ကျောက်ဆည်ဆင်ပွဲ (ဆောင်းပါး 1 of 2)

35 views
Skip to first unread message

Thaung Naing Oo

unread,
Oct 20, 2016, 7:45:40 AM10/20/16
to travelmyanmar

ကျောက်ဆည်ဆင်ပွဲ (ဆောင်းပါး 1 of 2)

          မကြာမီ မြန်မာပြည်မှာ တစ်ခုတည်းသာရှိသော အညာရိုးရာပွဲတော်တစ်ခုဖြစ်သည့် ကျောက်ဆည်ဆင်ပွဲတော် ကျင်းပတော့မည်ဖြစ်သည်။ အချို့ခရီးသွားကုမ္မဏီများလည်း ဆင်ပွဲတော်ကြည့်ရန် ဧည့်သည်တော်များကို လက်ခံထားပြီ ဖြစ်သည်။ ဧည့်လမ်းညွှန်များ ကျောက်ဆည်ဆင်ပွဲတော် သွားရောက်လေ့လာနိုင်ရန် အသိပေးခြင်းနှင့် ကျောက်ဆည်ဆင်ပွဲတော်အကြောင်း တစ်စေ့တစ်စောင်း သိရှိနိုင်ပါရန် ထပ်မံ ပေးပို့လိုက်ပါသည်။

သတိပြုရန်

* အညာနွေ၏ နောက်ဆုံးနှုတ်ဆက်အပူဖြစ်သဖြင့် ထီးယူသွားပါ။ (သို့) ဦးထုပ် ယူသွားပါ။

* ချွေးသုတ်ပုဝါယူသွားပါ။

* သောက်ရေသန့်ဗူးများ ယူသွားပါ။

* အလွန်စည်ကားသဖြင့် နေ့လည်စာအတွက် စားသောက်ဆိုင်များ ပြည့်ကြပ်နေသဖြင့် မှာထားသောအစားအစာများ တော်တော်နဲ့ ရောက်မလာတတ်ပါ။ ထို့အပြင် သန့်ရှင်းမှု အားနည်းသွားပါလိမ့်မည်။ ဧည့်သည်တော်များအတွက် နေ့လည်စာ ကြိုတင်စဉ်းစားပါ။

* (ဆင်အကပြိုင်ပွဲကို အရင်သွားကြည့်ပါ။) ကျောက်ဆည်မြို့၊ မြိုလယ်တွင် မော်တော်ကားရပ်စောင့်စေပြီး၊ ထိုမှကျောက်ဆည်ဈေးဘက်(အရှေ့ဘက်ရေမြောင်းကျော်၍)သို့ ခြေလျင်လျှောက်ပါ။ ဈေးတန်းကိုလေ့လာပါ။ လမ်းထိပ်ရောက်ပါက ညာဘက်(တောင်ဘက်)သို့ချိုးကွေ့လိုက်သွားလျင် ဆင်အကပြိုင်ကွင်းကို ရောက်ပါသည်။

* ၁နာရီ(သို့) ၁း၃၀နာရီခွဲသာ အချိန်ပေးပါ။ ပြန်လည်ဆုံတွေ့မည့်အချိန်နှင့် နေရာကို အသေအချာပြောပါ။ ဓါတ်ပုံရိုက်လိုက် ဗွီဒီယိုရိုက်လိုက်ဖြင့် လူကွဲသွားတတ်ပါသည်။ ဖြစ်နိုင်ပါက ပြန်ဆုံတွေ့ချိန်တွင် အလံထောင်ပြပေးပါ။ ဧည့်သည်များကို တယ်လီဖုန်း ပေးထားလျင်ပိုကောင်းပါသည်။ အထူးသတိပြုရန်မှာ ဧည့်သည်က အပေါ့အပါးသွားချင်သည့်ကိစ္စဖြစ်သည်။

* ဆင်အကပြိုင်ပွဲကြည့်ပြီးပါ ကျောက်ဆည်တောင်ပေါ်၊ တမုတ်ရွှေဂူကြီးဘုရား(သုံးထပ်ဘုရား)၊ ရှင်ပင်ဆပ်သွားဘုရား(ငါးထပ်ဘုရား)၊ နောက်ဆုံးမှ ရွှေသိမ်တော်မြတ်စွာဘုရားတို့သို့  ဝင်ရောက်လေ့လာ သင့်ပါသည်။

