ဒီနေ့ဖတ်စရာ သတင်းများ ( ဇွန်လ 14 ရက် ) နှင့် အတူ မိုးမခ သတင်းစာ Jun 13 ကို ပူးတွဲပေးပို့လိုက်ပါတယ် ။

45 views
Skip to first unread message

burma thwe

unread,
Jun 13, 2011, 9:41:20 PM6/13/11
to


မြန်မာ့လူမှု တရားမျှတရေး ILO ကူညီဖို့ ဒေါ်စု ပန်ကြား

By ဗွီအိုအေ (မြန်မာဌာန)  တနင်္လာ, 13 ဇွန် 2011


မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ လူမှုရေး တရားမျှတမှုတွေ ပေါ်ပေါက်လာအောင် ကူညီဆောင်ရွက်ပေးဖို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးကို မြန်မာ့ဒီကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်တွင်းမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ခွင့် ရဖို့ လိုအပ်သလို မြန်မာအလုပ်သမားတွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အခွင့်အရေးနဲ့ အလုပ်လုပ်ကိုင်ခွင့်တွေ ရဖို့ လိုအပ်တဲ့အကြောင်း ILO အလုပ်သမား အဖွဲ့ချုပ်ကြီးရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံကို ဒီနေ့ တနင်္လာနေ့ ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

တခါက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ဒေသတွင်းမှာ နောက်အကျဆုံး တိုင်းပြည်တခု ဖြစ်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ အားလုံး တခုနဲ့တခု ဆက်နွယ်နေတယ် ဆိုတာကို ILO မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတာဝန်တွေက မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကြိုးပမ်းရင်း ကလေးစစ်သား စုဆောင်းတာတွေအပြင် ဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်ရရေး ကိစ္စတွေကို ILO အနေနဲ့ မလွှဲသာ မရှောင်တာ ပါဝင် ဆောင်ရွက်လာရတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။

တိုင်းပြည်တပြည်ရဲ့ တိုးတက်မှုဟာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိမှု အပေါ်မှာ မူတည်တဲ့ အကြောင်းနဲ့ ILO မျှော်မှန်း ယုံကြည်တဲ့အတိုင်း နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်တိုင်းပြည်မဆို နောက်ကျ ကျန်မနေဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ နောက်ကျ ကျန်မနေအောင် ၀ိုင်းဝန်းကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် မေတ္တာရပ်ခံ သွားပါတယ်။

ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ လူမှုရေး တရားမျှတမှုကို အခြေခံပြီး တည်ဆောက်ရမယ်ဆိုတဲ့ ILO ရဲ့ မူလ ကြေညာချက်နဲ့ ရပ်တည်ချက်ပါ အချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်အောင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတွေ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။



KIA နဲ့ အစိုးရတပ်တိုက်ပွဲ ကချင် ရှေ့တန်းစခန်းတခု လက်လွှတ်ရ

By ဦးမိုးဇော်  တနင်္လာ, 13 ဇွန် 2011


ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ၃ ရက်ရှိလာပြီ ဖြစ်ပြီး ဒီကနေ့အထိလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ KIA ဘက်က ၄ ယောက် ကျဆုံးကြောင်းနဲ့ တပ်စခန်းတခုကို လက်လွှတ်လိုက်ရတယ်လို့ KIA ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဒီကနေ့မှာတော့ KIA ဗဟိုက သူတို့ တပ်စခန်း အသီးသီးကို အစိုးရတပ်တွေက တိုက်ခိုက်လာရင် ခုခံကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားဖို့ ထပ်မံ သတိပေး တပ်လှန့်ထားပါတယ်။ ၃ ရက်ကြာ KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေအကြား လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးနဲ့ အရှည်ကြာဆုံးတိုက်ပွဲ ဖြစ်ပါတယ်။ စနေနေ့ ညနေပိုင်းက စတင်ဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေကိုတော့ KIA ပြန်ကြားရေး ကော်မတီက ဒု-ဗိုလ်မှူးကြီး ယော်ထုံက အခုလို ပြောပါတယ်။

“ဆက်တိုက်နေပါသေးတယ်။ လက်နက်ကြီးနဲ့ အဆက်မပြတ် ထုတယ်။ ပြီးတော့ ခြေမြန်တပ်ရင်းလည်း တဖြည်းဖြည်းနဲ့ တက်လာတယ်။ သူတို့လည်း ကျနော်တို့ ဘုံဆမ် ရေအားလျှပ်စစ်နားက စခန်းကို မရမနေ တိုက်မယ်လို့ ကက(ကြည်း) က ညွှန်ကြားတယ်လို့ ကြားရတယ်။ အဲဒါကြောင့် စစ်ဆင်ရေးက ပြင်းထန်လာမယ့် အခြေအနေ ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီနေ့ KIA တပ်ရှိတဲ့ နေရာ အားလုံးမှာ တပ်လှန့်ထားတဲ့ သဘောပေါ့။ အားလုံး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆင်သင့် လုပ်ထားပါလို့ ကျနော်တို့က အားလုံးကို ညွှန်ကြားထားတာ ရှိပါတယ်။”

၃ ရက်ကြာ ဒီတိုက်ပွဲအတွင်းမှာ KIA ဘက်က ၄ ယောက် ကျဆုံးပြီး စခန်းကုန်းတခုကို ဆုတ်ပေးလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

“၄ ယောက်ဆိုတဲ့ နေရာမှာ ၃ ယောက်က ဗုံးထိပြီး သေဆုံးသွားတာ။ ၁ ယောက်က သူတို့ ဖမ်းပြီး နှိပ်စက်ပြီးမှ သတ်လိုက်တယ်၊ အားလုံး ၄ ယောက်ပေါ့။ ဆန်ဂန်စခန်းကတော့ ကျနော်တို့ ဆုတ်ခွာသွားပြီ။”

ဆုတ်ခွာပေးလိုက်ရတဲ့ စခန်းဟာ အရင်က KIA ဆက်ဆံရေးရုံးဖွင့်တဲ့ ဆန်ဂန်ရွာအနီးက တောင်ကုန်းပေါ်မှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ စခန်းတခုလည်း ဖြစ်ပါတယ်။

အစိုးရတပ်ဘက်က အကျအဆုံး စာရင်းကိုတော့ မသိရသေးပါဘူး။ ဒေသခံတွေရဲ့ အပြောအရ လူ ၈၀ လောက် ဗန်းမော်နဲ့ မိုးမောက် ဆေးရုံကို ပို့ထားကြောင်း သိရပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ မနေ့မနက်က ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်ဘက်မှာလည်း ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ အရင် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ ရဲ့ တပ်စခန်းတခုကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ပြည်သူ့စစ် အသွင်ပြောင်းခဲ့တဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ဌာနချုပ် အနီးမှာ ဖြစ်ခဲ့တာလို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“စိန်ကျော့ ဌာနေပြည်သူ့စစ် ဌာနချုပ်အနီးမှာ ဖြစ်တယ်။ SSA အုပ်ချုပ်ရေးတပ်ဘက်က အမှတ် ၉ မြို့နယ် အုပ်ချုပ်ရေးတပ် အခြေစိုက်တဲ့ နတ်စင်ကုန်းတောင်ပေါ့၊ အဲဒီနေရာကို စကခ ၁ လက်အောက်ခံ ကျောက်မဲတပ်တွေနဲ့၊ မိုင်းကိုင်ကလာတဲ့ တပ်ရော၊ သီပေါကလာတဲ့ တပ်ရော ၁၁ ရက်နေ့ ညကတည်းက စစ်ကား ၁၁ စီးနဲ့ တပ်တွေ ပို့လိုက်တယ်။ မနေ့က မနက် ၅ နာရီက စပြီးတော့ လက်နက်ကြီးတွေနဲ့ သုံးဘက်သုံးတန် သုံးနေရာကနေ ပစ်တယ်တဲ့။ အလုံးပေါင်း ၆၀-၇၀ လောက် ထုတယ်ပေါ့၊ အဲဒီ ရှမ်းတပ်စခန်းကို။ ၁၀ နာရီကျော်၊ ၁၁ နာရီနီးပါးလောက် ထင်တယ်၊ ရှမ်းတပ်ဘက်က ဆုတ်ပေးလိုက်ရတယ်။”

ဒီတိုက်ပွဲမှာ နှစ်ဘက် အထိအခိုက် အခြေအနေကို အသေးစိတ် မသိရသေးပေမဲ့ စိန်ကျော့ရွာသားတယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဒီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေကလည်း မိုင်းနောင်မြို့နယ်နဲ့ တန့်ယန်းမြို့နယ် အတွင်းမှာ ရှမ်းတပ်ဖွဲ့တွေက ၂ ကြိမ် ခြုံခို တိုက်ခိုက်ခဲ့တာကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံး ရှိခဲ့တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

