံးရုပ်ကြွများကိုလည်း ချိုးတတ်ကြောင်းသိရသည်။ ဆင်ရုပ်ချိုးသည့်အခါတွင် ခေါင်းကို နိုင်ရသည်။ ဦးကင်း၊ မုန်ဘု၊ နှာမောင်း သူ့နေရာနှင့်သူ အချိုးအစားကျဖို့လိုသည်။ ခေါင်းချိုး ကောင်းမှ ဆင်ချိုးကောင်းသည်ဟု ဆိုကြသည်။ ဆရာငယ်ကြီးသည် (၅၉)နှစ်လုံးလုံး ဆင်ရုပ်ချိုးခဲ့ပြီး (၁၂၉၁)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်ဟု ဆိုသည်။ ကွယ်လွန်သွားပြီးနောက် ဆရာငယ်ကြီးထံမှ တပည့်ကျော်များက ပညာယူလိုက်ကြပြီး အဆင့်ဆင့် ထိန်းသိမ်းမွမ်း မံပြင်ဆင်လာခဲ့သူများ၏ကျေးဇူးကြောင့် ကျောက်ဆည်ဆင်ရုပ်ချိုးပညာသည် ပျောက် ကွယ်မသွားခဲ့ဘဲ ယနေ့တိုင်မြန်မာတို့၏ ရိုးရာပညာအမွေတစ်ခုအဖြစ် ခိုင်မြဲစွာ တည်ရှိနေပါသည်။

          ဆရာငယ်ကြီးခေတ်က ၀ပ်ဆင်၊ မြေနင်းဆင်၊ ထမ်းဆင် ဟူ၍ရှိခဲ့သည်ဟု မှတ်သားရပြီး၊ ယခုအခါမှာတော့ ရွှေချည်ထိုး၊ ဘော်ကြယ်စသည် အဆင်တန်ဆာများမွမ်းမံတီထွင် ဖန်တီးလာခဲ့ကြရာ ရိုးရာဆင်၊ ဘော်ကြယ်ဆင်၊ ကလေးဆင်စသည် ပြိုင်ပွဲဝင်အကဆင်များအထိ တိုးတက်လာခဲ့ပြီဖြစ်ပါသည်။ ထိုမှ မြန်မာ့ရိုးရာ အလှဆင်အကဆင်များ မြန်ပြည်အနှံ့သို့ ပျံ့ပွားသွားတော့သည်။

 

ကျောက်ဆည်ရွှေသိမ်တော်မြတ်စွာဘုရား

          ကျောက်ဆည်သို့သွားလျှင် ရွှေသိမ်တော်မြတ်စွာဘုရားသို့ မဖြစ်မနေ ၀င်ရောက် ဖူးမြော်လေ့ရှိကြသည်။ မန္တလေးမှ ကျောက်ဆည်ဘက်သို့ ရန်ကုန်-မန္တလေးလမ်းမကြီး လမ်းဟောင်းအတိုင်း ထွက်လာခဲ့ပါက ကျောက်ဆည်မရောက်မီ သင်တောင်းရွာအနီး ရွှေတောင်ထီးတောင်ကို စေတီပုထိုးများဖြင့် လှမ်းမြင်ရမည်။ ထိုတောင်ခြေ၌ ပုဂံခေတ်  အနော်ရထာမင်းကြီး တည်ထားခဲ့သော ရွှေသိမ်တော်မြတ်စွာဘုရား တည်ရှိသည်။ မန္တလေး အပါအ၀င် အထက်မြန်မာပြည်မှ ဘုရားဖူးများသည် နေ့စဉ်နှင့်အမျှ သွားရောက် ဖူးမြော်နေကြသည်။ အထူးသဖြင့် အဓိဌာန်အောင်သည်ဟု ယုံကြည်ကြသဖြင့် မိမိတို့၏ လုပ်ငန်းအ၀၀ အောင်မြင်ကြစေရန် ကန်တော့ပွဲထိုးကာ အဓိဌာန်ပြုဆုတောင်းသူများ၊ အဓိဌာန်ပုတီးစိပ်၍ လိုရာဆုတောင်းသူများ များပြားလှသည်။