 

ကျောက်ဆည်ဆင်ပွဲ

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

(၂၅.၁၀.၂၀၁၂ ရက်နေ့ထုတ် ရတနာပုံ နေ့စဉ်သတင်းစာအတိုင်း ပြန်လည်ဝေငှပါသည်။)

 

ယမန်နှစ် သီတင်းကျွတ်လပြည့် (အဖိတ်နေ့)က ကမ္ဘာလှည့်ခရီးသည် ဂျပန်လူမျိုးတစ်ဦး၏ တောင်းဆိုချက်အရ ပို့ဆောင်ပေးရင်း ကျောက်ဆည်ဆင်ပွဲတော်သို့ အလည်တစ်ခေါက် သွားရောက်လေ့လာဖြစ်ခဲ့ ပါတယ်။ သိတဲ့အတိုင်းပဲလေ။ အညာနွေရဲ့နှုတ်ဆက်အပူ၊ ချွေးကတလူလူ၊ ဖုံကထူထူနဲ့ အတော်လူစည်ကားလှ တဲ့ပွဲပါ။ ဆင်ရုပ်ထဲမှာဝင်ပြီးကပြနေတဲ့ လူနှစ်ယောက်ကတော့ ပူရမှန်းတောင်သိလေလားမသိ။ စိတ်ဝင် စားစရာကောင်းတာတွကတော့ အများကြီးပါ။ မြန်မာပြည်မှာ တစ်ခုတည်းသာရှိသော အညာရိုးရာဆင်ပွဲတော်လို့ ဆိုနိုင်ပါတယ်။

            ဒီနေရာမှာ ကြုံကြိုက်လို့ လေ့လာမိသမျှ ဖတ်မိမှတ်မိသမျှလေး တင်ပြပါရစေ။ “မြန်မာအစ ကျောက်ဆည်က”လို့ဆိုရိုးစကားရှိခဲ့ဖူးသည်နှင့်အညီ ကျောက်ဆည်မြို့ရဲ့ သမိုင်းကြောင်းဟာ အတော်နက် ရှိုင်းလှပါတယ်။ မှန်ပါတယ်။ ယခင်က ကျွန်တော်တို့ ကျောက်ဆည်မြို့အနီး မက္ခရာမြို့ဟောင်းကို နှစ်ကြိမ် တိုင်တိုင် သွားရောက်လေ့လာခဲ့စဉ်က တော်တော်လေး ဆွေးမြေ့နေပြီဖြစ်တဲ့ ပျူခေတ်အရိုးပြာအိုးများကို လေ့လာခဲ့ကြရပါတယ်။ အဲဒီနောက် တမုတ်ရွှေဂူကြီးဘုရားမှာလည်း ပျူခေတ်အရိုးပြာအိုးများစွာနှင့် သုံးထပ်ဆင့် ဆင်းတုတော်၊ ငါးထပ်ဆင့်ဆင်းတုတော်တို့ကို လေ့လာခဲ့ကြရပြန်ပါတယ်။ အဲဒါအပြင် ကျောက်ဆည်နယ် တစ်ဝိုက်မှာ မြင်စိုင်းမြို့ဟောင်းကဲ့သို့သော ရှေးဟောင်းအမွေအနှစ်များစွာတို့ဟာ ကျောက်ဆည်၏ ရှေးကျမှုကို သက်သေခံနေပါတယ်။