မြန်မာအစိုးရဘက်က ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ ကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ ကရင်ပြည်နယ်ဘက်မှာလည်း မြန်မာအစိုးရ တပ်တွေဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တိုးတက်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ရဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပွားနေပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့တယ်လို့ အစဉ်တစိုက် ကြေညာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က တောင်းဆိုခဲ့ပြီးတဲ့နောက်မှာ အပစ်ရပ် တပ်တချို့နဲ့ တင်းမာမှုတွေ စတင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ အသစ်တက်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ကရင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေ အတွင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတာလည်း ဖြစ်ပါတယ်။


မြဝတီကားလမ်း လုံခြုံရေး နေရာ (၄) ခု တိုက်ခိုက်ခံရ

Posted by admin on June 13, 2011 နေ့သစ် မီဒီယာ 


မြဝတီမြို့ကိုလာမယ့် တိုင်းမှူးခရီးစဉ်အတွက် မြဝတီ အဝေးပြေးကားလမ်းပေါ်က ကားလမ်းလုံခြုံရေးယူထားတဲ့ ကြံ့ဖွံ့ အစိုးရ စစ်တပ်တွေကို တနင်ငူး၊ တံတားကြီးရှေ့၊ တံတားညီနောင်၊ သစ်ချောက်ပင် စတဲ့ နေရာလေးနေရာမှာ ဒီကေ ဘီအေ နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့ည ၉ နာရီ မိနစ် ၃၀ လောက်မှာ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ ယမန်နေ့ညက အခြေအနေကို ဆက်သွယ်မေးမြန်ခဲ့ရာ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကော်ဒို စိုး က ယခုလို ပြောကြားလာပါတယ်။

“ကျနော်တို့ဘက်က ညတုန်းက လမ်းလုံခြုံရေးတွေကို နေရာ လေးခုမှာ တပြိုင်တည်းဝင်တိုက်တယ်။ ဒီကေဘီအေက ဗိုလ်မှူးကြီး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်မဟာ (၇) တပ်ရင်း ၁၀၁ တပ်ဖွဲ့တွေ ပူးပေါင်းပီး စစ် ဆင်ခဲ့တာဖြစ်တယ်။ ည ၉ နာရီခွဲလောက်က စတိုက်တာ ည ၁၂ လောက်မှ ပြီးတယ်။ ကျနော်တို့ ဘက်က ထိခိုက်မရှိ ဘူး။ သူတို့ ဘက်က ထိလား မထိလား မသိရသေးဘူး။ အရှေ့တောင်တိုင်း တိုင်းမှူး မြဝတီလာဖို့ရှိတော့ မြဝတီကုန် သည် ကားလမ်းမှာ ကြံ့ဖွံ့အစိုးရ စစ်တပ်တွေ လုံခြုံရေး အပြည့်ချထားတယ်လေ။”

အရှေတောင်တိုင်း တိုင်းမှူး မြဝတီမြို့ကိုလာမယ့် ခရီးစဉ်ရှိနေတဲ့အတွက် ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်ရင်း ၁၀ ရင်းနဲ့ လမ်းလုံခြုံရေးယူထားတယ်လို့ မြဝတီဒေသခံ ကုန်သည်တွေ ပြောပြချက်အရ သိရှိရပါတယ်။



စစ်တွေမြို့တွင် စီးပွားရေး သမားတစ်ဦး နေအိမ်မှ အဖိုးတန် တောက်တဲ့များ ဖမ်းဆီးရမိ

ထွန်းထွန်း ။  ။ News Date:6/13/2011  နိရဉ္ဇရာ သတင်းဌာန



ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား တစ်ဦး နေအိမ်မှ သိန်းထောင်ချီ တန်ဖိုးရှိသော တောက်တဲ့များနှင့် ဆေးခြောက်ထုပ်များကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

tokay
ဖမ်းဆီးရမိသော တောက်တဲ့မှာ အကောင် ၄၀ ခန့်ရှိပြီး ကာလ ပေါက်ဈေးနှင့် ဆိုလျှင် ကျပ်သိန်းထောင်ချီ၍ တန်ဖိုးရှိကြောင်း သိရသည်။

“ စစ်တွေ အောင်မင်္ဂလာရပ်ကွက်က နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား ဦးမောင်တော် ဂေါ်ဘီ အိမ်က ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ သူ့ကို ညနေပိုင်းလောက်မှာ အမှတ် ၂ ရဲတပ်ဖွဲ့က လာပြီး ဖမ်းဆီးသွာတာပါ။ ဖမ်းဆီးရမိတဲ့ တောက်တဲ့ အကောင်က ၄၀ ကျော် ဖြစ်ပါတယ်။ တကောင်စီ ၂၀ ကျပ်သား ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကာလ ပေါက်ဈေးဆိုရင် သိန်းထောင်ချီ ရှိတယ်လို့ သိရပါတယ်။ တခြား ဆေးခြောက်ထုပ် အများအပြား ကိုလည်း ရဲက ဖမ်းမိတယ်လို့ သိရပါတယ်” ဟု ရပ်ကွက်လူငယ် တဦးက နိရဉ္စရာသို့ ပြောသည်။

တောတောင်များနှင့် လူနေအိမ်တွင် နေထိုင်လေ့ရှိသည့် ၂၀ ကျပ်သား အထက် အလေးချိန်ရှိ တောက်တဲ့များကို တရုတ်နှင့် မလေးရှားမှ ဈေးကောင်းကောင်းပေးပြီး ၀ယ်ယူနေသဖြင့် အဆိုပါ တောက်တဲ့များကို နိုင်ငံခြားသို့ တင်ပို့ရန် သူ၏ နေအိမ်တွင် ၀ယ်ယူ သိုလှောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ တောက်တဲ့က တောရိုင်း တိရစ္ဆာန် အက်ဥပဒေနဲ့ ငြိနေတော့ တရားမ၀င် ရောင်းဝယ် ဖေါက်ကားလို့မရဘူးလို့ သိရပါတယ်။ ဒါကြောင်း ရဲက သတင်းအရ သူရဲ့ အိမ်ကို ၀င်ရောက် ရှာဖွေ ဖမ်းဆီးတာ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

တောက်တဲ့ အကောင်ကြီးများကို တရုတ်ပြည်နှင့် မလေးရှားမှ ဈေးကြီးပေးပြီး ၀ယ်ယူနေသဖြင့် ယခုအခါ တောက်တဲ့ကို မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နှင့် အိန္ဒိယ နိုင်ငံတွင်လည်း လိုက်လံ ရှာဖွေ ဖမ်းဆီး နေကြသည်ဟု သိရသည်။

မလေးရှားနိုင်ငံမှ လာသော သတင်း တပုဒ်တွင် ၃၀၀ ဂရမ်အထက် တောက်တဲ့ တစ်ကောင်ကို မလေးရှား ရမ်ဂစ် နှစ်သောင်း ငါးထောင် အထက် ဈေးပေါက်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀ ကျပ်သား တောက်တဲ့ တစ်ကောင်ကို သိန်း (၅၀) အထက် ဈေးရရှိကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့တွင် ၃၀၀ ဂရမ် အထက် တောက်တဲ့ တစ်ကောင်ကို တာကာ (၅) သိန်းပေါက်ဈေး ရှိနေကြောင်း သိရသည်။

တောက်တဲ့ ရောင်းဝယ်နေသူ တစ်ဦးက “တောက်တဲ့ အကောင် အငယ်ပိုင်းကို မယူဘူးနော်။ အနည်းဆုံး ကျပ်သား ၂၀ ဖြစ်ရမယ်။ ကျပ်ချိန် ၂၀အထက် ဆိုအကုန်လုံးဝယ်တယ်။ ကျပ်ချိန် ၂၀ သားတကောင်ဆို ကျပ်သိန်း ၄၀ ထိ ရောင်းရပါတယ်“ ဟုတောက်တဲ ရောင်းဝယ်နေသူ တဦးကပြောသည်။

အဆိုပါ အရွယ်အစား တောက်တဲ့များကို တရုတ်ပြည်က အကြီးအကျယ်ဝယ်နေသဖြင့် ယခုအခါ ရခိုင်ပြည်နယ်တွင် တောက်တဲ့များ အထူး ရှားပါးလာသည်ဟုသိရသည်။

“တောက်တဲက တရုတ်ပြည်မှာရောက်လို့ရှိရင် ရွှေဈေးနဲ့တူတူဖြစ်သွားတယ်လို့သိရပါတယ်။ ပီးတော့အဲဒီ တောက်တဲ့ကို AIDS ဆေး ဖေါ်စပ်ရာမှာအသုံးပြုတယ်လို့လည်း ပြောကြပါတယ်။ အဲဒါကြောင့် ဈေးများများ ပေးပြီးဝယ်နေတာဖြစ်နိုင်ပါတယ်။ တရားဝင်တော့ဝယ်လို့မရဘူး။ လျှို့လျှို့ဝှက်ဝှက်နဲ့ဝယ်နေကြတာပါ“ ဟုဆက် ပြောသည်။

၎င်းပြင် တောက်တဲ့ကို AIDS ဆေးဖေါ်စပ်ရာတွင်၎င်း၊ ကင်ဆာရောဂါတွင်၎င်း၊ ၀က်ခြောက်နာတွင်၎င်း၊ ကာမအားတိုးဆေး အဖြစ်၎င်း အရိုးပြန်ဆက်ရာတွင်၎င်း၊ ယာနားရောဂါများကုသရာတွင်၎င်း အသုံးပြုသည်ဟု သိရသည်။

တောက်တဲ့နှင့် ဆေးခြောက်ထုပ်ဖြင့် ဖမ်းဆီးခံရသူ မွတ်စလင် ဦးမောင်တော်ဂေါ်ဘီမှာ ယခုအခါအမှတ် ၂ ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။



ခုခံကာကွယ်စစ် ဆင်နွဲဘို့ KIA တပ်အားလုံးကို ဗဟိုမှ ညွှန်ကြား

2011-06-13 RFA

KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ်က KIA တပ်အားလုံးကို ခုခံကာကွယ်စစ် ဆင်နွဲဘို့ ဒီကနေ့ မွန်းတည့် ၁၂ နာရီက အမိန့် ထုတ်ပြန်လိုက်ပြီလို့ သိရပါတယ်။

KIO တပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကထဲက မြန်မာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရဘက်က ၀န်ကြီး တဦး မနေ့က KIO အဖွဲ့ကို အဆက်အသွယ်လုပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဘို့ အစီအစဉ် လုပ်ခဲ့ပေမဲ့ ဒီကနေ့မှာ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ တောင်းဆိုချက်တွေကြောင့် KIO အနေနဲ့ ခုခံ ကာကွယ်စစ် ဆင်နွဲဘို့ အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ KIA တပ်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က RFA ကိုပြောပါတယ်။

 ဒ့ါအပြင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မိုးမောက် မြို့နယ် ဆန်ခါဒေသမှာ ရှိတဲ့ တရုပ် အစိုးရ အကူအညီနဲ့ ဆောက်လုပ်နေတဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်းမှာ တာဝန်ကျနေသူ တရုပ် ပညာရှင်နဲ့ အလုပ်သမား ၂၈ ဦးကိုလည်း တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ပြန်ခွင့် မပေးဘဲ ဓါးစာခံသဘောမျိုးနဲ့ ထိမ်းထားတယ်လို့ KIO က ပြောပါတယ်။

 တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ အချိန်ကထဲက KIO က တရုပ် ပညာရှင်တွေကို လုပ်ငန်းတွေ ရပ်တန့်ပြီး ထွက်ခွာဘို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ KIOရဲ့ အဆိုအရ စစ်ပွဲများ အရှိန်အဟုန် တက်လာမယ် ဆိုရင် တခြား တိုင်းရင်းသား လက်နက်ကိုင် (၄) ဖွဲ့ က KIOနဲ့ လက်တွဲပြီး အစိုးရတပ်တွေကို တိုက်ဘို့ ကမ်းလှမ်းချက်တွေ ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။


နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်မည်

ဧရာဝတီ Monday, 13 June 2011 19:14 သတင်းတိုများ
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု ၁ လ ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲကို ဇွန်လ ၁၆ ရက်၌ ရန်ကုန်မြို့သင်္ဃန်းကျွန်း မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်း ဆုတောင်းပွဲကို အကျဉ်းသား မိသားစုဝင်များ က ပြုလုပ်မည်ဖြစ်သည်ဟု NLDလူမူ အထောက်အကူပြု အဖွဲ့ က ပြောသည်။




ကချင်ဘက်က ကျယ်ပြန့်စွာ ခုခံဖို့ စစ်ဆင်

BBC News ။  ။  13-06-2011


ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအား လျပ်စစ်စက်ရုံ အနီးမှာ မြန်မာအစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဆက်လက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။အရင်နှစ်ရက်ကလဲ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး တနင်္လာနေ့မှာလဲ တိုက်ပွဲက အရှိန်ကျမသွားပဲ ဆက်လက်ပြင်းထန်နေ ဆဲလို့ KIO ကချင် လွတ်လပ်ရေးအဖွဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်က ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်တွေဘက်ကလည်း အင်အားဖြည့်တင်းတာတွေ ဆက်ရှိနေတဲ့အတွက် ကချင်ဘက်ကလည်း Padang Hkrun Lam (အောင်နိုင်ရေးစစ်ဆင်မှု) ပဒန် ခွန်လမ်ဆိုတဲ့ စစ်ဆင်ရေးတစ်ခု ချမှတ်ပြီး တပြည်နယ်လုံး ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်မယ်လို့ ဦးလာနန်က ပြောပါတယ်။

တာပိန်ရေအားလျှပ်စစ် စက်ရုံနေရာကိုတော့ အစိုးရတပ်ဘက်က ခြေကုပ်ယူထားပြီး အဲဒီနေရာကို KIA တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံက တရုတ်နိုင်ဘက်ကို ရေအားလျှပ်စစ် ထုတ်လုပ်ရောင်းချတဲ့ စက်ရုံဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ စက်ရုံဝန်ထမ်း တရုတ်အင်ဂျင်နီယာတွေနဲ့ အလုပ်သမားတွေ တရုတ်ဘက် ထွက်ပြေးသွားလို့ စက်ရုံဆက်လက် လည်ပတ်မှု ရှိမရှိ မသိရပါဘူး။တိုက်ပွဲအတွင်း နောက်ထပ် နှစ်ဘက် ကျဆုံး ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိလည်း မသိရသလို အစိုးရဘက်ကလည်း ဒီစစ်ပွဲအကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

 တနင်္ဂနွေနေ့ကတော့ ကချင်တပ်သား ၄ ဦး ကျဆုံးခဲ့ပါတယ်။ကမ်းလှမ်းပေမယ့် မအောင်မြင်တနင်္ဂနွေနေ့က  နေပြည်တော်မှာရှိနေတဲ့ အရင် နအဖ အစိုးရဝန်ကြီးဟောင်းတစ်ဦးက နှစ်ဘက် ရင်းနီးသူတစ်ဦးက တဆင့် စစ်ပွဲရပ်စဲနိုင်ဖို့ ဆိုပြီး ပြောဆိုလာတာ ရှိတယ်လို့ ဦးလာနန်က ပြောပါတယ်။

 ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ထုတ် မပြောပါဘူး။KIA တပ်ကို ၂ ရက်လောက် သည်းညင်းခံပေးဖို့ သူက ပြောပေမယ့် ကချင်တပ်ဘက်ကတော့ စစ်ပွဲဆိုတာ ၂ ရက်အတွင်း အမျိုးမျိုးပြောင်းလဲနိုင်တာမို့ တနင်္လ࿿ာနေ့ မွန်းတည့် ၁၂ နာရီထိပဲ အချိန်ဆွဲထားနိုင်ပြီး အဲဒီကာလအတွင်း အစိုးရဘက်က အပြုသဘော မတုံ့ပြန်ရင် စစ်ဆင်ရေးတစ်ရပ် ဆင်နွဲမယ်လို့ သူက ပြောပါတယ်။

အခုလို ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေသလို တခြား တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ရှမ်းနဲ့ ကရင်တို့ဘက်မှာလည်း အရင် အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်နေတာ လနဲ့ချီ ရှိနေပါပြီ။အစိုးရအနေနဲ့ နယ်ခြားစောင့်တပ် လက်မခံတဲ့ တိုင်းရင်းသားတပ်တွေကို အလုံးအရင်းနဲ့ မဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့တော့ ချေမှုန်းသွားမယ့် အစီအစဉ်ရှိနိုင်တယ်လို့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက သုတေသနမှူး ဦးဌေးအောင်ကပြောပါတယ်။




အကျဉ်းကျသျှမ်းခေါင်းဆောင် မိသားစုဝင်အား ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံအားပေး
Monday, 13 June 2011 18:50 သျှမ်းသံတော်ဆင့်

ယနေ့မနက်ပိုင်း၌ အကျဉ်းကျ သျှမ်းခေါင်းဆောင် မိသားစုဝင်များအား ဒေါ်အောင်ဆန်းစုကြည်က  အိမ်တိုင်ရာရောက်သွား ရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့သည်ဟုဆို၏။“ဒေါ်အောင်ဆန်းစုကြည် နဲ့ လူငယ်  အယောက် ၂၀ လောက် ဦးခွန်ထွန်းဦးအိမ်မှာ ဒီမနက်လာတွေ့တာ။ SNLD အဖွဲ့ဝင်တွေလဲပါတယ်။ အဓိကကတော့ အကျဉ်းကျသျှမ်းခေါင်းဆောင်တွေရဲ့ မိသားစုတွေကို အားပေးဖို့  ဖြစ်တယ်”  ဟု SNLD ပါတီဝင်တဦးက ပြောပါသည်။



ဂျွန် ၁၃ ရက် ၂၀၁၁ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ဒေါ်အောင်ဆန်းစု ကြည် နှင့် လူငယ်အယောက်နှစ်ဆယ် ခန့်  သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နှစ်ရှည်ထောင်ကျခံ သျှမ်းခေါင်းဆောင်မိသားစုများ အား ရန်ကုန်မြို့ ပြည်လမ်း ရှိ ခွန်ထွန်းဦးနေအိမ်၌ တွေ့ဆုံကြသည်ဟု ဆို၏။အမျိုးသားဒီမိုကရေစီအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သျှမ်းခေါင်းဆောင် မိသားစုများဖြစ်သည့် ခွန်ထွန်းဦး၏ ဇနီး ဒေါ်ဝေဝေလွင်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်၏ ဇနီး နန်းခင်အုန်းတင့်၊ ဗဟိုကော် မတီဝင် စိုင်းလှအောင်၏ဇနီး နန်းခမ်းအောင်တို့ပါဝင်သည်ဟုဆို၏။