          အနော်ရထာမင်းကြီးသည် နိုင်ငံအတွင်းလှည့်လည်ရာ ရောက်လေရာအရပ်တို့၌ ပုထိုး၊ ဂူ၊ ကျောင်း၊ ဆည်မြောင်း၊ ကန်၊ ချောင်းတို့ကို တည်ထောင်ပြုစုတော်မူခဲ့သည်။ ကျောက်ဆည် နယ်တွင် ကယွတ်တောင်ထက်မှကျသောရေကိုဆည်၍ လယ်များရေသောက်နိုင်ရန် ပန်းလောင်မြစ်နားတွင် ကင်းတားတစ်ဆည်၊ ငနိုင်သေဉ်တစ်ဆည်၊ ပြောင်းပြာတစ်ဆည်၊ ဂူမည်းတစ်ဆည် ဤလေးဆည်ကို စစ်သည်ခုနှစ်ကုဋေနှစ်သန်းနှင့်တကွ ဆည်တော်မူ၏ ဟု မှန်နန်းရာဇ၀င်တော်ကြီးတွင် ဆိုထားပါသည်။

          ၎င်းအပြင် အနော်ရထာမင်းကြီးသည် ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံ၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်း၊ တမုဆိုး၊ ခံလူးစသည့် ကျောက်ဆည်လယ်တွင်း တစ်ဆယ့်တစ်ရွာ (ထိုအချိန်ကရွာကိုခရိုင်ဟုလည်းခေါ်သည်)တို့နှင့်အတူ ဂူဘုရား တစ်ဆယ့်တစ်ဆူနှင့် ဘုန်းတော်ကြီးကျောင်းများကိုလည်း ပြုစုတည်ထားတော်မူသည်။ အဆိုပါ တစ်ဆယ့်တစ်ရွာစာရင်းဝင်ဖြစ်သော သင်တောင်းရွာအနီး၌ မင်းကြီးနှင့်အတူ ပုဂံခေတ်ထေရ၀ါဒဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေခဲ့သူ ရှင်ဓမ္မဒဿီ (ခေါ်) ရှင်အရဟံ မထေရ်တို့က သိမ်တော်(ယခုရွှေသိမ်တော်)နှင့်တကွ စေတီငယ်ကိုလည်း တည်ထားကိုယ်းကွယ်ခဲ့သည်။

ရွှေသိမ်တော်မြတ်စွာဘုရားစေတီတော်မှာ အနော်ရထာမင်းကြီးတည်ထားစဉ်က ဥာဏ်တော်ကိုးတောင်မျှသာရှိခဲ့ရာမှ ရွာသူရွာသားများက ဥာဏ်တော်ကိုးတောင်ကိုငုံကာ ဥာဏ်တော် (၁၃)တောင်ကိုလည်းကောင်း၊ (၁၃၅၆)ခုနှစ်တွင် ဥာဏ်တော်(၃၄)တောင် ကိုလည်းကောင်း တိုးမြှင့်တည်ဆောက်၍ ကိုယ်းကွယ်ခဲ့ကြသည်။ ရွှေသိမ်တော်မြတ်စွာဘုရားသည် ရှေးယခင်က တရားရုံးသဖွယ်လည်းဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ တရားပြိုင်များကို ဘုရားသို့ခေါ်လာပြီး ဘုရားဂေါပကများက ဖရောင်းတိုင်ထွန်း၍လည်းကောင်း၊ ပန်းတင်၍လည်းကောင်း၊ သစ္စာရေတိုက်၍လည်းကောင်း အဆုံးအဖြတ်ပေးခဲ့သည်ဟု ပြောဆိုမှတ်သားခဲ့ကြသည်။         

ရွှေသိမ်တော်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်မှာ ၀ါဆိုလပြည့်ကျော်(၁)ရက်၊ ကဆုန်လပြည့်၊ တန်ဆောင်မုန်းလ၊ တပို့တွဲလပြည့် စသည် တစ်နှစ်လျှင် လေးကြိမ်ကျင်းပကြောင်း သိရသည်။ ရောက်ဖူးသူရောမရောက်ဖူးသေးသူများ တိုင်းရင်း နွယ်ဖွားအားလုံးတို့အား ချစ်စရာ့အညာရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည့် ကျောက်ဆည်ဆင်လှူပွဲတော်ကို လှည့်လည်ကြည့်ရှုရင်း ရွှေသိမ်တော်မြတ်စွာဘုရားကိုလည်း  ဖူးမြှော်ကြည်ညိုနိုင်ကြစေရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

(7.9.2013)

DSCN3336.JPG
DSCN3345.JPG
DSCN3346.JPG
DSCN3347.JPG
DSCN3348.JPG
DSCN3349.JPG
01(B) Kyaukse Sinpwe(News Paper).docx
DSCN3337.JPG
DSCN3338.JPG
DSCN3339.JPG
DSCN3340.JPG
DSCN3341.JPG
DSCN3342.JPG
DSCN3343.JPG
DSCN3344.JPG
Reply all
Reply to author
Forward
0 new messages