“ကျောက်ဆည်”ဆိုတာ “ကျောက်တုံးတွေနဲ့တည်ဆောက်ထားတဲ့ဆည်”လို့ဆိုပါတယ်။ (၁၁ရာစု) အနော်ရထာမင်းကြီးဟာ လယ်တွင်း(၉)ခရိုင်အတွက် ကျောက်တွေနဲ့ဆည်တစ်ခု တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျောက်ဆည်ရဲ့ အနီးနားမှာ တည်ဆောက်ထားတဲ့မြို့ကို “ကျောက်ဆည်မြို့”လို့ခေါ်ဆိုလာ ခဲ့ကြတယ်လို့ဆိုပါတယ်။ တချို့ကလည်း “ကျောက်ဆင်”ဆိုတဲ့စကားကလာတယ်လို့ ဆိုကြပါ တယ်။ ရှေးအခါက အဲဒီနေရာမှာ တောဆင်ရိုင်းတွေ များစွာနေထိုင်ကျက်စားခဲ့ကြပြီး၊ ၄င်းဆင်ရိုင်းတွေကိုဖမ်းကာ ကျူံးသွင်းတဲ့နေရာ လည်းဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ကျောက်ဆင်ရုပ်များ ထုလုပ်ထားလို့ “ကျောက်ဆင်မြို့”လို့ခေါ်ကြောင်း၊ ၄င်း“ကျောက်ဆင်မြို့”ကနေ “ကျောက်ဆည်မြို့” ဖြစ်လာကြောင်းလည်း ဆိုကြပါတယ်။

            တကယ်တော့ “ကျောက်ဆည်ဆင်ပွဲတော်”ဆိုတာထက် “ကျောက်ဆည်ဆင်လှူပွဲတော်”လို့ဆိုတာ က ပို၍မှန်မယ်ထင်ပါတယ်။ တလက်စတည်း သမိုင်းကြောင်းလေးနဲနဲ ရှင်းပြပါဦးမယ်။

            (၁၁ရာစုခေတ်) ပုဂံပြည်ကို “အနော်ရထာမင်းကြီး”စိုးစံနေစဉ် တစ်ချိန်တည်းမှာ သီရိလင်္ကာနိုင်ငံကို “ဓာတုသေနမင်းကြီး”စိုးစံနေပြီး၊ သူတို့ဟာ ရင်းနှီးကျွမ်းဝင်တဲ့ အဆွေခင်ပွန်းများ ဖြစ်ခဲ့ကြပါတယ်။ အနော်ရထာမင်းကြီးက သီရိလင်္ကာရှိ            ဗုဒ္ဓဆွယ်တော်ကို ကိုယ်းကွယ်လိုသဖြင့် မေတ္တာရပ်ခံ တောင်းခံခဲ့ရာ၊ သီရိလင်္ကာဘုရင်ဟာ ဆွယ်တော်ပွားတစ်ဆူရဖို့် သစ္စာအဓိဌာန်ပြုပြီး ထွက်ပေါ်လာတဲ့ ဆွယ်တော်ပွားတစ်ဆူကို ပုဂံအနော်ရထာမင်းကြီးအား လက်ဆောင်ပေးခဲ့ပါတယ်။ အနော်ရထာမင်းဟာ ဆွယ်တော်မြတ်ကို နန်းတွင်းမှာသာထားပြီး တစ်ဦးတည်းကိုယ်းကွယ်ခဲ့ရာ ရှင်အရဟံ၏ မေတ္တာရပ်ခံမိန့်တော်မူချက်ကြောင့် အများပြည်သူများပါ ကိုယ်းကွယ်နိုင်ရန် စီစဉ်ခဲ့ပါတယ်။ စီမံဆောင်ရွက်ပုံမှာ ဦးစွာ အနော်ရထာမင်းကြီးဟာ စွယ်တော်ပွား(၅)ဆူရရှိရန် သစ္စာအဓိဌာန်ပြုပါတယ်။ ထွက်ပေါ်လာတဲ့ ဆွယ်တော်ပွားတစ်ဆူစီကို ဆင်ဖြူတော် ပေါ်တင်ပြီး ၄င်းဆင်ဖြူတော်ဝပ်သည့်နေရာမှာ ၄င်းဆွယ်တော်ကို ဌာပနာပြု၍ စေတီများတည်ခဲ့ပါတယ်။ ပထမစေတီမှာ “ရွှေစည်းခုံစေတီ”၊ ဒုတိယစေတီမှာ “တန့်ကြည့်တောင်စေတီ”၊ တတိယစေတီိမှာ “လောကနန္ဒာစေတီ”၊ စတုထ္ဃစေတီမှာ “တူရွင်းတောင်စေတီ”တို့ဖြစ်ပြီး၊ (ဒီဘုရားလေးဆူကိုတော့ အားလုံးသိရှိပြီးဖြစ်ကြပါလိမ့်မယ်။ ပုဂံမြို့ဟောင်းမှာ ဒီဘုရားလေးဆူကို တစ်နေ့တည်း ဖူးမြော်နိုင်လျင် ဘဝတစ်သက်တာ သုခချမ်းမြေ့မှုတွေရနိုင်တယ်လို့ ဆိုပါတယ်။) ပဉ္စမမြောက်စေတီ တည်ဆောက်ရန် ဆင်ဖြူတော်ဟာ ယခု ကျောက်ဆည်အရပ်ထိ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဆင်ဖြူတော်ဟာ “ရွှေသာလျောင်းတောင်”မှာ ခေတ္တလဲလျောင်းအနားယူပြီး၊ အဲဒီနောက် “ခရွှေတောင်”ထက်သို့လည်းကောင်း၊ ထို့နောက် “မြတ်တောင်”ထက်သို့တက်၍ ဝပ်လေသဖြင့် ထိုတောင်ထက်မှာ ပဉ္စမမြောက်စေတီကို တည်ပါတယ်။ အနော်ရထာမင်းကြီးဟာ အဆိုပါ ရွှေသာလျောင်းတောင်နှင့် ခရွှေတောင်တို့မှာလည်း များစွာသော ဓာတ်တော်တို့ကို ဌာပနာ၍ စေတီတစ်ဆူစီ တည်ခဲ့ပါတယ်။ ၄င်းအပြင် (၃)နှစ်တိုင်တိုင် ဘုရားစေတီသိမ် ကျောင်းဇရပ် ရေတွင်း ရေကန်များစွာတို့ကို တည်ဆောက်လှူဒါန်းသည့်အပြင် လယ်တွင်း(၉)ခရိုင် နှင့်ဆည်မြောင်းများကိုလည်း တည်ဆောက်တော်မူခဲ့ပါတယ်။ အဲဒီနောက် ထိုဒေသရှိ ပြည်သူအများ ကြီးပွားချမ်းသာရေး၊ ကျန်းမာရေးတို့အတွက် “ရွှေသာလျောင်းတောင်ဘုရား”အား ရွှေဆင်ရုပ် ငွေဆင်ရုပ် စသည့် ဆင်လှူပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပစေခဲ့ပါတယ်။