နန်းခင်အုန်းတင့်၊ ဒေါ်စုအောင်ဆန်းစုကြည်၊ ဒေါ်ဝေဝေလွင်၊ နန်းခမ်းအောင် (ဝဲမှယာ)

“ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေကို လာရောက်မေးမြန်းတာပါဘဲ။ မိသားစုကနေတဆင့် ဒေါ်အောင်ဆန်းစုကြည် စကားပါးလိုက်တာကတော့ - ‘ အကျဉ်းကျနေတဲ့ သျှမ်းခေါင်းဆောင်တွေအားလုံးကို ပြောပေးပါ၊ အသက်ကလဲ  ကြီးလာကြပြီဆိုတော့ ကျန်းမာရေး ဂရုစိုက်ပါ။

 နိုင်ငံရေးသမားတွေ  ကျန်းမာ အောင်နေရင် နိုင်ငံရေးလုပ်နေတာပါဘဲ’-တဲ့  အားပေးစကား ပြောသွားတယ်” - ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ကပြောပါသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့်နောက်ပိုင်းတိုင်းရင်းသားခေါင်းဆောင်များ ၏ မိသားစုဝင်များအား အိမ်တိုင်ရာရောက် သွားရောက်အားပေးခြင်းသည် ယခုပထမဆုံးအကြိမ်ဖြစ်သည်။ဦးခွန်ထွန်းဦး ဦးဆောင်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရသည့်ပါတီဖြစ် သည်။

၂၀ဝ၅ နှစ်ဦးပိုင်းတွင် နအဖ စစ်အုပ်စုက သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး(SNLD ဥက္ကဌ)၊ ဦးစိုင်း ညွှန့်လွင် (SNLD အထွေထွေအတွင်းရေးမှူး)၊ စိုင်းလှအောင် (SNLD ဗဟိုအလုပ်အမှုဆောင်)နှင့် သျှမ်းပြည်မျိုး ဆက်သစ်လူငယ် ခေါင်းဆောင် ဆရာဦးမြင့်သန်း (၂၀ဝ၅ မေ သံတွဲထောင်၌ ကွယ်လွန်)၊ စိုင်းညီညီမိုး၊ စိုင်းမျိုး ယင်းထွန်း၊ ဦးထွန်းညို နှင့် သျှမ်းပြည်တပ်မတော် (အပစ်ရပ်) နာယက ဗိုလ်ချုပ်ဆေထဲန့်တို့အား ပြည်ထောင်စု မှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှုများစွာဖြင့် ထောင်ဒဏ် ၇၅ နှစ်မှ ၁၀၆ နှစ်အထိ အသီးသီး ပြစ်ဒဏ်ချခဲ့သည်။



KIO ကို တိုက်ခိုက်ရန် နေပြည်တော်စစ်ရုံးချုပ် အမိန့်ပေး
Monday, 13 June 2011 18:36 သျှမ်းသံတော်ဆင့်


ယခုလ ၉ ရက်နေ့က ကချင်ပြည်နယ်မိုးမောက်မြို့ နယ် အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIA တပ်ရင်း ၁၅ နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ် ပွား အပြီး နောက်တစ်ရက် KIO အား တိုက်ခိုက်ရန် နေပြည်တော် စစ်ရုံးချုပ်က မပခ စစ်တိုင်းသို့ ညွန်ကြား ထားကြောင်း စုံစမ်း သိရသည် ။


“၉ ရက်နေ့မှာဖြစ်တာက စစ်တပ်  အရာရှိနှစ်ယောက်ကို ဖမ်းထားလို့ ဒေသဆိုင်ရာအမိန့်နဲ့ တိုက်တာ၊ လက်နက်ကြီး  မသုံး ဘူး နောက်နေ့မနက်စောစော နေပြည်တော်က ပစ်မိန့်ပေးလိုက်ပြီ အခုတိုက်နေတာ နေပြည်တော်အမိန့်နဲ့ တိုက်နေတာ ” ဟု မပခစစ်တိုင်းနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။



ယခုတိုက်ပွဲမှာ နေပြည်တော် စစ်ရုံးချုပ် အမိန့်ဖြင့်တိုက်ကြောင်း၊ ယခင်မြောက်ပိုင်းတိုင်း မြန်မာစစ်တပ် အရာရှိ များအား ရက်ပိုင်းအတွင်း နေရာပြောင်းရွေ့ လိုက်ကြောင်း KIO ဋ္ဌဌာနချုပ် လိုင်ဇာမြို့ရှိ KIA  အရာရှိ  တစ်ဦးက လည်း ပြောသည် ။


မိုးမောက်မြို့နယ် အတွင်းရှိ KIA ဘွန်ဆိုင်း (ထုံးဖို) စခန်းအား ယနေ့ညနေပိုင်းအထိ ၅ ရက်မြောက်နေ့အဖြစ် မြောက် ပိုင်းတိုင်း (မပခ) လက်အောက်ခံ မြန်မာတပ်များ  ထိုးစစ်ဆင်နေရာ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေ ကြောင်း သူက ဆက်ပြောသည် ။

“အခုအထိ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ၊ တိုက်ပွဲတွေ  ၅ ရက်မြောက်ဆက်တိုက် ဖြစ်နေတာပေါ့ ။ လိုင်ဇာနား မှာရှိတဲ့ လဂျားယန် ဂိတ်မှာ ဗမာစစ်တပ်က အင်အားတွေထပ်ဖြည့်ထားတယ် ” ဟု ပြောသည် ။

ယခုလ ၉ ရက်နေ့  တိုက်ပွဲတွင် မြန်မာစစ်တပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သည် ၃ ဦး ကျဆုံး၍ ၆ ဦး ဒဏ်ရာရရှိ ခဲ့ပြီး  ဗန်းမော်ဆေးရုံသို့ လူနာများ သယ်ဆောင်သွားရာ နောက်တစ်နေ့ ဆေးရုံ၌ ယမ်းဗိုက် သေနတ်ထိမှန်သူ စစ်သည် တစ်ဦးထပ်မံ သေဆုံးသဖြင့် သေဆုံးသူ ၄ ဦးအထိရှိကြောင်း သိရသည် ။

နောက်ထပ်တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ ဒဏ်ရာရသူ စစ်သည်များ ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ခဲ့သော် လည်း ဆေးရုံအတွင်း အပြင်လူဝင်ခွင့်မပေးသဖြင့် ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိရကြောင်း ဗန်းမော်မြို့ခံ တစ်ဦးက ဆို သည် ။

ယမန်နေ့အထိ တိုက်ပွဲများအတွင်း KIA ဘက်မှ ကျဆုံးစစ်သည် ၄ ဦးရှိကြောင်း သိရသည် ။

တိုက်ပွဲများရပ်၍ နှစ်ဘက်ညှိနှိုင်းဆွေးနွေးကြရန်နှင့် စစ်တိုက်လိုသောန္ဒရှိပါက တစ်ပြည်လုံးအနှံ့ စစ်ပွဲများပျံ့နှံ့ သွားမည့်အကြောင်းရေးထားသော စာတစ်စောင်ကို KIO မှ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ထံ  ပေးပို့ခဲ့အပြီး နေပြည်တော် စစ်ရုံး ချုပ်က ပစ်မိန့်ပေးလိုက်ခြင်း ဖြစ်သည် ။
 
အဆိုပါ စစ်ပွဲများကြောင့် ယခင် ၂၄ နာရီပတ်လုံး လျှပ်စစ်မီးရရှိ သည့် ဗန်းမော်မြို့မှာ ယခုအခါ လျှပ်စစ်မီးလုံးဝ ပြတ် တောက်နေကြောင်း သိရသည် ။

KIOဋ္ဌဌာနချုပ် လိုင်ဇာနှင့် ဗန်းမော် - မြစ်ကြီးနား ပြေးဆွဲနေသည့် ကားလှိုင်းများ သွားလာမှုလုံးဝနီးပါးရပ်ဆိုင်း သွား သဖြင့် လိုင်ဇာမြို့မှာ ခြောက်ကပ်နေသည် ။

မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ တစ်ဘက်ကမ်း တရုတ်နယ်စပ် လားရင်းဒေသသို့ စစ်ပြေးဒုက္ခသည် တချို့ ရောက်ရှိ နေကြောင်း ဒေသခံမျက်မြင်တစ်ဦးက ပြောသည် ။

“မနေ့က ကိုယ်တိုင်သွားကြည့်တယ် စစ်ပြေးဒုက္ခသည်တွေ ရောက်တော့ရောက်လာတယ် ဒါပေမဲ့ အရင် ကိုးကန့်စစ်ပွဲ တုန်းကလို အလုံးအရင်း ရောက်လာတာမဟုတ်ဘူး တယောက်တပေါက် ရောက်လာတဲ့ပုံစံမျိုးပဲ ခန့်မှန်းခြေက တစ် ထောင် လောက်ရှိနိုင်တာပေါ့ ” ဟု သူက ဆိုသည် ။

တရုတ်နယ်စပ်အနီး KIA တပ်စခန်းများ တည်ရှိရာ မြို့ရွာများအတွင်း လူစိမ်းအဝင်အထွက် ကန့်သတ်လိုက်ပြီး စစ်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည် ။



စိန်ကျော့ဌာနချုပ်အနီး SSPP/SSA တပ်စခန်းအား မြန်မာစစ်တပ်ဝင်တိုက်
Monday, 13 June 2011 16:23 သျှမ်းသံတော်ဆင့်


သီပေါမြို့နယ် စိန်ကျော့ဌာနေပြည်သူ့စစ် ဌာနချုပ် အနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း အား မြန်မာစစ်တပ် ဝင် ရောက် တိုက်ခိုက် ရာ SSPP/ SSA က တပ်ဆုတ်ပေးလိုက် သော်လည်း  အဆိုပါ တပ်စခန်း၌ မြန်မာစစ်တပ် အခြေမချဘဲ ဖြတ်ကျော် သွား သည်ဟု SSPP/SSA သတင်းရပ်ကွက် ကဆိုပါ သည်။


၁၂ ရက်နေ့ မနက် ၅ နာရီခွဲမှ ၁၀ နာရီအထိ  SSPP/SSA ၏ အဆိုပါတပ်စခန်းအား မြန်မာစစ်တပ်က အဲမ်အေ ၁၀ မော်ထာ အလုံး ၄၀-၅၀ ကျော် ပစ်ခတ်တိုက်ခိုက်သည်ဟု SSPP/SSA အရာရှိတဦးကပြောသည်။


“ကျနော်တို့စခန်းက စိန်ကျော့အရှေ့တောင်ဖက်မှာရှိတာ။ ကောင်းစမိန်းကုန်းမှာပေါ့။ မြန်မာတပ်နဲ့ ကျနော်တို့စခန်းနဲ့ ၆ ဖာလုံ လောက် ဘဲဝေးတယ်။   မနက် ၅ နာရီခွဲလောက် ကတည်း ကဘဲ” ဟု အဆို ပါအရာရှိ ကပြောသည်။


ကျောက်မဲ စကခ ၁ လက်အောက်ခံ စိန်ကျော့စခန်းချ မိုင်းရယ် ခမရ ၃၂၅ နှင့်အတူ သီပေါ အခြေစိုက် ခမရ ၅၀၃ တို့ပူးပေါင်း သည့် အင်အား ၃၀ဝ ခန့်က ကောင်းစမိန်းရှိ ဗိုလ်စိုင်းကမ်ဦးဆောင်သော အင်အား ၂၀ ခန့်ရှိ SSPP/ SSA တပ်မဟာ ၁ လက်အောက်ခံ  အမှတ် ၉ မြို့နယ် အုပ်ချုပ်ရေး လုံခြုံရေး တပ်စခန်းအား ဝင် ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆို၏။


“မြန်မာတပ်ဖက်က လက်နက်ကြီးတွေနဲ့ချတာ။ ၇ နာရီလောက်မှသေနတ်သံထွက်တာ။ နေ့ခင်းလောက်အထိပစ် တယ်။ SSPP/ SSA လဲတပ်ဆုတ်ရော မြန်မာတပ်တွေလဲ ကောင်းစမိန်းမှာမနေဘူး။   ကျနော်တို့ စိန်ကျော့ပြည် သူ့စစ်တွေကိုမယုံလို့ထင်ပါရဲ့  ကူဖို့တိုက်ဖို့ ကမ်းလှမ်းလာတာမရှိဘူး။ ရှိခဲ့ရင် တောင်မှ ကျနော်တို့ကူတိုက်ပေး မယ့် အဆင့်အထိ မ အ သေးပါဘူး ” ဟု စိန်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးကပြောသည်။


တိုက်ပွဲဖြစ်နေစဉ်အတွင်း ရွာသားတဦး နေအိမ်မှ ကျွဲများ ရွာပြင်မောင်းထုတ်နေစဉ် မြန်မာစစ်တပ်၏ပစ်သတ် ခြင်း ခံရကြောင်း စိန်ကျော့ဒေသခံတဦးကပြောသည်။
 

“ စိုင်းထွန်း(အသက် ၃၀ ) သူ့ကျွဲတွေကို ရွာပြင်ထုတ်ထားမလို့ တဲ့။ လမ်းမှာ မြန်မာစစ်တပ်က ရပ်ခိုင်းတာ သူက မရပ်ဘဲ ကြောက် ကြောက်နဲ့ထွက်ပြေးတော့  မြန်မာစစ်တပ်က ပစ်ထဲ့လိုက်တာ ပွဲချင်းပြီးဘဲတဲ့။ ရွာထိပ်ကလူတွေ ကပြောတယ်” ဟု ပြောသည်။


အဆိုပါရွာသားမှလွဲ၍နှစ်ဖက် သေကြေဒဏ်ရာရမှု မသိရသေးဟုလည်း သိရသည်။


အလားတူ  ၁၁ ရက်က မိုင်းရှူးနှင့် တန့်ယန်းနယ်စပ် နောင်အက်အုပ်စု နမ့်မော်အွန်ကျေးရွာတွင် မိုင်းနောင် အခြေစိုက် စကခ ၂ လက်အောက်ခံတပ်အား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ်တပ်ဖက်မှ ၄ ယောက်သေဆုံးခဲ့ကြောင်း SSPP/ SSA အရာရှိကဆက်လက်ပြောပြသည်။


တိုက်ပွဲကြောင့် သေဆုံးမှုအရေအတွက်နှင့်ပါတ်သက်၍  သျှမ်းပြည်တပ်မတော်ဖက်မှ အရာရှိတဦးက“ ကျနော်တို့ သေရင်သေ သလောက်မှန်မှန်ကန်ကန်ပြောပါတယ်။ ရန်သူဖက်က သေတယ်ပြောပြီး ကျနော်တို့ဖက်က မသေဘူး ဆိုပြီး လိမ်ပြောလို့မရပါဘူး။ တိုက်ပွဲပြီးရင် စစ်ဆေးမှုရှိတယ်။ ဒေသခံလူထုရှိတယ်။ ကျနော်တို့အထက် လူကြီး ဆီတင်ရတယ်။ ကျနော်တို့ဘာကြောင့် အသေ အပျောက်နဲလဲဆိုတာ မဆန်းပါဘူး။ ကျနော်တို့မွေးဖွားကြီးပြင်း လာတဲ့နယ်မြေအကြောင်း ကျနော်တို့ ကောင်းကောင်း သိတာ ပေါ့ ” ဟု  သျှမ်းသံတော်ဆင့်အားပြောပြဖူးသည်။


မတ်လဆန်းမှစ၍ ယနေ့တိုင် မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA ကြား တိုက်ပွဲပေါင်း ၆၀ ထက် မနည်း ဖြစ်ပွါး ရာ ထိုးစစ်ဆင်တိုက်ခိုက်လာသည့် မြန်မာဖက်မှ ၃၀ဝ ထက်မနည်း သေကြေဒဏ်ရာရခဲ့ပြီး သျှမ်းပြည် တပ်မတော်ဖက်တွင်လည်း ၁၀ ယောက်ခန့် သေကြေဒဏ်ရာရခဲ့သည်ဟု SSPP/SSA  ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူး ကြီး စိုင်းထူးက ပြောခဲ့ဖူးသည်။


FEC ဈေး ဒေါ်လာထက် ၁၀၀ ကျပ်ကျော်ကျ

ဧရာဝတီ Monday, 13 June 2011 17:29



အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူညီသည်ဟု သတ်မှတ် ထုတ်ဝေထားသော FEC (foreign Exchange Certificate) တယူနစ်လျှင် ဒေါ်လာထက် ကျပ် ၁၀၀ ကျော် နိမ့်ကျနေ သောကြောင့် FEC နှင့် ငွေလက်ခံရသော လုပ်ငန်းများ အခက်အခဲ ဖြစ်နေကြကြောင်း သတင်းရရှိသည်။



အမေရိကန်ဒေါ်လာ တန်ဖိုးသည် လွန်ခဲ့သည့် ရသတ္တ ၃ ပတ်ခန့်ကတည်းက တရိပ်ရိပ် ကျဆင်းနေပြီး ယနေ့ ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ၇၄၅ ကျပ်သာရှိ၍ FEC တယူနစ်လျှင် ၆၄၀ ကျပ်သာ ရှိတော့သည်။

ထိုသို့ FEC ဈေးနှုန်းများ ကျဆင်းနေသောကြောင့် FEC ဖြင့် ပေးချေရသည့် ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွား ကုမ္ပဏီအများစုက လုံးဝ လက်မခံတော့ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးဈေးကွက်မှ စုံစမ်း သိရှိရသည်။