            ယခုအခါ ၄င်းရွှေဆင်ရုပ် ငွေဆင်ရုပ်များနှင့်အတူ အခြားလှူဘွယ်ပစ္စည်းများပါထဲ့၍ လှူဒါန်းလာကြပြီး၊ ၄င်း “ဆင်လှူပွဲတော်”အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ တစ်ရက်အလို (အဖိတ်နေ့)မှာ ဂုဏ်ပြုပွဲအဖြစ် “ဆင်အကပြိုင်ပွဲ”များကိုလည်းကျင်းပလာခဲ့ကြပါတယ်။ ၄င်းအဖိတ်နေ့မှာ “ဆင်အကပြိုင်ပွဲ”များကိုကျင်းပပြီး နောက်တစ်နေ့လပြည့်နေ့မှာ ဆုရသူများကိုဆုချီးမြှင့်ကာ၊  အဲဒီဆုရတဲ့အဖွဲ့ကပင် ဦးဆောင်ပြီး ရွှေသာလျောင်းတောင်ဘုရားသို့ ဆင်လှူဒါန်းတဲ့ပွဲတော်ကို ကျင်းပရတယ်လို့ဆိုပါတယ်။

            အချို့သောပြိုင်ပွဲဝင်အဖွဲ့များက မြန်မာ့ရိုးရာ ဒိုးပတ်ဝိုင်းဖြင့်လည်းကောင်း၊ အချို့က ဒိုးပတ်ဝိုင်းအပြင် မြန်မာ့ဆိုင်းဝိုင်းတော်နှင့်အတူ အော်ဂင်စသည် အနောက်တိုင်းတေးဂီတများပါတွဲဖက်၍ တီးမှုတ် သီဆိုကြပါတယ်။ တစ်ချို့က ခြေလျင်လာကြ၍ တစ်ချို့မှာ ကားကြီးကားငယ်များဖြင့် လာရောက်ကြပါတယ်။ ဆင်အမျိုးအစားမှာလည်း ဆင်ဖြူတော်၊ ဘော်ကြယ်ဆင်၊ ရိုးရာဆင်၊ ကလေးဆင်နှင့် အကဆင် ဟူ၍ရှိသည်ဟု ဆိုပါတယ်။ ဆုရွေးချယ်တဲ့အချက်အချို့ကတော့ ၁။ ဆင်ရုပ်၏ရွှေချည်ထိုးအလှ ၂။ ဆင်၏အပြင်အဆင် ၃။ ကကွက်ကဟန်များ ၄။ သီချင်းစပ်ဆိုသီဆိုပုံ  ၅။ တင်ပြပုံ Presentation တို့ဖြစ်တယ်လို့ ဆိုပါတယ်။

            ပြိုင်ပွဲမဝင်တဲ့အဖွဲ့များစွာလည်းရှိကြပါသေးတယ်။ သူတို့ကတော့ ကျောက်ဆည်မြို့ မြို့မဈေးကြီးကို (၃)ပတ်ပတ်ပြီး လှည့်လည်ကပြကြရပါတယ်။ (၃)ပတ်ပြည့်ခြင်း၊ မပြည့်ခြင်းအတွက် ပွဲတော်ကော်မတီသို့ဝင်၍ တစ်ပတ်ပြည့်တိုင်း လက်မှတ်ရေးထိုးရတယ်လို့ဆိုပါတယ်။ (၃)ပတ်ပြည့်အောင် မကတဲ့အဖွဲ့ကို ပွဲတော်ဆင်နွှဲခွင့် မပေးဘူးလိှု့ဆိုပါတယ်။ စိတ်ဝင်စားစရာတစ်ခုကတော့ တချို့က ဆင်ရုပ်မဟုတ်ဘဲ ကျွဲရိုင်းရုပ်များဖြင့်ပါ ကပြကြတာကိုလည်းတွေ့ခဲ့ရပြီး၊ သူတို့တတွေဟာ ယခုခေတ်ပေါ် ဟစ်ဟော့သီချင်းများ၊ ဘရိတ်ဒန့်စ် တီးလုံးများဖြင့် လမ်းမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ခတ်ကြမ်းကြမ်း အပြိုင်ကကြတာပါ။ ညနေပိုင်း ပွဲပြီးဆုံးကာနီးလေ အရုပ်များကျိုးပဲ့လာလေလေ၊ နောက်ဆုံး တစ်စစီစုပ်ပြတ်သတ်ထွက်ကုန်သည်အထိ မီးကုန်ယမ်းကုန် ကကြတာပါ။ ဒါဟာတီထွင်ဆန်းသစ်မှု Creation တစ်ခုလို့ ဆိုနိုင်ပါတယ်။

ယခုနှစ်(၂၉.၁၀.၂၀၁၂) သတင်းကျွတ်လပြည့် (အဖိတ်နေ့)မှာလည်း “ကျောက်ဆည်ဆင်လှူပွဲတော်”သို့ တစ်ခါတစ်ခေါက် သွားရောက်လေ့လာကြည့်ရှုနိုင်ဖို့ တိုက်တွန်းရေးသားလိုက်ရပါသည်။

 

01(A) Kyaukse Sinpwe(News Paper).doc
DSCN3329.JPG
DSCN3330.JPG
DSCN3332.JPG
DSCN3333.JPG
DSCN3334.JPG
DSCN3335.JPG
DSCN3321.JPG
DSCN3322.JPG
DSCN3323.JPG
DSCN3324.JPG
DSCN3325.JPG
DSCN3326.JPG
DSCN3327.JPG
DSCN3328.JPG
Reply all
Reply to author
Forward
0 new messages