“အထူးသဖြင့်တော့ ခရီးသွားကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ အများစုကတော့ FEC ကို လုံးဝ လက်မခံဘူး။ အစိုးရက FEC ကိုလက်ခံဖို့ ညွှန်ကြားချက်ထုတ်ထားတာ ရှိတယ်။ တချို့ကတော့ FEC တ၀က်၊ ဒေါ်လာတ၀က် လက်ခံတာမျိုး ရှိတယ်။ ငွေလဲနှုန်း ပြဿနာက တော်တော်ကို တက်နေပြီ။ ဒေါ်လာရယ်၊ FEC ရယ် ဈေးကျ လွန်းတဲ့အတွက် ခရီးသွား လုပ်ငန်းတွေ အကုန်ထိတယ်” ဟု ရန်ကုန် အခြေစိုက် ခရိးသွား ဧည့်လမ်းညွှန် တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ Park Royal Hotelသည်လည်း ငွေလဲနှုန်း ကွာဟမှုကြောင့် FEC ကို လက်ခံမည် မဟုတ်ဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံမည် ဖြစ်ကြောင်း ရှင်းပြသည်။

“FEC လက်မခံဘူး။ အစိမ်း (အမေရိကန်ဒေါ်လာ) ပဲ လက်ခံပါတယ်။ ငွေလဲနှုန်းကွာလို့ လက်မခံ တော့တာပါ” ဟု Park Royal Hotel ဧည့်ကြိုဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကလည်း FEC နှင့် ဒေါ်လာဈေးနှုန်း ကွာဟမှုကြောင့် မကြာမီ ရက်ပိုင်းအတွင်း FEC လက်ခံမှု ရပ်ဆိုင်းသွားရန် ရှိသည်ဟု အဆိုပါ ဟိုတယ်မှ ဝန်ထမ်းတဦးက ဆိုသည်။

“FEC ကို အခန်းခ ရှင်းဖို့ ဒီနေ့လက်ခံပေမယ့်၊ မနက်ဖြန် လက်ခံမှာလား ဆိုတာတော့ မသိသေးပါဘူး။ လက်မခံဖို့ကတော့ များတယ်လို့ပဲ ပြောရမှာပါ” ဟု ၎င်းက ပြောသည်။

အမေရိကန်ဒေါ်လာနှင့် FEC သည် ယခင်က တန်ဖိုးအနည်းငယ်သာ ကွာဟ သော်လည်း ယခုဇွန်လတွင် ရုတ်တရက်
တန်ဖိုးကွာဟမှု ကြီးမားလာကြောင်း၊ အမေရိကန်ဒေါ်လာ သည်ပင်လျှင် ဈေးကွက်တွင် ၀ယ်သူနည်းပါး လွန်းသော အခြေအနေ ဖြစ်နေသောကြောင့် FEC ကို ၀ယ်သူထက် ရောင်းသူ အလွန် ပေါများပြီး တန်ဖိုး ဆက်တိုက် ကျဆင်းနေကြောင်း ဈေးကွက်မှ သိရသည်။

မေလ ၃ ရက်နေ့က အမေရိကန်တဒေါ်လာ ၈၃၇ ကျပ်ရှိချိန်တွင် FEC သည် တယူနစ်လျှင် ၈၃၄ ကျပ်ဈေး ရှိခဲ့ပြီး ဈေးနှုန်း ကွာဟမှု ကျဉ်းမြောင်းခဲ့သော်လည်း ဇွန်လ ၁၁ ရက်နေ့က အမေရိကန် တဒေါ်လာ ၇၆၀ ကျပ်ရှိချိန်တွင် FEC သည် တယူနစ် ၆၅၈ ကျပ်အထိ ဈေးထိုးကျခဲ့ပြီး ဒေါ်လာနှင့် FEC ကြား ဈေးနှုန်းကွာဟမှု ၁၀၀ ကျပ်ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

FEC ကို အများဆုံး ထုတ်ရောင်းနေကြသော သူများတွင် ဦးတေဇ ပိုင်ဆိုင်သည့် ထူး ကုမ္ပဏီကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးများ ပါဝင်သည်ဟု ရန်ကုန်စီးပွားရေး သမားများက ဆိုသည်။

“ထူးကုမ္ပဏီမှာ FEC ကို နိုင်ငံခြားငွေကြေးအဖြစ် လက်ခံ လုပ်ပေးနေရတာတွေ အများကြီးရှိတယ်။ ဥပမာ ဆိုရင် FEC
ဖုန်းကတ်တွေ၊ ငွေဖြည့်ကတ်တွေ ရောင်းတာမျိုးရှိတယ်၊ အဲပုဂံ လေကြောင်းလိုင်းမှာ FEC နဲ့ လက်မှတ်ဝယ်ဖို့ လက်ခံရတာမျိုး ရှိသလို တချို့ လုပ်ငန်းတွေမှာလည်း FEC ကို အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးညီမျှတဲ့ငွေကြေး အဖြစ် လက်ခံရတာ မျိုးတွေရှိတယ်။ ထူးကုမ္ပဏီလိုမျိုး FEC ၀င်ငွေများတဲ့ တခြား ကုမ္ပဏီတွေကလည်း FEC ထုတ်ရောင်းကြတယ်” ဟု FEC နှင့်အမေရိကန်ဒေါ်လာ နှစ်မျိုးကိုသာ သီးသန့် အရောင်းအ၀ယ် လုပ်နေသူ တဦးက ရှင်းပြသည်။

FEC တန်ဖိုးကျခြင်းကြောင့် ကုလသမဂ္ဂအပါအ၀င် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ စီမံကိန်းများ၊ FEC နှင့် လစာ ရရှိနေသော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ၊ နိုင်ငံခြား ကုမ္ပဏီ များတွင် လုပ်ကိုင်လျက် ရှိသော ၀န်ထမ်းများ အဆင်မပြေဖြစ်နေသည်ဟု သိရှိရသည်။

“NGO၊ INGO တွေက ဝန်ထမ်းတွေ၊ ဟိုတယ်တွေ၊ နိုင်ငံခြား ကုမ္ပဏီတွေမှာ လုပ်တဲ့ ဝန်ထမ်းတွေက FEC နဲ့ လစာရတာလေ။ ငွေလဲနှုန်း ကျလွန်းတော့ ၀င်ငွေက အတော်ကို လျော့ကုန်ကြတယ်။ အရင် ငွေလဲနှုန်းက FECတယူနစ်ကို ကျပ် ၁၀၀၀ လောက် ရှိတော့ တလကို FEC ၂၅၀ လောက် ရတဲ့သူက ကျပ် ၂ သိန်းခွဲလောက် ရတယ်။ အခုဆို ၁ သိန်း ၆ သောင်း လောက်ပဲ ရတော့တယ်။ သူတို့ ၀င်ငွေက ၃၀ ရာခိုင်နှုန်းကျော် ကျသွားတယ်” ဟု ရန်ကုန် Chatrium Hotel ဟိုတယ် ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ငွေလဲနှုန်း အလွန်ကျဆင်းမှုကြောင့် မြန်မာ့ပို့ကုန် စီးပွားရေးရပ်တန့် နေပြီဟု ဆိုသည်။

“အစိုးရက ဘာလုပ်ရမှန်း မသိတာလား၊ ကျပ်ငွေတန်ဖိုး တက်တယ်ဆိုပြီး ထိုင်ကြည့်နေတာလား မဝေခွဲတတ်ဘူး။ ဒီငွေ တန်ဖိုးတက်တာက နိုင်ငံကို ဆင်းရဲမှုတွေ ဖြစ်စေမယ်။ သွင်းကုန်တွေချည်းပဲ သွင်းကုန်တဲ့ စီးပွားရေးကို ဦးတည်နေတယ်။ ဒါကို အမြန် ထိန်းဖို့လိုနေပြီ။ ဒါကိုမထိန်းရင် အားလုံးထိခိုက်နေပြီ” ဟု အဆိုပါပညာရှင်က ပြောသည်။

ယခင် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က FEC များကို အမေရိကန်ဒေါ်လာ အစားထိုး နိုင်ငံခြားငွေအဖြစ် ထုတ်ဝေသုံးစွဲခဲ့သည်။



ဒေါ်စုဂုဏ်ပြု ကဗျာစာအုပ် ထုတ်မည်

ကိုပေါက် | တနင်္လာနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၇ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။        ။ ကဗျာဆရာ ၈ဝ ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် နွေဦးအိုးဝေ ကဗျာစာအုပ်အား မွေးနေ့ပွဲမတိုင်ခင် ထုတ်ဝေသွားမည် ဖြစ်သည်။
 
ကဗျာပုဒ်ရေ ၆၆ ပုဒ်ပါရှိကာ စာမျက်နှာ ၁၂ဝ ကျော် ရှိပြီး၊ အုပ်ရေ ၁၀၀၀ ရိုက်နှိပ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်၌ ဇွန်လ ၁၆-၁၇-၁၈ ရက်နေ့များတွင် ပြုလုပ်မည့် ဈေးရောင်းပွဲ၌ ရောင်းချရန် စီစဉ်ထားခြင်း ဖြစ်သည်။
 
စာအုပ်ထဲတွင် ကွယ်လွန်သူ ကဗျာဆရာကြီး ‘ကြည်အောင်’ ၏ ‘ကဗျာ၏ အမတ တရား’ ကဗျာပါ ပါဝင်ကာ၊ ပါတီဝင် ကဗျာဆရာများဖြစ်သည့် မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦးနှင့် ဦးဝင်းတင်တို့သာမက မဂ္ဂဇင်းများတွင် ကဗျာဝင်ရေးနေသူ အများစု ပါဝင်သည်။
 
“လက်ရှိ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ရေးနေကြတဲ့ အောင်မြင်တဲ့ ကဗျာဆရာတွေ အယောက် ၈ဝ လောက် ပါပါတယ်” ဟု ကဗျာစာအုပ် ထုတ်ဝေရေး စီစဉ်သူတဦးဖြစ်သည့် ကဗျာဆရာငြိမ်းသစ်က မဇ္ဈိမကို ပြောသည်။
 
စီစဉ်သူ နောက်တဦးဖြစ်သူ ကဗျာဆရာကြီး ဖျာပုံနီလုံဦးကလည်း “မဂ္ဂဇင်းလောကမှာ ရေးနေတဲ့ ကဗျာဆရာတွေ ဆိုတော့ သိပ်စိစစ်နေစရာ မလိုပါဘူး။ သတ်ပုံသတ်ညွှန်း ပြင်ပေးတာလောက်ပါပဲ။ ကဗျာ ၆၆ ပုဒ် အမှတ်တရ ထုတ်ဖို့ပဲ” ဟု မဇ္ဈိမကို ပြောသည်။ သူ၏ ကဗျာမှာ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁ဝ နိုဝင်ဘာလအတွင်း လွတ်မြောက်လာစဉ် တက္ကသိုလ်ရိပ်သာလမ်း မြင်ကွင်းလေးကို ပုံဖော်ထားသည်ဟု ဆိုသည်။
 
ပုံနှိပ် ထုတ်ဝေရန်အတွက် အနှောင့်အယှက် ဖြစ်မည်စိုး၍ ကဗျာဆရာ အမည်များနှင့် စာအုပ်အကြောင်း အသေးစိတ် မသိရှိရသေးသော်လည်း ကဗျာဆရာမ မရီဝေနှင့် အမျိုးသမီး ကလောင်ရှင်များပါ ပါဝင်ရေးသားထားသည်။
 
သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်ဦးက ဦးဝင်းတင် ထောင်တွင်းမှနေ၍ ဒေါ်အောင်ဆန်းစုကြည်အတွက် သီကုံးပို့လိုက်သည့် စာလုံးရေ ၁၇ လုံးပါ ဟိုက္ကူအမျိုးအစား ‘မီးလျံထဲက ကြာ’ ကဗျာတိုလေးပါ ထည့်သွင်းထားသည်။ ကဗျာစာစုမှာ ‘‘ရဲ ဇွဲ ဉာဏ် စည်း တာ၊ မကြောက်တရား တေးကဗျာ၊ မီးလျံထဲက ကြာ’’ ဖြစ်သည်။
 
ဤကဗျာနှင့် ပတ်သက်၍ ဦးဝင်းတင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ Character တွေကို စာလုံး တလုံးစီနဲ့ ရေးထားတာ။ မောင်မိုးသူနဲ့အတူ ထောင်ကျနေတုန်း၊ သူ့ဇနီး ကွယ်လွန်လို့ သူ ထွက်တွေ့ခွင့်ရတုန်း ကျနော်က ဒီကဗျာလေးကို အလွတ်ကျက်ခိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ခိုင်းလိုက်တာ” ဟု ရှင်းပြသည်။
 
သူက ဆက်ပြီး “မီးလျံထဲကကိုက ကြာပွင့် ပွင့်နေတယ်ဆိုတဲ့ အနေအထား။ စစ်အစိုးရတို့ လက်ထက် နေနေရတဲ့ မီးလျံတွေ ကြားထဲကကို ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာပွင့်တပွင့်လိုပဲ အမြဲတမ်း လန်းဆန်းပြီးတော့ တည်မယ်လို့ ဆိုလိုတာပါ” ဟု အဓိပ္ပာယ် ဖွင့်ဆိုပြသည်။
 
၂ဝ၁၁ မတ်လတွင် ဂျပန်နိုင်ငံ ငလျင်နှင့် ဆူနာမီ ရေလှိုင်းဒဏ် သင့်သူများအတွက် ရည်စူးထုတ်ဝေသည့် နွေဦးအိုးဝေ ကဗျာစာအုပ်ကို အဖွဲ့ဝင်များအတွက် ကန့်သတ် ရောင်းချခဲ့ရာ၊ ပြင်ပလူများပါ ဝယ်ယူအားပေးခဲ့ကာ အုပ်ရေ ၁ဝဝဝ ရောင်းချနိုင်ခဲ့သည်။
 
စာအုပ်အဖွင့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာသူကမ္ဘာသားများသို့ ဆုတောင်းဆန္ဒမွန်အား ထည့်သွင်း
 ဖော်ပြထားသည်။
 
ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့၊ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် NLD ရုံးချုပ်တွင် ဂီတပွဲတော်များ ကျင်းပနေပြီ ဖြစ်ကာ၊ အခြား မြို့နယ်များနှင့် နိုင်ငံတကာတွင်လည်း ကျင်းပကြမည် ဖြစ်သည်။



တရားမ၀င်ကားများ လိုင်စင် ပေးဦးမည်

သင်းအောင် Saturday, 11 June 2011 19:22



တရားမ၀င် တင်သွင်းလာသော မော်တော်ယာဉ်များ လိုင်စင် ထုတ်ပေးရေး အစီအစဉ်ကို ယခုလကုန်ပိုင်းတွင် ပြန်လည် စတင်ရန် အာဏာပိုင်တို့က စီစဉ်နေသည်ဟု နေပြည်တော်မှလာသည့် သတင်းများအရ သိရသည်။



ထိုသို့ လိုင်စပ် ထပ်ထုတ်ပေးမည့် အစီအစဉ်ကြောင့် စီးပွားရေးသမား တချို့က လိုင်စင်မဲ့ယာဉ်များကို ဒေသအသီးသီးမှ ၀ယ်ယူပြီး မြို့ကြီးတချို့တွင် စုဆောင်းလျက် ရှိသည်ဟုလည်း သိရသည်။

“(လိုင်စင်မဲ့ယာဉ်တွေကို) ရန်ကုန်နဲ့ ပဲခူးက အရာရှိကြီးတွေ ပိုင်ဆိုင်တဲ့ ခြံကျယ်တွေ၊ အစိုးရနဲ့ ပနံသင့်တဲ့ ဘုန်းကြီးကျောင်း တိုက်ဝင်းတွေထဲမှာ လတ်တလော သိမ်းထားကြတယ်” ဟု ကား အရောင်းအ၀ယ်သမား တဦးက ပြောသည်။

လိုင်စင်မဲ့ယာဉ် ၅ စီးမှ ၁၀ စီးအထိ စုစည်းမိပါက နေပြည်တော်သို့ ညသန်းခေါင်အချိန်တွင် ပို့ဆောင်လေ့ရှိကြောင်း သိရသည်။

ယခုနှစ်မှစ၍ အခွန်ပေးဆောင်ခြင်း၊ တရားဝင် လိုင်စင် ရယူခြင်းတို့ကို နေပြည်တော်တွင် ပြုလုပ်ပေးမည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်တန်ဖိုးက လိုင်စင်၏ တန်ဖိုးထက် အဆမတန် နည်းပါးနေသည်။

ကျပ် သိန်း ၇၀၀ ကျော် တန်ကြေးရှိသော မတ်ခ်တူး ၂၀၀၀ မိုဒယ် တစီးလျှင် လိုင်စင်မဲ့ယာဉ်ဈေးကွက်တွင် သိန်း ၆၀ ခန့် ဖြင့် ၀ယ်ယူနိုင်ကြောင်း၊ တိုယိုတာ ကိုရိုလာ ဗင်၊ စပရင်တာ၊ ဆန်နီဆူပါဆလွန်း စသည့် အမျိုးအစားများမှာ ၂၅ သိန်း၊ သိန်း ၃၀ ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။

ရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် လမ်းပိုင်းများတွင် စစ်ဆေးမှုများ ရှိနေသော်လည်း လိုင်စင်မဲ့ယာဉ်များကို  နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခြင်း မရှိကြောင်း သိရသည်။ ထိုအခြေအနေများကြောင့် နေပြည်တော်သည် ကားမှောင်ခိုသမားတို့၏ ဘူမိနက်သန်ဖြစ်နေသည်ဟူသော သုံးသပ်မှုများ ပေါ်ထွက်နေသည်။

“တစီး ၁၀ သိန်း၊ ၁၅ သိန်း ပေးလိုက်ရင် လတ်တလော သယ်ဆောင်ခွင့် ပြုတဲ့ သဘော ရှိနေတယ်” ဟု ရန်ကုန်မှ ကားအရောင်းအ၀ယ်သမားတဦးက ပြောသည်။

ကားများ တင်သွင်းမှုကို ထိုင်းမြန်မာနယ်စပ်တွင် အများအပြား တွေ့ရသည်။

ပြည်ပမှ တရားမ၀င် သွင်းလာသော မော်တော်ယာဉ်များအား ကာလတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း အခွန်ဆောင်စေခြင်း၊ ဒဏ်ကြေး ၁၅ သိန်း ၅ သောင်း ပေးဆောင်စေခြင်းများ ပြီးစီးပါက လိုင်စင်ပြုလုပ်ပေးသည့် အစီအစဉ်ကို ယမန်နှစ် ဇူလိုင် ၂၃ ရက်တွင် စတင်ခဲ့သည်။

သို့သော်  ဒဏ်ကြေး ပေးရမည် ဟူသော သတ်မှတ်ချက်ကို  သြဂုတ် ၁၁ ရက်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။ လိုင်စင် လျှောက်ထားသူ နည်းပါးလာသည့် အတွက် ရုပ်သိမ်းခြင်းဖြစ်သည်ဟု သိရသည်။

ထိုစဉ်က လိုင်စင်ထုတ်ပေးခြင်း အစီအစဉ်သည် ၂ လ ကြာမြင့်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် အဆုံးသတ်ခဲ့သည်။


မြန်မာကို ဦးတည်သည့် မြောက်ကိုရီးယားသင်္ဘော တားမြစ်ခံရ

လင်းသန့် Monday, 13 June 2011 18:58



မြန်မာနိုင်ငံသို့ ဒုံးကျည်လက်နက်နှင့် ဆက်စပ်ပစ္စည်များ သယ်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား ကုန်တင်သဘောင်္ တစီးသည် အမေရိကန် ရေတပ်က တားမြစ်သောကြောင့် မိခင်နိုင်ငံသို့ လွန်ခဲ့သည့် ၂ ပတ်ခန့်က လှည့်ပြန် သွားခဲ့ရကြောင်း သိရသည်။



တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တောင်ဘက် ပင်လယ်ပြင်တွင် M/V Light အမည်ရှိ မြောက်ကိုရီးယားသင်္ဘောကို တာဝေး မိုင် ၃၅၀ ခန့်အထိ ပစ်ခတ်နိုင်သည့် ဝေဟင်ပစ် ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများကို သယ်ဆောင်လာခဲ့ သည်ဟု သံသယရှိ၍ အမေရိကန် ရေတပ် ဖျက်သင်္ဘော McCompbell က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း New York Times ၏ ယမန်နေ့က သတင်းတပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သည့် နေ့သည် မေလ၂၆ ဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီးနောက် မဟာဗျူဟာမြောက်မိတ်ဘက်နိုင်ငံများအဖြစ် ကြေညာခဲ့ချိန်နှင့်လည်း တိုက်ဆိုင် ခဲ့သည်။ ထို့နေ့မတိုင်ခင်တရက်ကလည်း မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် သည်တရုတ် သမ္မတ ဟူကျင်း တောင် နှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့သေးသည်။

သံသယဖြစ်ဖွယ် သင်္ဘောသည် ဗဟိုအမေရိကတိုက် နိုင်ငံတခုဖြစ်သည့် ဘလစ်ဇ် (Belize) နိုင်ငံ အလံလွှင့်ထူထား သည့်အတွက် တက်ရောက်စစ်ဆေးရန် ခွင့်ပြုချက်ကို အမေရိကန်ရေတပ်က သက်ဆိုင်ရာ နိုင်ငံသို့ တောင်းခံခဲ့သည်။

ဘီလစ်ဇ် နိုင်ငံက ခွင့်ပြုခဲ့ပြီးနောက် အမေရိကန် ရေတပ်ဖျက်သင်္ဘောက အဆိုပါသင်္ဘောပေါ်သို့ တက်ရောက် စစ်ဆေး ရန် ၄ ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း ၄င်းကုန်တင်သင်္ဘောပေါ်ရှိ မြောက်ကိုရီးယားသင်္ဘောသားများက ခွင့်မပြုခဲ့ပေ။

ထို့နောက် အဆိုပါသင်္ဘောသည် ရှေ့ဆက်မသွားတော့ဘဲ ပင်လယ်ပြင်ထဲတွင် ရပ်တန့်နေခဲ့သည်။ ၄င်းနောက် ရက် အနည်းငယ်အကြာ အမေရိကန် ဂြိုဟ်တုများ၊ ထောက်လှမ်းရေး လေယာဉ်များ၏ စောင့်ကြည့်မှုအောက်တွင် မိခင် ဆိပ် ကမ်း သို့ ပြန်လည်ဆိုက်ရောက်သွားခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်ပြီးနောက် နျူကလီးယား စစ်လက်နက် ပစ္စည်းနှင့် ပတ်သက်ပြီး ပထမဆုံး သံသယဖြစ်စေခဲ့မှုလည်း ဖြစ်သည်။

ယင်း ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် အပါအ၀င် မြန်မာနိုင်ငံကလည်းကောင်း၊ မြောက်ကိုရီးယားနိုင်ငံမှ လည်း ကောင်း၊ သက်ဆိုင်ရာ နှစ်နိုင်ငံနှင့် အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံကလည်းကောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အမေရိကန်ရေတပ်အနေဖြင့် သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘောပေါ်သို့ အင်အားသုံး၍ တက်ရောက်ရှာဖွေမှု မရှိခဲ့ခြင်းမှာ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးကို ရှေးရှု ၍ဖြစ်ကြောင်း အမေရိကန်အရာရှိတဦးကို ကိုးကားပြီး New York Times တွင် ဖော်ပြထားသည်။

မေလ၂၇ ရက်နေ့တွင် အာဆီယံကိုယ်စားလှယ်များသည် ၀ါရှင်တန် ဒီစီသို့ရောက်နေပြီး အမေရိကန် သမ္မတ အိုဘားမား ၏ ထိပ်တန်း နျူကလီးယားဆိုင်ရာအကြံပေးအရာရှိကလည်း ယင်းမြောက်ကိုရီးယား သဘောင်္ပြဿနာကြောင့် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ ကိုယ်စားလှယ်များကို နျူကလီးယား လက်နက်ဆိုင်ရာ မပြန့်ပွားရေး အလေးထားလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် ဆွေးနွေးပွဲတွင် အမေရိကန်အရာရှိက မြန်မာနိုင်ငံသို့ ဦးတည်နေသည့် သံသယဖြစ်ဖွယ် မြောက်ကိုရီးယား သင်္ဘော၏ ဓာတ်ပုံထုတ်ပြကာ မြန်မာအပါအ၀င် အာဆီယံကိုယ်စားလှယ်များကို ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုလေးစားလိုက်နာရန် သတိပေးပြောကြား ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်လည်း ပါဝင်ပြီး မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ ဒုံးကျည်နှင့် ဒုံးကျည် ဆိုင်ရာ အစိတ်အပိုင်းများကို ၀ယ်ယူနေသည်ဟူသည့် အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုကာကွယ် ပြောကြားသွားကြောင်း အမေရိကန်အရာရှိကို ကိုးကားပြီး New York Times က ရေးသားသည်။

နျူကလီးယားစမ်းသပ်မှုလုပ်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံ၏ မသင်္ကာဖွယ်ရှိသော ယာဉ်၊ သင်္ဘောများကို အချိန်မရွေး စစ်ဆေးပိုင်ခွင့်ရှိသည်ဟူသည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ခဲ့ သည်။

၎င်းဆုံးဖြတ်ချက်အရ အမေရိကန်ရေတပ် က ယခုကဲ့သို့ စစ်ဆေးရန်ကြိုးစားခဲ့ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည်လက်နက်ဆိုင်ရာ နည်းပညာနှင့် နျူကလီးယား ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံ က ၀ယ်ယူရန်ကြိုးစားခဲ့သည့် သံသယများ ယခင်ကလည်းဖြစ်ခဲ့ဖူးသည်။

၂၀၀၉ ခုနှစ်က မြန်မာရေပိုင်နက်ကိုဦးတည်လာခဲ့သော မြောက်ကိုရီးယားသင်္ဘော Kang Nam (1) သည် အမေရိကန် ရေတပ်က နောက်ယောင်ခံ ဖိအားပေးခဲ့ပြီးနောက် မိခင်နိုင်ငံဘက်သို့ ပြန်လည်လှည့်ပြန် သွားခဲ့ဖူးသည်။

၂၀၀၇ ခုနှစ် ဧပြီလတွင်လည်း မြန်မာနှင့်မြောက်ကိုရီးယားနိုင်ငံတို့ ၂ နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ပြီး လပိုင်း အကြာ တွင် မြောက်ကိုရီးယားသင်္ဘောတစီးသည် မြန်မာနိုင်ငံ သီလ၀ါ နိုင်ငံတကာ သင်္ဘောဆိပ်ကမ်းသို့ ဆိုက်ရောက် လာ ခဲ့ဖူးသည်။

June 13.pdf
DSC-0093.jpg
Reply all
Reply to author
Forward
0 new messages